Showing posts with label နေ့ထူး နေ့မြတ်များ. Show all posts
Showing posts with label နေ့ထူး နေ့မြတ်များ. Show all posts
Thursday, May 2, 2013
ငြိမ်းချမ်းရေးအခါတော်နေ့
တရားချစ်ခင်သူတော်စင်အပေါင်းတို့ ယနေ့သည် “နယုန်လပြည့်နေ့” ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ သာသနာသမိုင်းမှာ နယုန်လပြည့်နေ့ကို “မဟာသမယနေ့” လို့ ထူးထူးမြတ်မြတ် သတ်မှတ်ပူဇော်ခဲ့ပါတယ်။ မဟာဝနဆိုတဲ့ တောကြီးထဲမှာ မဟာသန္နိပါတဆိုတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အစည်းအဝေးကြီးတစ်ရပ် ကျင်းပခဲ့ပြီး အလွန်ထူးဆန်းမွန်မြတ်တဲ့ တရားတော်များကို ဟောခဲ့,နာခဲ့ကြရလို့ မဟာသန္တိသုခဆိုတဲ့ ငြိမ်းချမ်းမှုကြီးကို ရခဲ့ကြတဲ့ မဟာသမယ Significant Occasion of Great Assembly (သို့)The great occasion of peace of brotherhood ကြီးကျယ်သည့် အစည်းအဝေးကြီး ကျင်းပရာ ကြီးမြတ်သည့်အခါတော်(သို့)ကမ္ဘာ့ညီအကိုမောင်နှမများ၏ “ကြီးမြတ်သော ငြိမ်းချမ်းရေးနေ့” ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။
ကမ္ဘာဦး မဟာသမ္မတမင်းမှစပြီး မင်းစဉ်မင်းဆက် အစဉ်မပျက် ဆင်းသက်လာခဲ့ရာ ထောင်ပေါင်းများစွာသော မင်းတို့ကိုလွန်၍ သြက္ကာကမင်းဆက်သို့ရောက်မှ သာကီမင်းမျိုးနှင့် ကောလိယမင်းမျိုးဟူ၍ နေရာဒေသကိုစွဲကာ အမည်နှစ်မျိုးကွဲခဲ့ရာ မင်းဆက်ရာပေါင်းများစွာ လွန်သောခါ ညီအစ်ကိုမောင်နှမအရင်းတို့သည် အချင်းချင်း သွေးရင်းသားရင်းများဖြစ်ကြောင်း ကောင်းစွာ မသိကြတော့ဘဲ ဖြစ်ခဲ့ရပါတော့တယ်။ ကျွန်းတော်ထဲမှာ မြို့ပြတည်ကာ အခြေချနေကြတဲ့ သာကိယ၀ံသ လူမျိုးတွေနဲ့ ကလောတောထဲမှာ မြို့ပြတည်ထောင်ကာ နေကြတဲ့ ကောလိယ၀ံသ လူမျိုးတွေဟာ နယ်ခြားမျဉ်းဖြစ်တဲ့ နေရာဟိနီမြစ်က ရေကို မိုးခေါင်သည့် မိုးဦးကာလ လယ်ယာစိုက်ပျိုးရေးအတွက် ရေလုကြရာမှ စပြီး နှစ်ပြည်ထောင်စစ်ပွဲကြီးဖြစ်ဘို့ ခလုပ်တစ်ချက်နှိပ် အနေအထား၊ စစ်သေနာပတိ၏ စစ်မိန့်ပေးသံကို စစ်သားတို့ နားစွင့်နေကြသည့် အနေအထားမှာ မြတ်ဗုဒ္ဓ ကြွတော်မူခဲ့ရပါတယ်။ ဟိမ၀န္တာမှာ မြစ်ဖျားခံသည့် ရောဟိနီမြစ်သည်လည်း နှစ်ပြည်ထောင် ဆွေမျိုးသားချင်းတို့ ငြိမ်းချမ်းစွာ နေကြဟေ့လို့ ပြောနေသည့်အလား ဟိမ၀န္တာ အန၀တတ်ရေအိုင်မှ လျှံထွက်သည့် ရေတို့ကို သယ်ဆောင်ကာနှစ်ပြည်ထောင်အကြားမှာ အေးချမ်းစွာ စီးသွားနေပါတယ်။ သို့သော် ရောဟိနီမြစ်သည် ကမ်းနားတလျှောက်က လယ်သမားတို့၏ အလိုဆန္ဒကို လိုသလောက် မဖြည့်စွက်နိုင်ခဲ့ပါ။ လူတို့၏ လောဘကား ဘယ်တော့မှ မပြည့်နိုင်တဲ့ ပင်လယ်နဲ့လဲတူတယ်။ တိုးမိ,တွေးမိရာ အကုန်ဝါးသည့် တောမီးနှင့်လဲတူတယ်။
သာကီဝင် လယ်သမားနှင့် ကောလိဝင်လယ်သမားများ ရေလုရာကစ၍ ကျေးရွာ၊ နိဂုံး၊ တိုက်နယ်၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ နေပြည်တော်၊ ရွှေနန်းတော် ဘုရင်မင်းတရားများအထိ အဆင့်ဆင့်ကူးစက်ကာ အမှိုက်ကစပြာဿာဒ် မီးလောင်သလို ကြီးကျယ်သည့် နှစ်ပြည်ထောင်စစ်ပွဲကြီးဆင်နွဲဘို့အဆင်သင့် ပြင်နေကြပါတယ်။ သာကီဝင်တို့ဘက်က ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ပရိနိဗ္ဗာန်စံဝင်ပြီးလို့ မဟာနာမ်မင်းအုပ်ချုပ်ချိန်, ကောလိယ၀င်တို့ဘက်က ဘိုးတော်အဉ္ဇနမင်းကြီး နတ်ရွာစံပြီး သုပ္ပဗုဒ္ဓမင်းအုပ်ချုပ်ချိန်လို့ ထင်ရပါတယ်။ နှစ်ဘက်လုံးမှာ သူတော်ကောင်းတရားကင်းပြီး ကိလေသာတွေ,ဒေသ,မာနတွေနဲ့ အံတင်းနေကြပါတယ်။ ရန်ဖြစ်ရတဲ့ အကြောင်းရင်း ၀ိဝါဒ, ကလဟတို့ရဲ့ ဇာစ်မြစ်ကို မသိကြဘဲ စစ်ပြင်ကြခြင်းသာ ဖြစ်ပါတယ်။ လူ့ဘ၀ဇာတ်ခုံမှာ ဖြစ်ရတဲ့ ပြဿနာတွေက အစုံပါဘဲ။
သမ္မာဒိဋ္ဌိဆိုတာ Right understanding of problems of human life လူသားတွေရဲ့ ဘ၀ပြဿနာကို မှန်ကန်စွာ သိမြင်နားလည်ခြင်း ဖြစ်ပါတယ်။ ဒီနှစ်ပြည်ထောင်ကြားမှာ ပြဿနာက ရေပါပဲ။ နောက်မှန်ကန်စွာ သိရမှာက ဘာလဲဆိုတော့ “ပြဿနာရဲ့ အကြောင်းအရင်း လိုတယ်” ဆိုတာပါပဲ။ ဒါကြောင့် သမ္မာဒိဋ္ဌိ Right understanding of sources of human problems လူ့ဘ၀ပြဿနာများရဲ့ အကြောင်းအရင်း လိုတယ်ဆိုတာကို မှန်ကန်စွာ နားလည်ဖို့ပါပဲ။ ဘ၀ပြဿနာနှင့် ဘ၀ပြဿနာတို့ရဲ့ အကြောင်းအရင်းကို နားမလည်ခဲ့ရင် ဒီပြဿနာတွေ ဖြေရှင်းနည်းကိုလဲ နားလည်ဖို့ ဖက်ပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓရဲ့ ဆွေမျိုးသားချင်းတွေဟာ မြတ်ဗုဒ္ဓနှင့် မြတ်ဓမ္မကို မျက်နှာလွှဲကြလျှက် လယ်သမားနှစ်ဦး ရေရလိုသည့်ပြဿနာကို စစ်ခင်း၍ ဖြေရှင်းကြဖို့ လုပ်ကြတာဖြစ်ပါတယ်။ တတိယ သမ္မာဒိဋ္ဌိက ဘ၀ပြဿနာကို နည်းမှန်လမ်းမှန် ဖြေရှင်းခြင်း To understand rightly how to solve the problems ဖြစ်ပါတယ်။
ဆွေမျိုးတို့ရဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်တော်မူလို၍ ကြွတော်မူလာသော ဗုဒ္ဓမြတ်စွာသည် ဆွေမျိုးများ ညီအစ်ကို မောင်နှမများ ငြိမ်းချမ်းစွာ နေကြဖို့ ငြိမ်းချမ်းရေးနဲ့ ညီညွတ်တဲ့ တရားများကို ငြိမ်းချမ်းရေးမြစ်၏ ကောင်းကင်မှာနေပြီး ဟောကြားတော် မူခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမအပေါင်းတို့ သင်တို့ ငါတို့သည် ဘိုး၊ ဘေး၊ ဘီ၊ ဘင် မင်းစဉ်မပျက် တစ်သွေး တစ်သားတည်း ဆင်းသက်လာခဲ့ကြတဲ့ သွေးရင်းသားရင်း ညီအစ်ကို မောင်နှမအရင်းများ ဖြစ်ကြပါတယ်။ အကြောင်းရင်း မစူးစမ်းဘဲ မဆင်မခြင် မပြုကြနှင့်။
“ကမ္ဘာမြေကြီးများ ပြိုကွဲလေလျှင် ဘယ်လိုများ နေရမလဲ” လို့ အကြောင်းမဲ့တွေးပြီး ကြောက်နေတဲ့ ယုန်ကလေးအနီးက ထန်းရွက်ခြောက်ပေါ်မှာ ဥသျှစ်သီးကြွေကျသည်ကို ကမ္ဘာမြေကြီး ပြိုသွားပြီအထင်နှင့် လန့်၍ပြေးနေသော ယုန်ကလေး၏ “မြေပြိုတယ်” ဆိုတဲ့ အသံကို ကြားကာမျှဖြင့် တောတိရစ္ဆာန်တွေ အဆင့်ဆင့်လိုက်ကာ တအုပ်ကြီးပြေးကြတော့ တောကြီးပျက်လုနီးပါး ဖြစ်ခဲ့ဖူးတယ်။ ကိုယ်တိုင် ကြား, မြင်, သိ မဟုတ်ဘဲ သူတစ်ပါး ပြောသံကြားကို အလေးဂရုပြုသူတို့သည် ပရပတ္တိ-သူတစ်ပါးဖို့ချည်း ဖြစ်သည်လို့ ဒုဒ္ဒုဘဇာတ်မှာ မိန့်ဆိုထားပါတယ်။ မြစ်ကလေး ခြားနား နေတာနဲ့ လူမျိုးခြားများ မဟုတ်ကြဘူး။ သွေးသားရင်းများ ဖြစ်ကြောင်း အရင်းအမြစ်ကို သိအောင်လုပ်ကြ၊ ပြဿနာရဲ့ အကြောင်းအရင်းဟာလဲ တန်ဘိုးနည်းလှတဲ့ ရေကလေး တစ်ပေါက်ပဲ လူတို့ရဲ့ သွေးတစ်စက်လောက်မျှ တန်ဘိုးမရှိပါဘူး။ ၀ိဝါဒ၏ အကြောင်းရင်းကို သိအောင်လုပ်ကြဟု ဒုဒ္ဒုဘဇာတ်ဖြင့် ဆုံးမတော်မူပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ - ငုံးတွေ ထောင်ပေါင်းများစွာဟာ အချင်းချင်း ၀မ်းမြောက်ဝမ်းသာ ရှိကြတုန်းက မုဆိုးပစ်အုပ်သည့် ပိုက်ကွန်ကို တစ်ညီတည်း မ,ယူကာ သေဘေးမှ လွတ်မြောက်ခဲ့ကြတယ်။ အချင်းချင်း ၀မ်းမသာနိုင်ကြ၊ ညီညွတ်မှု မရကြတဲ့အခါ ပိုက်ကွန်ကို မ,ချီနိုင်သည့် အင်အား မရှိတော့တဲ့အတွက် အားလုံး သေဆုံးကြရတယ်။ ဒါ့ကြောင့် ၀မ်းသာကြေနပ်အောင် နေကြ။ အချင်းချင်း ၀မ်းမြောက်နေကြမှ ညီညွတ်တဲ့ ခွန်အားကိုရမယ်။ အဒါမှ တကယ့်ခွန်အား မုဆိုးဟာ နှောက်ယှက်ဖို့ အမြဲစောင့်ပြီး ချောင်းနေတယ်။ တစ်ယောက်နဲ့ တစ်ယောက် ၀မ်းမြောက်ဝမ်းသာဖြစ်အောင် မနေတတ်ရင် မုဆိုးအစာ ဖြစ်တတ်တယ်ဟု သမ္မောဒမာနဇာတ်တော်ဖြင့် ၀မ်းမြောက်စွာနေနည်း,ရှုနည်းကိုလည်း ဆုံးမတော်မူပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ သစ်ပင်တို့သည် ငယ်ပင်ငယ်သော်လည်း အချင်းချင်းမှီကပ်၍ ကြပ်ညပ်စွာ ပေါက်ရောက်နေပါလျှင် လေပြင်းမုန်တိုင်း တိုက်ခတ်သော်လည်း မပြိုလဲနိုင်ပါ။ ကြီးမားသော သစ်ပင်ကြီးသည် လွင်ပြင်မှာ တစ်ပင်တည်း ပေါက်ရောက်နေခဲ့သော် လေပြင်းတိုက်ခတ်၍ ပြိုလဲနိုင်ပါတယ်။ ထိုနည်းတူစွာ အင်အားပင်ကြီးမားသော်လည်း စည်းလုံးညီညွတ်မှု မရှိခဲ့သော် ရန်သူတို့ လွယ်ကူစွာ တိုက်ခိုက် ဖြိုဖျက်နိုင်တယ်။ ဒါ့ကြောင့် ထိထိစပ်စပ် စိစိညပ်ညပ် ပေါက်နေတဲ့ တောအုပ်ကြီးလို အချင်းချင်း သွေးသားအရင်းပီသစွာ ကျောချင်း ရင်ချင်းကပ် နေကြဖို့ကို ရုက္ခဓမ္မဇာတ်တော်ဖြင့် ဆုံးမတော်မူပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ လူတို့ပြုဖွယ်ရာ အရာရာသော ကိစ္စတိုင်းမှာ ခွန်အားသုံးလျှင် ပြီးစီးတယ်လို့ ခွန်အားကြီးသူတို့ ယူဆကြတယ်။ အဲဒါ တကယ်မမှန်ဘူး။ ဗာလခေါ်ဆို ထိုပုဂ္ဂိုလ်တို့အတွက် ထိုခွန်အားသည် ခွန်အားသုံးတဲ့ ဗာလကို ပြန်သတ်ဖို့ ဖြစ်တတ်တယ်။ လယ်ထဲက ထယ်ခဲကြီးမားနေတဲ့ ဘီလုံးမလေးက လမ်းလျှောက်လာတဲ့ ဆင်ပြောင်ကြီးကို တောင်းပန်ရှာတယ်။ ထယ်ခဲကြားမှာ သူမရဲ့ သားကလေးတွေ ရှိနေပါတယ်။ အတောင်မပေါက်သေးလို့ မပျံနိုင်သေးပါဘူး၊ အရွယ်မရောက်သေးတဲ့ ငှက်ငယ်လေးတွေကို မနင်းမိအောင် ရှောင်ကွင်းသွားဖို့ ရို့ရို့ကြိုးကြိုး ပြောပါတယ်။ ဒါပေမယ့် ဆင်ပြောင်ကြီးက သူ့ရဲ့ခွန်အားကို အားကိုးမာန်ရစ်ပြီးတော့ ဗီလုံးငှက်မလေးရဲ့ တောင်းပန်စကားကို အလေးမထားဘဲ “ငါ့လမ်းငါလျှောက် ဘယ်ရောက်ရောက်ပေါ့” ဆိုကာ အတောင်မပေါက်သေးတဲ့ ငှက်ငယ်ကလေးများကို နင်းသက်သွားခဲ့လို့ ငှက်ငယ်ကလေးများ သေဆုံးခဲ့ကြရရှာတယ်။
ခွန်အားပင်ငယ်သော်လည်း စည်းရုံးအားကောင်းတဲ့ ဗီလုံးငှက်မလေးဟာ ကျီးကန်းကိုစည်းရုံး ဆင်ကြီး၏မျက်လုံးကို ဖောက်စေခဲ့တယ်။ ယင်မမဲရိုင်းတွေသိမ်းသွင်းကာ ဆင်ပြောင်ကြီး၏ မျက်လုံးပေါက်မှာ ပိုးလောက်တွေ တွယ်စေခဲ့တယ်။ ဖားကို စည်းရုံးနိုင်ပြန်တော့ တောင်ချောက် ကမ်းပါးကနေ အော်စေခဲ့တယ်။ ရေရှိတယ်အထင်နှင့် ဆင်ကန်းတောတိုးတော့ တောင်ကမ်းပါးက ချောက်ထဲကျ သေခဲ့ရတယ်။ အင်အားသုံး၍ ဒေါသဖြင့် မပြုသင့်ကြောင်း ကောင်းစွာဆုံးမသောအားဖြင့် လဋုကိကဇာတ်ကို ဟောတော်မူခဲ့ပါတယ်။
အဲဒီတော့ ပြဿနာတွေရဲ့ အကြောင်းအရင်းတွေဟာ လောဘ,ဒါသ,မောဟ,မာနတွေပါပဲ။ မိမိသဏ္ဌာန်မှာဖြစ်တဲ့ ကိလေသာတွေကို မိမိကိုယ်တိုင် သိမြင်နားလည်တဲ့အခါ မိမိကိုယ်ကို ယဉ်ကျေးစေဖို့ အတ္တဒန္တသုတ်၊ မိမိကိုယ်ကို မိမိကိုယ်တိုင် ဒဏ်ထားဖို့ မိမိ၏လက်ကိုင်ဒုတ်တောင်ဝှေးသဖွယ် သုံးစွဲဖို့ အတ္တဒန္တသုတ်၊ မိမိတို့၏ ကောင်းကျိုးချမ်းသာများသည် မိမိတို့၏ ကောင်းကျင့်ကောင်းမှုများကြောင့် ဖြစ်ကြရတယ်။ မိမိတို့၏ မကောင်းကျိုးဆိုးပြစ် ဆင်းရဲဒုက္ခ ဘေးရန်များသည် မိမိတို့ မကောင်းမှု အကျင့်ဆိုးများကြောင့်ပင် ဖြစ်ကြရတယ် စသည့်သဘောများကို အတ္တဒန္တသုတ်ဖြင့် ဆုံးမတော်မူရာမှာ သာကိယ နှင့် ကောလိယ နှစ်ပြည်ထောင် ဖြစ်လုနီးပါး စစ်ပွဲကြီးရဲ့ တင်းမာမှုများဟာ နူးညံ့ပျော့ပြောင်းခြင်းသို့ ပြောင်းခဲ့ရပါတယ်။ ဒေါသ,မာနတွေ ကျဆင်းသွားတော့ ဆွေရင်းမျိုးရင်း သွေးရင်းသားရင်း ညီအစ်ကို မောင်နှမရင်းများဖြစ်ကြောင်း ကောင်းစွာသိကြပြီး လက်နက်များကို ရောဟိနီမြစ်ထဲမှာ မျှောချ,နောင်တော်မြတ်ဗုဒ္ဓကို ဦးနှိမ်ချ ငြိမ်းချမ်းရေးကို ရယူခဲ့ကြပါတယ်။
အပြီးတိုင် ငြိမ်းချမ်းရေးအရယူဖို့ တစ်ဘက်(၂၅၀)စီသော စစ်သည်တော်မင်းမျိုးတို့ ရဟန်းပြုခဲ့ကြပါတယ်။ အဲဒီ သာကီဝင် ကောလိယ၀င် ရဟန်းငါးရာတို့ကို ဟိမ၀န္တာ ကုဏာလရေအိုင်အနီးမှာ ကုဏာလဇာတ်ကို ဟောခြင်းဖြင့် သာသနာတော်၌ စွဲမြဲစွာ ပျော်နေစေခဲ့ပါတယ်။ နယုန်လပြည့်နေ့မှာတော့ မဟာဝနဆိုတဲ့ ကပိလ၀တ်အနီး ဟိမ၀န္တာတောင်ခြေက တောကြီးထဲမှာ ရဟန်းငါးရာလုံး အပြီးတိုင်ငြိမ်းချမ်းရေး သန္တိသုခကို အပိုင်ရ၍ရဟန္တာဖြစ်ကြပါတယ်။ ထိုစစ်ပြေငြိမ်းသည့် စစ်သည်တော်ဘ၀ပြောင်း သာကိယ-ကောလိယ မင်းမျိုးရဟန်းငါးရာနှင့် မရေမတွက်နိုင်သော နတ်ဗြဟ္မာများ သက်ရှိမြတ်စွာဘုရားနှင့် နိမ္မိတဘုရားတို့ရဲ့ကြီးမြတ်တဲ့ အစည်းအဝေးကြီးကို ဒီနယုန်လပြည့်နေ့မှာ ဆင်ယင်ကျင်းပတော်မူကြပြီး ဘုရားနှစ်ဆူတို့အချင်းချင်း အပြန်အလှန် ဆွေးနွေးဖြေကြားတော်မူကြကာ တရားဒေသနာ (၆)မျိုးကို ဟောကြားတော်မူခဲ့ပါတယ်။
ယခုလို ကြီးကျယ်မွန်မြတ်တဲ့ ဖြစ်ရပ်ကြီးများကို မဟာသမယခေါ်ပါတယ်။ အဲဒီဖြစ်ရပ်ကြီးများ ဖြစ်ပေါ်ခဲ့ရာနေ့ကို ‘မဟာသမယနေ့’နေ့လို့ခေါ်ပါတယ်။ ဥပမာပြောရရင် မြန်မာတိုင်းရင်းသား တိုင်းရင်းသူ ညီအစ်ကို မောင်နှမတွေဟာ ပင်လုံမှာ စည်းလုံးညီညွတ်ခဲ့ကြပြီး လွတ်လပ်ရေးရယူခဲ့ကြတော့ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့နဲ့ ဇန်န၀ါရီ(၄)ရက်တို့ဟာ မြန်မာတို့ ဘယ်တော့မှ မေ့ပျောက်မရတဲ့ မဟာသမယနေ့များပါပဲ။ ဇူလိုင်လ(၄)ရက်နေ့ဟာ အမေရိကန်တို့ နှစ်ပေါင်းများစွာ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်လာရာက ငြိမ်းချမ်းညီညွတ်ကြပြီိး လွတ်လပ်ရေးရယူကာ ပြည်ထောင်စုကြီး တည်ထောင်ခဲ့တဲ့ နေ့ဟာလည်း အမေရိကန်တွေရဲ့ မဟာသမယပဲဖြစ်ရမှာပါ။ ရှင်ဘုရင်တွေက Land ဆိုတဲ့ မြေကြီးတွေ နယ်မြေတွေကို လက်တကမ်း လက်လှမ်းမှီရာ သိမ်းပိုက်စိုးစံခဲ့တဲ့ အင်္ဂလန်၊ အိုင်ယာလန်၊ စကော့တလန် စတဲ့ ကျွန်းကလေးတွေပေါ်မှာ The Act of Union ဆိုတဲ့ ညီညွတ်ရေး ဥပဒေတစ်ခုကို စုပေါင်းရေးဆွဲခဲ့ကြပြီး ရှင်ဘုရင်တစ်ယောက်တည်း၊ ၀န်ကြီးချုပ်တစ်ယောက်တည်း၊ ပါလီမာန်တစ်ခုတည်း၊ ၀ါဒတစ်ခုတည်းမှာ ပေါင်းစုညီညွတ်ကြပြီး United Kingdom ညီညွတ်သော ဘုရင့်နိုင်ငံတော်ကို စတင်ခဲ့ကြတဲ့ ၁၈၈၀ ခုနှစ်များလဲ အင်္ဂလန်တို့သမိုင်း မမေ့နိုင်တဲ့ မဟာသမယဘဲ ဖြစ်မှာပါ။
ကမ္ဘာအနှံ့ဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ နိုင်ငံပေါင်းစုံ ပါဝင်ဖွဲ့စည်းခဲ့တဲ့ United Nations ကုလသမဂ္ဂအဖွဲ့ကြီးဟာလည်း World Peace=ကမ္ဘာ့ငြိမ်းချမ်းရေး၊ World Security=ကမ္ဘာ့လုံခြုံရေး၊ International Cooperation=တိုင်းပြည်အသီးသီး လူမျိုးအသီးသီးတို့ ပူးပေါင်းညှိနှိုင်းဆွေးနွေးရေး၊ International Brother hood Spirit=ကျယ်ပြန့်တဲ့ ဆွေမျိုးသားချင်းစိတ်ဓာတ်တွေမွေးပြီး အချင်းချင်း လက်တွဲဆောင်ရွက်ရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာ(၂၄)ရက်နေ့မှာ ဖွဲ့စည်းခဲ့တယ်။ အဲဒီလို တိုင်းပြည်နိုင်ငံအားလုံး ညီညွတ်ငြိမ်းချမ်းတဲ့ ကုလသမဂ္ဂနေ့ကြီးဟာလဲ Great Occasion Of United Nation=ကုလသမဂ္ဂ မဟာသမယနေ့ကြီးလို့ ဆိုရမှာပါဘဲ။ သို့သော်-
အထက်နားမှာ ပြောခဲ့တဲ့ ညီညွတ်သောအခါတော်နေ့၊ ငြိမ်းချမ်းသောအခါတော်နေ့၊ လွတ်လပ်သော အခါတော်နေ့များဟာ လောကီနယ်မှာ လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေနဲ့သာ လုံးထွေးရစ်ပတ် သတ်မှတ်ထားကြတာတွေ ဖြစ်နေတဲ့အတွက် အကြောင်းရင်းမှန်ကို မသိယောင်ဆောင်မှု၊ သူတစ်ပါးကို အပြစ်ဖို့တင်မှု၊ မိမိကိုယ်ကိုအမှန်ထား ရှေ့တန်းတင်မှု၊ တင်းမာမှု၊ ပူပန်မှု၊ မကြေနပ်မှု၊ အတိုင်းအတာနှင့် စည်းကမ်းမဲ့ လိုလားမှုတွေ ပြည့်၊ ဒုက္ခတွေ ဘ၀ဂ်ထိနေကြပါတယ်။ အဲဒါကြောင့် သာကိယမင်းနှင့် ကောလိယမင်းတို့က မြတ်ဗုဒ္ဓနှစ်ဆူကို သဘာပတိထား နတ်ဗြဟ္မာများစွာ တက်ရောက်တဲ့ မဟာသမယ=ကြီးကျယ်မြင့်မြတ်တဲ့ အပြီးတိုင်ငြိမ်းချမ်းရေး အခါတော်နေ့ ကျစ်လစ်ခိုင်မာတဲ့ ဘယ်တော့မှ မပြိုလဲဘဲ သန္တိနိဗ္ဗာန်ဟူသော တစ်ခုတည်းသော ရည်မှန်းချက်ပန်းတိုင်ထားပြီး အရဟတ္တဖိုလ်စိတ် တစ်စိတ်တည်းပေါ်မှာ တည်ဆောက်ထားတဲ့ တကယ့်ညီညွတ်သော အခါတော်နေ့ကြီးကို အပြန်အလှန် သုံးသပ်ကြဖို့ အလေးအနက် နှိုးဆော်ပါတယ်။
အပြီးတိုင်ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအောင်ပွဲရ၊ ငြိမ်းချမ်းသူ၊ ညီညွတ်သူတို့ စည်းဝေးကြသည့် ဤ မဟာသမယနေ့မှာ မြတ်ဗုဒ္ဓက လောက၏ပြဿနာ, ဘ၀၏ ပြဿနာတို့ကို ဖြေရှင်းဖို့နှင့် လောကဘ၀ စရိုက်ကောင်းများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တရားဒေသနာ ဓမ္မ (၆)မျိုး ဟောကြားတော်မူခဲ့ပါတယ်။
၁။ ရယူလိုခြင်း၊ သိမ်းပိုက်လိုခြင်း၊ ပိုင်ဆိုင်ထားလိုခြင်း
ဆိုတဲ့ လောကပြဿနာ၏ အကြောင်းရင်း မူလ ‘လောဘတဏှာ’ ကိုပယ်စွန့်ဖို့ သမ္မာပရိဗ္ဗာဇနိယ သုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၂။ ရန်ဖြစ်ခြင်း၊ ငြင်းခုံခြင်း၊ ကွဲပြားခြင်း၊ ညှင်းဆဲခြင်း ဆိုတဲ့ ဘ၀ပြဿနာ၏ အကြောင်းရင်းမူလ ‘ဒေါသ၊ အာဃာတ’ ကို ပယ်သတ်ဖို့အတွက် ကလဟ ၀ိဝါဒသုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၃။ ဘ၀ပြဿနာအထွေထွေနှင့် သူ၏အကြောင်းရင်း တို့ကို အမှန်အတိုင်း မသိ၊ နားမလည်နိုင်မှုဟူသော ‘အ၀ိဇ္ဇာ၊ မောဟ’ကို ပယ်စွန့်နိုင်ဖို့ မဟာဗျူဟသုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၎။ ထောက်တည် မရ၊ ဦးတည်ရာ မရှိ၊ အကြောင်း အကျိုးမဲ့ တွေးတောကြသည့် တက္ကီဝါဒီ အတွေးအခေါ်သမားတို့၏ လေတိုက်ရာလွင့်သည့် မိုးတိမ်ကဲ့သို့သော စိတ်ကို ထောက်တည်ရာရ, ငြိမ်သက်ကြစေဖို့ စူဠဗျူဟသုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၅။ စိတ်ထား နူးညံ့သူ၊ ယုံကြည်မှု၊ ကြည်ညိုမှု၊ သဒ္ဓါအား ကောင်းသူတို့အတွက် ယုံကြည်မှု၊ ကြေနပ်ကြည်ညိုမှုတို့ဖြင့် ပြည့်နေသောစိတ်ကို ‘သဒ္ဓါ၊ ပညာ’ တို့ဖြင့် မတိမ်းမစောင်း ထိန်းကြောင်းဖို့အတွက် တုဝဋကသုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၆။ ဝေဖန်စိစစ်ခြင်းများပြီး ယုံကြည်မှုအားနည်းကြသည့် ပညာတတ်များး၏ စိတ်ကို တည်ကြည် တည့်မတ်စေဖို့ ပုရာဘေဒ သုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ ဤသို့လျှင် အလွန်မှတ်သားဖွယ်၊ ကြည်နူးဖွယ်ကောင်းသည့် တရားဒေသနာ(၆)သုတ်တို့ကို နယုန်လပြည့် မဟာသမယ အခါတော်နေ့မှာ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါများစွာတို့ နာကြားခွင့် ရရှိကြသဖြင့် များစွာသော အကျိုးကျေးဇူးရကြ၊ အပြီးတိုင် ညီညွတ်ကြ၊ ငြိမ်းအေးကြရသလို လောကပြဿနာ ဘ၀ပြဿနာတို့၏ အကြောင်းရင်းတို့ကို အမှန်သိအောင်ရှာ၊ မဟာသမယသုတ္တာန်(၆)မျိုးမှာ လာသည့်နည်း(၆)ပါးတို့ဖြင့် ဘ၀ပြဿနာတို့ကို ဖြေရှင်းနိုင်ကြပါစေ။ အလွန်ခိုင်မြဲညီညွတ်မှု Consolidated Unity မွန်မြတ်သည့် စိတ်ဓာတ်တို့ ဖွံ့ဖြိုးတိုးတတ်မှု Good-Will Progress အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတတ်မှု Intellectual Progress တို့ကို လောက၏ဆရာ မြတ်ဗုဒ္ဓဆုံးမသည့် သာသနာတော်မှာ ရယူနိုင်ကြပါစေဟု မဟာသမယ အခါတော်နေ့မှာ မဟာဓမ္မပတ္ထနာဆု ကောင်းစွာ တောင်းလိုက်ရပါကြောင်း သူတော်ကောင်း အပေါင်းတို့။
နဟိဝေရေန ဝေရာနိ၊
သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊
ဧသ ဓမ္မော သနန္တနော။
ဤလောက၌ ရန်တို့သည် ရန်တုံ့ပြန်ခြင်းဖြင့် ငြိမ်းရိုးထုံးစံ မရှိကြပေ။ ရန်တို့သည် ရန်တုန့်ပြန်မှု မပြုကြမှ ငြိမ်းရိုးထုံးစံ ရှိကြကုန်၏။ ဤသဘောသည် ရှေးရိုး ရှေးဟောင်း သူတော်ကောင်း ကျင့်စဉ်ဖြစ်၏။
Hatreds never cease through hatred in this world; through love alone they cease. This is an eternal law.
