Showing posts with label ဆောင်းပါးကဏ္ဍ. Show all posts
Showing posts with label ဆောင်းပါးကဏ္ဍ. Show all posts

Tuesday, July 26, 2016

မဟာရဋ္ဌနိဒါန်း (၃) ဘုံဘေ

ဘုံဘေမြို့သည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးမြို့ကြီးဖြစ်သည့်အပြင် စီးပွားရေး အချက်အခြာကျသော မြို့လည်းဖြစ်သည်။ ကမ္ဘာ့လူဦးရေး အများဆုံးသောမြို့ကြီးများ စရင်တွင်လည်းပါဝင်လေသည်။ ရှေးယခင်က ဂုဂျာရတ်ပြည်နယ်အတွင်း ပါဝင်ခဲ့သော်လည်း၊ မာရသီ ဘာသာစကား ပြောဆိုသော မြို့ဖြစ်ရကား မဟာရဋ္ဌပြည်နယ်အတွင်း ပါဝင်ခဲ့လေသည်။ အိန္ဒိယအနောက်ကမ်းရိုးတမ်းပေါ်ဝယ် ကျွန်း (၇) ခုကို စုစည်း မြို့တည်ရာမှသည်၊[1] အိန္ဒိယနိုင်ငံ၏ စီးပွားရေး မြို့တော်အဖြစ် ရောက်ရှိလာသော ဘုံဘေသမိုင်းကို ပြောရလျှင် ရှည်လျှာထွေးပြာလွန်တော့သည်။ ကျောက်ခေတ်ကာလကတည်းကပင် လူသားတို့ စတင်အခြေချခဲ့ကြသည်။ သို့သော်လည်း မာရသီတံငါးသည်များကိုသာ ကျွန်းပေါ်ဝယ် အစအဦး ဓါးမဦးချသူများဟူ သတ်မှတ်ကြလေသည်။
ဘုံဘေမြို့သည် မောရိယခေတ် အစ္စလမ်ခေတ် ပေါတီဂီ ဗြီတိသျှ အစရှိသော ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသည်။ 1st century BCE ကတည်းကပင် ဘုံဘေမြို နလစောပရ “Nala Sopara” (ဗာဟိရဒါရုစရိယမထေရ် ရေမျှောကမ်းတင်ရာ) ဆိပ်ကမ်းသည် ရောမအင်ပါယာနှင့် ကူသန်းရောင်ဝယ်ရာ အဓိက ဆိပ်ကမ်းကြီးတစ်ခုဖြစ်ခဲ့လေသည်။
3rd century BCE, အချိန်က မောရိယအင်ပါယာလက်အောက် ရောက်ရှိစဉ် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဝါဒများ ထွန်းကားရာ အဓိက နေရာဖြစ်ခဲ့သည်။ (မြို့တော်မှာ ပါဋလိပုတ် ဖြစ်သည်) လည်းကောင်း သုံးရာစု အလယ်ပိုင်းနှစ်များတွင် ကန်ဟာရီ  “Kanheri Caves” လှိုင်ဂူကြီးများကို ဖန်တီးကာ (ယခုဘုံဘေမြို့အလယ် တောအုပ်အတွင်း) ဗုဒ္ဓရဟန်းတော်များ၊ စာပေပညာရှင်းများဖြင့် အထူးစည်ကားခဲ့လေသည်။
185 BCE ခန့်တွင် မောရိယ အင်ပါယာဇာတ်သိမ်းပြီးနောက်၊ သတ္တဝါဟနအင်ပါယာ “Satavahanas” အောက်ကြရောက်ပြီး၊ လည်းကောင်းမင်းဆက်များ ဆက်လက်အုပ်ချုပ်ကြပြန်သည်။ (မြို့တော်မှာ အန္တရာပရာဒေရှ်စ် ပြည်နယ်မှ အမရဝတီ နှင့် ယခု ပူနေးမြို့အနီးမှ ဂျူနားမြို့ တို့ဖြစ်သည်)။ လည်းကောင်းမင်းဆက်များသည်လည်း ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့ကို ချီးမြှောက် ထောက်ပံ့ခဲ့လေသည်။
သတ္တဝါဟန ခေတ် ကုန်ဆုံးချိန် 250 CE မှသည် နောက်ပိုင်းကာလများတွင် အမျိုးမျိုးသော ဟိန္ဒူမင်းဆက်များ အုပ်ချုပ်ကြပြန်သည်။ ဗုဒ္ဓဘာသာသည်လည်း၊ လည်းကောင်း သတ္တဝါဟန မင်းဆက်များနှင့်အတူ ပျောက်ဆုံးခဲ့လေသည်။ ဗုဒ္ဓလိုင်ဂူများအတွင်းမှ စေတီ (ထူပ) များကိုလည်း သျီဝလိင်္ဂ (ဟိန္ဒူတို့၏နတ်ဘုရား) အဖြစ် ပြောင်းလဲခဲ့ကြလေသည်။ (သဗ္ဗေသင်္ခါရာ အနိစ္စာ ဟု နှလုံးသွင်းယုံမှတပါး အခြားမရှိပါလေ)
ဟိန္ဒူမင်းဆက်တို့ကျဆုံးချိန် ၁၃၄၈ မှသည် ၁၅၃၄ အထိ) နှစ်ပေါင်း ၂၀၀ နီးပါး ဂုဂျာရတ် မွတ်စလင် ဘုရင်များလက်အောက်၊ ၁၅၃၄ ခုနှင်တွင် ပေါ်တူဂီ လက်အောက် ရောက်ရှိပြီး၊ စက်ရုံများ တည်ဆောက်လေသည်။ ထို့အပြင် စပိန်၊ ဒါခ်ျ၊ အင်္ဂလိပ် ကုန်သည်များ ရောက်ရှိခဲ့လေသည်။ ၁၆၁၂ ခုနှစ်မှ စတင်ကာ ပေါတူဂီနှင့် အင်္ဂလန်တို့ ဘုံဘေပိုင်ဆိုင်ရေးအတွက် စစ်ပွဲအကြီးအကျယ် ဖြစ်ခဲ့သည်။ ၁၆၅၉ ခုနှစ်တွင် အင်္ဂလိပ်တပ်များ ဘုံဘေကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်တွင် အခြားသော အဟာရဋ္ဌပြည်နယ် အစိတ်အပို်င်းတို့ကို သျှီဝကြီးဘုရင်က မွတ်စလင်ဘုရင်များကို တိုက်ထုပ် အုပ်ချုပ်ခါ၊ တန်ခိုးထွာလျက် ရှိလေသည်။ နောက်ပိုင်းနှစ်များတွင် အင်္ဂလိပ်တို့က အိန္ဒိယ တနိုင်ငံလုံးကိုပင် အုပ်ချုပ်သွားလေသည်။ အင်္ဂလိပ်လက်အောက်တွင် ဘုံဘေမြို့သည် တက္ကသိုလ် ကောလိပ်များ၊ ဆေးရုံ ဆေးခန်းများ၊ မီးရထား ကားလမ်းကြီးများဖြင့် အထူး စည်ပင်တိုးတက်ခဲ့လေသည်။
(ဆက်ပါဦးမည်)

Monday, July 18, 2016

၂။ မဟာရဋ္ဌနိဒါန်း (ရှေးဟောင် ဗုဒ္ဓကျောက်လှိုင်ဂူများ ရှိရာမြေ)


၂။ အသောကမင်းကြီးနှင့် မဟာရဋ္ဌ
- - - -
မည်သို့ပင် ဆိုစေကာမူ မဟာရဋ္ဌဟူသောအမည်သည် အသောကမင်းတရာကြီး၏ ကိုးတိုင်းကိုးဌာန သာသနာပြု စေလွတ်စဉ်ကတည်းကပင် တည်ရှိလေသည်။ (မဟာ=ကြီးကျယ်မြင့်မြတ်သော+ရဋ္ဌ=တိုင်းနိုင်ငံ) ထိုစဉ်ကတည်းကပင် အခြားသော တိုင်ငံများထက် အစစအရာရာ သာလွန်ကြီးမြတ်သောကြောင် မဟာရဋ္ဌ ဟုခေါ်ဆိုခဲ့ခြင်းဖြစ်ပေမည်။ 
အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်သည် အသောကမင်းကြီး၏ ပစ္စည်းလေးပါး အထောက်အပံ့တို့ကိုခံယူလျှက်၊ တတိယသံဂါယနာတင်တော်မူခြင်းဖြင့် မိစ္ဆာဝါဒဘေး စသော သာသနာ့ အညစ်အကြေးတို့ကို သုတ်သင် တော်မူပြီးနောက်၊ အနာဂါတ်သာသနာအရေးကို မြှော်တွေးတော်မူလျက် အခြားသော တိုင်းဒေသတို့၌လည်း သာသနာတော်ထွန်းကား တည်တံ့မည်ကို အနာဂတံသဉာဏ်ဖြင့် သိတော်မူသောကြောင့်၊ သီလ သမာဓိ ပညာ ခိုင်မြဲကုန်သော ပဋိသမ္ဘိဒါပတ္တ သမဏ အာဇာနည်းများကိုရွေးချယ်လျက် ကိုးဌာနသို့ သာသနာပြု စေလွတ်ခဲ့လေသည်။ 
=- - - 
လည်းကောင်း ကိုးဌာနတို့မှာ
၁။ မဇ္ဈန္တိကမထေရ်ဦးဆောင်သော ထေရဝါဒသာသနာပြုအဖွဲ့သည် ကသ္မိရဂန္ဓာရအရပ် (ယခု ယေဘုံယအားဖြင့် ပါကစ္စတန်၊ အာဖဂန်) သို့ကြွရောက်ခါ၊ အာသိဝိသောပမသုတ်ကို အစအဦးဟောကြားလျက်လည်းကောင်း။
- -
၂။ မဟာရေဝတ ဦးဆောင်သော သာသနာပြုအဖွဲ့သည် မဟိ့သကမဏ္ဍလ (ယခု ယေဘုံယအားဖြင့် တပ်မီးနဒူပြည်နယ် "Tamil Nadu State" အရပ်သို့ ကြွရောက်ခါ ဒေဝဒူတ သုတ်ကို အစအဦးဟောကြားလျှက်လည်းကောင်း၊ 
- - -
၃။ ရက္ခိတမထေရ်မြတ်သည် ဝနဝါသီအရပ် (ယခု ယေဘူယအားဖြင့် ကာနတ္တက ပြည်နယ် "Karnataka" သို့ကြွချီတော်မူလျှက် အနမတဂ္ဂ ပရိယာယကထာကို ဟောကြားတော်မူခြင်းအားဖြင့်လည်းကောင်း၊
- - -
၎။ ယောနကဓမ္မရက္ခိတမထေရ်အမူးရှိသော သမဏအာဇာနည်းတို့သည် အပရန္တအရပ် (ယခု ယေဘုံယအားဖြင့် ဂူဂျာရတ်ပြည်နယ် "Gujarat" ဘုံဘေ နာစစ် အောရန်ဂဘတ်) သို့ကြွချီကာ အဂ္ဂိက္ခန္ဓုပမာသုတ္တန်ကိုဦးစွာ ဟောကြားလျက်လည်းကောင်း။
- -
၅။ မဟာဓမ္မရက္ခိတ မထေရ်အမူးရှိသော သာသနာပြု ရဟန်းတော်များသည် မဟာရဋ္ဌအရပ် (ယခုအခါ ယေဘုံယအားဖြင့် ပူနေး သတရ၊ ကောဟပူ တဝိုက်) သို့ကြွရောက်ခါ မဟာနာရဒ ကဿပဇာတ်တော်ကို ဟောကြားတော်လျက်လည်းကောင်း ၊ 
- - -
၆။ မဟာရက္ခိတမထေရ် ဦးဆောင်သော သာသနာပြု အဖွဲ့သည် ယောနကအရပ် (ယခုအခါ ဂရိတ် တူရကီ အီရတ် အီရန်) သို့ကြွချီကာ ကာဠကာရာမသုတ်ကို အစအဦးဟောကြားလျက် လည်းကောင်း၊
- - -
၇။ မဇ္ဈိမ မထေရ်၊ ဦးဆောင်သော ထေရဝါဒသာသနာပြုအဖွဲ့သည် ဟိမာဝန္တာအရပ် (ယခု ယေဘူယအားဖြင့် နီပေါ တိဗက် ဘူတန်) သို့ကြွရောက်ပြီး၊ ဓမ္မစက္ကပဝတ္တနသုတ်ကို အစအဦးဟောကြားလျက်လည်းကောင်း။
= - - -
၈။ သောဏမထေရ်၊ ဥတ္တရမထေရ် ဦးဆောင်သော ထေရဝါဒ သာသနာပြုအဖွဲ့သည် သုဝဏ္ဏဘူမိအရပ် (ယခု မြန်မာ ထိုင်း မလေး အင်ဒို) သို့ကြွရောက်ခါ ဗြဟ္မဇာလသုတ်ကို အစအဦး ဟောကြားလျက်လည်းကောင်း။
- - -
၉ ။ အရှင်မဟိန္ဒမထေရ် ဦးဆောင်သော သာသနာပြုအဖွဲ့သည် သီဟိုရ်ကျွန်းသို့ကြွရောက်ခါ၊ စူဠဟတ္ထိပဒေါပမာသုတ်ကို အစအဦးဟောကြားလျက်လည်းကောင်း အသီးသီး သာသနာပြုကြလေသည်။
- - -
((ထိုသို့သာသနာပြုကြွရာဝယ် အနည်းဆုံး ၅ပါး သို့မဟုတ် အပါး ၂၀ (သံဃကံကြီး ကံငယ် ဥပုသ် ပဝါရဏာ စသည် ပြုလုပ်နိုင်ရန်) ပါဝင်ကြသည်ဟု ပညာရှိ ဆရာတော်များ ယူဆ သုံးသပ်ကြလေသည် ထိုကြောင့် မထေရ်ဦးဆောင်သောဟုလည်းကောင်း။ ထိုပြင် အသောမင်းကြီး၏ ထေရဝါဒသာသနာပြု မစေလွတ်ခင်၊ ရှေးယခင်ကတည်းက မဟာယာနဗုဒ္ဓဘာသာတို့ ရောက်ရှိနေဟန် သမိုင်းအထောက်အထားတို့များစွားတွေ့ရလေသည်။ ထိုကြောင် ထေရဝါဒ သာသနာပြုအဖွဲ့ဟုလည်းကောင်း မှတ်တမ်းတင်ရလေသည်။ ))
ထိုစဉ်ကတည်းက မဟာရဋ္ဌအရပ်သည် အသောကမင်းကြီး၏ မောရိယ အင်ပါယာ အာဏာစက်အတွင်းကြရောက်သော ဒေသဖြစ်လေသည်။ 
သာဓက ပမာပြရလျင် ဘုံဘေမြို့ ဗာဟိယဒါရုစရိယ မထေရ် ရေမျှော ကမ်းတင်ရာ သုပ္ဗတိထ္ထဆိပ်ကမ်းအရပ်ဝယ် စေတီပျက် အုဌ်ပုံကြီးများရှိသည်၊ တစ်ချို့သော အိန္ဒိယသားတို့က ဗာဟိယဒါရုစရိယ အထိမ်းအမှတ်အဖြစ် အသောကမင်းကြီးက စေတီတည်ခဲ့သော နေရာဟုပြောကြသည်၊ တချို့သော သူတို့ကား၊ ရှင်မဟာဓမ္မရက္ခိတ မထေရ် မဟာရဋ္ဌဒေသတွင် တရားဦးဟောရာနေရာအဖြစ် အထိမ်းအမှတ်တည်ထားသော စေတီဟု ယူဆကြလေသည်။ 
လက်ရှိမဟာရဋ္ဌပြည်နယ်ဖြင့် နိုင်ယှဉ်ကြည့်ပါက ဝနဝါသီအရပ်နှင့် အပရန္တအရပ်တို့သည်လည်း မဟာရဋ္ဌအတွင်း တစိတ်တဒေသ ပါဝင်နေသည်ကိုလေ့လာတွေ့ရှိရပါသည်။ ထိုကြောင် မဟာရဋ္ဌဟူသည် အသောကမင်းကြီး၏ သာသနာပြု စေလွတ်ရာ သုံးဌာနတို့နှင့် ဆက်စပ် ပတ်သက်နေသောကြောင်း "မဟာရဋ္ဌ" တိုင်းကြီးမဟာ ဟူသတည်း။။ 
(ဆက်ရန်)
=
ကျမ်းကိုး - ဗုဒ္ဓနိုင်ငံတော် (အရှင်သံဝရာဘိဝံသ) တိနိအဖွဲ့ ၁၉ ၉ ၁
=
(အမှားတွေ့က ပြင်ဆင်ဖတ်ရူပါ)
ကိုရင်အာယု (ပူနေးတောရ)
ပူနေးဝိဒယဝိဟာရ်

