Sunday, May 26, 2013

ပူနေးတောရ ပူနေးနွယ်ဝယ် သံဃာစဉ်စာရင်း


ကျွနုပ်သည် စာမေးပွဲများပြီး၊ ကျောင်းကြီးက ပိတ်ထားလေသောကြောင့်၊ တောကစားမသွားရသော မုတ်ဆိုးကျော် တွတ်ပီကဲ့သို့ ယောင်ချာချာ ဖြစ်နေတော့သည်တမုံ။

ဟိုစာအုပ်လှန် ဒီစာအုပ် ဟိုရွှေ့၊ နေမထိ ထိုင်မသာဖြစ်နေစဉ်၊ တစ်ခုသော ကျုန်ုပ်မှတ်စုစာအုပ်၏ တစ်ခုသော စာမျက်နာဝယ်၊ ဘကြီးဘုန်းဘုန်းမှ (ဦးဇဝန) ပြောပြသော ပူနေးတောရ ပူနေးနွယ်ဝင် ထေရ်အရှင်တို့၏ စာရင်းအား အမှတ်မထင် တွေရှိလေတော့သည်။

နောင်လာနောက်သားကျွန်ုပ်၏ သားသမီး မျိုးဆက်သစ်များ သိစေရန် သမိုင်းကို ပြောပြရပေတောမည်။ ထိုသို့ ပြောကြားရတွင် ပူနေးတောရအကြောင်းကို ရှေးဦးစွာ အနည်းငယ်မျှ တင်ပြရပါမူ ကောင်းလေစွ။
ပူနေးတောရကို (၁၉၄၈) ခုနှစ်က စတင်တည်ထောင်းပါသည်။ တည်ထောင်ခါစကတော့ ပုဏ္ဏတောရ နာမည်ရပါသည်။ မြေအကျယ်အဝန်းကတော့ ဧက (၄၀၀) ကျော်ကျယ်ဝန်းပေသည်။ ဌာနပေါင်း (၄၀) ကျော်နှင့် ဖွဲ့စည်းထားပါတယ်။ အရှေတိုင်းရဲ့ အောက်စဖိုဒ်ဆိုပြီး လူသိများပါသည်။ (ကိုယ့်တောရမို့ ကိုယ်ကြွားသည်)။
ပထမဆုံးသော vice chancellor of the University ကတော့
Dr. M. R. Jayaka ဖြစ်တယ်လို့ မှတ်သားရပါတယ်။ ယခုလက်ရှိ vice chancellor of the University ကတော့ ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်ပါတယ်။ နာမည် မမှတ်မိတော့ဘူး။
အသေးစိတ်သိလိုက အောက်ပါလင့်တွင်ဖတ်နိုင်ပါသည်။ http://www.unipune.ac.in/university_files/university_history.htm

ဒီပူနေးတောရ၌ သီတင်းသုံး သာသနာပြု ဒေါက်တာဘွဲ့ ယူသွားကြသော မြန်မာနိုင်ငံမှ (ဟိုယခင် ဗာမား) ဆရာတော်များကတော့။
၁။ ဦးဃောသိတ -(မွန်) ဂျာမနီတက္ကသိုလ်တစ်ခုဝယ် စာပြ သာသနာပြုလျက်ရှိ။
၂။ ဦးကေဝလ (သီတဂူ) မုံရွာတောရ၌ သာသာနာပြုလျက်ရှိ။
၃။ ဦးကိတ္တိဗလ (သီတဂူ) စစ်ကိုင်းသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် လက်ထောက်မော်ကွန်းထိန်း။
၎။ ဦးမာလာသိရီ (မွန်)
၅။ ဦးကိတ္တိသာရ (မုံရွာ)
၆။ ဦးအိန္ဒာစာရ (ကောလင်း) ရန်ကုန် မင်္ဂလာဒုံတွင်သီတင်းသုံးလျက်ရှိ
၇။ ဥတ္တမသိရီ (စစ်ကိုင်း ကျောက်ဆည်ရွာ)
၈။ ဦးဝိလာသ (ဧရာဝတီ)
၉။ ဦးပညာသီဟ (သီတဂူ) ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပညာရေးတာဝန်ခံ။
၁၀။ ဦးဝိစိတ္တ (ရခိုင်၊ ရမ်းဗြဲ)
၁၁။ ဦးကုမာရ (မကွေး)
၁၂။ ဦကဝိဓဇ (သီတဂူ) စစ်ကိုင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကထိက။
၁၃။ ဦးစန္ဒနသာရ (မတ္တရာ)
၁၄။ ဦးသုစရိတ (သီတဂူ) စစ်ကိုင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကထိက။
၁၅။ ဦးသုန္ဒရ (သီတဂူ) ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အုပ်ချုပ်ရေးတာဝန်ခံ။
၁၆။ ဦးကုဝေရ (လှိုင်ဘွဲ.၊ ကရင်ပြည်)
၁၇။ ဦးအိန္ဒာစရိယ (သီတဂူ) စစ်ကိုင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကထိက။
၁၈။ ဦးရေဝတ (ရေစကြို့)
၁၉။ ဦးပညောဘာသ (သီတဂူ) မန္တလေး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အုပ်ချုပ်ရေး တာဝန်ခံ။
၂၀။ ဥိးပညာသေဋ္ဌာလင်္ကရ (သီတဂူ) စစ်ကိုင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကထိက။

၂၁။ ဦးဝိရိယာနန္ဒာ၊ သန်လျှင် ကျောက်တန်း
====================
လက်ရှိ ဗိုင်ဗာ ထိုင်ရန် စောင့်နေကြသော မထေရ်များမှာ
၂၁။ ဦးဇဝန (ကူမဲ)
၂၂။ ဦးသုဇန (ကရင်)
၂၃။ ဦးသိရိန္ဒ (ဝက်လက်) တို့ဖြစ်ပါသည်။

ယခုလက်ရှိစရင်းသည် ပူနေးတောရမှ ဒေါက်တာဘွဲ့ယူပြီး ယူကြမည် သံဃာစရင်းသာဖြစ်ပါသည်။ (ကျန်ရှိကောင်း ကျန်ရှိနိုင်ပါသည်)
အမ်အေအောင်ပြီး အခြား (ဘုံဘေ၊ ဒေလီ) မြို့များသို့ ပျောင်းရွှေ သီတင်းသုံးသွားကြသော သံဃာများ၊ အမ်ဖီး လုပ်နေဆဲ သံဃာများ၊ အမ်အေ တက်နေဆဲ့ သံဃာများ လည်း များစွာ ရှိပါသည်။
ကျောင်းသားဟောင်းများမှ လည်းကောင်း၊ မွေးနေ့ မွေးရက်တို့၌ ဆွမ်းကပ်လို့သော ဒကာဒကာမများအနေဖြင့်လည်းကောင်း အာရုဏ်ဆွမ်း နေဆွမ်း နှစ်သက်ရာ ကပ်လှူနိုင်ပါသည်။

ကိုရင်အာယုကဲ့သို့ စပ်စုတာ ဝါသနာပါသော နောင်လာနောက်သားများအတွက် မှတ်တမ်းတင်လိုက်ရပေသည်။

ကိုရင်အာယု (သီတဂူ)
ပူနေးတောရ

Thursday, May 23, 2013

စိတ်ကြည်လင်မှ တောင်းဆုပြည့်ပါသည်။ (ဖြစ်ရပ်မှန်ကို တင်ပြသည်)


(((အတိတ်၏ ခြေရာများ)))
ကဆုန်လပြည့် ဗုဒ္ဓနေ့ ရောက်တော့ ရွှေတိဂုံဘုရားကြီးကို သတိရမိသည်။ ကိုရင်ဘဝ ငယ်စဉ်က အတိတ်ရဲ. အရိပ်ပေါင်းများစွာ ဗဟန်းအရှေ့မုခ်မှာ ရှိခဲ့သည်။ ဥပုသ်နေ့ ကျောင်းပိတ်တော့ ရွှေတိဂုံဘုရားဖူးပြီး၊ ဗဟန်းဈေးကို တစ်ပါတ်လောက် ပတ်လိုက်ရမှ အိပ်ပျော်သယောင်ရှိခဲ့သည်။ ရွှေတိဂုံ အရှေ့မုခ် ဆိုသည်မှာ အံ့ဖွယ်တစ်ခုပင်ဖြစ်သည်၊ မြန်မာနိုင်ငံမှ တိုင်းရင်းသားပေါင်းစုံကို တွေ့မြင်နိုင်သည်။ အထူးသဖြင့် မွန်၊ ရခိုင်၊ ကရင်လူမျိုးများကို နေ့စဉ်နေ့တိုင်းတွေ့နိုင်သည်။ အာဇာနည်လမ်းတွင် ရခိုင်ဓမ္မာရုံရှိသောကြောင့် ရခိုင်တိုင်ရင်းသားတို့၏ ရိုးရာ တေးဂီတ သင်ကြား လေ့ကျင့်တီခတ်သံတို့ကို လမ်းလျောက်ရင်ကြားနိုင်သည်။ ဗဟန်းသုံးလမ်းဘက် လမ်းလျေက်ကြည့်ပါက ရှမ်း၊ ပအိုဝ် တိုင်းရင်သားတို့ကိုတွေ့နိုင်သည်။ ရှမ်းခေါက်ဆွဲဆိုင်များလည်း အများအပြားရှိသည်။ ခြင်္သေ့ကြီး နှစ်ကောင်းအနီးတွင် လက်ဘက်ခြောက်ရောင်းနေသော ရောင်စုံဝတ်ရုံကြီးများနှင့် ပလောင်အမျိုးသမီးကြီးများကို တွေရပြန်သည်။ မွန်တိုင်းရင်းသားတို့ကိုမှု ရေတာရှည်လမ်းသစ်တစ်လျောက်တွင် မွန်တို့ဌာနေ ရာမညတိုင် ဟုပင် ထင်မှတ်မှားနိုင်ပေသည်။ ဒီလို့နှင့် ဗဟန်းမှာ ဆယ်နှစ်ဟူသော အတိတ်တို့သည် ဘယ်မှာ မေ့ပျောက်နိုင်တော့အံ့နည်း။ ကဆုန်လပြည့်နေ့ ဆိုလျင် ဘုရားရင်ပြင်တော် အပြည့် သူတော်ကောင်းများ ညောင်ရေလောင်းကြတော့မည်။ မွန် ရခိုင် ကရင်တိုင်းရင်းသားတို့ ဝတ်စုံပြည် ညောင်းရည်လောင်းကြမည်။ အိုးစည် ဗုံမောင်း ချိန့်ချိန့်ညောင်းတော့မည်။ သည်သို့ သည်နှယ် အတိတ်ပုံရိပ်တို့အား ဝေးတမြေကနေ တူးဆွရင်×××××××
မနှစ်က ဒီလို့အချိန် ဒီနေ့မှာ ဘာတွေများ လုပ်နေမိပါလိမ့်။ မိမိအကြောင်း မိမိပြန်တွေးမိတော့သည်။
===========================
((((စိတ်၏သဘော))))
မန္တလေးတောင်ခြေ သီတဂူဗုဒ္ဓတက္ကသိုလ်ကြီး၏ ပညာသင်နှစ် တာဝန်တွေပြီးဆုံး၊တက္ကသိုလ်ကြီး ခေတ္တအနားယူချိန် (အနားယူချိန်ဆိုသော်လည်း ဦးတိလောက MA ကတော့ အနားမယူ အင်္ဂလိပ်စာသင်တန်းတွေဖွင့်နေဆဲ) မြွေရပ်ဌာနေ ဇာတိရွာလေးသို့ ပြန်ရောက်ခဲ့သည်။ အချို့သူငယ်ချင်းများ သီဟိုရ်သို့၊ တစ်ချို့က အိန္ဒိယသို့၊ MA ဘွဲ့အတွက်ပညာသင်သွားကြသည်။
သူများတွေ သွားတော့ သွားခြင်သည်၊ နိုင်ငံခြားပညာသင်ပိုးသည် သီတဂူ မရောက်ခင် ဓမ္မာစရိယ အောင်ကတည်းက ရှိခဲ့သည်။ အားမတန် မာန်လျှောခဲ့ခြင်းသာဖြစ်သည်။ သို့သော် တစ်နေ့နေ့ ဖြစ်ရမည်ဟု စိတ်အစဉ်ဝယ် အမြဲပွားများခဲ့ဘူးသည်။ သူများ MA ဆိုလျှင် ကိုလည်း MA လိုက်ခြင်သည်။ ခင်ဗျားကြီးတို့က နိုင်ငံခြား MA ဆိုတော့၊ ကျုပ်ကလည်း သီတဂူ BA ဗျ၊ ခပ်တည်တည်နေခဲ့သည်။ (ဒါကိုပင် အဘိဓမ္မာသဘောအရ မာန ဟုဆိုပါသည်၊ တရားထူးမရနိုင်ပါ)။
ရိုးရိုးသားသားပြောရပါမူ နိုင်ငံခြားသွားဘို့ရန် ပိုက်ဆံမရှိသောကြောင့် မသွားနိုင်ခြင်း၊ နိုင်ငံခြားသို့ ပညာသင်သွားလိုသည် ပိုက်ဆံပေးပါဟု ရဟန်းဒကာ ရဟန်းအမတို့အား မပြောရဲသော၊ မပြတ်သားသောစိတ် ကျွန်ုပ်၏ သန္တာန်ဝယ် တည်ရှိခြင်း၊ နိုင်ငံခြားမှ MA ယူခါ ပြန်လာသော သူငယ်ချင်းများကို မနာလို့ ဝန်တို့ဖြစ်ခြင်းတို့သာဖြစ်သည်။ ကျုပ်၏ အသုံးမကျသော စိတ်ဓါတ်တို့အား ပြောပြမိလေပြီးကော။ သည်လို့နှင့် နွေရာသီ ရွာပြန်ရောက်ခဲ့သည် ဆိုပါစို့။
============================
((((တောင်းဆုချွေခဲ့ပြီး))))
ကျွန်ုပ်၏ ရွာလေးသည်။ စစ်ကိုင်းတိုင်း အထက်ပိုင်း ချင်တွင်းမြစ် အရှေဘက်ကမ်း ခုနှစ်မိုင်အကွာ ဆီးဖြူတောင်တန်းကြီးများ၏ အကြားဝယ်တည်ရှိပါသည်၊ ကျွန်း ကညင် အင် စသော သစ်ကြီး ဝါးကြီးတို့ ပေါများ၏၊ သို့သော် ပိုက်ဆံရှားပါသည်။ လယ်လုပ် ထင်းခုတ် ပြီး အပူပင်ကင်းစွာ နေထိုင်ကြသည်။ ရွာမှ ငယ်ဆရာက ကျောင်းဆောင်များ ပြုပြင်ဆောက်လုပ်နေသဖြင့် ဘုရားစေတီဘက်ကို အလှည့်မပေးနိုင်ဖြစ်နေသည်။ စေတီကြီးမှာ (ကျွန်ုပ်ရွာမှ အကြီးဆုံးနှင့် တစ်ဆူတည်သော စေတီ) ထုံးသင်္ကန်တို့မရှိ မွဲခြောက်ခြောက်ဖြစ်နေတော့သည်။ ရွှေတိဂုံစေတီတော်ကို အမြဲဖူးခဲ့သူ ကျွန်ုပ်အဖို့ အဘယ်မှာ စိတ်ချမ်းမြေ့နိုင်ပါမည်နည်း။ ဆရာတော် အလှည့်မပေးနိုင်သည်ကို၊ အခွင့်ကောင်းယူကာ စေတီတော်ကို ထုံးသင်္ကန်ကပ်လှူလိုပါသည်ဟု၊ ဆရာတော်အားလျောက်ကြားပြီးသကာလ၊ ဂေါပက အဖွဲ့သို့ အလှူငွေ တစ်သိန်း (မန်းသီတဂူ တာဝန်ထမ်းဆောင်စဉ် ဆွမ်းစားကွမ်းစားများမှ စုထားသောဝတ္ထုတို့ဖြစ်ပါသည်၊ တစ်နှစ်လုံးစု သုံးသိန်းမပြည့်ခဲ့ပါ) လှူဒါန်းပြီး၊ မနက်ဖန် ထုံးသင်္ကန်ကပ်ပေးပါဟု တောင်းဆိုရပါသည်။ ရွာမှ ညီငယ် ညီမငယ်များက ဝိုင်းဝန်းပြီး သန့်ရှင်းရေးလုပ်၊ ထုံးသင်္ကန်ကပ်လှူပြီးသောအခါ၊ ပုံမှာ ဖူးမြင်ရသည့်အတိုင်း အလွန်သပ္ပါယ်လှတော့သည်။ ညီငယ် မောင်ဝင်းထွန်းမှ (ဦးဇင်း လပြည့်နေမှာ ဘိုးအိုး ဖွားအိုးတွေကို ထမင်းကြွေးမည် တပည့်တော်တို့ မောင်နှမတွေ လှူမယ်၊ ဦးဇင်းက ဘုရားကို ထုံးသင်္ကန်ကပ်တာဆိုတော့ တပည့်တော်တို့က ဆွမ်းလှူမာပေါ့၊ ပြီးတော့ အဖေ အမေတို့ကို အမျှအတန်းပေးဝေကြရအောင်) ဟု ပြောဆိုလေသည်။ ဘိုးအို ဖွားအို တို့အား ကြွေးမွေးခြင်း၊ အမျှအတန်းဝေခြင်းများ ပြုလုပ်ပြီးသော ကဆုန်လပြည့်နေ့ မနက် ကိုးနာရီခန့်အချိန် စေတီရင်ပြင်ဝယ် ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို လမ်းလျောက်ရင် ရွတ်ဖတ်ပူဇော်နေမိသည်။ ထိုစဉ်အခိုက် ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း အလွန်ကြည်လင်ခဲ့သည်ဟု ဆိုခြင်းပါသည်။ ဆုတောင်းခဲ့မိသည် """"""အရှင်ဘုရား ဖြစ်လေရာရာ သံသရာမှာ တပည့်တော်ဖြစ်ခြင်သော၊ ဖြစ်လိုသော၊ ဘဝတိုးတက်ရေး အတွက် ကောင်းမြတ်သော ဆန္ဒတွေ ပြည့်ဝရပါလို၏ဘုရား၊ ဘုရားတပည့်တော် ဆန္ဒတွေ မပြည့်ဝခဲ့လျှင်သော်မှ၊ ဘုရားတပည့်တော်၏ ညီအကို မောင်နှမများ စိတ်ချမ်းသာစွာ ဆန္ဒပြည့်နိုင်ပါစေဘုရား""""" အဘယ်ကြောင့် ဤသို့ ဆန္ဒပြုရသနည်းဟူမူ၊ ကျွန်ုပ်၏ ညီငယ်သည် (အမအပျိုးကြီးနှင့် ညီမငယ်ကို ငဲ့ကာ အိမ်ထောင်မပြုဘဲ လူပျိုကြီးလုပ်နေသူ ၊ အဖေ အမေတို့ မရှိကြတော့ပါ) ကျွန်ုပ်အား နိုင်ငံခြား ပညာသင်စရိတ်ကို ထောက်ပံ့လှူဒါန်းလိုသူဖြစ်သည်၊ သို့သော် သူပိုင်ဆိုင်သော မိဘလက်ရင်း လယ်ယာ ဆယ်တစ် ဧက ကျော်နှင့် နွားခြောက်ကောင်းအား ရောင်းချသော်မှ ဒေသပေါက်ဈေးအရ သိန်း (၃၀) မပြည့်နိုင်ပေ။ အဘယ်သို့လျှင် ကျွန်ုပ်ညီလေး၏ ဆန္ဒပြည့်ဝနိုင်ပါအံ့နည်း။
====================
(((တောင်းဆုတစ်ခု ပြည့်ခဲ့ပြီ)))

မိုးဦးပေါက်လို့ သလ္လာဝတီ ချင်းတွင်မြစ်ကြီးလည်း ပြန်လည်နိုးထလာပြန်သည်၊ ကျွန်ုပ်လည်း တာဝန်ထမ်းဆောင်ရန် မန်းသီတူဂူသို့ ပြန်လည်ချီတက်ခဲ့ရပြန်ချေပြီး။ ကျောင်းသားသစ်များ လက္ခံခြင်းအလုပ်ကို မန္တလေးသီတဂူ လက်ထောက်တာဝန်ခံဆရာတော် ဦးကာရုည MA (အာလုံးအတွက် အနှစ်နာခံသူ) မှ တာဝန်ယူ လုပ်ကိုင်းနေသဖြင့် ထွေထွေထူးထူး လုပ်စရာမရှိ၊ တောင်ပေါ်လမ်းလျောက်လိုက်၊ အင်တာနက်သုံးလိုက်ဖြင့်သာ အချိန်ကုန်ခဲ့သည်။ ထို့ကြောင့်ပင် ဝါမဆိုခင်၊ တာဝန်တွေ မလာခင်၊ ဦးပဇ္ဈာယ် ဆရာတော်ဖြစ်သော ယောဆရာတော်ကြီးကို ဖူးမြင်ရန်နှင့် ရဟန်းဒကာ၊ ရဟန်းအမများအားတွေ့ဆုံရန် ရန်ကုန်သို့ ဆင်းခဲ့သည်။ ရန်ကုန်ရောက်ပြီး သုံးရက်မြောက်နေ့ ဘယ်တော့မှ ဖူးမြင်လို့ မဝသော ရွှေတိဂုံ စေတီတော်ကြီးကို ပဋ္ဌာန်ရွတ်ဖတ် ပူဇော်ပြီး၊ အာဇာနည်လမ်း သွေးဆေးကန်းလမ်းကြားမှ တဆင့် ရေတာရှည် လမ်းသစ်သို့ အရောက်တွင် ဖုံးမြည်လာသည်၊ မန်းတလေးသီတဂူ တာဝန်ခံဆရာတော်၏ ဖုံး "(ဟလို-- ဦးအာယုလား -- တပည့်တော်ယခု ပညာရေးအစီအဝေးပွဲရှိလို့ စစ်ကိုင်း သီတဂူရောက်နေတယ်၊ အဲဒါ သီတဂူဆရာတော်ကြီးက ဦးသုစိတ္တ (ရန်ကုန်သီတဂူ) နှင့် တပည့်တော်ကို အိန္ဒိယပညာတော်သင် စကောလားရှစ်ပေးတယ်၊ တပည့်တော်တော့ မသွားလိုဘူး၊ အရှင်ဘုရားသွားမလား၊ သွားမယ်ဆို စရင်ထည့်လိုက်တော့မယ်)" ဟု မိန့်လေသည်။ အံအားသင့်စွာဖြင့် ("မှန်ပါ့") ဟု တစ်လုံးတည်သာ ပြောလိုက်မိသည်။ စကောလာရှစ် ဆိုပါလား----- ကျွန်ုသည် သီတဂူဆရာတော်ကြီးအနားသို့ မပေါက် မရောက် အညတြရ တစ်ယောက်သာဖြစ်ခဲ့သည်။ အထူးအဆန်းတော့ မဟုတ်ပါပေ၊ လမင်းကြီး၏ ဘေးဝယ် PhD, MA ဂုဏ်တို့ဖြင့် တောက်ပသော ကြယ်များစွာ အမြဲဝိုင်းရံနေခဲ့သည်။ မတောက်ပခဲ့ပေမဲ့ ကျရာတာဝန်ကိုတော့ ကျေပွန်စွာဖြင့် ပိုးစုန်းကြူးအလား ကိုယ်ပိုင် အလင်းနှင့် ကိုယ်ပိုင်းအားနှင့် ထမ်းဆောင်ခဲ့ပါသည်။ သီတဂူသို့ လာကတည်းက ဆရာတော်ကြီး၏ သာသနာ့အကျိုးပြု၊ နိုင်ငံနှင့် လူမျိုးအကျိုးပြု လုပ်ငန်းများဝယ် ကျရာတာဝန်မှ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် မိမိကိုယ့်မိမိ ခံယူခဲ့သည်။ မိမိကိုယ်တိုင်းလည်း လမင်းကြီးအနားက နာမည်မရှိတဲ့ ကြယ်တစ်လုံးအဖြစ်ကို ဂုဏ်ယူခဲ့သည်။
ယခုအခါဝယ် ဘဝဘဝက ပြုခဲ့သော ကောင်းမူတို့၏ အကျိုးကို ခံစားနေပါပြီး၊ အထူးသဖြင့် ယမန်နှစ်က ရွာဦးစေတီကို ထုံးသင်္ကန်း ကပ်လှူခဲ့သော စေတနာ၏ အထောက်အပံ့ကြောင့် သီတဂူ အဓိပတိ ဆရာတော်ကြီး၏ ပညာရေးအထူးစီမံကိန်းဝယ် သီတဂူသံဃာ့ ဝန်ဆောင်ဆရာတော်များနှင့် သီတဂူပညာရေးတာဝန်ခံဆရာတော်များမှ ပေးအပ်သော စကောလာရှစ်ကို ရရှိပြီး၊ ဓမ္မာစရိယပြီးကတည်းက ရည်မှန်းခဲ့ဘူးသော၊ အခြေအနေ အကြောင်းကြောင်းကြောင့် မရောက်ခဲ့ရသော၊ နိုင်ငံခြားပညာသင် ကိစ္စကြီးကို အကောင်းအထည် ဖေါ်နိုင်ပါပြီး။
ကျွန်ုပ်၏ ညီလေးသည်လည်း သူ၏အစ်ကိုတစ်ယောက် နိုင်ငံခြားမှ MA ဘွဲ့ကြီးဖြင့် ပြန်လာမည့် တစ်နေ့ကို မျော်နေရှာရော့ မည်။ စိတ်ချမ်းသာစွာဖြင့် ဆန္ဒတွေ ပြည့်ခဲ့ကြပြီးကော။။။။
===========
စကားတစ်ခွန်းပြောလိုသည် (ညီငယ်ညီမငယ်များ ကျရာတာဝန်ကို စေတနာအပြည့်အဝဖြင့် လုပ်ဆောင်ကြပါ၊ သင်တို့၏စေတနာ တစ်နေ့ သင်တို့အား တံခါးလာခေါက်ပါလိမ့်မည်)