သုသုခံ ၀တ ဇီဝါမ၊
ဝေရိနေသု အဝေရိနော။
ဝေရိနေသု မနုေဿသု၊
ဝိဟရာမ အဝေရိနော။
ရန်ပြုကြသူ လူတို့အလယ်၌ ရန်မပြုကြသော ငါတို့သည် အလွန် ချမ်းသာစွာ အသက်ရှင်ကြရကုန်၏။ ထို့ကြောင့် ရန်ပြုကြသူ လူတို့အလယ်၌ ရန်မပြုဘဲ နေကြပါကုန်စို့။
သီတဂူစမ်းလပမာ ချမ်းမြသာယာရှိကြပါစေ။
အဓိပတိ ဆရာတော်
သီတဂူ ဗုဒ္ဓတက္ကသိုလ်
ဝါဆိုလပြည့် ဓမ္မနေ့
ဒီကနေ့ဟာ ၀ါဆိုလပြည့်နေ့ဖြစ်ပါတယ်။ ၀ါဆိုလပြည့်နေ့မှာ မြတ်ဗုဒ္ဓသည် ဓမ္မစက်ကို စတင်လှည့်တော်မူသောကြောင့် ဓမ္မရတနာ၏ အစဖြစ်သောနေ့ကို ဓမ္မနေ့ဟု ခေါ်နိုင်ပါသည်။ ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖွားရာ၊ ပွင့်ရာနေ့ဖြစ်သောကြောင့် ဗုဒ္ဓနေ့ဖြစ်ရသလို ၀ါဆိုလပြည့်နေ့ဟာလဲ ဓမ္မရတနာ၏ စတင်ရာနေ့ဖြစ်သောကြောင့် ဓမ္မနေ့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ထို့ပြင် သံဃာရတနာ စတင်ပေါ်ပေါက်ရာနေ့လဲဖြစ်နေ ပြန်ပါသေးတယ်။
မြတ်ဗုဒ္ဓသည် ဓမ္မစက္ကသုတ်ကို မိဂဒါဝုန်မှာ စတင်ဟောသောအခါ အရှင်ကောဏ္ဍညသည် ဓမ္မကို အဦးဆုံးသိပြီး ဓမ္မစက္ခုကို ရတော်မူကာ မြတ်ဗုဒ္ဓထံမှာ အစစွာသော ဧဟိဘိက္ခု ရဟန်းသံဃာ ဖြစ်ခဲ့ပါသည်။ ၀ါဆိုလပြည့်နေ့မှာ အရှင်ကောဏ္ဍည ရဟန်းဖြစ်ပြီးမှ ကျန်သော(၄)ပါးတို့ တရက်တပါး အစီအစဉ်အတိုင်း ရဟန်းဖြစ်ကြရာ ၀ါဆိုလပြည့်ကျော်(၄)ရက်နေ့မှာ သံဃာ(၅)ပါး ဖြစ်ပေါ်ခဲ့ပါသည်။ မြတ်ဗုဒ္ဓသည် ၀ါဆိုလပြည့်နေ့မှစ၍ လပြည့်ကျော် (၄)ရက်နေ့တိုင် ဓမ္မစက္ကသုတ်ကို (၅)ရက် တဆက်တည်း ထပ်ခါထပ်ခါ ဟောတော်မူခဲ့ပါသည်။ တရက်တပါး အသီးသီး သောတာပန် ရဟန်းသံဃာ ဖြစ်တော်မူခဲ့ကြသည်။
အရှင်မြတ်(၅)ပါးတို့ကို လပြည့်ကျော်(၅)ရက်နေ့မှာ တပေါင်းတည်းပြု၍ အနတ္တလက္ခဏသုတ်ကို ဟောတော်မူခဲ့ရာ (၅)ပါးလုံးပင် တပြိုင်နတ်တည်း ရဟန္တာဖြစ်တော်မူခဲ့ကြပါသည်။ အရှင်ကောဏ္ဍညကတော့ အရိယာဖြစ်ရာမှာလဲ အစောဆုံး၊ ရဟန်းဖြစ်ရာမှာလဲ အစောဆုံးဖြစ်လို့ ရဟန်းသံဃာထဲမှာ သိက္ခာ အကြီးဆုံးပါပဲ၊ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့ဟာ မြတ်ဗုဒ္ဓသာသနာမှာ ရာထူးဌာနန္တရ ကြီးမြင့်ကြပေမယ့် (၇)လ၊ (၈)လခန့်ကျပြီးမှ ရဟန်းဖြစ်ကြတာမို့ ရဟန်းသိက္ခာငယ်ကြပါတယ်။ သိဒ္ဓတ္ထမင်းမြတ်ကို ကမ္ဘာသုံးနှစ် B.C.E (623) ခု ကဆုန်လပြည့်နေ့တွင် ဖွားမြင်တော်မူခဲ့ပါသည်။
အသက် (၁၆) နှစ်မှစ၍ (၂၉) နှစ်အထိ မင်းနန်းတော်မှာ ကာမဂုဏ်စည်းစိမ်ခံစားနေရင်း ကာမသည် ယုတ်ညံ့၏၊ ညံ့ဖျင်းသူတို့အကျင့်ဖြစ်၏၊ ကိလေသာ ထူသောသူတို့၏ ဥစ္စာဖြစ်၏၊ သူတော်သူမြတ်တို့ မမှီဝဲအပ်၊ ကောင်းကျိုး ချမ်းသာ ဘာမှမဖြစ်ဟု သဘောပေါက်နားလည်ကာ ကာမကို စွန့်လွှတ်၍ ဓမ္မကိုရှာဖွေဖို့ မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလာတောသို့ ၀င်ခဲ့ပါတယ်။
ဥရုဝေလာတော၌ ရှေးဟောင်းအိန္ဒိယရသေ့, ယောဂီ, ပရဗိုဇ်တို့၏ အကျင့်ဟောင်းမှန်သမျှကို ဆရာအသီးသီးထံ ချဉ်းကပ်၍ အပြင်းအထန်ကျင့်ခဲ့ရာ (၆)နှစ်မျှ ကြာခဲ့ပါသည်။ သို့သော် ထိုရှေးဟောင်း အိန္ဒိယယောဂီ, ပရဗိုဇ်တို့၏ အကျင့်များလည်း မိမိသလိုသော ဓမ္မကို မသိစေနိုင်ဘဲ ရလိုသောဉာဏ်ကိုလည်း မရစေနိုင်သည့်အတွက် ကိုယ်ကိုပင်ပန်းရုံ၊ နှိပ်စက်ရုံမျှသာဖြစ်၏။ အရိယာသူတော်သူမြတ်တို့ အကျင့်မဟုတ်ဟု သဘောပေါက်ကာ ထိုဒုက္ကရစရိယာကိုလည်း စွန့်လွှတ်တော်မူခဲ့ပြန်ပါတယ်။
ဤသို့လျှင် သိဒ္ဓတ္ထဂေါတမသည် ကာမသုခကို ခံစားသောအကျင့်နှင့် ကိုယ်ခန္ဓာကိုနှိပ်စက်သောအကျင့်ဟူသော အန္တ=အစွန်းနှစ်ပါးတို့ကို စွန့်လွှတ်ပြီး မိမိကိုယ်တိုင် စီစဉ်တီထွင်ခဲ့သည့် သီလ၊ သမာဓိ၊ ပညာဟူသော မဇ္ဈိမပဋိပဒါကို မျှတစွာကျင့်သုံးတော်မူခဲ့ရာ ကမ္ဘာသုံးနှစ် B.C.E (588) ခု၊ ကဆုန်လပြည့်နေ့တွင် ဓမ္မအလုံးစုံကို မည်သူ့အကူအညီမျှမပါဘဲ ကိုယ်တိုင်သိပြီး ဉာဏ်အားလုံးကို ရရှိတော်မူသောကြောင့် သမ္မသမ္ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။
မြတ်ဗုဒ္ဓသည် ဗုဒ္ဓဖြစ်ပြီးနောက် ရက်သတ္တ (၈) ပတ်အကြာ အဇပါလ ညောင်ပင်အောက်မှာ နေ့စဉ်တရားဟောဖို့ အကြံဖြစ်ခဲ့ရာ တရားဦး ဟောကြားရမည့်သူကို ရှာဖွေခဲ့ရာ အာဠာရနှင့်ဥဒက ရသေ့ နှစ်ယောက်တို့အား ဦးစွာဟောဖို့ အကြံဖြစ်ပါသည်။
ထိုအာဠာရနှင့်ဥဒက ရသေ့ကြီးနှစ်ယောက်တို့သည် သိဒ္ဓတ္ထမင်းမြတ်နှင့် အလွန်ချစ်ကျွမ်းဝင်ကြသည့် စိတ်ကောင်းရှိသော မိတ်ဟောင်းများ ဖြစ်ကြသည်။ သို့သော် ထိုနှစ်ယောက်တို့မှာ တစ်ယောက်က (၁) ရက်၊ တစ်ယောက်က တစ်ပတ်စော၍ ကွယ်လွန်ခဲ့ကြပြီး ဘ၀ဂ်သို့ ရောက်နေခဲ့ကြလေပြီ။ ခန္ဓာမစုံသည့်ဘ၀ဂ်ဘုံသား ထိုမိတ်ဟောင်းရသေ့ကြီးနှစ်ယောက် တို့သည် မြတ်ဗုဒ္ဓက သူ၏တရားဦးကို ဟောလိုသော်လည်း ရုပ်ခန္ဓာမရှိသည့်သူတို့မှာ မြတ်ဗုဒ္ဓ၏ တရားဦးကို အကြီးအကျယ် ဆုံးရှုံးလက်လွှတ်ခဲ့ကြရလေသည်။
ထိုအခါ မြတ်ဗုဒ္ဓသည် ဆရာကြီးနှစ်ယောက်တို့အား ဟောကြားမဖြစ်သည့်အတွက် တပည့်ဟောင်း (၅) ယောက်တို့ကို တရားဦးဟောဖို့ ပြင်ဆင်ခဲ့ရလေသည်။ ထို့ကြောင့် ဘုရားဖြစ်ပြီးနောက် ရက်သတ္တ(၈)ပတ်အလွန် ၀ါဆိုလဆန်း(၁၃)ရက်နေ့မှ စတင် မဟာဗောဓိပင်မှ မိဂဒါဝုန်သို့ ကြွရောက်ခဲ့ရာ ၀ါဆိုလပြည့်နေ့ညချမ်းမှာ ကာသိတိုင်း ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောအုပ်သို့ ဆိုက်ရောက်ပါသည်။ တပည့်ဟောင်း (၅) ယောက်တို့နှင့် ပြန်လည်ဆုံတွေ့တဲ့ ထိုဝါဆိုလပြည့်နေ့မှာ အရှေ့အရက်၌ လပြည့်ဝန်းထွက်ပြူစ၊ အနောက်အရပ်၌ နေခြည်ဝန်းက ၀င်ကာစ၊ နေနှင့်လ နှစ်ပါးအပြိုင်ပြု၍ ငွေရည်ရွှေရည်တို့ဖြင့် သွန်းအပ်သောမိဂဒါဝုန်၏ ညနေခင်း ဆည်းဆာချိန်ခါဝယ် တပည့်ဟောင်း (၅)ယောက်တို့အား ‘ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ’ အစချီသော ဓမ္မစက်ကို ဟောမြွတ်တော်မူခဲ့ပါတယ်။
ဤသုတ္တာန်မှာ=
၁။ ရှောင်ရန် အစွန်းနှစ်ပါး။
၂။ လိုက်နာကျင့်သုံးရန် အလယ်လမ်း နှင့်
၃။ ထိုးထွင်း သိမြင်ဖို့ သစ္စာလေးပါးတို့ကို ဟောတော်မူခဲ့ပါသည်။
ထို့ပြင် သစ္စာလေးပါးတို့ကို (၁၂) ပါးသော အခြင်းအရာဖြင့် ကိုယ်တော်တိုင် သိတော်မူခဲ့သဖြင့် ‘ငါသည် ဧကန်စင်စစ် ဗုဒ္ဓဖြစ်ပြီ’ဟု ကြေညာနိုင်ခဲ့ပြီဟုလည်း ဟောတော်မူခဲ့ပါသည်။
ဤဓမ္မစက္ကသုတ်တော်၌=
ကာမသုခကို ခံစားခြင်းနှင့် ကိုယ်ကိုနှိပ်စက် ပင်ပန်းစေသော အကျင့်များကို ရှောင်ရှားရန် ဟောတော်မူခဲ့ပါတယ်။ အထက်မှာ ရှင်းပြခဲ့ပါပြီ၊ လိုက်နာရန်ကတော့ ကိုယ်နှုတ်နှစ်ပါးကို လွန်ကြူးမှု မဖြစ်အောင် ထိန်းသော သီလ၊ စိတ်ဖေါက်ပြန်သောင်းကျန်းမှုတွေကို ငြိမ်သက်စေသော ကျင့်စဉ်သမာဓိ နှင့် ခန္ဓာ၌ရှိသော အရှိတရား အမှန်တရားတို့ကို အသေးစိတ်သိသော ပညာကျင့်စဉ်လို့ဆိုရတဲ့ စိတ်အညစ်အကြေးကို သန့်ရှင်းစေသော နည်းလမ်းများပါပဲ။ အဲဒါဟာ မဇ္ဈိမပဋိပဒါ ပါပဲ။
ဒီ သီလ၊ သမာဓိ၊ ပညာကို ကျင့်သုံးခြင်းဖြင့်
၁။ ခန္ဓာသည် ထိုးထွင်းသိမြင်အပ်တဲ့ ဒုက္ခသစ္စာ၊
၂။ တဏှာခေါင်းဆောင်တဲ့ ကိလေသာတွေဟာ ပယ်ရှားရမည့် သမုဒယသစ္စာ၊
၃။ တဏှာ၏ အကြွင်းမဲ့ချုပ်ရာ နိဗ္ဗာန်ဟာ ဆိုက်ရောက်ရမည့် ပန်းတိုင် နိရောဓသစ္စာ၊
၎။ သီလ၊ သမာဓိ၊ ပညာတရားတို့သည် အစွန်းလွတ်အောင် ကိုယ်စောင့်ရှောက်ရမည့် လမ်းမှန် မဂ္ဂသစ္စာ၊
ဤသစ္စာလေးပါးကို ကိုယ်တိုင်ကျင့်ခြင်းဖြင့် ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်း သိမြင်ပုံကို ဟောတော်မူခဲ့ပါတယ်။
ဤတရားဒေသနာ အဆုံးမှာတော့ အရှင်ကောဏ္ဍညဟာ သဘောပေါက် သိမြင်သွားတာက ‘သမုဒယဓမ္မအားလုံးဟာ နိရောဓရောက်လျှင် အပြီးအဆုံးပဲ’ လို့ တရားမျက်လုံး ရသွားခြင်းပါပဲ။ အထက်မှာပြောခဲ့တဲ့အတိုင်း တစ်နေ့တစ်ပါး သောတာပန်ရဟန်းဖြစ်ကြပြီး လပြည့်ကျော်(၅)ရက်နေ့မှာ အနတ္တဒေသနာ ဟောတော်မူခဲ့ပါတယ်။
အနတ္တတရားဆိုတာက ခန္ဓာ (၅) ပါးထဲ၌ ခိုင်မြဲသော အတ္တမရှိကြောင်း ရှင်းလင်းသောတရားပါပဲ။ ရုပ်၊ နာမ်၏စွမ်းရည်ပြ ဗုဒ္ဓအဘိဓမ္မာ မပေါ်မီက ရှေးလူတို့၏ အယူအဆ လူခန္ဓာပျက်စီးသွားသော်လည်း ဘယ်တော့မှ မပျက်စီးသော အတ္တက တစ်ခန္ဓာမှတစ်ခန္ဓာ၊ တစ်ဘ၀မှတစ်ဘ၀သို့ ကောင်းမှု, မကောင်းမှု၊ ကောင်းကျိုး, မကောင်းကျိုးတို့ကို သယ်ဆောင်သွားသည်ဟူသော အတ္တ၀ါဒသည် အိန္ဒိယ၌ ထွန်းကားစွဲမြဲနေခဲ့ပါသည်။ မျိုးစေ့ကလေးတစ်ခုထဲမှာ နောင်လာမည့် အပင်, အကိုင်း, အရွက်, အသီး, အပွင့်အားလုံးတို့၏ ပုံရိပ်၊ အရောင်, အရသာသတ္တိအားလုံးကို ထိန်းထားနိုင်ခဲ့ပြီး မြေ, ရေနှင့် ပေါင်းစပ်မိသောအခါ အပင်, အကိုင်း, အသီးစသော အကျိုးများ အဆက်ဆက်ပေါ်ပေါက်လာခဲ့ကြသည်။ မြေ, ရေတို့နှင့် တွေ့ရသော မျိုးစေ့သည် အပင်သစ်ကို ဖြှစ်စေ၍ ပျက်စီးခဲ့ပြီး အပင်အသစ်ထဲသို့ ထိုမျိုးစေ့ဟောင်းသည် မပျက်စီးပဲ ကူးပြောင်းဝင်ရောက်၍ မသွား၊ အပင်သစ်နှင့်အသီးသစ်၊ မျိုးစေ့သစ်တို့ တဖန်ဖြစ်ကြပြန်သည်။ သို့သော် ထိုဖြစ်သမျှ အသစ်အသစ်တို့သည် အဟောင်းအဟောင်းမျိုးစေ့မှာ သမုဒယရှိကြသည်ကို ထိုရှေးဟောင်း အိန္ဒိယ လူမျိုးတို့ သဘောမပေါက်ကြ။
ဤအချက်ကို မြတ်ဗုဒ္ဓက ကံသည်မျိုးစေ့၊ တဏှာသည်မြေကြီး၊ အ၀ိဇ္ဇာသည်ရေ ဤအကြောင်းသမုဒယကြောင့် ခန္ဓာဇာတိ အပင်သစ်ဖြစ်ရသည် စသည်ဖြင့် အ၀ိဇ္ဇာ, တဏှာ, ကံတို့သည် အတ္တမဟုတ်၊ ခန္ဓာ၌အတ္တမရှိကြောင်း ရှင်းလင်းကာ အတ္တလက္ခဏသုတ်ကို ၀ါဆိုလပြည့်ကျော်(၅)ရက်နေ့မှာ ဟောတော်မူခဲ့ပါသည်။
အနတ္တတရား အဆုံးမှာ သောတာပန်သံဃာ (၅)ပါး စလုံး ရဟန္တာသံဃာ ဖြစ်တော်မူကြပါသည်။ သို့ဖြစ်၍ ၀ါဆိုလပြည့်နေ့သည် အလွန်ထူးမြတ်သည့် ဓမ္မရတနာနေ့၊ သံဃာ့ရတနာနေ့ဟု ဗုဒ္ဓသာသနာသမိုင်းတွင် ထူးခြားစွာ မော်ကွန်းတင်ပါသတည်း။
အဓိပတိ ဆရာတော်
သီတဂူဗုဒ္ဓတက္ကသိုလ်
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်ပါစေ။
နယုန်လပြည့် မဟာသမယနေ့
၁၃၅၈-ခု နှစ်၊ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်မှ အသံလွှင့် ဟောကြားတော်မူအပ်သော
နယုန်လပြည့် မဟာသမယနေ့
=======================
တရားချစ်ခင် သူတော်စဉ်အပေါင်းတို့ ယနေ့သည် နယုန်လပြည့်နေ့ ဖြစ်ပါတယ်၊ နယုန်လပြည့်နေ့ကို မဟာသမယနေ့လို့ ခေါ်ပါတယ်၊ မဟာသမယဆိုတာ မြတ်သော အခါတော် ( သို့ ) မြတ်သောအစည်းအဝေး၊ မြင်မြတ်သူတို့၏ ကြီးကျယ်သော အစည်းအဝေးလို့ အဓိပ္ပါယ်ရပါတယ်၊ အဲဒီအစည်းအဝေးကို သက္ကတိုင်း နှင့် ကောလိယတိုင်း နှစ်တိုင်းတို့၏ အကြား ရောဟိနီမြစ်၏ အနောက်ဘက် သက္ကတိုင်းနယ်ထဲက ဟိမ၀န္တာ တောင်ခြေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မြတ်စွာဘုရား ၀ါတော် ( ၁၅ ) ၀ါ အရ သက္ကတိုင်း ကပိလ၀တ္ထုမြို့ နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးဆဲကာလ မိုးဦးကျ နယုန်လဆန်းလောက်မှာ သကျလူမျိုးများနှင့် ကောလိယလူမျိုးတို့ ရောဟိနီမြစ်ရေကို အဝေမတည့်ကြ ရေလုကြရာမှ စတင်၍ နှစ်ပြည်တောင် စစ်ဖြစ်လုနီးသော ငြင်းခုံပွဲကြီး ပဋိပက္ခမှုကြီး ဖြစ်ခဲ့ပါတယ်၊ ထိုနှစ်က မိုးခေါင်တဲ့အတွက် ရောဟိနီဖြစ်မှာ ရေအလွန်နည်းပါးတယ်၊ ကမ်းနှစ်ဘက်က သကျ ကောလိယ လယ်သမားတို့ဟာ လယ်များစိုက်ပျိုးဖို့ မြစ်ရေကို ဝေခွဲကြရာ အဝေမတည့်ကြသည့်အတွက် အချင်းချင်း အပြန်အလှန် ဆဲရေးကြကာ စစ်ပွဲကြီးဖြစ်လုနီး စစ်ပြင်ဆင်ကြပါတယ်။
သကျလူမျိုးများက ကောလိယလူမျိုးများကို သစ်ခေါင်းထဲမှာ နေကြတဲ့ အနူမျိုးတွေလို့ အမျိုးကိုကိုင်၍ ဆဲရေးကြပါတယ်၊ ကောလိယလူမျိုးတွေကလည်း သကျလူမျိုးတွေကို အမျိုးမပျက်စေဖို့ဆိုပြီး မောင်နှမ အရင်း အချင်းချင်း အိမ်ထောင်ပြုတဲ့ တိရိစ္ဆာန်လို လူတွေပဲဟု အမျိုးမျိုးထိခိုက် ဆဲရေးကြပါတယ်၊ လူမျိုး ထိခိုက်ဆဲရေးကြတော့ မြစ်ကမ်းနားက လယ်သမားများကစတဲ့ ငြင်းခုန်ပွဲ ရန်ပွဲဟာ ကျေးရွာ၊ ကျေးရွာအုပ်စု၊ မြို့၊ ခရိုင်၊ ပြည်နယ်၊ ဘုရင့်နန်းတော်အထိ အဆင့်ဆင့် ကျယ်ပြန့်သည့် ရန်ပွဲကြီး ဖြစ်ခဲ့ရပါတယ်၊ မင်းနန်းတော်ကို သတင်းရောက်တော့ မင်းနှင့် မူးမတ် သေနာပတိ ပါဝင်တဲ့ စစ်တပ်ကြီး ပြင်ဆင်ပြီး မြစ်ကမ်းနှစ်ဖက်မှာ နှစ်ပြည်ထောင်မင်းတို့ စစ်ပြင်ဆင်ကြပါတယ်၊ ဟိမ၀န္တာမှ စီးဆင်းလာသဖြင့် ကြည်လင်အေးမြသော ရောဟိနီမြစ်သည် စိတ်ထိခိုက် တုန်လှုပ်ဖွယ်ကောင်းသည့် လောဟိတနဒီ သွေးမြစ် ဖြစ်လုလု အနေအထားမှာ ရှိနေပါတယ်။
အဲဒီအခါ မြတ်စွာဘုရား ကြွလာပါတယ်၊ ရောဟိနီးမြစ်ရဲ့အထက်ကောင်ကင်ကနေ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျှက် မေးပါတယ်၊ ဆွေမျိုးအပေါင်းတို့ ဒီစစ်ပွဲဟာ ဘာအကြောင်းပြု ဖြစ်ရတာလဲ၊ မြစ်ရေကို အကြောင်းပြု ဖြစ်တဲ့ စစ်ပွဲပါဘုရားလို့ နှစ်ဘက်လူတို့ ဖြေကြပါတယ်၊ ရေသည် မည်မျှ တန်ဘိုးရှိပါသလဲ ဟု မေးပြန်ရာ တန်ဘိုးနည်းကြောင်း ဖြေကြားပါတယ်၊ သင်တို့စစ်ဖြစ်ကြလျှင် လူတွေများစွာ သေကြ သွေးမြေကျ ဖြစ်ကြမယ်၊ လူ့အသက်နှင့်လူ့သွေး မည်မျှ တန်ဘိုးရှိပါသနည်းဟု မေးမြန်းတော်မူရာ လူ့အသက်နှင့် လူ့သွေးတို့ဟာ တန်ဘိုးမဖြတ်နိုင်အောင် အဘိုးတန်ကြောင်း ပါဘုရားဟု လျှောက်ထားကြပါတယ်။
မြတ်စွာဘုရားက သင်တို့တတွေဟာ အချင်းချင်း ဆွေမျိုးတွေချည်းပဲ၊ သွေးသားဆက်စပ်တဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်ကြတယ်၊ ဆွေမျိုးအချင်းချင်း စစ်ခင်းကြတာ မသင့်တော်ဘူး၊ တန်ဘိုးမရှိတဲ့ရေကို အကြောင်းပြု၍ တန်ဘိုးကြီးမားလှသော လူ့အသက်သွေးတို့ မြေကျပျက်စီးတာလဲ မတော်ဘူးလို့ မြတ်စွာဘုရားက မိန့်ကြားတော်မူပြီး ရန်ဖြစ်နေကြသော သကျနှင့် ကောလိယ ဆွေမျိုးတော်စပ်ပုံ အတိတ်ဖြစ်ရပ်ကို ပြန်လည်၍ မိန့်ကြားတော်မူပါတယ်။