မဟာရဋ္ဌ

၁။ မဟာရဋ္ဌ နိဒါန်း။ (ရှေးဟောင် ဗုဒ္ဓကျောက်လှိုင်ဂူများ ရှိရာမြေ)


၁။ နိဒါန်း 
= =
လူဦးရေ သန်းပေါင်း ၁၃၀၀ နီးပါးနေထိုင်ကြပြီး 
ကမ္ဘာမှာ ဒုတိယ လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် ထူးဆန်းအံ့သြဖွယ်ကောင်းသော အရာဝတ္ထုများ၊ အမျိုးမျိုးသော ဘာသာစကား စာပေ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ နှစ်ပေါင်းထောင်သောင်းကျော် သက်တမ်းရှိ အဆောက်အဦးကြီးများ၊      ရှေးအိန္ဒိယ ဘာသာရေးကျောက်လှိုင်ဂူကြီးများ၊    နိုင်ငံရေး ဘာသာရေး အတွေးအခေါ်စသည့်နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်ထူးများ စသည်ဖြင့် များစွာပြည့်နှက်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံသည် ဂေါတမ ဗုဒ္ဓဘုရားရှင်သာမက၊ ဂျိန်းဘာသာဝင်တို့၏ မဟာဝီရများ၊ ဟိန္ဒူဘာသာဝင်တို့၏ နတ်ဘုရားများ၊ ပန်ချာပီလူမျိုးတို့၏ ဂုရုကြီးများ၊ အခြားသော ဘာသာများစွာ၏ နတ်ဘုရားများ ပေါ်ပေါက်ရာဖြစ်၍ လေ့လာသင့်သော နေရာဒေသများမှာလည်း အများအပြားပင်ရှိလေသည်။ အိန္ဒိယနိုင်ငံသည် ပြည်နယ်ပေါင်း ၂၉-ပြည်နယ်ရှိပြီး စတုရန်းကီလိုမီတာ ၃.၂၉ သန်းမျှကျယ်ဝန်းပါသည်။ မြောက်မှ တောင်သို့ ၃. ၂၁၄ ကီလိုမီတာ ရှိပြီး အရှေ့မှ အနောက်သို့ ၂.၉၃၃ ကီလိုမီတာ ရှည်လျားသည်။ ထိုပြည်နယ် အသီးသီးတွင် မဟာရဋ္ဌပြည်နယ်သည်, (Maharashtra-state) ရှေးဟောင်း ဗုဒ္ဓဘာသာကျောက်လှိုင်ဂူကြီးများ အများအပြားတည်ရှိသောကြောင့် ဗုဒ္ဓဘာသာဝင်များ လည်ပတ်လေ့လာသင့်သော ပြည်နယ်တစ်ခုဖြစ်ပါသည်။
xxxxx 
မဟာရဋ္ဌပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ အနောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်ပြီး၊ (Uttara-prade) UPပြည်နယ်ပြီးလျင် ဒုတိယလူဦးရေအများဆုံး ပြည်နယ်လည်းဖြစ်သည်။ ဧရိယာအားဖြင့် သုံးခုမြောက် အကျယ်ဆုံးပြည်နယ် ဖြစ်သည်။ စက်မှုလုပ်ငန်း အများအပြား တည်ရှိသောကြောင့် အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခံရသည်။ အနောက်ဘက်တွင် (Arabian-sea) အာရဗီယား ပင်လယ်နှင့် (Gujarat-state) ဂုဂျရတ်ပြည်နယ်။ မြောက်ဘက်တွင် (Madhya-Pradesh) MP, ပြည်နယ်၊ အရှေဘက်တွင် (Chhattisgara) ချတ္တိစဂတ်ပြည်နယ်၊ အရှေ့တောင်ဘက်တွင် (Andhra-Pradesh) AP ပြည်နယ်၊ တောင်ဘက်တွင် (Karnataka-state) ကာနတကပြည်နယ် နှင့် ကမ္ဘာကျော်ဂေါယာကမ်းခြေရှိရာ (Goa-state) ဂိုအာပြည်နယ် တို့ တည်ရှိလေသည်။ ဧရိယာ အကျယ်အဝန်း ၃၀၇၇၃၁ ရှိပြီး အိန္ဒိယနိုင်ငံအကျယ်အဝန်း၏ ၉ .၈၄ ရာခိုင်နုန်းကျယ်ဝန်းသည်။ မဟာရဋ္ဌ၏ မြို့တော် ဘုံဘေ (Mumbai) မွန်ဘိုင်း သည် အန္ဒိယနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်ပြီး၊ စီးပွားရေမြို့တော်လည်းဖြစ်သည်။ ၁၆ ရာစု၊ ဘုရင်သျှီဝကြီးဘုရင် လက်ထက်တွင် မဟာရဋ္ဌပြည်နယ်သည် အိန္ဒိယ အစိတ်အပိုင်းတော်တော်များများကို စိုးမိုးထားသော မူဂါယ်တို့ကို (Mughals) (မူစလင်ဘုရင်များ) တိုက်ထုပ်ချိန်မှ စတင်ခဲ့လေသည်။ ၁၇၆၀ ခုနှစ်တွင် မဟာရဋ္ဌအင်ပါယာသည် အိန္ဒိယနိုင်ငံ၏ သုံးပုံ တစ်ပုံခန့်မျှ ကျယ်ဝန်းခဲ့လေရာ ဒုတိယ အသောက အင်ပါယာဟု ခေါ်နိုင်လေသည်။ အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေး ရရှိချိန်တွင် အိန္ဒိယနိုင်ငံသည် ဘာသာစကားတူရာတူရာ ပြည်နယ်များကွဲပြားသွားလေသည်။ နာဂပူမြို့သည် ထိုအချိန်က မဒ္ဒရာပရာဒေရှ်စ် MP ပြည်နယ်၏ မြို့တော်ဖြစ်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် မာရသီဘာသာစကားကို အသုံးအနှုံးများသောကြောင့် မဟာရဋ္ဌအတွင်း ပေါင်းစည်းခဲ့လေသည်။ မြန်မာ့နောက်ဆုံးမင်းဆက် သီပေါဘုရင်၏ အကျဉ်စံ နန်းတော် Ratanagira, ရတနာဂီရိသည်လည်း မဟာရဋ္ဌမာပင် တည်ရှိသည်။ ထင်ရှားသော မြို့ကြီးများမှာ ဘုံဘေ,Mumbai၊ နာဆစ်Nashik,၊ နာဂပူNagpur,၊ ပူနေး၊ အော်ရမ်ဂဘတ် Aurangabad၊ နန္ဒိNanded,၊ စောလပူ Solapur, စသည်တို့ဖြစ်သည်။ အထူးသဖြင့် ရှေးယခင် ဗုဒ္ဓဘာသာဝင် အိန္ဒိယ မဟာလူသားတို့၏ သတ္တိ စွမ်းပကာ ညာဏ်ပညာ သဒ္ဓါတရားတို့ပြသရာ၊ ကြီးကျယ် ခန်းနားသော ရှေးဟောင်း အနုပညာလက်ရာ လှိုင်ဂူကြီးများ တည်ရှိရာ၊ မဟမဟာ အရပ်ဒေသကို မဟာရဋ္ဌ (တိုင်းကြီးမဟာ) ဟုခေါ်တွင်လေသည်။ 
- - - - -x -------- x--- -- --
ဆက်ရန်
ကိုရင်အာယု (ပူနေးတောရ)
ပူနေးဝိဒယဝိဟာရ်
မဟာရဋ္ဌ

