ဆန်ချီ သို့မဟုတ် ငြိမ်းချမ်းရေးစေတီ
- - - - - - - - - - - -
သီရိဓမ္မာ အသောကရာဇာမင်းကြီးကို
ဗုဒ္ဓဘာသာဝင်တိုင်း၊ သမိုင်ပညာရှင်ေတိုင်း သိကြသည်။ အနယ်နယ် အရပ်ရပ်တွင် စေတီတော်ပေါင်း
ရှစ်သောင်းလေးထောင်း တည်းထား ကိုးကွယ် လှူဒါန်းခဲ့သူဟုလည်း လူသိများသည်။ မင်းကြီး
လှူဒါန်းခဲ့သော စေတီတို့တွင် လက်ရှိထင်းရှား လူသိများသည် တစ်ဆူတည်းသော စေတီမာ ဆန်ချီစေတီ
(သန္တိထူပ၊သျှန္တိထူပ) ငြိမ်းချမ်းရေး စေတီပင်ဖြစ်ပါသည်။
လည်းကောင်းငြိမ်းချမ်းရေးစေတီသည်
အိန္ဒိယပြည်၊ အလယ်ပိုင်းပြည်နယ် (Madhya Phadesh) အတွင်း ဘိုပါလ်းမြို့မှ (၄၆) ကီလိုမီတာ၊
ဝေဒိသမြို့မှ (၁၀) ကီလိုမီတာဝေးသောအရပ်တွင် တည်ရှိသည်။ စေတီကုန်းတော်မှ ဘေးဝဲယာတို့တွင်
စိမ်းမြမြလယ်ကွင်းပြင်ကြီး ကာရံထားသည် ထိုလယ်ကွင်းတို့အဆုံးဝယ် ညိုညိုမှိုင်းမှိင်း
တောင်တန်းကြီးများက တံတိုင်းကြီးများသဖွယ် ကာရံထားပြန်သည်။ ထိုစေတီကို အကြောင်းပြုကာ
အနီးတွင်ဖြစ်ပေါ်လာသော ရွာကလေးကိုလည်း ဆန်ချီရွာ သို့မဟုတ် (သန္တိနဂရ၊ သျှန္တိနဂါး) ငြိမ်းချမ်းရေးရွာဟု
ခေါ်ကြပြန်သည်။ မဟာရဋ္ဌပြည် ပူနေးတောရမှ သွားပါမူ ရထားဖြင့် (၁၈)နာရီ ခရီးဖြစ်ပါသည်။
(၁၀ ၁၂ ၂၀၁၅) ရက်နေ့ ပူနေးတောရ ဒကာဒကမ ခြောက်ဆယ်ခန့်ဖြင့် ရောက်ရှိခဲ့ပါသည်။ ထိုစေတီရှိရာသို့
စိတ်အစဉ်တို့ ရောက်ရှိနေသည်မှာ ဆယ်စုနှစ်တစ်ခုပင် ကျော်ခဲ့လေပြီ။ စစ်ကိုင်းသီတဂူဝယ်
ကျောင်းတက်စဉ်ကတည်းက ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးကို ဆန်ချီစေတီပုံစံအတိုင်း တည်ဆောက်ထားသည်ဟု
အဓိပတိဆရာတော်ကြီးမှ မကြာခဏပြောပြဘူးသည်။ ဆန်ချီစေတီ၏ ပုံသဏ္ဍာန်တော်မှာ စစ်ကိုင်းသီတဂူဗုဒ္ဓတက္ကသိုလ်
ဘွဲ့နှင်းသဘင်ဆောင်ကြီးကဲ့သို့ပင်တည်း။
ထိုငြိမ်းချမ်းရေး
သန္တိစေတီတော်ကြီးသည် မောရိယခေတ်၊ သုန်ကခေတ်၊ သတ္တဝါဟနခေတ်၊ အင်္ဂလိပ်ကိုလိုနီခေတ်၊ စသော
ခေတ်ကာလများစွာကိုကျော်ဖြတ်ကာ နှစ်ပေါင်း နှစ်ထောင်ကျော်သို့ပင် ရောက်ရှိခဲ့လေသည်။
မောရိယခေတ်အကုန် သုန်ကခေတ်မင်းဆက်တို့မှ စေတီတော်ကြီးနှင့် ဗုဒ္ဓသာသနာတော်ကြီး လျှစ်လှူရှု
