Showing posts with label သီတဂူ ဘဝပုံရိပ်. Show all posts
Showing posts with label သီတဂူ ဘဝပုံရိပ်. Show all posts

Thursday, April 10, 2014

သီတဂူပုံရိပ် (၄)

ဒေါက်တာအရှင် ရေဝတဓမ္မ ဗာရာဏသီတက္ကသိုလ်ကို အကြွ နာလန္ဒာတက္ကသိုလ် အကြောင်းဆောင်းပါးတွေလည်း ဟံသာဝတီသတင်းစာမှာ ခဏခဏပါလာတော့ နိုင်ငံခြား တက္ကသိုလ်မှာ ပညာသင်တဲ့ တက္ကသိုလ်ကျောင်းသားဖြစ်ချင် တဲ့စိတ်တွေက တလိမ့်လိမ်ပေါ်ပေါက်ခဲ့ရတယ်။
ဒါပေမဲ့ အလယ်တန်းမှာ ပညာသင်နေဆဲ (၂) ဝါရတဲ့စာသင် သား အင်္ဂလိပ်စာကို တိတ်တဆိတ် ခိုးဝှက် ဖတ်နေရတဲ့ဘဝမှာ အင်္ဂလိပ်စာတတ် နိုင်ငံခြားသာသနာပြုဘုန်းကြီးရဲ့  အိမ်မက်က လေးဟာ မှေးမှေးမှိန်မှိန်ကလေးပဲ ဖြစ်နေခဲ့ပါတယ်။ ရွှေတောင်ဦးဟန် (သီတဂူ) ကို ဦးသီဟကြီးက အိန္ဒိယကပြန်လာတော့ စန္ဒကူးပုတီးသေးသေးလေးတစ်ကုံး လက်ဆောင်ပေးပါတယ်။
ရန်ကုန်မြို့ ဒါလဟိုစီလမ်းက ရွှေတောင်ဦးဟန် (ယနေ့ သီတဂူဦးဟန်) ၏ ဦးဘမှီ ကုမ္ပဏီဟာ ဤယနေ့  ဤကမ္ဘာ ဤမြေကြီးပေါ်မှာ နာမည်မျှသာခပ်ရေးရေး ကျန်ရစ်ပါတော့တယ်။ ညစဉ်ညတိုင်း မာတိကာ ဓာတုကထာ အရကောက်များ အမှောင်ထဲမှာ လက်တွဲရွတ်ဖတ်သရဇ္ဈာယ် အသိဥာဏ် ဖလှယ်ခဲ့ရတဲ့ ဦးစန္ဒောဘာသဟာ ရွှေတောင် မှာကျောင်းထိုင် လျက်ရှိနေ တော့ မကြာမကြာပြန်တွေ့ ကြတဲ့အခါ ၊ တောရွာကျောင်းက လေးမှာ ပိဋကတ်စာပေတွေဖတ် တရားနှလုံးကျင့်သုံးရင်း အေးချမ်း စွာနေနေတာတွေ့ရလို့  ကြည်နူးဝမ်းသာရပါတယ်။
တာမွေသိမ်ကုန်းကျောင်းတိုက်မှာ ပထမငယ်တန်းအောင် ပါတယ်။ သိမ်ဖြူလမ်းသိမ်ကုန်းတိုက်မှာ အလတ်တန်းနှင့် အကြီးတန်း အောင်ခဲ့ပါတယ်။ ကျေးဇူးရှင် သိမ်ဖြူသိမ်ကုန်းတိုက် ရဲ့ တိုက်အုပ် တိုက်ကြပ် ဆရာတော်များလည်း ပျံလွန်တော်မူသွားကြပါပြီ။
အဲ့ဒီသိမ်ကုန်းတိုက်မှာ စာသင် သားဘဝနဲ့  (၂) နှစ်နေ တော့ ရခိုင်ဦးဝဇိရဉာဏဆိုတဲ့ စာသင်ဖက် သူငယ်ချင်းတစ်ပါးဟာမြန်မာစာပေ ခေတ်စာပေ ရာဇဝင် သာသနာဝင် နိုင်ငံရေးစာပေတွေကို တစ်နေ့ လုံး
တစ်ညလုံးလောက် နီးနီးဖတ်တယ်။ ပိုက်ဆံငါးကျပ် တစ်ဆယ်ခါးညှပ်ပြီး ဖရေဆာလမ်း မောင်ဂိုမာရီလမ်း တစ်လျှောက် ပလက်ဖောင်းတွေပေါ်က စာအုပ်အဟောင်းဆိုင်တွေမှာ တစ်မတ် တစ်ကျပ်နှင့် စာအုပ်အဟောင်းကလေးတွေ မွှေနှောက်ပြီး စာအုပ်ဝယ်ရတဲ့ ညနေခင်းလမ်းလျှောက်ထွက်ရတဲ့ ဘဝကလေးဟာ စာပေသမားတစ်ယောက်ရဲ့  ဘဝအစပဲလားလို့  တွေးစရာဖြစ်ပါတယ်။ ဦးဝဇီရ နောက်ကလိုက် သူနဲ့ အတူ စာအုပ်အ ဟောင်းတွေဝယ် ၂ နှစ်လောက်အတွင်းမှာ စာအုပ်တွေ ၁၀၀၀ နီးပါးလောက် စုမိတယ်။ အ ဟောင်းတွေချည်းပါပဲ။ အဲ့ဒီစာအုပ်တွေသိမ်းထားတာ ဒီနေ့ ဗုဒ္ဓတက္ကသိုလ် စာကြည့်တိုက်မှာ တော်တော်များများရှိနေပါသေးတယ်။