18.07.2016

Thursday, June 23, 2016

ဆန်ချီ သို့မဟုတ် ငြိမ်းချမ်းရေးစေတီ

ဆန်ချီ သို့မဟုတ် ငြိမ်းချမ်းရေးစေတီ
- - - - - - - - - - - -
သီရိဓမ္မာ အသောကရာဇာမင်းကြီးကို ဗုဒ္ဓဘာသာဝင်တိုင်း၊ သမိုင်ပညာရှင်ေတိုင်း သိကြသည်။ အနယ်နယ် အရပ်ရပ်တွင် စေတီတော်ပေါင်း ရှစ်သောင်းလေးထောင်း တည်းထား ကိုးကွယ် လှူဒါန်းခဲ့သူဟုလည်း လူသိများသည်။ မင်းကြီး လှူဒါန်းခဲ့သော စေတီတို့တွင် လက်ရှိထင်းရှား လူသိများသည် တစ်ဆူတည်းသော စေတီမာ ဆန်ချီစေတီ (သန္တိထူပ၊သျှန္တိထူပ) ငြိမ်းချမ်းရေး စေတီပင်ဖြစ်ပါသည်။
လည်းကောင်းငြိမ်းချမ်းရေးစေတီသည် အိန္ဒိယပြည်၊ အလယ်ပိုင်းပြည်နယ် (Madhya Phadesh) အတွင်း ဘိုပါလ်းမြို့မှ (၄၆) ကီလိုမီတာ၊ ဝေဒိသမြို့မှ (၁၀) ကီလိုမီတာဝေးသောအရပ်တွင် တည်ရှိသည်။ စေတီကုန်းတော်မှ ဘေးဝဲယာတို့တွင် စိမ်းမြမြလယ်ကွင်းပြင်ကြီး ကာရံထားသည် ထိုလယ်ကွင်းတို့အဆုံးဝယ် ညိုညိုမှိုင်းမှိင်း တောင်တန်းကြီးများက တံတိုင်းကြီးများသဖွယ် ကာရံထားပြန်သည်။ ထိုစေတီကို အကြောင်းပြုကာ အနီးတွင်ဖြစ်ပေါ်လာသော ရွာကလေးကိုလည်း ဆန်ချီရွာ သို့မဟုတ် (သန္တိနဂရ၊ သျှန္တိနဂါး) ငြိမ်းချမ်းရေးရွာဟု ခေါ်ကြပြန်သည်။ မဟာရဋ္ဌပြည် ပူနေးတောရမှ သွားပါမူ ရထားဖြင့် (၁၈)နာရီ ခရီးဖြစ်ပါသည်။ (၁၀ ၁၂ ၂၀၁၅) ရက်နေ့ ပူနေးတောရ ဒကာဒကမ ခြောက်ဆယ်ခန့်ဖြင့် ရောက်ရှိခဲ့ပါသည်။ ထိုစေတီရှိရာသို့ စိတ်အစဉ်တို့ ရောက်ရှိနေသည်မှာ ဆယ်စုနှစ်တစ်ခုပင် ကျော်ခဲ့လေပြီ။ စစ်ကိုင်းသီတဂူဝယ် ကျောင်းတက်စဉ်ကတည်းက ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးကို ဆန်ချီစေတီပုံစံအတိုင်း တည်ဆောက်ထားသည်ဟု အဓိပတိဆရာတော်ကြီးမှ မကြာခဏပြောပြဘူးသည်။ ဆန်ချီစေတီ၏ ပုံသဏ္ဍာန်တော်မှာ စစ်ကိုင်းသီတဂူဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင်ဆောင်ကြီးကဲ့သို့ပင်တည်း။
ထိုငြိမ်းချမ်းရေး သန္တိစေတီတော်ကြီးသည် မောရိယခေတ်၊ သုန်ကခေတ်၊ သတ္တဝါဟနခေတ်၊ အင်္ဂလိပ်ကိုလိုနီခေတ်၊ စသော ခေတ်ကာလများစွာကိုကျော်ဖြတ်ကာ နှစ်ပေါင်း နှစ်ထောင်ကျော်သို့ပင် ရောက်ရှိခဲ့လေသည်။ မောရိယခေတ်အကုန် သုန်ကခေတ်မင်းဆက်တို့မှ စေတီတော်ကြီးနှင့် ဗုဒ္ဓသာသနာတော်ကြီး လျှစ်လှူရှု ခံခဲ့ရသည်ကြောင့် အသောက မင်းကြီးလှူဒါန်းခဲ့သော မူလစေတီတော်ကြီးမှာ မြေခခဲ့ရသည်။
အင်္ဂလိပ်အုပ်ချုပ်သော ခေတ်ကာလသို့ရောက်သည့်အချိန် ၁၈၈၁ ခုနှစ်တွင် အင်္ဂလိပ်အရာရှိ “General Taylor” မှ ပြုပြင်ထိမ်းသိမ်းဘို့ စတင်ခဲ့လေသည်။ မူလစေတီတော်ကြီး ပျက်စီးခဲ့သော်လည်း စေတီ၏ ပတ်လည်းတွင် စေတီငယ်နှစ်ဆူ၊ တောင်ခြေအရပ်တွင် စေတီငယ်တစ်ဆူကျန်ရှိခဲ့သည်။ ထိုစေတီငယ်တို့၏ ပုံစံအတိုင်း (၁၉ ၁၂ ခုနှစ်မှ ၁၉ ၁၉ ခုနှစ်အထိ) “Sir John Marshall” ဆိုသူက လက်ရှိအခြေအနေ ရောက်သည်အထိဖြစ်အောင် ပြင်ဆင်ခဲ့သည်။ ၁၉ ၈၉ ခုနှစ်တွင် “UNESCO World Heritage” ကမ္ဘာ့အမွေအနစ်စာရင်းဝင်ခဲ့သည်။
ငယ်စဉ်က ဆရာသမားများ မကြာခဏ ပြောပြခဲ့သော ဆန်ချီသမိုင်းကို ပြောပြချင်ပါသည်။ တတိယ သံဃာယနာတင် ပွဲတော်ကြီးပြီးချိန်ဝယ် ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်၏ လမ်းညွန်ပြသ ဆိုဆုံးမမူတို့ဖြင့်၊ သိရီဓမ္မာ အသောက မင်းကြီးသည် သုဝဏ္ဏဘူမိခေါ် သထုံပြည် အပါအဝင်၊ (၉) ပြည်ထောင်သို့ ဗုဒ္ဓ၏ ငြိမ်းချမ်းရေး မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်လမ်စဉ်တို့ ပြန့်ပွားဘို့ရန် သာသနာပြု စေလွတ်ခဲ့လေသည်။ ထို (၉) ပြည်ထောင်တွင် သီဟိုရ်ကျွန်းသို့ သာသနာပြု သွားရန် တာဝန်ကျသည့် မထေရ်သည်ကား၊ အသောကမင်းကြီး၏ သားတော် မဟိန္ဒမထေရ်မြတ်ဖြစ်ပါသည်။ မထေရ်မြတ်သည် ပေးအပ်သော တာဝန်ကို လက်ခံခဲ့သော်လည်း သီဟိုရ်ကျွန်းသို့ တိုက်ရိုက်မသွားခဲ့ပေ။ ကိုးလလွယ် ဆယ်လဖွား၊ ဖဝါးလက်နှစ်လုံး၊ ပခုံး လက်နှစ်သစ်၊ ဝါးဖတ်တော် ခဆီနှစ်နှင့် လူဖြစ်အောင် မွေးခဲ့သည် ကျေးဇူးရှင်မိခင်းကြီးရှိရာ ဝေဒိသျှ အရပ်သို့သာ ကြွမြန်းခဲ့လေသည်။
ရှင်မဟိန္ဒ၏ မယ်တော် ဒေဝီမိဘုရားသည် ဥဇ္ဖေနီမြို့အနီး ဝေဒိသျှနိဂုံးမှ ရွာသူကြီး၏ သမီးဖြစ်သည်။ အသောက မင်းကြီး၏ မိဘုရားခေါင်းကြီး မဖြစ်နိုင်ပေ။ အရာမက များစွာသော မိဘုရားတို့ကြားဝယ် တောသူ မိဘုရားငယ်တစ်ပါးမျှသာ ဖြစ်နိုင်လေသည်။ သားတော် သမီးတော်များ ရှင်ရဟန်းပြုသွားစဉ်ကတည်းက နေပြည်တော် ပါဋလိပုတ်နန်းတော်တွင်မနေဘဲ၊ မွေးရပ်မြေဖြစ်သော ဝေဒိသျှတွင်သာ နေထိုင်ခဲ့လေသည်။ ဒေဝီမိဘုရားအတွက် သားတော် မဟိန္ဒသည် အင်းအားဖြစ်သည့်အပြင်၊ အသက်ရှင်သန်ခြင်း၏ အကြောင်းလည်းဖြစ်လေသည်။
- - - -
((အမေ့အိမ် အပြန်လမ်းဝယ် တာဝန်နှင့် ကျေးဇူးတရားတို့ အားပြိုင်ကြ))
- -
ဝေဒိသျှသို့ ရောက်ပါပြီ။ မိခင်ကြီး ဒေဝီ နှင့် အဘိုးအဘွား ဆွေတော်မျိုးတော်များ ကြိုဆိုနေကြစဉ်၊ ရေခြားမြေခြား တိုင်းတစ်ပါးသို့ သွားရောက်မည့်အကြောင်းကို မိခင်းကြီးအား ပြောပြသည့်အခါဝယ် - - -
“သားတော် လူလေး မေ့ရွှေသွေး - - တစ်မြေတည်နေ တစ်ရေတည် သောက်စဉ်သော်မှ မယ်တော်သည် သားတော်အား တစ်လတစ်ကြိမ် ဖူးတွေ့ခွင့်ကို မရခဲ့၊ တိုင်းကြီးရပ်ခြား ထွက်ခွါသွားပါမူ အတီမှာ တွေ့ခွင့် ဆုံခွင့် ဖူးတွေ့ခွင့်ကို ရပါတော့အံနည်း၊ မယ်ဘုရားအား ပြစ်မသွားပါလင့်၊ သားခမည်းတော်၏ မောရိယ အင်ပါယာကြီးအတွင်းသာလျှင် သီတင်းသုံးတော်မူပါ၊ အတီမျှ မသွားပါလင့်”။ ((( စာချဆရာ အာရွှမ်းဖောက်၍ ဟာသမြှောက်အောင်ပြောခဲ့သည်ကား တိုင်းတစ်ပါးတွင် သာသနာပြုမည်ဟုဆိုသော်လည်း “သာသနာပြု ဒေါ်လာစု လူမူအဖြာဖြာ” ဟူသော ရှေးဆတော် သမားတော်တို့၏ စကားအရ သာသနာပြုလုပ်ငန်းတွင် ဒေါ်လာကုန်က သားတော်ဒုက္ခရောက်ပေတောမည်။ ဒီမိုကရေစီအရေး သံရုံးရှေ့ ဆန္ဒပြရ၊ သာရေးနာရေး လူမူရေးတို့ဖြင့် သားတော်ပင်ပန်းပေတော့မည်။))) မေ့ထံပါးက တစ်ဖဝါးမခွါပါလင့် သားတော်” ဒေဝီ မယ်တော်ကြီးသည် သားတော်၏ အပြန်လမ်းမှာ သောက ရွှေမိုးတို့ ရွာခဲ့လေပြီတည်း။
            “သုံးလောကထွဋ်ထား မြတ်စွာဘုရား၏ သာသနာတော်ဝယ် ရဟန်းတော်များသည် လူအများတို့ အံ့သြကြစေရန်၊ လူအများက ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားစေရန်၊ လာဘ ပူဇော်သက္ကာရ အကျော်အစော်ဟူသော အကျိုးတို့ကို ရည်မြော်ကိုးသဖြင့် မြတ်သော မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်သုံးနေသည်မဟုတ်ပါ မယ်တော်ကြီး၊ နှစ်ရာ့နှစ်ဆယ် ခုနှစ်သွယ်သော သိက္ခာပုဒ်တို့ကို မပျောက်မကြားရအောင် စောင့်ထိမ်းလျက် ဒူတနှစ်ပါးကိုကျင့်သုံးနေခြင်းကြောင့် ငါ့အား လူအများတို့ သိစေသတည်းဟုလည်း နှလုံးမသွင်းခဲ့ကြပါ၊ ကာယစသော ဒုစရိုက် တို့မှ စောင့်စည်းရန်၊ ထိုထိုသို့သော ဒုစရိုက်တို့ကို တဒင်္ဂပဟန်စသည်ဖြင့် ပယ်ရန်သာ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို အားထုပ်နေကြပါသည် မယ်တော်“ အစရှိသည်ဖြင့် မဟိန္ဒမထေရ် မယ်တော်ကြီး အကျိုးအကြောင်း အဆိုးအကောင်းတို့ဖြင့် တရာဟောခဲ့လေသည်။