ခံခဲ့ရသည်ကြောင့် အသောက မင်းကြီးလှူဒါန်းခဲ့သော မူလစေတီတော်ကြီးမှာ မြေခခဲ့ရသည်။
အင်္ဂလိပ်အုပ်ချုပ်သော
ခေတ်ကာလသို့ရောက်သည့်အချိန် ၁၈၈၁ ခုနှစ်တွင် အင်္ဂလိပ်အရာရှိ “General Taylor” မှ ပြုပြင်ထိမ်းသိမ်းဘို့
စတင်ခဲ့လေသည်။ မူလစေတီတော်ကြီး ပျက်စီးခဲ့သော်လည်း စေတီ၏ ပတ်လည်းတွင် စေတီငယ်နှစ်ဆူ၊
တောင်ခြေအရပ်တွင် စေတီငယ်တစ်ဆူကျန်ရှိခဲ့သည်။ ထိုစေတီငယ်တို့၏ ပုံစံအတိုင်း (၁၉ ၁၂
ခုနှစ်မှ ၁၉ ၁၉ ခုနှစ်အထိ) “Sir John Marshall” ဆိုသူက လက်ရှိအခြေအနေ ရောက်သည်အထိဖြစ်အောင်
ပြင်ဆင်ခဲ့သည်။ ၁၉ ၈၉ ခုနှစ်တွင် “UNESCO World Heritage” ကမ္ဘာ့အမွေအနစ်စာရင်းဝင်ခဲ့သည်။
ငယ်စဉ်က ဆရာသမားများ
မကြာခဏ ပြောပြခဲ့သော ဆန်ချီသမိုင်းကို ပြောပြချင်ပါသည်။ တတိယ သံဃာယနာတင် ပွဲတော်ကြီးပြီးချိန်ဝယ်
ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်၏ လမ်းညွန်ပြသ ဆိုဆုံးမမူတို့ဖြင့်၊ သိရီဓမ္မာ အသောက
မင်းကြီးသည် သုဝဏ္ဏဘူမိခေါ် သထုံပြည် အပါအဝင်၊ (၉) ပြည်ထောင်သို့ ဗုဒ္ဓ၏ ငြိမ်းချမ်းရေး
မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်လမ်စဉ်တို့ ပြန့်ပွားဘို့ရန် သာသနာပြု စေလွတ်ခဲ့လေသည်။ ထို
(၉) ပြည်ထောင်တွင် သီဟိုရ်ကျွန်းသို့ သာသနာပြု သွားရန် တာဝန်ကျသည့် မထေရ်သည်ကား၊ အသောကမင်းကြီး၏
သားတော် မဟိန္ဒမထေရ်မြတ်ဖြစ်ပါသည်။ မထေရ်မြတ်သည် ပေးအပ်သော တာဝန်ကို လက်ခံခဲ့သော်လည်း
သီဟိုရ်ကျွန်းသို့ တိုက်ရိုက်မသွားခဲ့ပေ။ ကိုးလလွယ် ဆယ်လဖွား၊ ဖဝါးလက်နှစ်လုံး၊ ပခုံး
လက်နှစ်သစ်၊ ဝါးဖတ်တော် ခဆီနှစ်နှင့် လူဖြစ်အောင် မွေးခဲ့သည် ကျေးဇူးရှင်မိခင်းကြီးရှိရာ
ဝေဒိသျှ အရပ်သို့သာ ကြွမြန်းခဲ့လေသည်။
ရှင်မဟိန္ဒ၏
မယ်တော် ဒေဝီမိဘုရားသည် ဥဇ္ဖေနီမြို့အနီး ဝေဒိသျှနိဂုံးမှ ရွာသူကြီး၏ သမီးဖြစ်သည်။
အသောက မင်းကြီး၏ မိဘုရားခေါင်းကြီး မဖြစ်နိုင်ပေ။ အရာမက များစွာသော မိဘုရားတို့ကြားဝယ်
တောသူ မိဘုရားငယ်တစ်ပါးမျှသာ ဖြစ်နိုင်လေသည်။ သားတော် သမီးတော်များ ရှင်ရဟန်းပြုသွားစဉ်ကတည်းက
နေပြည်တော် ပါဋလိပုတ်နန်းတော်တွင်မနေဘဲ၊ မွေးရပ်မြေဖြစ်သော ဝေဒိသျှတွင်သာ နေထိုင်ခဲ့လေသည်။