တောင်တွင်းကြီး ဦးဥက္ကဋ္ဌရဲ့ လူသေလူဖြစ် ဗုဒ္ဓအဘိဓမ္မာ၊ သခင်ဘသောင်းကြီးရဲ့ တစ်ထောင့်တစ်ညပုံပြင်၊
ဆရာကြီးဦးဘိုးမြတ်နှင့် ဦးသာမြတ်တို့ ရဲ့ ပုဂံအ ကြောင်း၊  ဆရာကြီး ဦးဇေယျရဲ့ မြန်မာ့မျက်ပွင့်၊ ဦးနုရဲ့ ငါးနှစ် ရာသီဗမာပြည်၊ သိန်းဖေမြင့်ရဲ့ အရှေ့ နေဝန်းထွက်သည့်ပမာ၊  ရွှေဥဒေါင်းရဲ့ ဘဝတစ်သက်တာမှတ်တမ်း၊
လူထုဦးလှရဲ့ လှောင်ချိုင့်အတွင်းမှ ငှက်ငယ်၊ ဟံသာဝတီဦးဘခင်ရဲ့ နိုင်ငံခြားသာသနာပြုအသင်း စတဲ့ စာအုပ်တွေဟာ ဘုန်းကြီးရဲ့ ခေါင်းအုံးဘေးဝယ်ယာမှာ ခေါင်းအုံးနဲ့ အတူရှိနေတဲ့စာအုပ်တွေပါပဲ။ ဘုရားဖြူ
ဆရာတော်ရဲ့ သာသနဗဟုသုတပကာသနီ၊ တာင်မြို့ ဆရာတော်ရဲ့ ကိုယ်ကျင့်အဘိဓမ္မာ၊ ရတနာဂုဏ်ရည်၊ လယ်တီပဏ္ဍိတရဲ့ သာဓုသုန္ဒရီယက်လှဲတရားစာ အစရှိတဲ့ သာသနိကစာအုပ်တွေ လယ်တီဆရာတော်ဘုရားကြီး၏ လန်ဒန်ပါဠိဒေဝီပုစ္ဆာ အမေး အဖြေ စာအုပ်တွဟာ၊  စောစောက ပြောတဲ့စာအုပ်ပုံကြီးရဲ့ အထက်မှာရှိတဲ့ စာအုပ်တွေပဲပေါ့။
သိမ်ကုန်းကျောင်းတိုက်(ဘီလူးမဈေးအနီး) ဟာ စည်းကမ်းကောင်းတယ်။
သံဃာအားလုံး စုပေါင်းဆွမ်းစားကျောင်းတက်ရတယ်။  ည နေ ၆ နာရီဘုရားဝတ်တက်ချိန်မှာ စာရင်းခေါ်တယ်။ စာဝါတက်လည်းခေါ်တယ်။ အဲဒါပျက်ကွက်ရင် ဒဏ်လို့ စာလုံးမည်းနဲ့  ရေးထားတဲ့ ရေပုံးကြီးနှစ်ပုံး ဘယ်ညာဆွဲပြီးတော့ ကုဋီအားလုံးရေဖြည့်ရတယ်။ ရေဒဏ်ပေါ့။  ည သံဃာစုံ ဘုရားဝတ်တက်ပြီးချိန်မှာ မိမိဒဏ်သင့်ကြောင်း ဒဏ်ထမ်းပြီးကြောင်း သံဃာအားလုံးကြားအောင် လျှောက် ရတယ်။
အဲဒီတော့ ညနေ စောင်းအပြင်ထွက်ရင် ဘုရားဝတ်တက်အမီပြန် ရတယ်။ နောက်ကျရင်တော့ ဘုရားဝတ်တက်ပြီးမှ ထွက်ရတယ်။ ည ၉ နာရီဆိုရင် ကျောင်းတွေအားလုံးရဲ့  လျှပ်စစ်မီးကို တိုက်အုပ်ကျောင်းကနေ ပိတ်လိုက်တယ်။ အဲဒီတော့ ဖယောင်းတိုင်လေးတွေထွန်းပြီး ညပိုင်း စာဖတ်စာရေးကြရတယ်။ အရှင် ဝဇီရဉာဏ (ရခိုင်)က စိန်ဝရဇိန်အမည်နဲ့ ဆောင်းပါးတွေရေးပြီးတော့ သွေးသောက် မြဝတီ ငွေတာရီ မဂ္ဂဇင်းစာအုပ်တိုက်တွေကို သွားပို့တယ်။ တစ်ခါမှ သူ့ ဆောင်းပါးတွေမပါဘူး။
ဦးသစ္စဝံသ (နတ်တလင်း) ကလည်း ဗိုလ်ကြီးသက်လွင် အမည်နဲ့ စစ်နဲ့ အချစ်ဝတ္ထုတွေ ရေးရေးပြီး အဲဒီမဂ္ဂဇင်းတိုက်တွေကို သူလည်းသွားပို့ တယ်။ တစ်ခါမှ မပါရှာဘူး။ ယခု ဦးသစ္စဝံသ (ဗိုလ်ကြီးသက်လွင်) အမေရိကမှာ ပျံလွန်တော်မူရှာခဲ့ပါပြီ။


ဦးနန္ဒမိတ္တ (ပေါင်း တည်) က ပေါင်းတည်သားသော်တာဆွေရေးတဲ့ဟာသ စာပေကလွဲရင် တခြားစာပေတွေကို ဘာမျှအထင် မကြီးဘူး။ ည ကျောင်းတိုက် မီးပိတ်တဲ့အခါ ဦးနန္ဒမိတ္တက တစ်ခါတစ်ခါမှာ သော်တာဆွေဝတ္တုတွေက "ဘွန္တောကြက်သူခိုး" ဝတ္တုကို ကိုယ်တိုင်ဇာတ်ကွက်ဆင်ပြီးတော့
ကိုယ်တိုင် ဇာတ်လိုက်လုပ်ကာ ကျောင်းတံခါးပိတ် သရုပ်ဆောင်တဲ့ပွဲဟာ ဆင်းရဲသမျှ ပင်ပန်းသမျှတွေ ပြေပျောက်သွားတဲ့ စာသင်သားဘဝရဲ့ ပျော်စရာညချမ်းတွေပါပဲ။  အဲ့ဒါကြောင့် သီတင်းသုံဖော်တွေက ဦးနန္ဒမိတ္တလို့  မခေါ်တော့ဘဲ တွေ့ တဲ့ အခါတိုင်းမှာ "ဘွန္တော"လို့ သာ ခေါ်ကြတယ်။ အဲ့ဒါကြောင့်ပေါင်းတည်ရောက်တဲ့အခါ "ဘွန္တော"လို့ ခေါ်လိုက်ရင်  နှစ်လေးဆယ်လောက် ပြန်ငယ်သွားသလိုပဲ။
၁၃၁၈ ခုနှစ် တာမွေသိမ်ကုန်းကျောင်းတိုက်မှာ ပထမငယ်တန်းအောင်တယ်။ ရွှေတောင်သား ဆရာတော်များဖြစ်ကြတဲ့ ဆရာတော်ဦးကုမာရနဲ့  ဆရာတော်ဦးသာသနတို့ ဟာဘုန်းကြီးရဲ့ အငယ်တန်း
ဆရာများပါပဲ။ အလတ်တန်းနှင့် အကြီးတန်းကို မင်္ဂလာတောင်ညွန့် သိမ်ကုန်းတိုက်မှာအောင်ခဲ့ပါတယ်။ ၁၃၁၉-၁၃၂၀ ခုနှစ်များမှဖြစ်ပါတယ်။ ဆရာတော်ဦးပဏ္ဋိစ္စ ဆရာတော် ဦးကုဏ္ဍလ၊ ဆရာတော်ဦးကေတုမာလာ၊ ဆရာတော်ဦးဝိစိတ္တတို့ ဟာ အလတ် အကြီးစာသင် ပေးတဲ့ဆရာတွေပါပဲ။
အကြီးတန်းတက်တော့ ပဋ္ဌာန်းစာဝါကို ဆူးလေ စေတီရင်ပြင်ပေါ်မှာရှိတဲ့ အဘိဓမ္မာပြန့် ပွားရေးအသင်းကြီးရဲ့ အဘိဓမ္မာဆရာကြီးဦးကျော်ထံမှာလည်း ပဋ္ဌာန်းစာဝါတက်ခဲ့ဖူးပါတယ်။ ၁၃၂၀ ခုနှစ် အကြီးတန်းဝင်တော့ ငယ်လတ်ကြီးတန်း ဘာသာပြန်ကျမ်းစာပြဌာန်းမှု ပထမကြီးတန်း
ပုစ္ဆာထုတ်မှုနှင့်ပတ်သက်၍ စာသင် သားရဟန်းငယ်တွေ ဆန္ဒပြကန့် ကွက်ကြတယ်။
အဲ့ဒီနှစ်များဆီမှာပဲ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဋ္ဌာန်းမှု သံဃလွတ်တော်စီမံချက်တို့ ကြောင့်တစ်ပြည်လုံးတစ်တိုင်းလုံး ရဟန်းပျို၊ ရဟန်းငယ်တွေ ခပ်များများလှုပ် ရှားအုံကြွ နေတဲ့အချိန်မှာ ဘုန်းကြီးကတော့ စာတွေကိုဖိကျက် စာတက် မပျက်ခဲ့တဲ့အတွက် ၃ နှစ်
အတွင်းမှာပဲ ငယ်လတ်ကြီး သုံးဆင့်အပြီးအောင် ခဲ့တယ်။