“မသိ နားမလည်ခြင်း မောဟ၊ လိုခြင်တပ်မက်ခြင်း လောဘကို မပယ်သတ်နိုင်သမျှကာလ ပတ်လုံး၊ သေဆုံးပြီးနောက် ဘဝအသစ်တဖန် အမိဝမ်းဝယ် ပဋိသန္ဓေနေရမည်။ ထိုသို့ဖြစ်ခြင်းသည် နောက်တစ်ဖန် အိုရ နာရ သေပြန်ရဘို့ အကြောင်းသာလျှင်ဖြစ်တော့သည်။ သံသရာမှာ ကျင်လည်သည့် တစ်စုံတစ်ယောက်သောသူ၏ အရိုးတို့ကို စုပုံထားခဲ့ပါမူ၊ ထိုအရိုးတို့သည်လည်း မဆွေးမမြေ့ အမြဲတည်ခဲ့ပါမူ၊ ထိုအရိုးစု အရိုးပုံကြီးသည် ဝေပုလ္လတောင်ကြီးထက်ပင်များပေမည်” ဟု ဘုရားရှင်ဟောခဲ့ဘူးပါသည် မယ်တော်။
ရွှေဘုန်းတော်သခင် ဘုရားရှင်သည် နိဗ္ဗာန်တည်းဟူသော တစ်ဘက်ကမ်းသို့ ရောက်စေတတ်သော မျက်မှောက် မျက်ကွယ် ဘေးရန်မရှိသော၊ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ကာယဒုစရိက်စသည်မှ စောင့်စည်းရန်၊ ကာယဒုစရိုက်စသည်ကို တဒင်္ဂပဟာန်စသည်ဖြင့် ပယ်နိုင်ရန် ဟောကြားခဲ့ပါသည် မယ်တော်။
ထိုမဂ္ဂင်ရှစ်ဖြာ လမ်းမြတ်မဟာသည် မွန်မြတ်သော စိတ်ရှိကုန်သော ဘုရားအစရှိသော သူတော်ကောင်းတို့၏၊ လမ်းစဉ်ဖြစ်ပါသည်။ ထို မဂ္ဂင်တရားကိုကျင့်သုံးသူတို့သည် အိုနာသေ ဆင်းရဲတို့ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြရပါသည် မယ်တော်”။။
မည်သို့ပင်တရားပြ ဆုံးမသော်လည်း မယ်တော်ကြီးဒေဝီသည် ဆက်လက်ငိုကြွေး လျောက်ထားပြန်သည်။ “မိဖဖိုးဖွားတို့၏ သားသမီးတို့အပေါ်ဝယ် ဖြစ်ပွားသော ချစ်မေတ္တာသည် အပေါ်ယံ အရေပါးကိုလည်းကောင်း ထို၏အတွင်း အရေထူကိုလည်းကောင်း အသားကိုလည်းကောင်း၊ အကြောကိုလည်းကောင်း၊ အရိုးကိုလည်းကောင်း အစဉ်သဖြင့် ဖြတ်ပြီးလျှင် ရိုးတွင်းချဉ်ဆီသို့ ခိုက်လျှက် တည်ရှိပါသည်။ သားတော် ရှင်ရဟန်းပြုသွားသောအခါဝယ် မယ်မယ်အား ဆင်းရဲဒုက္ခ ဂဏန်းမပြနိုင်အောင် များစွာပင်ဖြစ်ခဲ့ရပါသည်၊ သားတော် အတီမျှ မသွားပါလင့်၊ ဖခမည်းတော် မောရိယအင်ပါယာအတွင်းသာလျင် သီတင်းသုံးတော်မူပါ”။
မဟိန္ဒမထေရ်၏ အတွေးစဉ်ဝယ် တာဝန်နှင့် ကျေးဇူးတရားတို့ အားပြိုင်ကြလေပြီး၊ ဆရာသခင်တို့ ပေးအပ်သော သီဟိုရ်ပြည်သို့ သာသနာပြုသွားရောက်ရန် ကြီးလေးသော တာဝန်ကိုလည်း လက်ခံပြီးခဲ့လေပြီး။ ယခုအခါ မယ်တော်မှ မသွားဘို့ရန် တောင်ပန်းနေခြေပြီး။ မယ်တော်ကြီး၏ တောင်ပန်ချက်ကို ငြင်းပယ်ဘို့ရန် ရှင်မဟိန္ဒအဘို့ အင်အားလည်း မရှိခဲ့။ တုံဏီဘာဝေဖြစ်နေသော သားတော်၏ မျက်နာတော်အား စိုက်ကြည့်ပြီးလျှက်၊ မယ်တော်က ဆက်ပြီးလျောက်တင်ပြန်သည်။
“မယ့်မယ်ချစ်သွေး သားတော်လေး၊ ယခုအခါ မုတ်သုံလေတစ်ရေးနိုး မိုးဦးကျတောမည့် အချိန်ဖြစ်ပေသည်၊ ပင်လယ်လမ်းခရီးဝယ် လှိုင်းတံပိုးတို့သည်လည်း အလွန်ပင် ကြမ်းတမ်းလှ၏၊ သီဟိုရ်ပြည်သို့ သွားရန် အခါမသင့်တော့ပေ၊ မိုးလေ ကင်းလွတ် သီတင်းကျွန်ချိန်မှသာ ကြွတော်မူပါ၊ သားတော်ကို အစအဦး အမှူးပြုကာ ကြွလာသမျှသော ရဟန်းတို့ကို မယ်တော်နေအိမ်သို့ ပင့်ဖိတ် ဆွမ်းကျွေးခွင့်ကို ပေးတော်မူပါ၊ ဝတ်စုံသင်္ကန်းလှူဒါန်းနိုင်ခွင့်ကို ပေးတော်မူပါ၊ ကျောင်းဆောက်လှူဒါန်းခွင့်ကို ပေးတော်မူပါ” ဤသို့ စသည်ဖြင့် ငိုကြွေးလျောက်ထားရှာလေသည်။
မထေရ်မြတ်လည်း ဆိတ်ဆိတ်နေခြင်းဖြင့် ဝါတွင်းသုံးလ သီတင်းသုံးရန်အတွက်ကို လက္ခံခဲ့လေသည်။ သီဟိုရ်သွားရန် အကြောင်းကို စွန့်လွတ်ဘို့ကား မဖြစ်နိုင်ပေ။ မိခင်၏ အလို့ဆန္ဒများကိုဖြည့်ဆီးလိုသော်လည်း၊ ဆရာသခင်တို့၏ ဓမ္မစက်၊ ဖခမည်းတော်၏ အာဏာစက်တို့ကို လွန်ဆန်နိုင်ဘို့ကား အကြောင်းမရှိပါခြေ။
-
သားတို့၏ အပြစ်ကြီး အပြစ်ငယ်အသွယ်သွယ်ကို သွန်သင်ပြသ ဆိုဆုံးမကြသည် ဆရာဥပဇ္ဈာယ်တို့ အမြဲဆုံးမသည် စကားရှိပါသည် မယ်တော်။
-
“၁။ ငါ့ရှင်တို့ တစ်တွေဟာ နာမည်ကြီး ဆရာသ္မား၏ တပည့်။ (နာမည်ကြီးဆရာဟူသည် ဗုဒ္ဓ)
၂။ အရှင်တို့ကို ရပ်ရွာနှင့် မိဘဆရာသမား ဆွေမျိုးသားချင်းများက အားကိုးအားထားပြုဘို့ စောင့်ကြိုနေကြတယ်။
၃။ အရှင်တို့ဟာ သာသနာလက်ဆင့်ကမ်း လမ်းညွန်စရာ၊ အားထုပ်စရာတွေ များစွာရှိနေကြတယ်။ ထိုသုံးချက်ကို ဘယ်တော့မှ မမေ့ပါလင့်၊ ရည်ရွယ်ချက်ကို ဘယ်တော့မှ အပျောက်မခံပါလင့်၊ မပေါ့ဆလင့်။” သည်ဆုံးမစကားတွေကို သားတို့ ရှင်ရဟန်းပြုစဉ်ကတည်းက ကြားနာခဲ့ရပါသည်မယ်တော်။
“ထို့အတွက်ကြောင့် သားတော်ဝယ် သာသနာလက်ဆက်ကမ်း ဆက်လက်လုပ်ဆောင်ရမည့် တာဝန်များရှိပါသည်။ မြတ်ဗုဒ္ဓ၏ အဆုံးအများ ကမ္ဘာသူ ကမ္ဘာသားတို့၏ နှလုံးသာသို့ရောက်ရန်မာ သား၏ တာဝန်ဖြစ်ပါသည်။ ဗုဒ္ဓ၏တရားတော်များကို တစ်လုံးတစ်ပါဒ လေးဘဲဖြစ်ဖြစ် နာကြားရသူတွေဟာ ကံကောင်းလွန်းကြပါသည်၊ သားတော်ဟာ အားလုံးကို ကံကောင်းစေခြင်သူပါမယ်တော်၊ ဝါတွင်းသုံးလ ပတ်လုံး မယ်တော်လှူဒါန်းသောကျောင်းဝယ် သီတင်းသုံးပါမည်၊ ဝါလကင်းလွတ် သီတင်းကျွတ်ချိန်ဝယ် သားတော်အား သီဟိုရ်သို့ ကြွသွားခွင့်ပေးပါ မယ်တော်”။
ဒေဝီမိဘုရားသည် သားတော်မဟိန္ဒမထေရ်မြတ်အား ကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းကာ ဆွမ်း သင်္ကန်း ဆေး အစရှိသည်တို့ဖြင့် သာသနာတော်ကြီးကို ထောက်ပံ့ခဲ့လေသည်။ မဟိန္ဒထေရ်အရှင်သည် မိခင်ကြီး လှူဒါန်းသည့်ကျောင်းဝယ် ဝါတွင်းသုံးလ သီတင်းသုံးလျက် ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ မဂ္ဂကထာတို့ဟောပြောလျက် မိခင်းကြီးအား ကျေးဇူးဆပ်ခဲ့လေသည်။ မိခင်ကြီး စိတ်နှစ်လုံးတို့ ချမ်းမြေ့ပြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင် စိတ်ပါလက်ပါဖြင့် ကောင်းမူကုသိုလ် ကိုယ်ပိုင်းတရားများ ပွားများ အားထုပ်နိုင်ပါစေခြင်း အကျိုးငှါ ကျောင်တော်ကြီးကိုလည်း၊ သျန္တိမဟာဝိဟာရ ဟု အမည်ပေးခဲ့လေသည်။
မထေရ်မြတ်သည် သံဃာတော်များ ဆွမ်းခံကြွချိန်ဝယ်၊ ကျောင်းစဉ်လှည့်လည်ကာ တံမျှက်စည်းလည်းခြင်း၊ အမှိုက်ကြုံးခြင်း၊ သောက်ရေ သုံးရေ တည်ထားခြင်း၊ ဂိလာနသံဃာတော်များထံ သွားရောက်ခါ အလို့ရှိရာ မှာကြားနိုင်ရန် လျောက်ထားခြင်း၊ အားပေးစကားများ ပြောကြားခြင်း၊ စသည်သံဃာဝေယျာဝစ္စေများကို နေစဉ်ပြုလုပ်ခဲ့လေသည်။ ရှင်ဘုရင်၏ သားတော်ဖြစ်သော်လည်း စိုးစည်း အနည်းငယ်မျှ မာန်မာနတို့ မရှိခဲ့ခြေ။ “ငါ့အား ဘဝများစွာ သားကျွန်း မယာကျွန်းတို့ ခံရပေါင်းများခဲ့လေပြီ၊ ကံကောင်းထောက်မစွာဖြင့် လူဘဝရောက်ခိုက် သာသနာ့ကျွန် သံဃာ့ကျွန်သာပြုတော့အံ့” ဟု နေစဉ်နှစ်လုံးသွင်းခဲ့လေသည်။