========



((သီတဂူအဓိဋ္ဌာန်))
ငါတို့ဖြစ်ရ
ဤလောကဝယ်
ဘဝသမိုင်း
မရိုင်းစေရန်
စိတ်မာန်မချ
မာနမပါ
တို့စွမ်းရာဖြင့်
တို့သာသနာ
တို့ပြည်ရွာကို
သာယာစေမူ
လုံးလပြုအံ။

မေတ္တာစိတ္တေန
ကိုရင်အာယု (သီတဂူ)
ပူနေးတောရ
(၂၄.၀၅.၂၀၁၃ ညသန်းခေါင် ၁၂ နာရီခွဲ အချိန်)

VESAK DAY or BUDDHA DAY



 VESAK DAY or BUDDHA DAY
==================
 All my Dhamma Brothers and sisters, 24.05.2013, according to Myanmar Buddhist calendar, is the full moon day of VESAK (May, Visakapunnama). Vesak or Visaka is a pali word. It is the name of this month. Every month has their respective name such as Cittarapunnamar, Vesakapunnamar, Jetthapunnamar, Asallapunnamar, kattikapunnamar and so on.
 The Vesaka day is very important for Buddhist People and Buddhist society, because it is relating with our Lord Buddha’s birth day (the Buddha was born in this full moon day of VESAKA), the day of attending enlightenment (the Buddha got the Knowledge of All Knowing) and the day of passing away, (the Buddha demise into Mahaparinibana). So it is also called Buddha day.
The Buddha was born at 626 BC, in this full moon day of Vesaka (May). As we know, at the age of 16, he got married with Yasodara Princess, and had a son, Yahula. At the age of 29, he renounced the world (gone into forest) to search for the True and practiced various kinds of ways for Six years.    
At the age of 35, he attained the knowledge of enlightenment as an all knowing one at 588 BC, in this full moon day of Vesaka (May). After attained the Buddha hood, he preached the Dhamma for the welfare of Gods and men about 45 years.
  At the age of 80, he passed away into Mahaparinibana at 543 BC, in this full moon day of Vesaka (May). Therefore this full moon day of Vesaka (May) is very important for the Buddhist people all around the world.  To upgrade the role of Buddhism toward the Global society, we, Buddhist, should try to know about Buddha and his teachings. If only we know clearly about Buddha and his teachings, we could promote the role of Buddhism in Global Society. That is why; I would like to request all of you to study about Buddha and Dhamma. The essence of Buddha's teaching is "not to do any evils, to do the good deeds, to get rid of impurities in our mind. 
====================

shin Ayu (Sitagu)
Pune forest monastery,
Maharashtra,
India,

Thursday, May 2, 2013

ငြိမ်းချမ်းရေးအခါတော်နေ့

တရားချစ်ခင်သူတော်စင်အပေါင်းတို့ ယနေ့သည် “နယုန်လပြည့်နေ့” ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ သာသနာသမိုင်းမှာ နယုန်လပြည့်နေ့ကို “မဟာသမယနေ့” လို့ ထူးထူးမြတ်မြတ် သတ်မှတ်ပူဇော်ခဲ့ပါတယ်။ မဟာဝနဆိုတဲ့ တောကြီးထဲမှာ မဟာသန္နိပါတဆိုတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အစည်းအဝေးကြီးတစ်ရပ် ကျင်းပခဲ့ပြီး အလွန်ထူးဆန်းမွန်မြတ်တဲ့ တရားတော်များကို ဟောခဲ့,နာခဲ့ကြရလို့ မဟာသန္တိသုခဆိုတဲ့ ငြိမ်းချမ်းမှုကြီးကို ရခဲ့ကြတဲ့ မဟာသမယ Significant Occasion of Great Assembly (သို့)The great occasion of peace of brotherhood ကြီးကျယ်သည့် အစည်းအဝေးကြီး ကျင်းပရာ ကြီးမြတ်သည့်အခါတော်(သို့)ကမ္ဘာ့ညီအကိုမောင်နှမများ၏ “ကြီးမြတ်သော ငြိမ်းချမ်းရေးနေ့” ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။
ကမ္ဘာဦး မဟာသမ္မတမင်းမှစပြီး မင်းစဉ်မင်းဆက် အစဉ်မပျက် ဆင်းသက်လာခဲ့ရာ ထောင်ပေါင်းများစွာသော မင်းတို့ကိုလွန်၍ သြက္ကာကမင်းဆက်သို့ရောက်မှ သာကီမင်းမျိုးနှင့် ကောလိယမင်းမျိုးဟူ၍ နေရာဒေသကိုစွဲကာ အမည်နှစ်မျိုးကွဲခဲ့ရာ မင်းဆက်ရာပေါင်းများစွာ လွန်သောခါ ညီအစ်ကိုမောင်နှမအရင်းတို့သည် အချင်းချင်း သွေးရင်းသားရင်းများဖြစ်ကြောင်း ကောင်းစွာ မသိကြတော့ဘဲ ဖြစ်ခဲ့ရပါတော့တယ်။ ကျွန်းတော်ထဲမှာ မြို့ပြတည်ကာ အခြေချနေကြတဲ့ သာကိယ၀ံသ လူမျိုးတွေနဲ့ ကလောတောထဲမှာ မြို့ပြတည်ထောင်ကာ နေကြတဲ့ ကောလိယ၀ံသ လူမျိုးတွေဟာ နယ်ခြားမျဉ်းဖြစ်တဲ့ နေရာဟိနီမြစ်က ရေကို မိုးခေါင်သည့် မိုးဦးကာလ လယ်ယာစိုက်ပျိုးရေးအတွက် ရေလုကြရာမှ စပြီး နှစ်ပြည်ထောင်စစ်ပွဲကြီးဖြစ်ဘို့ ခလုပ်တစ်ချက်နှိပ် အနေအထား၊ စစ်သေနာပတိ၏ စစ်မိန့်ပေးသံကို စစ်သားတို့ နားစွင့်နေကြသည့် အနေအထားမှာ မြတ်ဗုဒ္ဓ ကြွတော်မူခဲ့ရပါတယ်။ ဟိမ၀န္တာမှာ မြစ်ဖျားခံသည့် ရောဟိနီမြစ်သည်လည်း နှစ်ပြည်ထောင် ဆွေမျိုးသားချင်းတို့ ငြိမ်းချမ်းစွာ နေကြဟေ့လို့ ပြောနေသည့်အလား ဟိမ၀န္တာ အန၀တတ်ရေအိုင်မှ လျှံထွက်သည့် ရေတို့ကို သယ်ဆောင်ကာနှစ်ပြည်ထောင်အကြားမှာ အေးချမ်းစွာ စီးသွားနေပါတယ်။ သို့သော် ရောဟိနီမြစ်သည် ကမ်းနားတလျှောက်က လယ်သမားတို့၏ အလိုဆန္ဒကို လိုသလောက် မဖြည့်စွက်နိုင်ခဲ့ပါ။ လူတို့၏ လောဘကား ဘယ်တော့မှ မပြည့်နိုင်တဲ့ ပင်လယ်နဲ့လဲတူတယ်။ တိုးမိ,တွေးမိရာ အကုန်ဝါးသည့် တောမီးနှင့်လဲတူတယ်။
သာကီဝင် လယ်သမားနှင့် ကောလိဝင်လယ်သမားများ ရေလုရာကစ၍ ကျေးရွာ၊ နိဂုံး၊ တိုက်နယ်၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ နေပြည်တော်၊ ရွှေနန်းတော် ဘုရင်မင်းတရားများအထိ အဆင့်ဆင့်ကူးစက်ကာ အမှိုက်ကစပြာဿာဒ် မီးလောင်သလို ကြီးကျယ်သည့် နှစ်ပြည်ထောင်စစ်ပွဲကြီးဆင်နွဲဘို့အဆင်သင့် ပြင်နေကြပါတယ်။ သာကီဝင်တို့ဘက်က ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ပရိနိဗ္ဗာန်စံဝင်ပြီးလို့ မဟာနာမ်မင်းအုပ်ချုပ်ချိန်, ကောလိယ၀င်တို့ဘက်က ဘိုးတော်အဉ္ဇနမင်းကြီး နတ်ရွာစံပြီး သုပ္ပဗုဒ္ဓမင်းအုပ်ချုပ်ချိန်လို့ ထင်ရပါတယ်။ နှစ်ဘက်လုံးမှာ သူတော်ကောင်းတရားကင်းပြီး ကိလေသာတွေ,ဒေသ,မာနတွေနဲ့ အံတင်းနေကြပါတယ်။ ရန်ဖြစ်ရတဲ့ အကြောင်းရင်း ၀ိဝါဒ, ကလဟတို့ရဲ့ ဇာစ်မြစ်ကို မသိကြဘဲ စစ်ပြင်ကြခြင်းသာ ဖြစ်ပါတယ်။ လူ့ဘ၀ဇာတ်ခုံမှာ ဖြစ်ရတဲ့ ပြဿနာတွေက အစုံပါဘဲ။
သမ္မာဒိဋ္ဌိဆိုတာ Right understanding of problems of human life လူသားတွေရဲ့ ဘ၀ပြဿနာကို မှန်ကန်စွာ သိမြင်နားလည်ခြင်း ဖြစ်ပါတယ်။ ဒီနှစ်ပြည်ထောင်ကြားမှာ ပြဿနာက ရေပါပဲ။ နောက်မှန်ကန်စွာ သိရမှာက ဘာလဲဆိုတော့ “ပြဿနာရဲ့ အကြောင်းအရင်း လိုတယ်” ဆိုတာပါပဲ။ ဒါကြောင့် သမ္မာဒိဋ္ဌိ Right understanding of sources of human problems လူ့ဘ၀ပြဿနာများရဲ့ အကြောင်းအရင်း လိုတယ်ဆိုတာကို မှန်ကန်စွာ နားလည်ဖို့ပါပဲ။ ဘ၀ပြဿနာနှင့် ဘ၀ပြဿနာတို့ရဲ့ အကြောင်းအရင်းကို နားမလည်ခဲ့ရင် ဒီပြဿနာတွေ ဖြေရှင်းနည်းကိုလဲ နားလည်ဖို့ ဖက်ပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓရဲ့ ဆွေမျိုးသားချင်းတွေဟာ မြတ်ဗုဒ္ဓနှင့် မြတ်ဓမ္မကို မျက်နှာလွှဲကြလျှက် လယ်သမားနှစ်ဦး ရေရလိုသည့်ပြဿနာကို စစ်ခင်း၍ ဖြေရှင်းကြဖို့ လုပ်ကြတာဖြစ်ပါတယ်။ တတိယ သမ္မာဒိဋ္ဌိက ဘ၀ပြဿနာကို နည်းမှန်လမ်းမှန် ဖြေရှင်းခြင်း To understand rightly how to solve the problems ဖြစ်ပါတယ်။
ဆွေမျိုးတို့ရဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်တော်မူလို၍ ကြွတော်မူလာသော ဗုဒ္ဓမြတ်စွာသည် ဆွေမျိုးများ ညီအစ်ကို မောင်နှမများ ငြိမ်းချမ်းစွာ နေကြဖို့ ငြိမ်းချမ်းရေးနဲ့ ညီညွတ်တဲ့ တရားများကို ငြိမ်းချမ်းရေးမြစ်၏ ကောင်းကင်မှာနေပြီး ဟောကြားတော် မူခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမအပေါင်းတို့ သင်တို့ ငါတို့သည် ဘိုး၊ ဘေး၊ ဘီ၊ ဘင် မင်းစဉ်မပျက် တစ်သွေး တစ်သားတည်း ဆင်းသက်လာခဲ့ကြတဲ့ သွေးရင်းသားရင်း ညီအစ်ကို မောင်နှမအရင်းများ ဖြစ်ကြပါတယ်။ အကြောင်းရင်း မစူးစမ်းဘဲ မဆင်မခြင် မပြုကြနှင့်။
“ကမ္ဘာမြေကြီးများ ပြိုကွဲလေလျှင် ဘယ်လိုများ နေရမလဲ” လို့ အကြောင်းမဲ့တွေးပြီး ကြောက်နေတဲ့ ယုန်ကလေးအနီးက ထန်းရွက်ခြောက်ပေါ်မှာ ဥသျှစ်သီးကြွေကျသည်ကို ကမ္ဘာမြေကြီး ပြိုသွားပြီအထင်နှင့် လန့်၍ပြေးနေသော ယုန်ကလေး၏ “မြေပြိုတယ်” ဆိုတဲ့ အသံကို ကြားကာမျှဖြင့် တောတိရစ္ဆာန်တွေ အဆင့်ဆင့်လိုက်ကာ တအုပ်ကြီးပြေးကြတော့ တောကြီးပျက်လုနီးပါး ဖြစ်ခဲ့ဖူးတယ်။ ကိုယ်တိုင် ကြား, မြင်, သိ မဟုတ်ဘဲ သူတစ်ပါး ပြောသံကြားကို အလေးဂရုပြုသူတို့သည် ပရပတ္တိ-သူတစ်ပါးဖို့ချည်း ဖြစ်သည်လို့ ဒုဒ္ဒုဘဇာတ်မှာ မိန့်ဆိုထားပါတယ်။ မြစ်ကလေး ခြားနား နေတာနဲ့ လူမျိုးခြားများ မဟုတ်ကြဘူး။ သွေးသားရင်းများ ဖြစ်ကြောင်း အရင်းအမြစ်ကို သိအောင်လုပ်ကြ၊ ပြဿနာရဲ့ အကြောင်းအရင်းဟာလဲ တန်ဘိုးနည်းလှတဲ့ ရေကလေး တစ်ပေါက်ပဲ လူတို့ရဲ့ သွေးတစ်စက်လောက်မျှ တန်ဘိုးမရှိပါဘူး။ ၀ိဝါဒ၏ အကြောင်းရင်းကို သိအောင်လုပ်ကြဟု ဒုဒ္ဒုဘဇာတ်ဖြင့် ဆုံးမတော်မူပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ - ငုံးတွေ ထောင်ပေါင်းများစွာဟာ အချင်းချင်း ၀မ်းမြောက်ဝမ်းသာ ရှိကြတုန်းက မုဆိုးပစ်အုပ်သည့် ပိုက်ကွန်ကို တစ်ညီတည်း မ,ယူကာ သေဘေးမှ လွတ်မြောက်ခဲ့ကြတယ်။ အချင်းချင်း ၀မ်းမသာနိုင်ကြ၊ ညီညွတ်မှု မရကြတဲ့အခါ ပိုက်ကွန်ကို မ,ချီနိုင်သည့် အင်အား မရှိတော့တဲ့အတွက် အားလုံး သေဆုံးကြရတယ်။ ဒါ့ကြောင့် ၀မ်းသာကြေနပ်အောင် နေကြ။ အချင်းချင်း ၀မ်းမြောက်နေကြမှ ညီညွတ်တဲ့ ခွန်အားကိုရမယ်။ အဒါမှ တကယ့်ခွန်အား မုဆိုးဟာ နှောက်ယှက်ဖို့ အမြဲစောင့်ပြီး ချောင်းနေတယ်။ တစ်ယောက်နဲ့ တစ်ယောက် ၀မ်းမြောက်ဝမ်းသာဖြစ်အောင် မနေတတ်ရင် မုဆိုးအစာ ဖြစ်တတ်တယ်ဟု သမ္မောဒမာနဇာတ်တော်ဖြင့် ၀မ်းမြောက်စွာနေနည်း,ရှုနည်းကိုလည်း ဆုံးမတော်မူပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ သစ်ပင်တို့သည် ငယ်ပင်ငယ်သော်လည်း အချင်းချင်းမှီကပ်၍ ကြပ်ညပ်စွာ ပေါက်ရောက်နေပါလျှင် လေပြင်းမုန်တိုင်း တိုက်ခတ်သော်လည်း မပြိုလဲနိုင်ပါ။ ကြီးမားသော သစ်ပင်ကြီးသည် လွင်ပြင်မှာ တစ်ပင်တည်း ပေါက်ရောက်နေခဲ့သော် လေပြင်းတိုက်ခတ်၍ ပြိုလဲနိုင်ပါတယ်။ ထိုနည်းတူစွာ အင်အားပင်ကြီးမားသော်လည်း စည်းလုံးညီညွတ်မှု မရှိခဲ့သော် ရန်သူတို့ လွယ်ကူစွာ တိုက်ခိုက် ဖြိုဖျက်နိုင်တယ်။ ဒါ့ကြောင့် ထိထိစပ်စပ် စိစိညပ်ညပ် ပေါက်နေတဲ့ တောအုပ်ကြီးလို အချင်းချင်း သွေးသားအရင်းပီသစွာ ကျောချင်း ရင်ချင်းကပ် နေကြဖို့ကို ရုက္ခဓမ္မဇာတ်တော်ဖြင့် ဆုံးမတော်မူပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ လူတို့ပြုဖွယ်ရာ အရာရာသော ကိစ္စတိုင်းမှာ ခွန်အားသုံးလျှင် ပြီးစီးတယ်လို့ ခွန်အားကြီးသူတို့ ယူဆကြတယ်။ အဲဒါ တကယ်မမှန်ဘူး။ ဗာလခေါ်ဆို ထိုပုဂ္ဂိုလ်တို့အတွက် ထိုခွန်အားသည် ခွန်အားသုံးတဲ့ ဗာလကို ပြန်သတ်ဖို့ ဖြစ်တတ်တယ်။ လယ်ထဲက ထယ်ခဲကြီးမားနေတဲ့ ဘီလုံးမလေးက လမ်းလျှောက်လာတဲ့ ဆင်ပြောင်ကြီးကို တောင်းပန်ရှာတယ်။ ထယ်ခဲကြားမှာ သူမရဲ့ သားကလေးတွေ ရှိနေပါတယ်။ အတောင်မပေါက်သေးလို့ မပျံနိုင်သေးပါဘူး၊ အရွယ်မရောက်သေးတဲ့ ငှက်ငယ်လေးတွေကို မနင်းမိအောင် ရှောင်ကွင်းသွားဖို့ ရို့ရို့ကြိုးကြိုး ပြောပါတယ်။ ဒါပေမယ့် ဆင်ပြောင်ကြီးက သူ့ရဲ့ခွန်အားကို အားကိုးမာန်ရစ်ပြီးတော့ ဗီလုံးငှက်မလေးရဲ့ တောင်းပန်စကားကို အလေးမထားဘဲ “ငါ့လမ်းငါလျှောက် ဘယ်ရောက်ရောက်ပေါ့” ဆိုကာ အတောင်မပေါက်သေးတဲ့ ငှက်ငယ်ကလေးများကို နင်းသက်သွားခဲ့လို့ ငှက်ငယ်ကလေးများ သေဆုံးခဲ့ကြရရှာတယ်။
ခွန်အားပင်ငယ်သော်လည်း စည်းရုံးအားကောင်းတဲ့ ဗီလုံးငှက်မလေးဟာ ကျီးကန်းကိုစည်းရုံး ဆင်ကြီး၏မျက်လုံးကို ဖောက်စေခဲ့တယ်။ ယင်မမဲရိုင်းတွေသိမ်းသွင်းကာ ဆင်ပြောင်ကြီး၏ မျက်လုံးပေါက်မှာ ပိုးလောက်တွေ တွယ်စေခဲ့တယ်။ ဖားကို စည်းရုံးနိုင်ပြန်တော့ တောင်ချောက် ကမ်းပါးကနေ အော်စေခဲ့တယ်။ ရေရှိတယ်အထင်နှင့် ဆင်ကန်းတောတိုးတော့ တောင်ကမ်းပါးက ချောက်ထဲကျ သေခဲ့ရတယ်။ အင်အားသုံး၍ ဒေါသဖြင့် မပြုသင့်ကြောင်း ကောင်းစွာဆုံးမသောအားဖြင့် လဋုကိကဇာတ်ကို ဟောတော်မူခဲ့ပါတယ်။
အဲဒီတော့ ပြဿနာတွေရဲ့ အကြောင်းအရင်းတွေဟာ လောဘ,ဒါသ,မောဟ,မာနတွေပါပဲ။ မိမိသဏ္ဌာန်မှာဖြစ်တဲ့ ကိလေသာတွေကို မိမိကိုယ်တိုင် သိမြင်နားလည်တဲ့အခါ မိမိကိုယ်ကို ယဉ်ကျေးစေဖို့ အတ္တဒန္တသုတ်၊ မိမိကိုယ်ကို မိမိကိုယ်တိုင် ဒဏ်ထားဖို့ မိမိ၏လက်ကိုင်ဒုတ်တောင်ဝှေးသဖွယ် သုံးစွဲဖို့ အတ္တဒန္တသုတ်၊ မိမိတို့၏ ကောင်းကျိုးချမ်းသာများသည် မိမိတို့၏ ကောင်းကျင့်ကောင်းမှုများကြောင့် ဖြစ်ကြရတယ်။ မိမိတို့၏ မကောင်းကျိုးဆိုးပြစ် ဆင်းရဲဒုက္ခ ဘေးရန်များသည် မိမိတို့ မကောင်းမှု အကျင့်ဆိုးများကြောင့်ပင် ဖြစ်ကြရတယ် စသည့်သဘောများကို အတ္တဒန္တသုတ်ဖြင့် ဆုံးမတော်မူရာမှာ သာကိယ နှင့် ကောလိယ နှစ်ပြည်ထောင် ဖြစ်လုနီးပါး စစ်ပွဲကြီးရဲ့ တင်းမာမှုများဟာ နူးညံ့ပျော့ပြောင်းခြင်းသို့ ပြောင်းခဲ့ရပါတယ်။ ဒေါသ,မာနတွေ ကျဆင်းသွားတော့ ဆွေရင်းမျိုးရင်း သွေးရင်းသားရင်း ညီအစ်ကို မောင်နှမရင်းများဖြစ်ကြောင်း ကောင်းစွာသိကြပြီး လက်နက်များကို ရောဟိနီမြစ်ထဲမှာ မျှောချ,နောင်တော်မြတ်ဗုဒ္ဓကို ဦးနှိမ်ချ ငြိမ်းချမ်းရေးကို ရယူခဲ့ကြပါတယ်။
အပြီးတိုင် ငြိမ်းချမ်းရေးအရယူဖို့ တစ်ဘက်(၂၅၀)စီသော စစ်သည်တော်မင်းမျိုးတို့ ရဟန်းပြုခဲ့ကြပါတယ်။ အဲဒီ သာကီဝင် ကောလိယ၀င် ရဟန်းငါးရာတို့ကို ဟိမ၀န္တာ ကုဏာလရေအိုင်အနီးမှာ ကုဏာလဇာတ်ကို ဟောခြင်းဖြင့် သာသနာတော်၌ စွဲမြဲစွာ ပျော်နေစေခဲ့ပါတယ်။ နယုန်လပြည့်နေ့မှာတော့ မဟာဝနဆိုတဲ့ ကပိလ၀တ်အနီး ဟိမ၀န္တာတောင်ခြေက တောကြီးထဲမှာ ရဟန်းငါးရာလုံး အပြီးတိုင်ငြိမ်းချမ်းရေး သန္တိသုခကို အပိုင်ရ၍ရဟန္တာဖြစ်ကြပါတယ်။ ထိုစစ်ပြေငြိမ်းသည့် စစ်သည်တော်ဘ၀ပြောင်း သာကိယ-ကောလိယ မင်းမျိုးရဟန်းငါးရာနှင့် မရေမတွက်နိုင်သော နတ်ဗြဟ္မာများ သက်ရှိမြတ်စွာဘုရားနှင့် နိမ္မိတဘုရားတို့ရဲ့ကြီးမြတ်တဲ့ အစည်းအဝေးကြီးကို ဒီနယုန်လပြည့်နေ့မှာ ဆင်ယင်ကျင်းပတော်မူကြပြီး ဘုရားနှစ်ဆူတို့အချင်းချင်း အပြန်အလှန် ဆွေးနွေးဖြေကြားတော်မူကြကာ တရားဒေသနာ (၆)မျိုးကို ဟောကြားတော်မူခဲ့ပါတယ်။
ယခုလို ကြီးကျယ်မွန်မြတ်တဲ့ ဖြစ်ရပ်ကြီးများကို မဟာသမယခေါ်ပါတယ်။ အဲဒီဖြစ်ရပ်ကြီးများ ဖြစ်ပေါ်ခဲ့ရာနေ့ကို ‘မဟာသမယနေ့’နေ့လို့ခေါ်ပါတယ်။ ဥပမာပြောရရင် မြန်မာတိုင်းရင်းသား တိုင်းရင်းသူ ညီအစ်ကို မောင်နှမတွေဟာ ပင်လုံမှာ စည်းလုံးညီညွတ်ခဲ့ကြပြီး လွတ်လပ်ရေးရယူခဲ့ကြတော့ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့နဲ့ ဇန်န၀ါရီ(၄)ရက်တို့ဟာ မြန်မာတို့ ဘယ်တော့မှ မေ့ပျောက်မရတဲ့ မဟာသမယနေ့များပါပဲ။ ဇူလိုင်လ(၄)ရက်နေ့ဟာ အမေရိကန်တို့ နှစ်ပေါင်းများစွာ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်လာရာက ငြိမ်းချမ်းညီညွတ်ကြပြီိး လွတ်လပ်ရေးရယူကာ ပြည်ထောင်စုကြီး တည်ထောင်ခဲ့တဲ့ နေ့ဟာလည်း အမေရိကန်တွေရဲ့ မဟာသမယပဲဖြစ်ရမှာပါ။ ရှင်ဘုရင်တွေက Land ဆိုတဲ့ မြေကြီးတွေ နယ်မြေတွေကို လက်တကမ်း လက်လှမ်းမှီရာ သိမ်းပိုက်စိုးစံခဲ့တဲ့ အင်္ဂလန်၊ အိုင်ယာလန်၊ စကော့တလန် စတဲ့ ကျွန်းကလေးတွေပေါ်မှာ The Act of Union ဆိုတဲ့ ညီညွတ်ရေး ဥပဒေတစ်ခုကို စုပေါင်းရေးဆွဲခဲ့ကြပြီး ရှင်ဘုရင်တစ်ယောက်တည်း၊ ၀န်ကြီးချုပ်တစ်ယောက်တည်း၊ ပါလီမာန်တစ်ခုတည်း၊ ၀ါဒတစ်ခုတည်းမှာ ပေါင်းစုညီညွတ်ကြပြီး United Kingdom ညီညွတ်သော ဘုရင့်နိုင်ငံတော်ကို စတင်ခဲ့ကြတဲ့ ၁၈၈၀ ခုနှစ်များလဲ အင်္ဂလန်တို့သမိုင်း မမေ့နိုင်တဲ့ မဟာသမယဘဲ ဖြစ်မှာပါ။
ကမ္ဘာအနှံ့ဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ နိုင်ငံပေါင်းစုံ ပါဝင်ဖွဲ့စည်းခဲ့တဲ့ United Nations ကုလသမဂ္ဂအဖွဲ့ကြီးဟာလည်း World Peace=ကမ္ဘာ့ငြိမ်းချမ်းရေး၊ World Security=ကမ္ဘာ့လုံခြုံရေး၊ International Cooperation=တိုင်းပြည်အသီးသီး လူမျိုးအသီးသီးတို့ ပူးပေါင်းညှိနှိုင်းဆွေးနွေးရေး၊ International Brother hood Spirit=ကျယ်ပြန့်တဲ့ ဆွေမျိုးသားချင်းစိတ်ဓာတ်တွေမွေးပြီး အချင်းချင်း လက်တွဲဆောင်ရွက်ရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာ(၂၄)ရက်နေ့မှာ ဖွဲ့စည်းခဲ့တယ်။ အဲဒီလို တိုင်းပြည်နိုင်ငံအားလုံး ညီညွတ်ငြိမ်းချမ်းတဲ့ ကုလသမဂ္ဂနေ့ကြီးဟာလဲ Great Occasion Of United Nation=ကုလသမဂ္ဂ မဟာသမယနေ့ကြီးလို့ ဆိုရမှာပါဘဲ။ သို့သော်-
အထက်နားမှာ ပြောခဲ့တဲ့ ညီညွတ်သောအခါတော်နေ့၊ ငြိမ်းချမ်းသောအခါတော်နေ့၊ လွတ်လပ်သော အခါတော်နေ့များဟာ လောကီနယ်မှာ လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေနဲ့သာ လုံးထွေးရစ်ပတ် သတ်မှတ်ထားကြတာတွေ ဖြစ်နေတဲ့အတွက် အကြောင်းရင်းမှန်ကို မသိယောင်ဆောင်မှု၊ သူတစ်ပါးကို အပြစ်ဖို့တင်မှု၊ မိမိကိုယ်ကိုအမှန်ထား ရှေ့တန်းတင်မှု၊ တင်းမာမှု၊ ပူပန်မှု၊ မကြေနပ်မှု၊ အတိုင်းအတာနှင့် စည်းကမ်းမဲ့ လိုလားမှုတွေ ပြည့်၊ ဒုက္ခတွေ ဘ၀ဂ်ထိနေကြပါတယ်။ အဲဒါကြောင့် သာကိယမင်းနှင့် ကောလိယမင်းတို့က မြတ်ဗုဒ္ဓနှစ်ဆူကို သဘာပတိထား နတ်ဗြဟ္မာများစွာ တက်ရောက်တဲ့ မဟာသမယ=ကြီးကျယ်မြင့်မြတ်တဲ့ အပြီးတိုင်ငြိမ်းချမ်းရေး အခါတော်နေ့ ကျစ်လစ်ခိုင်မာတဲ့ ဘယ်တော့မှ မပြိုလဲဘဲ သန္တိနိဗ္ဗာန်ဟူသော တစ်ခုတည်းသော ရည်မှန်းချက်ပန်းတိုင်ထားပြီး အရဟတ္တဖိုလ်စိတ် တစ်စိတ်တည်းပေါ်မှာ တည်ဆောက်ထားတဲ့ တကယ့်ညီညွတ်သော အခါတော်နေ့ကြီးကို အပြန်အလှန် သုံးသပ်ကြဖို့ အလေးအနက် နှိုးဆော်ပါတယ်။
အပြီးတိုင်ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအောင်ပွဲရ၊ ငြိမ်းချမ်းသူ၊ ညီညွတ်သူတို့ စည်းဝေးကြသည့် ဤ မဟာသမယနေ့မှာ မြတ်ဗုဒ္ဓက လောက၏ပြဿနာ, ဘ၀၏ ပြဿနာတို့ကို ဖြေရှင်းဖို့နှင့် လောကဘ၀ စရိုက်ကောင်းများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တရားဒေသနာ ဓမ္မ (၆)မျိုး ဟောကြားတော်မူခဲ့ပါတယ်။
၁။ ရယူလိုခြင်း၊ သိမ်းပိုက်လိုခြင်း၊ ပိုင်ဆိုင်ထားလိုခြင်း
ဆိုတဲ့ လောကပြဿနာ၏ အကြောင်းရင်း မူလ ‘လောဘတဏှာ’ ကိုပယ်စွန့်ဖို့ သမ္မာပရိဗ္ဗာဇနိယ သုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၂။ ရန်ဖြစ်ခြင်း၊ ငြင်းခုံခြင်း၊ ကွဲပြားခြင်း၊ ညှင်းဆဲခြင်း ဆိုတဲ့ ဘ၀ပြဿနာ၏ အကြောင်းရင်းမူလ ‘ဒေါသ၊ အာဃာတ’ ကို ပယ်သတ်ဖို့အတွက် ကလဟ ၀ိဝါဒသုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၃။ ဘ၀ပြဿနာအထွေထွေနှင့် သူ၏အကြောင်းရင်း တို့ကို အမှန်အတိုင်း မသိ၊ နားမလည်နိုင်မှုဟူသော ‘အ၀ိဇ္ဇာ၊ မောဟ’ကို ပယ်စွန့်နိုင်ဖို့ မဟာဗျူဟသုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၎။ ထောက်တည် မရ၊ ဦးတည်ရာ မရှိ၊ အကြောင်း အကျိုးမဲ့ တွေးတောကြသည့် တက္ကီဝါဒီ အတွေးအခေါ်သမားတို့၏ လေတိုက်ရာလွင့်သည့် မိုးတိမ်ကဲ့သို့သော စိတ်ကို ထောက်တည်ရာရ, ငြိမ်သက်ကြစေဖို့ စူဠဗျူဟသုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၅။ စိတ်ထား နူးညံ့သူ၊ ယုံကြည်မှု၊ ကြည်ညိုမှု၊ သဒ္ဓါအား ကောင်းသူတို့အတွက် ယုံကြည်မှု၊ ကြေနပ်ကြည်ညိုမှုတို့ဖြင့် ပြည့်နေသောစိတ်ကို ‘သဒ္ဓါ၊ ပညာ’ တို့ဖြင့် မတိမ်းမစောင်း ထိန်းကြောင်းဖို့အတွက် တုဝဋကသုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၆။ ဝေဖန်စိစစ်ခြင်းများပြီး ယုံကြည်မှုအားနည်းကြသည့် ပညာတတ်များး၏ စိတ်ကို တည်ကြည် တည့်မတ်စေဖို့ ပုရာဘေဒ သုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ ဤသို့လျှင် အလွန်မှတ်သားဖွယ်၊ ကြည်နူးဖွယ်ကောင်းသည့် တရားဒေသနာ(၆)သုတ်တို့ကို နယုန်လပြည့် မဟာသမယ အခါတော်နေ့မှာ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါများစွာတို့ နာကြားခွင့် ရရှိကြသဖြင့် များစွာသော အကျိုးကျေးဇူးရကြ၊ အပြီးတိုင် ညီညွတ်ကြ၊ ငြိမ်းအေးကြရသလို လောကပြဿနာ ဘ၀ပြဿနာတို့၏ အကြောင်းရင်းတို့ကို အမှန်သိအောင်ရှာ၊ မဟာသမယသုတ္တာန်(၆)မျိုးမှာ လာသည့်နည်း(၆)ပါးတို့ဖြင့် ဘ၀ပြဿနာတို့ကို ဖြေရှင်းနိုင်ကြပါစေ။ အလွန်ခိုင်မြဲညီညွတ်မှု Consolidated Unity မွန်မြတ်သည့် စိတ်ဓာတ်တို့ ဖွံ့ဖြိုးတိုးတတ်မှု Good-Will Progress အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတတ်မှု Intellectual Progress တို့ကို လောက၏ဆရာ မြတ်ဗုဒ္ဓဆုံးမသည့် သာသနာတော်မှာ ရယူနိုင်ကြပါစေဟု မဟာသမယ အခါတော်နေ့မှာ မဟာဓမ္မပတ္ထနာဆု ကောင်းစွာ တောင်းလိုက်ရပါကြောင်း သူတော်ကောင်း အပေါင်းတို့။
နဟိဝေရေန ဝေရာနိ၊
သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊
ဧသ ဓမ္မော သနန္တနော။
ဤလောက၌ ရန်တို့သည် ရန်တုံ့ပြန်ခြင်းဖြင့် ငြိမ်းရိုးထုံးစံ မရှိကြပေ။ ရန်တို့သည် ရန်တုန့်ပြန်မှု မပြုကြမှ ငြိမ်းရိုးထုံးစံ ရှိကြကုန်၏။ ဤသဘောသည် ရှေးရိုး ရှေးဟောင်း သူတော်ကောင်း ကျင့်စဉ်ဖြစ်၏။
Hatreds never cease through hatred in this world; through love alone they cease. This is an eternal law.
သုသုခံ ၀တ ဇီဝါမ၊
ဝေရိနေသု အဝေရိနော။
ဝေရိနေသု မနုေဿသု၊
ဝိဟရာမ အဝေရိနော။
ရန်ပြုကြသူ လူတို့အလယ်၌ ရန်မပြုကြသော ငါတို့သည် အလွန် ချမ်းသာစွာ အသက်ရှင်ကြရကုန်၏။ ထို့ကြောင့် ရန်ပြုကြသူ လူတို့အလယ်၌ ရန်မပြုဘဲ နေကြပါကုန်စို့။