ခမည်းတော် သုဒ္ဓေါဒနမင်းတရားမှစ၍ နောက်ပြန်၍ ရေသော် ရှစ်သောင်း နှစ်ထောင် ငါးရာကျော် တုန်းက ရောဟိနီမြစ် အထက်နားလောက် ဟိမ၀န္တာ တောင်ခြေမှာ သြက္ကာကမင်းရယ်လို့ ရှိခဲ့ဖူးတယ်၊ သြက္ကာကမင်းကြီး၏ သားသမီး ( ၁၅ ) ယောက်တို့သည် ကျွန်းတောကြီးကို ရှင်း၍ ကပိလရသေ့ ပေးသော နေရာမှာ မြို့သစ်၊ နန်းသစ် တည်၍ နေခဲ့ကြတယ်၊ ကျွန်းတောထဲမှာ ပြည်သစ်၊ နန်းသစ် တည်၍ နေကြတဲ့ လူမျိုးကို သာကိယ လူမျိုးလို့ ခေါ်တယ်၊ စွမ်းရည်သတ္တိရှိတဲ့ လူမျိုးဖြစ်လို့ သက္ကလူမျိုးလို့လဲ ခေါ်တယ်၊ ကပိလရသေ့၏ ကျောင်းနေရာမှာ တည်သောမြို့ ဖြစ်ခြင်းကြောင့် ကပိလ၀တ်မြို့လို့လဲ ခေါ်တယ်၊ မိဘရပ်ထံ နေရင်းဌာနေမှ ထွက်ခွါ၍ တစ်ရပ်တစ်ရွာ တနယ်တကြေးမှာ နေကြတဲ့ သကျသာကိယတို့သည် အခြားလူမျိုးများနှင့် ရောယှက်မခံလိုကြသည့်အတွက် အမျိုးပျက်မှာ စိုးရိမ်ကြသောကြောင့် မောင်နှစ်မချင်း အိမ်ထောင်ပြုကြတယ်။
နိုင်ငံတော်ကို အစစွာ တည်ထောင်ကြတဲ့ မောင်နှစ်မ ( ၁၅ ) ယောက်တို့တွင် မင်းသမီ်း မင်းသား ( ၁၄ ) ယောက်တို့ အချင်းချင်းလှည့်၍ အိမ်ထောင်ပြုပြီး အကြီးဆုံးသော မင်းသမီးကြီးကို အစ်မကြီးဖြစ်၍ အမိအရာမှာ ထားခဲ့တယ်၊ အဲဒီ အကြီးဆုံးသော သာကီဝင် မင်းသမီးကြီးမှာ နူနာရောဂါ စွဲကပ်ခဲ့သည့်အတွက် တောသို့ အပို့ခံခဲ့ရပါတယ်။
အခြားတစ်ဘက်မှ ရာမမင်းကြီးကလည်း နူနာစွဲသဖြင့် တောသို့ ၀င်ခဲ့ပါတယ်၊ ရာမနိုင်ငံတော်က ရာမမင်းကြီးသည် ကလောပင် သစ်ခေါင်း၌ နေ၍ ကလောသီး ကလောဆန်များစားပြီး နူနာများ ပျောက်ခဲ့ပါတယ်။
အားကိုးရာမဲ့နေတဲ့ သာကီဝင်မင်းသမီးကြီးကို နူနာပျောက်နေတဲ့ ရာမမင်းကြီးက တွေ့ရတဲ့အခါ သူစားတဲ့ဆေးနှင့် အစားများ ကျွေးပြီး စောင့်ရှောက်ခဲ့ရာ မင်းသမီးကြီးလည်း နူနာပျောက်ခဲ့ရပါတယ်၊ ရာမမင်းနှင့် သာကီဝင်မင်းသမီးကြီးတို့ မေတ္တာမျှ၍ ကလောပင်ခေါင်းမှာ နေကြရာ သားပေါင်း (၃၂) ယောက်ထွန်းကားခဲ့ပါတယ်၊ ကလောပင်တောက မင်းသာပေါင်း (၃၂) ယောက်နှင့် ကျွန်းတောက မင်းသမီး ( ၃၂) ယောက်တို့ ထိမ်းမြန်းကြတဲ့အခါ ကလောပင်တောထဲမှာ ကောလိယလူမျိုးရယ်လို့ ဖြစ်ထွန်းလာခဲ့ကြပါတယ်။
ဒါ့ကြောင့် ရောဟိနီမြစ်ကို အကြောင်းပြု၍ စစ်ဖြစ်လုနီး အပြန်အလှန် ဆဲရေးနေကြသူတွေဟာ သွေးတူ၊ မျိုးတူ၊ ဆွေရင်းမျိုးရင်း၊ ညီအစ်ကို မောင်နှစ်မရင်းတွေ ဖြစ်ကြတယ်။ ဒါ့ကြောင့် ဒီရန်ပွဲဟာ အဘိုးမတန်သည့် အရာဝတ္ထုကို အကြောင်းပြုပြီး တန်ဘိုးမဖြတ်နိုင်သော လူတို့၏အသက်သွေးများ မြေကျဆုံးရှုံးရမည့် ဆွေမျိုးအချင်းချင်း ဖြစ်တဲ့စစ်ပွဲ ၊ မသင့်တော်တဲ့ စစ်ပွဲ၊ မဖြစ်ထိုက်တဲ့ စစ်ပွဲလို့ မြတ်စွာဘုရားက ဆုံးမတော်မူပါတယ်။
ရန်စိတ်၊ ရန်သူစိတ် ပေါက်နေကြတဲ့ ကမ်းနှစ်ဘက်က နှစ်ပြည်ထောင် မင်းတို့ဟာ ဆွေစိတ် မျိုးစိတ်များ ပေါ်ပေါက်လာကြပြီး ကိုင်စွဲထားကြတဲ့ လက်နက်များကို ရောဟိနီမြစ်ထဲမှာ ပစ်ချမြှောလိုက်ကြပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ ဤသည့်နယုန်လ၏ ရှေ့ပိုင်းရက်များမှာ အထက်ပြောခဲ့တဲ့ ရန်ပွဲဖြစ်တဲ့နေရာ ရောဟိနီမြစ်ပေါ်မှာ-
- ကြပ်ကြပ်စိပ်စိပ် ပေါက်နေသော သစ်တောကို လေပြင်း
မုန်တိုင်းတို့ မတိုက်မလှဲနိုင်သလို မလိုမုန်းထားသူတို့
မဖြိုခွဲနိုင်အောင် ကိုယ်စိတ်နှစ်ရပ် ညီညွတ်စွာ နေသင့်ကြောင်း
ကောင်းစွာဆုံးမသည့် ရုက္ခဓမ္မဇာတ်တော်။
- အချင်းချင်း ငြင်းခုန် ကွဲပြားကြတဲ့ ငုံးများဟာ မုဆိုးများ
သတ်စားခံရကြောင်း ၊ ငြင်းခုန်ခြင်းသည် အကျိုးမရှိ ၊
မိမိတို့ငြင်းခုန်ခြင်းသည် သူတစ်ပါးတို့ စားပေါက်ဖြစ်ကြောင်း
ကောင်းစွာ ဆုံးမသည့် ၀ဋ္ဋကဇာတ်တော်။
- အားငယ်သူကို မထီမဲ့မြင် မပြုသင့်ကြောင်း
ခွန်းအားနည်းသူကိုအထင်သေးမိက သူ၏ထက်မြက်သော
ကိုယ်ပိုင်ဉာက်ကိုအသုံးချနိုင်သောအခါ မထီမဲ့မြင်ပြုမိသော အင်းအားကြီးသူတို့
ပျက်စီးရကြောင်း ကောင်းစွာဆုံးမသည့် လဋုကိကဇာတ်တော်။
- မြစ်ကမ်းနှစ်ဘက်မှ လယ်သမားတို့ ငြင်းခုံမှု ဆဲရေးမှုတို့ကို
မစိစစ်ဘဲ စစ်ပြင်မိကြသည်မှာ အမှိုက်ကစ၍ ပြသာဒ်မီးလောင်
ဆိုတာလို လယ်သမားရန်ပွဲဟာ နှစ်ပြည်ထောင်စစ်ပွဲ မဖြစ်သင့်ကြောင်း
ကောင်းစွာ ဆုံးမသည့် ပထ၀ီဥန္ဒြိယဇာတ်တော်။
- အရာမဟုတ်သည်၌ အမျက်မထွက်သင့်ကြောင်း သေးငယ်သော
အကြောင်းမဟုတ်သော အဖြစ်ကို ရိုးမယ်ဖွဲ့ အရာမဟုတ်သည်၌
ရန်ငြိုးဖွဲ့ခြင်းသည် နှစ်ဦးစလုံး ပျက်စီးမှုဖြစ်ကြောင်း သူ့အမျိုး လက်ညှိုး
ထိုး၍ ဆဲရေးခြင်းသည် ကိုယ့်အမျိုးကိုပင် ဆဲရေးခြင်း ဖြစ်နေတတ်ကြောင်း
ဒေါင်းကသလို မဖြစ်သင့်ကြောင်း ၊ ကြို့ပင်အောက်အိပ်နေသော ၀က်ဝံနှင့်
ကြို့ပင်စောင့်နတ်တို့ ရန်ဖြစ်ကြရာ ၀က်ဝံရော ကြို့ပင်ပါ ဖျက်ဆီးခံရပြီး
သစ်ခုတ်သမားက ၀က်ဝံသားရေခွါ ၀က်ဝံသားစား ကြို့ပင်ကိုလှဲ ကြို့သားကို
လှည်းလုပ်၍ စီးသွားပုံဖြင့် အချင်းချင်း ရန်ဖြစ်ခြင်းသည် သူတစ်ပါး၏ အကျိုး
စီးပွားဖြစ်ဖို့သာတည်း ဟု ဆုံးမသော ဖန္ဒနဇာတ်တော်။
- ညီညွတ်ရေးနည်းလမ်းပြ မိမိကိုယ်ကို ဆုံးမကြဖို့ လမ်းညွှန်တရား
ဖြစ်သည့် အတ္တဒဏ္ဍသုတ်တော်……
အဲဒီလို သုတ္တန်တစ်ခုနှင့် ဇာတ်တော် ငါးခု တို့ကို မိမိ၏ ဆွေမျိုးများအား ကောင်းကင်ကနေ ဟောကြာတော်မူခဲ့ပါတယ်။
ဤသို့လျှင် မပြောပလောက်သည့် အမှုကလေးကို အကြောင်းပြု၍ ဖြစ်သော သကျနှင့် ကောလိယ ဆွေတော်မျိုးတော်များ၏ ရန်ပွဲသည် ရောဟိနီမြစ်ပေါ်မှာ ငြိမ်းချမ်းခဲ့ပါပြီ။ ရန်ငြိမ်းသည့် အထိမ်းအမှတ်အဖြစ် တစ်ဘက် (၂၅၀)စီသော စစ်သည်တော် မင်းသားများ ရဟန်းပြုကြပါတယ်။ သကျနှင့် ကောလိယ ရဟန်းတော် (၅၀၀)တို့ကို မြတ်စွာဘုရားက ကပိလ၀တ်မြို့အနီး ဟိမ၀န္တာတောင်ခြေ မဟာဝနခေါ် ထူနက်သည့် တောကြီးမှာ ထား၍ ကမ္မဋ္ဌာန်းပေးပါတယ်။
ရဟန်းငါးရာတို့ အိမ်မှာ နေရစ်ခဲ့ကြတဲ့ ဇနီးဟောင်းများက ဖြားယောင်းကြသည့်အတွက် ရဟန်းဘ၀မှာ ငြီးငွေ့ကြပါတယ်။ မြတ်စွာဘုရားက သူတို့ရဲ့စိတ်ကို သိတော်မူသည့်အတွက် ဟိမ၀န္တာ ကုဏာလအိုင်သို့ ဆောင်တော်မူလျှက် ကုဏာလအိုင်၌ ကာမ၏အပြစ်ကို ဖော်ပြသော ကာမကိုငြီးငွေ့ရွံမုန်းစေသော ဒေသနာ မဟာကုဏာလဇာတ်တော်ကြီးကို ဟောတော်မူပါတယ်။ ဤဇာတ်တော်ကြီးအဆုံးမှာ ရဟန်း (၅၀၀)တို့ တန်ခိုးနှင့်တကွ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ကြပါတယ်။ သောတာပန်မင်းသား သကျသာကိယ ရဟန်း(၅၀၀)ကို မြတ်စွာဘုရားက မဟာဝုန်တောအုပ်ကြီးသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ နယုန်လဆန်း (၁၄)ရက်နေ့လောက်ဖြစ်ပါတယ်။ ကပိလ၀တ်မြို့အနီး မဟာဝုန်တောကြီးမှာ ရဟန်း(၅၀၀)တို့အား ကမ္မဋ္ဌာန်းပေးပါတယ်။
နယုန်လပြည့်နေ့မှာ ရဟန်း(၅၀၀)တို့ ကြီးစဉ်ငယ်လိုက် တစ်ပါးစီ တစ်ချိန်စီ ရဟန္တာဖြစ်ကြရာ ရှေ့နောက်စဉ်ဆက် ရဟန္တာဖြစ်ကြရတဲ့ ရဟန္တာ(၅၀၀)တို့သည် ကြီးစဉ်ငယ်လိုက် တန်းစီ၍ ဘုရားထံသို့ သတင်းပို့ရန် လျှောက်ထားရန်သွားကြရာ စကြ၀ဠာ တစ်သောင်းမှ မရေမတွက်နိုင်သော နတ်ဗြဟ္မာ အပေါင်းသည်လည်း စုဝေးရေက်ရှိလာကြပါတယ်။ အချို့သုဒ္ဓါဝါသဘုံက အနာဂါမ် ရဟန္တာ ဗြဟ္မာကြီးများ သမာပတ်ဝင်းစားနေရာက ထ၍ သူတို့နေရာကြည့်လိုက်ရာ တိတ်ဆိတ်နေသည်ကိုမြင်ရ ဗြဟ္မာတစ်ယောက်မျှ မရှိသည်အထိပါပဲ။ မဟာဝုန် မဟာသမယသို့သွားကြတာ အကုန်လုံးပါပဲ။
မဟာဝုန်အစည်းဝေးကြီးသို့ တတ်ရောက်နေကြပြီဟု သိရတဲ့အခါ သူတို့ နောက်ကြနေသည့်အတွက် အစည်းအဝေးအမှီ အပြေးလာကြ အမြန်လာကြရာ နေစရာမရှိလို့ စကြ၀ဠာတံတိုင်းအစွန်းနားမှာ ကပ်၍နေကြရပါတယ်။ နေရာအခက်အခဲ ဖြစ်ကြရပါတယ်။ အပ်ဖျားတစ်ထောက်စာလောက် နေရာမှာပင် နတ်ဗြဟ္မာများ (၁၀, ၂၀, ၃၀, ၄၀, ၅၀, ၆၀, ၈၀,)သေးငယ်သောကိုယ်ကို ဖန်ဆင်း၍ စုဝေးကြပါတယ်။ စကြ၀ဠာတံတိုင်းအထိ အပြည့်အကြပ်ပါပဲ။
ရဟန္တာတွေချည်း ငါးရာနှင့် ကျည်တောက်မှာ ဆံမှုန့်များ သိပ်ထားသလို များပြား ပြည့်ကြပ်နေသော နတ်ဗြဟ္မာတို့၏ အစည်းအဝေးကြီးဟာ လွန်ခဲ့သော နှစ်ပေါင်း (၂၅၇၀) ၏ နယုန်လပြည့်နေ့တုန်းက သက္ကတိုင်း ကပိလ၀တ်၏ မြောက်ဘက် ဟိမ၀န္တာ၏ တောင်ခြေ မဟာဝန မဟာဝုန်တောကြီးမှာ အကြီးအကျယ် ကျင်းပခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကြီးကို မဟာသမယ ခေါ်တာပါပဲ။ မရေမတွက်နိုင်သော နတ်ဗြဟ္မာတွေထဲမှာ တချို့နတ်များက စဉ်းစားကြတယ်၊ ဒီလောက်များတဲ့နတ်တွေကို ဘုရား အကုန်သိမှာမဟုတ်ပါဘူးတဲ့ ။ ဒီနတ်တွေရဲ့ သူတို့လာတာကို ဘုရားသိစေချင်တဲ့ စိတ်ကို ဘုရားက သိတော်မူသဖြင့် သူတို့ကျေနပ်ဝမ်းသာရအောင် နတ်ဗြဟ္မာများ၏ အုပ်စုလိုက် အမည်စာရင်းကို မြတ်စွာဘုရားက ကြေညာတော်မူပေးရပါတယ်။ အဲဒီနတ်ဗြဟ္မာများရဲ့ အမည်စာရင်း ကြေညာချက်ကို စုပေါင်းလိုက်တော့ သံဃာယနာ မှတ်တမ်းမှာ မဟာသမယသုတ်လို့ ဖြစ်လာတယ်။
ဤ နယုန်လပြည့် မဟာဝုန်တောမှာ စည်းဝေးတဲ့မဟာသမယ အစည်းအဝေးကြီးမှာ လာရောက် စုဝေးကြတဲ့ နတ်ဗြဟ္မာများကို မြတ်စွာဘုရားက-
၁။ ရာဂထူသောအုပ်စု
၂။ ဒေါသအားကြီးသောအုပ်စု
၃။ မောဟလွန်ကဲသောအုပ်စု
၎။ သဒ္ဓါအားကောင်းသောအုပ်စု
၅။ ၀ိတတ်အားကြီးသောအုပ်စု
၆။ ပညာအားကြီးသောအုပ်စု
ဟူ၍ (၆)အုပ်စု ခွဲလိုက်ပါတယ်။ (၆)အုပ်စုအားလျှော်သော တရားဒေသနာ (၆)ပုဒ်ကို အမေး အဖြေလုပ်၍ ဟောတော်မူပါတယ်။ မြတ်စွာဘုရားက မေးရာ၌ ဖြေဆိုနိုင်သူမရှိသည့်အတွက် ဗုဒ္ဓကိုယ်စား နိမ္မိတတစ်ဆူ ဖန်ဆင်းတော်မူပါတယ်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင်က မေး၍ ဖန်ဆင်းထားသော နိမ္မိတရုပ်ပုံတော်က ဖြေဆိုတော်မူပါတယ်။
ဒီကနေ့ခေတ်မှာ လူသားက မေးတာကို ကွန်ပျူတာ စက်ရုပ်က ဖြေတာမျိုး မဟုတ်ပါဘူး။ ဖန်ဆင်းရုပ်နှင့် တကယ့်ဘုရား ခွဲခြားမရအောင် တစ်ထပ်တည်း တစ်ပုံတည်း ဖြစ်နေပါတယ်။ ဘုရားနှစ်ဆူ ပွင့်တော်မူသည် သို့မဟုတ် တစ်ခြား စကြ၀ဠာက အခြားဘုရားတစ်ဆူ ကြွတော်မူလာသည်ဟု ထင်ကြရပါသည်။
မဟာသမယ၏ ထူးခြားမွန်မြတ်ပုံပါပဲ။ သက်ရှိဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ်နှင့် နိမ္မိတဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ်တို့သည် အချင်းချင်းရောယှက်ကာ စကြ၀ဠာစွန်းနားသို့တိုင်အောင် ဘေးသို့ပြေးသွားကာ အရပ်ရှစ်မျက်နှာကို လွှမ်းမိုးတော်မူခဲ့ကြပါတယ်။ အထက်အကနိဋ္ဌဘုံတိုင်အောင် လွှမ်းမိုး တတ်ခဲ့ပါတယ်။ သက်ရှိဗုဒ္ဓနှင့် နိမ္မိတဗုဒ္ဓတို့သည် မျက်နှာခြင်းဆိုင် နေထိုင်တော်မူကြကာ အမေးအဖြေပြုလုပ်၍ သက်ရှိဗုဒ္ဓက မေးသမျှကို နိမ္မိတဗုဒ္ဓက ဖြေကြားကာ တရားဒေသနာ (၆)ပုဒ် သုတ္တန် (၆)ခုတို့ကို ဟောကြားတော်မူခဲ့ပါတယ်။
၁။ ရာဂစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် သမ္မာပရိဗ္ဗာဇနိယသုတ်။
၂။ ဒေါသစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် ကလဟ၀ိဝါဒသုတ်။
၃။ မောဟစရိုက်ရှိသောနတ်ဗြဟ္မာတို့အတွက် မဟာဗျူဟာသုတ်။
၎။ ၀ိတတ်စရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် စူဠဗျူဟာသုတ်။
၅။ သဒ္ဓါစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် တုဝဋ္ဋသုတ်။
၆။ ပညာစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် ပုရာဘေဒသုတ်။
ဟူ၍ သုတ်ပေါင်း (၆)သုတ်တို့ကို တစ်နေ့တည်း ဟောတော်မူခဲ့ပါတယ်။
ကုဋေပေါင်းများစွာသော နတ်ဗြဟ္မာတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တန်းဝင်ကာ အရိယာ ဖြစ်ကြပါတယ်။
နတ်တို့ရဲ့အမည်စာရင်းကို ဖော်ပြသော မဟာသမယသုတ်နှင့်တကွ စရိုက် (၆) ပါး အသီးသီးရှိ နတ်များအား ဟောသော မဟာသမယ (၆) သုတ်တို့ကို နတ်များက အလွန်ကြည်ညိုကြပါတယ်။ မြို့သစ်၊ အိမ်သစ်၊ စသည် အသစ်တည်သော သုမင်္ဂလာမှုများ၌ မဟာသမယ (၇) သုတ်တို့ကို ရွတ်ဆိုခြင်းဖြင့် ၎င်းတို့၏ အကူအညီ အစောင့်အရှောက်ကို ရယူနိုင်ကြပါသည်။
သကျတို့သည် မြတ်စွာဘုရား၏ ဘခင်မျိုးများ ဖြစ်ကြပါသည်။ ကောလိယတို့သည် မြတ်ဘုရား၏ မိခင်မျိုးများ ဖြစ်ကြပါသည်။ မိမျိုး ဘမျိုးတို့၏ ငြင်းခုံခိုက်ရန်ပွဲကို ဆွေမျိုးစပ်၍ ငြိမ်းချမ်းစေတော်မူခဲ့ပါတယ်။ ငြိမ်းချမ်းမှု၏ အကျိုးသက်ရောက်မှုကား ကြီးကျယ် များမြတ်လှပါပေ၏။ မဟာသမယ၊ မဟာသန္နိပါတ၊ မဟာဓမ္မဒေသနာ၊ မဟာဓမ္မာဘိသမယ၊ မဟာအတ္ထာဓိဂမ တို့သည် ရောဟိနီ ငြိမ်းချမ်းရေးတရား၏ အကျိုးကျေးဇူးများပင် ဖြစ်ပါသတည်း။
- သုသုခံ ၀တ ဇီဝါမ၊
ဝေရိနေသု အဝေဒိနော၊
ဝေရိနေသု မနုေဿသု၊
ဝိဟရာမ အဝေရိနော။
ဝေရိနေသု- ရန်ပြု၍ နေကြသော ၊ မနုေဿသု - လူတို့၏ အလယ်၌ ၊ အဝေရိနော - ရန်မပြုကြသော ၊ မယံ - ငါတို့သည် ၊ သုသုခံ - အလွန့်အလွန် ချမ်းသာစွာ ၊ ဇီဝါမ ၀တ - အသက်ရှင်ကြရပေကုန်စွတကား။
တသ္မာ - ထို့ကြောင့် ၊ ဝေရိနေသု - ရန်ပြု၍ နေကြသော ၊ မနုေဿသု - လူတို့၏အလယ်၌ ၊ မယံ - ငါတို့တစ်တွေသည် ၊ အဝေရိနော - မည်သူ့ကိုမျှ ရန်မပြုကြပါပဲ ၊ ၀ိဟရာမ - နေလိုက်ကြပါကုန်စို့တကား။
- နဟိ ဝေရေန ဝေရာနိ ၊
သမ္မန္တိဓ ကုဒါစနံ ၊
အဝေရေန စ သမ္မန္တိ ၊
ဧသ ဓမ္မော သနန္တနော ။
ဝေရာနိ - ရန်တို့သည် ၊ ဝေရေန - ရန်တုန့်မူသဖြင့် ၊ ကုဒါစနံ - မည်သည့်အခါမျှ ၊ နသမ္မန္တိ - မငြိမ်းနိုင်လေကြကုန် ။
ဝေရာနိ - ရန်တို့သည် ၊ အဝေရေန - မေတ္တာဖြင့် တုန့်ပြန်မှသာလျှင် ၊သမ္မန္တိ - ငြိမ်းကြလေကုန်၏ ။
ဧသဓမ္မော - ဤသဘောသည် ၊ သနန္တနော - ကမ္ဘာဦးလူတို့ ကျင့်သုံးကြတဲ့ သနန္တနဓမ္မ ကမ္ဘာ့ ရှေးဟောင်းတရား ဖြစ်ပါပေသတည်း ။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ ။
သတ္တလောကတစ်ခုလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေ ။
အဓိပတိ ဆရာတော်
သီတဂူဗုဒ္ဓတက္ကသိုလ်
၁၃၅၈ - ခု၊ မဟာသမယနေ့
သာမညဖလ တန်ဆောင်မုန်းလပြည့်နေ့
၁၃၆၀-ခု တန်ဆောင်မုန်းလပြည့်နေ့
မြန်မာရုပ်မြင်သံကြားမှ အသံလွှင့်ဟောကြားတော်မူအပ်သော
သာမညဖလသုတ္တန်တရားတော်
===============