& ဆက် ရန် &
ကျေးဇူးရှင် ဖေဖေနှင့် မေမေတို့ ကိုရှိခိုးကန်တော့ပါ၏ ။
လွန်းပန်းချီ

Monday, April 7, 2014

သီတဂူပုံရိပ် (၃)



၁၃၁၈ ခုနှစ် သာသနာ ၂၅၀၀ ပြည့်နှစ် နယုန်လမှာ ရဟန်းဖြစ်ပြီးတော့ အဲ့ဒီနယုန်လကုန်ခါနီးမှာပဲ ရဟန်းခံတုန်းကရခဲ့တဲ့ ပစ္စည်းပစ္စယ လေးတွေနဲ့  ပိုက်ဆံလေးတွေ စုဆောင်းယူဆောင်ပြီး ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးကျောင်းတိုက်ကို ပညာသင် ဖို့ ရောက်ခဲ့ပါတယ်။

အဲ့ဒီတုန်းက ဘုရားကြီးကျောင်းတိုက် ရဲ့ ဓမ္မရက္ခိတ ကျောင်းမှာဘုန်းကြီးနဲ့ ဆရာတူတပည့် တပ် ရွာကျောင်းမှာပဲရဟန်းဖြစ်တဲ့ ဦးဝိမလဆိုတဲ့ တစ်ကျောင်းတည်းထွက် ဦးဇင်းတစ်ပါးရှိနေပါတယ်။ အဲ့ဒါကြောင့် သူနဲ့ အတူခြောက်ထပ်ကြီးမှာစာသင်ဖို့ သွားခဲ့တာဖြစ်တယ်။

 ခြောက်ထပ်ကြီးကျောင်းတိုက်ဟာ ပထမပြန် ဓမ္မာစရိယစာမေးပွဲတွေကို အဓိကမထားဘဲ ပိဋကတ်ကျမ်းကြီးဖောက်စနစ်ကို ပခုက္ကူနည်းနဲ့ စာသင်ပေးနေတဲ့ကျောင်းတိုက်ကြီးဖြစ်တာကြောင့် စာမေးပွဲကိုဦးစားပေးလုပ်ချင် တဲ့ဘုန်းကြီးဟာ စာမေးပွဲလုပ်တဲ့ကျောင်းတိုက်ကို ရက်ပိုင်းအတွင်းမှာ ပြောင်းခဲ့ပါတယ်။ဟိုတုန်းကကင်းဘဲလမ်း ဒီကနေ့ ငါးထပ်ကြီးဘုရားလမ်းမှာရှိတဲ့
သိမ်ကုန်းကျောင်းတိုက်ကို ပြောင်းရွှေ့ ခဲ့ပါတယ်။
သာသနာ ၂၅၀၀ ခေတ်များဆီက ရဟန်းခံကြတဲ့ ပွဲတွေမှာ တတ်နိုင် တဲ့ရဟန်းဒကာ ဒကာမ တွေက သူတို့ ရဟန်းကိုထည်ထည်ဝါဝါရဟန်းခံပေးနိုင် ဖို့ အတော်ခေတ်မီခေတ်စားတဲ့ ရဟန်းလောင်းရဲ့ 
ပစ္စည်းပရိဘောဂ တွေက ယူနီဖောင်းသံသေတ္တာ မောင်ခိုင် ဘရားသား သားရေသေတ္တာ 

မောင်ကိုနှင့်ညီများ နာရီဆိုင် ကဆွမ်ဇာလန်လုပ် အေဝမ်းခါးပိုက်ဆောင်နာရီ ရွှေဖလားရောင် ဘန်ကောက်သင်္ကန်း ဂဠုန်တံဆိပ် ဦးသိန်း + ဒေါ်ပု ပေါ်ပလင်သင်္ကန်း မှိုင်းလုံးကော်ဇော ဗန္ဓုလဂွမ်းစောင်
အိန္ဒိယတိုက်စောင် ပတ်ကားဖောင် တိန်၊ ပုသိမ်ထီး မန္တလေး ဦးဘအုန်း ဖိနပ် အဲ့ဒီပစ္စည်းတွေဟာ တတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေကသူတို့ ရဟန်းလောင်းကို ဂုဏ် ရှိရှိချီးမြောက်ပူဇော်ကြတဲ့ ပစ္စည်းတွေပါပဲ။


 ရဟန်းခံပွဲမှာ သိမ်ထွက်တော့သိမ်ထွက်လောင်းကြတဲ့ အထဲမှာ ဝတ္တုငွေကလည်း လေးရာကျော်လောက် ရပါတယ်။ လွန်ခဲ့တဲ့နှစ်ငါးဆယ်နီးပါးက ( ၁၉၅၇ နှစ်က ) ပိုက်ဆံလေးရာဟာ ဒီနေ့ ခေတ်အနေနဲ့  လေးသိန်းလောက် တန်ဖိုးရှိနိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ တာမွေသိမ်ကုန်းကျောင်းတိုက်မှနေစဉ် သူငယ်ချင်းစာသင် သားတစ်ပါးဟာ သူ့ အမေနဲ့ ညီမ တွေကို သိမ်ကြီးဈေးလိုက်ပို့ ပါတယ်။ သူတို့ ပြန်လာတဲ့အခါဝယ်လာတဲ့ပစ္စည်းနဲ့ ဘောင် ချာတွေပြလို့ 
ဘုန်းကြီးယူကြည့်တော့ ရွှေတစ်ကျပ်သားဟာ တစ်ရာကျော်ပဲပေးရပါတယ်။ 