သီတဂူစမ်းလပမာ ချမ်းမြသာယာရှိကြပါစေ။

အဓိပတိ ဆရာတော်
သီတဂူ ဗုဒ္ဓတက္ကသိုလ်

ဝါဆိုလပြည့် ဓမ္မနေ့

ဒီကနေ့ဟာ ၀ါဆိုလပြည့်နေ့ဖြစ်ပါတယ်။ ၀ါဆိုလပြည့်နေ့မှာ မြတ်ဗုဒ္ဓသည် ဓမ္မစက်ကို စတင်လှည့်တော်မူသောကြောင့် ဓမ္မရတနာ၏ အစဖြစ်သောနေ့ကို ဓမ္မနေ့ဟု ခေါ်နိုင်ပါသည်။ ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖွားရာ၊ ပွင့်ရာနေ့ဖြစ်သောကြောင့် ဗုဒ္ဓနေ့ဖြစ်ရသလို ၀ါဆိုလပြည့်နေ့ဟာလဲ ဓမ္မရတနာ၏ စတင်ရာနေ့ဖြစ်သောကြောင့် ဓမ္မနေ့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ထို့ပြင် သံဃာရတနာ စတင်ပေါ်ပေါက်ရာနေ့လဲဖြစ်နေ ပြန်ပါသေးတယ်။
မြတ်ဗုဒ္ဓသည် ဓမ္မစက္ကသုတ်ကို မိဂဒါဝုန်မှာ စတင်ဟောသောအခါ အရှင်ကောဏ္ဍညသည် ဓမ္မကို အဦးဆုံးသိပြီး ဓမ္မစက္ခုကို ရတော်မူကာ မြတ်ဗုဒ္ဓထံမှာ အစစွာသော ဧဟိဘိက္ခု ရဟန်းသံဃာ ဖြစ်ခဲ့ပါသည်။ ၀ါဆိုလပြည့်နေ့မှာ အရှင်ကောဏ္ဍည ရဟန်းဖြစ်ပြီးမှ ကျန်သော(၄)ပါးတို့ တရက်တပါး အစီအစဉ်အတိုင်း ရဟန်းဖြစ်ကြရာ ၀ါဆိုလပြည့်ကျော်(၄)ရက်နေ့မှာ သံဃာ(၅)ပါး ဖြစ်ပေါ်ခဲ့ပါသည်။ မြတ်ဗုဒ္ဓသည် ၀ါဆိုလပြည့်နေ့မှစ၍ လပြည့်ကျော် (၄)ရက်နေ့တိုင် ဓမ္မစက္ကသုတ်ကို (၅)ရက် တဆက်တည်း ထပ်ခါထပ်ခါ ဟောတော်မူခဲ့ပါသည်။ တရက်တပါး အသီးသီး သောတာပန် ရဟန်းသံဃာ ဖြစ်တော်မူခဲ့ကြသည်။
အရှင်မြတ်(၅)ပါးတို့ကို လပြည့်ကျော်(၅)ရက်နေ့မှာ တပေါင်းတည်းပြု၍ အနတ္တလက္ခဏသုတ်ကို ဟောတော်မူခဲ့ရာ (၅)ပါးလုံးပင် တပြိုင်နတ်တည်း ရဟန္တာဖြစ်တော်မူခဲ့ကြပါသည်။ အရှင်ကောဏ္ဍညကတော့ အရိယာဖြစ်ရာမှာလဲ အစောဆုံး၊ ရဟန်းဖြစ်ရာမှာလဲ အစောဆုံးဖြစ်လို့ ရဟန်းသံဃာထဲမှာ သိက္ခာ အကြီးဆုံးပါပဲ၊ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့ဟာ မြတ်ဗုဒ္ဓသာသနာမှာ ရာထူးဌာနန္တရ ကြီးမြင့်ကြပေမယ့် (၇)လ၊ (၈)လခန့်ကျပြီးမှ ရဟန်းဖြစ်ကြတာမို့ ရဟန်းသိက္ခာငယ်ကြပါတယ်။ သိဒ္ဓတ္ထမင်းမြတ်ကို ကမ္ဘာသုံးနှစ် B.C.E (623) ခု ကဆုန်လပြည့်နေ့တွင် ဖွားမြင်တော်မူခဲ့ပါသည်။
အသက် (၁၆) နှစ်မှစ၍ (၂၉) နှစ်အထိ မင်းနန်းတော်မှာ ကာမဂုဏ်စည်းစိမ်ခံစားနေရင်း ကာမသည် ယုတ်ညံ့၏၊ ညံ့ဖျင်းသူတို့အကျင့်ဖြစ်၏၊ ကိလေသာ ထူသောသူတို့၏ ဥစ္စာဖြစ်၏၊ သူတော်သူမြတ်တို့ မမှီဝဲအပ်၊ ကောင်းကျိုး ချမ်းသာ ဘာမှမဖြစ်ဟု သဘောပေါက်နားလည်ကာ ကာမကို စွန့်လွှတ်၍ ဓမ္မကိုရှာဖွေဖို့ မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလာတောသို့ ၀င်ခဲ့ပါတယ်။
ဥရုဝေလာတော၌ ရှေးဟောင်းအိန္ဒိယရသေ့, ယောဂီ, ပရဗိုဇ်တို့၏ အကျင့်ဟောင်းမှန်သမျှကို ဆရာအသီးသီးထံ ချဉ်းကပ်၍ အပြင်းအထန်ကျင့်ခဲ့ရာ (၆)နှစ်မျှ ကြာခဲ့ပါသည်။ သို့သော် ထိုရှေးဟောင်း အိန္ဒိယယောဂီ, ပရဗိုဇ်တို့၏ အကျင့်များလည်း မိမိသလိုသော ဓမ္မကို မသိစေနိုင်ဘဲ ရလိုသောဉာဏ်ကိုလည်း မရစေနိုင်သည့်အတွက် ကိုယ်ကိုပင်ပန်းရုံ၊ နှိပ်စက်ရုံမျှသာဖြစ်၏။ အရိယာသူတော်သူမြတ်တို့ အကျင့်မဟုတ်ဟု သဘောပေါက်ကာ ထိုဒုက္ကရစရိယာကိုလည်း စွန့်လွှတ်တော်မူခဲ့ပြန်ပါတယ်။
ဤသို့လျှင် သိဒ္ဓတ္ထဂေါတမသည် ကာမသုခကို ခံစားသောအကျင့်နှင့် ကိုယ်ခန္ဓာကိုနှိပ်စက်သောအကျင့်ဟူသော အန္တ=အစွန်းနှစ်ပါးတို့ကို စွန့်လွှတ်ပြီး မိမိကိုယ်တိုင် စီစဉ်တီထွင်ခဲ့သည့် သီလ၊ သမာဓိ၊ ပညာဟူသော မဇ္ဈိမပဋိပဒါကို မျှတစွာကျင့်သုံးတော်မူခဲ့ရာ ကမ္ဘာသုံးနှစ် B.C.E (588) ခု၊ ကဆုန်လပြည့်နေ့တွင် ဓမ္မအလုံးစုံကို မည်သူ့အကူအညီမျှမပါဘဲ ကိုယ်တိုင်သိပြီး ဉာဏ်အားလုံးကို ရရှိတော်မူသောကြောင့် သမ္မသမ္ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။
မြတ်ဗုဒ္ဓသည် ဗုဒ္ဓဖြစ်ပြီးနောက် ရက်သတ္တ (၈) ပတ်အကြာ အဇပါလ ညောင်ပင်အောက်မှာ နေ့စဉ်တရားဟောဖို့ အကြံဖြစ်ခဲ့ရာ တရားဦး ဟောကြားရမည့်သူကို ရှာဖွေခဲ့ရာ အာဠာရနှင့်ဥဒက ရသေ့ နှစ်ယောက်တို့အား ဦးစွာဟောဖို့ အကြံဖြစ်ပါသည်။
ထိုအာဠာရနှင့်ဥဒက ရသေ့ကြီးနှစ်ယောက်တို့သည် သိဒ္ဓတ္ထမင်းမြတ်နှင့် အလွန်ချစ်ကျွမ်းဝင်ကြသည့် စိတ်ကောင်းရှိသော မိတ်ဟောင်းများ ဖြစ်ကြသည်။ သို့သော် ထိုနှစ်ယောက်တို့မှာ တစ်ယောက်က (၁) ရက်၊ တစ်ယောက်က တစ်ပတ်စော၍ ကွယ်လွန်ခဲ့ကြပြီး ဘ၀ဂ်သို့ ရောက်နေခဲ့ကြလေပြီ။ ခန္ဓာမစုံသည့်ဘ၀ဂ်ဘုံသား ထိုမိတ်ဟောင်းရသေ့ကြီးနှစ်ယောက် တို့သည် မြတ်ဗုဒ္ဓက သူ၏တရားဦးကို ဟောလိုသော်လည်း ရုပ်ခန္ဓာမရှိသည့်သူတို့မှာ မြတ်ဗုဒ္ဓ၏ တရားဦးကို အကြီးအကျယ် ဆုံးရှုံးလက်လွှတ်ခဲ့ကြရလေသည်။
ထိုအခါ မြတ်ဗုဒ္ဓသည် ဆရာကြီးနှစ်ယောက်တို့အား ဟောကြားမဖြစ်သည့်အတွက် တပည့်ဟောင်း (၅) ယောက်တို့ကို တရားဦးဟောဖို့ ပြင်ဆင်ခဲ့ရလေသည်။ ထို့ကြောင့် ဘုရားဖြစ်ပြီးနောက် ရက်သတ္တ(၈)ပတ်အလွန် ၀ါဆိုလဆန်း(၁၃)ရက်နေ့မှ စတင် မဟာဗောဓိပင်မှ မိဂဒါဝုန်သို့ ကြွရောက်ခဲ့ရာ ၀ါဆိုလပြည့်နေ့ညချမ်းမှာ ကာသိတိုင်း ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောအုပ်သို့ ဆိုက်ရောက်ပါသည်။ တပည့်ဟောင်း (၅) ယောက်တို့နှင့် ပြန်လည်ဆုံတွေ့တဲ့ ထိုဝါဆိုလပြည့်နေ့မှာ အရှေ့အရက်၌ လပြည့်ဝန်းထွက်ပြူစ၊ အနောက်အရပ်၌ နေခြည်ဝန်းက ၀င်ကာစ၊ နေနှင့်လ နှစ်ပါးအပြိုင်ပြု၍ ငွေရည်ရွှေရည်တို့ဖြင့် သွန်းအပ်သောမိဂဒါဝုန်၏ ညနေခင်း ဆည်းဆာချိန်ခါဝယ် တပည့်ဟောင်း (၅)ယောက်တို့အား ‘ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ’ အစချီသော ဓမ္မစက်ကို ဟောမြွတ်တော်မူခဲ့ပါတယ်။
ဤသုတ္တာန်မှာ=
၁။ ရှောင်ရန် အစွန်းနှစ်ပါး။
၂။ လိုက်နာကျင့်သုံးရန် အလယ်လမ်း နှင့်
၃။ ထိုးထွင်း သိမြင်ဖို့ သစ္စာလေးပါးတို့ကို ဟောတော်မူခဲ့ပါသည်။
ထို့ပြင် သစ္စာလေးပါးတို့ကို (၁၂) ပါးသော အခြင်းအရာဖြင့် ကိုယ်တော်တိုင် သိတော်မူခဲ့သဖြင့် ‘ငါသည် ဧကန်စင်စစ် ဗုဒ္ဓဖြစ်ပြီ’ဟု ကြေညာနိုင်ခဲ့ပြီဟုလည်း ဟောတော်မူခဲ့ပါသည်။
ဤဓမ္မစက္ကသုတ်တော်၌=
ကာမသုခကို ခံစားခြင်းနှင့် ကိုယ်ကိုနှိပ်စက် ပင်ပန်းစေသော အကျင့်များကို ရှောင်ရှားရန် ဟောတော်မူခဲ့ပါတယ်။ အထက်မှာ ရှင်းပြခဲ့ပါပြီ၊ လိုက်နာရန်ကတော့ ကိုယ်နှုတ်နှစ်ပါးကို လွန်ကြူးမှု မဖြစ်အောင် ထိန်းသော သီလ၊ စိတ်ဖေါက်ပြန်သောင်းကျန်းမှုတွေကို ငြိမ်သက်စေသော ကျင့်စဉ်သမာဓိ နှင့် ခန္ဓာ၌ရှိသော အရှိတရား အမှန်တရားတို့ကို အသေးစိတ်သိသော ပညာကျင့်စဉ်လို့ဆိုရတဲ့ စိတ်အညစ်အကြေးကို သန့်ရှင်းစေသော နည်းလမ်းများပါပဲ။ အဲဒါဟာ မဇ္ဈိမပဋိပဒါ ပါပဲ။
ဒီ သီလ၊ သမာဓိ၊ ပညာကို ကျင့်သုံးခြင်းဖြင့်
၁။ ခန္ဓာသည် ထိုးထွင်းသိမြင်အပ်တဲ့ ဒုက္ခသစ္စာ၊
၂။ တဏှာခေါင်းဆောင်တဲ့ ကိလေသာတွေဟာ ပယ်ရှားရမည့် သမုဒယသစ္စာ၊
၃။ တဏှာ၏ အကြွင်းမဲ့ချုပ်ရာ နိဗ္ဗာန်ဟာ ဆိုက်ရောက်ရမည့် ပန်းတိုင် နိရောဓသစ္စာ၊
၎။ သီလ၊ သမာဓိ၊ ပညာတရားတို့သည် အစွန်းလွတ်အောင် ကိုယ်စောင့်ရှောက်ရမည့် လမ်းမှန် မဂ္ဂသစ္စာ၊
ဤသစ္စာလေးပါးကို ကိုယ်တိုင်ကျင့်ခြင်းဖြင့် ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်း သိမြင်ပုံကို ဟောတော်မူခဲ့ပါတယ်။
ဤတရားဒေသနာ အဆုံးမှာတော့ အရှင်ကောဏ္ဍညဟာ သဘောပေါက် သိမြင်သွားတာက ‘သမုဒယဓမ္မအားလုံးဟာ နိရောဓရောက်လျှင် အပြီးအဆုံးပဲ’ လို့ တရားမျက်လုံး ရသွားခြင်းပါပဲ။ အထက်မှာပြောခဲ့တဲ့အတိုင်း တစ်နေ့တစ်ပါး သောတာပန်ရဟန်းဖြစ်ကြပြီး လပြည့်ကျော်(၅)ရက်နေ့မှာ အနတ္တဒေသနာ ဟောတော်မူခဲ့ပါတယ်။
အနတ္တတရားဆိုတာက ခန္ဓာ (၅) ပါးထဲ၌ ခိုင်မြဲသော အတ္တမရှိကြောင်း ရှင်းလင်းသောတရားပါပဲ။ ရုပ်၊ နာမ်၏စွမ်းရည်ပြ ဗုဒ္ဓအဘိဓမ္မာ မပေါ်မီက ရှေးလူတို့၏ အယူအဆ လူခန္ဓာပျက်စီးသွားသော်လည်း ဘယ်တော့မှ မပျက်စီးသော အတ္တက တစ်ခန္ဓာမှတစ်ခန္ဓာ၊ တစ်ဘ၀မှတစ်ဘ၀သို့ ကောင်းမှု, မကောင်းမှု၊ ကောင်းကျိုး, မကောင်းကျိုးတို့ကို သယ်ဆောင်သွားသည်ဟူသော အတ္တ၀ါဒသည် အိန္ဒိယ၌ ထွန်းကားစွဲမြဲနေခဲ့ပါသည်။ မျိုးစေ့ကလေးတစ်ခုထဲမှာ နောင်လာမည့် အပင်, အကိုင်း, အရွက်, အသီး, အပွင့်အားလုံးတို့၏ ပုံရိပ်၊ အရောင်, အရသာသတ္တိအားလုံးကို ထိန်းထားနိုင်ခဲ့ပြီး မြေ, ရေနှင့် ပေါင်းစပ်မိသောအခါ အပင်, အကိုင်း, အသီးစသော အကျိုးများ အဆက်ဆက်ပေါ်ပေါက်လာခဲ့ကြသည်။ မြေ, ရေတို့နှင့် တွေ့ရသော မျိုးစေ့သည် အပင်သစ်ကို ဖြှစ်စေ၍ ပျက်စီးခဲ့ပြီး အပင်အသစ်ထဲသို့ ထိုမျိုးစေ့ဟောင်းသည် မပျက်စီးပဲ ကူးပြောင်းဝင်ရောက်၍ မသွား၊ အပင်သစ်နှင့်အသီးသစ်၊ မျိုးစေ့သစ်တို့ တဖန်ဖြစ်ကြပြန်သည်။ သို့သော် ထိုဖြစ်သမျှ အသစ်အသစ်တို့သည် အဟောင်းအဟောင်းမျိုးစေ့မှာ သမုဒယရှိကြသည်ကို ထိုရှေးဟောင်း အိန္ဒိယ လူမျိုးတို့ သဘောမပေါက်ကြ။
ဤအချက်ကို မြတ်ဗုဒ္ဓက ကံသည်မျိုးစေ့၊ တဏှာသည်မြေကြီး၊ အ၀ိဇ္ဇာသည်ရေ ဤအကြောင်းသမုဒယကြောင့် ခန္ဓာဇာတိ အပင်သစ်ဖြစ်ရသည် စသည်ဖြင့် အ၀ိဇ္ဇာ, တဏှာ, ကံတို့သည် အတ္တမဟုတ်၊ ခန္ဓာ၌အတ္တမရှိကြောင်း ရှင်းလင်းကာ အတ္တလက္ခဏသုတ်ကို ၀ါဆိုလပြည့်ကျော်(၅)ရက်နေ့မှာ ဟောတော်မူခဲ့ပါသည်။
အနတ္တတရား အဆုံးမှာ သောတာပန်သံဃာ (၅)ပါး စလုံး ရဟန္တာသံဃာ ဖြစ်တော်မူကြပါသည်။ သို့ဖြစ်၍ ၀ါဆိုလပြည့်နေ့သည် အလွန်ထူးမြတ်သည့် ဓမ္မရတနာနေ့၊ သံဃာ့ရတနာနေ့ဟု ဗုဒ္ဓသာသနာသမိုင်းတွင် ထူးခြားစွာ မော်ကွန်းတင်ပါသတည်း။