တန်ဆောင်မုန်းလပြည့်နေ့သည် မိုးနှောင်းဆောင်းဦး ရာသီအားဖြင့် ထူးသလို သာသနာအားဖြင့်လည်း ထူးမြတ်နေပါသည်။ ကုန်းမြေတစ်ခုလုံး ခဝဲပန်းတို့ ဖုံးနေသည့်အတွက် ရွှေရည်သွန်းသလို ဖြစ်သည့်အခါဝယ် ကုမုဒြာကြာတို့ဖြင့် လွှမ်းခြုံသည့် ရေပြင်များမှာလည်း ငွေရည်ဖျန်းသည့်အလား ဖြူဖွေးတင့်တယ်လှပါသည်။ ရွှေပန်းငွေပန်းတို့ဖြင့် ဆန်းဆန်းကြယ်ကြယ် တင့်တယ်လှသည့် ကမ္ဘာ့မြေပြင်ကို လမင်းစန္ဒာ၏ ငွေဗိမာန်မှသွန်းအပ်သည့် အရောင်တို့သည် နို့ဓမ်းအိုးကို မှောက်သွန်လိုက်သည့်အလား နက်ရှိုင်းတောက်ပသော ဘော်ရောင်ခြည်တို့ဖြင့် လွှမ်းဖုံးထားလိုက်ရာ ရွှေခဝဲပန်းနှင့် ငွေကြာပန်းတို့မှာ ပို၍ပင် လန်းလန်းဆန်းဆန်း ဖြစ်ရပါသည်။
ထိုနည်းတူစွာ မဂဓတိုင်း ရာဇဂြိုဟ်မြို့ ဇီဝကသရက်တောကျောင်းတိုက်မှာ သီတင်းသုံးနေတော်မူသော မြတ်ဗုဒ္ဓတည်းဟူသော လမင်းကြီးမှ လွှတ်ထုတ်လိုက်သော အေးမြသည့် ဓမ္မရောင်ခြည်၏ အထိအတွေ့ကို ရရှိလိုက်သော ဘုရင်အဇာတသတ်မှာလည်း အတိုင်းမရှိ ကြည်လင်အေးချမ်း ပီတိလွှမ်း၍ လန်းလန်းဆန်းဆန်း ဖြစ်ခဲ့ရပါသည်။
အပေါင်းအသင်းနှင့် ကိုးကွယ်ရာမှားသဖြင့် ကျေးဇူးရှင်ဖခင်ကို သတ်မိခဲ့ပြီး၊ အပါယ်တံခါးပိတ် နိဗ္ဗာန်တံခါးပွင့် အလွန်မြင့်မြတ်သည့် အကျိုးကျေးဇူးတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရသောကြောင့် သောက၊ ပရိဒေဝ၊ ဒေါမနဿ နောင်တအပူမီးတို့ဖြင့် နှိပ်စက်ညှိုးနွမ်း ပင်ပန်းနေခဲ့ရသည့် မဂဓပြည့်ရှင် ဘုရင်အဇာတသတ်မင်းကြီးသည် မိုက်မှားမှုတို့အကျိုး ကုက္ကုစ္စ ဒေါမနဿတို့ကို ပြင်းစွာခံစားနေရစဉ် နန်းတော်၊ တိုင်းပြည်၊ သာသနာ၏ ကျန်းမာရေးကို အထူးတာဝန်ယူနေရသော သမားတော်ကြီး ဆရာကြီး ဇီဝက၏ စီမံချက်ဖြင့် မြတ်ဗုဒ္ဓထံမှောက် ရောက်ခဲ့ရ၍သာ သောကမီးတောက် ငြိမ်းပျောက်ခဲ့ရပါသည်။
မင်းကြီးသည် သူ၏သောကမီးကို အေးငြိမ်းစေဖို့ နည်းကောင်းပေး ဟောပြနိုင်မည်လားဟု တွေးကာ တိတ္ထိဆရာကြီး (၆) ယောက်တို့ထံ ရောက်ခဲ့ပါသေးသည်။ အနီးနေ အမတ်ကြီးများက မိမိတို့ကိုးကွယ်ရာ ဆရာအသီးသီးတို့ထံ ပို့လိုက်ကြခြင်းပင် ဖြစ်ပါသည်။ လူတစ်ယောက်၏ ဘဝအမြင်၊ ဘဝလမ်းကြောင်း ဖြောင့်မှန်ရေးအတွက် လူနှင့် ပတ်ဝန်းကျင်ဆက်ဆံရေးသည် အလွန်ပင် အရေးကြီးလှပေသည်။ အဇာတသတ်မင်းကြီးမှာ ပတ်ဝန်းကျင်နှင့် အပေါင်းအသင်းကြောင့်ပင် မေ့ပျောက်မရနိုင်သည့် ပြစ်မှုကြီးကို လွန်ကျူးမိခဲ့ပြီး ကြီးမားသော ဆုံးရှုံးမှုကြီးများ၊ စူးရှစွာ ခံစားရသော ဝေဒနာများ ဖြစ်ခဲ့ရပါသည်။ ထိုဒဏ်ရာဒဏ်ချက်တို့ကို ကုသပေးမည့် သမားကို ရှာပါသည်။ သေဆေးကျွေးမည့်သူများအလား တိတ္ထိဆရာကြီးများကိုသာ တွေ့ခဲ့ရပါသည်။ သူဆုံးရှုံးခဲ့ရသည့် အကျိုးကျေးဇူးများကို ပြန်လည်ရရှိလိုသဖြင့် ထိုဆရာတို့ကို မေးပါသည်။ "သရက်ပင် ဘယ်မှာလဲ" ဆိုကာမှ "ဒီမှာ ပန္နဲပင်" ဟု မေးသည်ကို မဖြေနိုင်၊ တောင်းသည်ကို မပေးနိုင်သည့် သူများကိုသာ တွေ့ခဲ့ရပါသည်။ လောကီလူသားတွေမှာ အဋ္ဌာရသ သိပ္ပပညာ တတ်အပ်ရာတို့ကို သင်ကြားတတ်မြောက်လျှင် ရာထူးအာဏာ စီးပွားဥစ္စာတို့ကို လက်တွေ့ကျကျ ရရှိခံစားကြရပါသည်။ ရသေ့ရဟန်းပြု၍ ကျင့်ကြံကြ၊ အားထုတ်ကြရာမှာ လက်တွေ့အားဖြင့် ဘာအကျိုးကျေးဇူးများ ရရှိခံစားရပါသလဲဆိုတဲ့ မင်းကြီး၏ အမေးကို ဖြေရာ၌-
၁။ ပူရာဏကဿပတိတ္ထိဆရာကြီးက = လုပ်ချင်ရာလုပ် ပြုချင်ရာပြု၊ ပြုရာမရောက် ကံမမြောက်သည့် "အကိရိယဝါဒ" ကို ဟောပြခဲ့ပါသည်။
၂။ မက္ခလိဂေါသာလတိတ္ထိဆရာကြီးကတော့ = ကောင်းကျိုး မကောင်းကျိုး၊ ဒုက္ခ သုခအမျိုးမျိုးတို့ ဟေတုပစ္စယကင်းမဲ့သည့် အကြောင်းမဲ့ဝါဒ 'အဟေတုကဒိဋ္ဌိ' ကို ဟောလိုက်ပြန်ပါသည်။
၃။ အဇိတကေသကမ္ဗလတိတ္ထိဆရာကြီးကတော့ = ကောင်းမှု မကောင်းမှု၊ ကုသိုလ် အကုသိုလ်တို့၏ ကောင်းကျိုး ဆိုးကျိုး၊ သုခဝိပါက် ဒုက္ခဝိပါက်တို့ မရှိ၊မဖြစ်သည့် 'ဥစ္ဆေဒဒိဋ္ဌိ နတ္ထိကဝါဒ' ကို ဟောကြားခဲ့ပါသည်။
၎။ ပကုဓကစ္စာယနတိတ္ထိဆရာကြီးကတော့ = 'နာမ်မဲ့ ရုပ်ကြမ်း' ဝါဒကြီးကို ဟောခဲ့ပြန်ပါသည်။
၅။ နိဂဏ္ဌနာဋပုတ္တခေါ် ဂျိမ်းဆရာကြီးကတော့ = 'စာတုယာမသံဝရ' လေးပါးသီလကို ဟောပါသည်။
၆။ သဉ္စယဗေလဋ္ဌပုတ္တခေါ် သိဉ္စည်းဆရာကြီးကတော့ = အတ္တနှင့် သဿတဝါဒ အခြေခံရှိသော်လည်း အသိဉာဏ်နည်းသူ ဖြစ်သည့်အားလျော်စွာ ဘာမေးမေး အမှားဖြေမိမှာ ကြောက်သည့်အတွက်ကြောင့် ရှောင်ပြေး ငြင်းဆို၍သာ နေလေရာ ဝါဒအယူတစ်ခုမှ မရခဲ့ပေ။ ရေများသည့်အိုင်မှာ ငါးရှင်ကို ဖမ်းမရသလို သူ့ဝါဒကိုလည်း ဖမ်းယူမရဘဲ ရှိခဲ့လေသည်။ အဇာတသတ်မင်းကြီးက -
"မြတ်စွာဘုရား- တပည့်တော်တို့ မင်းညီမင်းသားများမှာ မင်းတို့တတ်အပ်သည့် အဋ္ဌာရသအတတ်တို့ကို သင်ကြားတတ်မြောက်ခဲ့လျှင် လောကီအကျိုးစီးပွားများစွာ ဖြစ်ထွန်းခံစားကြရပါသည်။ အရှင်တို့ ရသေ့ ရဟန်း ပြုကြရာ၌ မည်သည့်အကျိုးကျေးဇူးများကို မျက်မှောက်ထင်ထင် ရရှိခံစားနိုင်ပါသနည်းဟု တပည့်တော် ထိုဆသတ္ထာရတို့ကို မေးတဲ့အခါ မေးသည်ကို မဖြေကြားနိုင်ကြဘဲ သူတို့အယူဝါဒတွေကိုသာ ဟောပြခဲ့ကြပါသည်ဘုရား။ မြတ်ဗုဒ္ဓ၏ သာသနာမှာ ရဟန်းပြုကြရာမှာလည်း "သန္ဒိဋ္ဌိက သာမညဖလ" ကိုယ်တွေ့မျက်မှောက် ကိုယ်တိုင်ရ ကိုယ်တိုင်ရောက်သည့် ချမ်းသာ ဘာများဖြစ်သလဲဘုရား" အဲဒီလို မေးလျှောက်ပါသည်။ ထိုအခါ မြတ်စွာဘုရားက ဖြေကြားတော်မူသည်မှာ - "ဒကာတော်မင်းကြီး- သင်၏ နန်းတော်မှ မင်းမှုထမ်းတစ်ယောက် ငါဘုရားသာသာနာ၌ ဝင်၍ ရဟန်းပြုခဲ့လျှင် ထိုရဟန်းအပေါ် သင်မင်းကြီး မည်သို့သဘောထားမည်နည်း" "မြတ်စွာဘုရား မင်းမှုထမ်းပင် ဖြစ်လင့်ကစား ထိုပုဂ္ဂိုလ်သည် အဓိသီလသိက္ခာကို ဖြည့်ကျင့်နေသူ ဖြစ်သောကြောင့် ငါးပါးသီလမျှရှိသော တပည့်တော်သည် ရှင်ဘုရင်ပင် ဖြစ်စေကာမူ ထိုရဟန်းအား အရိုအသေပြုခြင်း ရှိခိုးခြင်း ခရီးကြိုဆိုခြင်း အိပ်ရာနေရာပေးခြင်း စားဘွယ်သောက်ဘွယ်ပေးခြင်းဖြင့် တပည့်တော်က ပြုစုရပါသည်ဘုရားဟု လျှောက်သည်။ ဤသို့ဖြစ်လျှင် ထိုရဟန်း၏ အရိုအသေခံယူရခြင်း ပစ္စည်းလေးပါးခံယူရခြင်းသည်ပင် ရဟန်းဘဝ မျက်မှောက်ရသော အနည်းဆုံးသော အကျိုးကျေးဇူး သာမညဖလ ဖြစ်ပေသည် ဒကာတော်မင်းကြီး"
ထိုထက်ပိုလွန်သော သာမညဖလ ရဟန်းပြုခြင်းအကျိုးကို မိန့်ကြားတော်မူပါဦးဘုရားဟု လျှောက်ထားပြန်ရာ မြတ်စွာဘုရားက အမျိုးကောင်းသားတစ်ယောက်သည် ဇနီးမယား သမီးသား ဆွေမျိုးဉာတိ စီးပွားဥစ္စာတို့ကို စွန့်လွှတ်၍ ရဟန်းပြု၏။ ထိုရဟန်းသည် ပါတိမောက္ခသံဝရသီလကို စောင့်သုံး၏၊ ဣန္ဒြိယသံဝရသီလကို ကျင့်သုံး၏၊ အာဇီဝပါရိသုဒ္ဓိသီလကို ကျင့်သုံး၏၊ ပစ္စယသန္နိဿိတသီလကို ကျင့်သုံး၏၊ အဓိသီလသိက္ခာကို ကျင့်သုံး၏၊ စူဠသီလ မဇ္ဈိမသီလ မဟာသီလတို့ကို ကျင့်သုံး၏။ လူ့ဘောင်၌မရနိုင်သော ထိုအဓိသီလသိက္ခာကို ရဟန်းဘဝ၌ ကျင့်သုံးခွင့်ရခြင်းသည်ပင် သန္ဒိဋ္ဌိက သာမညဖလ-ရဟန်းဘဝမျက်မှောက်ရသော ကောင်းကျိုးချမ်းသာများပင် ဖြစ်ပေသည်ဟု ဖြေကြားတော်မူ၏။
ဒကာတော်မင်းကြီး ထို့ထက်ပိုသော နှစ်သက်ဘွယ်ကောင်းသော အကျိုးကျေးဇူးကတော့ အဓိသီလ၏အစွမ်းကြောင့် မိမိ၏ အတွင်းသန္တာန်၌ ပီတိပါမောဇ္ဇဖြစ်ရခြင်းနှင့် အနဝဇ္ဇသုခကို ရရှိခြင်းပင် ဖြစ်သည်။ အပြစ်ကင်းသည့် ကိုယ်နှုတ်သန့်ရှင်းသည့် အကျိုးကျေးဇူး၊ မိမိကိုယ်မိမိ ဝမ်းမြောက်ရွှင်လန်းစွာ ကျေနပ်နှစ်သက်ရခြင်းဟူသော အကျိုးကျေးဇူးမှာ မင်းစည်းစိမ်ထက်ပင် သာလွန်သော အကျိုးကျေးဇူး ဖြစ်ပေသည်ဟု မြတ်စွာဘုရားက ဖြေကြားတော်မူပါသည်။
ထို့ပြင် ဣနြေ္ဒကိုစောင့်ထိန်းခြင်း၊ ကိုယ်နှုတ်အမူအရာတို့၌ သတိသမ္ပဇဉ် ဉာဏ်နှင့်သတိယှဉ် စောင့်ရှောက်ခြင်း၊ သန္တောသတရားလေးပါး လက်ကိုင်ထားသဖြင့် ရောင့်ရဲတင်းတိမ်ခြင်းစသည်ဖြင့် စိတ်၏ ကြည်လင်အေးမြချမ်းသာသော ငြိမ်းချမ်းသော အပြစ်ကင်းသော ကိလေသာ မနှိပ်စက်သော အနဝဇ္ဇစိတ္တသုခ အကျိုးကို ရရှိခံစားနိုင်သည်။
ထို့ပြင် ဈာန်သမာဓိဖြင့် နီဝရဏတရား (၅) ပါးတို့ကို ပယ်ရှားလိုက်သောအခါ ဝိဝေကဇသုခ၊ သမာဓိဇသုခ၊ ပီတိသုခ၊ နိပ္ပီတိကသုခ၊ ဥပေက္ခာနှင့် သတိကြောင့်ဖြစ်သော စတုတ္ထဈာနိကပါရိသုဒ္ဓိကသုခတို့သည်လည်း ရဟန်းဘဝ မျက်မှောက်ရအပ်သော သာမညဖလများပင်ဖြစ်ကြောင်း မြတ်ဗုဒ္ဓက မင်းကြီးအား ဟောပြပါသည်။
တန်ဆောင်မုန်းလပြည့်ည၏ လပြည့်ဝန်းသည် အရှေ့ဆီက ဂိဇ္ဈကုဋ်တောင်ကို ကျော်တက်လာခဲ့ပြီး၊ ဆရာဇီဝက၏ သရက်တော ကျောင်းတိုက်ကြီးသည် သရက်ပင်ပျိုတို့ လွှမ်းအုပ်ထားသော်လည်း ဘော်ရည်တသွေး ဖြူဖွေးသော လရောင်ဖြင့် အစိမ်းရင့်ပေါ်ဝယ် ဘော်ဖြူရောင် လွှမ်းထားသဖြင့် အစွမ်းကုန် လှပတင့်တယ် အေးချမ်းဘွယ် ဖြစ်နေပါသည်။ မင်းကြီး၏ ကိုယ်ရံတော်တပ်က ထွန်းညှိထားသည့် မီးရှူးတိုင်များကလည်း ငွေရောင်အကြားမှ လွင့်ကာလွင့်ကာ လူးလွန့်လာသည့် ရွှေရောင်ခြည်များပမာ ဓမ္မရာဇာ တရားဘုရင် ဘုရားရှင်ကို တအားဝိုင်း၍ ဖူးမျှော်နေကြပါသည်။
တောင်ငါးလုံးကာခို မြို့တော်ရာဇဂြိုဟ်ကို လရိပ်ကသာမက ဓမ္မရိပ်ကလည်း လွှမ်းခြုံအေးမြစေပါသည်။ ကြတ္တိကာနက္ခတ် မွန်းတည့်သည့် ညကာလ ကာမဘောဂီ တစ်သိုက်ကတော့ နက္ခတ်ပွဲမှာ ဆီမီးရောင်ရှိန် တထိန်ထိန်ဖြင့် ပျော်မြူးနေကြလေပြီ။ အဇာတသတ်မင်းကြီးသည်လည်း မီးသတ်သမားတွေ ရေပက်အားကောင်းတဲ့အတွက် တဟုန်းဟုန်း လောင်သော မြို့မီးကြီးတစ်ခု မီးညွန့်ကျိုးစ ပြုလာနေသကဲ့သို့ပါပဲ၊ နှလုံးသားက သောကမီးသည် ဖြေးဖြေးချင်း ငြိမ်းစပြုလာနေပါပြီ။
မြတ်စွာဘုရားကိုယ်တော်မြတ်က မင်းကြီးအား သန္ဒိဋ္ဌိက သာမညဖလကို ဆက်လက်၍ ဟောတော်မူပါသည်။ သမာဓိဈာန်ကို အခြေခံ၍ ဝိပဿနာဉာဏ်များဆီသို့ တက်လှမ်းသည့်နည်းကို ညွှန်ပြပါသည်။ ခန္ဓာ၏ အနိစ္စသဘောကိုများ ရှင်းရှင်းမြင်လျှင် လက်ဝယ်တင်ထားသော ပတ္တမြားကဲ့သို့ ဒိဋ္ဌိ ဝိစိကိစ္ဆာကင်းသည့် စိတ်အစဉ်သည် မနောမယ၊ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ ဒိဗ္ဗစက္ခု၊ ပုဗ္ဗေနိဝါသ၊ စေတောပရိယ ဟူသော လောကီအကျိုး ဣဒ္ဓိ အမျိုးမျိုးတို့ကို ဖြစ်စေခဲ့လေပြီ။ ဤ ဣဒ္ဓိအဆင့်ဆင့်သည် ရှေးကပြဆိုခဲ့ပြီးတဲ့ သာမညဖလတို့ထက် ထူးကဲလွန်မြတ်သော အကျိုးကျေးဇူးပင် ဖြစ်ပါသည်။ အဋ္ဌာရသအတတ် (၁၈) ရပ်ကို တတ်သောကြောင့် ရရှိသော အကျိုးကျေးဇူးတို့ထက် အလွန်လျှင် လွန်ကဲနေသည်မှာ ဆိုဘွယ်ရာမရှိ ဖြစ်ပါသည်။
နာမ်ရုပ်ကိုထွင်းဖောက် ဣဒ္ဓိအဆင့်ဆင့်သို့ တက်ရောက်ခဲ့သော ဒိဋ္ဌိစင် ယုံမှားမရှိ ပကတိကြည်လင်သည့် ဝိပဿနာဉာဏ်သည် ဒုက္ခ၊ သမုဒယ၊ နိရောဓနှင့် မဂ္ဂတစ်ဖြာ လေးသစ္စာကို ပိုင်းခြားသိရှိ အထွတ်အထိပ်သို့ ရောက်ခဲ့ပါပြီ။ ဒုက္ခကိုသိ၊ သမုဒယကိုပယ်၊ နိရောဓသို့ရောက်၊ မဂ္ဂကိုလျှောက်၊ ထုတ်ချင်းပေါက်ရောက်ခဲ့သည်ကား အာသဝက္ခယအဘိညာဏ် ဖြစ်ပါသည်။
ခန္ဓာသည် ဒုက္ခဟု ယထာဘူတအတိုင်း သိ၏။ တဏှာသည် သမုဒယဟူ၍လည်းကောင်း၊ နိဗ္ဗာန်သည် နိရောဓဟူ၍လည်းကောင်း၊ မဂ္ဂသည် နိရောဓဂါမိနီပဋိပဒါဟူ၍လည်းကောင်း ယထာဘူတနည်းအရ သိ၏။ ဤသည်ကား- အာသဝ၊ ဤသည်ကား- အာသဝသမုဒယ၊ ဤသည်ကား-အာသဝနိရောဓ၊ ဤသည်ကား- အာသဝနိရောဓဂါမိနီပဋိပဒါဟု သိပါ၏။ ဤကဲ့သို့ သိသော ပုဂ္ဂိုလ်၏ စိတ်သည် ဒိဋ္ဌိ၊ တဏှာ၊ အဝိဇ္ဇာဟူသော အာသဝဥပါဒါန်တို့မှ ကင်းကင်းကြီးလွတ်ခဲ့လေပြီ။
ထိုပုဂ္ဂိုလ်သည် ဇာတိ၊ မရဏ၊ ဒုက္ခဇာတ်ကို အဆုံးသတ်ခဲ့လေပြီ။ သာသနဗြဟ္မစရိယကို ကျင့်သုံးခြင်းကိစ္စ ပြီးခဲ့လေပြီ။ ဘဝဇာတ်သိမ်းပြီဖြစ်၍ ပြုဘွယ်ကိစ္စအားလုံး ပြီးဆုံးခဲ့ပါပြီ။ နောက်တစ်ဖန် ဘဝဖြစ်ခြင်းလည်း မရှိတော့ပြီ။ နောက်ထပ်ပြုဘွယ်ကိစ္စလည်း မရှိတော့ပြီ။ ထိုသူသည် ကြွေးမြီကင်းလွတ်ပြီးသော သူကဲ့သို့လည်းကောင်း၊ အနာရောဂါပျောက်ငြိမ်းပြီးသော သူကဲ့သို့လည်းကောင်း၊ အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော သူကဲ့သို့လည်းကောင်း၊ ကျေးကျွန်အဖြစ်မှ လွတ်သောသူကဲ့သို့လည်းကောင်း၊ သစ်ကျား သားရဲထူသော ကန္တာရခရီးကြမ်းကို ကျော်ဖြတ်လွန်မြောက်ပြီးသော သူကဲ့သို့လည်းကောင်း အလွန်လျှင် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်း အတိသုခကို ရရှိပါပြီ။ အတိုင်းအတာမရှိ ပကတိငြိမ်းချမ်းတဲ့ ဒီချမ်းသာခြင်းတွေဟာ သန္ဒိဋ္ဌိက သာမညဖလ ဖြစ်ပါသည်။
ကြည်လင်သော မျက်စိအမြင်ရှိသော သူတစ်ယောက်သည် ကြည်လင်ငြိမ်သက်သော ရေပြင်၏ အောက်၌ ကျောက်ခဲ အိုးခြမ်းကွဲစသည်တို့ ရပ်နေကြသည်ကိုလည်း မြင်၊ ငါး လိပ် မကရ်းတို့ သွားနေကြသည်ကိုလည်း မြင်သည်မှာ ပီပြင်ကြည်လင်လှလေဘိသကဲ့သို့ ဆိုခဲ့ပြီးသောအတိုင်း သီလ၊ သမာဓိ၊ ပညာတို့နှင့် ပြည့်စုံသောသူသည် ဒုစရိုက် (၁၀) ပါး၊ ကိလေသာ (၁၀) ပါး၊ နီဝရဏ (၅) ပါး၊ အနုသယ (၇)ပါးတို့မှ လုံးလုံးကြီးကင်း သန့်ရှင်းခဲ့ပြီးဖြစ်သောကြောင့် ပရမတ္ထတရား၊ သစ္စာတရား၊ သန္တိတရားတို့ကို ယထာဘူတ ရှင်းလင်းပီပြင် ကြည်လင်စွာမြင်ရ၊ သိရ၊ လက်ဆုပ်လက်ကိုင်ရရှိခြင်းသည် နိယျာနိက ဓမ္မဝိနယသာသနာမှာ ဝင်ရောက်ကြသော အမျိုးကောင်းသား အမျိုးကောင်းသမီး မည်သူမဆို မျက်မှောက်ထင်ထင် ရရှိသော သန္ဒိဋ္ဌိက သာမညဖလပင် ဖြစ်ပါကြောင်း၊ ဥပါဒါန် (၄) ပါး၊ အာသဝေါ (၄) ပါးမှ လွတ်မြောက်သည့် ဝိမုတ္တိသုခသည် အထွတ်အထိပ် သာမညဖလပင် ဖြစ်ပါကြောင်း ကောင်းမြတ်သောကရုဏာဖြင့် အင်္ဂနှင့်မဂဓတိုင်းတို့၏ မင်းမြတ် အဇာတသတ်ဘုရင်အား မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါသတည်း။
ထိုအခါ တိုင်းကြီးနှစ်ခုတို့၏ မင်းမြတ် အဇာတသတ်သည် ဝေဠုဝန်ကျောင်းဒကာ သောတာပန်အရိယာ သူ၏ဖခင် ဘုရင်ဗိမ္ဗိသာရအား သတ်ခဲ့မိသည့် အပြစ်အတွက် မြတ်စွာဘုရားကို တောင်းပန်ဝန်ချ ကန်တော့ပါသည်။ မိတ်ဆွေယုတ်သည် သူ၏ အပေါင်းအသင်းကို ဒုက္ခ၊ ဒေါမနဿနှင့် အကျိုးယုတ်မှုများစွာကို ဖြစ်စေခဲ့ပြီး စောင့်ရှောက်ကယ်တင်မှု မပြုနိုင်ခဲ့ပေ။ လက်တကမ်းမှာ ရောက်နေခဲ့သော သောတာပတ္တိမဂ်၊ ဖိုလ် အကျိုးကျေးဇူးကား ဆုံးခဲ့ပါပြီ။