အဲ့ဒါကြောင့် ဘန်ကောက်သင်္ကန်းတရွှန်းရွှန်းနဲ့  အေဝမ်းနာရီ ပတ်ကားဖောင် တိန်တွေနဲ့  ပိုက်ဆံလေးရာကိုင်ပြီးတော့ ရန်ကုန်ကို စာသင်ရောက်နေတဲ့ဘုန်းကြီးဟာ တခြားစာသင် သားတွေရဲ့ ကြားမှာ အတော်မျက်နှာကြီး မျက်နှာပွင့်တဲ့ စာသင်သားပဲပေါ့။
မြို့ ကြီးတွေမှာ စာသင်တဲ့ စာသင် သားတွေရဲ့ ထုံးစံ ဝမ်းရေးအတွက် ဆွမ်းခံအိမ်ဖိတ်ရတယ်။ ခြောက်ထပ်ကြီးမှ ဦးဇင်းတစ်ပါးက တာမွေအဝိုင်းတစ်ဝိုက်နဲ့  ကန်တော်က လေးတစ်ဝိုက်မှာ ဆွမ်းခံအိမ်တွေ လိုက်ဖိတ်ပေးပါတယ်။ 

ညနေစောင်း သင်္ကန်းရုံပြီး အိမ်စဉ်တက် တံခါးပိတ်ထားတဲ့ အိမ်တချို့ ကို တံခါးခေါက်ပြီး အိမ်ထဲဝင် ဆွမ်းခံအိမ်ဖိတ် အဲဒီလိုဖိတ် ရတာ တော်တော့်ကို မျက်နှာပူရပါတယ်။ ရှက်စရာလည်း တော်တော်ကောင်းတဲ့အလုပ်ပဲ။ တချို့ အိမ်တွေက ရင်းနှီးရိုသေစွာ လက်ခံကြိုဆိုပြီး လက်ခံနိုင်ရင် လက်ခံကြတယ်။ လက်မခံနိုင်ရင်လည်း လက်မခံနိုင် ရခြင်းအကြောင်း ရိုသစွာ ရှင်းပြကြပါတယ်။ အင်း လက်ခံလိုက် ရင်တော့ နတ်ပေးတဲ့ဆုကြီးရသလို ပျော်မဆုံးဘဲပေါ့။ လက်မခံနိုင်ဘဲ ငြင်းလိုက်ပြန်တော့ မျက်နှာငယ်လေးနဲ့  ဆင်းခဲ့ကြရပြန်တယ်။

တချို့ အိမ်များဟာ တံခါးဖွင့်ပြီးဖြစ်ပေမဲ့ တချို့ အိမ်များကတော့ ပိတ်ထားတဲ့ တံခါးကိုတောင် ဆွမ်းခံအိမ်ဖိတ်တဲ့ ဦးဇင်းနှစ်ပါးက တံခါးခေါက်ပေမဲ့ ဖွင့်မပေးကြဘူး။ မမေ့နိုင် တဲ့ဖြစ် ရပ်တွေအများကြီးထဲက တစ်ခုလောက်ပြောရရင် ကန်တော်က လေး (၁၁၁) လမ်း အိမ်တစ်အိမ်ကို တံခါးခေါက်ပြီး ဝင်လိုက်တော့ အသက် ၇၀ ခန့် ခေါင်းဖြူ ဖြူ နဲ့ လူကြီးတစ်ယောက်က တံခါးဖွင့်ပေးတယ်။ အဲ့ဒီလူကြီးက အိမ်ထဲဝင် ခွင့်မပေးဘဲ တံခါးဝမှာရပ်ပြီး " ဦးဇင်းတို့  ဘာလာလုပ်ကြတာလဲ" လို့ မေးတယ်။ ဘုန်းကြီးကတော့ ခပ်ကြောက်ကြောက်နောက်လိုက်လုပ်နေရတဲ့ဘဝမှာ ဘာမျှမ ပြောရဲဘူး။ ရှေ့ က ခေါင်းဆောင် တဲ့ ဦးဇင်းက ပြောချလိုက်တာ " ကျုပ်တို့ ဆွမ်းခံအိမ်လာ ဖိတ်တာပါ။ ဟောဒီဦးဇင်းတစ်ပါးကို နေ့ စဉ်ဆွမ်းတစ်ဇွန်း ဟင်းတစ်ခွက်လောက် ဒကာကြီးတို့ အ နေနဲ့ လောင်းနိုင် လိမ့်မယ်လို့ ထင် မိပါတယ်" လို့ ပြောလိုက်တယ်။ အဲ့ဒီတော့ ခေါင်းဖြူဖြူနဲ့ လူကြီးက " ဒီအိမ်မှာ လူကြီးမရှိဘူး တပည့်တော်လဲ တာဝန်မယူနိုင်ဘူး ကိုယ်တော်တို့ ပြန်ကြွပါတဲ့" ။ အဲ့ဒီတော့ ဘုန်းကြီးရှေ့ က ခေါင်းဆောင်းဦးဇင်းက ပြောချလိုက်တယ်။ " ခင်ဗျား လူကြီးမရှိဘူးလို့ လဲပြောတယ်။ ခင်ဗျားကြည့်ရတာ ခေါင်းလဲဖြူနေပြီ။ ခင်ဗျားထက် အသက်ကြီးတဲ့သူ ဒီအိမ်မှာ ဘယ်သူရှိသေးသလဲ" လို့ အသံမာမာနဲ့ ပြောလိုက်တယ်။ ဘုန်းကြီးက နောက်က နေမျက်နှာလည်းပူ ရှက်လည်းရှက်တော့ အသာခေါင်းငုံ့ နေရတယ်။ အဲ့ဒီတော့ ခေါင်းမွေးဖြူနေတဲ့လူကြီးက "အရှင် ဘုရားတို့ သွားကြတော့" ဆိုပြီး ဒိုင်းကနဲ တံခါးကို ခပ်မြန်မြန်
ပိတ်ချလိုက်တယ်။ ခေါင်းဆောင် ဘုန်းကြီးကတရှူးရှူးနဲ့  စိတ်ဆိုးပြီး ပြန်ဆင်းလာတော့ ဘုန်းကြီးကလည်း ရှက်လွန်းလို့ တရွှဲရွှဲနဲ့ ခေါင်းငိုက်နဲ့ အိမ်ပေါ်က ပြန်ဆင်းခဲ့ရတယ်။ စာသင်သားဘဝရဲ့ တစ်ကွေ့ တစ်စေ့တစ်စောင်း မေ့ မရတဲ့ အ ကြောင်းတွေပါပဲ။
ကန်တော်ကလေးက မအူပင်ကုန်းမှာ ဆွမ်းခံအိမ် ၈ အိမ် ရခဲ့တယ်။ တာမွေအဝိုင်းက တာမွေ ၁၆၅ လမ်းမှာဆွမ်းခံအိမ် ၄ အိမ် ရခဲ့တယ်။ ကိုယ့်ရဲ့ ရှေးကောင်းမှုကြောင့်ပဲ ထင် ပါတယ်။
အဲ့ဒီ ၁၂ အိမ်က လောင်းကြလှူကြတဲ့ဆွမ်း ခဲဖွယ် ဘောဇဉ် ချိုချဉ် သစ်သီးတွေဟာ သူငယ်ချင်း သီတင်းသုံးဖော်တွေနဲ့ နေ့ တိုင်းဝေငှခဲ့တယ်။ အထူးသဖြင့် မလောက်မငှရလာတဲ့ ဦးဇင်းတွေကို ခွဲဝေပေးပြီးစားရတာ ဒီနေ့ တိုင် သတိရ နေတုန်းပါပဲ။