ဒေဝီမိဘုရားအတွက် သားတော် မဟိန္ဒသည် အင်းအားဖြစ်သည့်အပြင်၊ အသက်ရှင်သန်ခြင်း၏ အကြောင်းလည်းဖြစ်လေသည်။
- - - -
((အမေ့အိမ်
အပြန်လမ်းဝယ် တာဝန်နှင့် ကျေးဇူးတရားတို့ အားပြိုင်ကြ))
- -
ဝေဒိသျှသို့
ရောက်ပါပြီ။ မိခင်ကြီး ဒေဝီ နှင့် အဘိုးအဘွား ဆွေတော်မျိုးတော်များ ကြိုဆိုနေကြစဉ်၊
ရေခြားမြေခြား တိုင်းတစ်ပါးသို့ သွားရောက်မည့်အကြောင်းကို မိခင်းကြီးအား ပြောပြသည့်အခါဝယ်
- - -
“သားတော် လူလေး မေ့ရွှေသွေး - - တစ်မြေတည်နေ
တစ်ရေတည် သောက်စဉ်သော်မှ မယ်တော်သည် သားတော်အား တစ်လတစ်ကြိမ် ဖူးတွေ့ခွင့်ကို မရခဲ့၊
တိုင်းကြီးရပ်ခြား ထွက်ခွါသွားပါမူ အတီမှာ တွေ့ခွင့် ဆုံခွင့် ဖူးတွေ့ခွင့်ကို ရပါတော့အံနည်း၊
မယ်ဘုရားအား ပြစ်မသွားပါလင့်၊ သားခမည်းတော်၏ မောရိယ အင်ပါယာကြီးအတွင်းသာလျှင် သီတင်းသုံးတော်မူပါ၊
အတီမျှ မသွားပါလင့်”။ ((( စာချဆရာ အာရွှမ်းဖောက်၍ ဟာသမြှောက်အောင်ပြောခဲ့သည်ကား တိုင်းတစ်ပါးတွင်
သာသနာပြုမည်ဟုဆိုသော်လည်း “သာသနာပြု ဒေါ်လာစု လူမူအဖြာဖြာ” ဟူသော ရှေးဆတော် သမားတော်တို့၏
စကားအရ သာသနာပြုလုပ်ငန်းတွင် ဒေါ်လာကုန်က သားတော်ဒုက္ခရောက်ပေတောမည်။ ဒီမိုကရေစီအရေး
သံရုံးရှေ့ ဆန္ဒပြရ၊ သာရေးနာရေး လူမူရေးတို့ဖြင့် သားတော်ပင်ပန်းပေတော့မည်။))) မေ့ထံပါးက
တစ်ဖဝါးမခွါပါလင့် သားတော်” ဒေဝီ မယ်တော်ကြီးသည် သားတော်၏ အပြန်လမ်းမှာ သောက ရွှေမိုးတို့
ရွာခဲ့လေပြီတည်း။
“သုံးလောကထွဋ်ထား
မြတ်စွာဘုရား၏ သာသနာတော်ဝယ် ရဟန်းတော်များသည် လူအများတို့ အံ့သြကြစေရန်၊ လူအများက ပစ္စည်းလေးပါးဖြင့်
ဖိတ်ကြားစေရန်၊ လာဘ ပူဇော်သက္ကာရ အကျော်အစော်ဟူသော အကျိုးတို့ကို ရည်မြော်ကိုးသဖြင့်
မြတ်သော မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်သုံးနေသည်မဟုတ်ပါ မယ်တော်ကြီး၊ နှစ်ရာ့နှစ်ဆယ်
ခုနှစ်သွယ်သော သိက္ခာပုဒ်တို့ကို မပျောက်မကြားရအောင် စောင့်ထိမ်းလျက် ဒူတနှစ်ပါးကိုကျင့်သုံးနေခြင်းကြောင့်
ငါ့အား လူအများတို့ သိစေသတည်းဟုလည်း နှလုံးမသွင်းခဲ့ကြပါ၊ ကာယစသော ဒုစရိုက် တို့မှ
စောင့်စည်းရန်၊ ထိုထိုသို့သော ဒုစရိုက်တို့ကို တဒင်္ဂပဟန်စသည်ဖြင့် ပယ်ရန်သာ မဂ္ဂင်ရှစ်ပါး