အဘသတ်မှုသာ မပြုမိခဲ့သော် ဘုရင်အဇာတသတ်သည် သာမညဖလသုတ်တော်ကို နာကြားပြီးသည့်အဆုံးမှာ သောတာပန်အရိယာဖြစ်မည်မှာ ဧကန်ပင်။ ယခုလည်း သာမညဖလသုတ်တော်၏ ကျေးဇူး၊ သူ၏ ရတနာသုံးပါးအပေါ် မမှိတ်မသုံ ယုံကြည်သော အဝေစ္စပသာဒ၏ ကျေးဇူးတို့ကြောင့် အဝီစိငရဲဘေးမှ လွတ်ခဲ့ပြီး၊ လောဟကုမ္ဘီငရဲမှာသာ အနှစ်ခြောက်သောင်းခံစားပြီး လွတ်မြောက်သောအခါ ဝိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါတစ်ဆူ ဖြစ်တော်မူလိမ့်မည် ဖြစ်ပါသည်။ ပုထုဇဉ်တို့တွင် သဒ္ဓါဖြင့် သာသနာကိုကြည်ညိုရာ၌ အဇာတသတ်မင်းမြတ်သည် အသာဆုံး အလွန်ကဲဆုံးဖြစ်ပါသည်။
မိုး,လေးလပြည့်၊ လ,လည်းပြည့်သည့် လပြည့်ခေါ်ထုံး တန်ဆောင်မုန်း၏ ကြည်လင်ဝင်းပ လပြည့်ညကား ကြာဖြူလည်းပွင့် ရွှေခဝဲလည်းပွင့်သည်မို့ စန်းပွင့်သီတဂူ နိဗ္ဗူတိဓာတ် တရားမြတ်ကို ကြားလတ်သော်လျှင် ဘုရင်ဥက္ကဋ္ဌ် ဇာတသတ်၏ ကြပ်ကြပ်လောင်ညီး သောကမီးမှာ ငြိမ်းကြီးငြိမ်းကာ ငြိမ်းချမ်းသာသည် ကိန်းခဏ်းအလာ ရာဇဝင်ကစ သာသနာဝင်အလှပြ ဓမ္မာဝင်ကျန သာမညဖလ ဒေသနာကို ဟောကြားတော်မူသည့် အခါတော်နေ့တည်း။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
အဓိပတိဆရာတော် 
သီတဂူဗုဒ္ဓတက္ကသိုလ်
ဩဝါဒပါတိမောက် အခါတော်နေ့
တရားချစ်ခင် သူတော်စင်အပေါင်းတို့ လွန်လေပြီးသော နှစ်ပေါင်း (၂၅၈၅) ခုနှစ်ရဲ့ တပို့တွဲလပြည့်နေ့တုန်းက ရဟန္တာပေါင်း (၁၂၅၀) တို့ ပါဝင်တက်ရောက်တော်မူကြတဲ့ သံဃာ့အစည်းအဝေးကြီးကို မဂဓတိုင်း ရာဇဂြိုလ်မြို့ ဝေဠုဝန်ကျောင်းတော်ကြီးမှာ ကျင်းပခဲ့ပါတယ်။ အဲဒီ တပို့တွဲလပြည့်နေ့က မြတ်စွာဘုရားရှင် ဗုဒ္ဓအဖြစ်သို့ ရောက်ပြီးနောက် ကိုးလတင်းတင်း ပြည့်မြောက်သည့်နေ့ ဖြစ်ပါတယ်။
ဘုရားဖြစ်၍ ကိုးလပြည့်ရာ တပို့တွဲလပြည့်နေ့မှာ ရာဇဂြိုဟ်ပြည်မွန် ဝေဠုဝန်တွင် ကျင်းပသည့် ပထမ သံဃသန္နိပါတဝယ် မြတ်ဗုဒ္ဓသည် ပါတိမောက်ဩဝါဒကို မိန့်မြွက်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ဘိုးတော် အဉ္ဇနမင်း တည်ထားသက္ကရာဇ်နှစ် (၆၈) မှာ မင်းသိဒ္ဓတ်ကို ဖွားမြင်တော်မူခဲ့ပါတယ်။
သက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့မှာ မင်းသိဒ္ဓတ်သည် သမ္မာသမ္ဗုဒ္ဓစင်စစ် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ ဘုရားဖြစ်ပြီးနောက် (၂) လပြည့်မြောက်သည့် ဝါဆိုလပြည့်နေ့မှာ မြတ်ဗုဒ္ဓသည် တရားဦးဓမ္မစက်ကို စတင် ဟောမြွက်တော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓသည် ဓမ္မစက်ကို စတင်လှည့်သည့် ထိုနှစ် ဝါတွင်းမှာပင် ရဟန္တာပေါင်း (၆၀) တို့ကို ရရှိတော်မူခဲ့ပါတယ်။ ဘုရားဖြစ်သည့် ထိုနှစ်မှာ ရဟန္တာပေါင်း (၆၀) တို့နှင့် မိဂဒါဝုန်မှာ ဝါဆိုတော်မူပါတယ်။ ဝါလကင်းလွတ် သီတင်းကျွတ်သည့်အခါ ရဟန္တာအပါး (၆၀) တို့ကို သာသနာပြုခရီးထွက်ကြဖို့ တစ်ပါးတစ်ခရီးကြွ တရားဟောကြဖို့ မိန့်မြွက်တော်မူခဲ့ပါတယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် မိမိသပိတ်သင်္ကန်းကို မိမိကိုယ်တော်တိုင်ကိုင်၍ တစ်ပါးတည်းကြွတော်မူခဲ့ရာ တန်ဆောင်မုန်းလဆန်းတွင် ကပ္ပါသိကတောအုပ်သို့ ရောက်ခဲ့ပါတယ်။ ကပ္ပါသိကတောအုပ်ဝယ် ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်တို့နှင့် တွေ့ဆုံ၍ တရားဟောပြ ဆုံးမတော်မူရာ မင်းသားသုံးကျိပ်တို့ ရဟန်းပြုကြပါတယ်။
ဆက်လက်၍ ခရီးထွက်ခဲ့ရာ ပြာသိုလဆန်းမှာ ဥရုဝေလတောအုပ်သို့ ပြန်ရောက်ပါတယ်။ ဥရုဝေလတောအုပ် နေရဉ္ဇရာ မြစ်ကမ်းနားမှာရှိကြတဲ့ ကဿပညီနောင် သုံးယောက်ခေါင်းဆောင်တဲ့ ရသေ့ပေါင်း တစ်ထောင်တို့ကို 'အာဒိတ္တပရိယာယသုတ္တန်'ဖြင့် ဆုံးမတော်မူရာ အားလုံး ရဟန္တာဖြစ်၍ ရဟန်းပြုကြပါတယ်။ ထိုကဿပညီနောင် သုံးယောက် ခေါင်းဆောင်တဲ့ ရဟန္တာပေါင်းတစ်ထောင် ခြံရံလျှက် ခရီးဆက်ခဲ့ပြန်ရာ ပြာသိုလပြည့်နေ့မှာ ရာဇဂြိုဟ်မြို့တော်သို့ ရောက်ပါတယ်။
ရာဇဂြိုဟ်မြို့အနီး ထန်းတောဥယျာဉ်ဝယ် မဂဓတိုင်း၏ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်းနှင့် ပရိသတ်အပေါင်း တစ်သိန်းတစ်သောင်းတို့ကို သောတာပတ္တိမဂ်ဖိုလ်အရောက် ချီးမြောက်တော်မူပြီး ဗိမ္ဗိသာရမင်းတရား လှူဒါန်းသော ဝေဠုဝန်ဥယျာဉ်ကို အလှူခံတော်မူခဲ့ပါတယ်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ပြာသိုလပြည့် ဘုရားဖြစ်ပြီးနောက် (၈) လအကြာမှစ၍ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတိုက်မှာ ရဟန္တာပေါင်း (၁၀၀၀) တို့နှင့် အတူတကွ သီတင်းသုံးနေထိုင်တော်မူခဲ့ပြီ ဖြစ်ပါတယ်။
ရာဇဂြိုဟ်မြို့တော်သည် တောတောင်တွေ ထူထပ်လှသည့် ရသေ့၊ ရဟန်း၊ ပရိဗိုဇ်၊ ယောဂီတို့ အလွန်ပျော်မွေ့ရာမြို့ ဖြစ်ပါတယ်။ ဗုဒ္ဓကောလာဟလ ဖြစ်ပေါ်ခဲ့ရာ ဗုဒ္ဓမပွင့်မီ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်လောက်ကပင် လူတို့၏ ကိုးကွယ်ခံ၊ ရဟန်းအမည်ခံ ရသေ့ ယောဂီပေါင်းများစွာတို့ ပေါ်ပေါက်နေခဲ့ပြီ ဖြစ်ပါတယ်။
သာမညဖလသုတ်တော်ဝယ် ဗိမ္ဗိသာရမင်း၏သားတော် အဇာတသတ်သည် တိတ္ထိဆရာကြီးပေါင်း (၆) ယောက်တို့ထံ သွားရောက်ခဲ့ကြောင်း၊ ရဟန်းဘဝရရှိသည့် အကျိုးကျေးဇူးများကို မေးမြန်းခဲ့ကြောင်း၊ မေးရာတစ်ခြား ဖြေရာတစ်ခြား ဖြစ်ကြသည့်အတွက်ကြောင့် သူ့တိုင်းပြည်တွင်းက သမဏ ဗြဟ္မဏတွေကို မကျေမနပ်ဖြစ်ခဲ့ကြောင်း၊ သို့သော် သူ့စိတ်ကိုဖြေ၍ ထိုကဲ့သို့သော ရသေ့ ရဟန်းတို့ကို ချမ်းသာစွာ နေစေခဲ့ကြောင်း၊ ခွင့်လွှတ်သည်းခံခဲ့ကြောင်း စသည် ဖော်ပြထားပါတယ်။
ဒါကြောင့် တိတ္ထိဂိုဏ်းဆရာအားလုံးတို့ အများဆုံး စုဝေးရာဒေသဟာ မြို့တော်ရာဇဂြိုဟ် ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် အယူရှိသူတို့ဒေသမှာ ညီညွတ်သည့်အင်အားကို ဖော်ပြသည့် ပထမအကြိမ် သမဂ္ဂ သံဃသန္နိပါတကို ကျင်းပခဲ့သည်မှာ အလွန်ပင် အားရကြည်နူးဘွယ် ကောင်းလှပါတယ်။
မြတ်ဗုဒ္ဓ၏ အဂ္ဂမဟာသာဝကကြီးများ ဖြစ်တော်မူကြသည့် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပ မထေရ်မြတ်ကြီးများသည်လည်း ရာဇဂြိုဟ်အနီး နာလန္ဒမြို့နယ်သားများ ဖြစ်ကြပါတယ်။
ဝါကျွတ်ချိန် မိဂဒါဝုန်မှ သာသနာပြုခရီး ကြွချီတော်မူခဲ့သည့် ရဟန္တာ (၆၀) တို့အနက် ပဉ္စဝဂ္ဂီတွင် အငယ်ဆုံးဖြစ်သည့် အရှင်အဿဇိ ရဟန္တာတစ်ပါးသည် ရာဇဂြိုဟ်မြို့မှာ စောစီးစွာ ရောက်နှင့်နေပြီ ဖြစ်ပါတယ်။ တိတ္ထိဆရာ (၆) ယောက်တို့တွင် အမရာဝိက္ခေပဝါဒဖြင့် ထင်ရှားသော သဉ္စယဗေလဋ္ဌပုတ္တအမည်ရှိ တိတ္ထိဆရာ တစ်ယောက်လည်း တပည့်ပရိဗိုဇ်ပေါင်း (၂၅၀) တို့နှင့်အတူ ရာဇဂြိုဟ်မှာ စခန်းချနေ-နေဆဲ ဖြစ်ပါတယ်။
အဂ္ဂမဟာသာဝက အလောင်းလျာများ ဖြစ်ကြတဲ့ ဥပတိဿနှင့် ကောလိတ (သာရိပုတ္တရာနှင့် မောဂ္ဂလာန်) နှစ်ယောက်တို့သည် တောင်ထိပ်ပွဲ ကြည့်ရှုပျော်ရွှင်ရာမှ သံဝေဂဝင်ကာ တောထွက်ခဲ့ကြရာ သိဉ္စည်းဆရာကြီးထံ လမ်းမှားရောက်ကြပြီး တပည့်ခံ၍ ပရိဗိုဇ်လုပ်နေကြပါတယ်။ ဥပတိဿပရိဗိုဇ်သည် ရာဇဂြိုဟ်တွင် ဆွမ်းခံဝင်ရာ သာသနာပြုဓမ္မဒူတ အရှင်အဿဇိကို ဆွမ်းခံလမ်းမှာ တွေ့ခဲ့ပါတယ်။
ဥပတိဿပရိဗိုဇ်သည် အဿဇိအရှင်မြတ်ကို မြင်ကာမျှမှာပင် သမဏစင်စစ် တကယ်ဖြစ်ကြောင်း ကောင်းစွာသိသဖြင့် တရားဟောရန် တောင်းပန်ရာ အရှင်အဿဇိက -
ယေဓမ္မာ ဟေတုပ္ပဘဝါ၊
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊
ဧဝံဝါဒီ မဟာသမဏော။
ငါ့ရှင် ….. ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့သည် သမုဒယသစ္စာ တဏှာလောဘလျှင် အမွန်အစ အခြေခံအကြောင်းရင်း ရှိကြကုန်၏။ ထိုခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကိုလည်းကောင်း၊ ထိုခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ အခြေခံအကြောင်းရင်း သမုဒယသစ္စာ တဏှာလောဘကိုလည်းကောင်း၊ ထိုဒုက္ခသစ္စာနှင့်သမုဒယ ဝဋ်သစ္စာ နှစ်ပါးတို့၏ချုပ်ရာ နိရောဓသစ္စာနှင့် ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း အကျင့်ကောင်း မဂ္ဂသစ္စာ ဤနှစ်ပါးတို့ကိုလည်းကောင်း ငါတို့၏ဆရာ မြတ်ဗုဒ္ဓက ခွဲခြမ်းစိတ်ဖြာ ဟောကြားတော်မူပါ၏။ ငါတို့၏ဆရာ မြတ်ဗုဒ္ဓသည် သစ္စာလေးပါးကို ဝေဘန် ဟောကြားတတ်သည့် သစ္စာဝါဒီ ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူ၏ဟု ဟောတော်မူခဲ့ရာ သာရိပုတ္တရာအလောင်းလျာ ဥပတိဿပရိဗိုဇ်သည် တရားဒေသနာတစ်ဝက်မျှ နာရစဉ်မှာပင် နည်းထောင်ပေါင်းများစွာဖြင့် ချဲ့ထွင်သိမြင်ကာ သောတာပန် ဖြစ်ခဲ့လေသည်။ ကျန်သော တရားတစ်ဝက်ကို သောတာပန်ဖြစ်ပြီးမှ ဆက်လက်၍ ပြီးဆုံးအောင် နာကြားခဲ့လေသည်။
ဥပတိဿသည် မိမိနာယူခဲ့ရသော သစ္စာလေးပါးတရားကို ပရိဗိုဇ်တို့ အာရာမ်သို့ ပြန်ရောက်သောအခါ သူ၏ငယ်သူငယ်ချင်း ကောလိတပရိဗိုဇ်အား ပြန်လည်ဟောပြရာ ကောလိတလည်း သောတာပန် ဖြစ်ခဲ့လေသည်။ သောတာပန် အရိယာဖြစ်ပြီးသော ဥပတိဿနှင့် ကောလိတ (သာရိပုတ္တရာနှင့် မောဂ္ဂလာန်)တို့သည် သိဉ္စည်းဆရာ၏ တပည့် ပရိဗိုဇ်ပေါင်း (၂၅၀) တို့အား ဆက်လက်ဟောကြားကြပြန်ရာ အားလုံးက မြတ်ဗုဒ္ဓ၏ 'သစ္စဝိဘဇ္ဇဝါဒ'ကို ကျေနပ်စွာ လက်ခံကြလေသည်။ ထို့ကြောင့် သူတို့အားလုံး ဝေဠုဝန်မှာရှိနေသော မြတ်ဗုဒ္ဓထံ တပည့်ခံသွားကြဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြလေသည်။
ဒီနေရာမှာ တပည့်အားလုံးက သူတို့၏ ဆရာဟောင်းကြီး သဉ္စယဗေလဋ္ဌပုတ္တကိုလည်း ခေါ်သွားလိုကြသဖြင့် မြတ်စွာဘုရားထံ လိုက်ပါဖို့ သွားပြောကြပါတယ်။ သို့သော် သဉ္စည်းဆရာက 'လောကမှာ ဆရာကြီးတစ်ဆူလုပ်ပြီးကာမှ သူတစ်ပါးတပည့် မခံနိုင်တော့ဘူး။ အမှန်တရားကြိုက်တဲ့ သူတော်ကောင်းတွေ ဂေါတဗုဒ္ဓထံသွားကြလျှင် အမှားကြိုက်တဲ့ လူမိုက်တွေ ငါ့ဆီလာကြမှာပါ။ လောကမှာ သူတော်ကောင်းတွေက နည်းပါတယ်၊ လူမိုက်တွေက များပါတယ်။ မင်းတို့ နှစ်ရာ့ငါးဆယ်သွားရင် တခြားလူ နှစ်ထောင့်ငါးရာ ငါ့ဆီလာမှာပါ' ဟု ငြင်းပယ်၍သာ ကျန်နေခဲ့ပါတယ်။
မဟာသက္ကရာဇ် (၁၀၃) ခုနှစ် တပို့တွဲလဆန်း (၁) ရက်နေ့ ညနေခင်းမှာ ဥပတိဿ ကောလိတ ဦးဆောင်သော ပရိဗိုဇ်ပေါင်း (၂၅၀) တို့ ရာဇဂြိုဟ်မြို့ ဝေဠုဝန်မှာ သီတင်းသုံးနေနေသော မြတ်ဗုဒ္ဓထံတော်သို့ ရောက်ရှိ တပည့်ခံကြပါတယ်။
မြတ်ဗုဒ္ဓသည် ထိုပရိဗိုဇ်တို့အား အနှစ်သုံးပါးတရားကို ဟောကြားတော်မူပါတယ်။ တရားအဆုံးမှာ ပရိဗိုဇ် (၂၅၀) တို့ ရဟန္တာ ဖြစ်ကြပြီး မြတ်ဗုဒ္ဓထံ ရဟန်းဘဝ တောင်းခံကြပါတယ်။ အားလုံးကို မြတ်ဗုဒ္ဓက ဧဟိဘိက္ခုနည်းဖြင့် ရဟန်းပြုပေးတော်မူခဲ့ပါတယ်။ ဤသို့လျှင် သာရိပုတ္တရာ မောဂ္ဂလာန်နှင့်တကွ တပည့်ပေါင်း (၂၅၀) တို့သည် နိယျာနိကသာသနာဝယ် ရဟန်းဘဝကို လှလှကြီးရခဲ့ကြပြီး ဖြစ်ပါတယ်။ သာရိပုတ္တရာနှင့် မောဂ္ဂလာန်တို့မှာ ရဟန်းဖြစ်ခဲ့ကြသော်လည်း ရဟန္တာကား မဖြစ်ကြသေးပါ။ အဂ္ဂသာဝကရာထူးနှင့် ပါရမီက ကြီးကျယ်လှသောကြောင့် အရှင်မောဂ္ဂလာန်က (၇) ရက်၊ အရှင်သာရိပုတ္တရာက (၁၅) ရက် ဆက်လက်၍ အားထုတ်တော်မူခဲ့ကြရပါတယ်။
အရှင်မောဂ္ဂလာန်သည် ကလဝါလပုတ္တ ရွာအနီး တောအုပ်တစ်ခုဝယ် မြတ်စွာဘုရားဟောသော 'ပစလာယမာနသုတ္တန်' ကို နာကြားရင်း တပို့တွဲလဆန်း (၇) ရက်နေ့မှာ ရဟန္တာဖြစ်တော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာသည် ဂိဇ္ဈကုဋ်တောင်ခြေ သူကရခတလိုဏ်ဂူ၌ မြတ်စွာဘုရားဟောသော 'ဝေဒနာပရိဂ္ဂဟ ဒီဃနခသုတ္တန်' ကို နာကြားကာ တပို့တွဲလပြည့်နေ့၌ ရဟန္တာ ဖြစ်တော်မူခဲ့ပါတယ်။
ဤသို့လျှင် ဘုရားဖြစ်ပြီးနောက် ကိုးလအကြာ အင်္ဂါလေးပါးနှင့် ပြည့်စုံသော သံဃသန္နိပါတ အစည်းအဝေးကြီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့၌ -
၁။ ဆီးနှင်း မြူတိမ် အသူရိန် မီးခိုး အညစ်အကြေးငါးမျိုးကင်းစင် သန့်ရှင်းကြည်လင်သည့် လပြည့်ညဖြစ်ခြင်း၊
၂။ ကိလေသာ အညစ်အကြေး လုံးဝကင်းစင် ရဟန္တာကြီးပေါင်း (၁၂၅၀) တို့ အလိုအလျောက် ဝေဠုဝန်မှာ စည်းဝေးမိခြင်း၊
၃။ ကဿပညီနောင် (၃) ယောက်၏ တပည့်ပေါင်း (၁၀၀၀) နှင့် အဂ္ဂသာဝကကြီး (၂) ပါး၏ တပည့်ပေါင်း (၂၅၀) တို့သည် အားလုံး ဧဟိဘိက္ခုချည်း ဖြစ်တော်မူကြခြင်း၊
၎။ ထိုရဟန်းအားလုံး၏ အဘိညာဏ် (၆) ပါး ရတော်မူကြသည့် ဆဠာဘိည ရဟန္တာကြီးများချည်း ဖြစ်တော်မူကြခြင်း၊
ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသော ရဟန္တာ ၁၂၅၀ တို့ တက်ရောက်တော်မူကြသည့် ပထမသံဃသန္နိပါတ ပထမဦးဆုံးသော သံဃာ့ အစည်းအဝေးကြီးကို တောင်ငါးလုံးကာခို မြို့တော် ရာဇဂြိုဟ်ရဲ့ ဝေဠုဝန်ကျောင်းတိုက်ကြီးမှာ ကျင်းပခဲ့ပါတယ်။
ဤသံဃာ့အစည်းအဝေးကြီးမှာ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာမထေရ်မြတ်အား 'ပထမအဂ္ဂသာဝက' ရာထူးကို အပ်နှင်း ချီးမြှင့်တော်မူခဲ့ပါတယ်။ အရှင်မောဂ္ဂလာန် မထေရ်မြတ်ကိုတော့ 'ဒုတိယအဂ္ဂသာဝက' ရာထူး ပေးအပ်ချီးမြှင့်တော်မူခဲ့ ပါတယ်။
အဂ္ဂသာဝကကြီး (၂) ပါး ရွေးချယ်၍ ရာထူးခန့်အပ်ပြီး ထိုသံဃာ့အစည်းအဝေးကြီးမှာပင် ဘုရားအဆူဆူတို့ ချီးမြှောက်တော်မူမြဲဖြစ်သည့် ဩဝါဒပါတိမောက်ဒေသနာတော်ကို ချီးမြှောက်ပေးသနား ဟောကြားတော်မူခဲ့ပါသည်။
မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီးနောက်(၉)လတင်းတင်း ပြည့်မြောက်ခဲ့ပါပြီ။ ပထမအကြိမ် သံဃာ့အစည်းအဝေးကြီးကို ရာဇဂြိုဟ်ပြည်မွန် ဝေဠုဝန်မှာ ကျင်းပနေခဲ့ပါသည်။ ဝေပုလ္လတောင်၊ ဝေဘာရတောင်၊ ပဏ္ဍဝတောင်၊ ဣသိဂိလိတောင်၊ ဂိဇ္ဈကူဋတောင်ဟူသော တောင်ကြီးငါးလုံးတို့၏အလယ် မြို့တော်ရာဇဂြိုဟ်ဝယ် မဂဓပြည့်ရှင် ဘုရင်ဗိမ္ဗိသာရသည်လည်း သောတာပန်အရိယာ ဖြစ်ခဲ့လေပြီ။