အဓိပတိ ဆရာတော်

သီတဂူဗုဒ္ဓတက္ကသိုလ်
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်ပါစေ။

နယုန်လပြည့် မဟာသမယနေ့

၁၃၅၈-ခု နှစ်၊ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်မှ အသံလွှင့် ဟောကြားတော်မူအပ်သော
နယုန်လပြည့် မဟာသမယနေ့
=======================

တရားချစ်ခင် သူတော်စဉ်အပေါင်းတို့ ယနေ့သည် နယုန်လပြည့်နေ့ ဖြစ်ပါတယ်၊ နယုန်လပြည့်နေ့ကို မဟာသမယနေ့လို့ ခေါ်ပါတယ်၊ မဟာသမယဆိုတာ မြတ်သော အခါတော် ( သို့ ) မြတ်သောအစည်းအဝေး၊ မြင်မြတ်သူတို့၏ ကြီးကျယ်သော အစည်းအဝေးလို့ အဓိပ္ပါယ်ရပါတယ်၊ အဲဒီအစည်းအဝေးကို သက္ကတိုင်း နှင့် ကောလိယတိုင်း နှစ်တိုင်းတို့၏ အကြား ရောဟိနီမြစ်၏ အနောက်ဘက် သက္ကတိုင်းနယ်ထဲက ဟိမ၀န္တာ တောင်ခြေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မြတ်စွာဘုရား ၀ါတော် ( ၁၅ ) ၀ါ အရ သက္ကတိုင်း ကပိလ၀တ္ထုမြို့ နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးဆဲကာလ မိုးဦးကျ နယုန်လဆန်းလောက်မှာ သကျလူမျိုးများနှင့် ကောလိယလူမျိုးတို့ ရောဟိနီမြစ်ရေကို အဝေမတည့်ကြ ရေလုကြရာမှ စတင်၍ နှစ်ပြည်တောင် စစ်ဖြစ်လုနီးသော ငြင်းခုံပွဲကြီး ပဋိပက္ခမှုကြီး ဖြစ်ခဲ့ပါတယ်၊ ထိုနှစ်က မိုးခေါင်တဲ့အတွက် ရောဟိနီဖြစ်မှာ ရေအလွန်နည်းပါးတယ်၊ ကမ်းနှစ်ဘက်က သကျ ကောလိယ လယ်သမားတို့ဟာ လယ်များစိုက်ပျိုးဖို့ မြစ်ရေကို ဝေခွဲကြရာ အဝေမတည့်ကြသည့်အတွက် အချင်းချင်း အပြန်အလှန် ဆဲရေးကြကာ စစ်ပွဲကြီးဖြစ်လုနီး စစ်ပြင်ဆင်ကြပါတယ်။
သကျလူမျိုးများက ကောလိယလူမျိုးများကို သစ်ခေါင်းထဲမှာ နေကြတဲ့ အနူမျိုးတွေလို့ အမျိုးကိုကိုင်၍ ဆဲရေးကြပါတယ်၊ ကောလိယလူမျိုးတွေကလည်း သကျလူမျိုးတွေကို အမျိုးမပျက်စေဖို့ဆိုပြီး မောင်နှမ အရင်း အချင်းချင်း အိမ်ထောင်ပြုတဲ့ တိရိစ္ဆာန်လို လူတွေပဲဟု အမျိုးမျိုးထိခိုက် ဆဲရေးကြပါတယ်၊ လူမျိုး ထိခိုက်ဆဲရေးကြတော့ မြစ်ကမ်းနားက လယ်သမားများကစတဲ့ ငြင်းခုန်ပွဲ ရန်ပွဲဟာ ကျေးရွာ၊ ကျေးရွာအုပ်စု၊ မြို့၊ ခရိုင်၊ ပြည်နယ်၊ ဘုရင့်နန်းတော်အထိ အဆင့်ဆင့် ကျယ်ပြန့်သည့် ရန်ပွဲကြီး ဖြစ်ခဲ့ရပါတယ်၊ မင်းနန်းတော်ကို သတင်းရောက်တော့ မင်းနှင့် မူးမတ် သေနာပတိ ပါဝင်တဲ့ စစ်တပ်ကြီး ပြင်ဆင်ပြီး မြစ်ကမ်းနှစ်ဖက်မှာ နှစ်ပြည်ထောင်မင်းတို့ စစ်ပြင်ဆင်ကြပါတယ်၊ ဟိမ၀န္တာမှ စီးဆင်းလာသဖြင့် ကြည်လင်အေးမြသော ရောဟိနီမြစ်သည် စိတ်ထိခိုက် တုန်လှုပ်ဖွယ်ကောင်းသည့် လောဟိတနဒီ သွေးမြစ် ဖြစ်လုလု အနေအထားမှာ ရှိနေပါတယ်။
အဲဒီအခါ မြတ်စွာဘုရား ကြွလာပါတယ်၊ ရောဟိနီးမြစ်ရဲ့အထက်ကောင်ကင်ကနေ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျှက် မေးပါတယ်၊ ဆွေမျိုးအပေါင်းတို့ ဒီစစ်ပွဲဟာ ဘာအကြောင်းပြု ဖြစ်ရတာလဲ၊ မြစ်ရေကို အကြောင်းပြု ဖြစ်တဲ့ စစ်ပွဲပါဘုရားလို့ နှစ်ဘက်လူတို့ ဖြေကြပါတယ်၊ ရေသည် မည်မျှ တန်ဘိုးရှိပါသလဲ ဟု မေးပြန်ရာ တန်ဘိုးနည်းကြောင်း ဖြေကြားပါတယ်၊ သင်တို့စစ်ဖြစ်ကြလျှင် လူတွေများစွာ သေကြ သွေးမြေကျ ဖြစ်ကြမယ်၊ လူ့အသက်နှင့်လူ့သွေး မည်မျှ တန်ဘိုးရှိပါသနည်းဟု မေးမြန်းတော်မူရာ လူ့အသက်နှင့် လူ့သွေးတို့ဟာ တန်ဘိုးမဖြတ်နိုင်အောင် အဘိုးတန်ကြောင်း ပါဘုရားဟု လျှောက်ထားကြပါတယ်။
မြတ်စွာဘုရားက သင်တို့တတွေဟာ အချင်းချင်း ဆွေမျိုးတွေချည်းပဲ၊ သွေးသားဆက်စပ်တဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်ကြတယ်၊ ဆွေမျိုးအချင်းချင်း စစ်ခင်းကြတာ မသင့်တော်ဘူး၊ တန်ဘိုးမရှိတဲ့ရေကို အကြောင်းပြု၍ တန်ဘိုးကြီးမားလှသော လူ့အသက်သွေးတို့ မြေကျပျက်စီးတာလဲ မတော်ဘူးလို့ မြတ်စွာဘုရားက မိန့်ကြားတော်မူပြီး ရန်ဖြစ်နေကြသော သကျနှင့် ကောလိယ ဆွေမျိုးတော်စပ်ပုံ အတိတ်ဖြစ်ရပ်ကို ပြန်လည်၍ မိန့်ကြားတော်မူပါတယ်။
ခမည်းတော် သုဒ္ဓေါဒနမင်းတရားမှစ၍ နောက်ပြန်၍ ရေသော် ရှစ်သောင်း နှစ်ထောင် ငါးရာကျော် တုန်းက ရောဟိနီမြစ် အထက်နားလောက် ဟိမ၀န္တာ တောင်ခြေမှာ သြက္ကာကမင်းရယ်လို့ ရှိခဲ့ဖူးတယ်၊ သြက္ကာကမင်းကြီး၏ သားသမီး ( ၁၅ ) ယောက်တို့သည် ကျွန်းတောကြီးကို ရှင်း၍ ကပိလရသေ့ ပေးသော နေရာမှာ မြို့သစ်၊ နန်းသစ် တည်၍ နေခဲ့ကြတယ်၊ ကျွန်းတောထဲမှာ ပြည်သစ်၊ နန်းသစ် တည်၍ နေကြတဲ့ လူမျိုးကို သာကိယ လူမျိုးလို့ ခေါ်တယ်၊ စွမ်းရည်သတ္တိရှိတဲ့ လူမျိုးဖြစ်လို့ သက္ကလူမျိုးလို့လဲ ခေါ်တယ်၊ ကပိလရသေ့၏ ကျောင်းနေရာမှာ တည်သောမြို့ ဖြစ်ခြင်းကြောင့် ကပိလ၀တ်မြို့လို့လဲ ခေါ်တယ်၊ မိဘရပ်ထံ နေရင်းဌာနေမှ ထွက်ခွါ၍ တစ်ရပ်တစ်ရွာ တနယ်တကြေးမှာ နေကြတဲ့ သကျသာကိယတို့သည် အခြားလူမျိုးများနှင့် ရောယှက်မခံလိုကြသည့်အတွက် အမျိုးပျက်မှာ စိုးရိမ်ကြသောကြောင့် မောင်နှစ်မချင်း အိမ်ထောင်ပြုကြတယ်။
နိုင်ငံတော်ကို အစစွာ တည်ထောင်ကြတဲ့ မောင်နှစ်မ ( ၁၅ ) ယောက်တို့တွင် မင်းသမီ်း မင်းသား ( ၁၄ ) ယောက်တို့ အချင်းချင်းလှည့်၍ အိမ်ထောင်ပြုပြီး အကြီးဆုံးသော မင်းသမီးကြီးကို အစ်မကြီးဖြစ်၍ အမိအရာမှာ ထားခဲ့တယ်၊ အဲဒီ အကြီးဆုံးသော သာကီဝင် မင်းသမီးကြီးမှာ နူနာရောဂါ စွဲကပ်ခဲ့သည့်အတွက် တောသို့ အပို့ခံခဲ့ရပါတယ်။
အခြားတစ်ဘက်မှ ရာမမင်းကြီးကလည်း နူနာစွဲသဖြင့် တောသို့ ၀င်ခဲ့ပါတယ်၊ ရာမနိုင်ငံတော်က ရာမမင်းကြီးသည် ကလောပင် သစ်ခေါင်း၌ နေ၍ ကလောသီး ကလောဆန်များစားပြီး နူနာများ ပျောက်ခဲ့ပါတယ်။
အားကိုးရာမဲ့နေတဲ့ သာကီဝင်မင်းသမီးကြီးကို နူနာပျောက်နေတဲ့ ရာမမင်းကြီးက တွေ့ရတဲ့အခါ သူစားတဲ့ဆေးနှင့် အစားများ ကျွေးပြီး စောင့်ရှောက်ခဲ့ရာ မင်းသမီးကြီးလည်း နူနာပျောက်ခဲ့ရပါတယ်၊ ရာမမင်းနှင့် သာကီဝင်မင်းသမီးကြီးတို့ မေတ္တာမျှ၍ ကလောပင်ခေါင်းမှာ နေကြရာ သားပေါင်း (၃၂) ယောက်ထွန်းကားခဲ့ပါတယ်၊ ကလောပင်တောက မင်းသာပေါင်း (၃၂) ယောက်နှင့် ကျွန်းတောက မင်းသမီး ( ၃၂) ယောက်တို့ ထိမ်းမြန်းကြတဲ့အခါ ကလောပင်တောထဲမှာ ကောလိယလူမျိုးရယ်လို့ ဖြစ်ထွန်းလာခဲ့ကြပါတယ်။
ဒါ့ကြောင့် ရောဟိနီမြစ်ကို အကြောင်းပြု၍ စစ်ဖြစ်လုနီး အပြန်အလှန် ဆဲရေးနေကြသူတွေဟာ သွေးတူ၊ မျိုးတူ၊ ဆွေရင်းမျိုးရင်း၊ ညီအစ်ကို မောင်နှစ်မရင်းတွေ ဖြစ်ကြတယ်။ ဒါ့ကြောင့် ဒီရန်ပွဲဟာ အဘိုးမတန်သည့် အရာဝတ္ထုကို အကြောင်းပြုပြီး တန်ဘိုးမဖြတ်နိုင်သော လူတို့၏အသက်သွေးများ မြေကျဆုံးရှုံးရမည့် ဆွေမျိုးအချင်းချင်း ဖြစ်တဲ့စစ်ပွဲ ၊ မသင့်တော်တဲ့ စစ်ပွဲ၊ မဖြစ်ထိုက်တဲ့ စစ်ပွဲလို့ မြတ်စွာဘုရားက ဆုံးမတော်မူပါတယ်။
ရန်စိတ်၊ ရန်သူစိတ် ပေါက်နေကြတဲ့ ကမ်းနှစ်ဘက်က နှစ်ပြည်ထောင် မင်းတို့ဟာ ဆွေစိတ် မျိုးစိတ်များ ပေါ်ပေါက်လာကြပြီး ကိုင်စွဲထားကြတဲ့ လက်နက်များကို ရောဟိနီမြစ်ထဲမှာ ပစ်ချမြှောလိုက်ကြပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ ဤသည့်နယုန်လ၏ ရှေ့ပိုင်းရက်များမှာ အထက်ပြောခဲ့တဲ့ ရန်ပွဲဖြစ်တဲ့နေရာ ရောဟိနီမြစ်ပေါ်မှာ-
- ကြပ်ကြပ်စိပ်စိပ် ပေါက်နေသော သစ်တောကို လေပြင်း
မုန်တိုင်းတို့ မတိုက်မလှဲနိုင်သလို မလိုမုန်းထားသူတို့
မဖြိုခွဲနိုင်အောင် ကိုယ်စိတ်နှစ်ရပ် ညီညွတ်စွာ နေသင့်ကြောင်း
ကောင်းစွာဆုံးမသည့် ရုက္ခဓမ္မဇာတ်တော်။
- အချင်းချင်း ငြင်းခုန် ကွဲပြားကြတဲ့ ငုံးများဟာ မုဆိုးများ
သတ်စားခံရကြောင်း ၊ ငြင်းခုန်ခြင်းသည် အကျိုးမရှိ ၊
မိမိတို့ငြင်းခုန်ခြင်းသည် သူတစ်ပါးတို့ စားပေါက်ဖြစ်ကြောင်း
ကောင်းစွာ ဆုံးမသည့် ၀ဋ္ဋကဇာတ်တော်။
- အားငယ်သူကို မထီမဲ့မြင် မပြုသင့်ကြောင်း
ခွန်းအားနည်းသူကိုအထင်သေးမိက သူ၏ထက်မြက်သော
ကိုယ်ပိုင်ဉာက်ကိုအသုံးချနိုင်သောအခါ မထီမဲ့မြင်ပြုမိသော အင်းအားကြီးသူတို့
ပျက်စီးရကြောင်း ကောင်းစွာဆုံးမသည့် လဋုကိကဇာတ်တော်။
- မြစ်ကမ်းနှစ်ဘက်မှ လယ်သမားတို့ ငြင်းခုံမှု ဆဲရေးမှုတို့ကို
မစိစစ်ဘဲ စစ်ပြင်မိကြသည်မှာ အမှိုက်ကစ၍ ပြသာဒ်မီးလောင်
ဆိုတာလို လယ်သမားရန်ပွဲဟာ နှစ်ပြည်ထောင်စစ်ပွဲ မဖြစ်သင့်ကြောင်း
ကောင်းစွာ ဆုံးမသည့် ပထ၀ီဥန္ဒြိယဇာတ်တော်။
- အရာမဟုတ်သည်၌ အမျက်မထွက်သင့်ကြောင်း သေးငယ်သော
အကြောင်းမဟုတ်သော အဖြစ်ကို ရိုးမယ်ဖွဲ့ အရာမဟုတ်သည်၌
ရန်ငြိုးဖွဲ့ခြင်းသည် နှစ်ဦးစလုံး ပျက်စီးမှုဖြစ်ကြောင်း သူ့အမျိုး လက်ညှိုး
ထိုး၍ ဆဲရေးခြင်းသည် ကိုယ့်အမျိုးကိုပင် ဆဲရေးခြင်း ဖြစ်နေတတ်ကြောင်း
ဒေါင်းကသလို မဖြစ်သင့်ကြောင်း ၊ ကြို့ပင်အောက်အိပ်နေသော ၀က်ဝံနှင့်
ကြို့ပင်စောင့်နတ်တို့ ရန်ဖြစ်ကြရာ ၀က်ဝံရော ကြို့ပင်ပါ ဖျက်ဆီးခံရပြီး
သစ်ခုတ်သမားက ၀က်ဝံသားရေခွါ ၀က်ဝံသားစား ကြို့ပင်ကိုလှဲ ကြို့သားကို
လှည်းလုပ်၍ စီးသွားပုံဖြင့် အချင်းချင်း ရန်ဖြစ်ခြင်းသည် သူတစ်ပါး၏ အကျိုး
စီးပွားဖြစ်ဖို့သာတည်း ဟု ဆုံးမသော ဖန္ဒနဇာတ်တော်။
- ညီညွတ်ရေးနည်းလမ်းပြ မိမိကိုယ်ကို ဆုံးမကြဖို့ လမ်းညွှန်တရား
ဖြစ်သည့် အတ္တဒဏ္ဍသုတ်တော်……
အဲဒီလို သုတ္တန်တစ်ခုနှင့် ဇာတ်တော် ငါးခု တို့ကို မိမိ၏ ဆွေမျိုးများအား ကောင်းကင်ကနေ ဟောကြာတော်မူခဲ့ပါတယ်။
ဤသို့လျှင် မပြောပလောက်သည့် အမှုကလေးကို အကြောင်းပြု၍ ဖြစ်သော သကျနှင့် ကောလိယ ဆွေတော်မျိုးတော်များ၏ ရန်ပွဲသည် ရောဟိနီမြစ်ပေါ်မှာ ငြိမ်းချမ်းခဲ့ပါပြီ။ ရန်ငြိမ်းသည့် အထိမ်းအမှတ်အဖြစ် တစ်ဘက် (၂၅၀)စီသော စစ်သည်တော် မင်းသားများ ရဟန်းပြုကြပါတယ်။ သကျနှင့် ကောလိယ ရဟန်းတော် (၅၀၀)တို့ကို မြတ်စွာဘုရားက ကပိလ၀တ်မြို့အနီး ဟိမ၀န္တာတောင်ခြေ မဟာဝနခေါ် ထူနက်သည့် တောကြီးမှာ ထား၍ ကမ္မဋ္ဌာန်းပေးပါတယ်။
ရဟန်းငါးရာတို့ အိမ်မှာ နေရစ်ခဲ့ကြတဲ့ ဇနီးဟောင်းများက ဖြားယောင်းကြသည့်အတွက် ရဟန်းဘ၀မှာ ငြီးငွေ့ကြပါတယ်။ မြတ်စွာဘုရားက သူတို့ရဲ့စိတ်ကို သိတော်မူသည့်အတွက် ဟိမ၀န္တာ ကုဏာလအိုင်သို့ ဆောင်တော်မူလျှက် ကုဏာလအိုင်၌ ကာမ၏အပြစ်ကို ဖော်ပြသော ကာမကိုငြီးငွေ့ရွံမုန်းစေသော ဒေသနာ မဟာကုဏာလဇာတ်တော်ကြီးကို ဟောတော်မူပါတယ်။ ဤဇာတ်တော်ကြီးအဆုံးမှာ ရဟန်း (၅၀၀)တို့ တန်ခိုးနှင့်တကွ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ကြပါတယ်။ သောတာပန်မင်းသား သကျသာကိယ ရဟန်း(၅၀၀)ကို မြတ်စွာဘုရားက မဟာဝုန်တောအုပ်ကြီးသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ နယုန်လဆန်း (၁၄)ရက်နေ့လောက်ဖြစ်ပါတယ်။ ကပိလ၀တ်မြို့အနီး မဟာဝုန်တောကြီးမှာ ရဟန်း(၅၀၀)တို့အား ကမ္မဋ္ဌာန်းပေးပါတယ်။
နယုန်လပြည့်နေ့မှာ ရဟန်း(၅၀၀)တို့ ကြီးစဉ်ငယ်လိုက် တစ်ပါးစီ တစ်ချိန်စီ ရဟန္တာဖြစ်ကြရာ ရှေ့နောက်စဉ်ဆက် ရဟန္တာဖြစ်ကြရတဲ့ ရဟန္တာ(၅၀၀)တို့သည် ကြီးစဉ်ငယ်လိုက် တန်းစီ၍ ဘုရားထံသို့ သတင်းပို့ရန် လျှောက်ထားရန်သွားကြရာ စကြ၀ဠာ တစ်သောင်းမှ မရေမတွက်နိုင်သော နတ်ဗြဟ္မာ အပေါင်းသည်လည်း စုဝေးရေက်ရှိလာကြပါတယ်။ အချို့သုဒ္ဓါဝါသဘုံက အနာဂါမ် ရဟန္တာ ဗြဟ္မာကြီးများ သမာပတ်ဝင်းစားနေရာက ထ၍ သူတို့နေရာကြည့်လိုက်ရာ တိတ်ဆိတ်နေသည်ကိုမြင်ရ ဗြဟ္မာတစ်ယောက်မျှ မရှိသည်အထိပါပဲ။ မဟာဝုန် မဟာသမယသို့သွားကြတာ အကုန်လုံးပါပဲ။
မဟာဝုန်အစည်းဝေးကြီးသို့ တတ်ရောက်နေကြပြီဟု သိရတဲ့အခါ သူတို့ နောက်ကြနေသည့်အတွက် အစည်းအဝေးအမှီ အပြေးလာကြ အမြန်လာကြရာ နေစရာမရှိလို့ စကြ၀ဠာတံတိုင်းအစွန်းနားမှာ ကပ်၍နေကြရပါတယ်။ နေရာအခက်အခဲ ဖြစ်ကြရပါတယ်။ အပ်ဖျားတစ်ထောက်စာလောက် နေရာမှာပင် နတ်ဗြဟ္မာများ (၁၀, ၂၀, ၃၀, ၄၀, ၅၀, ၆၀, ၈၀,)သေးငယ်သောကိုယ်ကို ဖန်ဆင်း၍ စုဝေးကြပါတယ်။ စကြ၀ဠာတံတိုင်းအထိ အပြည့်အကြပ်ပါပဲ။
ရဟန္တာတွေချည်း ငါးရာနှင့် ကျည်တောက်မှာ ဆံမှုန့်များ သိပ်ထားသလို များပြား ပြည့်ကြပ်နေသော နတ်ဗြဟ္မာတို့၏ အစည်းအဝေးကြီးဟာ လွန်ခဲ့သော နှစ်ပေါင်း (၂၅၇၀) ၏ နယုန်လပြည့်နေ့တုန်းက သက္ကတိုင်း ကပိလ၀တ်၏ မြောက်ဘက် ဟိမ၀န္တာ၏ တောင်ခြေ မဟာဝန မဟာဝုန်တောကြီးမှာ အကြီးအကျယ် ကျင်းပခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကြီးကို မဟာသမယ ခေါ်တာပါပဲ။ မရေမတွက်နိုင်သော နတ်ဗြဟ္မာတွေထဲမှာ တချို့နတ်များက စဉ်းစားကြတယ်၊ ဒီလောက်များတဲ့နတ်တွေကို ဘုရား အကုန်သိမှာမဟုတ်ပါဘူးတဲ့ ။ ဒီနတ်တွေရဲ့ သူတို့လာတာကို ဘုရားသိစေချင်တဲ့ စိတ်ကို ဘုရားက သိတော်မူသဖြင့် သူတို့ကျေနပ်ဝမ်းသာရအောင် နတ်ဗြဟ္မာများ၏ အုပ်စုလိုက် အမည်စာရင်းကို မြတ်စွာဘုရားက ကြေညာတော်မူပေးရပါတယ်။ အဲဒီနတ်ဗြဟ္မာများရဲ့ အမည်စာရင်း ကြေညာချက်ကို စုပေါင်းလိုက်တော့ သံဃာယနာ မှတ်တမ်းမှာ မဟာသမယသုတ်လို့ ဖြစ်လာတယ်။
ဤ နယုန်လပြည့် မဟာဝုန်တောမှာ စည်းဝေးတဲ့မဟာသမယ အစည်းအဝေးကြီးမှာ လာရောက် စုဝေးကြတဲ့ နတ်ဗြဟ္မာများကို မြတ်စွာဘုရားက-
၁။ ရာဂထူသောအုပ်စု
၂။ ဒေါသအားကြီးသောအုပ်စု
၃။ မောဟလွန်ကဲသောအုပ်စု
၎။ သဒ္ဓါအားကောင်းသောအုပ်စု
၅။ ၀ိတတ်အားကြီးသောအုပ်စု
၆။ ပညာအားကြီးသောအုပ်စု
ဟူ၍ (၆)အုပ်စု ခွဲလိုက်ပါတယ်။ (၆)အုပ်စုအားလျှော်သော တရားဒေသနာ (၆)ပုဒ်ကို အမေး အဖြေလုပ်၍ ဟောတော်မူပါတယ်။ မြတ်စွာဘုရားက မေးရာ၌ ဖြေဆိုနိုင်သူမရှိသည့်အတွက် ဗုဒ္ဓကိုယ်စား နိမ္မိတတစ်ဆူ ဖန်ဆင်းတော်မူပါတယ်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင်က မေး၍ ဖန်ဆင်းထားသော နိမ္မိတရုပ်ပုံတော်က ဖြေဆိုတော်မူပါတယ်။
ဒီကနေ့ခေတ်မှာ လူသားက မေးတာကို ကွန်ပျူတာ စက်ရုပ်က ဖြေတာမျိုး မဟုတ်ပါဘူး။ ဖန်ဆင်းရုပ်နှင့် တကယ့်ဘုရား ခွဲခြားမရအောင် တစ်ထပ်တည်း တစ်ပုံတည်း ဖြစ်နေပါတယ်။ ဘုရားနှစ်ဆူ ပွင့်တော်မူသည် သို့မဟုတ် တစ်ခြား စကြ၀ဠာက အခြားဘုရားတစ်ဆူ ကြွတော်မူလာသည်ဟု ထင်ကြရပါသည်။
မဟာသမယ၏ ထူးခြားမွန်မြတ်ပုံပါပဲ။ သက်ရှိဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ်နှင့် နိမ္မိတဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ်တို့သည် အချင်းချင်းရောယှက်ကာ စကြ၀ဠာစွန်းနားသို့တိုင်အောင် ဘေးသို့ပြေးသွားကာ အရပ်ရှစ်မျက်နှာကို လွှမ်းမိုးတော်မူခဲ့ကြပါတယ်။ အထက်အကနိဋ္ဌဘုံတိုင်အောင် လွှမ်းမိုး တတ်ခဲ့ပါတယ်။ သက်ရှိဗုဒ္ဓနှင့် နိမ္မိတဗုဒ္ဓတို့သည် မျက်နှာခြင်းဆိုင် နေထိုင်တော်မူကြကာ အမေးအဖြေပြုလုပ်၍ သက်ရှိဗုဒ္ဓက မေးသမျှကို နိမ္မိတဗုဒ္ဓက ဖြေကြားကာ တရားဒေသနာ (၆)ပုဒ် သုတ္တန် (၆)ခုတို့ကို ဟောကြားတော်မူခဲ့ပါတယ်။
၁။ ရာဂစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် သမ္မာပရိဗ္ဗာဇနိယသုတ်။
၂။ ဒေါသစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် ကလဟ၀ိဝါဒသုတ်။
၃။ မောဟစရိုက်ရှိသောနတ်ဗြဟ္မာတို့အတွက် မဟာဗျူဟာသုတ်။
၎။ ၀ိတတ်စရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် စူဠဗျူဟာသုတ်။
၅။ သဒ္ဓါစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် တုဝဋ္ဋသုတ်။
၆။ ပညာစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် ပုရာဘေဒသုတ်။
ဟူ၍ သုတ်ပေါင်း (၆)သုတ်တို့ကို တစ်နေ့တည်း ဟောတော်မူခဲ့ပါတယ်။
ကုဋေပေါင်းများစွာသော နတ်ဗြဟ္မာတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တန်းဝင်ကာ အရိယာ ဖြစ်ကြပါတယ်။
နတ်တို့ရဲ့အမည်စာရင်းကို ဖော်ပြသော မဟာသမယသုတ်နှင့်တကွ စရိုက် (၆) ပါး အသီးသီးရှိ နတ်များအား ဟောသော မဟာသမယ (၆) သုတ်တို့ကို နတ်များက အလွန်ကြည်ညိုကြပါတယ်။ မြို့သစ်၊ အိမ်သစ်၊ စသည် အသစ်တည်သော သုမင်္ဂလာမှုများ၌ မဟာသမယ (၇) သုတ်တို့ကို ရွတ်ဆိုခြင်းဖြင့် ၎င်းတို့၏ အကူအညီ အစောင့်အရှောက်ကို ရယူနိုင်ကြပါသည်။
သကျတို့သည် မြတ်စွာဘုရား၏ ဘခင်မျိုးများ ဖြစ်ကြပါသည်။ ကောလိယတို့သည် မြတ်ဘုရား၏ မိခင်မျိုးများ ဖြစ်ကြပါသည်။ မိမျိုး ဘမျိုးတို့၏ ငြင်းခုံခိုက်ရန်ပွဲကို ဆွေမျိုးစပ်၍ ငြိမ်းချမ်းစေတော်မူခဲ့ပါတယ်။ ငြိမ်းချမ်းမှု၏ အကျိုးသက်ရောက်မှုကား ကြီးကျယ် များမြတ်လှပါပေ၏။ မဟာသမယ၊ မဟာသန္နိပါတ၊ မဟာဓမ္မဒေသနာ၊ မဟာဓမ္မာဘိသမယ၊ မဟာအတ္ထာဓိဂမ တို့သည် ရောဟိနီ ငြိမ်းချမ်းရေးတရား၏ အကျိုးကျေးဇူးများပင် ဖြစ်ပါသတည်း။