အကျင့်မြတ်တရားကို အားထုပ်နေကြပါသည် မယ်တော်“ အစရှိသည်ဖြင့် မဟိန္ဒမထေရ် မယ်တော်ကြီး
အကျိုးအကြောင်း အဆိုးအကောင်းတို့ဖြင့် တရာဟောခဲ့လေသည်။
“မသိ နားမလည်ခြင်း
မောဟ၊ လိုခြင်တပ်မက်ခြင်း လောဘကို မပယ်သတ်နိုင်သမျှကာလ ပတ်လုံး၊ သေဆုံးပြီးနောက် ဘဝအသစ်တဖန်
အမိဝမ်းဝယ် ပဋိသန္ဓေနေရမည်။ ထိုသို့ဖြစ်ခြင်းသည် နောက်တစ်ဖန် အိုရ နာရ သေပြန်ရဘို့ အကြောင်းသာလျှင်ဖြစ်တော့သည်။
သံသရာမှာ ကျင်လည်သည့် တစ်စုံတစ်ယောက်သောသူ၏ အရိုးတို့ကို စုပုံထားခဲ့ပါမူ၊ ထိုအရိုးတို့သည်လည်း
မဆွေးမမြေ့ အမြဲတည်ခဲ့ပါမူ၊ ထိုအရိုးစု အရိုးပုံကြီးသည် ဝေပုလ္လတောင်ကြီးထက်ပင်များပေမည်”
ဟု ဘုရားရှင်ဟောခဲ့ဘူးပါသည် မယ်တော်။
ရွှေဘုန်းတော်သခင်
ဘုရားရှင်သည် နိဗ္ဗာန်တည်းဟူသော တစ်ဘက်ကမ်းသို့ ရောက်စေတတ်သော မျက်မှောက် မျက်ကွယ် ဘေးရန်မရှိသော၊
မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ကာယဒုစရိက်စသည်မှ စောင့်စည်းရန်၊ ကာယဒုစရိုက်စသည်ကို
တဒင်္ဂပဟာန်စသည်ဖြင့် ပယ်နိုင်ရန် ဟောကြားခဲ့ပါသည် မယ်တော်။
ထိုမဂ္ဂင်ရှစ်ဖြာ လမ်းမြတ်မဟာသည် မွန်မြတ်သော
စိတ်ရှိကုန်သော ဘုရားအစရှိသော သူတော်ကောင်းတို့၏၊ လမ်းစဉ်ဖြစ်ပါသည်။ ထို မဂ္ဂင်တရားကိုကျင့်သုံးသူတို့သည်
အိုနာသေ ဆင်းရဲတို့ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြရပါသည် မယ်တော်”။။
မည်သို့ပင်တရားပြ
ဆုံးမသော်လည်း မယ်တော်ကြီးဒေဝီသည် ဆက်လက်ငိုကြွေး လျောက်ထားပြန်သည်။ “မိဖဖိုးဖွားတို့၏
သားသမီးတို့အပေါ်ဝယ် ဖြစ်ပွားသော ချစ်မေတ္တာသည် အပေါ်ယံ အရေပါးကိုလည်းကောင်း ထို၏အတွင်း
အရေထူကိုလည်းကောင်း အသားကိုလည်းကောင်း၊ အကြောကိုလည်းကောင်း၊ အရိုးကိုလည်းကောင်း
အစဉ်သဖြင့် ဖြတ်ပြီးလျှင် ရိုးတွင်းချဉ်ဆီသို့ ခိုက်လျှက် တည်ရှိပါသည်။ သားတော် ရှင်ရဟန်းပြုသွားသောအခါဝယ်
မယ်မယ်အား ဆင်းရဲဒုက္ခ ဂဏန်းမပြနိုင်အောင် များစွာပင်ဖြစ်ခဲ့ရပါသည်၊ သားတော် အတီမျှ
မသွားပါလင့်၊ ဖခမည်းတော် မောရိယအင်ပါယာအတွင်းသာလျင် သီတင်းသုံးတော်မူပါ”။
မဟိန္ဒမထေရ်၏