ဝေဠုဝန်ဟူသော မင်းဥယျာဉ်သည်လည်း သာသနာ့ဥယျာဉ် ဖြစ်ခဲ့လေပြီ။ မင်းကြီးသည် သူ၏ ဥယျာဉ်ကျောင်းဝယ် ပထမသံဃာ့ အစည်းအဝေးကြီး ကျင်းပနေသည်ကို ကြည်နူးဝမ်းသာ ဖြစ်နေပါသည်။ ကိလေသာကင်း သန့်ရှင်းသော သံဃာ့အစည်းအဝေးကြီးဖြင့် ဝေဠုဝန်သည် ကျက်သရေရှိလှပါသည်။ သာသနာဝင်မှာ မှတ်တိုင်ကြီးတစ်ခု စိုက်ထူခဲ့ပါပြီ။
အဂ္ဂသာဝက ရွေးချယ်ပွဲကြီးကလည်း ဝေဠုဝန်ကို ဂုဏ်ကျက်သရေတက်စေခဲ့ပါတယ်။ ဝါးတောကြီး၏ စိမ်းစိမ်းစိုစို ညို့ညို့မှောင်မှောင် အရောင်များ၏ အတွင်းမှာ ရဟန္တာအရှင်သူမြတ် (၁၂၅၀) တို့၏ သင်္ကန်းတော်တို့မှ ထွက်လာသော ဝါဝင်းသော ရွှေရောင်ခြည်တို့က လွှမ်းမိုးလျှက် ရှိပါသည်။ တောင်တန်းကြီးများနှင့် သစ်တောကြီးများ၏ ခိုတောင်လိုလို ညိုမှောင်နေသည့် သဘာဝပေါ်ဝယ် မြူလည်းမဆိုင်း၊ မီးခိုးလည်းမဝိုင်း၊ ဆီးနှင်းလည်းမသိုင်းသည့်အတွက် အသူရိန်နှင့် တိမ်ကင်းစင်သည့် ပုဏ္ဏမီလစန်းက ဆွတ်ဖြန်းလိုက်သော ရောင်ခြည်တို့သည် ငွေရည်ဘော်ရည်များ သွန်းဖျန်းထားသကဲ့သို့ ဖွေးဖွေးဖြူလျှက် ရှိပါတော့သည်။
ဟိမဝန္တာမှ ပြေးလာသော အေးတမြမြရှိသည့် ဆောင်းနှောင်း၏ မြောက်လေပြေသည် ဝေဠုဝန်သံဃာ့အစည်းအဝေးကြီးကို ဦးခိုက်ကာ ရာဇဂြိုဟ်တောင်တန်းကြီးများဆီသို့ နှုတ်ဆက်ဝင်ရောက်သွားပါသည်။ ကြည်လင်နေသော ကောင်းကင်ပြာကြီးထဲဝယ် မိဂသီနှင့်ယှဉ်သော နက္ခတ်အပေါင်း ကြယ်တာရာအပေါင်းတို့က အရောင်တဖိတ်ဖိတ်ဖြင့် မြတ်ဗုဒ္ဓအား ပူဇော်နေကြပါသည်။ ဝေဠုဝန်ရှိ ကျေးငှက်တို့ တိတ်ဆိတ်ရိုသေစွာ နားစွင့်နေကြပါသည်။ အစဉ်တွန်ကျူးလေ့ရှိသော ရှဥ့်နက်ကြီးတို့လည်း ငြိမ်သက်စွာ မြတ်ဗုဒ္ဓ၏ ဩဝါဒကို နားစွင့်နေကြပါသည်။
၁၂၅၀ သော ရဟန္တာအရှင်မြတ်ကြီးများသည် မြတ်ဗုဒ္ဓဆီသို့ ဦးညွှတ်၍ နားစိုက်တော်မူနေကြပါသည်။ မြတ်ဗုဒ္ဓ၏ ကိုယ်တော်မှ ၆ သွယ်သော ရောင်ခြည်တော်တို့သည် တော၊ တောင်၊ ရေ၊ မြေ၊ နေ၊ လ၊ နက္ခတ်တာရာတို့ကို လွှမ်းမိုး၍ လူးလွန့်၊ မြူးကွန့်တက်လာကြပါသည်။ (၆) မျိုးသော ရောင်ခြည်တော်များသည် စကြာဝဠာအနှံ့ ပြန့်ပွား ပြေးသွားလေဘိသကဲ့သို့ မြတ်ဗုဒ္ဓဟောမြွက်သည့် ဩဝါဒပါတိမောက်ဒေသနာသည် အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော အသံတော်ဖြင့် အကနိဋ္ဌဗြဟ္မာ့ပြည်သို့တိုင်အောင် လျှံ၍ ညံ၍ တက်ခဲ့ပါပြီ။
ဩဝါဒပါတိမောက္ခဒေသနာ
သုံးဂါထာ
၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊
န ဟိ သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။
တိတိက္ခာ-တိတိက္ခာဟုဆိုအပ်သော၊ ခန္တီ-သူတစ်ပါးတို့ ပြစ်မှားစော်ကား စွပ်စွဲခြင်းနှင့် အချမ်းအပူစသည်ကို မျက်နှာမနွမ်း မညှိုးပန်းအောင် ခံနိုင်စွမ်းရှိခြင်းသည်၊ ပရမံ-မွန်မြတ်စွာသော၊ တပေါ-သူတော်ကောင်းတို့အကျင့်ပေတည်း။
နိဗ္ဗာနံ-တဏှာမှလွတ်မြောက်ရာ နိဗ္ဗာန်တရားကို၊ ပရမံ-အမြတ်ဆုံးဟူ၍၊ ဗုဒ္ဓါ-ဘုရားအဆူဆူတို့သည်၊ ဝဒန္တိ-ဟောတော်မူကုန်၏။
ပရူပဃာတီ-တစ်ပါးသော သတ္တဝါကို သတ်ဖြတ်လေ့ရှိသူသည်၊ ပဗ္ဗဇိတော-ရဟန်းသူမြတ်သည်၊ န ဟောတိ-မဖြစ်နိုင်ပေ။
ပရံ-သူတစ်ပါးကို၊ ဝိဟေဌယန္တော-ညှဉ်းဆဲ နှိပ်စက်သောသူသည်၊ သမဏော-ကိလေသာခပ်သိမ်းကို ငြိမ်းအေးစေတတ် ရဟန်းမြတ်သည်၊ န ဟောတိ-မဖြစ်နိုင်ပါပေ။
၂။ သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။
သဗ္ဗပါပဿ-အပြစ်ရှိငြား ခပ်သိမ်းသော မကောင်းမှုများကို၊ အကရဏံ-မပြု မလုပ်ရခြင်းလည်းကောင်း၊ ကုသလဿ-အပြစ်ကင်းငြား ကောင်းမှုများကို၊ ဥပသမ္ပဒါ-ပြည့်စုံအောင် စုဆောင်းရခြင်းလည်းကောင်း၊ သစိတ္တပရိယောဒပနံ-မိမိစိတ်ကို အညစ်အကြေးသုတ်သင် သန့်ရှင်းအောင် ပြုပြင်ရခြင်းလည်းကောင်း၊ ဧတံ-မကောင်းမှုကင်း ကောင်းမှုသွင်း၍ စိတ်ရင်းစင်ရိုး ဤသုံးမျိုးသည်၊ ဗုဒ္ဓါနံ-အဆူဆူသော ဘုရားရှင်တို့၏၊ သာသနံ-အဆုံးအမ ဩဝါဒပေတည်း။
၃။ အနူပဝါဒေါ အနူပဃာတော၊
ပါတိမောက္ခေ စ သံဝရော၊
မတ္တညုတာ စ ဘတ္တသ္မိံ၊
ပန္ထဉ္စသယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။
အနူပဝါဒေါ-သူတစ်ပါးတို့ကို မစွပ်စွဲရခြင်းလည်းကောင်း၊ အနူပဃာတော-သူတစ်ပါးတို့ကို မညှဉ်းဆဲ မနှိပ်စက်ရခြင်းလည်းကောင်း၊ ပါတိမောက္ခေ-ပါတိမောက္ခသံဝရသီလနှင့် ဣန္ဒြိယသံဝရသီလ (၂) ပါး၌၊ သံဝရော စ-ထိန်းသိမ်း စောင့်ရှောက်ရခြင်းလည်းကောင်း၊ ဘတ္တသ္မိံ-ဆွမ်းခဲဘွယ် ဘောဇဉ်၌၊ မတ္တညုတာ-ခံယူမှု သုံးဆောင်မှု ဤနှစ်ခုဝယ် အတိုင်းအရှည်ကို သိရခြင်းလည်းကောင်း။
ပန္ထဉ္စသယနာသနံ-လူနှင့်ဝေးကွာ အစွန်အဖျားကျရာ ဆိတ်ငြိမ်ရာကျောင်း၌ ကိန်းအောင်းမွေ့လျော်ရခြင်းလည်းကောင်း။
အဓိစိတ္တေ-သာမန်စိတ်ထက် လွန်ကဲသော သမာဓိစိတ်၌၊ အာယောဂေါ-အမြဲကြိုးကုတ် အားထုတ်ရခြင်းလည်းကောင်း၊ ဧတံ-ဤအကျင့်တရား ခြောက်ပါးသည်၊ ဗုဒ္ဓါနံ-ဆူဆူထွဋ်ထား မြတ်စွာဘုရားတို့၏၊ သာသနံ-လိုရင်းနှုံးပြ ထုံးအရဖြင့် သုံးကြပစေ ဆုံးမတော်မူချက်ပါပေသတည်း။ ဤ ဩဝါဒပါတိမောက်သုံးဂါထာကို သက်တော်ရှည် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်တို့သည် အသက်ထက်ဆုံး သံဃာအား ပြသဆုံးမတော်မူကြသည်။ သက်တော်တို မြတ်စွာဘုရားများမှာ ပထမဗောဓိဟူသော ဝါတော် (၂၀) အတွင်းမှာသာ ဟောပြောပြသ ဆုံးမတော်မူကြပါသည်။ ဝိပဿီ မြတ်စွာဘုရားသည် ဤဩဝါဒပါတိမောက်ကို (၇) နှစ် တစ်ကြိမ်၊ သိခီမြတ်စွာဘုရားသည် (၆) နှစ် တစ်ကြိမ်၊ ဝေဿဘူ မြတ်စွာဘုရားသည်လည်း (၆) နှစ် တစ်ကြိမ်၊ ကကုသန် မြတ်စွာဘုရားနှင့် ကောဏာဂုံ မြတ်စွာဘုရားတို့သည် တစ်နှစ်တစ်ကြိမ် ဩဝါဒပါတိမောက်ဖြင့် သံဃာအား ဩဝါဒပေး ဆုံးမတော်မူသည်။
ကဿပမြတ်စွာဘုရားသည် (၆) လတစ်ကြိမ် ပြသဆုံးမတော်မူသည်။ ဂေါတမ မြတ်စွာဘုရားကဲ့သို့သော သက်တော်တိုသည့် မြတ်စွာဘုရားတို့သည် (၁၅) ရက်တစ်ကြိမ် လပြည့် လကွယ်နေ့တိုင်း ပထမဗောဓိဟူသည့် ဝါတော် (၂၀) အတွင်းမှာ ဤဩဝါဒပါတိမောက်ဖြင့် သံဃာတော်များအား ဆုံးမတော်မူပါသည်။ ငါတို့၏ဆရာ ဂေါတမမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်
သည် ဝါတော် (၂၀) ဆိုသည့် ပထမဗောဓိအတွင်း၌သာ ဩဝါဒပါတိမောက်ဖြင့် ရဟန်းတို့အား ဆုံးမဩဝါဒပေးတော်မူသည်။
ဝါတော် (၂၀) နောက်ပိုင်း ဒုတိယဗောဓိသို့ ရောက်သောအခါ မိမိသည် မည်သည့် ပါတိမောက်ကိုမျှမပြတော့ဘဲ တပည့်ရဟန်းတို့ကိုသာ အာဏာပါတိမောက်ကိုသာ လခွဲတစ်ကြိမ် ပြသစေခဲ့ပါသည်။ ဤသည်ကား တပို့တွဲလပြည့်နေ့၏ ထူးခြားသော ဝိသေသလက္ခဏာနှစ်ရပ်နှင့် စပ်၍ မှတ်သားဖွယ်ကောင်းလှသော-
၁။ ပထမသံဃသန္နိပါတ အစည်းအဝေးကြီး၊
၂။ ဘုရားအဆူဆူ လက်မလွှတ်သည့် ဩဝါဒပါတိမောက်ဒေသနာတော်ဟူသည့် သာသနဝံသစာတမ်းပင် ဖြစ်ပါသတည်း။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
အဓိပတိဆရာတော်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
Saturday, April 27, 2013
ဝါခေါင်လပြည့် မေတ္တာနေ့ (အင်္ဂလန်နိုင်ငံ ၁၃၅၇-ခု ၀ါခေါင်လ အသံလွှင့်ဟောကြားတော်မူသည်)
မြတ်စွာဘုရား ကောသလတိုင်း သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းမှာ ကိန်းအောင်းစံပျော် နေတော်မူသောကာလ၊ တစ်ခုသော ၀ါဆိုဦးမှာ သံဃာတော်အပါး (၅၀၀) တို့ ဘုရားထံမှာ တောင်းခံပြီး တောအုပ်တစ်ခုသို့ဝင်၍ ၀ါကပ်ကာ တရားအားထုတ်နေကြပါတယ်။ ထိုတောတွင် ရှိနေကြသော နတ်များက သံဃာတော်တို့၏ သီလအရှိန်ကို ရိုသေကြသောကြောင့် မိမိတို့ နေရာများမှာ ဖယ်ရှားပေးကြ၊ ရှောင်နေကြပါတယ်။ လေးစားအပ်သော ဧည့်သည်များမိမိတို့နေရာသို့ ကြာကြာကြီး လာရောက်လျှင် အိပ်ရှင် အနေကြပ်သလိုပါပဲ၊ သံဃာကို ရိုသေတဲ့ နတ်များ ရုက္ခစိုး ဘုမ္မစိုးများပေါ့၊ အနေကြပ်ကြတဲ့အတွက် သူတို့နေရာမှာ တရားအားထုတ်နေကြတဲ့ သံဃာတော်များကို ခြိမ်းခြောက်ကြ၊ ခြောက်လှန့်ကြပါတယ်။
အဲ့ဒါကြောင့် သံဃာတော်များ သမာဓိပျက်ပြီး ၀ါဆိုပြီးစ ၀ါတွင်းကာလမှာပဲ ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ရပါတယ်၊ မြတ်စွာဘုရားက မေးစစ်တော့ တောချောက်လို့ ပြန်လာခဲ့ရတဲ့အကြောင်း လျှောက်ထားကြပါတယ်။ အဲ့ဒီအခါ မြတ်ဘုရားက သင်တို့ အဲ့ဒီတောက နတ်တွေကို မိတ်မဖွဲ့ကြလို့ သူတို့ ချောက်လှန့်တာပဲ။ သူတို့နေရာမှာ သူတို့ကို ကောင်းစွာမိတ်ဖွဲ့ပြီးမှ နေကြမယ်ဆိုလျှင် ချစ်ခင်မြတ်နိုးနေကြလိမ့်မယ်။
ရဟန်းတို့ မိတ်ဖွဲ့ကြောင်း အကျင့်ကောင်းကို သင်ယူသွားကြ၊ ဒီနေရာ ဒီတောကိုပဲ ပြန်သွားကြ၊ တောသို့မ၀င်ခင် အဲဒီနတ်တွေကို မိတ်ဖွဲ့ကြ မိတ်ဆွေဖွဲ့ကြောင်း အကျင့်ကောင်းကတော့ မေတ္တာတရားပဲဟု မိန့်တော်မူကာ မေတ္တသုတ်ကို ဟောတော်မူပါတယ်။ မေတ္တသုတ်ကို နာကြားသင်ယူပြီ ထိုရဟန်း (၅၀၀) တို့ ထိုတောထဲကို ပြန်သွားကြရပါတယ်။ တောမ၀င်ခင် မေတ္တာပွားကြတဲ့အတွက် ယခင်ခြိမ်းခြောက်လွှတ်ခဲ့တဲ့ နတ်များဟာ ယခုတော့ ကျောင်းသား၊ ကပ္ပိယ၊ တပည့်များကဲ့သို့ တရိုတသေ ခရီးဦးကြိုဆို၍ နေရာပေးကြ ပြုစုလုပ်ကျွေးကြပါတယ်။
မေတ္တာသုတ်တော်ဖြင့် နတ်များကို မိတ်ဖွဲ့ပြီး နတ်များအစောင့်အရှောက်ဖြင့် အထက်ပါ ရဟန်း (၅၀၀) တို့ ထိုတောထဲမှာပဲ ၀ါဆို ၀ါကပ်ပြု၍ တရားအားထုတ်ကြရာ အားလုံး ၀ါတွင်းမှာပဲ ရဟန္တာဖြစ်ကြပါတယ်၊ ဒုတိယ ပ၀ါရဏာပြု အပြီးမှာ ဘုရားဖူးဖို့ ပြန်လည်အစီရင်ခံဖို့ ဇေတ၀န်သို့ ပြန်ခဲ့ကြပါတယ်။ အထက်ပါ အတ္ထုပ္ပတ္တိအသွားအလာကို ကြည့်လျှင် နတ်များချောက်သဖြင့် ဇေတ၀န်ပြန်ရောက်တာ ၀ါခေါင်လပြည့် ဒုတိယ ၀ါဆိုနေ့ပါပဲ။ မေတ္တာသုတ်ကို ထိုနေ့မှာ နာကြားပြီး တိုတောသို့ပဲပြန်၍ ၀ါကပ်ခဲ့ရတာဖြစ်ပါတယ်၊ ထို့ကြောင့် ၀ါခေါင်လပြည့်နေ့ကို မေတ္တာသုတ်တော်နေ့၊ မေတ္တာအခါတော်နေ့ရယ်လို့ ခေါ်ဆိုနိုင်ခြင်း ဖြစ်ပါတယ်။
မေတ္တာဆိုတာကို အဘိဓမ္မာမှာ တရားကိုယ်အားဖြင့် အဒေါသ စေတသိက်လို့ ဆိုပါတယ်၊ အမျက်မထွက်ခြင်း၊ စိတ်မဆိုးခြင်း၊ မဖျက်ဆီးခြင်း၊ မနှောက်ယှက်ခြင်း၊ ရန်မပြုခြင်းစသည် အဓိပ္ပါယ်များရပါတယ်။ ဒေါသက ရန်ညှိုးရန်သူဖွဲ့တဲ့ မကောင်းတဲ့တရားဖြစ်လို့၊ အဒေါသက မိတ်ဆွေဖွဲ့တဲ့တရားျြစ်ခင်သူများပြားအောင် စည်းရုံးတဲ့ အကောင်းတရားပါပဲ။
ဒေါသသည် အပူဓာတ်ဖြစ်လို့ အဖွဲ့အစည်းကို ပျက်ပြယ်စေတတ်ပါတယ်၊ အဒေါသကတော့ အအေးဓာတ်ဖြစ်တဲ့အတွက် အဖွဲ့အစည်းကို အားပေးခိုင်မြဲစေပါတယ်။ မှန်ပါတယ်၊ ဒေါသအားကြီးတဲ့ သတ္တ၀ါများမှာ ကြမ်းထမ်းတဲ့ သဘောတွေ လွှမ်းနေတာကြောင့် ချဉ်းကပ်ပေါင်းသင်းဖို့ အလွန်ခက်နေပါတယ်။ သူတို့မှာ ချစ်ခင်သူမိတ်ဆွေ ရှားပါးနေတတ်ပါတယ်၊ ကျားတွေ ခြင်္သေ့တွေ မြွေပွေး မြွေဟောက်တွေ အနီးအနားသို့ လူတွေ တရိစ္ဆာန်တွေဟာ ချဉ်းကပ်ဖို့ရန် မ၀ံ့မရဲ ခက်ခဲနေသလိုပါပဲ။ ဒါကြောင့် မေတ္တာဘာဝနာဆိုတာဟာ ကျား ခြင်္သေ့ မြွေပွေး မြွေဟောက်နဲ့တူတဲ့ ဒေသစိတ်ကို ခေါင်းပါးအောင် ပယ်နှုတ်နိုင်အောင် လေ့ကျင့်တဲ့ ကျင့်စဉ်ပဲဖြစ်ပါတယ်။
မေတ္တာသုတ်မှာ တောရပ်မှီရဟန်း (၅၀၀) တို့အား မြတ်စွာဘုရားက မေတ္တာဘာဝနာ ကျင့်မည့်ပုဂ္ဂိုလ်သည် ရှေ့ပြေးအကျင့် (၁၄) ပါးကိုကျင့်ရမယ်လို့ ဟောပါတယ်။ တကယ်တော့ မေတ္တာဘာဝနာဖြင့် ဒေါသကို လျော့၍ လျော့၍၊ နှိမ်၍ နှိမ်၍၊ ပယ်၍ ပယ်၍ လာခဲ့ရာ တဖြည်းဖြည်းချင်း ဒေါသခေါင်းပါးလာသောအခါ အတ္ထကုသလ၊ သက္က၊ ဥဇုစသော ကောင်းမြတ်သည့် ဂုဏ်အရည်အချင်းများ တိုးတက်လာမည်ဖြစ်ပါသည်။ အတ္ထကုသလဆိုတာ အကျိုးစီးပွားရှိသည့် အလုပ်၌ ကျွမ်းကျင်နိုင်နင်းခြင်း ဖြစ်ပါတယ်။ ဒေါသော အတ္ထံ န ဇာနာတိ စသည်ဖြင့် ဟောသော ဒေသနာများမှာ ဒေါသသည် ကောင်းကျိုး ဆိုးကျိုးကိုမသိ မမြင်ဟု ဟောတော်မူပါသည်။
အဲ့ဒါကြောင့် ဒေါသကင်းသောစိတ်၊ အဒေါသစိတ်ကို ပိုင်ဆိုင်သူသည်သာလျှင် အတ္ထကုသလ-အကျိုးစီးပွား၌ ကျွမ်းကျင်နိုင်နင်းသူ၊ သက္ကော-မိမိသူတစ်ပါး အကျိုးများသည့် လုပ်ငန်း၌ စွမ်းနိုင်သူစသည် ဖြစ်လာပါလိမ့်မည်။ ဒေါသအမှောင်တွင်း၌ ကျရောက်နေသူသည် မိမိနှင့် လူအများ အကျိုးဖြစ်မည့်လုပ်ငန်းမျိုး၌ ကျွမ်းကျင်မှုနှင့်စွမ်းရည်များ မရှိတော့သည့်အပြင် ပျက်စီးခြင်းသို့ပင် ကျရောက်သွားနိုင်ပါသည်။
သို့ဖြစ်၍ ဒေါသစိတ်ကို မေတ္တာဖြင့်ပယ်ရှား နိုင်သူသည်-
၁။ မိမိသူတစ်ပါး ကောင်းကျိုးများမည့် လုပ်ငန်းများ၌ ကျွမ်းကျင်နိုင်နင်းလာမည်။
၂။ ထိုလုပ်ငန်းမျိုး၌ လုပ်ကိုင်ဆောင်ရွက်နိုင်သော အစွမ်းသတ္တိများရှိလာမည်။
၃။ ဒေါသကင်းသည့် ထိုသူသည် ကိုယ်နှုတ်စိတ်သုံးပါး အလွန်ဖြောင့်မတ်လာမည်။
၎။ စိတ်ထားနူးညံ့လာသည့်အတွက် ပြောဆိုဆက်ဆံရာမှာ အလွန်လွယ်ကူလာမည်။
၅။ အခြေအနေ အရပ်ရပ်မှာ ကျေနပ်နှစ်သိမ့်အောင် နေတတ်သူဖြစ်လာမည်။
၆။ ဒေါသကင်းသည့် ထိုသူကို ပြုစုလုပ်ကျွေးဖို့ လွယ်ကူချောမွေ့နေမည်။
၇။ အရာရာကို ကျေနပ်အောင် နှလုံးသွင်းတတ်သည့်အတွက် အမှုကိစ္စမများတော့ပေ။
၈။ အပိုကိစ္စ၊ အပိုအလုပ်တွေ နည်းသွားပြီး ကိုယ်နှုတ်စိတ်များ ပေါ့ပါးသွက်လက်လာမည်။
၉။ တည်ငြိမ်သောစိတ်ထား၊ ရင်ကျက်သော အသိဉာဏ်၊ ယဉ်ကျေးသိမ့်မွေ့ချိုသာသော စကားရှိသည့် ဂုဏ်သရေရှိ လူကြီးလူကောင်း (Gentle-man) တစ်ယောက်ဖြစ်လာလိမ့်မည်။
၁၀။ ဒေါသကင်းသည့် မေတ္တာရှင်သည် မိမိပတ်ဝန်းကျင် လောကနှင့် လူသားတို့ အပေါ်မှာ ဒေါသဖြင့် ရန်ညှိုးဖွဲ့၍လည်း ညိကပ်၍ မနေဘဲ ထိုဒေါသဖြင့်ပင် အမျက်ထွက်၍ မောင်နှင်မထုတ်ဘဲ တွယ်တာခြင်း (Attachment) နှင့် တွန်းထုတ်ခြင်း (Detachment) တို့မှ လွတ်မြောက်၍ တနည်းအားဖြင့် စက်ဆုတ်ခြင်းတို့မှ လွတ်မြောက်၍ ပတ်ဝန်းကျင်နှင့်လူသားတို့အပေါ်မှာ ချစ်သူ, မုန်းသူ၊ ဝေးသူ, နီးသူ၊ ယုတ်သူ, မြတ်သူ စသည် မခွဲခြား တသားတညီတည်း သဘောထား၍ အပိုင်းအခြားမရှိ၊ ခွဲခြားမှုမရှိ အစွန်းနှစ်ဘက်မှ လွတ်မြောက်လာမည်ဖြစ်သည်။