- သုသုခံ ၀တ ဇီဝါမ၊
ဝေရိနေသု အဝေဒိနော၊
ဝေရိနေသု မနုေဿသု၊
ဝိဟရာမ အဝေရိနော။
ဝေရိနေသု- ရန်ပြု၍ နေကြသော ၊ မနုေဿသု - လူတို့၏ အလယ်၌ ၊ အဝေရိနော - ရန်မပြုကြသော ၊ မယံ - ငါတို့သည် ၊ သုသုခံ - အလွန့်အလွန် ချမ်းသာစွာ ၊ ဇီဝါမ ၀တ - အသက်ရှင်ကြရပေကုန်စွတကား။
တသ္မာ - ထို့ကြောင့် ၊ ဝေရိနေသု - ရန်ပြု၍ နေကြသော ၊ မနုေဿသု - လူတို့၏အလယ်၌ ၊ မယံ - ငါတို့တစ်တွေသည် ၊ အဝေရိနော - မည်သူ့ကိုမျှ ရန်မပြုကြပါပဲ ၊ ၀ိဟရာမ - နေလိုက်ကြပါကုန်စို့တကား။
- နဟိ ဝေရေန ဝေရာနိ ၊
သမ္မန္တိဓ ကုဒါစနံ ၊
အဝေရေန စ သမ္မန္တိ ၊
ဧသ ဓမ္မော သနန္တနော ။
ဝေရာနိ - ရန်တို့သည် ၊ ဝေရေန - ရန်တုန့်မူသဖြင့် ၊ ကုဒါစနံ - မည်သည့်အခါမျှ ၊ နသမ္မန္တိ - မငြိမ်းနိုင်လေကြကုန် ။
ဝေရာနိ - ရန်တို့သည် ၊ အဝေရေန - မေတ္တာဖြင့် တုန့်ပြန်မှသာလျှင် ၊သမ္မန္တိ - ငြိမ်းကြလေကုန်၏ ။
ဧသဓမ္မော - ဤသဘောသည် ၊ သနန္တနော - ကမ္ဘာဦးလူတို့ ကျင့်သုံးကြတဲ့ သနန္တနဓမ္မ ကမ္ဘာ့ ရှေးဟောင်းတရား ဖြစ်ပါပေသတည်း ။

သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ ။
သတ္တလောကတစ်ခုလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေ ။