ကန်တော်က လေး ၁၁၁ လမ်းက ဦးတင်မောင်အေး+ဒေါ်ကြီးကြီး(မြန်မာ့ကောက်ပဲသီးနှံရောင်းဝယ်ရေးညွှန်ကြားရေးမှူးချုပ်)မိသားစုတို့ ဟာ ဆွမ်းဟင်းနှစ်ခွက် မုန့် ပဲ သရေစာ သစ်သီးဝလံတွေ ဂရုတစိုက် မှန်မှန်လောင်းကြတဲ့ ဆွမ်းခံအိမ် ဆွမ်းအလှူရှင်တွေပါပဲ။ နေ့ စဉ်ဆွမ်းခွဲဝေ ပေးလှူရတဲ့ အထဲမှာ ဘုန်းကြီးနဲ့ ဆွမ်းတစ်ဝိုင်းထဲစားတဲ့ ဦးစန္ဒောဘာသ(ကော့ကရိတ်ကရင်)ဟာ ဘုန်းကံအ တော်နည်းရှာတယ်။ နေ့ စဉ်ဆွမ်းတစ် ပန်းကန်ပြားလောက်နဲ့ ဆွမ်းဟင်းတစ်ခွက်နှစ်ခွက်လောက်ပဲ ရရှာတယ်။ အဲ့ဒါကြောင့် ဘုန်းကြီးက သူ့ ကိုနေ့ စဉ်ဂရုတစိုက်ခွဲဝေလှူဒါန်းခဲ့ရတယ်။ ပထမကြီးအောင်ပြီးမှ သူနဲ့ တခြားစီ ဖြစ်သွားခဲ့ရတယ်။ နောင် ကိုယ့်လမ်းကိုယ့်စခန်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့်လျှောက်လှမ်းကြရင်း ဘုန်းကြီးကမ္ဘာ့သာသနာပြုထွက်ခါနီးတဲ့ အချိန်တစ်ခု သံဃမဟာနာယကရုံးချုပ်မှာ ကတိဝန်ခံချက်လက်မှတ်ထိုးဖို့ သွားတော့ အဲ့ဒီဆွမ်းမ လောက်တ လောက်စားခဲ့ရတဲ့ ဦးစန္ဒောဘာသကို သာသနာမှာ အမြင့်ဆုံး အာဏာပိုင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ကြီးဖြစ်နေတာကို ကမ္ဘာအေးမှာပြန်တွေ့ ရတယ်။ ဘဝဟာ အံ့သြစရာအတော် ကောင်းသလို လျှို့ ဝှက်ချက်တွေကလည်း အများကြီးပဲ။ ဘုန်းကြီးက ငယ်ငယ်တုန်းကအတိုင်း သူငယ်ချင်းဘဝ လေသံနဲ့ "ဟေ့ဆရာကြီးပါလား မ.ဟ.န ကြီးတောင်ဖြစ်နေတာပဲ"လို့ နှုတ်ဆက်လိုက်တော့ "သီတဂူ ဆရာတော် ကြွပါ ကြွပါ" ဆိုပြီးတော့ သူ့ အခန်းထဲကို ခေါ်သွားတယ်။ ပြီးတော့ ဘုန်းကြီးစာရွက်တွေကိုယူပြီး တာဝန်ကျ မ.ဟ.န ဆရာတော်များနေတဲ့အခန်းတိုင်း သူကိုယ်တိုင် တစ်ခန်းဝင် တစ်ခန်းထွက်နဲ့ လက်မှတ်တွေ ထိုးစေပြီးတော့ ဘုန်းကြီးကို ပြန်ပေးတယ်။ သူ့ အခန်းထဲမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်း မျက်ရည်တွေဝဲခဲ့ကြရတယ်။ ပြန်ခါနီးဆရာတော်ကြီး ဦးစန္ဒောဘာသက ဘုန်းကြီးကိုကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်။ "ကိုယ့်လူရေ အခုလိုအခြားဆရာတော်တွေရဲ့ ရှေ့ မှာ ကိုယ့်ကို ဆရာစန်ကြီးလို့  မခေါ်ပါနဲ့ ကွာ ဆရာတော်လို့ လည်း မခေါ်ပါနဲ့  ဦးစန္ဒောဘာသ လို့  သာခေါ်ပါ"လို့  ဘုန်းကြီးကို မှာကြားလိုက်တယ်။

ဘုရားကြီးတိုက်နဲ့ တာမွေသိမ်ကုန်းတိုက်မှာ ဘုန်းကြီးကိုစာသင်သားအဖြစ် အပ်နှံပေးခဲ့တဲ့ ဘုန်းကြီးထက်အသက်ကြီး တစ်ကျောင်းတည်းထွက် ဆရာတူတပည့်ဦးဝိမလဟာ ပိဋကတ်သုံးပုံပေါက်အောင်တတ်ပြီးမှ လူထွက်အိမ်ထောင်ကျ ရန်ကုန်မြင်းနီကားလိုင်းမှာ ဘတ်စ်ကားစပယ်ယာလုပ် အခုသေ သွားပြီ။ 
သတ္တိကောင်းတဲ့ခေါင်းဆောင်ကြီး (ဘွဲ့ ကိုတော့မမှတ်မိ) ဘုန်းကြီးကိုဆွမ်းခံ အိမ်ဖိတ်ပေးသူက ဘုန်းကြီးပါလာတဲ့ပိုက်ဆံ ၄၀၀ိ ထဲက ၂၀၀ိချေးပြီးတော့သုံးတယ်။ သူပြန်မပေးနိုင်ဘူး။ ဘုန်းကြီးကလည်း မတောင်းရက်ဘူးပေါ့။ သူလဲလူထွက်မြင်းဖြူ ကားလိုင်းမှာ စပယ်ယာလုပ် ရင်းသေသွားပါပြီ။   ကျေးဇူးရှိတဲ့လူတစ်ယောက်ဖြစ်လို့ပိုက်ဆံ ၂၀၀ိ ကို လှူတယ်လို့ သ ဘောထား လိုက်ပါတယ်။ ကော့ကရိတ်ကရင် ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ မ.ဟ.န ဦးစ န္ဒောဘာသ(ဆရာစန်ကြီး) တစ်ယောက်လဲ ဘဝနတ်နန်းစံမြန်းခဲ့ပါပြီ။ စာသင် သားသူငယ်ချင်းတွေထဲက နည်းနည်းပြောရမယ်ဆိုရင် ရွှေတောင် ဦးသီဟဟာ စာသိပ်တော်တယ်။ ၁၉၅၈ ခုနှစ်ထဲမှာလို့ ထင် တယ်။ အိန္ဒိယကပြန်လာတဲ့ ကုလားသူဌေးတွေရဲ့ အကူအညီနဲ့ အိန္ဒိယ ပြည်ကို ဘုရားဖူးလိုက်ပါသွားခဲ့တယ်။ သူသွားခါနီးတော့ တခြားဘုန်းကြီးသုံးလေးပါးနဲ့ အတူတူ " ဟေ့ ဦးဉာဏိဿရ ပတ်စ်ပို့ နဲ့  ဒို့ အိန္ဒိယ သွားမလို့ " ဆိုတော့ပတ်စ်ပို့ ကြည့်ပြီး ကိုယ်လည်းသွားချင် စိတ်ပေါက်လိုက် တာလွန်ရော။ အဲ့ဒီအချိန်မှာ ဖ.ဆ.ပ.လ အစိုးရကလည်း လှုပ်လှုပ် လှုပ်လှုပ်နဲ့   ကမ္ဘာအေး ဓမ္မဒူတကောလိပ်ကလည်း လှုပ်လှုပ် လှုပ်လှုပ်ပဲ။
 