ထို့ကြောင့် မေတ္တာကို စေတောဝိမုတ္တိဟူ၍လည်းကောင်း၊ အပရိမာဏဟူ၍လည်းကောင်း ဟောတော်မူပါသည်။
ဤမေတ္တာသုတ်တော်၌ အကောင်းတွေချည်း ဖြစ်ပါစေဟူ၍ ပို့သောနည်း၊ မကောင်းတာတွေ မဖြစ်ပါစေနှင့်ဟူ၍ ပို့သောနည်းအားဖြင့် (၂) နည်း ကျင့်သုံးနိုင်ပါသည်။ ပထမနည်း၌ မြင်ဘူးသော သတ္ဌ၀ါ၊ မမြင်ဘူးသော သတ္တ၀ါ၊ မြင်နိုင်သောသတ္တ၀ါ၊ မမြင်နိုင်သောသတ္တ၀ါ၊ ကိလေသာရှိသော သတ္တ၀ါ၊ ကိလေသာကင်းသော သတ္တ၀ါ၊ ပဋိသန္ဓေနေဆဲ သတ္တ၀ါ၊ ဖွားမြင်ပေါက်မြောက်ပြီးသော သတ္တ၀ါ၊ ဘ၀သံသရာ ကျင်လည်နေဆဲ သတ္တ၀ါ၊ ဘ၀သံသရာခရီး ပြီးဆုံးပြီးသော သတ္တ၀ါ၊ ထိုဆိုခဲ့သော သတ္တ၀ါအားလုံးတို့သည်
၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲ့ဒီလို ပို့နိုင်ပါတယ်။
ထို့ပြင် ကိုယ်ခန္ဓာ ရှည်သောသတ္တ၀ါ၊ တိုသောသတ္တ၀ါ၊ မတိုမရှည် အလတ်စား သတ္တ၀ါ၊ ကိုယ်ခန္ဓာကြီးသော သတ္တ၀ါ၊ ငယ်သောသတ္တ၀ါ၊ မကြီးမငယ် အလတ်စား သတ္တ၀ါ၊ ကိုယ်ခန္ဓာ ၀သော, ပိန်သော, မပိန်မ၀ အလတ်စားသတ္တ၀ါ အားလုံးတို့သည်။
၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲ့ဒီလိုလည်း ပွားများနိုင်ပါတယ်။
မကောင်းတာတွေ မဖြစ်စေဖို့ဆိုတဲ့ ဒုတိယနည်းမှာ= ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ သတ္တ၀ါအားလုံးတို့သည်=
၁။ အမျက်ထွက်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၂။ လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၃။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၎။ နှောက်ယှက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၅။ နှိပ်စက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၆။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၇။ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။ ဟု နည်းနှစ်ပါးစုံကို ခြုံငုံ၍ ပွားများလေ့ကျင့်နိုင်ပါသည်။
မေတ္တာ၏ အဒေါသလက္ခဏာ ပိုမို၍ ထင်ရှားပေါ်လွင်စေရန် ဤသို့လည်း ဆင်ခြင်အပ်ပါသည်။ ‘‘ကိုယ်တိုင် ရင်၌လွယ်၍ မွေးဖွားလာခဲ့ရသော တစ်ဦးတည်းသော သားရှိသည့် မိခင်သည် ထိုသားငယ် ရင်ခွင်၌ နေစဉ် ကျင်ကြီးကျင်ငယ်ကို စွန့်၍ ခြေလက်တို့ဖြင့် တွန်းထိုး ကန်ကျောက်စေကာမူ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ အလျဉ်းမရှိဘဲ ထိုတစ်ယောက်တည်းသော သားရင်းကို မိမိ၏အသက်ကိုပင်စွန့်လွှတ်၍ ကာကွယ်စောင့်ရှောက်ပြုစုသလို’’ သတ္တ၀ါအားလုံးတို့၏ အပေါ်မှာ အမျက်ထွက်ခြင်း အလျဉ်းမရှိ၊ မကောင်းဖြစ်စေလိုခြင်း လုံးလုံးကင်း၍ ကောင်းကျိုးချမ်းသာချည်းသာ ဖြစ်စေချင်သော မိခင်စိတ်မျိုး ထားရမည်ဟု ဟောတော်မူပါသည်။
အနန္တ စကြာဝဠာ၊ အနန္တ သတ္တ၀ါတို့ အပေါ်မှာ ဒေါသဟူသည့် အတွင်းရန် ကင်းသဖြင့် အပိုင်းအခြား အကန့်အသတ်မရှိ ကျယ်ပြန့်မွန်မြတ်သည့်စိတ်ကို တိုးပွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နိဂုံးမှာ အပိုင်းအခြားမရှိသည့် သတ္တ၀ါအားလုံးတို့၏ ကောင်ကျိုးချမ်းသာ ဖြစ်စေချင်သောစိတ်၊ မကောင်းတာနှင့် ဆင်းရဲမှန်သမျှ မဖြစ်စေချင်သော, ကျယ်ပြန့်သော မွန်မြတ်သော ဟိတကာမစိတ်ကို နေ့နေ့ညည မရပ်မနား သွားသွား ရပ်ရပ် ထိုင်ထိုင် အိပ်အိပ် မတိတ်ဆိတ်ပဲ အဆက်မပြတ် ပွားများ၍သာ နေကြရာ၏။ ဤသို့လျှင် မေတ္တာအသိ အမြဲရှိသူတို့၏ နေခြင်းကို ဗြဟ္မ၀ိဟာရ (Noble Abiding) မြတ်သော နေခြင်းဟုခေါ်ပါသည်။
သူတော်စဉ်အပေါင်းတို့ ကိုယ့်ကျိုး သူ့ကျိုး ဤနှစ်မျိုးကို သည်ပိုးဆောင်ရွက်လိုသူတိုင်း ဤမေတ္တာဘာဝနာကို ပွားများကြရပါသည်။ မေတ္တာ ပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ပွားများ ကြရပါသည်။ မေတ္တာပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ဤဘ၀မှာပင်ရရှိနိုင်ကြမည် ဖြစ်ပါသတည်း။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
********
အရှင်ဉာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊မဟာသဒ္ဓမ္မဇောတိကဓဇ
မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ
သီတဂူဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း
တပေါင်းလပြည့်ခရီးသွားနေ့
တရားချစ်ခင် သူတော်စင်အပေါင်းတို့ ဒီကနေ့ဟာ တပေါင်းလပြည့်နေ့ ဖြစ်ပါတယ်။ တပေါင်းလပြည့်နေ့ကို ခရီးသွားနေ့လို့ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားရှင် (၄၅)နှစ်တာ ဘ၀ခရီးတလျှေက်မှာ အထူးပင် အရေးပါအရာရောက်ပြီး အလွန်လျှင်ရှည်လျားသော ခရီးတစ်ခုကို အလွန်ပင် ကြာမြင့်စွာ ကြွချီတော်မူဖို့ ခမ်းနားကြီးကျယ်စွာ စတင်ပြင်ဆင်တော်မူရသော နေ့ထူးတစ်ခု ဖြစ်နေလို့ပါဘဲ။
သိဒ္ဓတ္ထဂေါတမကို မဟာသက္ကရာဇ်(၆၈)ခု ဘီစီ ၆၂၃ ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူခဲ့ပါတယ်။ သိဒ္ဓတ္ထဂေါတမသည် မဟာသက္ကရာဇ် (၁၀၃) ခု ဘီစီ ၅၈၈ ကဆုန်လပြည့်နေ့မှာ ဓမ္မအားလုံးကို အကုန်သိတော်မူ မြင်တော်မူတတ်သောကြောင့် သမ္မာသမ္ဗုဒ္ဓစင်စစ် မြတ်သော ဘုရားအဖြစ်သို့ ရောက်ရှိတော် မူခဲ့ပါတယ်။ဘုရားစင်စစ်ဖြစ်တော်မူပြီးနောက် နှစ်လအကြာ ၀ါဆိုလပြည့်နေ့မှာ ပထမဆုံးသောတရားဦးကို ဟောမြွက်တော်မူခဲ့ပါတယ်။
ဗုဒ္ဓဖြစ်ရာနေရာသည် မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလာ တောအုပ်ဖြစ်ပြီး တရားဦးဟောတော်မူသော နေရာမှာ ကာသိတိုင်း ဗာရာဏသီးမြို့အနီး မိဂဒါဝုန်တောအုပ် ဖြစ်ခဲ့ပါတယ်။ တောအုပ်နှစ်ခုမှာ မိုင်ပေါင်း (၂၀၀) ကျော် (၁၈) ယူဇနာခန့် ကွာဝေးကြပါတယ်။ ဒီခရီးကို ကိုယ်တော်မြတ်တစ်ပါးတည်းပဲ ကြွတော်မူခဲ့ပါတယ်။
မိဂဒါဝုန်မှာ တစ်ဝါတွင်း နေတော်မူ၍ တရားဟောတော်မူရာမှာ ရဟန္တာအပါး (၆၀) ရခဲ့ပါတယ်။ ထိုနှစ် (၁၀၃) ခုနှစ် ၀ါကျွတ်ချိန်မှာတော့ ရဟန်းတော်အပါး (၆၀) တို့အား မြတ်စွာဘုရား ဓမ္မဒူတမိန့်ခွန်းကို ပေးတော်မူခဲ့ပါတယ်။
စရထ ဘိက္ခဝေ စာရိကံ- ရဟန်းတို့ ခရီးထွက်ကြ၊ ဒေသေထ ဘိက္ခဝေ ဓမ္မံ- ရဟန်းတို့ ရောက်ရာအရပ်မှာ ဓမ္မကိုဟောကြ၊ ဗဟုဇနဟိတာယ- လူအများ၏ အကျိုးစီးပွားကို ဆောင်ရွက်ကြ၊ ဗဟုဇနသုခါယ- လူအများ၏ ချမ်းသာရေးကို အားထုတ်ကြ၊ လောကာနုကမ္ပာယ- သတ္တလောကကို အစဉ်သနားသဖြင့် အစဉ်စောင့်ရှောက်ကြ။
လူမျိုးတိုင်းကျင့်သုံးနိုင်တဲ့ အခြေခံကိုယ်ကျင့် နှုတ်ကျင့်တရား (သီလ) 
စိတ်ဓာတ်တွေ ကောင်းမြတ် ဖြောင့်မတ် ကြံ့ခိုင်တည်ငြိမ်ရေး စိတ်ကျင့်တရား (သမာဓိ) နှင့် 
အတွင်းစိတ်ဓာတ်၏ အညစ်အကြေးများ ဖြူစင် သန့်ရှင်းရေး ဥာဏ်ကျင့်တရား (ပညာ) ဆိုတဲ့ တိတိကျကျ ပြည့်စုံ လုံလောက်သော ဓမ္မကိုဟောကြ၊ ခရီးလှည့်ကြ၊ ဤသည်မှာ မြတ်ဗုဒ္ဓ၏ ရှေ့ဦးစွာသော ဓမ္မဒူတ မိန့်ခွန်းတော်ဖြစ်ပါသည်။
ရဟန္တာ (၆၀) တို့ တစ်ပါးတစ်ခရီး အသီးသီး ကြွတော်မူကြသည်။ မြတ်ဗုဒ္ဓသည် ဥရုဝေလတောဘက်သို့ ပြန်ကြွသည်။ ကပ္ပါသိက တောအုပ်ကို ဖြတ်သန်းခဲ့ရာ ကောသလမင်းမျိုး မင်းသား(၃၀)တို့နှင့် တွေ့ခဲ့သည်။ ထိုသုံးဆယ်သော မင်းမျိုးမင်းသားတို့ကို ရဟန်းပြုပေးခဲ့ပြန်သည်။ ဥရုဝေလသို့ ရောက်သောအခါ ကဿပညီနောင်သုံးယောက် ခေါင်းဆောင်သော ရသေ့တစ်ထောင်နှင့် တွေ့ခဲ့ပြန်ရာ မီးပရိယာယ်ပြ တရားဖြင့် ရဟန္တာဖြစ်စေခဲ့၍ ရဟန်းပြုပေးခဲ့ပြီး ထိုရဟန်းတစ်ထောင် နောက်ပါအရံပြု၍ ခရီးဆက်ခဲ့ပြန်ရာ ထိုနှစ် (၁၀၃) ခု ပြာသိုလပြည့်နေ့မှာ ရာဇဂြိုဟ်မြို့သို့ရောက်ပါသည်။
ရာဇဂြိုဟ်မှာ နန်းစိုက်သော အင်္ဂနှင့် မဂဓ နှစ်းတိုင်းတို့၏ ပြည့်ရှင်ဘုရင်ဗိမ္ဗိသာရက မြတ်စွာဘုရားအား ဝေဠုဝန်ဥယျာဉ်ကို မင်းကွန်း အဆောက်အဦးများနှင့်တကွ လှူဒါန်းခဲ့ပါသည်။
ပြာသိုလပြည့်နေ့မှ တပေါင်းလပြည့်နေ့အထိ ရာဇဂြိုဟ်မြို့တော်မှာနှစ်လ သီတင်းသုံးကာ ဗဟုဇနဟိတကို များစွာ ဆောင်ရွက်တော် မူခဲ့သည်။ ဗုဒ္ဓရှင်တော်သည် ဗုဒ္ဓတ္ထစရိယ- မိမိအကျိုးစီးပွားကို အားထုတ်ပြီးသောအခါ ဥာတတ္ထစရိယ-မိဘ ဆွေမျိုး ကိုယ့်ရပ် ကိုယ့်ရွာအကျိုး ဆောင်ရွက်ဖို့နှင့် လောကတ္ထစရိယ- တိုင်းသူပြည်သား ကမ္ဘာသူ/သား လူအများ၏ အကျိုးစီးပွားတို့ကို ဆောင်ရွက် အားထုတ်ကြဖို့ ဆုံးမ ဟောပြောတော်မူခဲ့ပါသည်။
အရိပ်ကောင်းသော သစ်ပင်သည် ခိုလှုံသူတို့အတွက်၊ အသီးကောင်းသောသစ်ပင်သည် စားသုံးသူတို့အတွက်၊ နွားမတို့သည် နို့ရည်သောက်သူတို့အတွက်၊ နေ နှင့် လ တို့သည် ကမ္ဘာနွေးဖို့ အေးဖို့အတွက် ဖြစ်ကြရသလို သူတော်ကောင်းသည် သူတစ်ပါးအား ကျေးဇူးပြုဖို့အတွက်ဖြစ်ရမည်။ သို့ဖြစ်၍ မိမိကိုယ်တိုင် ကောင်းအောင်ကျင့်ပြီး လူများစွာအကျိုး သည်ပိုးဖို့ ခရီးထွက်ကြ၊ တရားဟောကြဟု လူသားတိုင်း ရှိအပ်ထားအပ်သည့် ဘ၀ရည်ရွယ်ချက်သုံးပါး ‘စရိယသုံးပါး’ကို ချမှတ်ဟောပြောတော်မူခဲ့ပါသည်။
ပင်လယ်ပြင်မှာသင်္ဘောတစ်စင်းဟာ ဦးတည်ချက်နှင့် ထိန်းရှိရသလိုပါပဲ၊ ဘ၀ပင်လယ်မှာ ကျင်လည် သွားလာနေသော လူသားများမှာလည်း ဘ၀ရည်ရွယ်ချက်များ ဘ၀လမ်းညွန်ချက်များကို မြတ်ဗုဒ္ဓ၏ သဒ္ဓမ္မမှာ အပြည့်အစုံ ဟောကြားပြသထားတော် မူပါသည်။
မဟာသက္ကရာဇ် (၁၀၃) ခုနှစ် တပေါင်းလပြည့်နေ့သည် ထူးမြတ်သော နေ့တစ်နေ့ ဖြစ်ခဲ့ပါသည်။ အကေကြာင်းကား သာကီဝင်မင်းမျိုး ရဟန္တာပေါင်း (၁၀၀၀၀) ပြည့်သောနေ့ ဖြစ်ပါသည်။ ဖွားဘက်တော်တစ်ပါးဖြစ်သော ကာဠုဒါယီ ရဟန္တာဖြစ်သော နေ့လည်းဖြစ်ခဲ့ပေသည်။ ကာဠုဒါယီသည် အံ့သြဘွယ်ကောင်းသည့် ဂါထာစာဆိုတစ်ပါးဖြစ်ပါသည်။ စာဆိုတော်အရှင် ကာဠုဒါယီ၏ ပြည်တော်ပြန် ဘုရားပင့် (၆၄) ပုဒ်တို့မှာ စာပေ၏ဘ၀မျိုးစုံ ရသအဖုံဖုံတို့ကို သက်ဝင်စေ၍ ဖွဲ့ဆိုထားသည့်အတွက်ကြည်နှုးဖွယ်ကောင်းသည့် လတပေါင်းခါ ဖြစ်ပေါ်လာသည့် သြကာသလောက၏သဘာဝ နေရင်းဌာနေ မွေးရပ်မြေရှိ (၇) နှစ်မျှ ကွဲကွာနေခဲ့ကြသည့် ဖခမည်းတော်, မိထွေးတော်နှင့် ဆွေတော်မျိုးတော်များ၏ လွမ်းဆွေးတသ ဖူးမြင်လိုကြသည့် ၀ိပ္ပယောဂ သိင်္ဂါရ ရသနှင့် သန္တရသတို့ကို အချိုးညီညီပေါင်းစပ် နေပုံတို့ကို ဖတ်ရသည်မှာ သတရသဘောဇဉ် [အရသာများစွာပါဝင်သည့် ထမင်းပွဲ] ကို မြိန်မြိန်ယှက်ယှက် စားသုံးဘိသည့်အလား ခံစားရပါသည်။
မြတ်ဗုဒ္ဓသည် မွေးရပ်မြေမှ ထွက်ခွာခဲ့သည်မှာ (၇) နှစ်နီးပါးရှိခဲ့ပါပြီ၊ (၇) နှစ် တင်းတင်းပြည့်သောနေ့ (၁၀၄) ခုနှစ် ကဆုန်လပြည့်နေ့မှာနေပြည်တော် ဇာတိဌာနေသို့ ပြန်ရောက်ပါသည်။
ကြာမြင့်စွာ ကွဲကွာနေခဲ့သည့် သားတော်ကို ခမည်းတော် မယ်တော်တို့က သက္ကသာကီယမင်းမျိုးပေါင်း (၁၀၀၀)ဖြင့် ဆယ်ကြိမ်တိုင်တိုင် ပင့်ခဲ့ရပါသည်။ ဆယ်ခုမြောက်ဘုရားပင့်အဖွဲ့တွင် ကာဠုဒါယီက ခေါင်းဆောင်ခဲ့ပါသည်။ ကပိလ၀တ်မှ ရာဇဂြိုဟ်သို့ ကာဠုဒါယီတို့အဖွဲ့ လူတထောင်သည် တပေါင်းလဆန်း (၈) ရက်နေ့လောက် ဆိုက်ရောက်ခဲ့ကြပါသည်။ လမပြည့်မီကလေးမှာ ရဟန္တာဖြစ် ရဟန်းပြုကြပြီး တပေါင်းလပြည့်နေ့မှာ ဂါထာအဖွဲ့ပေါင်း (၆၄) ပုဒ်တို့ဖြင့် မြတ်ဗုဒ္ဓကို တခမ်းတနား တစ်ဖွဲ့တနွဲ့ လျှောက်ထားပင့်ပန်ခဲ့ပါသည်။
ကပိလ၀တ်စာဆို အရှင်ကာဠုဒါယီ၏ အဖွဲ့အနွဲ့ပေါင်း (၆၄) ပုဒ်တို့ကို အင်းဝစာဆိုရှင်မဟာရဋ္ဌသာရက ဂါထာ (၆၀) ပျို့ဟူ၍ ပျို့လင်္ကါစသည်များ သီကုံးခဲ့ပါသည်။ တောင်တွင်းစာဆို ရှင်ဥတ္တမကျော်၏ ရွှေစက်တော်ခရီးသွား တော်လားများကလည်း ကာဠုဒါယီ၏ တပေါင်းလဖွဲ့ တန်ခူးလဖွဲ့များကိုပင် မှီငြမ်းပြုလေသလားဟု ထင်မှတ်ရပါသည်။
“လေခမြေသက် ဈာန်ဝိတက်သို့ သစ်ရွက်ယောဂီ ဣန္ဒနီဝယ် သိင်္ဂီတ၀က် မြတ၀က်နှင့် ဖက်၍ဆေးစုံ ခြယ်သောပုံသို့ ရဂုံမြိုင်တွင်းတောလုံးလင်းသား” ဟု တောသစ်ပင်တို့၏ အရွက်များ နွေဦးမှာ ရောင်စုံပန်းချီကားချပ်ကြီးသဖွယ် ဖြစ်နေပုံကို ခမ်းနားလှပစွာ ဖွဲ့ဆိုထားပါသည်။
“တိမ်ညိုမိလ္လာ တိမ်စူကာနှင့် တိမ်ပြာရောယှက် မရမ်းဘက်၍ ရီခဲ့တဖုံ၊ မှုံခဲ့တချက်၊ ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့’ ဟူ၍ တပေါင်းလ၏ ကောင်းကင်တိမ်များ လေရမ်းများ တိုက်ခတ်ပုံကို ပီပြင်စွာ ဖွဲ့ဆိုခဲ့ပါသည်။
လမ်းလျှောက်ခရီးသွားခြင်းသည် အကျိုးများစွာရှိ၏။ တစ်နေရာတည်း တစ်ခုတည်းသော ပတ်ဝန်းကျင်၌ ကြာမြင့်စွာ နေရသဖြင့် ညောင်း၍ လေးနေသော ရုပ်တို့ကို ပြေစေ ပေါ့ပါးစေသည်။ သွေးလေတို့ကို သွက်လက်စွာလှုပ်ရှားစေသည်။ ဆီးဝမ်းကို မှန်စေ သွက်စေ၏။ နေရာ အာရုံ အသစ်အသစ်တို့ ပြောင်းလဲနေသည့်အတွက် အာရုံဟောင်း တစ်ခုတည်း၌ စွဲနေသောစိတ်ကို လွတ်မြောက်စေသည်။ အမြဲမပြတ် သွားနေလျှင် အသစ်အာရုံတို့၌လည်း ကြာမြင့်စွာ ဆုံတွေ့ခွင့် ပေါင်းဆုံခွင့် မရသည့်အတွက် အာရုံသစ်၌လည်း ငြိတွယ်ခွင့်မရ လွတ်မြောက်ပေသည်။
မပြတ်စီးနေသောရေသည် သန့်ရှင်းပါသည်၊ ရပ်နေသော ရေသည် ညစ်လာတတ်ပါသည်။ သို့ဖြစ်၍ ရဟန်းသည် မပြတ်မရပ် ခရီးသွားနေရမည်သာတည်း။
မြတ်ဗုဒ္ဓသည် ခရီးကိုနှေးနှေးလည်း ကြွသည်၊ မနှေးမမြန်လည်းကြွသည်၊ လျှင်လျှင်မြန်မြန်လည်းကြွသည်၊ ခရီးသုံးမျိုးတွင် ရာဇဂြိုဟ် ကပိလ၀တ်ခရီးသည် ဖြည်းဖြည်းနှေးနှေး ကြွရသောခရီးဖြစ်ပါသည်။ ယူဇနာ (၆၀)၊ မိုင်ပေါင်း (၇၂၀) ခရီးကို တစ်နေ့လျှင် တစ်ယူဇနာ (၁၂) မိုင်ခြေလျှင်ခရီးကို မြေပြင်ကပင် ကြွတော်မူပါသည်။ ရဟန္တာ (၂) သောင်းတို့တွင် ကပိလ၀တ်မှ ဘုရားပင့်လာကြသော သကျသာကီယ မင်းပေါင်း တစ်သောင်းနှင့်ဆယ်ယောက်တို့မှ ရဟန်းပြုကြသော ဆွေတော်မျိုးတော်ရဟန်းပေါင်း (၁) သောင်းနှင့်ဆယ်ပါးတို့ပါဝင်နေကြသည်မှာ တမျိုးပင်အားရ ကြည်နှုးဖွယ်ဖြစ်တော့သည်။