အဓိပတိ ဆရာတော်

သီတဂူဗုဒ္ဓတက္ကသိုလ်
၁၃၅၈ - ခု၊ မဟာသမယနေ့

ဗုဒ္ဓဖြစ်စဉ် သာသနာဝင် အကျဉ်းချုပ်

ဘ၀တု သဗ္ဗမင်္ဂလံ- ယခုရှုရ ဖူးရမယ့်အစီအစဉ်ကတော့ မြတ်စွာဘုရားဖြစ်စဉ် ဗုဒ္ဓ၀င်နှင့် သာသနာ့ဖြစ်စဉ် သာသနာဝင်တို့ပဲ ဖြစ်ပါတယ်။ ဘုရားဖြစ်စဉ်ကို ဟိမ၀န္တာမှ စရမှဖြစ်ပါတယ်။ ဆီနှင်းတွေ တွဲခိုနေရာ ဟိမာလယလို့ဆိုတဲ့ ဟိမ၀န္တာတောင်တန်းကြီးရဲ့တောင်ခြေမှာ စိမ်းစိုညိုမှောင်နေတဲ့ ကျွန်းတောကြီးများ ရှေးတုန်းက ရှိခဲ့ဖူးပါတယ်။ အဲဒီ ကျွန်းတောကြီးထဲမှာ ကပ္ပိလဆိုတဲ့ ဘုရားအလောင်း ရှင်ရသေ့ဟာ တရားနှလုံး ကျင့်သုံးလို့ နေခဲ့ဖူးပါတယ်။
သက္ကနိုင်ငံတော် ကပ္ပိလ၀တ်မြို့တော်ရဲ့အနီး လုမ္ဗိနီဥယျာဉ်ဒေသမှာ မြန်မာတို့ တည်ထားကိုးကွယ်တဲ့ လောကမဏိစူဠာ စေတီတော်နဲ့ သိမ်, ကျောင်း, ဘုရား, တန်ဆောင်းများကို ကြည်နူးစွာ ယခုအတိုင်း ဖူးမြင်ရခြင်းဖြစ်ပါတယ်။ ဘုရားအလောင်း မင်းသိဒ္ဓတ်ကို သက္ကနိုင်ငံတော်ရဲ့မြို့တော် ကပိလ၀တ္ထုဆိုတဲ့ ရွှေမြို့တော်မှာ မယ်တော်မာယာဝမ်း ရွှေကြာတိုက်ခန်းမှာ ပဋိသန္ဓေယူခဲ့ပြီး ဤ လမ္ဗိနီဥယျာဉ်ဒေသမှာ မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော် မူခဲ့ပါတယ်။
သြက္ကာကမင်းကြီးရဲ့ သားတော်သမီးတော်များ မြို့သစ်တည် နန်းသစ်ဆောက်ဖို့ နေရာရှာကြတဲ့အခါမှာ ဘုရားအလောင်းတော် ကပ္ပိလရှင်ရသေ့က သူ့ကျောင်းနေရာကို ဖယ်ပေးပြီးတော့ မြေနေရာပေး ရွှေနန်းတော်ကြီးနဲ့ ရွှေမြို့တော်ကြီးကို တည်ဆောက်စေခဲ့ပါတယ်။ ကပ္ပိလရသေ့ပေးတဲ့ ကျောင်းနေရာမှာ တည်ဆောက်တဲ့ နေရာဖြစ်ခြင်းကြောင့် ‘ကပ္ပိလ၀တ္ထု’ လို့ခေါ်ပါတယ်။ ကပ္ပိလ၀တ္ထုလို့ခေါ်တဲ့ ရွှေမြို့တော်အနီး ပတ်ဝန်းကျင်မှာ ကျွန်းတောကြီးတွေ ၀ိုင်းဝိုင်းလည်နေခဲ့ပါတယ်။ ထိုကျွန်းတော်ကိုရှင်းလင်း တည်ထောင် ဖန်ဆင်းတဲ့ မင်းသား မင်းသမီးတွေရဲ့ ထိုနိုင်ငံတော်ကြီးဟာ ‘သက္ကနိုင်ငံတော်ဖြစ်ပါတယ်။ လူစွမ်းကောင်းတို့ နိုင်ငံလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်းတောထဲမှာ ရှင်းပြီးတော့ နေကြသည် ဖြစ်သောကြောင့် ထိုလူမျိုးတို့ကို သာကိယ လူမျိုးလို့ ခေါ်ခဲ့ပါတယ်။ ကပ္ပိလ၀တ္ထု၏ အရှေ့ဘက်မှာ ရာမမင်းဆက်နှင့် သာကိယမင်းဆက်တို့ ရေယှက်ရာမှ ဖြစ်ပွားလာတဲ့ လူမျိုးတစ်မျိုးဟာ ကောလိယလူမျိုးဖြစ်ပါတယ်။ ကလောပင်တောကြီးကို ရှင်းလင်း၍ မင်းသား မင်းသမီးများရေကစားရာ ရေကူးကန်ကြီး ၀ိုင်းကာ တည်ထောင်ဖန်ဆင်ခဲ့တဲ့အတွက် ကောလိယတို့၏ နယ်ခြားမျဉ်းစောင်းကတော့ ရောဟိနီမြစ်ပါပဲ။
သက္ကတိုင်း ကပ္ပိလ၀တ်မြို့သား သုဒ္ဓေါဒန မင်းတရားနှင့် ကောလိယတိုင်း၊ ဒေ၀ဒဟမြို့သူ မာယာဒေ၀ီတို့မှ ပေါက်ဖွားလာခဲ့တဲ့ ယောင်္ကျားမြတ်တစ်ဆူကတော့ သိဒ္ဓတ္ထမင်းသားပဲ ဖြစ်ပါတယ်။
ဒီကနေ့ လုမ္ဗိနီဒေသရဲ့ အနောက်မြောက်မိုင် (၃၀) ခန့် သွားရောက်လို့ ကြည့်မယ်ဆိုရင် ကပိလ၀တ် ရွှေမြို့တော် ဟောင်းနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ခမည်းတော်ကြီး အရဟတ္တဖိုလ်ပေါက် နိဗ္ဗန်ရောက် ရဟန္တာဖြစ်ပြီး ထီးဖြူးဆောင်းလျှက် မင်းမြှောက်တန်ဆာငါးပါး ၀တ်ဆင်ပြီး ပရိနိဗ္ဗာန်စံခဲ့တဲ့ အတွက်ကြောင့် ကြွင်းကျန်အရိုးဓာတ်များ ဌာပနာတဲ့ သုဒ္ဓေါဒနမင်းတရားရဲ့ စေတီဟောင်းကိုလည်း ဖူးမြင်ရမှာ ဖြစ်ပါတယ်။
သားတော် သိဒ္ဓတ္ထမင်းမြတ်ကို ဖွားမြင်ပြီး မာယာဒေ၀ီဟာ (၇) ရက်အကြာမှာ နတ်ရွာစံခဲ့တော့ မာယာဒေ၀ီရဲ့ ရုပ်ကလာပ်ကိုလည်း ကပ္ပိလ၀တ်မြို့ဟောင်းရဲ့ အရှေ့မြောက် ယွန်းယွန်းမှာ သုဒ္ဓေါဒနမင်းတရားရဲ့ အရိုးဓာတ်စေတီနဲ့ ယှဉ်တွဲပြီးတော့ ဌာပနာထားခဲ့တဲ့ စေတီဟောင်းနှစ်ဆူရဲ့ အုတ်ခံရာများကို ယှဉ်လျှက်ဖူးရတဲ့အခါမှာ တစ်မျိုးပင် လွမ်းစရာဖြစ်ရပါတယ်။ ကပ္ပိလ၀တ်ပျက်ပြီးတဲ့အခါမှာ ကပ္ပိလနဲ့ မနီးမဝေးတစ်နေရာ အိန္ဒိယနယ်စပ်နဲ့ခပ်လှမ်းလှမ်း တစ်နေရာမှာ မောရိယမြို့တော် မောရိယနိုင်ငံတော်တည်ဆောက်ခဲ့ပါသေးတယ်။ အဲဒီ မောရိယမြို့တော် မောရိယနိုင်ငံတော်ရဲ့ နေရာမှာ အသောကမင်းတရား စိုက်ထူထားတဲ့ ကျောက်တိုင်ကြီးဟာ မြေမှာတစ်ဝက်လဲလျှက် တစ်ဝက်နဲ့ ဒေါင်းရုပ်ကလေး အမှတ်အသားပါပြီးတော့ မောရိယမင်းဆိုတဲ့ အထိမ်းအမှတ်ကို ထိုကျောက်တိုင်ကြီးက ဖော်ပြနေတယ်လို့ ခန့်မှန်းရပါတယ်။
သကျလူမျိုးတို့နဲ့ ကောလိယလူမျိုးတို့ ဆွေမျိုးရင်းဖြစ်ကြပေမယ့် ဆွေမျိုးရင်းဖြစ်မှန်း ပြန်မသိနိုင်ကြတဲ့အတွက် နယ်ခြားဖြစ်လျှက် ရှိနေတဲ့ ရောဟိနီဆိုတဲ့ မြစ်ကလေးမှာ မိုးဦးကျအခါကာလ လယ်သမားတွေ ရေလုတဲ့ စစ်ပွဲကြီး ဖြစ်ခဲ့ဖူးတာဟာလည်းပဲ သာသနာတော်ရဲ့ သမိုင်းမှာဖြင့် အထူးပင် မှတ်တမ်းတင်ထားတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
သက္ကတိုင်း ကပ္ပိလ၀တ္ထုမြို့တော်ရဲ့ အရှေ့ဘက်ကို လှမ်းမျှော်ကြည့်လိုက်မယ် ဆိုလို့ရှိရင် ကလောပင်တောကြီးဟာ အကြီးအကျယ် ရှိခဲ့ဖူးပါတယ်။ ထိုကလောတောထဲမှာ စတင်ဖြစ်လာတဲ့လူမျိုးဟာ ကောလိယလူမျိုး၊ မင်းသားတွေ၊ မင်းသမီးတွေ ရေကစားရာ ရေကန်ကြီးကို ၀ိုင်းပြီးတော့ မြို့ကြီးတည်ဆောက်ကြတဲံအခါမှ ထိုမြို့တော်ကို ဒေ၀ဒဟရွှေမြို့တော် မင်းသား၊မင်းသမီးတွေ ရေကစားတဲ့ ရွှေမြို့တော်လို့ ခေါ်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ရဲ့မယ်တော်ကြီး မာယာဒေ၀ီနဲ့ မိထွေးတော် မဟာပဇာပတိ ဂေါတမီတို့ဟာ ကောလိယတိုင်း၊ ဒေ၀ဒဟမြို့တော်သူများ ဖြစ်ကြပါတတယ်။ အခုမြင်ရတဲ့ ပုံတော်များကတော့ သားတော်သိဒ္ဓတ္ထဖွားပြီး (၇)ရက်အကြာ နတ်ရွာစံခဲ့တဲ့ မာယာဒေ၀ီရဲ့ ရုပ်ထုနဲ့ မာယာနတ်ကွန်းဖြစ်ပါတယ်။ ဒေ၀ဒဟမြို့သူတွေ ကောက်ရိတ်သိမ်းနေကြပါပြီ။ ဒီနေ့ မြင်ရတဲ့ ဒေ၀ဒဟမြို့တော်ဟောင်းရဲ့ မြင်ကွင်းပါပဲ။ ဒေ၀ဒဟဆိုတဲ့အတိုင်း မင်းသား၊မင်းသမီးများ ရေကစားရာ ရေကူးကန်မှာ အခုလည်း မင်းသားတွေလား မင်းသမီးတွေလား ရေကစားနေတဲ့ ရှုခင်းတစ်မျိုးဟာ အလွန်ကြည်နူးစရာ ကောင်းပါတယ်။ ရာမရွာမှာနေကြတဲ့ ကောလိယမင်းမျိုးတွေ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံပြီး ရရှိခဲ့တဲ့ ဓာတ်တော်ဝေစုတစ်စုကို ကောလိယမင်းမျိုးတို့ရဲ့အစ ရာမမင်းကြီးနေခဲ့တဲ့ ရာမရွာမှာ အခုမြင်ရတဲ့အတိုင်း ပြိုကျနေတဲ့ ကုန်းမို့မို့လေးဟာဖြင့် ဓာတ်တော်ဌာပနာရာ ဓာတုစေတီဟောင်းကြီးရဲ့ နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာတစ်ဝိုက်ကို (ရမ်ဂါမ်) ရာမရွာလို့ ခေါ်ပါတယ်။
ကောလိယတိုင်း၊ ဒေ၀ဒဟမြို့သူမြို့သားတွေ လယ်ယာများ ရိတ်သိမ်ပြီး ကျွဲ၊ နွားတွေကိုဆွဲပြီးတော့ အိမ်ပြန်ချိန် ညနေခင်း ဆည်းဆာရှုခင်းဟာဖြင့် ဟို ကောလိယမင်းမျိုးတို့ရဲ့အစ ရာမမင်းကြီးကိုပင် လှမ်းပြီးတော့ လွမ်းရမယ့် ရှုခင်းမျိုးဖြစ်ပါတယ်။ အရှေ့လောကဓာတ်က လပြည့်ဝန်ကြီး ၀င်းဝင်းလက်လက် ထွက်လာသလို အစုံစုံပွင့်ကြကုန်တဲ့ အင်ကြင်းပင်ပျိုတို့ရဲ့အကြားမှာ သိဒ္ဓတ္ထမင်းမြတ်ကို ဖွားမြင်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေရာဟာ သိဒ္ဓတ္ထမင်းမြတ် ဖွားရာမြေဟု မှတ်တမ်းတင်ခဲ့တဲ့ အသောကမင်းတရားရဲ့ ကျောက်တိုင်ကြီး မာယာဒေ၀ီ ရေကစားရာ၊ ရေသုံးသပ်ရာ ရေကူးကန် (၇)ရက်အကြာ နတ်ရွာစံခဲ့တဲ့ မာယာဒေ၀ီကို သကျနဲ့ ကောလိယတို့က နတ်ကွန်းဆောက်ပြီးတော့ တည်ထားခဲ့တဲ့ မာယာဒေ၀ီနတ်ကွန်း၊ ဤကျောက်တိုင်ကြီးမှာ အသောကမင်းတရားကြီးက ဘိသိက်သွန်းပြီးတော့ အနှစ်နှစ်ဆယ်ကြာတဲ့အခါမှာ သိဒ္ဓတ္ထ ဖွားရာမြေကို ငါရောက်ခဲ့တယ်။ သိဒ္ဓတ္ထမင်းမြတ်ကို ပူဇော်ခဲ့သည်ကို မှတ်တမ်းတင်ဖို့ရန်ကိုလည်းကောင်း ဤကျောက်စာကို ငါ စိုက်ထူခဲ့သည်ဟု ကျောက်စာများ ရေးထားခဲ့ပါတယ်။
ဤနေရာမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံမီနှင့် စံတော်မူပြီးတဲ့နောက် ခေတ်အဆက်ဆက် ကျောင်းတိုက်များ တည်ဆောက်ခဲ့သဖြင့် ကျောင်းနေရာဟောင်းများကိုလည်း ဖူးမြင်ရမှာ ဖြစ်ပါတယ်။ ဖွားလျှင်ဖွားချင်း မတ်တပ်ရပ်၊ မြောက်ဘက်ကို ခုနှစ်လှမ်းလှမ်း ကြွမြန်းတဲ့နေရာမှာ တည်ထားခဲ့တဲ့ ခြေဖ၀ါးအောက်က ကြာပွင့် ပေါက်တဲ့ နေရာမှာ တည်ထားခဲ့တဲ့ စေတီဟောင်းကလေးများ အထိမ်းအမှတ်ပါ။ ညာလက်ကိုမြှောက် မြောက်ဘက်ကို ခုနှစ်လှမ်းလှမ်းကြွမြန်းပြီးတဲ့ သိဒ္ဓတ္ထမင်းမြတ်သည် ‘အဂ္ဂေါဟသ္မိ လောကဿ’ ဒီကမ္ဘာမှာ ငါ အမြတ်ဆုံးလို့ ကြွေးကြော်ခဲ့ပါတယ်။ မတ်တပ်ရပ် အင်ကြင်းကိုင်းကိုကိုင်လျှက် သိဒ္ဓတ္ထမင်းမြတ်ကို ဖွားမြင်တော်မူခဲ့တဲ့ ပန်းချီကားချပ်ပါ။ နိဂြောဓာရာမ်-နိဂြောဓဥယျာဉ် နိဂြောဓမင်းသားကြီးရဲ့ ဥယျာဉ် မြတ်စွာဘုရားကိုယ်တော်မြတ် နေပြည်တော်ပြန်ရောက်တဲ့ (၁၀၄) ခုနှစ်ရဲ့ ကဆုန်လပြည့်နေ့တုန်းက ဗုဒ္ဓ၀င်ဒေသနာဟောကြား ပေါက္ခရ၀ဿမိုးကြီး ရွာသွန်းဖြိုးခဲ့တဲ့ ဤနေရာ ရာဟုလာသားတော် ရဟန်းဖြစ်ခဲ့တဲ့ ဤနေရာဟာဖြင့် နိဂြောဓရုံဥယျာဉ်နဲ့ ကျောင်းဟောင်း ဘုရားဟောင်းများပဲဖြစ်ပါတယ်။
‘ဧကံ သမယံ ဘဂ၀ါ သက္ကေတု ၀ိဟရတိ ကပ္ပိလ၀တ္ထုသ္မိံ နိဂြောဓာရာမေ’။ လို့ ပါဠိတော်များ ရွတ်ဖတ်လိုက်ရင် ဤနေရာဟောင်းကို ပြန်ပြောင်း၍ သတိတရ ရှိရပါတယ်။ အလောင်းတော် သိဒ္ဓတ္ထမင်းမြတ်ဟာ အသက် (၁၆) နှစ်အရွယ် ရောက်တဲ့အခါမှာ ယသော်ဓယာမင်းသမီးနဲ့ လက်ဆက်ထိမ်းမြားပြီး အသက် (၂၉) နှစ်အရွယ် ရောက်တဲ့အခါမှာ သားတော် ရာဟုလာဖွားမြင်တဲ့ ထိုညမှာပဲ သက္ကတိုင်း၊ ကပ္ပိလ၀တ်ရွှေမြို့တော် အရှေ့တံခါးက ထွက်ပြီးတော့ အနော်မာမြစ်ကို ကျော်ဖြတ်လျှက် အိန္ဒိယပြည် အရှေ့မြောက်ပိုင်း မဂဓတိုင်းနယ်မြေထဲမှာ တည်ရှိနေတဲ့ ဥတုဝေလခေါ်တဲ့ တောအုပ်ကြီးကို ၀င်ပြီးတော့ (၆) နှစ်တို့ကာလပတ်လုံး အိန္ဒိယရှေးဟောင်းယောဂီ ပုရပိုဇ်ရဟန်းတွေကျင့်ကြတဲ့ အလွန်ပင်ပန်း ဆင်းရဲတဲ့ ဒုက္ကရစရိယ အကျင့်မြတ်ကို (၆) နှစ်ကြာ ကာလပတ်လုံး ကျင့်သုံးခဲ့ပါတယ်။ ဒုက္ကရစရိယာအကျင့်မြတ်ကို (၆)နှစ်ကြာ ကျင့်တော်မူပြီး ဒုက္ကရစရိယာ အကျင့်သည် အတ္တကိလမထာနုယောဂအကျင့်၊ ခန္ဓာကိုယ်ကို ပင်ပန်းစေတဲ့ အကျင့်ဖြစ်ကြောင်း ဆင်းရဲရုံမျှသာဖြစ်ပြီး အရိယာသူတော်ကောင်းတွေ မကျင့်ကြကြောင်း မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားကို မဖြစ်စေနိုင်ကြောင်း ကောင်းစွာသိသဖြင့် ထိုဒုက္ကရစရိယာအကျင့်ကို စွန့်လွှတ်ပြီး မဂ္ဂင်ရှစ်ပါးတည်းဟူသော မဇ္ဈိမပဋိပဒါကို ပြောင်းလဲ၍ ကျင့်သုံးခဲ့ပါတယ်။
မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါးအကျင့်တရား ပြောင်းလွဲကျင့်သုံးတော်မူခဲ့တဲ့ သိဒ္ဓတ္ထမင်းမြတ်ဟာ မဟာသက္ကရာဇ် (၁၀၃) ခုနှစ်ရဲ့ ကဆုန်လပြည့်နေ့ လပြည့်ကျော်တစ်ရက်ထဲမ၀င်မီ ဤဗောဓိပင်ခြေ အပရာဇိတခေါ်တဲ့ ပလ္လင်ဗွေမှာ မာန်ငါးပါး အောင်မြင်တော်မူခဲသဖြင့် ဗုဒ္ဓစင်စစ်ဖြစ်တော်မူခဲ့ပါတယ်။ အပရာဇိတပလ္လင်တော်နဲ့ မဟာဗောဓိပင် သီရိဓမ္မာသောကမင်းတရား စိုက်ထူထားခဲ့တဲ့ အသောကမင်းတရားကြီးရဲ့ ကောင်းမှုတစ်ဆူဖြစ်တဲ့ မဟာဗောဓိ စေတီတော်ဘုရားဖြစ်ပြီးတဲ့နောက် (၇) ရက်တို့ ကာလပတ်လုံး အပရာဇိတ ပလ္လင်တော်ပေါ်မှာ တမ္ပလ္လင်ခွေမဖျက် (၇) ရက် စံနေတော်မူခဲ့ကြပါတယ်။ ထို့နောက် ဗောဓိပင်ရဲ့ အရှေ့မြောက် ကုန်းကလေးပေါ်တက်ပြီးတော့ ထိုကုန်းကလေးပေါ်ကနေ ဗောဓိပင်ကို မမှိတ်သော မျက်စိဖြင့် ကြည့်နေခဲ့ပါတယ်။ ထိုနေရာမှာတည်ထားခဲ့တဲ့ စေတီကို ‘အနိမိသစေတီ’ လို့ပါတယ်။ အနိမိသကုန်းတော်နေရာမှ ဆင်းသက်ပြီးတော့ ဗောဓိပင်မြောက်နား စင်္ကြံလျှောက်လျှက် (၇) ရက် သီတင်းသုံးတော်မူနေခဲ့ပါတယ်။ ဒီနေရာကိုတော့ ရတနစင်္ကမသတ္တာဟ- ရတနာစင်္ကြံတော်လို့ ခေါ်ရပါတယ်။ ရတနာစင်္ကမကနေ ရတနာဃရသို့ ပြောင်းရွေ့၍ (၇) ရက်မျှ စံနေတော်မူပြီး အဘိဓမ္မာ (၇) ကျမ်း စီးဖြန်းဆင်ခြင်တော် မူခဲ့ပါတယ်။
အဘိဓမ္မာ (၇) ကျမ်း စီးဖြန်းဆင်ခြင်တော်မူရာ ရတနာဃရမှာ (၇) ရက် နေပြီးတဲ့နောက် ဆိတ်ကျောင်းညောင်ပင်အောက်သို့ ပြောင်းရွေ့၍ (၇) ရက် နေတော်မူခဲ့ပါတယ်။ ဆိတ်ကျောင်းညောင်ပင်အောက်ကနေ မုဉ္စလိန္ဒာအိုင်သို့ ပြောင်းရွေ့၍ (၇) ရက် သီတင်းသုံးတော်မူခဲ့ပါတယ်။ မုဉ္စလိန္ဒာသတ္တာဟကို ကျော်လွန်ပြီးတဲ့အခါ ဗောဓိပင်နား ပြန်လည်ချဉ်းကပ် လင်းလွန်းပင်အောက်မှာ သီတင်းသုံးတော်မူခဲ့ပြန်ပါတယ်။ အဲဒီ သတ္တာဟကိုတော့ ရာဇာရတနသတ္တာဟလို့ ခေါ်ပါတယ်။ ရာဇာရတနသတ္တာဟ လင်းလွန်းပင်မှာ သီတင်းသုံးလို့နေတော်မူတဲ့ (၇) ရက်ပြည့်မြောက်တဲ့အခါမှာ ဘုရားရှင် (၇) ရက်၊ (၇) နေရာ၊ (၇) ရက်၊ (၇) လီ လေးဆယ်ကိုးရက် စေ့တော်မူပြည့်တော်မူသောကြာင့် သိကြားပေးတဲ့ဆေးကို ဘုဉ်းပေးပြီးတော့ ခန္ဓာကိုယ်ကို သန့်ရှင်းစေလျှက် နေရဉ္စာမြစ်မှာရေချိုး တဖုဿ ဘလ္လိက ညီနောင်တို့ လှူဒါန်းတဲ့ ဆွမ်းကို ဘုဉ်းပေးတော်မူခဲ့ပါတယ်။
ထိုနောင် ဆိတ်ကျောင်းညောင်ပင်မှာ (၇) ရက်နေတော်မူလျှက် ဗာရာဏသီဘက်ကို ကြွပြီး ဥရုဝေလာမှာ တရားအတူကျင့်ခဲ့တဲ့ တပည့်ဟောင်းငါးယောက် ပဉ္စ၀ဂ္ဂီတို့အား ၀ါဆိုလပြည့် စနေနေ့မှာ ‘ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇ္ဇိတေန’ စသည်ဖြင့် ဓမ္မစကြာဒေသနာ ဟောတော်မူခဲ့ပါတယ်။ အခု မြင်ရတဲ့ မြင်ကွင်းကတော့ ဂင်္ဂါနဲ့ ဗာရာဏသီ၊ ဗာရာဏသီမြို့လည်ခေါင်ရဲ့ ရှုခင်းတစ်မျိုးဖြစ်ပါတယ်။ အရှေ့လောကဓါတ် နေ၀န်းကြီးထွက်ပြူစ၊ အနောက်လောကဓါတ် နေမင်းကြီးဝင်ခါစ နေနဲ့လ နှစ်ပါးပြိုင်နေတဲ့ ယခုလို အချိန်မျိုးမှာ ‘ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ’ စသည်ဖြင့် သမင်ပေါတဲ့ ဤမိဂဒါဝုန်တောမှာ ဤဓမ္မစကြာ ဒေသနာတော်ကို ၀ါဆိုလပြည့်နေ့မှ စပြီးတော့ လပြည့်ကျော် (၄) ရက်တိုင်အောင် (၅) ရက်တို့ ကာလပတ်လုံး တပည့်ဟောင်း (၅) ယောက်တို့အား ဟောကြားတော်မူပြီး တစ်ရက်လျှက် တစ်ပါးစီ သောတာပန်တည် (၅) ရက်ပြည့်တဲ့အခါမှာ အနတ္တဒေသနာ ဟောကြားတော်မူသဖြင့် ငါးပါးစလုံး ရဟန္တာဖြစ်တော်မူကြပါတယ်။
အခုမြင်နေရတဲ့ မြင်ကွင်းကတော့ နန္ဒိယကျောင်းတော်ဟောင်းများ ဓမ္မစကြာ ဒေသနာဟောကြားတော်မူခဲ့တဲ့နေရာမှာ တည်ထားတဲ့ စေတီတော်ကြီး ပြိုကျပျက်စီးသွားတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ စေတီတော်ဟောင်းကြီးရဲ့အရာ စက်ဝိုင်းသသဏ္ဌာန် အနတ္တသုတ္တန်ဟောတော်မူခဲ့တဲ့ ဓမ္မေခစေတီတော် (သို့) အနတ္တစေတီတော်၊ ရာဇဂြိုဟ်မြို့က နန္ဒိယသူဌေး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ နန္ဒိယကျောင်းတော်ဟောင်းများကို ခေတ်အဆက်ဆက် ကျောင်းတကာ အဆက်ဆက်တို့က ထပ်မံ ထိမ်းသိမ်း ပြုပြင်ပြီးတော့ ကျောင်းတော်များ တည်ဆောက်လာခဲ့ကြပေမယ့် ထိုကျောင်းတော်ကြီးတွေဟာ သာသနာနှစ် (၁၈၀၀) တစ်ထောင်ရှစ်ရာ ကြာတဲ့အခါမှာ လုံးဝ ပျက်စီးပျောက်ကွယ်ပြီးတော့ ယခုမြင်တွေ့ရတဲ့ အုတ်ခုံ၊ အုတ်ပန္နက်များသာ ကျန်ခဲ့တဲ့ အနေအထားရှိပါတယ်။
ဗာရာဏသီမှာ ပဉ္စ၀ဂ္ဂီငါးပါးက ရဟန္တာဖြစ်လာခဲ့ကြတဲ့ ရဟန်းတော် (၅) ပါး၊ ယသသူဌေးသားနဲ့တကွ ငါးဆယ့် ငါးယောက်သော သူငယ်ချင်းတွေက ဖြစ်လာခဲ့ကြတဲ့ ရဟန်း (၅၅) ပါးတို့နှင့် တစ်ဝါတွင်းမျှ သီတင်းသုံးပြီးတော့ မြတ်စွာဘုရားကိုယ်တော်မြတ် သီတင်းကျွတ်ချိန်မှစ၍ တရွေ့ရွေ့ခရီးကြွမြန်းတော်မူခဲ့ကာ ယခု မြင်နေရတဲ့ တောင်ငါးလုံးကာခို မြို့တော်ရာဇဂြိုဟ်ုသို့ ပြာသိုလပြည့်နေ့မှာ ရောက်ပါတယ်။ ယခု တွေ့ရတဲ့အတိုင်း ထိုလှည်းသားငါးရာတို့ရဲ့ လှည်းတွေ မောင်းလွန်းအားကြီးတဲ့အတွက်ကြောင့် ကျောက်သားတွေအပေါ်မှာ ထင်နေခဲ့တဲ့ (ဗြဟ္မီ) အက္ခရာနဲ့ ရှေးဟောင်းကျောက်စာများဟာဖြင့် လူသမိုင်း ဘာသာရေးသမိုင်းရဲ့ အံ့သြစရာ သက်သေအထောက်အထားတွေ ဖြစ်ပါတယ်။ ရာဇဂြိုဟ်တောင်တန်းကြီး (၅) လုံးထဲက (ဂိဇ္ဈကုတ်တောင်ဟာဖြင့်) မြတ်စွာဘုရား နေသန့်စင်တဲ့ သီတင်းသုံးတဲ့နေရာ တစ်ခုပါပဲ။ ဝေပုလ္လတောင်ထိပ်ပေါ်မှာတော့ ဂျပန်ပြည်က သျှန္တီခေါ်တဲ့ စေတီတစ်ဆူကို တည်ထားခဲ့ပါတယ်။ ဝေပုလ္လတောင်၊ ဝေဘာရတောင်၊ ပဏ္ဍ၀တောင်၊ ဣသိဂိလိတောင်၊ ဂိဇ္ဈကုတ်တောင်ရယ်လို့ တောင်ငါးလုံးကာခိုတဲ့ ရာဇဂြိုဟ်ခရီးပါပဲ။ ရာဇဂြိုဟ်ပြည်မှာ ဆရာကြီးဒေါက်တာဇီဝက ဆောက်လုပ်လှူဒါန်းခဲ့တဲ့ အမ္ဗ၀နကျောင်းတိုက်လို့ခေါ်တဲ့ သရက်တောကျောင်းတိုက်၊ ဗိမ္ဗိသာရဘုရင်မင်းတရား ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ၀ါးတောကျောင်းတိုက်၊ ဗိမ္ဗိသာရဘုရင်မင်းတရားကြီးရဲ့ ရွှေဘဏ္ဍာများတည်ထားရာ ဆွန် ဘဏ္ဍာလို့ခေါ်တဲ့ ဘဏ္ဍာတိုက်၊ ဘဏ္ဍာတိုက်အတွင်းနံရံမှာ ရေးထိုးထားကြတဲ့ ရုပ်ပွားများ၊ ဆင်းတုများဖြစ်ပါတယ်။