အတွေးစဉ်ဝယ် တာဝန်နှင့် ကျေးဇူးတရားတို့ အားပြိုင်ကြလေပြီး၊ ဆရာသခင်တို့ ပေးအပ်သော
သီဟိုရ်ပြည်သို့ သာသနာပြုသွားရောက်ရန် ကြီးလေးသော တာဝန်ကိုလည်း လက်ခံပြီးခဲ့လေပြီး။
ယခုအခါ မယ်တော်မှ မသွားဘို့ရန် တောင်ပန်းနေခြေပြီး။ မယ်တော်ကြီး၏ တောင်ပန်ချက်ကို ငြင်းပယ်ဘို့ရန်
ရှင်မဟိန္ဒအဘို့ အင်အားလည်း မရှိခဲ့။ တုံဏီဘာဝေဖြစ်နေသော သားတော်၏ မျက်နာတော်အား စိုက်ကြည့်ပြီးလျှက်၊
မယ်တော်က ဆက်ပြီးလျောက်တင်ပြန်သည်။
“မယ့်မယ်ချစ်သွေး
သားတော်လေး၊ ယခုအခါ မုတ်သုံလေတစ်ရေးနိုး မိုးဦးကျတောမည့် အချိန်ဖြစ်ပေသည်၊ ပင်လယ်လမ်းခရီးဝယ်
လှိုင်းတံပိုးတို့သည်လည်း အလွန်ပင် ကြမ်းတမ်းလှ၏၊ သီဟိုရ်ပြည်သို့ သွားရန် အခါမသင့်တော့ပေ၊
မိုးလေ ကင်းလွတ် သီတင်းကျွန်ချိန်မှသာ ကြွတော်မူပါ၊ သားတော်ကို အစအဦး အမှူးပြုကာ
ကြွလာသမျှသော ရဟန်းတို့ကို မယ်တော်နေအိမ်သို့ ပင့်ဖိတ် ဆွမ်းကျွေးခွင့်ကို ပေးတော်မူပါ၊
ဝတ်စုံသင်္ကန်းလှူဒါန်းနိုင်ခွင့်ကို ပေးတော်မူပါ၊ ကျောင်းဆောက်လှူဒါန်းခွင့်ကို ပေးတော်မူပါ”
ဤသို့ စသည်ဖြင့် ငိုကြွေးလျောက်ထားရှာလေသည်။
မထေရ်မြတ်လည်း
ဆိတ်ဆိတ်နေခြင်းဖြင့် ဝါတွင်းသုံးလ သီတင်းသုံးရန်အတွက်ကို လက္ခံခဲ့လေသည်။ သီဟိုရ်သွားရန်
အကြောင်းကို စွန့်လွတ်ဘို့ကား မဖြစ်နိုင်ပေ။ မိခင်၏ အလို့ဆန္ဒများကိုဖြည့်ဆီးလိုသော်လည်း၊
ဆရာသခင်တို့၏ ဓမ္မစက်၊ ဖခမည်းတော်၏ အာဏာစက်တို့ကို လွန်ဆန်နိုင်ဘို့ကား အကြောင်းမရှိပါခြေ။
-
သားတို့၏ အပြစ်ကြီး
အပြစ်ငယ်အသွယ်သွယ်ကို သွန်သင်ပြသ ဆိုဆုံးမကြသည် ဆရာဥပဇ္ဈာယ်တို့ အမြဲဆုံးမသည် စကားရှိပါသည်
မယ်တော်။
-
“၁။ ငါ့ရှင်တို့ တစ်တွေဟာ နာမည်ကြီး
ဆရာသ္မား၏ တပည့်။ (နာမည်ကြီးဆရာဟူသည် ဗုဒ္ဓ)
၂။ အရှင်တို့ကို ရပ်ရွာနှင့် မိဘဆရာသမား
ဆွေမျိုးသားချင်းများက အားကိုးအားထားပြုဘို့ စောင့်ကြိုနေကြတယ်။
၃။ အရှင်တို့ဟာ သာသနာလက်ဆင့်ကမ်း လမ်းညွန်စရာ၊
အားထုပ်စရာတွေ များစွာရှိနေကြတယ်။ ထိုသုံးချက်ကို ဘယ်တော့မှ မမေ့ပါလင့်၊ ရည်ရွယ်ချက်ကို
ဘယ်တော့မှ အပျောက်မခံပါလင့်၊ မပေါ့ဆလင့်။” သည်ဆုံးမစကားတွေကို သားတို့ ရှင်ရဟန်းပြုစဉ်ကတည်းက