& ဆက် ရန် &
  ကျေးဇူးရှင် ဖေ ဖေ နှင့် မေ မေ တို့ ကိုရှိခိုးကန်တော့ပါ၏ ။
လွန်းပန်းချီ


Sunday, April 6, 2014

သီတဂူ ဘဝပုံရိပ် (၂)


ဘုန်းကြီးကို ခမည်းတော် ဦးခင်မောင် ညို နှင့် မယ်တော်ဒေါ်သန်းတင်တို့ က ၁၂၉၈ ခု တပေါင်းလပြည့် အင်္ဂါနေ့ 
( ၂၃. ၂. ၁၉၃၇ ) မှာ ဖွားမြင် ခဲ့ပါတယ်။ သားသမီး ၅ ယောက်အနက်ဘုန်းကြီးဟာ အကြီးဆုံး ဖြစ်ပါတယ်။ ဘုန်းကြီး ၇ နှစ်သားအရွယ်ကတည်းက တပ်ရွာကျောင်းမှာ ကျောင်းသားကလေးအဖြစ် နေခဲ့ရပြီး ၁၅ နှစ်သားအရွယ်မှာ ဘကြီးတော်ဖြစ်တဲ့ တပ်ရွာကျောင်းဆရာတော် ဘဒ္ဒန္တဣန္တဝံသကို ဥပဇ္ဈာယ်ပြုပြီး ရှင် သာမဏေပြုခဲ့ပါတယ်။ ဘွဲ့ အမည်ကတော့ ရှင်ဇောတိကလို့  ပေးပါတယ်။

ဘုန်းကြီးရဲ့  အဖေနဲ့  အမေဟာ ဆင်းရဲသား လက်လုပ်လက်စားများဖြစ်လို့  သူတို့ သားကို သူတို့ ကိုယ်တိုင်
ရှင် မပြုပေးနိုင် သေးမီ တစ်ပါးသူက ရှင့်ဒကာအဖြစ် ခံယူသွားတာကို မချိတင်ကဲဖြစ်နေကြပြီး နောက်တစ်နှစ်ကြာမှ သပိတ်တစ်လုံး သင်္ကန်းသုံးထည်နဲ့  အမေက ရှင်ထပ်ပြုပေးခဲ့ပါတယ်။ အ မေနဲ့  သမီးကြီး (ဘုန်းကြီး၏နှမကြီး) သူတို့ နှစ်ယောက်က ရှင်ထပ်ပြုပေးကြပါတယ်။ 

ဘကြီးတော်ဘုန်းကြီးရဲ့  အရိပ်မှာ ခိုလှုံပြီး တပ် ရွာကျောင်းမှာပဲ ပိဋကတ်အ ခြေခံ ကျမ်းစာတွေကို သင်ယူခဲ့တာ အသက် ၁၉ နှစ်ထိပါပဲ။ 

ဆရာတော်နေထိုင် ခဲ့သော ကျောင်းတိုက်နှင့် စာသင် ခဲ့ရ သော ငယ်ဆရာများ

တပ်ရွာဆိုတဲ့ သ ရေ ခေတ္တရာမြို့ နန်းတည် ဒွတ္တဘောင် မင်းတရားကြီး၏ တပ်စခန်းချရာ တပ် ရွာကျောင်းဟာဘုန်းကြီးရဲ့  အ ခြေခံပညာသင် ရာကျောင်းဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်း အခြေခံပညာဆိုတာ မြန်မာသင် ပုန်းကြီး ဆယ်စောင်တွဲ ဇာတ်တော်ကြီးဆယ်ဘွဲ့  ဆုံးမစာမျိုးစုံနဲ့  ဂဏန်းသင်္ချာတို့  ဖြစ်ပါတယ်။
ဘုန်းကြီးရဲ့  ဘကြီးတော်ဘုန်းကြီး ငယ်ဆရာက အင်္ဂလိပ်စာလည်း နည်းနည်းတတ်တာဖြစ်တော့ အဲ့ဒီတပ် ရွာကျောင်းမှာပဲ cat=ကြောင် rat=ကြွက် mat=ဖျာ စသည်ဖြင့် ကလေးတန်း အင်္ဂလိပ်စာလေးများ သင်ခဲ့ရဖူးတယ်။