အခုမြင်ရတဲ့ မြင်ကွင်းကတော့ အဇာတသတ်မင်းတရား မြတ်စွာဘုရားရဲ့ ဓါတ်တော်ဝေစုတစ်စုကို ဌာပနာခဲ့တဲ့ စေတီဟောင်းနေရာ၊ အခုမြင်ရတဲ့ မြင်ကွင်းကတော့ ဗိမ္ဗိသာရမင်းတရားကို အဇာတသတ်က အကျဉ်းချခဲ့တဲ့နေရာ၊ ဒါ အကျဉ်းထောင်ဟောင်းရဲ့နေရာပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံပြီးတဲ့နောက် သုံးလအကြာမှာ ရှင်မဟာကဿပ ခေါင်းဆောင်ပြီးတော့ သင်္ဂါယနာတင်ခဲ့တဲ့ ဝေဘာရတောင်နံရံ၊ ထိုဝေဘာရတောင်နံရံမှာပဲ အရှင်မဟာကဿပမထေရ်ကြီး အမြဲသီတင်းသုံးတော်မူတဲ့ ပိပ္ပလိလိုဏ်ဂူတော် ရှဥ့်နက်တို့ကို အစာပေး၊ ဘေးမဲ့ပေးပြီးတော့ မွေးမြူထားတဲ့ ဝေဠုဝန်ကျောင်းတော်။
အဂ္ဂသာဝကကြီးများဖြစ်ကြတဲ့ သာရိပုတ္တရာ မောဂ္ဂလာန်တို့ မြတ်စွာဘုရားနှင့် စတင်ဆုံတွေ့ကြရာ ရဟန္တာဖြစ်ကြရာ မြို့တော်ရာဇဂြိုဟ် ရဟန္တာကြီး (၁၂၅၀) တို့နှင့် မြတ်ဗုဒ္ဓ ပထမ သံဃသန္နိပါတ အစည်းအဝေးကြီးကျင်းပရာ မြို့တော်ရာဇဂြိုဟ် သာရိပုတ္တရာနှင့် မောဂ္ဂလာန်တို့ကို ပထမနှင့် ဒုတိယ အဂ္ဂသာဝကရာထူးကြီးများ အပ်နှင်းရာ မြို့တော်ရာဇဂြိုဟ် မြတ်ဗုဒ္ဓလွန်ပြီးနောက် သာသနာတစ်ရပ်လုံးကို ဦးဆောင်အုပ်ချုပ် ကွပ်ကဲတော်မူသော ရှင်မဟာကဿပ ရဟန်းပြုရာမြို့တော် ရာဇဂြိုဟ်သားဖြစ်သူ အဇာတသတ်က ဖခင်ကိုသတ်၊ သွေးသားလဲတော်စပ်၊ ရဟန်းလဲဖြစ်၊ ယောက်ဖလည်း တော်စပ်တဲ့ ဒေ၀ဒတ်က ဘုရားရှင်ကိုယ်တော်မြတ်ကို သတ်မလို့ကြံ၊ ဗိမ္ဗိသာရ မင်းတရားကြီးရဲ့ မိဖုရားကြီးဝေဒေဟီကလည်းပဲ အဖသတ်မယ့် သားဆိုပြီးတော့ သားအဇာတသတ်ကိုယ်ဝန်ရှိစဉ် ကိုယ်ဝန်ကို ဖျက်ဆီးမလို့ကြံ ဖြစ်ရပ်တွေ အလွန်စုံတဲ့ တောင်ငါးလုံး ကာခိုတဲ့ ရာဇဂြိုဟ်ပါ။
ရာဇဂြိုဟ်အနောက်မြောက် ယွန်းယွန်းကို မိုင် (၃၀) လောက်သွားလိုက်မယ်ဆိုလို့ရှိရင် သာရိပုတ္တရာ၊ မောဂ္ဂလန်တို့ဖွားရာ နာလန္ဒမြို့တော် နာလန္ဒမြို့တော်မှ ပညာကျော် သာရိပုတ္တမထေရ်ကို ဂုဏ်ပြုသောအားဖြင့် တည်ထားခဲ့ဖူးတဲ့ နာလန္ဒတက္ကသိုလ်ဟောင်း ကျောင်းတော်ဟောင်းကြီးကိုလည်း ဖူးရမှာဖြစ်ပါတယ်။ အခုမြင်ရတဲ့ ရှုခင်းကတော့ သက္ကာဒိစ္စမင်းတရားနဲ့ နာဂဇုနအရှင်တို့ တည်ထောင်ခဲ့တဲ့ နာလန္ဒတက္ကသိုလ် ကျောင်းတော်ဟောင်းကြီးပဲဖြစ်ပါတယ်။ နာဂဇုနဆိုတာ မဟာယာနဂိုဏ်းမှာ အဘိဓမ္မကျမ်းတွေကို အလွန်ကျွမ်းကျင်တတ်မြောက်ပြီးတော့ အဘိဓမ္မာအတွေးအခေါ် အလွန်ကောင်းတဲ့ ဆရာတော်ကြီးတစ်ပါးပါပဲ။ သာရိပုတ္တရာမထေရ် ပရိနိဗ္ဗာန်စံတော်မူရာလို့ အားလုံးလက်ခံယုံကြည်ထားကြတဲ့ ဤနေရာမှာ သာရိပုတ္တရာရဲ့ လွမ်းစေတီကိုလည်း တည်ထားခဲ့ပါတယ်။
အဲဒီ အခန်းကလေးတွေ အကွက်ကလေးတွေကတော့ သံဃာတော်တစ်ပါးတစ်ပါး သီတင်းသုံးခဲ့တဲ့ ကျောင်းခန်းငယ်ကလေးများဖြစ်ပါတယ်။ နာလန္ဒတက္ကသိုလ်အတွင်းက ရှေးဟောင်းမြတ်ဗုဒ္ဓရဲ့ ရငပ်ပွားဆင်းတုတော်များဟာ အလွန်လက်ရာကောင်းပါတယ်။ နာလန္ဒတက္ကသိုလ်ရဲ့အနီးမှာ တည်ထားတဲ့ ရှေးဟောင်းပြတိုက်ထဲက ဘုရားဆင်းတုတော်များနဲ့ အခြားရုပ်ပွားများဖြစ်ပါတယ်။ နာလန္ဒတက္ကသိုလ်ဟောင်းကြီး ပျက်စီးသွားတဲ့အခါ ယခုဖူးတွေ့ရတဲ့ အိန္ဒိယသားဆရာတော်ကြီး ဘိက္ခုကဿပက နာလန္ဒတက္ကသိုလ်အသစ်ကို ယခုမြင်ရတဲ့အတိုင်း တည်ဆောက်ခဲ့ပြီးတော့ သံဃာတော်များကို ဆက်လက် ပညာသင်ကြားပေးခဲ့ပါတယ်။ ဤနာလန္ဒတက္ကသိုလ်အသစ်မှာ မြန်မာနိုင်ငံမှ သံဃာတော်များ ပညာသင်ကြားလျှက် ရှိပါတယ်။
ဂင်္ဂါမြစ်ကို ဖြတ်သန်းပြီးတော့ ရှေးတုန်းက ရှိဖူးတဲ့ ပါတလိဆိုတဲ့ ရွာလေးမှာ အဇာတသတ်မင်းတရားကြီး တည်ဆောက်ခဲ့တဲ့ ပါတလိပုတ်ရွှေမြို့တော် နောင်သောအခါ သီရိဓမ္မာသောက မင်းတရားက ပါတလိပုတ်ရွှေမြို့တော်မှာ ထီးနန်းစိုက်ပြီးတော့ ကိုးဌာနမှာ သာသနာဖြန့်ချိတဲ့ ဓမ္မဒူတအဖွဲ့များ သာသနာပြုပုဂ္ဂိုလ်များ Buddhist Missionary ဆိုတဲ့ လုပ်ငန်းများကို လုပ်ဆောင်ခဲ့တဲ့ နေရာပါ။
ဒါ အသောကမင်းကြီးရဲ့ ကျောင်းတိုက်ဟောင်းကြီးပါ၊ အရောဂ၀ိဟာရဆိုတာ ဆေးရုံကိုခေါ်ပါတယ်။ အသောက မင်းတရားကြီးလက်ထက်ကျောင်းတိုက်ကြီး တည်ပြီးတော့ ကျောင်းတိုက်ထဲမှာ သံဃာ့ဆေးရုံကြီးတည်ဆောက်ခဲ့ကြောင်း ထင်ရှားတဲ့ သက်သေတစ်ခုပါပဲ။
ငါတလိပုတ်ကနေပြီးတော့ ဂင်္ဂါမြစ်ကို ဖြတ်သန်းပြီးတော့ မိုင်(၁၅၀) လောက် သွားလိုက်မယ်ဆိုရင် လိစ္ဆ၀ီမင်းတို့ပျော်စံရာ ဝေသာလီမြို့ဟောင်းကို ရောက်ပါတယ်။ လိစ္ဆ၀ီမင်းတို့ ခေါင်းဆေးမင်္ဂလာပြုတဲ့ ရေကန်တော်ဖြစ်ပါတယ်။ မြတ်စွာဘုရားအာယုသင်္ခါရ လွှတ်တော်မူတဲ့ စာပါလစေတီတော်ရဲ့ နေရာမှာ ဂျပန်တို့ တည်ထားတဲ့ စေတီတော်ကြီးတစ်ခုပါပဲ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဓါတ်တော်ဝေစုတစ်တစ်ပုံကို လိစ္ဆ၀ီမင်းတို့ရရှိတဲ့အခါ ယခုမြင်နေရတဲ့ နေရာမှာ လိစ္ဆ၀ီမင်းတို့က ဓါတုစေတီတော်ကြီးတစ်ဆူကို တည်ထားခဲ့ဖူးပါတယ်။ စေတီတော်ကြီး ပြိုပျက်သွားပြီးတဲ့အခါမှာ စေတီတော်ကြီးရဲ့ အောက်ခြေ အုတ်မြစ်များကို ယခုလို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ အမိုးများတောင် မိုးထားလိုက်ပါတယ်။
ဝေသာလီမြို့ဟောင်းက လိစ္ဆ၀ီမင်းတို့ရဲ့ ရှေးဟောင်းပစ္စည်းများကို ပြသထားတဲ့ ပြတိုက်ဖြစ်ပါတယ်။ ပြတိုက်အတွင်းက အလွန်အံ့သြဖွယ်ရာကောင်းတဲ့ ရပ်တုဆင်းတုတော်များပါ။ ဝေသာလီမြို့ဟောင်းကို အိန္ဒိယပြည် ရှေးဟောင်းဌာနက တူးဖော်တဲ့အခါမှာ မြေအောက် (၈) ပေကနေ (၁၀) ပေအထိ တူးရတယ်လို ဆိုပါတယ်။ (၈.၉.၁၀) ခန့် တူးလိုက်တဲ့အခါမှာ ယခုမြင်ရတဲ့အတိုင်း ရေကန်ဟောင်းများ၊ စေတီဟောင်းများနှင့် အုတ်ခုံအုတ်ပန္နက်များဟာ ပြန်လည်ပြီးတော့ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒုတိယသင်္ဂါယနာတင်ရာ ၀ါလိကာရာမကျောင်းတိုက်နေရာမှာ စိုက်ထူထားတဲ့ အသောကကျောက်တိုင်ထိပ်မှာ ခြင်္သေ့တစ်စီးထဲ ရှိပါတယ်။
အမ္ဗပါလီ သရက်ဥယျာဉ် သရက်ပင်မှာ သံသေဒဇ ပဋိသန္ဓေနေခဲ့တဲ့ အမျိုးသမီးဟာ အမ္ဗပါလီလို့ ခေါ်ပါတယ်။ အမ္ဗပါလီရဲ့ သရက်ဥယျာဉ်ကိုလည်း မြင်ရမှာပါ။ ဝေသာလီမြို့ကနေပြီးတော့ အနောက်မြောက် ယွန်းယွန်းကို ကီလိုမီတာ (၃၀၀) ခန့် ခရီးဆက်လိုက်ရင် ကောသလမင်းကြီး စံပျော်ရာ ကောသလတိုင်း သာဝတ္ထိမြို့ကို ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ အခုမြင်နေရတဲ့ အဆောက်အဦးအဟောင်းတွေဟာ ကောသလမင်းကြီးရဲ့ နန်းတော်ဟောင်းလို့ အဆိုရှိပါတယ်။ နန်းတော်ဟောင်းကြီးရဲ့ မြင်ကွင်းကတော့ အုတ်ခုံ၊ အုတ်ပန္နက်၊ အုတ်ကျိုး အုတ်ပဲ့များနှင့် သစ်တော ဆူးပင် ခြုံပုတ်များပဲ ဖြစ်ပါတယ်။ သာဝတ္ထိမြို့က အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းတဲ့ ဇေတ၀န်ကျောင်းတော်ဟောင်းရဲ့နေရာပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ၀ါတော် (၂၁) ၀ါ စပြီးတော့ နောက်ဆုံး ၀ါနားအထိ (၂၄) ၀ါ တို့ တိုင်တိုင်က တဆက်တည်း သီတင်းသုံးခဲ့တဲ့ ဇေတ၀န်ကျောင်းတိုက်ကြီးပါ။
ဒါကြောင့် ဇေတ၀န်မှာ ဘုရားရှင် အနေများတဲ့အတွက်ကြောင့် သုတ္တန်ပေါင်း ခပ်များများရဲ့ နိဒါန်းတွေဟာ-
‘ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ
ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ’
ဤကဲ့သို့ချည်း စတင်ခဲ့တာ ဖြစ်ပါတယ်။ အနာထပိဏ်သူဌေးက နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ စန္ဒကူး သစ်မွှေးတွေနဲ့ ဆောက်လုပ်ခဲ့တဲ့အတွက် အစဉ်သဖြင့် သစ်သားတွေရဲ့ ရနံ့ကြောင့်လည်းမွှေး၊ ဘုရားရှင်ရဲ့ သီလ၊ သမာဓိ၊ ပညာရနံ့ကြောင့်လည်း မွှေးကြိုင်လို့နေတဲ့ ဂန္ဓကုဋိဆိုတဲ့ ကျောင်းတော်ဟောင်းပါပဲ။ (၂၅) ဧကခန့်ကျယ်ပြန့်တဲ့ ဇေတ၀န်ကျောင်းတိုက်ကြီးတစ်ခုလုံးမှာ ကျောင်းတိုက်တွေ၊ ကျောင်းတိုက်တွေနဲ့ ပြည့်နက်လျှက်ရှိပါတယ်။မြတ်စွာဘုရား ခရီးထွက်ကြွသွားတော်မူတဲ့အခါမှာ ဘုရားကိုယ်တော်မြတ်ကိုဖူးခွင့် မရတော့တဲ့အတွက် ဘုရားကိုယ်တော်မြတ် ခရီးထွက်ကြွသောအခါ ဘုရားကိုယ်စား ဖူးဖို့လို့ဆိုပြီး ကောသလမင်းကြီးလျှောက်ထားတောင်းပန်သဖြင့် မူလဗောဓိပင်ကြီးက မျိုးစေ့ကို ယူပြီးတော့ ရှင်အာနန္ဒာမထေရ်စိုက်ပျိုးခဲ့တဲ့ အာနန္ဒာဗောဓိပင်ဖြစ်ပါတယ်။ ဇေတ၀န်ကျောင်းတော်ရဲ့ ဥယျာဉ်ကြီးရှိပါတယ်။ ထိုဥယျာဉ်ထဲမှာ သရက်ဖြူပင်ကြီးပေါက်တဲ့ ထိုနေရာမှာ မြတ်စွာဘုရား ကိုယ်တော်မြတ်က ရေမီးအစုံအစုံတန်ခိုးပြာဋိဟာ ပြပြီးတော့ တိတ္ထိတို့ကို နှိမ်နင်းတော်မူခဲ့တယ်။ တိတ္ထိတို့ကို နှိမ်နင်း တန်ခိုးပြဋိဟာပြပြီးတော့ ထို သရက်ဖြူပင်ကုန်းကနေ တာဝတိံသာကြွပြီးတော့ မယ်တော် သန္တုဿိတနတ်သားကြီးအား တရားဟောဖို့ တစ်ဝါဆိုခဲ့ပါတယ်။ ၀ါကျွတ်ချိန်မှာ တာဝတိံသာကနေ ပြန်ဆင်းပြီးတဲ့အခါမှာ သင်္ကဿရွှေမြို့တော်ကို ဘုရားရှင်ပြန်လည် ဆင်းသက်ခဲ့ပါတယ်။
ယခုမြင်နေရတဲ့ ကျောက်စာတိုင်တွေကတော့ သင်္ကဿမြို့တော်ဟောင်းက ကျောက်စာတိုင်တွေပါ။ မြတ်စွာဘုရား တာဝတိံသာဆင်းသက်ခဲ့တဲ့နေရာမှာ အသောကမင်းတရား စိုက်ထူထားခဲ့တဲ့ ကျောက်စာတိုင် ဆင်ရုပ်ပါတဲ့ ကျောက်စာတိုင်နဲ့ စေတီဟောင်းများ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် တာဝတိံသာကနေ ပြနလည်ဆင်းသက်လာတဲ့အခါ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြား စောင်းတန်း၊ စောင်းတန်းသုံးသွယ်တို့ဖြင့် ဆင်းသက်ခဲ့ရာ ရွှေစောင်းတန်းက ဗြဟ္မာ၊ ငွေစောင်းတန်းက နတ်ဒေ၀ါ၊ အလယ် ပတ္တမြားစောင်းတန်းက ငါတို့ရဲ့ ဘုရားဘဂ၀ါဆိုတဲ့အတိုင်း သိကြား၊ ဗြဟ္မာ၊ နတ်ဒေ၀ါတို့က ၀ဲယာမှာ ခြံရံ ထီးတွေမိုးလျှက် ဆင်းသက်လာတဲ့ ပုံတော်ပါပဲ။
ယခု မြင်နေရတဲ့ ရှုခင်းတွေကတော့ ဂင်္ဂါနဲ့ ယမုံနာဆုံတဲ့ မြစ်ဆုံပါပဲ။ ကောသမ္ဗီမြို့မှာ မွေးဖွားခဲ့တဲ့ သူဌေးသား တစ်ယောက်ဟာ ယမုံနာမှာ ရေချိုး ငါးကြီးမြိုသွားသဖြင့် ယမုံနာမြစ်ရိုးတစ်လျှောက် စုံဆင်းပြေးရာမှာ မြစ်ဆုံကနေ ဗာရာဏသီရောက်၊ ဗာရာဏသီ သူဌေးကတော်ကြီးတစ်ယောက်က ငါးကို ၀ယ်ပြီးတော့ ၀မ်းခွဲပြီးတော့ မွေးတယ်၊ ကိုယ်တိုင် လွယ်ပြီးတော့ မွေးမြူခဲ့ရတဲ့သူဌေး သူဌေးကတော် ထိုအမျိုးနှစ်မျိုးတို့က မွေးသဖြင့် ဒွေကုလ လို့ ဆိုရာကနေ ဗာကုလဖြစ်လာတဲ့ သတို့သားကို လှမ်းပြီးတော့ ဤမြစ်ဆုံကနေ သတိရစေပါတယ်။ ခုမြင်နေရတဲ့ ပုံတွေကတော့ ကောသမ္ဗီမြို့ဟောင်း ဥတေနမင်းရဲ့ နန်တော်ဟောင်းများ ဃောသကသူဌေး ဆောက်လုပ်လှူဒါန်းတဲ့ ဃောသိတာရုံကျောင်းတိုက်၊ ပါဝါရိကသူဌေး ဆောက်လုပ်လှူဒါန်းတဲ့ ပါဝါရိကာရုံကျောင်းတိုက်၊ ကုက္ကုဋသူဌေး ဆောက်လုပ်လှူဒါန်းတဲ့ ကုက္ကဋာရုံကျောင်းတိုက်များမှာ အသောကမင်းတရား မှတ်တိုင်ထူတဲ့ ကျောက်တိုင်ကြီးများပါပဲ။ ဂင်္ဂါနဲ့ ယမုံနာဆုံတဲ့ ဤနေရာမှာ အိန္ဒိယပြည်သူပြည်သားတွေက အညစ်အကြေးကင်းစေဖို့ ဆိုပြီးတော့ ရေချိုးခဲ့တဲ့ ရေဆိပ်ပါ။
အရပ်ရှစ်မျက်နှာကလာတဲ့ ရေချိုးတဲ့ ပုဂ္ဂိုလ်တို့ရဲ့ တဲကလေးများဖြစ်ပါတယ်။ သံသုမာဂီရိဆိုလိုက်လို့ရှိရင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်နှင့် အလွန့်အလွန် အကျွမ်းတ၀င် ချစ်ခင်ရင်းနှီး ပွင့်ပွင့်လင်းလင်းစကားဆိုကြတဲ့ ဗုဒ္ဓ၀လ္လဘဧတဒဂ်ဘုရားနှင့် အကျွမ်းတ၀င် ချစ်ခင်ရင်းနှီးတဲ့ ဧတဒဂ်ဘွဲ့ထူးရကြတဲ့ နကုလပိတာ-နကုလမာတာ တို့ရဲ့ဖွားမြင်ရာမြို့တော်၊ မြို့တည်တုန်းက မိကျောင်း အော်လဲသံကြား မိကျောင်း ကျောကုန်နှင့်လည်းတူတဲ့တောင်ထိပ်၊ ဤတောင်ထိပ်မှာ တည်ခဲ့တဲ့ မြို့တော်ကို သံသုမာဂီရိလို့ခေါ်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ပါဝါရွှေမြို့တော်ကနေပြီးတော့ ကုဿိနာရုံကိုအသွား ရေသုံးသပ်တော်မူတဲ့ ကတုတမြစ် မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ကဆုန်လပြည့်နေ့မှာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကုဿိန္နာရုံ အင်းကြင်းရဂုံမှာ ပရိနိဗ္ဗာန်စံတော်မူခဲ့ပါတယ်။
ပရိနိဗ္ဗာန်မစံမီ ပါဝါကနေ ကုဿိန္နာရုံကြွတော့ လမ်းခရီးမှာ (၂၅) ကြိမ်နားပြီး ကတုတမြစ်မှာ ရေချိုးလျှက် ညနေခင်း ကုဿိန္နာရုံ အင်းကြင်းရဂုံကိုရောက်ပါတယ်။ ညဦးယာမ်အရပ်ရှစ်မျက်နှာ ပရိသတ်အား တရားဟော၊ ညဦးယာမ်လွန်တော့ သံဃာတော်တို့ တရားဟော၊ သန်းခေါင်ယာမ် နတ်ဗြဟ္မာတို့ တရားဟော၊ မိုးသောက်ယာမ်ကာလမှာ ဘုရားရှင်ကိုယ်တော်မြတ် ခန္ဓာငါးပါးအကြွင်းမဲ့ချုပ်ငြိမ်း ဘ၀ဇာတ်ရုပ်သိမ်းတော်မူတဲ့ ပရိနိဗ္ဗာန်စံတော်မူရာ အင်းကြင်းရဂုံပါပဲ။ ပရိနိဗ္ဗာန်စံခါနီးမှာ-
‘ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ’
ရဟန်းတို့၊ ယခုအခါ ငါဘုရား နောက်ဆုံးစကား မှာထားခဲ့မယ်။ သင်္ခါရတရားမှန်သမျှ ပျက်စီးခြင်း သဘောရှိတယ်။ ပျက်တတ်တဲ့ သင်္ခါရတရားတွေကို သတိနဲ့ စောင့်ကြည့်ကြလို့ မှာတော်မူခဲ့ပါတယ်။ ပရိနိဗ္ဗာန် စံတော်မူရာ ကုဿိန္နာရုံမြို့ရဲ့ အနောက်တောင်တောင့်က အင်းကြင်းရဂုံမှာ မလ္လာမင်းတို့က ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဓါတ်တော် ဝေစုတစ်ခုကို အရယူပြီးတော့ စေတီတော်ကြီးလည်းပဲ တည်ထားခဲ့ပါတယ်။ အစုံအစုံ အချိန်မဲ့ အခါမဲ့ ပွင့်ကြတဲ့ အင်ကြင်းရဂုံတို့ရဲ့အလယ်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတဲ့အခါ သဟမ္ပတိဗြဟ္မာက တစ်ဂါထာ၊ သိကြားမင်းက တစ်ဂါထာ၊ အရှင်အနုရုဒ္ဓါက နှစ်ဂါထာ၊ အရှင်အာနန္ဒာက တစ်ဂါထာ၊ ဂါထာပုဒ်တို့ဖြင့် ဘုရားကိုယ်တော်မြတ်ရဲ့ ရုပ်ကလာပ်တော်ကို အသီးအသီးပူဇော်ပြီးတော့ သံဝေဂယူခဲ့ကြပါတယ်။
ပရိနိဗ္ဗာန်စံပြီး ကြွင်းကျန်တဲ့ ရုပ်ကလာပ်ကို နံ့သာထင်းပုံမှာ တင်ပြီးတော့ မီးသဂြိုဟ်ခဲ့တဲ့ နေရာက စေတီကြီးဟာဖြင့်ရင် တောင်ကုန်းကြီးတမျှကြီးမားပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးတဲ့အခါ (၃) လအကြာမှာ ရာဇဂြိုဟ်ရွှေမြို့တော် ဝေဘာရတောင်နံရံမှာ အဇာတသတ်မင်းကြီးရဲ့ အထောက်အပံ့နှင့် အရှင်မဟာကဿပဦးစီး သံဃာတော်အပါး (၅၀၀) တို့ ပထမသင်္ဂါယနာတင်ပြီးတော့ မြတ်စွာဘုရား ကိုယ်တော်မြတ်ရဲ့ သာသနာ ဓမ္မ၀ိနယကို စောင့်ရှောက်တော်မူခဲ့ကြပါတယ်။ အဲဒါ ဝေဘာရတောင်ခြေ ပထမသင်္ဂါယနာတင်တဲ့ နေရာပါပဲ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် နှစ်ပေါင်း (၁၀၀) ကြာတဲ့အခါမှာ လိစ္ဆ၀ီမင်းတို့ ပျော်စံရာ ဝေသာလီမြို့တော်မှာ ထိုဝဇ္ဇီတိုင်းက ၀ဇ္ဇီရဟန်းတစ်ချို့က အဓမ္မ၀တ္ထု (၁၀) ပါးကို တင်သွင်းလာသဖြင့် ထို အဓမ္မ၀ါဒီတို့ သာသနာတော်ကို မနှောက်ယှက်နိုင်အောင် ဒုတိယသင်္ဂါယနာ တင်ခဲ့တဲ့နေရာမှာ ယခုလို ခြင်္သေ့တစ်ကောင်ထဲနဲ့ အသောကမင်းတရား စိုက်ထူခဲ့တဲ့ကျောက်တိုင်ဟာ မူရင်မပျက် ယနေ့တိုင် တွေ့မြင်နိုင်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက် သာသနာနှစ် (၂၃၆) ခုနှစ်သို့ ရောက်တဲ့အခါမှာ ယခုမြင်နေရတဲ့ အသောကကျောင်းတိုက်ကြီးရဲ့ နေရာမှာ ပါတလိပုတ်မှာ နန်းစိုက်တဲ့ သီရိဓမ္မာအသောကမင်းတရားက တိယသင်္ဂါယနာတင်ပြီးတော့ သာသနာတော်ကို ၀င်နှောင့်ယှက်တဲ့ ဗြားမဏ်းများနဲ့ ဂျိမ်းများကို သန့်ရှင်းခဲ့ပြီးတော့မှ (၉) ဌာန သာသနာပြုလွှတ်ခဲ့တဲ့နေရာဟာဖြင့်ရင် ဤအသောကာရုံကျောင်းတိုက်ကြီးပါပဲ။ ဤနေရာမှာ စိုက်ထူခဲ့တဲ့ ကျောက်တိုင်ကြီးက ယခုမြင်တွေ့ရတဲ့အတိုင်း လဲလျှက်ရှိပါပြီ။ အသောကမင်းတရား တတိယသင်္ဂါယနာတင်ပြီး ကိုးဌာန သာသနာပြု လွှတ်တော်မူခဲ့တဲ့အခါမှ သားတော် မဟိန္ဒမင်းသားနှင့် သမီးတော် သင်္ဃမိတ္တာမောင်နှမ နှစ်ယောက်တို့ကို ရဟန်းပြု တရားနှလုံးကျင့်သုံးစေ၊ ပိဋကတ်သုံးပုံကို သင်စေပြီးတော့မှ ရဟန္တာဖြစ်ပြီးတဲ့ မောင်နှမနှစ်ယောက်ကို သီဟိုဠ်ကျွန်း သီရိလင်္ကာသို့ သာသနာပြု လွှတ်လိုက်ရာမှာ ယခုမြင်နေရတဲ့ ဆန်ချီခေါ်တဲ့ စေတီတော်ကြီးရဲ့ နေရာမှာ တစ်ဝါဆိုသဖြင့် ရဟန္တာမောင်နှမ နှစ်ယောက်တို့ရဲ့ မယ်တော်ကြီး ၀ိဒိသာဆိုတဲ့ မိဖုရားကြီးက ကျောင်းများ တည်ဆောက်လို့ ခမည်းတော်အသောကမင်းတရားက စေတီများ တည်ဆောက်ခဲ့ရာ ယခု မြင်နေရတဲ့ စေတီတော်များနှင့် ကျောက်ထွင်းရုပ်တုများဟာဖြင့်ရင် သာသနာတော်ရဲ့ သမိုင်းတစ်လျှောက်မှာ အစောဆုံးနှင့် အံ့ချီးဖွယ်အကောင်းဆုံးစေတီများ ကျောက်ဆစ်လက်ရာများဖြစ်ပါတယ်။