ကြားနာခဲ့ရပါသည်မယ်တော်။
“ထို့အတွက်ကြောင့်
သားတော်ဝယ် သာသနာလက်ဆက်ကမ်း ဆက်လက်လုပ်ဆောင်ရမည့် တာဝန်များရှိပါသည်။ မြတ်ဗုဒ္ဓ၏ အဆုံးအများ
ကမ္ဘာသူ ကမ္ဘာသားတို့၏ နှလုံးသာသို့ရောက်ရန်မာ သား၏ တာဝန်ဖြစ်ပါသည်။ ဗုဒ္ဓ၏တရားတော်များကို
တစ်လုံးတစ်ပါဒ လေးဘဲဖြစ်ဖြစ် နာကြားရသူတွေဟာ ကံကောင်းလွန်းကြပါသည်၊ သားတော်ဟာ အားလုံးကို
ကံကောင်းစေခြင်သူပါမယ်တော်၊ ဝါတွင်းသုံးလ ပတ်လုံး မယ်တော်လှူဒါန်းသောကျောင်းဝယ် သီတင်းသုံးပါမည်၊
ဝါလကင်းလွတ် သီတင်းကျွတ်ချိန်ဝယ် သားတော်အား သီဟိုရ်သို့ ကြွသွားခွင့်ပေးပါ မယ်တော်”။
ဒေဝီမိဘုရားသည်
သားတော်မဟိန္ဒမထေရ်မြတ်အား ကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းကာ ဆွမ်း သင်္ကန်း ဆေး အစရှိသည်တို့ဖြင့်
သာသနာတော်ကြီးကို ထောက်ပံ့ခဲ့လေသည်။ မဟိန္ဒထေရ်အရှင်သည် မိခင်ကြီး လှူဒါန်းသည့်ကျောင်းဝယ်
ဝါတွင်းသုံးလ သီတင်းသုံးလျက် ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ မဂ္ဂကထာတို့ဟောပြောလျက် မိခင်းကြီးအား
ကျေးဇူးဆပ်ခဲ့လေသည်။ မိခင်ကြီး စိတ်နှစ်လုံးတို့ ချမ်းမြေ့ပြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ
ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင် စိတ်ပါလက်ပါဖြင့် ကောင်းမူကုသိုလ် ကိုယ်ပိုင်းတရားများ
ပွားများ အားထုပ်နိုင်ပါစေခြင်း အကျိုးငှါ ကျောင်တော်ကြီးကိုလည်း၊ သျန္တိမဟာဝိဟာရ ဟု
အမည်ပေးခဲ့လေသည်။
မထေရ်မြတ်သည်
သံဃာတော်များ ဆွမ်းခံကြွချိန်ဝယ်၊ ကျောင်းစဉ်လှည့်လည်ကာ တံမျှက်စည်းလည်းခြင်း၊ အမှိုက်ကြုံးခြင်း၊
သောက်ရေ သုံးရေ တည်ထားခြင်း၊ ဂိလာနသံဃာတော်များထံ သွားရောက်ခါ အလို့ရှိရာ မှာကြားနိုင်ရန်
လျောက်ထားခြင်း၊ အားပေးစကားများ ပြောကြားခြင်း၊ စသည်သံဃာဝေယျာဝစ္စေများကို နေစဉ်ပြုလုပ်ခဲ့လေသည်။
ရှင်ဘုရင်၏ သားတော်ဖြစ်သော်လည်း စိုးစည်း အနည်းငယ်မျှ မာန်မာနတို့ မရှိခဲ့ခြေ။ “ငါ့အား
ဘဝများစွာ သားကျွန်း မယာကျွန်းတို့ ခံရပေါင်းများခဲ့လေပြီ၊ ကံကောင်းထောက်မစွာဖြင့်
လူဘဝရောက်ခိုက် သာသနာ့ကျွန် သံဃာ့ကျွန်သာပြုတော့အံ့” ဟု နေစဉ်နှစ်လုံးသွင်းခဲ့လေသည်။