လက်ရေးလှသင် တဲ့နေရာမှာ တစ်ပေ လောက်ဗျက်ကျယ်ပြီး သုံးပေလောက် အနံရှိတဲ့ သစ်သားသင် ပုန်းတွေပေါ်မှာ ထမင်းရည်နဲ့  မီးသွေးမှုန့် ဖျော်ထားတဲ့ အနက်ရောင်ဆေးကို ခြယ်မှုန်းပြီး ကံ့ကူဆံကို ဝါးကျည်တောက်က လေးများမှာတပ်၍ မင်းဘူးဦးသြဘာသရဲ့  ဇာတ်တော်ကြီးဆယ်ဘွဲ့ မြန်မာပြန်ကို ဘုန်းကြီးတွေ သိမ်ထဲမှာ ကမ္မဝါစာဖတ်သလို နေ့ ခင်းဆွမ်းစားပြီးတိုင်း တစ်နာရီမှ နှစ်နာရီထိ ကျောင်းသား ကိုရင်တွေတန်းစီပြီးဆောင့်ကြောင့်ထိုင်၍ ဘုန်းကြီးရှေ့ မှာ ဖတ်ခဲ့ရတယ်။ ဆွမ်းစားပြီး တစ်နာရီမှ နှစ်နာရီအထိ ဆရာဘုန်းကြီးက အဲ့ဒီသင် ပုန်းကြီးဖတ်နေတဲ့ ကျောင်းသား ကိုရင်တွေရှေ့ မှာ ဒုတ်တစ်ချောင်းကိုကိုင် ကာ ခေါက်တုံ့ ခေါက်ပြန်လျှောက်ပြီးတော့ စောင့်ကြပ်နေတာ အခုထိမြင်ယောင် တုန်းပဲ။
 စာကြည့်ပြီး တစ်နာရီလောက် ဖတ် ရ တော့ ကိုယ့်စာအမှား အမှန်ကို ကိုယ်တိုင် သိပြီး စာအဓိပ္ပါယ်လည်း အများအားဖြင့် နားလည်သွားကြတယ်။ ပြီးတော့ အဲ့ဒီလက်ရေးလှသင်ပြီး စာဖတ်ကျင့်တဲ့ နေ့ လည်ပိုင်းမှာ " ဝင် တိုင်းလည်း သိပ်မမျိုနဲ့  ထင် တိုင်းလည်း နှိပ်၍မဆိုနဲ့  ဝင် တိုင်း သိပ်၍မျိုက အန္တရာယ်များတတ်တယ် ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ်ပွားတတ်သည် " စသည်ဖြင့် ဘိုးသူတော်ဦးနုအစရှိ တဲ့ ရှေးပညာရှိတို့  ရေးခဲ့သော ဆုံးမစာပေါင်း စုံကိုလည်း လက်ရေးလှသင် စာဖတ်သင်တဲ့ အနေနဲ့  သင်ကြားခဲ့ရပါတယ်။
သစ်သားသင် ပုန်းနဲ့  ကံ့ကူဆံခတ်တွေ ကုန်ပျောက်ပြီး ကွန်ပျူတာခေတ်ရာက်လာတော့ ရှင် မဟာရဋ္ဌသာရဆုံးမစာ ကန်တော်မင်း ကျောင်းဆုံးမစာ ဇာတ်တော် ကြီးဆယ်ဘွဲ့ အစရှိသော ရှေးဟောင်းမြန်မာ့ ယဉ်ကျေးမှု စာပေ တွေနဲ့  ဝေးခဲ့ရပြီဖြစ်တဲ့
ယနေ့ ခေတ်ပညာရေးကို ခေတ်မီသော်လည်း စိတ်ထဲမှာတွေးတွေးပြီး စိတ်မ အေးသလိုခံစားရပြီး ရှေးဟောင်းဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ကို တ မြေ့ မြေ့  လွမ်းမိသလို ဖြစ်မိပါတယ်။


အဲ့ဒီတော့ ဒကာကြီးဦးနေဝင်း ၁၆ နှစ်ရောက်မှ ရှင် ကြီးဖြစ်ခဲ့ရတဲ့  ကိုရင်ဇောတိကဟာ ရဟန်းဖြစ်တဲ့ အထိ သဒ္ဒါ သင်္ဂြိုဟ် ပါတိမောက် ဋီကာကျော် ကင်္ခါ ရူပသိဒ္ဓိဆိုတဲ့  ပိဋိကတ်တိုက်ကြီးရဲ့ သော့ချက်စာပေများကို တပ် ရွာကျောင်းမှာ ၄ နှစ်ကျော်ကျော် သင်ကြားခဲ့ရတယ်။
အဲ့ဒီပိဋိကတ်သော့ချက်စာပေ တွေကို သင်ကြားစဉ်တုန်းက ကိုရင်ကြီး ၅ ပါး  တပ်ရွာကျောင်းမှာ အတူသင်ကြားခဲ့ရတယ်။ တစ်ပါးပြီးတစ်ပါးပြုတ်ပျက် လူထွက်ကြပြီး ကိုရင်ဇောတိကတစ်ပါးတည်း ကျန် ရစ်ခဲ့ပါတယ်။ ဒီက နေ့ ဆိုရင် အဲ့ဒီစာတက်ဖော် စာတက်ဖက် ကိုရင်ကြီးလူထွက်တွေကို ပြန်ပြီးတော့ရှာဖွေကြည့်တဲ့အခါ သား သမီး မြေး မြစ်တွေ တစ်ပုံကြီးနဲ့ ဖြစ်ပြီး ကိုယ့်သီတင်းသုံးဖော် လူထွက် ၄ ယောက်စလုံး အသက် ၆၀ ဝန်းကျင် မှာ သေကုန်ကြပါပြီ။


အသက် ၁၉ နှစ် ၃ လထဲအရောက် ၁၃၁၈ ခု သာသနာနှစ် ၂၅၀၀ ပြည့်နှစ် နယုန်လဆန်း ၄ ရက်နေ့ မှာ သဲကုန်းမြို့ အလယ်တန်းကျောင်းဆရာတော် ဦးဓမ္မစက္က ကို ဥပဇ္ဈာယ်ပြုပြီး တပ် ရွာမှာနေတဲ့ ဒကာမကြီးဒေါ်အေးကြည် သား ဦးချစ်ဆွေတို့ ရဲ့ ပစ္စယာနုဂ္ဂဟဖြင့် ကိုရင်ဇောတိက ရဟန်းဖြစ်ခဲ့ပါတယ်။ ရဟန်းဖြစ်ပြီးတော့ ကိုရင်ဇောတိက က နေပြီး အရှင် ဉာဏိဿရ ဖြစ်လာတာပါပဲ။

ဒွတ္တဘောင် မင်းကြီးရဲ့ ကောင်းမှု မြသိန်းတန်စေတီအတွင်းကသိမ်မှာရဟန်းတက်ပါတယ်။ အခုတော့ ရဟန်းအမကြီး ဒေါ်အေးကြည် ငယ်ဆရာ ဘုန်းတော်ကြီးဦးဣန္ဒဝံသ ဥပဇ္ဈာယ်ဆရာ ဦးဓမ္မစက္ကတို့ လည်း ကွယ်လွန်ပျံလွန်ကုန်ကြပြီ။
 


ဆက်လက် ပူဇော်ပါအုံးမည်
 =====
 ကျေးဇူးရှင်ဖေဖေနှင့် မေမေကို
ရှိခိုးကန်တော့ပါ၏ ။

လွန်းပန်းချီ

Saturday, April 5, 2014

သီတဂူ ဘဝပုံရိပ် တစ်စိတ် တစ်ဒေသ (၁)

စာဖတ်မိတ်ဆွေအပေါင်းတို့ ဖတ် ရှု မှတ်သား ပူဇော်နိုင်စေရန်အလို့ ငှာ သီတဂူအဓိပတိ ဆရာတော်ကြီးဒေါက်တာ အရှင်ဉာဏိဿရ၏ ဘဝပုံရိပ်တစ်စိတ်တစ်ဒေသ စာအုပ်အား တဖန်ဖော်ပြခြင်းဖြင့် ကျေးဇူးရှင် ဆရာတော်ကြီးကို ပူဇော်ကန်တော့ပါ၏ ။။ 
ဦးနေဝင်း(B.B.C) သည် ဆရာတော်ဘုရား ၏ ငယ်စဉ်ဘဝ နှင့် သမိုင်းရာဇဝင် ဖြစ်စဉ် တို့ ကို မေးမြန်းလျောက်ထားသည့်အခါမှာ ဆရာတော်ဘုရားက အောက်ပါအတိုင်းပြန်လည်မိန့် ကြားခဲ့သည်။