သာသနာနှစ် (၄၅၀) ရောက်တဲ့အခါမှာ ဘုရားရှင်သာသနာတော်သည် အိန္ဒိယပြည်မှ သီဟိုဠ်နိုင်ငံသို့ ရွေ့သွားပါပြီ၊ သီဟိုဠ်ကျွန်းမြောက်ပိုင်း အနုရာဓမြို့တော်ရဲ့ အရှေ့ဘက်နားက ယခုမြင်နေရတဲ့ တောင်ကုန်လေးဟာ မဟိန္တလေ၊ မဟိန္တလေလို့ ထိုကုန်းတော်ပေါ်မှာ မဟိန္ဒမထေရ် သာသနာစတင်ပြုရာကို အထိမ်းအမှတ်ပြုသဖြင့် စေတီကြီးတည်ထားခဲ့ပြီး ရှင်မဟိန္ဒမထေရ်က ဒေ၀ါနံပိယတိဿမင်းကြီးကို တရားဒေသနာဟောကာ သာသနာစတင်ဖြန့်ချိခဲ့တဲ့ နေရာဟာဖြင့်ရင် ဤမဟိန္တလေပါပဲ။ နှမတော် သင်္ဃမိတ္တက မူလ မဟာဗောဓိပင်ကြီးကနေ ဗောဓိပင်ကို သယ်ဆောင်လာပြီးတော့ ဒေ၀ါနံပိယတိဿမင်းကြီးအား အပ်နှင်းတဲ့အခါမှာ ဒေ၀ါနံပိယတိဿမင်းကြီးက ထိုဒက္ခိဏသာခါ သင်္ဃမိတ္တာဗောဓိပင်ကို ယခု မြင်နေရတဲ့ နေရာမှာ စိုက်ပျိုးခဲ့သဖြင့် ဒက္ခိဏသာခါ ဗောဓိပင်တွေ ထိုသံဃမိတ္တာ ဗောဓိပင်က အစပြုပြီးတော့ သီဟိုဠ်ကျွန်း တကျွန်းလုံး ပြန့်နှံ့ခဲ့ပြီး ဖြစ်ပါတယ်။
သာသနာနှစ် (၄၅၀) သို့ ရောက်တဲ့အခါမှာ သီဟိုဠ်နိုင်ငံသားရဟန်းတော်များက ဓမ္မရက္ခိတမထေရ်ကြီး ခေါင်းဆောင်၍ သံဃာတော်အပါး (၅၀၀) တို့ ယခုမြင်ရတဲ့ အလောကဆိုတဲ့ လိုဏ်ဂူကြီးထဲမှာ စတုတ္ထသင်္ဂါယနာတင်ပြီးတော့ ဘုရားရှင်ရဲ့ ပိဋကတ်တော်များကို ပေပေါ်မှာ ရေးခဲ့ပါတယ်။ အလောကလိုဏ်ဂူအတွင်းနံရံ ဆေးရေးပန်းချီများက သင်္ဂါယနာသမိုင်းကို ဆေးရေးပန်းချီများနှင့်လည်းကောင်း၊ ရုပ်တု၊ ဆင်းတုများနှင့်လည်းကောင်း၊ ယခုလိုဖော်ပြထားပါတယ်။ မြတ်စွာဘုရားကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့အခါ စွယ်တော်လေးဆူတို့ မီးမလောင်ဘဲ တေဇောဓါတ် မလောင်ဘဲ ကျန်ရစ်ခဲ့ရာ စွယ်တော်တစ်ဆူသည် ကာလိင်္ဂတိုင်းသို့ကြွ၊ စွယ်တော်တစ်ဆူသည် ဂန္ဓာရတိုင်းသို့ကြွ၊ ဂန္ဓာရတိုင်းဆိုတာ ပါကစ္စတန်ပြည်မြောက်ပိုင်း၊ ကာလိင်္ဂတိုင်းဆိုတာ အိန္ဒိယပြည် အရှေ့ဘက်ကမ်းရိုးတန်း၊ စွယ်တော်တစ်ဆူသည် သိကြားပြည် တာဝတိံသာနတ်ပြည်သို့ ကြွပါတယ်။ သိကြားပင့်သွားပါတယ်။ စွယ်တော်တစ်ဆူကတော့ နဂါးပြည်သွားပြီးတော့ ရာမရွာပူဇော်ခဲ့ပါတယ်။ ယခု သီဟိုဠ်ကျွန်း ကန္ဒီမြို့မှာ ရှိနေတဲ့ စွယ်တော်ဟာ ကလိင်္ဂတိုင်းကနေပြီးတော့ ပြောင်းရွေ့ကြွသွားတဲ့ စွယ်တော်ဖြစ်ပါတယ်။
တတိယသင်္ဂယနာတင် သီရိဓမ္မာသောကမင်းတရားသာသနာနှစ် (၂၃၆)နှစ်မှာ(၉)ဌာန သာသနာပြုလွှတ်ခဲ့ရာတွင် အရှေ့ဘက်အာရှတစ်ခွင်လို့ဆိုတဲ့ သုဝဏ္ဏဘုမ္မိ The Gold Land ဆိုတဲ့ရွှေမြေသို့လည်းပဲ သာသနာပြုအဖွဲ့ တစ်ဖွဲ့လွှတ်ပါတယ်။ ရွှေမြေဆိုတဲ့ သုဝဏ္ဏဘုမ္မိသို့ကြွခဲ့တဲ့ သာသနာပြုအဖွဲ့ရဲ့ ဦးဆောင်ပုဂ္ဂိုလ်ဟာဖြင့် သောဏဥတ္တရမထေရ်နဲ့ သံဃာတော်များဖြစ်ခဲ့ပါတယ်။ ပထမဆုံးသောဏဥတ္တရမထေရ် သာသနာပြုစတင်ပြီးတော့ သင်္ဘောဆိုက်ရာဒေသဟာ မွန်ပြည်နယ် အနောက်ဘက် ကမ်းရိုးတန်း သထုံမြို့ကို စတင်ဝင်ရောက်ခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ သာသနာ အစ သထုံကလို့ ဆိုရမှာဖြစ်ပါတယ။်
သာသနာနှစ်(၂၃၆)မှာ သောဏဥတ္တရမထေရ်တို့ သထုံကိုကြွဝင်ပြီးတော့ ဗြဟ္မဇာလ သုတ္တန်တရားဒေသနာတော်ကို ဟောကြားခဲ့ပါတယ်။ သောဏဥတ္တရမထေရ်တို့သီတင်းသုံးရာနေရာမှာ သီဟရာဇာမင်းက စန္ဒကူး ကျောင်းတော်ကြီး ဆောက်လုပ်ပြီးတော့ လှူဒါန်းခဲ့တယ်လို့ သာသနာသမိုင်းမှာ မှတ်တမ်းထိုးပါတယ်။ ဗမာနိုင်ငံ သမိုင်းတချို့ကတော့ ဗမာနိုင်ငံသာသနာရောက်တာ သောဏဥတ္တရမထေရ်တို့ သယ်ဆောင်လာတဲ့နှစ်ထက် ပိုစောတယ် လို့တချို့ သမိုင်းများက ဆိုပါတယ်။
မဲထီးဆရာတော်ရေးတဲ့ သာသနာ့ဝံသဒီပနီကျမ်းမှာ ဂ၀မ္မတိမထေရ်စတင်ကြွသ ဖြင့် အသောကမင်းလက်ထက်ကတည်းကိုက သထုံကို သာသနာရောက်တယ်လို့ ဆိုပါတယ်။ အသောကမင်းဆိုသည်မှာ အန္ဒိယပြည်က အသောကမင်းကို ဆိုလို သည်မဟုတ်ပါဘူး။ သထုံမြို့မှာ ဓမ္မာသောကမင်းရယ်လို့ ရှိခဲ့ဖူး ပါတယ်။ အဲဒီ ဓမ္မာ သောကမင်းလက်ထက် သာသနာနှစ်တစ်ရာမှာ ဂ၀မ္မတိမထေရ်တို့ ကြွလာဖြင့် သာသနာ ရောက်နှင့်နေပြီလို့ ၀ံသဒီကပနီမှာ ဖတ်ရပါတယ်။
သို့သော် ပါရာဇိကဏ်အဌကထာမှာတော့ သီရိဓမ္မမင်းတရားပါတလိပုတ်ကနေ ပို့လွှတ်သဖြင့် သောဏ ဥတ္တရမထေရ်တို့ ကြွလာတဲ့ အချိုန်ကြမှ သာသနာ ရောက်တယ်လို့ ဆိုပါတယ်။ သာသနာနှစ် ၂၃၆ က သထုံပြည်ကြွတဲ့ သာသနာပြု အရှင်မြတ်တို့ရဲ့ ရုပ်ထုများကို မန္တလေးတောင်တော်မှာ အခြေချ သာသနာပြုတဲ့ ရသေ့ကြီး ဦးခန္တီက သံနှင့် ထုပြီးတော့ သထုံမြို့မြောက်ပိုင်း ရဟန္တာကုန်းဆိုတဲ့ နေ ရာမှာ ထုလွှတ်ပူဇော် ကိုးကွယ်ထားခဲ့ပါတယ်။ သုဝဏ္ဏဘုမ္မိသထုံပြည်ကို မြတ်စွာဘုရား ကြွတော်မူခြင်း၊သာသနာပြု ပုဂ္ဂိုလ်များ ကြွတော်မူခြင်း အထိမ်းအမှတ် ပန်းချီကားများ ဟာ ရွှေစာရံစေတီ တော်ကြီး အတွင်းမှာ အံ့သြဖွယ်ရာ ဖူးတွေ့ရမှာ ဖြစ်ပါတယ်။သထုံ ကနေသာသနာဟာ အညာဆန်တော့ သရခေတ္တရာမြို့ဟောင်းကို ရောက်ပါတယ်။ သရေခေတ္တရာမြို့ကို ၀င်ရောက်တဲ့အခါ ဒွတ္တဘောင်မင်းကြီးက သာသနာ ဆီးကြိုပြီး တော့ သရေခေတ္တရာမြို့ရဲ့ ထောင့်လေးထောင့်မှာဝင်လျှက် ဆံချီစေတီတော်ကို နှီးနွယ် ပြီးတော့ တည်ထားတဲ့ စေတီဟောင်းကြီးများကို ယခုတိုင်ဖူးမြင် နိုင်ကြပါတယ်။ပြည်မြို့ ဆိုတဲ့ သရေခေတ္တရာမှာ ပျူမင်းတွေ နန်းစံလို့ နေနေတုန်း သထုံသာသနာ သရေခေတ္တ ရာပျူမြိုသို့ ရောက်ပြီးတဲ့အခါ ထိုပျူကနေတဆင့် အညာဆန်ပြန်တော့ သရေခေတ္တရာ မှ ပုဂံသို့လို့ဆိုရမှာဖြစ်ပါတယ်။
ပုဂံမြို့ကို သာသနာသယ်ဆောင်သွားတဲ့ သာသနာပြု အာဇာနည်ပုဂ္ဂိလ်ကတော့ သထုံပြည်က ရှင်အရဟံ မထေရ်ပဲ ဖြစ်ပါတယ်။ အနော်ရထာနဲ့ ကျန်စစ်သားတို့လက် ထက် ရှင်အရဟံ သထုံသို့ သာသနာပြုကြွ ၊ ရှင်အရဟံမရောက်မီက မဟာယာန သာသနာ စတင်ရောက်နေခဲ့ပြီး ၊မဟာယာနသာသနာလွှမ်းမိုးနေခဲ့ပြီးဖြစ်တဲ့ ပုဂံမှာ ရှင်အရဟံနှင့် အနော်ရထာတို့က မဟာယာနသာသနာကို သုတ်သင် သန့်ရှင်ပြီးတော့
စစ်မှန်တဲ့ ထေရ၀ါဒ သာသနာကို ဖြန့်ချီခဲ့ပါတယ်။ အရှင်အဟံမထေရ် ပုံတော်ပဲဖြစ်ပါ တယ်။ ပုဂံမြို့ဟောင်းတစ်နေရာ ပုဂံကသာသနာ အညာဆက်၍ ဆန်တက်အခါမှာ ပင်းယ ၊အင်းဝ ၊ အမရပူရ၊ စစ်ကိုင်း၊ ထိုမှတဆင့် မန္တလေးရွှေမြို့တော်အထိရောက်ပါ တယ်။ ပုဂံသာသနာပြု သာသနာ့ဒါယကာ အာနန္ဒာ စေတီတော်ကြီးရဲ့ ဒါယကာ ဖခ မည်းတော် တည်သွားတဲ့ ရွှေစည်းခုံ စေတီတော်ကြီးပါ အပြီးသတ် ဆက်တည်ခဲ့တဲ့
ရွှေစည်းခုံဒါယကာ ကျန်စစ်သား ရုပ်တုများ၊သာသနာပြုရှင်အဟံ ရုပ်တုများကို ဖူးရမှာ ဖြစ်ပါတယ်။ ပုဂံပြည်မှာ ထေရ၀ါဒသာသနာ အလွန် စည်ပင် ပြန့်ပွားတဲ့အခါမှာ သာသနာနဲ့ အတူတူစာပေလည်းပြန့်ပွားခဲ့ပါတယ်။ မြစေတီလို့ခေါ်တဲ့ ဒီရာဇကုမာရ စေတီတော်ရဲ့ အနီးမှာ ရာဇကုမာရကျောက်စာ(သို့) မြစေတီကျောက်စာလို့ဆိုတဲ့ ကျောက်စာများကို ပါဠိဘာသာ၊ မွန်ဘာသာ၊ုမန်မာဘာသာ၊ ပျူဘာသာ လေးဘာသာ တို့ဖြင့်ရေးထိုးထားတဲ့ကျောက်စာတိုက်ကြီးများကိုလည်း အံ့သြစရာ တွေ့မြင်ရပါပြီ။ သာသနာနှင့်စာပေ စာပေနှင့်သာသနာ ခွဲလို့မရတဲ့ အနေအထားကို ပြနေပါတယ်။ ဒီ မြစေတီကျောက်စာဟာဖြင့် မြန်မာစာပေသမိုင်းရဲ့ ထယ်ဝါခန့်ငြား ၀င့်ကြွားဘွယ်ရာ မှတ်တိုင်ကြီးတစ်ခုပါပဲ။
ပင်းယမြို့၊ အင်းဝရွှေမြို့တော်၊ အင်းဝရွှေမြို့တော်ကနေ အမရပူရ စစ်ကိုင်း မန္တလေးအထိ ဆန်တက်ခဲ့တဲ့ သာသနာဟာ မန္တလေးရွှေမြို့တော် ရောက်တဲ့အခါကျတော့ သာသနာနှစ် (၂၄၀၀) မှာ မင်းတုန်းမင်းတရားကြီးရဲ့ အထောက်အပံ့နဲ့ ဇာဂရမထေရ်ကြီး အကြီးအမှူးပြုပြီးတော့ သံဃာတော် (၂၄၀၀) ကျော်တို့ဖြင့် မန္တလေးရွှေမြို့တော် မင်းတုန်းမင်းတရားကြီးရဲ့ ရွှေနန်းတော်အတွင်းမှာ ပဉ္စမသင်္ဂါယနာကို တင်ခဲ့ပါတယ်။ ချောင်ပေါင်း (၉၀၀) ကျော် ရဟန်းသာမဏေ သူတော် သီလရှင် တစ်သောင်းကျော်တို့ဖြင့် ပရိယတ်၊ ပရိပတ် လုပ်ငန်းများကို အားထုတ်လျှက် သာသနာစည်ကားလျှက်ရှိတဲ့ စစ်ကိုင်းတောင်တော်ကိုလည်း ဧရာဝတီ မြစ်ကမ်းကနေပြီးတော့ ဖြတ်ကျော်ပြီးတော့ ကြည်နူးစွာ ဖူးမြင်ရမှာ ဖြစ်ပါတယ်။
အုတ်ကျစ်ကျော်အေး မန္တလေး ရှေးဆိုရိုးစကားရှိသည့်အတိုင်း (၁၂၂၁) ခုနှစ်မှ မင်းတုန်းမင်းတရား တည်ထောင်ဖန်ဆင်းတဲ့ မန္တလေးရွှေမြို့တော်၊ မန္တလေးတောင်တော်ကနေ လှမ်းပြီးတော့ ကြည့်လိုက်မယ်ဆိုရင် မင်းတရားကြီးရဲ့ ပျော်စံရာ၊ ကျုံး၊ မြို့ရိုး၊ ပြအိုး၊ ပြာသာဒ်တို့ဖြင့် စည်ပင်ဝေဆာလျှက်ရှိတဲ့ မန္တလေးရတနာပုံ ရွှေမြို့တော်ရဲ့ ရွှေနန်းတော်ကြီးပါပဲ။ သာသနာနှစ် (၂၄၁၅) ကျော်တို့ဖြင့် တင်ခဲ့တဲ့ ပဉ္စမသင်္ဂါယနာမှာ ထူးခြားတဲ့ လက္ခဏာတစ်ရပ်ကတော့ (၆) ပေခန့် အမြင့်ရှိပြီးတော့ (၃) ပေခန့် အနံရှိ၊ (၃) လက်မခွဲလောက် ထုရှိတဲ့ ကျောက်ချပ်ပေါင်း (၇၂၉) ချပ်တို့ပေါ်မှာ ဓမ္မ၊ အဘိဓမ္မ၊ ၀ိနယဆိုတဲ့ သုံးပုံပိဋကတ် တရားမြတ်ကို ကျောက်ထပ်အက္ခရာတင်ပြီးတော့ ရေးထွင်းခဲ့ခြင်း ဖြစ်ပါတယ်။
ပထမသင်္ဂါယနာမှာ နှုတ်ဆောင်၊ ဒုတိယသင်္ဂါယနာမှာလည်း နှုတ်ဆောင်၊ တတိယသင်္ဂါယနာမှာလည်း နှုတ်ဆောင် သင်္ဂါယနာပြုပြီးတော့ စတုတ္ထသင်္ဂါယနာ သီဟိုဠ်ရောက်တော့မှ ပေပေါ်မှာရေး၊ စတုတ္ထသင်္ဂါယနာနဲ့ ပဉ္စမသင်္ဂါယနာကြားမှာ နှစ် (၂၀၀၀) နီးပါး သင်္ဂါယနာမတင်ဖြစ်ဘဲ စွမ်းရည်ရှိတဲ့ ရဟန်းတော်တို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုဖြင့် သာသနာတည်တဲ့လာခဲ့ရခြင်း ဖြစ်ပါတယ်။ မန္တလေးရွှေမြို့တော် ရောက်တဲ့အခါမှာ ခုနက ပြောပြခဲ့တဲ့အတိုင်း (၇၂၉) ချပ်ရှိတဲ့ ကျောက်ချပ်တွေပေါ်မှာ ရေးပြီးတော့မှ ကျောက်ထက်အက္ခရာ တင်ခဲ့တဲ့ ပဉ္စမသင်္ဂါယနာဟာဖြင့်ရင် ကမ္ဘာမှာ အံချီးဖွယ်ရာတစ်မျိုး ဖြစ်ခဲ့ရပါတယ်။ ထိုကျောက်ချပ်ပေါင်း (၇၂၉) ချပ်တို့ရဲ့ တည်ရာ ကျောက်စာတိုက် စေတီကလေးများဟာဖြင့်ရင် ဓမ္မစေတီတွေအနေနဲ့ မန္တလေးတောင်ခြေမှာ ယခုလိုတည်ရှိပါတယ်။ ဓမ္မစေတီကျောက်စာတိုက်တွေထဲက ကျောက်ချပ်ပေါင်း (၇၂၉) ချပ်ကို ထုတ်ပြီးတော့ စာအုပ်ချုပ်သလိုများ ချုပ်ထားလိုက်မယ်ဆိုရင် ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးတစ်အုပ်ဖြစ်လာမှာပါ။ ခု မြင်ရတဲ့ အဆောက်အဦးကတော့ မန္တလေးရွှေနန်းတော်အတွင်းက ပဉ္စမသင်္ဂါယနာတင်ခဲ့ရာ မြေနန်းပြာသာဒ်ကြီး ဖြစ်ပါတယ်။
သာသနာနှစ် (၂၅၀၀) ပြည့်တဲ့အခါမှာ ဆဋ္ဌသင်္ဂါယနာကို မြန်မာနိုင်ငံအစိုးရ ရုံးစိုက်ရာ မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်ရွှေမြို့တော် သီရိမင်္ဂလာကမ္ဘအေးကုန်းမြေ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်အနီး မဟာပါသာဏလိုဏ်ဂူတော်ကြီး အတွင်းမှာ ထေရ၀ါဒ (၅) နိုင်ငံက သံဃာတော်ပေါင်း (၂၅၀၀) နှင့်တကွ အခြားမဟာယာနတိုင်းပြည်က မဟာယာနရဟန်းတော်တို့ပါ ပင့်ပြီးတော့ ကြည်နူးစေ၍ ဆဋ္ဌသင်္ဂါယနာကို တင်ခဲ့ပါတယ်။
ဆဋ္ဌသင်္ဂါယနာရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ရပ်ကတော့ ထေရ၀ါဒ သံဃာတော်များတင်နေတဲ့ ဒီဆဋ္ဌသင်္ဂါယနာမှာ မဟာယာနတိုင်းနိုင်ငံ အသီးသီးက သံဃာတော်များလည်း တက်ရောက်ပြီးတော့ ကြည်ညိုအားပေး ပူဇော်ခဲ့ကြခြင်း တစ်ရပ်ပါပဲ။ ထေရ၀ါဒ မဟာယာန စတင်ညီညွတ်တဲ့ အဓိပ္ပါယ်ပါဘဲ၊ နောက် ထူးခြားတဲ့ လက္ခဏာတစ်ရပ်က ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို မိုက်ရိုဆလိုက်ဖလင်တွေမှာ ရိုက်နှိပ်ပြီးတော့မှ သိမ်းဆည်း စုဆောင်းထားခဲ့ခြင်းဟာဖြင့်ရင် ခေတ်မီထူးခြားတဲ့ လက္ခဏာတစ်ရပ်ပါပဲ။ အကယ်၍သာ သတ္တမသင်္ဂါယနာတင်မယ်ဆိုရင်တော့ ကွန်ပျူတာစီဒီတွေနဲ့ သတ္တမသင်္ဂါယနာကို တင်ရမှာ ဖြစ်ပါတယ်။ ဆဋ္ဌသင်္ဂါယနာတင်အထိမ်းအမှတ်နဲ့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ကိုလည်းပဲ မြန်မာနိုင်ငံအစိုးရက ယခုလိုကြည်ညိုဖွယ်ရာ တည်ဆောက်ပြီးတော့ အထိမ်းအမှတ်ပြုထားခဲ့ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူခဲ့ပြီး မဟာသက္ကရာဇ် (၁၀၃) ခုနှစ် B.C.588 မှာ ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ဗုဒ္ဓအဖြစ် (၄၅) နှစ်နေတော်မူပြီး (၃၅) နှစ်က ဖြစ်ခဲ့တဲ့ မြတ်စွာဘုရားဟာ (၄၅) နှစ်နေတော်မူပြီးတဲ့အခါမှာ သက်တော် (၈၀)၊ မဟာသက္ကရာဇ် (၁၄၈) ကဆုန်လပြည့် B.C.543 ခုနှစ်မှာ နိဗ္ဗာန်ရွှေဘုံ ခိုလှုံပြီးတော့ ဘ၀ဇာတ်ချုပ်ငြိမ်း ရုပ်သိမ်းတော်မူခဲ့ပါတယ်။
(၄၅) နှစ်တို့ကာလပတ်လုံး မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တာဟာ ဓမ္မ အဘိဓမ္မနှင့် ၀ိနယတို့ပဲ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီး သုံးလအကြာ ရာဇဂြိုဟ်မှာ ထိုဓမ္မ အဘိဓမ္မ ၀ိနယတို့ကို ဘုရားရှင်ရဲ့ တပည့်ကြီး မဟာသာဝက တစ်ဆူဖြစ်တော်မူတဲ့ အရှင်မဟာကဿပ ဦးဆောင်၍ သံဃာတော် (၅၀၀) တို့က ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြပါတယ်။ အဇာတသတ်မင်းကြီးက ပစ္စယာနုဂ္ဂဟ တာဝန်ယူခဲ့ပါတယ်။ သာသနာနှစ် တစ်ရာကြာတဲ့အခါ ၀ဇ္ဇီနိုင်ငံ ဝေသာလီမြို့မှာ ရှင်ယသမထေရ် ခေါင်းဆောင် သံဃာတော် (၇၀၀) တို့က ဒုတိယသင်္ဂါယနာတင်ခဲ့ပါတယ်။ ကာလာသောကမင်းကြီးက ပစ္စယာနုဂ္ဂဟ တာဝန်ယူခဲ့ပါတယ်။ သာသနာနှစ် (၂၃၆) ခုနှစ်ရောက်တဲ့အခါမှာ ပါတလိပုတ် ရွှေမြို့တော်မှာ မောဂ္ဂလိပုတ္တတိဿမထေရ် ဦးဆောင်တဲ့ သံဃာတော် (၁၀၀) တို့က တတိယသင်္ဂါယနာတင်ခဲ့ပါတယ်။ ဓမ္မာသောကမင်းကြီးက ပစ္စယာနုဂ္ဂဟတာဝန်ယူခဲ့ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက် နှစ်ပေါင်း (၄၅၀) ကြာတဲ့အခါ သီဟိုဠ်ကျွန်း သီရိလင်္ကာမြောက်ပိုင်း အလောကလိုဏ်ဂူအတွင်းမှာ ဓမ္မရိက္ခိတမထေရ်ကြီး ဦးဆောင်၍ သံဃာတော် အပါး (၅၀၀) တို့ဖြင့် စတုတ္တသင်္ဂါယနာကို ပေထက်အက္ခရာတင်ပြီးတော့ စောင့်ရှောက်တော်မူခဲ့ကြပါတယ်။ ၀ဋ္ဋာဂါမဏိမင်းကြီးက ပစ္စယာနုဂ္ဂဟတာဝန်ယူခဲ့ပါတယ်။
သာသနာနှစ် (၂၄၀၀) ကျော်ကျော်မှာတော့ မန္တလေးရွှေမြို့တော် မင်းတုန်းမင်းတရားကြီးရဲ့ ရွှေနန်းတော်အတွင်းမှာ ဇာဂရမထေရ်ကြီး ဦးဆောင်၍ သံဃာတော် (၂၄၀၀) ကျော်တို့ဖြင့် ပဉ္စမသင်္ဂါယနာကို ကျောက်ထက်အက္ခရာတင်ပြီးတော့ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါတယ်။ မင်းတုန်းမင်းကြီးက ပစ္စယာနုဂ္ဂဟ တာဝန်ယူခဲ့ပါတယ်။ သာသနာနှစ် (၂၅၀၀) ပြည့်တဲ့အခါမှာ ရန်ကုန်ရွှေမြို့တော် မဟာပါသာဏ ကျောက်လိုဏ်ဂူတော်ကြီးအတွင်းမှာ ညောင်ရမ်းဆရာတော်ကြီး ကြီးမှူးတော်မူပြီးတော့ သဃာတော်ပေါင်း (၂၅၀၀) တို့ဖြင့် ဆဋ္ဌသင်္ဂါယနာတင်ပြီးတော့ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါတယ်။ အဲဒီ ဆဋ္ဌသင်္ဂါယနာမှာ ၀န်ကြီးချုပ်ဦးနု ဦးဆောင်သော ဖဆပလ အစိုးရက ပစ္စယာနုဂ္ဂဟ တာဝန်ယူခဲ့ပါတယ်။ သာသနာနှစ် (၂၅၀၀) ခရီးမှာ မထေရ်ကြီးတို့ အဆက်ဆက် အရှင်မဟာကဿပ ဆင်းသက်တဲ့ မထေရ်အဆက်ဆက်တို့က ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူခဲ့တဲ့ ဓမ္မ၊ အဘိဓမ္မ၊ ၀ိနယဆိုတဲ့ ဒီပိဋကတ်သုံးပုံကို ပြောင်းလဲခြင်း လုံးဝ မပြုပဲ၊ ပြင်ဆင်ခြင်း လုံးဝ ပြုတော်မမူကြပဲ၊ နှုတ်ပယ်ခြင်းလည်း လုံ့းဝ မပြုကြပဲ၊ အသစ်ဖြည့်စွက်ပြီးတော့ ရေးထည့်ခြင်းလည်း လုံးဝ မပြုကြပဲ မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း မူရင်းအတိုင်းသာလျှင် သန့်သန့်ရှင်းရှင်း ထိန်းသိမ်း စောင့်ရှောက်တော်မူခဲ့ကြတဲ့အတွက်ကြောင့် ထိုမထေရ်တို့ အဆက်ဆက်တို့ရဲ့ မူရင်းဝါဒကို ထေရ၀ါဒ သာသနာလို့ ခေါ်ပါတယ်။
သာသနာနှစ် (၁၀၀) မှာ ဒုတိယသင်္ဂါယနာတင်ပြီး ထေရ၀ါဒမှ ဖယ်ထုတ်ခြင်းခံခဲ့ရတဲ့ မဟာသံဃိကဂိုဏ်းကနေ စတင်ပေါက်ဖွားကာ မဟာယာန ဖြစ်ခဲ့တဲ့ မြောက်ပိုင်းသာသနာကတော့ ပြင်ဆင်ခြင်း၊ ရေးထည့်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်နှုတ်ခြင်း၊ အသစ်ရေးထည့်ခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဖြစ်ခြင်းကြောင့် ထိုမဟာယာနသာသနာကတော့ မူရင်းသာသနာ မဟုတ်တော့ပဲနဲ့ ပြောင်းလဲပြင်ဆင်ခဲ့တဲ့ သာသနာလို့ ဆိုရမယ့် သာသနာတစ်မျိုး ဖြစ်ပါတယ်။ ဤသို့လျှင် ထေရ၀ါဒသာသနာနှင့် မဟာယာနသာသနာနှစ်ရပ် ခြားနားချက်ကို သူတော်ကောင်းအပေါင်းတို့ သိကြပြီးလျှင် ထေရ၀ါဒသာသနာကို မူရင်းကျကျ သန့်သန့်ရှင်းရှင်း ဘုရားရှင်အလိုတော်ကျ မထေရ်ကြီး အဆက်ဆက်တို့ရဲ့ အလိုတော်ကျ ဆက်လက်၍ ထိန်းသိမ်းစောင့်ရှောက် သွားကြပါမည့်အကြောင်း ဤအစီအစဉ်ကနေ တိုက်တွန်းလိုက်ရပါသတည်း။
ဘာသယေ ဇောတယေ ဓမ္မံ၊ ပဂ္ဂဏှေ ဣသိနံ ဓဇံ။
သုဘာသိတဒ္ဓဇာ ဣသယော၊ ဓမ္မောဟိ ဣသိနံ ဓဇော။
ဓမ္မံ-ဓမ္မကို၊ ဘာသယေ- ဟောပြောတော်မူကြကုန်ရာ၏။ ဓမ္မ-ဓမ္မကို၊ ဇောတယေ-ထွန်းတောက်အောင် ဆောင်ရွက်တော်မူကြကုန်ရာ၏။ ဣသိနံ-ရဟန်းသံဃာတော်များ၏၊ ဓဇံ- အောင်လံကို၊ ပဂ္ဂဏှေ- စိုက်ထူတော်မူကြကန်ရာ၏။ ဓမ္မော- ဓမ္မသည်၊ ဣသိနံ- ရဟန်းတော်၏၊ ဓဇော- အောင်လံတံခွန် ဖြစ်ပါပေ၏။ ဣသယော- ရဟန်းတော် သံဃာတော်အပေါင်းသည်၊ သုဘာသိတဒ္ဓဇာ- ဓမ္မကို ကောင်းစွာ ဟောခြင်းဖြင့် အောင်လံတလူလူ လွှင့်ထူတော်မူခဲ့ကြလေကုန်သတည်း။
 

အဓိပတိဆရာတော်
သီတဂူဗုဒ္ဓတက္ကသိုလ်
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။