ကျောင်းတော်ကြီးဝယ်
မဟိန္ဒမထေရ် အကြိမ်ကြိမ် ဆန္ဒပြုခဲ့သည်ကား - - - -
“သားသ္မီးကို
ချစ်ရသော မိခင်တို့၏ အပူ သောကများ ငြိမ်းပါစေ” (သျန္တိ)။
“သားရှိသောမိခင်၊
မိခင်ရှိသာ သားတို့၏ ချစ်ခြင်းတရား အပြန်အလှန် စီးဆင်းပါစေ” ဟူ၏။
-
ဝါလကင်းလွတ်
သီတင်းကျွတ်လေပြီ၊ သံဃံဘန္တေပဝါရေမိ ဒိဋ္ဌေနဝါ သုတေနဝါ မရိသင်္ကာယဝါ ဝဒန္တု မံ အာယသ္မန္တော
အနုကမ္ဗံ ဥပါဒါယ။ ဒုတိယမ္ဗိ၊ တတိယမ္ဗိ။ “သံဃာတော် အရှင်ကောင်း အရှင်မြတ်တို့ဘုရား၊ ဘုရားတပည့်တော်
လျေက်ထားပါသည် ဘုရားတပည့်တော်၏ မသင့်လျှော်သော ကိုယ်နုတ်အမူအရာတို့ကို မြင်သော်လည်းကောင်း
ကြားသော်လည်းကောင်း ယုံမှားသံသယဖြစ်သော်လည်းကောင်း သနားသည်ကိုအကြောင်းပြု ဆိုဆုံးမမှု
ပြုတော်မူကြပါဘုရား”။ သန္တိမဟာဝိဟာရကြီးမှ သံဃာတော်များ အချင်းချင်း ဖိတ်မံ လျှောက်ထား
ပန်ကြားသံများကို မြင်ယောင်နေပြန်သည်။ သံဃာတော်များ၏ ရိုသားဖြောင့်မတ်ခြင်း သုပ္ဗဋိပန္နဂုဏ်ကို
ဖော်ကြူးနေသည့် သံဃာပဝါရဏာပွဲကြီးပြီးဆုံးခဲ့လေပြီး။ ရှင်မဟိန္ဒအဘို့ သည်ပဝါရဏပွဲကြီးသည်
အမိမြေဝယ်နောက်ဆုံးဖြစ်ခဲ့သည်။ မထေရ်မြတ်သည် သံဃာတော်များကို ဆွမ်းလုပ်ကြွေးရန် မောင်မမိဿံတို့အား
ညွန်းကြားနေသော မယ်တော်ကြီးအား တစ်ချက်လှည့်ကြည့်ကာ “ချစ်ခင်မြတ်နိုးတန်ဘိုးထားရသူများနှင့်
ကွေ့ကွင်းရခြင်းသာ ဆင်းရဲဒုက္ခတစ်ခုဖြစ်သည်မဟုတ်၊ မချစ်မနှစ်သက်သူများနှင့် အတူနေရခြင်းသည်လည်း
ဆင်းရဲလှပါတယ်၊ သို့သော်လည်း ချစ်ခင် ပေါင်းသင်း ဆက်ဆံခြင်းကား ကွေ့ကွင်းနောက်ဆုံးရှိတော့သည်
မယ်တော်” ထိုစကားတို့ကို မထေရ်မြတ်သည် မယ်တော်ကြီးအား ပြောမထွက်ခဲ့ပေ။
-
ဒေဝီမိဘုရားမှ
သားတော် မဟိန္ဒမထေရ်အား ကျောင်းဆောက်လှူဒါန်းသည့် သတင်းကို ကြားသိရသောအခါ၊ အသောက မင်းကြီးသည်လည်း၊
မြတ်စွာဘုရားရှင်၏ ဓါတ်တော်များ၊ ရှင်မဟာမောဂ္ဂလာန၊ ရှင်သာရိပုတြာ စသော အဂ္ဂသာဝက မထေရ်ကြီးများ
ဓါတ်တော်များကို ဌာပနာပြုလျက်၊ သားတော် မဟိန္ဒမထေရ် သီတင်းသုံးရာ (သန္တိမဟာဝိဟာရ) ကျောင်း၏
မနီးမဝေးအရပ်တွင် စေတီတည်ထား လှူဒါန်းခဲ့လေသည်
--
သုံးလောကထွဋ်ထားမြတ်စွာဘုရားနှင့်