ကျောင်းတော်ကြီးဝယ် မဟိန္ဒမထေရ် အကြိမ်ကြိမ် ဆန္ဒပြုခဲ့သည်ကား - - - -
“သားသ္မီးကို ချစ်ရသော မိခင်တို့၏ အပူ သောကများ ငြိမ်းပါစေ” (သျန္တိ)။
“သားရှိသောမိခင်၊ မိခင်ရှိသာ သားတို့၏ ချစ်ခြင်းတရား အပြန်အလှန် စီးဆင်းပါစေ” ဟူ၏။
-
ဝါလကင်းလွတ် သီတင်းကျွတ်လေပြီ၊ သံဃံဘန္တေပဝါရေမိ ဒိဋ္ဌေနဝါ သုတေနဝါ မရိသင်္ကာယဝါ ဝဒန္တု မံ အာယသ္မန္တော အနုကမ္ဗံ ဥပါဒါယ။ ဒုတိယမ္ဗိ၊ တတိယမ္ဗိ။ “သံဃာတော် အရှင်ကောင်း အရှင်မြတ်တို့ဘုရား၊ ဘုရားတပည့်တော် လျေက်ထားပါသည် ဘုရားတပည့်တော်၏ မသင့်လျှော်သော ကိုယ်နုတ်အမူအရာတို့ကို မြင်သော်လည်းကောင်း ကြားသော်လည်းကောင်း ယုံမှားသံသယဖြစ်သော်လည်းကောင်း သနားသည်ကိုအကြောင်းပြု ဆိုဆုံးမမှု ပြုတော်မူကြပါဘုရား”။ သန္တိမဟာဝိဟာရကြီးမှ သံဃာတော်များ အချင်းချင်း ဖိတ်မံ လျှောက်ထား ပန်ကြားသံများကို မြင်ယောင်နေပြန်သည်။ သံဃာတော်များ၏ ရိုသားဖြောင့်မတ်ခြင်း သုပ္ဗဋိပန္နဂုဏ်ကို ဖော်ကြူးနေသည့် သံဃာပဝါရဏာပွဲကြီးပြီးဆုံးခဲ့လေပြီး။ ရှင်မဟိန္ဒအဘို့ သည်ပဝါရဏပွဲကြီးသည် အမိမြေဝယ်နောက်ဆုံးဖြစ်ခဲ့သည်။ မထေရ်မြတ်သည် သံဃာတော်များကို ဆွမ်းလုပ်ကြွေးရန် မောင်မမိဿံတို့အား ညွန်းကြားနေသော မယ်တော်ကြီးအား တစ်ချက်လှည့်ကြည့်ကာ “ချစ်ခင်မြတ်နိုးတန်ဘိုးထားရသူများနှင့် ကွေ့ကွင်းရခြင်းသာ ဆင်းရဲဒုက္ခတစ်ခုဖြစ်သည်မဟုတ်၊ မချစ်မနှစ်သက်သူများနှင့် အတူနေရခြင်းသည်လည်း ဆင်းရဲလှပါတယ်၊ သို့သော်လည်း ချစ်ခင် ပေါင်းသင်း ဆက်ဆံခြင်းကား ကွေ့ကွင်းနောက်ဆုံးရှိတော့သည် မယ်တော်” ထိုစကားတို့ကို မထေရ်မြတ်သည် မယ်တော်ကြီးအား ပြောမထွက်ခဲ့ပေ။
-
ဒေဝီမိဘုရားမှ သားတော် မဟိန္ဒမထေရ်အား ကျောင်းဆောက်လှူဒါန်းသည့် သတင်းကို ကြားသိရသောအခါ၊ အသောက မင်းကြီးသည်လည်း၊ မြတ်စွာဘုရားရှင်၏ ဓါတ်တော်များ၊ ရှင်မဟာမောဂ္ဂလာန၊ ရှင်သာရိပုတြာ စသော အဂ္ဂသာဝက မထေရ်ကြီးများ ဓါတ်တော်များကို ဌာပနာပြုလျက်၊ သားတော် မဟိန္ဒမထေရ် သီတင်းသုံးရာ (သန္တိမဟာဝိဟာရ) ကျောင်း၏ မနီးမဝေးအရပ်တွင် စေတီတည်ထား လှူဒါန်းခဲ့လေသည်
--
သုံးလောကထွဋ်ထားမြတ်စွာဘုရားနှင့် ရှင်သာရိပုတ္တရာ ရှင်မဟာမောဂ္ဂလာန်တို့ကဲ့သို့ အရိယာ သူတော်စင်များပင် သင်္ခါရနယ်ပယ်မှ မလွတ်နိုင်သေးရကား အနိစ္စလက်နက်ဖြင့် တချက်ခွင်းက ဆုံးပါးခြင်း ပရိနိဗ္ဗာန် စံဝင်ကြရကုန်သေး၏၊ ငါ့ကဲ့သို့သော အန္ဓပုထုဇဉ်သည်ကား အဘယ်ဆိုဘွယ်ရာ ရှိတော့အံ့နည်း၊ မုချ သေဆုံးရမည်တည်းဟု သတိသမ္ဗဇဉ်အမြဲယှဉ်ကား “ငါ” တည်းဟူသော မာန်မာနတို့ငြိမ်းပါစေ။ သျှန္တိ။
ချစ်ခင်ရသော သူတို့နှင့် ကွေ့ကွင်းရခြင်း၊ မချစ်မနှစ်သက်သော သူတို့နှင့် ယှဉ်တွဲနေရခြင်း ဒုက္ခများ ငြိမ်းပါစေ။ (သျန္တိ)
စစ်ဘေး စစ်ဒဏ် မင်းဆိုးမင်းညစ်တို့ နိပ်စက်သောဒဏ်စသည်တို့မှ ငြိမ်းပါစေ။ (သန္တိ)
ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့သည် ဘုရားရှင်၏ မဂ္ဂင်ရှစ်ပါး လမ်းစဉ်တရားကို ကျင့်သုံးလိုက်နာကြလျက် အိုခြင်း နားခြင်း သေခြင်း၊ တဖန် ပဋိသန္ဓေနေရခြင်း စသော ဒုက္ခမျိုးတို့မှ ငြိမ်းပါစေ။ (သန္တိ)
အစရှိသော ရည်ရွယ်ချက်တို့ဖြင့်၊ ငြိမ်းချမ်းရေစေတီ (သန္တိ၊ သျန္တိ၊ ဆန်ချီ) ဆန်ချီ ဆန်ချီ ဆန်ချီ ဟူသောအမည်သည် တာဝတိံသာနတ်ပြည်ကို ထိုးဖောက် အထက်ဘဝဂ်သို့ပင် ရောက်ခဲ့လေပြီတည်း။
- -
ကောင်းကင်ဝယ် ငှက်တို့သည် အတောင်သာလျှင် ဝန်ရှိကြပြီး သစ်ပင်တို့၌ မတွယ်မငြိ ပျံသွားကြလေသည်။ ရှင်မဟိန္ဒသည်လည်း မယ်တော်ကြီးနှင့် ရွှေကျောင်းတော်ကြီးကို ကျောခိုင်းလျှက် တူတော်မောင်ကိုရင်သုမနကို ပစ္ဆာသမဏပြုခါ သီဟိုရ်ပြည်ရှိရာသို့ ကြွမြန်းခဲ့လေသည်။ မယ်တော်ကြီးသည် သားတော် မြေးတော်များ တိုင်းတစ်ပါးသို့ ထွက်ခွါသွားသော်လည်း သမီးတော် သင်္ဃမိတ္တထေရီ ရှိသေးသည်ဟု အားတင်းလျှက် မျက်ရည် မကျအောင် ထိန်းနိုင်ခဲ့လေသည်။ နောင်တစ်ချိန် သမီးတော်သည်လည်း သီဟိုရ်သို့ ကြွသွားမည်ကို ကြိုတင်သိရှိခဲ့ပါမူ - - - - - သို့သော် သားတော်နှင့် မြေးတော်တို့၏ ပုံရိပ်တို့သည်ကား - - - - တစ်ဖြေးဖြေဖြင့် ဝေးရာသို့ ရွှေ့လျှားသွားလေပြီ။ ။
= - -= - - = - =
ဆရာသခင်ကျေးဇူးရှင်တို့၏ အနန္တဂုဏ်ကို အစဉ်သတိရ ဦးထိပ်ပန်ဆင်လျက်
ကိုရင်အာယု (ပူနေးတောရ) 
ပူနေး ဝိဒယ ဝိဟာရ်
မဟာရဋ္ဌ
၁၂.၁၂.၂၀၁၅
ရဟန်းသက် (၁၅) ဝါပြည့် အမှတ်တရ