အဂ္ဂသာဝကကြီးနှစ်ပါးတို့လည်း စုံနေပါသည်၊ မိဘရပ်ထံ အပြန်ခရီးမှာ အကြိုအထောက်လာရောက်ကြသော ဆွေတော်မျိုးတော်များနှင့် အတူသွားရသည်မှာ ၀မ်းမြောက်ဖွယ်ရာ ဖြစ်ပါပေသည်။ ဘွားဘက်တော် စာဆိုတော် ခြေမြန်တော် အရှင်ကာဠုဒါယီသည် မြတ်စွာဘုရားနှင့်ရဟန်း (၂) သောင်း ဘယ်နေရာ ဘယ်မြို့ရွာသို့ ဆိုက်ရောက်ပြီဖြစ်ကြောင်း နေ့စဉ်နေ့စဉ် အသိဥာဏ်နှင့်သွား၍ ခမည်းတော်မယ်တော်တို့ထံ သတင်းပို့ပါသည်။
မယ်တော်ဂေါတမီကလည်း နေ့စဉ်ဆွမ်းချက်၍ ကာဠုဒါယီ၏ သပိတ်တွင် လောင်းလှူကာ သားတော်ဘုရားအား နေ့စဉ်ဆွမ်းကပ်ပါသည်။ ကြက်သရေရှိလှသော မိုင် (၇၂၀) ခရီးကို တစ်နေ့ (၁၂) မိုင်နှုန်းဖြင့် ကြွတော်မူပါသည်။ (၂) တိတိ သွားရပါသည်၊ မဟာသက္ကရာဇ် (၁၀၄) ခုနှစ် ကဆုန်လပြည့်နေ့ ရဟန်း(၂) သောင်းနှင့်အတူ ပြည်တော်ပြန်ဝင်လာသော သားတော်ဘုရားကို ခမည်းတော် မယ်တော် (မိထွေးတော်) ဆွေတော်မျိုးတော်တို့က ခမ်းနားသိုက်မြိုက်စွာ ကြိုဆိုကြပါသည်။
မယ်တော်မာယာဒေ၀ီသည် သားတော်မင်းသိဒ္ဓတ်ကို ဖွားမြင်ပြီး ခုနှစ်ရက်မှာ နတ်ရွာစံခဲ့လေရာ သားတော်ဘုရားသည် မွေးမိခင်ကျေးဇူးရှင်ကို ကျေးဇူးဆပ်ဖို့ နတ်ရွာသို့လိုက်ကာ အဘိဓမ္မာဟူသော ကျေးဇူးဆပ်တရား ဟောခဲ့ပါသည်။ မြတ်ဗုဒ္ဓ၏ ပြည်တော်ဝင်ခရီးမှာလည်း ကျေးဇူးရှင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့် ကျွေးမိခင် (မိထွေးတော်) ဂေါတမီတို့အား ကျေးဇူးဆပ် တရားဟောရန် ကြွမြန်းတော်မူရခြင်းဖြစ်ပါသည်။ သားတော်ဘုရား၏ ကျေးဇူးဆပ်တရားကြောင့်ပင် ဖခမည်းတော်ကြီးမှာ မင်းမြောက်တန်ဆာ ငါးပါးဝတ်ဆင်လျက် ထီးဖြူတော်အောက်မှာ အရဟတ္တဖိုလ်ပေါက် ရဟန္တာဖြစ်၍ နိဗ္ဗာန်ဝင်ခဲ့ပါသည်။
မိထွေးတော်ဂေါတမီမှာလည်း ဘိက္ခုနီရဟန်းပြု၍ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ဝင်ခဲ့ပါသည်။ မိဘတို့၏ ဂုဏ်ကျေးဇူးကို အထူးဟောရာ၌ မြတ်စွာဘုရားက “ ပုဗ္ဗာစရိယ=ရှေးဦးဆရာ၊ လောကဿဒေဿတာ=ကမ္ဗာလောကကြီးကို ပြပေးသူ” စသည်ဖြင့် ဂုဏ်ထူးပြုဟောတော်မူပါသည်။ ဤသို့လျှင် ကမ္ဗာလောကအကြောင်းကို ပြသသွင်သင်ပေးသော လက်ဦးဆရာ မိနှင့်ဘကို ကျေးဇူးဆပ်ဖို့ ဥာတတ္ထစရိယ= ဆွေမျိုးများအကျိုးကို ဆောင်ရွက်ဖို့ စတင်ခရီးကြွဘို့ ပြင်ဆင်ရသောနေ့သည် တပေါင်းလပြည့်နေ့ဖြစ်ပြီး စတင်ခရီးထွက်သောနေ့သည် တပေါင်းလပြည့်ကျော် (၁) ရက်နေ့ဖြစ်ပါသည်။
တပေါင်းလပြည့်နေ့တွင် ဂါထာစာဆိုရှင် ဖွားဘက်တော် ကာဠုဒါယီ လျှောက်ထား ပင့်ပန်သော ဂါထာအဖွဲ့ပေါင်း (၆၄) ပုဒ်တို့ထဲမှ အချို့ကို ရွတ်ဆိုကြည်ညိုကြည့်ကြရအောင်=
(၁) အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ၊
ဖလေသိနော ဆဒနံ ၀ိပ္ပဟာယ။
တေ အစ္စိမန္တောဝ ပဘာသယန္တိ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်စွာဘုရား၊ ဒါနိ ဣဒါနိ-ဆောင်းကိုလွန်မြောက် နွေဦးပေါက်သို့ ရောက်လတ်တုံလာ ယခုအခါ၌၊ ဒုမာ-တခေတ်ကူးပြောင်း သစ်ပင်အပေါင်းတို့သည်၊ ဆဒနံ-ရှည်ကြာမြင့်ညောင်း အရွက်ဟောင်းကို၊ ၀ိပ္ပဟာယ-စွန့်ပယ်သောထွေ ကြွေကြကုန်၍၊ ဖလေသိနော-အသစ်ဖြစ်သောအသီးကို ရှာမှီးကြကုန်သကဲ့သို့ဖြစ်၍၊ အင်္ဂါရိနော-မီးကျီးအသွေး နီးတွေးသော ရွက်နု အပွင့်အဖူးတို့နှင့် ပြည့်စုံကြကုန်၏၊ အစ္စိမန္တောဝ-ဥတုလှုံ့ဆောင် အရောင်ရှိကုန်သည်ဖြစ်၍သာလျှင်၊ ပဘာသယန္တိ-ပြောင်တ၀င်းဝင်း ထွန်းလင်းတောက်ပကြကုန်၏၊ မဟာဝီရ-ကြီးမြတ်သော လုံ့လ၀ီရိယ ရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ-ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်တိုင်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ကာလပင် ဖြစ်ပါတော့သည်ဘုရား။
(၂) ၀ါတော မုဒုသီတလသာဓုရူပေါ၊
နဘာ စ အဗ္ဘာ ၀ိဂတာ သမန္တာ။
ဒိသာ စ သဗ္ဗာဝ ၀ိရောစယန္တိ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား၊ ၀ါတော-ညှင်းညှင်းသာသာ တိုက်ခတ်လာသော လေသည်၊ မုဒုတလသာဓုရူပေါ-နူးညံ့အေးမြ ကောင်းမွန်လှသော သဘောရှိပါ၏၊ နဘာစ-အဇဋာပြင် မိုးကောင်းကင်သည်လည်း၊ သမန္တာ-ထက်ဝန်းကျင်မှ၊ အဗ္ဘာ-မည်းညစ်ညိုမှောင် မိုးတိမ်တောင်မှ၊ ၀ိဂတာ-ကင်းရှင်းစင်ကြယ်လှပါ၏၊ သဗ္ဗာဝ-အလုံးစုံသာလျှင် ဖြစ်ကုန်သော၊ ဒိသာစ-အရပ်မျက်နှာတို့သည်လည်း၊ ၀ိရောစယန္တိ-ရှုချင်စဖွယ် တင့်တယ်တောက်ပကြကုန်၏၊ မဟာဝီရ-ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား ၊အင်္ဂီရသာနံ-ကိုယ်ူတော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၃) နဘေ စ အဗ္ဘာ သုဝိသုဒ္ဓ၀ဏာ၊
ဒိသာ စ စန္ဒော သုဝိရာဇိတောဝ။
ရတ္တိဉ္စ ၀ါတော မုဒုသီတလော စ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား၊ နဘေ-အဇဋာပြင် မိုးကောင်းကင်၌၊ အဗ္ဘာစ-တိမ်တိုက်တို့သည်လည်း၊ သုဝိသုဒ္ဓ၀ဏာ-စင်ကြယ်သန့်ရှင်းသော အဆင်းရှိကုန်၏၊ စန္ဒောစ-လမင်းသည်လည်း၊ ဒိသာ-၀န်းကျင်ပတ်ချာ အရပ်မျက်နှာတို့ကို၊ သုဝိရာဇိတောဝ- တင့်တယ်စွာလှ ထွန်းတောက်ပ၏၊ ရတ္တိဉ္စ-အကာလတာ ညဥ့်အခါ၌၊ ၀ါတော-ညှင်းညှင်းသာသာ တိုက်ခတ်လာသောလေသည်၊ မုဒုသီတလောစ-ဆောင်းရာသ၌ီကဲ့သို့ မကြမ်းလှ နှုးညံ့စွာအေးမြပေ၏၊ မဟာဝီရ-ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ-ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၄) စန္ဒဿ ရံသီဟိ နဘံ ၀ိရောစိ၊
မဟီ စ သံသုဒ္ဓမနုည၀ဏာ။
ဒိသာ စ သဗ္ဗာ ပရိသုဒ္ဓရူပါ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား၊ စန္ဒဿ-လမင်း၏၊ ရံသီဟိ-အေးမြချမ်းကြည် စန်းရောင်ခြည်တို့ဖြင့်၊ နဘံ-အဇဋာပြင် မိုးကောင်းကင်သည်၊ ၀ိရောစိ-ရှုချင်စဖွယ် တင့်တယ်တောက်ပပါ၏၊ မဟီစ-မြေအပြင်သည်လည်း၊ သံသုဒ္ဓမနုည၀ဏာ-စင်ကြယ်သန့်ရှင်းသော သဘောရှိကုန်၏၊ မဟာဝီရ-ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ-ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၅) အလင်္ကတံ ဒေ၀ပုရံဝ ရမ္မံ၊
ကပိလ၀တ္ထုံ ဣတိ နာမဓေယျံ။
ကုလနဂရံ ဣဓ သဿိရိကံ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား၊ ဣဓ-ဤလောက၌၊ သဿိကံ-အသရေရှိသော၊ ကပိလ၀တ္ထုံ ဣတိ နာမဓေယျံ-ကပိလရသေ့ ပျော်စံမွေ့သည့် မြေ့သီခရာ သင်္ခမ်းရာဝယ် မြို့ရွာတည်လတ် ယင်းဗျုပ္ပတ်ကြောင့် အနွတ္ထဘွဲ့ချည် ကပိလ၀တ်ဟူသောအမည်ရှိသော၊ ကုလနဂရံ-ခမည်းနတ်ကျော် မြတ်မယ်တော်နှင့် ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ ကိန်းအောင်းစံပျော် နေပြည်တော်သည်၊ အလင်္ကတံ-အလှပြုပြင် တန်းဆာဆင်အပ်သော၊ ဒေ၀ပုရံဝ-နတ်တို့စံရာ တာဝတိံသာကဲ့သို့၊ ရမ္မံ-နှလုံးမွေ့လျော်ဖွယ် ရှိပါပေ၏၊ မဟာဝီရ--ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ- ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၆) အလင်္ကတာ သာကိယရာဇပုတ္တာ၊
ဝိရဇမာနာ ၀ရဘူသနေဟိ။
သုရိန္ဒလောကေ ဣ၀ ဒေ၀ပုတ္တာ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား၊ ပုရေ-ကပိလ၀တ်တွင်ခေါ် နေပြည်တော်၌၊ သာကိယရာဇပုတ္တာ-မဟာနွယ်ဖွား သာကီဝင်မင်းသားတို့သည်၊ ၀ရဘူသနေဟိ-မြတ်သောအဆင်းတန်ဆာတို့ဖြင့်၊ အလင်္ကတာ-အလှပြုပြင် တန်းဆာဆင်အပ်ကုန်သည်ဖြစ်၍၊ သုရိန္ဒလောကေ-နတ်တို့သနင်း သိကြားမင်းစံရာ တာဝတိံသာနတ်ပြည်၌၊ ဒေ၀ပုတ္တာဣ၀-နတ်ဝတ်တန်ဆာ ကောင်းစွာဆင်ထား နတ်သားတို့ကဲ့သို့၊၀ိရဇမာနာ-ရှုချင်စဖွယ် အလွန်တင့်တယ်ကြကုန်၏၊ မဟာဝီရ--ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ- ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၇) သုဒ္ဓေါဒနော မုနိဝရံ အဘိဒဿနာယ၊
အမစ္စပုတ္တေ ဒသဓာ အပေသယိ။
ဗလေန သဒ္ဓိံမဟတာ မုနိန္ဒ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
မုနိန္ဒ-မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင် ဘုရား၊ သုဒ္ဓေါဒနော-မွေးဖနတ်ကျော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်၊ မုနိဝရံ-မုနိဥက္ကဌ်ရဟန်းမြတ် ဖြစ်တော်မူသော အရှင်ဘုရားကို၊ အဘိဒဿနာယ-ကွဲကွာသည်လည်းကြာမြင့် အသက်အရွယ်ကလည်း ကြီးရင့်၍ ရှင်ပင့်မျက်နှာ စန်းသော်တာကို သဒ္ဓါကော်ရော် ဖူးမြော်ခြင်းငှါ၊ အမစ္စပုတ္တေ-အမတ်သားတို့ကို၊ ဒသဓာ-ဆယ်ကြိမ်ဆယ်စုဆယ်ဖို့ပြု၍၊ မဟတာ-တစ်ထောင်တစ်ထောင်များမြောင်လှစွာသော၊ ဗလေန-ဗိုလ်ပါအပေါင်းနှင့်၊ သဒ္ဓိံ-တကွ၊ အပေသယိ-ရှင်တော်ထံမှောက်ပင့်လျှောက်စေလွှတ်ခဲ့လေပြီ၊ မဟာဝီရ-ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ- ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၈) နေ၀ါဂတံ ပဿတိ နေ၀ ၀ါစံ၊
သောကာဘိဘူတံ နရ၀ီရသေဌံ။
တောသေတုမိစ္ဆာမိ နရာဓိပတ္တံ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
မုနိန္ဒ- မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင် ဘုရား၊ သုဒ္ဓေါဒနော-မွေးဖနတ်ကျော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်၊ အာဂတံ-ရှင်တော်မြတ်စွာ ကြွလာတော်မူသည်ကို၊ နေ၀ပဿတိ-မဖူးမြင်ရရှာပါ၊ ၀ါစံ-ကြွလာလိမ့်မည် မလာမည်ဟု နှစ်လီကွဲပြား သတင်းစကားကိုမျှလည်း၊ နေ၀သုဏာတိ-မကြားရရှာပါ၊ သောကာဘိဘူတံ-သောကလောင်မီး ဖိစီးနှိပ်စက်အပ်သော၊ နရ၀ီရသေဌံ-ရဲရင့်သသူ ထိုထိုလူတို့ထက် မြတ်သော၊နရာဓိပတ္တံ-လူတို့သနင်း ခမည်းတော်သုဒ္ဓေါဒနမင်းကြီးကို၊ တောသေတုံ-ရှင်တော့မျက်နှာ ဖူးရပါ၍ အာသာပြည့်ဝ အားရနှစ်သိမ့်စေခြင်းငှါ၊ “အဟံ-အကျွန်ုပ်ကာဠုဒါယီသည်၊” ဣစ္ဆာမိ-တောင့်တလင့်ဆို အလိုရှိပါ၏၊ မဟာဝီရ- ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ- ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၉) တံဒဿနေန နဗ္ဘုတပီတိရာသိ၊
ဥဒိက္ခမာနံ ဒွိပဒါနမိန္ဒံ။
တောသေဟိ တံ မုနိန္ဒ ဂုဏသေဌံ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
မုနိန္ဒ- မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင် ဘုရား၊ ပိတုနော-မွေးဖနတ်ကျော် ခမည်းတော်သုဒ္ဓေါဒနမင်းကြီးအား၊ တံ ဒဿနေန-အရှင်ဘုရားကို မျက်ဝါးထင်ထင် ဖူးမြင်ရခြင်းဖြင့် (၀ါ) ဖူးမြင်ရခြင်းကြောင့်၊ အဗ္ဘုတပီတိရာသိ-မဖြစ်စဖူး ထူးကဲသော နှစ်သက်ခြင်းအစုသည်၊ ဘဝေယျ-ဧကန်စင်စစ် ဖြစ်လေရာပါ၏၊ ဥဒိက္ခမာနံ-ရှင်တော်ဘုန်းပွင့် ကြွလာခွင့်ကို မြော်လင့်ကာနေသော၊ ဒွိပဒါနမိန္ဒံ-အခြေနှစ်ချောင်းရှိသူ လူတို့ကို အစိုးရသော၊ ဂုဏသေဌံ-ကျွေးမွေးခဲ့ဘူး ဂုဏ်ကျေးဇူးဖြင့် အထူးမြင့်မြတ် ချီးမွမ်းအပ်သော၊ တံ-ထိုမွေးနတ်ဖကျော် ခမည်းတော်သုဒ္ဓေါဒန မင်းကြီးကို၊ တွံ-အရှင်ဘုရားသည်၊ တောသေဟိ-ရှင့်တော်မျက်နှာဖူးရပါ၍ အာသာပြည့်ဝ အားရနှစ်သိမ့်စေတော်မူပါလော့၊ မဟာဝီရ- ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ- ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၁၀) အာသာယ ကဿတေ ခေတ္တံ၊
ဗီဇံ အာသာယ ၀ပ္ပတိ။
အာသာယ ၀ါဏိဇာ ယန္တိ၊
သမုဒ္ဒံ ဓနဟာရကာ။
ယာယ အာသာယ တိဌာမိ၊
သာ မေ အာသာ သမိဇ္ဈတု။
မုနိန္ဒ- မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင် ဘုရား၊ ကဿကော-တောင်သူယောက်ျားလယ်သမားသည်၊ အာသာယ-ကောက်ပဲသီးနှံ ရရန်စိတ်ထား လိုလား တောင့်တခြင်းကြောင့်၊ ခေတ္တံ-လယ်ယာကို၊ ကဿတေ- ခေါက်တုံ့ ခေါက်ပြန် အဖန်ဖန် ထွန်ယက်၏၊ [ကဿိတွာ-ခေါက်တုံ့ ခေါက်ပြန် အဖန်ဖန်ထွန် ယက်ပြီး၍]၊ အာသာယ- ကောက်ပဲသီးနှံ ရရန်စိတ်ထား လိုလား တောင့်တခြင်းကြောင့်၊ ဗီဇံ-မျိုးစေ့ကို၊ ၀ပ္ပတိ-ထကြွ လုံးလ ၀ီရိယဖြင့် ကြဲချစိုက်ပျိုး၏၊ ဓနဟာရကာ-ဥစ္စာကိုဆောင်ကုန်သော၊ ၀ါဏိဇာ-ကုန်သည်တို့သည်၊ အာသာယ-မြတ်စွန်းလိုငြား တောင့်တချက်တရားကြောင့်၊သမုဒ္ဒံ-ငါးလိပ်မကာရ်း ဘေးဘျမ်းတို့ ရောပြွမ်းထူစွာ သမုဒြာကို၊ ယန္တိ-လှေသဘောင်္ကြီး အသီးသီးဖြင့် ခရီးဖြန့်မြန်း သက်စွန့်ကြိုးပမ်း ကူးသန်းသွားလာကြကုန်၏၊ [တထေ၀ တထာဧ၀-ပမာထားယူ ထို့အတူပင်လျှင်၊ အဟမ္ပိ-ဖွားဘက်တော်သမုတ် အကျွန်ုပ်ကာဠုဒါယီသည်လည်း]၊ ယာယအာသာယ-နေပြည်တော်ဟောင်း ကြွစေကြောင်းဟု ကောင်းသောဆန္ဒ အကြင်သို့သော တောင့်တခြင်းဖြင့်၊ [ဣဓ-ဤဝေဠုဝန်ခေါ် မင်းကျောင်းတော်၌]၊ တိဌာမိ-ရှင်တော်ထံမှောက် ဆိုက်ရောက်ရပ်တည်လာပါ၏၊ မေ-ဖွားဘက်တော်သမုတ် အကျွန်ုပ် ကာဠုဒါယီ၏၊ သာ အာသာ-ဆွေထံ မျိုးထံ ကိုယ်တော်ပြန်၍ အဖူးမြော်ခံစေလိုသော သမ္မာဆန္ဒ ထိုတောင့်တချက်သည်၊ သမိဇ္ဈတု-တောင့်တသည့်အတိုင်း မဆိုင်းကုံလုံ ပြည့်စုံပါစေသတည်း။
(၁၁) နာတိသီတံ နာတိဥဏှံ၊
နာတိဒုဗ္ဘိက္ခဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊
ဧသ ကာလော မဟာမုနိ။
မဟာမုနိ-မုနိဥက္ကဌ် ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား၊ ဣဒံ-ဆောင်းနှောင်းနွေဦးဤအခါထူးသည်၊ နာတိသီတံ-အေးလည်းမအေးလွန်းလှပါဘုရား၊ နာတိဥဏှံ-ပူလည်း မပူလွန်းလှပါဘုရား၊ နာတိဒုဗ္ဘိက္ခဆာတကံ-ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါ၏ဘုရား၊ ဘူမိ-မြေအပြင်သည်၊ သဒ္ဒလာ-နေဇာမြက်ညွန့် ရှိသည်ဖြစ်၍၊ ဟရိတာ- မြအရောင်သန်း စိမ်းလန်းစိုပြေလျက်ရှိပါ၏ဘုရား၊ ဧသ ဧသော-ဆောင်းနှောင်း နွေဦး တပေါင်းလဆိုတဲ့ ဤအခါထူးသည်၊ ကာလော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီ စက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ကာလပင် ဖြစ်ပါတော့သည်ဘုရား။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
အရှင်ဉာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊မဟာသဒ္ဓမ္မဇောတိကဓဇ
မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ
သီတဂူဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း