ရှင်သာရိပုတ္တရာ ရှင်မဟာမောဂ္ဂလာန်တို့ကဲ့သို့ အရိယာ သူတော်စင်များပင် သင်္ခါရနယ်ပယ်မှ
မလွတ်နိုင်သေးရကား အနိစ္စလက်နက်ဖြင့် တချက်ခွင်းက ဆုံးပါးခြင်း ပရိနိဗ္ဗာန် စံဝင်ကြရကုန်သေး၏၊
ငါ့ကဲ့သို့သော အန္ဓပုထုဇဉ်သည်ကား အဘယ်ဆိုဘွယ်ရာ ရှိတော့အံ့နည်း၊ မုချ သေဆုံးရမည်တည်းဟု
သတိသမ္ဗဇဉ်အမြဲယှဉ်ကား “ငါ” တည်းဟူသော မာန်မာနတို့ငြိမ်းပါစေ။ သျှန္တိ။
ချစ်ခင်ရသော သူတို့နှင့် ကွေ့ကွင်းရခြင်း၊
မချစ်မနှစ်သက်သော သူတို့နှင့် ယှဉ်တွဲနေရခြင်း ဒုက္ခများ ငြိမ်းပါစေ။ (သျန္တိ)
စစ်ဘေး စစ်ဒဏ် မင်းဆိုးမင်းညစ်တို့
နိပ်စက်သောဒဏ်စသည်တို့မှ ငြိမ်းပါစေ။ (သန္တိ)
ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့သည် ဘုရားရှင်၏
မဂ္ဂင်ရှစ်ပါး လမ်းစဉ်တရားကို ကျင့်သုံးလိုက်နာကြလျက် အိုခြင်း နားခြင်း သေခြင်း၊ တဖန်
ပဋိသန္ဓေနေရခြင်း စသော ဒုက္ခမျိုးတို့မှ ငြိမ်းပါစေ။ (သန္တိ)
အစရှိသော ရည်ရွယ်ချက်တို့ဖြင့်၊ ငြိမ်းချမ်းရေစေတီ
(သန္တိ၊ သျန္တိ၊ ဆန်ချီ) ဆန်ချီ ဆန်ချီ ဆန်ချီ ဟူသောအမည်သည် တာဝတိံသာနတ်ပြည်ကို ထိုးဖောက်
အထက်ဘဝဂ်သို့ပင် ရောက်ခဲ့လေပြီတည်း။
- -
ကောင်းကင်ဝယ်
ငှက်တို့သည် အတောင်သာလျှင် ဝန်ရှိကြပြီး သစ်ပင်တို့၌ မတွယ်မငြိ ပျံသွားကြလေသည်။ ရှင်မဟိန္ဒသည်လည်း
မယ်တော်ကြီးနှင့် ရွှေကျောင်းတော်ကြီးကို ကျောခိုင်းလျှက် တူတော်မောင်ကိုရင်သုမနကို
ပစ္ဆာသမဏပြုခါ သီဟိုရ်ပြည်ရှိရာသို့ ကြွမြန်းခဲ့လေသည်။ မယ်တော်ကြီးသည် သားတော် မြေးတော်များ
တိုင်းတစ်ပါးသို့ ထွက်ခွါသွားသော်လည်း သမီးတော် သင်္ဃမိတ္တထေရီ ရှိသေးသည်ဟု အားတင်းလျှက်
မျက်ရည် မကျအောင် ထိန်းနိုင်ခဲ့လေသည်။ နောင်တစ်ချိန် သမီးတော်သည်လည်း သီဟိုရ်သို့
ကြွသွားမည်ကို ကြိုတင်သိရှိခဲ့ပါမူ - - - - - သို့သော် သားတော်နှင့် မြေးတော်တို့၏
ပုံရိပ်တို့သည်ကား - - - - တစ်ဖြေးဖြေဖြင့် ဝေးရာသို့ ရွှေ့လျှားသွားလေပြီ။ ။
= - -= -
- = - =
ဆရာသခင်ကျေးဇူးရှင်တို့၏
အနန္တဂုဏ်ကို အစဉ်သတိရ ဦးထိပ်ပန်ဆင်လျက်
ကိုရင်အာယု (ပူနေးတောရ)
ပူနေး ဝိဒယ ဝိဟာရ်
မဟာရဋ္ဌ
၁၂.၁၂.၂၀၁၅
ရဟန်းသက် (၁၅) ဝါပြည့် အမှတ်တရ