ဆရာတော်ကြီး၏ မွေးရပ်ဇာတိ နှင့် မွေးရပ်မြေ
ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့ 
နယ်လို့ ဆိုရင် ဒီနေ့ ခေတ်အလို သိသာထင်ရှားပါတယ်။ ရှေးခေတ်အလို ပြောရမယ်ဆို
ရင်တော့ ပဲခူးဆိုတာ ဟံသာဝတီမင်းနေပြည်တော်ကြီးပဲ။ ပြည်မြို့  ဆိုတာလည်း ဟံသာဝတီမင်းနေပြည်ကြီးပဲ။ ဟံသာဝတီထက် နှစ်ပေါင်းထောင်နှင့်ချီ၍ ရှေးကျတဲ့သရေခေတ္တရာနိုင်ငံတော်ကြီးရဲ့  တည်နေရာပဲ။ သ ရေ ခေ တ္တ ရာနိုင် ငံတော်ကြီးကို ဒွတ္တ ဘောင် မင်းကြီးက ကာလာသောကအမည် ရှိတဲ့ ဝဇ္ဇီတိုင်း ဝေသာလီမှာ နန်းစိုက်တဲ့ ဘုရင်ကြီးနဲ့  ခေတ်ပြိုင် တည်ဆောက်လာခဲ့တာ ဖြစ်တယ်။ ကာလာသောကမင်း ဝေသာလီမှာ အုပ်စိုးတဲ့အချိန် ဒုတိယသင်္ဂါယနာ တင် တဲ့အချိန် ဘုရား ပရိနိဗ္ဗာန်
စံပြီး နှစ်ပေါင်း တစ် ရာ ( ဘီစီငါးရာစု ) ခန့် က ဖြစ်ပါတယ်။ သရေခေတ္တရာမြို့  ဟောင်းကို ရှေးဟောင်းသုတေသနဌာနက တူးဖော်ရှာဖွေတဲ့ အခါမှာ ထမင်းဦးဖောင်းသဏ္ဌာန်ရှိတဲ့ စေတီတော်ကြီးများ "ယေဓမ္မာ ဟေ တုပ္ပဘဝါ" အစချီသော အရှင် အဿ ဇီ   ( ပဉ္စဝဂ္ဂီငါးပါးတို့ တွင် တစ်ပါးအပါအဝင်) မ ထေရ်က အရှင် သာရိပုတ္တရာ အရှင်မောဂ္ဂလာန်တို့ အား ဟောကြားတော်မူခဲ့သော သစ္စာလေးပါးတရား ရွှေပေလွှာ ငွေပေလွှာ များကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။  ဒါကြောင့် သ ရေ ခေတ္တ ရာဆိုတဲ့ မြို့ ဟာ ဗမာနိုင် ငံ သာသနာ့ သမိုင်း ရာဇသမိုင်း လူ့ သမိုင်း မှာဖြင့် တကယ်ရှေးကျပြီး ဘာသာရေး သာသနာရေး ယဉ်ကျေးမှု စာပေ ဗိသုကာ ပညာတို့ ဖြင့်ခိုင် မာ ကြွယ်ဝတဲ့ တိုင်းပြည်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။


 သာသနာ နှစ်တစ်ရာ ဘီစီ-ငါးရာစုခန့် ကတည်းက သ ရေ ခေ တ္တ ရာ ပြည်မြို့ မှာ စေတီပုထိုးများလည်း တည်ဆောက်နေကြပါပြီ။ ဗုဒ္ဓသာသနာ အဆုံးအမလည်း ရောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒွတ္တဘောင် မင်းကြီးက ပင်လယ်ကမ်းနဖူးမှာပဲ ရှိနေ သေးတဲ့ သူ့ သရေခေတ္တရာနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့  လုံခြုံရေးစီမံ ချက်တစ်ခု အ နေနဲ့  သ ရေ ခေ တ္တ ရာ မြို့  ရဲ့  အရပ် ရှစ်မျက်နှာမှာ တပ်မြို့  တွေ တပ်မြို့ တွေနဲ့  အနှံ့  တည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီတပ်မြို့  တွေမှာ ကျုံးတွေ မြို့ ရိုးတွေ မြို့ ဦးစေတီပုထိုးတွေနဲ့  တန်ဆာဆင်ထားပါတယ်။ ဘုန်းကြီးဟာ တပ်မြို့ မှ ပြောင်းလဲလာတဲ့ တပ်ရွာကျောင်းမှာ ရှင် ရဟန်းဖြစ်ခဲ့တာပါ။ ပြည်ခရိုင် သဲကုန်းမြို့ နယ်တပ် ရွာ လို့  ဘုန်းကြီးရဲ့  ဌာနေကို ပြရမှာဖြစ်ပါတယ်။
ဒီသမိုင်း သုတေသနပြုချက်အရ တပ် ရွာ သည် သ ရေ ခေ တ္တ ရာမြို့  နဲ့ အပြိုင် တည်ဆောက်ခဲ့တာဖြစ်လို့ 
ရွာသက်တမ်း နှစ် ၂၀၀၀ ကျော်ခဲ့ပါပြီ။ သဲကုန်းမြို့  ဟာ တပ် ရွာရဲ့ နောက်မှာ အများကြီးနောက်ကျပြီးမှ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ သ ရေ ခေ တ္တ ရာပြည်စောင့်တပ်မတပ်စိုက်တဲ့ ဘုန်းကြီးတို့ ရွာမှာ ကျုံးမြို့ ရိုးအကြွင်းအကျန်များကို ယနေ့ တိုင်တွေ့ မြင်နိုင် ပါတယ်။  နောက်ပြီးတော့ အဲ့ဒီမြို့ အ ဟောင်းက တူးဖော်တွေ့ ရှိထားတဲ့ သ ရေ ခေ တ္တရာ ခေတ် ရုပ်ပွားဆင်းတုတော်များလည်း ရှိနေပါတယ်။ ပုဂံခေတ်ထက်စောတဲ့ မျက်နှာအသွင် အပြင် ရှိတဲ့ရုပ်ပွားဆင်းတုများ ပါပဲ။ အဲ့ဒီ တော့ ဒကာကြီးမြတ်စွာဘုရားက သူ့ မွေးရပ်မြေ သက္ကတိုင်းကပိလဝတ် ဒေဝဒဟမြို့ တော်များအကြောင်းကို သူ့ ဆွေတော် မျိုးတော်များအား အားရပါးရ ရံခါပြန်ဟောတာကို ပါဠိတော်တွေမှာ ရှိပါတယ်။ အဲဒါလိုဘဲ ဘုန်းကြီးကလည်း ကိုယ့်နယ်မြေအကြောင်း ခန့် ငြားထည်ဝါတဲ့ သမိုင်းကြောင်းကလေးကို ဒကာကြီးကို နည်းနည်းလောက် မိတ်ဆက်ပေးတာပါ။
 

===========
ဆက် ရန် ===

 ကျေးဇူးရှင် ဖေဖေနှင့် မေမေတို့ အားရှိခိုးကန်တော့ကျေးဇူးဆပ်ပါ၏ ။
လွန်းပန်းချီ