Thursday, May 2, 2013

ဗုဒ္ဓဖြစ်စဉ် သာသနာဝင် အကျဉ်းချုပ်

ဘ၀တု သဗ္ဗမင်္ဂလံ- ယခုရှုရ ဖူးရမယ့်အစီအစဉ်ကတော့ မြတ်စွာဘုရားဖြစ်စဉ် ဗုဒ္ဓ၀င်နှင့် သာသနာ့ဖြစ်စဉ် သာသနာဝင်တို့ပဲ ဖြစ်ပါတယ်။ ဘုရားဖြစ်စဉ်ကို ဟိမ၀န္တာမှ စရမှဖြစ်ပါတယ်။ ဆီနှင်းတွေ တွဲခိုနေရာ ဟိမာလယလို့ဆိုတဲ့ ဟိမ၀န္တာတောင်တန်းကြီးရဲ့တောင်ခြေမှာ စိမ်းစိုညိုမှောင်နေတဲ့ ကျွန်းတောကြီးများ ရှေးတုန်းက ရှိခဲ့ဖူးပါတယ်။ အဲဒီ ကျွန်းတောကြီးထဲမှာ ကပ္ပိလဆိုတဲ့ ဘုရားအလောင်း ရှင်ရသေ့ဟာ တရားနှလုံး ကျင့်သုံးလို့ နေခဲ့ဖူးပါတယ်။
သက္ကနိုင်ငံတော် ကပ္ပိလ၀တ်မြို့တော်ရဲ့အနီး လုမ္ဗိနီဥယျာဉ်ဒေသမှာ မြန်မာတို့ တည်ထားကိုးကွယ်တဲ့ လောကမဏိစူဠာ စေတီတော်နဲ့ သိမ်, ကျောင်း, ဘုရား, တန်ဆောင်းများကို ကြည်နူးစွာ ယခုအတိုင်း ဖူးမြင်ရခြင်းဖြစ်ပါတယ်။ ဘုရားအလောင်း မင်းသိဒ္ဓတ်ကို သက္ကနိုင်ငံတော်ရဲ့မြို့တော် ကပိလ၀တ္ထုဆိုတဲ့ ရွှေမြို့တော်မှာ မယ်တော်မာယာဝမ်း ရွှေကြာတိုက်ခန်းမှာ ပဋိသန္ဓေယူခဲ့ပြီး ဤ လမ္ဗိနီဥယျာဉ်ဒေသမှာ မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော် မူခဲ့ပါတယ်။
သြက္ကာကမင်းကြီးရဲ့ သားတော်သမီးတော်များ မြို့သစ်တည် နန်းသစ်ဆောက်ဖို့ နေရာရှာကြတဲ့အခါမှာ ဘုရားအလောင်းတော် ကပ္ပိလရှင်ရသေ့က သူ့ကျောင်းနေရာကို ဖယ်ပေးပြီးတော့ မြေနေရာပေး ရွှေနန်းတော်ကြီးနဲ့ ရွှေမြို့တော်ကြီးကို တည်ဆောက်စေခဲ့ပါတယ်။ ကပ္ပိလရသေ့ပေးတဲ့ ကျောင်းနေရာမှာ တည်ဆောက်တဲ့ နေရာဖြစ်ခြင်းကြောင့် ‘ကပ္ပိလ၀တ္ထု’ လို့ခေါ်ပါတယ်။ ကပ္ပိလ၀တ္ထုလို့ခေါ်တဲ့ ရွှေမြို့တော်အနီး ပတ်ဝန်းကျင်မှာ ကျွန်းတောကြီးတွေ ၀ိုင်းဝိုင်းလည်နေခဲ့ပါတယ်။ ထိုကျွန်းတော်ကိုရှင်းလင်း တည်ထောင် ဖန်ဆင်းတဲ့ မင်းသား မင်းသမီးတွေရဲ့ ထိုနိုင်ငံတော်ကြီးဟာ ‘သက္ကနိုင်ငံတော်ဖြစ်ပါတယ်။ လူစွမ်းကောင်းတို့ နိုင်ငံလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်းတောထဲမှာ ရှင်းပြီးတော့ နေကြသည် ဖြစ်သောကြောင့် ထိုလူမျိုးတို့ကို သာကိယ လူမျိုးလို့ ခေါ်ခဲ့ပါတယ်။ ကပ္ပိလ၀တ္ထု၏ အရှေ့ဘက်မှာ ရာမမင်းဆက်နှင့် သာကိယမင်းဆက်တို့ ရေယှက်ရာမှ ဖြစ်ပွားလာတဲ့ လူမျိုးတစ်မျိုးဟာ ကောလိယလူမျိုးဖြစ်ပါတယ်။ ကလောပင်တောကြီးကို ရှင်းလင်း၍ မင်းသား မင်းသမီးများရေကစားရာ ရေကူးကန်ကြီး ၀ိုင်းကာ တည်ထောင်ဖန်ဆင်ခဲ့တဲ့အတွက် ကောလိယတို့၏ နယ်ခြားမျဉ်းစောင်းကတော့ ရောဟိနီမြစ်ပါပဲ။
သက္ကတိုင်း ကပ္ပိလ၀တ်မြို့သား သုဒ္ဓေါဒန မင်းတရားနှင့် ကောလိယတိုင်း၊ ဒေ၀ဒဟမြို့သူ မာယာဒေ၀ီတို့မှ ပေါက်ဖွားလာခဲ့တဲ့ ယောင်္ကျားမြတ်တစ်ဆူကတော့ သိဒ္ဓတ္ထမင်းသားပဲ ဖြစ်ပါတယ်။
ဒီကနေ့ လုမ္ဗိနီဒေသရဲ့ အနောက်မြောက်မိုင် (၃၀) ခန့် သွားရောက်လို့ ကြည့်မယ်ဆိုရင် ကပိလ၀တ် ရွှေမြို့တော် ဟောင်းနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ခမည်းတော်ကြီး အရဟတ္တဖိုလ်ပေါက် နိဗ္ဗန်ရောက် ရဟန္တာဖြစ်ပြီး ထီးဖြူးဆောင်းလျှက် မင်းမြှောက်တန်ဆာငါးပါး ၀တ်ဆင်ပြီး ပရိနိဗ္ဗာန်စံခဲ့တဲ့ အတွက်ကြောင့် ကြွင်းကျန်အရိုးဓာတ်များ ဌာပနာတဲ့ သုဒ္ဓေါဒနမင်းတရားရဲ့ စေတီဟောင်းကိုလည်း ဖူးမြင်ရမှာ ဖြစ်ပါတယ်။
သားတော် သိဒ္ဓတ္ထမင်းမြတ်ကို ဖွားမြင်ပြီး မာယာဒေ၀ီဟာ (၇) ရက်အကြာမှာ နတ်ရွာစံခဲ့တော့ မာယာဒေ၀ီရဲ့ ရုပ်ကလာပ်ကိုလည်း ကပ္ပိလ၀တ်မြို့ဟောင်းရဲ့ အရှေ့မြောက် ယွန်းယွန်းမှာ သုဒ္ဓေါဒနမင်းတရားရဲ့ အရိုးဓာတ်စေတီနဲ့ ယှဉ်တွဲပြီးတော့ ဌာပနာထားခဲ့တဲ့ စေတီဟောင်းနှစ်ဆူရဲ့ အုတ်ခံရာများကို ယှဉ်လျှက်ဖူးရတဲ့အခါမှာ တစ်မျိုးပင် လွမ်းစရာဖြစ်ရပါတယ်။ ကပ္ပိလ၀တ်ပျက်ပြီးတဲ့အခါမှာ ကပ္ပိလနဲ့ မနီးမဝေးတစ်နေရာ အိန္ဒိယနယ်စပ်နဲ့ခပ်လှမ်းလှမ်း တစ်နေရာမှာ မောရိယမြို့တော် မောရိယနိုင်ငံတော်တည်ဆောက်ခဲ့ပါသေးတယ်။ အဲဒီ မောရိယမြို့တော် မောရိယနိုင်ငံတော်ရဲ့ နေရာမှာ အသောကမင်းတရား စိုက်ထူထားတဲ့ ကျောက်တိုင်ကြီးဟာ မြေမှာတစ်ဝက်လဲလျှက် တစ်ဝက်နဲ့ ဒေါင်းရုပ်ကလေး အမှတ်အသားပါပြီးတော့ မောရိယမင်းဆိုတဲ့ အထိမ်းအမှတ်ကို ထိုကျောက်တိုင်ကြီးက ဖော်ပြနေတယ်လို့ ခန့်မှန်းရပါတယ်။
သကျလူမျိုးတို့နဲ့ ကောလိယလူမျိုးတို့ ဆွေမျိုးရင်းဖြစ်ကြပေမယ့် ဆွေမျိုးရင်းဖြစ်မှန်း ပြန်မသိနိုင်ကြတဲ့အတွက် နယ်ခြားဖြစ်လျှက် ရှိနေတဲ့ ရောဟိနီဆိုတဲ့ မြစ်ကလေးမှာ မိုးဦးကျအခါကာလ လယ်သမားတွေ ရေလုတဲ့ စစ်ပွဲကြီး ဖြစ်ခဲ့ဖူးတာဟာလည်းပဲ သာသနာတော်ရဲ့ သမိုင်းမှာဖြင့် အထူးပင် မှတ်တမ်းတင်ထားတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
သက္ကတိုင်း ကပ္ပိလ၀တ္ထုမြို့တော်ရဲ့ အရှေ့ဘက်ကို လှမ်းမျှော်ကြည့်လိုက်မယ် ဆိုလို့ရှိရင် ကလောပင်တောကြီးဟာ အကြီးအကျယ် ရှိခဲ့ဖူးပါတယ်။ ထိုကလောတောထဲမှာ စတင်ဖြစ်လာတဲ့လူမျိုးဟာ ကောလိယလူမျိုး၊ မင်းသားတွေ၊ မင်းသမီးတွေ ရေကစားရာ ရေကန်ကြီးကို ၀ိုင်းပြီးတော့ မြို့ကြီးတည်ဆောက်ကြတဲံအခါမှ ထိုမြို့တော်ကို ဒေ၀ဒဟရွှေမြို့တော် မင်းသား၊မင်းသမီးတွေ ရေကစားတဲ့ ရွှေမြို့တော်လို့ ခေါ်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ရဲ့မယ်တော်ကြီး မာယာဒေ၀ီနဲ့ မိထွေးတော် မဟာပဇာပတိ ဂေါတမီတို့ဟာ ကောလိယတိုင်း၊ ဒေ၀ဒဟမြို့တော်သူများ ဖြစ်ကြပါတတယ်။ အခုမြင်ရတဲ့ ပုံတော်များကတော့ သားတော်သိဒ္ဓတ္ထဖွားပြီး (၇)ရက်အကြာ နတ်ရွာစံခဲ့တဲ့ မာယာဒေ၀ီရဲ့ ရုပ်ထုနဲ့ မာယာနတ်ကွန်းဖြစ်ပါတယ်။ ဒေ၀ဒဟမြို့သူတွေ ကောက်ရိတ်သိမ်းနေကြပါပြီ။ ဒီနေ့ မြင်ရတဲ့ ဒေ၀ဒဟမြို့တော်ဟောင်းရဲ့ မြင်ကွင်းပါပဲ။ ဒေ၀ဒဟဆိုတဲ့အတိုင်း မင်းသား၊မင်းသမီးများ ရေကစားရာ ရေကူးကန်မှာ အခုလည်း မင်းသားတွေလား မင်းသမီးတွေလား ရေကစားနေတဲ့ ရှုခင်းတစ်မျိုးဟာ အလွန်ကြည်နူးစရာ ကောင်းပါတယ်။ ရာမရွာမှာနေကြတဲ့ ကောလိယမင်းမျိုးတွေ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံပြီး ရရှိခဲ့တဲ့ ဓာတ်တော်ဝေစုတစ်စုကို ကောလိယမင်းမျိုးတို့ရဲ့အစ ရာမမင်းကြီးနေခဲ့တဲ့ ရာမရွာမှာ အခုမြင်ရတဲ့အတိုင်း ပြိုကျနေတဲ့ ကုန်းမို့မို့လေးဟာဖြင့် ဓာတ်တော်ဌာပနာရာ ဓာတုစေတီဟောင်းကြီးရဲ့ နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာတစ်ဝိုက်ကို (ရမ်ဂါမ်) ရာမရွာလို့ ခေါ်ပါတယ်။
ကောလိယတိုင်း၊ ဒေ၀ဒဟမြို့သူမြို့သားတွေ လယ်ယာများ ရိတ်သိမ်ပြီး ကျွဲ၊ နွားတွေကိုဆွဲပြီးတော့ အိမ်ပြန်ချိန် ညနေခင်း ဆည်းဆာရှုခင်းဟာဖြင့် ဟို ကောလိယမင်းမျိုးတို့ရဲ့အစ ရာမမင်းကြီးကိုပင် လှမ်းပြီးတော့ လွမ်းရမယ့် ရှုခင်းမျိုးဖြစ်ပါတယ်။ အရှေ့လောကဓာတ်က လပြည့်ဝန်ကြီး ၀င်းဝင်းလက်လက် ထွက်လာသလို အစုံစုံပွင့်ကြကုန်တဲ့ အင်ကြင်းပင်ပျိုတို့ရဲ့အကြားမှာ သိဒ္ဓတ္ထမင်းမြတ်ကို ဖွားမြင်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေရာဟာ သိဒ္ဓတ္ထမင်းမြတ် ဖွားရာမြေဟု မှတ်တမ်းတင်ခဲ့တဲ့ အသောကမင်းတရားရဲ့ ကျောက်တိုင်ကြီး မာယာဒေ၀ီ ရေကစားရာ၊ ရေသုံးသပ်ရာ ရေကူးကန် (၇)ရက်အကြာ နတ်ရွာစံခဲ့တဲ့ မာယာဒေ၀ီကို သကျနဲ့ ကောလိယတို့က နတ်ကွန်းဆောက်ပြီးတော့ တည်ထားခဲ့တဲ့ မာယာဒေ၀ီနတ်ကွန်း၊ ဤကျောက်တိုင်ကြီးမှာ အသောကမင်းတရားကြီးက ဘိသိက်သွန်းပြီးတော့ အနှစ်နှစ်ဆယ်ကြာတဲ့အခါမှာ သိဒ္ဓတ္ထ ဖွားရာမြေကို ငါရောက်ခဲ့တယ်။ သိဒ္ဓတ္ထမင်းမြတ်ကို ပူဇော်ခဲ့သည်ကို မှတ်တမ်းတင်ဖို့ရန်ကိုလည်းကောင်း ဤကျောက်စာကို ငါ စိုက်ထူခဲ့သည်ဟု ကျောက်စာများ ရေးထားခဲ့ပါတယ်။
ဤနေရာမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံမီနှင့် စံတော်မူပြီးတဲ့နောက် ခေတ်အဆက်ဆက် ကျောင်းတိုက်များ တည်ဆောက်ခဲ့သဖြင့် ကျောင်းနေရာဟောင်းများကိုလည်း ဖူးမြင်ရမှာ ဖြစ်ပါတယ်။ ဖွားလျှင်ဖွားချင်း မတ်တပ်ရပ်၊ မြောက်ဘက်ကို ခုနှစ်လှမ်းလှမ်း ကြွမြန်းတဲ့နေရာမှာ တည်ထားခဲ့တဲ့ ခြေဖ၀ါးအောက်က ကြာပွင့် ပေါက်တဲ့ နေရာမှာ တည်ထားခဲ့တဲ့ စေတီဟောင်းကလေးများ အထိမ်းအမှတ်ပါ။ ညာလက်ကိုမြှောက် မြောက်ဘက်ကို ခုနှစ်လှမ်းလှမ်းကြွမြန်းပြီးတဲ့ သိဒ္ဓတ္ထမင်းမြတ်သည် ‘အဂ္ဂေါဟသ္မိ လောကဿ’ ဒီကမ္ဘာမှာ ငါ အမြတ်ဆုံးလို့ ကြွေးကြော်ခဲ့ပါတယ်။ မတ်တပ်ရပ် အင်ကြင်းကိုင်းကိုကိုင်လျှက် သိဒ္ဓတ္ထမင်းမြတ်ကို ဖွားမြင်တော်မူခဲ့တဲ့ ပန်းချီကားချပ်ပါ။ နိဂြောဓာရာမ်-နိဂြောဓဥယျာဉ် နိဂြောဓမင်းသားကြီးရဲ့ ဥယျာဉ် မြတ်စွာဘုရားကိုယ်တော်မြတ် နေပြည်တော်ပြန်ရောက်တဲ့ (၁၀၄) ခုနှစ်ရဲ့ ကဆုန်လပြည့်နေ့တုန်းက ဗုဒ္ဓ၀င်ဒေသနာဟောကြား ပေါက္ခရ၀ဿမိုးကြီး ရွာသွန်းဖြိုးခဲ့တဲ့ ဤနေရာ ရာဟုလာသားတော် ရဟန်းဖြစ်ခဲ့တဲ့ ဤနေရာဟာဖြင့် နိဂြောဓရုံဥယျာဉ်နဲ့ ကျောင်းဟောင်း ဘုရားဟောင်းများပဲဖြစ်ပါတယ်။
‘ဧကံ သမယံ ဘဂ၀ါ သက္ကေတု ၀ိဟရတိ ကပ္ပိလ၀တ္ထုသ္မိံ နိဂြောဓာရာမေ’။ လို့ ပါဠိတော်များ ရွတ်ဖတ်လိုက်ရင် ဤနေရာဟောင်းကို ပြန်ပြောင်း၍ သတိတရ ရှိရပါတယ်။ အလောင်းတော် သိဒ္ဓတ္ထမင်းမြတ်ဟာ အသက် (၁၆) နှစ်အရွယ် ရောက်တဲ့အခါမှာ ယသော်ဓယာမင်းသမီးနဲ့ လက်ဆက်ထိမ်းမြားပြီး အသက် (၂၉) နှစ်အရွယ် ရောက်တဲ့အခါမှာ သားတော် ရာဟုလာဖွားမြင်တဲ့ ထိုညမှာပဲ သက္ကတိုင်း၊ ကပ္ပိလ၀တ်ရွှေမြို့တော် အရှေ့တံခါးက ထွက်ပြီးတော့ အနော်မာမြစ်ကို ကျော်ဖြတ်လျှက် အိန္ဒိယပြည် အရှေ့မြောက်ပိုင်း မဂဓတိုင်းနယ်မြေထဲမှာ တည်ရှိနေတဲ့ ဥတုဝေလခေါ်တဲ့ တောအုပ်ကြီးကို ၀င်ပြီးတော့ (၆) နှစ်တို့ကာလပတ်လုံး အိန္ဒိယရှေးဟောင်းယောဂီ ပုရပိုဇ်ရဟန်းတွေကျင့်ကြတဲ့ အလွန်ပင်ပန်း ဆင်းရဲတဲ့ ဒုက္ကရစရိယ အကျင့်မြတ်ကို (၆) နှစ်ကြာ ကာလပတ်လုံး ကျင့်သုံးခဲ့ပါတယ်။ ဒုက္ကရစရိယာအကျင့်မြတ်ကို (၆)နှစ်ကြာ ကျင့်တော်မူပြီး ဒုက္ကရစရိယာ အကျင့်သည် အတ္တကိလမထာနုယောဂအကျင့်၊ ခန္ဓာကိုယ်ကို ပင်ပန်းစေတဲ့ အကျင့်ဖြစ်ကြောင်း ဆင်းရဲရုံမျှသာဖြစ်ပြီး အရိယာသူတော်ကောင်းတွေ မကျင့်ကြကြောင်း မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားကို မဖြစ်စေနိုင်ကြောင်း ကောင်းစွာသိသဖြင့် ထိုဒုက္ကရစရိယာအကျင့်ကို စွန့်လွှတ်ပြီး မဂ္ဂင်ရှစ်ပါးတည်းဟူသော မဇ္ဈိမပဋိပဒါကို ပြောင်းလဲ၍ ကျင့်သုံးခဲ့ပါတယ်။
မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါးအကျင့်တရား ပြောင်းလွဲကျင့်သုံးတော်မူခဲ့တဲ့ သိဒ္ဓတ္ထမင်းမြတ်ဟာ မဟာသက္ကရာဇ် (၁၀၃) ခုနှစ်ရဲ့ ကဆုန်လပြည့်နေ့ လပြည့်ကျော်တစ်ရက်ထဲမ၀င်မီ ဤဗောဓိပင်ခြေ အပရာဇိတခေါ်တဲ့ ပလ္လင်ဗွေမှာ မာန်ငါးပါး အောင်မြင်တော်မူခဲသဖြင့် ဗုဒ္ဓစင်စစ်ဖြစ်တော်မူခဲ့ပါတယ်။ အပရာဇိတပလ္လင်တော်နဲ့ မဟာဗောဓိပင် သီရိဓမ္မာသောကမင်းတရား စိုက်ထူထားခဲ့တဲ့ အသောကမင်းတရားကြီးရဲ့ ကောင်းမှုတစ်ဆူဖြစ်တဲ့ မဟာဗောဓိ စေတီတော်ဘုရားဖြစ်ပြီးတဲ့နောက် (၇) ရက်တို့ ကာလပတ်လုံး အပရာဇိတ ပလ္လင်တော်ပေါ်မှာ တမ္ပလ္လင်ခွေမဖျက် (၇) ရက် စံနေတော်မူခဲ့ကြပါတယ်။ ထို့နောက် ဗောဓိပင်ရဲ့ အရှေ့မြောက် ကုန်းကလေးပေါ်တက်ပြီးတော့ ထိုကုန်းကလေးပေါ်ကနေ ဗောဓိပင်ကို မမှိတ်သော မျက်စိဖြင့် ကြည့်နေခဲ့ပါတယ်။ ထိုနေရာမှာတည်ထားခဲ့တဲ့ စေတီကို ‘အနိမိသစေတီ’ လို့ပါတယ်။ အနိမိသကုန်းတော်နေရာမှ ဆင်းသက်ပြီးတော့ ဗောဓိပင်မြောက်နား စင်္ကြံလျှောက်လျှက် (၇) ရက် သီတင်းသုံးတော်မူနေခဲ့ပါတယ်။ ဒီနေရာကိုတော့ ရတနစင်္ကမသတ္တာဟ- ရတနာစင်္ကြံတော်လို့ ခေါ်ရပါတယ်။ ရတနာစင်္ကမကနေ ရတနာဃရသို့ ပြောင်းရွေ့၍ (၇) ရက်မျှ စံနေတော်မူပြီး အဘိဓမ္မာ (၇) ကျမ်း စီးဖြန်းဆင်ခြင်တော် မူခဲ့ပါတယ်။
အဘိဓမ္မာ (၇) ကျမ်း စီးဖြန်းဆင်ခြင်တော်မူရာ ရတနာဃရမှာ (၇) ရက် နေပြီးတဲ့နောက် ဆိတ်ကျောင်းညောင်ပင်အောက်သို့ ပြောင်းရွေ့၍ (၇) ရက် နေတော်မူခဲ့ပါတယ်။ ဆိတ်ကျောင်းညောင်ပင်အောက်ကနေ မုဉ္စလိန္ဒာအိုင်သို့ ပြောင်းရွေ့၍ (၇) ရက် သီတင်းသုံးတော်မူခဲ့ပါတယ်။ မုဉ္စလိန္ဒာသတ္တာဟကို ကျော်လွန်ပြီးတဲ့အခါ ဗောဓိပင်နား ပြန်လည်ချဉ်းကပ် လင်းလွန်းပင်အောက်မှာ သီတင်းသုံးတော်မူခဲ့ပြန်ပါတယ်။ အဲဒီ သတ္တာဟကိုတော့ ရာဇာရတနသတ္တာဟလို့ ခေါ်ပါတယ်။ ရာဇာရတနသတ္တာဟ လင်းလွန်းပင်မှာ သီတင်းသုံးလို့နေတော်မူတဲ့ (၇) ရက်ပြည့်မြောက်တဲ့အခါမှာ ဘုရားရှင် (၇) ရက်၊ (၇) နေရာ၊ (၇) ရက်၊ (၇) လီ လေးဆယ်ကိုးရက် စေ့တော်မူပြည့်တော်မူသောကြာင့် သိကြားပေးတဲ့ဆေးကို ဘုဉ်းပေးပြီးတော့ ခန္ဓာကိုယ်ကို သန့်ရှင်းစေလျှက် နေရဉ္စာမြစ်မှာရေချိုး တဖုဿ ဘလ္လိက ညီနောင်တို့ လှူဒါန်းတဲ့ ဆွမ်းကို ဘုဉ်းပေးတော်မူခဲ့ပါတယ်။
ထိုနောင် ဆိတ်ကျောင်းညောင်ပင်မှာ (၇) ရက်နေတော်မူလျှက် ဗာရာဏသီဘက်ကို ကြွပြီး ဥရုဝေလာမှာ တရားအတူကျင့်ခဲ့တဲ့ တပည့်ဟောင်းငါးယောက် ပဉ္စ၀ဂ္ဂီတို့အား ၀ါဆိုလပြည့် စနေနေ့မှာ ‘ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇ္ဇိတေန’ စသည်ဖြင့် ဓမ္မစကြာဒေသနာ ဟောတော်မူခဲ့ပါတယ်။ အခု မြင်ရတဲ့ မြင်ကွင်းကတော့ ဂင်္ဂါနဲ့ ဗာရာဏသီ၊ ဗာရာဏသီမြို့လည်ခေါင်ရဲ့ ရှုခင်းတစ်မျိုးဖြစ်ပါတယ်။ အရှေ့လောကဓါတ် နေ၀န်းကြီးထွက်ပြူစ၊ အနောက်လောကဓါတ် နေမင်းကြီးဝင်ခါစ နေနဲ့လ နှစ်ပါးပြိုင်နေတဲ့ ယခုလို အချိန်မျိုးမှာ ‘ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ’ စသည်ဖြင့် သမင်ပေါတဲ့ ဤမိဂဒါဝုန်တောမှာ ဤဓမ္မစကြာ ဒေသနာတော်ကို ၀ါဆိုလပြည့်နေ့မှ စပြီးတော့ လပြည့်ကျော် (၄) ရက်တိုင်အောင် (၅) ရက်တို့ ကာလပတ်လုံး တပည့်ဟောင်း (၅) ယောက်တို့အား ဟောကြားတော်မူပြီး တစ်ရက်လျှက် တစ်ပါးစီ သောတာပန်တည် (၅) ရက်ပြည့်တဲ့အခါမှာ အနတ္တဒေသနာ ဟောကြားတော်မူသဖြင့် ငါးပါးစလုံး ရဟန္တာဖြစ်တော်မူကြပါတယ်။
အခုမြင်နေရတဲ့ မြင်ကွင်းကတော့ နန္ဒိယကျောင်းတော်ဟောင်းများ ဓမ္မစကြာ ဒေသနာဟောကြားတော်မူခဲ့တဲ့နေရာမှာ တည်ထားတဲ့ စေတီတော်ကြီး ပြိုကျပျက်စီးသွားတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ စေတီတော်ဟောင်းကြီးရဲ့အရာ စက်ဝိုင်းသသဏ္ဌာန် အနတ္တသုတ္တန်ဟောတော်မူခဲ့တဲ့ ဓမ္မေခစေတီတော် (သို့) အနတ္တစေတီတော်၊ ရာဇဂြိုဟ်မြို့က နန္ဒိယသူဌေး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ နန္ဒိယကျောင်းတော်ဟောင်းများကို ခေတ်အဆက်ဆက် ကျောင်းတကာ အဆက်ဆက်တို့က ထပ်မံ ထိမ်းသိမ်း ပြုပြင်ပြီးတော့ ကျောင်းတော်များ တည်ဆောက်လာခဲ့ကြပေမယ့် ထိုကျောင်းတော်ကြီးတွေဟာ သာသနာနှစ် (၁၈၀၀) တစ်ထောင်ရှစ်ရာ ကြာတဲ့အခါမှာ လုံးဝ ပျက်စီးပျောက်ကွယ်ပြီးတော့ ယခုမြင်တွေ့ရတဲ့ အုတ်ခုံ၊ အုတ်ပန္နက်များသာ ကျန်ခဲ့တဲ့ အနေအထားရှိပါတယ်။
ဗာရာဏသီမှာ ပဉ္စ၀ဂ္ဂီငါးပါးက ရဟန္တာဖြစ်လာခဲ့ကြတဲ့ ရဟန်းတော် (၅) ပါး၊ ယသသူဌေးသားနဲ့တကွ ငါးဆယ့် ငါးယောက်သော သူငယ်ချင်းတွေက ဖြစ်လာခဲ့ကြတဲ့ ရဟန်း (၅၅) ပါးတို့နှင့် တစ်ဝါတွင်းမျှ သီတင်းသုံးပြီးတော့ မြတ်စွာဘုရားကိုယ်တော်မြတ် သီတင်းကျွတ်ချိန်မှစ၍ တရွေ့ရွေ့ခရီးကြွမြန်းတော်မူခဲ့ကာ ယခု မြင်နေရတဲ့ တောင်ငါးလုံးကာခို မြို့တော်ရာဇဂြိုဟ်ုသို့ ပြာသိုလပြည့်နေ့မှာ ရောက်ပါတယ်။ ယခု တွေ့ရတဲ့အတိုင်း ထိုလှည်းသားငါးရာတို့ရဲ့ လှည်းတွေ မောင်းလွန်းအားကြီးတဲ့အတွက်ကြောင့် ကျောက်သားတွေအပေါ်မှာ ထင်နေခဲ့တဲ့ (ဗြဟ္မီ) အက္ခရာနဲ့ ရှေးဟောင်းကျောက်စာများဟာဖြင့် လူသမိုင်း ဘာသာရေးသမိုင်းရဲ့ အံ့သြစရာ သက်သေအထောက်အထားတွေ ဖြစ်ပါတယ်။ ရာဇဂြိုဟ်တောင်တန်းကြီး (၅) လုံးထဲက (ဂိဇ္ဈကုတ်တောင်ဟာဖြင့်) မြတ်စွာဘုရား နေသန့်စင်တဲ့ သီတင်းသုံးတဲ့နေရာ တစ်ခုပါပဲ။ ဝေပုလ္လတောင်ထိပ်ပေါ်မှာတော့ ဂျပန်ပြည်က သျှန္တီခေါ်တဲ့ စေတီတစ်ဆူကို တည်ထားခဲ့ပါတယ်။ ဝေပုလ္လတောင်၊ ဝေဘာရတောင်၊ ပဏ္ဍ၀တောင်၊ ဣသိဂိလိတောင်၊ ဂိဇ္ဈကုတ်တောင်ရယ်လို့ တောင်ငါးလုံးကာခိုတဲ့ ရာဇဂြိုဟ်ခရီးပါပဲ။ ရာဇဂြိုဟ်ပြည်မှာ ဆရာကြီးဒေါက်တာဇီဝက ဆောက်လုပ်လှူဒါန်းခဲ့တဲ့ အမ္ဗ၀နကျောင်းတိုက်လို့ခေါ်တဲ့ သရက်တောကျောင်းတိုက်၊ ဗိမ္ဗိသာရဘုရင်မင်းတရား ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ၀ါးတောကျောင်းတိုက်၊ ဗိမ္ဗိသာရဘုရင်မင်းတရားကြီးရဲ့ ရွှေဘဏ္ဍာများတည်ထားရာ ဆွန် ဘဏ္ဍာလို့ခေါ်တဲ့ ဘဏ္ဍာတိုက်၊ ဘဏ္ဍာတိုက်အတွင်းနံရံမှာ ရေးထိုးထားကြတဲ့ ရုပ်ပွားများ၊ ဆင်းတုများဖြစ်ပါတယ်။
အခုမြင်ရတဲ့ မြင်ကွင်းကတော့ အဇာတသတ်မင်းတရား မြတ်စွာဘုရားရဲ့ ဓါတ်တော်ဝေစုတစ်စုကို ဌာပနာခဲ့တဲ့ စေတီဟောင်းနေရာ၊ အခုမြင်ရတဲ့ မြင်ကွင်းကတော့ ဗိမ္ဗိသာရမင်းတရားကို အဇာတသတ်က အကျဉ်းချခဲ့တဲ့နေရာ၊ ဒါ အကျဉ်းထောင်ဟောင်းရဲ့နေရာပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံပြီးတဲ့နောက် သုံးလအကြာမှာ ရှင်မဟာကဿပ ခေါင်းဆောင်ပြီးတော့ သင်္ဂါယနာတင်ခဲ့တဲ့ ဝေဘာရတောင်နံရံ၊ ထိုဝေဘာရတောင်နံရံမှာပဲ အရှင်မဟာကဿပမထေရ်ကြီး အမြဲသီတင်းသုံးတော်မူတဲ့ ပိပ္ပလိလိုဏ်ဂူတော် ရှဥ့်နက်တို့ကို အစာပေး၊ ဘေးမဲ့ပေးပြီးတော့ မွေးမြူထားတဲ့ ဝေဠုဝန်ကျောင်းတော်။
အဂ္ဂသာဝကကြီးများဖြစ်ကြတဲ့ သာရိပုတ္တရာ မောဂ္ဂလာန်တို့ မြတ်စွာဘုရားနှင့် စတင်ဆုံတွေ့ကြရာ ရဟန္တာဖြစ်ကြရာ မြို့တော်ရာဇဂြိုဟ် ရဟန္တာကြီး (၁၂၅၀) တို့နှင့် မြတ်ဗုဒ္ဓ ပထမ သံဃသန္နိပါတ အစည်းအဝေးကြီးကျင်းပရာ မြို့တော်ရာဇဂြိုဟ် သာရိပုတ္တရာနှင့် မောဂ္ဂလာန်တို့ကို ပထမနှင့် ဒုတိယ အဂ္ဂသာဝကရာထူးကြီးများ အပ်နှင်းရာ မြို့တော်ရာဇဂြိုဟ် မြတ်ဗုဒ္ဓလွန်ပြီးနောက် သာသနာတစ်ရပ်လုံးကို ဦးဆောင်အုပ်ချုပ် ကွပ်ကဲတော်မူသော ရှင်မဟာကဿပ ရဟန်းပြုရာမြို့တော် ရာဇဂြိုဟ်သားဖြစ်သူ အဇာတသတ်က ဖခင်ကိုသတ်၊ သွေးသားလဲတော်စပ်၊ ရဟန်းလဲဖြစ်၊ ယောက်ဖလည်း တော်စပ်တဲ့ ဒေ၀ဒတ်က ဘုရားရှင်ကိုယ်တော်မြတ်ကို သတ်မလို့ကြံ၊ ဗိမ္ဗိသာရ မင်းတရားကြီးရဲ့ မိဖုရားကြီးဝေဒေဟီကလည်းပဲ အဖသတ်မယ့် သားဆိုပြီးတော့ သားအဇာတသတ်ကိုယ်ဝန်ရှိစဉ် ကိုယ်ဝန်ကို ဖျက်ဆီးမလို့ကြံ ဖြစ်ရပ်တွေ အလွန်စုံတဲ့ တောင်ငါးလုံး ကာခိုတဲ့ ရာဇဂြိုဟ်ပါ။
ရာဇဂြိုဟ်အနောက်မြောက် ယွန်းယွန်းကို မိုင် (၃၀) လောက်သွားလိုက်မယ်ဆိုလို့ရှိရင် သာရိပုတ္တရာ၊ မောဂ္ဂလန်တို့ဖွားရာ နာလန္ဒမြို့တော် နာလန္ဒမြို့တော်မှ ပညာကျော် သာရိပုတ္တမထေရ်ကို ဂုဏ်ပြုသောအားဖြင့် တည်ထားခဲ့ဖူးတဲ့ နာလန္ဒတက္ကသိုလ်ဟောင်း ကျောင်းတော်ဟောင်းကြီးကိုလည်း ဖူးရမှာဖြစ်ပါတယ်။ အခုမြင်ရတဲ့ ရှုခင်းကတော့ သက္ကာဒိစ္စမင်းတရားနဲ့ နာဂဇုနအရှင်တို့ တည်ထောင်ခဲ့တဲ့ နာလန္ဒတက္ကသိုလ် ကျောင်းတော်ဟောင်းကြီးပဲဖြစ်ပါတယ်။ နာဂဇုနဆိုတာ မဟာယာနဂိုဏ်းမှာ အဘိဓမ္မကျမ်းတွေကို အလွန်ကျွမ်းကျင်တတ်မြောက်ပြီးတော့ အဘိဓမ္မာအတွေးအခေါ် အလွန်ကောင်းတဲ့ ဆရာတော်ကြီးတစ်ပါးပါပဲ။ သာရိပုတ္တရာမထေရ် ပရိနိဗ္ဗာန်စံတော်မူရာလို့ အားလုံးလက်ခံယုံကြည်ထားကြတဲ့ ဤနေရာမှာ သာရိပုတ္တရာရဲ့ လွမ်းစေတီကိုလည်း တည်ထားခဲ့ပါတယ်။
အဲဒီ အခန်းကလေးတွေ အကွက်ကလေးတွေကတော့ သံဃာတော်တစ်ပါးတစ်ပါး သီတင်းသုံးခဲ့တဲ့ ကျောင်းခန်းငယ်ကလေးများဖြစ်ပါတယ်။ နာလန္ဒတက္ကသိုလ်အတွင်းက ရှေးဟောင်းမြတ်ဗုဒ္ဓရဲ့ ရငပ်ပွားဆင်းတုတော်များဟာ အလွန်လက်ရာကောင်းပါတယ်။ နာလန္ဒတက္ကသိုလ်ရဲ့အနီးမှာ တည်ထားတဲ့ ရှေးဟောင်းပြတိုက်ထဲက ဘုရားဆင်းတုတော်များနဲ့ အခြားရုပ်ပွားများဖြစ်ပါတယ်။ နာလန္ဒတက္ကသိုလ်ဟောင်းကြီး ပျက်စီးသွားတဲ့အခါ ယခုဖူးတွေ့ရတဲ့ အိန္ဒိယသားဆရာတော်ကြီး ဘိက္ခုကဿပက နာလန္ဒတက္ကသိုလ်အသစ်ကို ယခုမြင်ရတဲ့အတိုင်း တည်ဆောက်ခဲ့ပြီးတော့ သံဃာတော်များကို ဆက်လက် ပညာသင်ကြားပေးခဲ့ပါတယ်။ ဤနာလန္ဒတက္ကသိုလ်အသစ်မှာ မြန်မာနိုင်ငံမှ သံဃာတော်များ ပညာသင်ကြားလျှက် ရှိပါတယ်။
ဂင်္ဂါမြစ်ကို ဖြတ်သန်းပြီးတော့ ရှေးတုန်းက ရှိဖူးတဲ့ ပါတလိဆိုတဲ့ ရွာလေးမှာ အဇာတသတ်မင်းတရားကြီး တည်ဆောက်ခဲ့တဲ့ ပါတလိပုတ်ရွှေမြို့တော် နောင်သောအခါ သီရိဓမ္မာသောက မင်းတရားက ပါတလိပုတ်ရွှေမြို့တော်မှာ ထီးနန်းစိုက်ပြီးတော့ ကိုးဌာနမှာ သာသနာဖြန့်ချိတဲ့ ဓမ္မဒူတအဖွဲ့များ သာသနာပြုပုဂ္ဂိုလ်များ Buddhist Missionary ဆိုတဲ့ လုပ်ငန်းများကို လုပ်ဆောင်ခဲ့တဲ့ နေရာပါ။
ဒါ အသောကမင်းကြီးရဲ့ ကျောင်းတိုက်ဟောင်းကြီးပါ၊ အရောဂ၀ိဟာရဆိုတာ ဆေးရုံကိုခေါ်ပါတယ်။ အသောက မင်းတရားကြီးလက်ထက်ကျောင်းတိုက်ကြီး တည်ပြီးတော့ ကျောင်းတိုက်ထဲမှာ သံဃာ့ဆေးရုံကြီးတည်ဆောက်ခဲ့ကြောင်း ထင်ရှားတဲ့ သက်သေတစ်ခုပါပဲ။
ငါတလိပုတ်ကနေပြီးတော့ ဂင်္ဂါမြစ်ကို ဖြတ်သန်းပြီးတော့ မိုင်(၁၅၀) လောက် သွားလိုက်မယ်ဆိုရင် လိစ္ဆ၀ီမင်းတို့ပျော်စံရာ ဝေသာလီမြို့ဟောင်းကို ရောက်ပါတယ်။ လိစ္ဆ၀ီမင်းတို့ ခေါင်းဆေးမင်္ဂလာပြုတဲ့ ရေကန်တော်ဖြစ်ပါတယ်။ မြတ်စွာဘုရားအာယုသင်္ခါရ လွှတ်တော်မူတဲ့ စာပါလစေတီတော်ရဲ့ နေရာမှာ ဂျပန်တို့ တည်ထားတဲ့ စေတီတော်ကြီးတစ်ခုပါပဲ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဓါတ်တော်ဝေစုတစ်တစ်ပုံကို လိစ္ဆ၀ီမင်းတို့ရရှိတဲ့အခါ ယခုမြင်နေရတဲ့ နေရာမှာ လိစ္ဆ၀ီမင်းတို့က ဓါတုစေတီတော်ကြီးတစ်ဆူကို တည်ထားခဲ့ဖူးပါတယ်။ စေတီတော်ကြီး ပြိုပျက်သွားပြီးတဲ့အခါမှာ စေတီတော်ကြီးရဲ့ အောက်ခြေ အုတ်မြစ်များကို ယခုလို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ အမိုးများတောင် မိုးထားလိုက်ပါတယ်။
ဝေသာလီမြို့ဟောင်းက လိစ္ဆ၀ီမင်းတို့ရဲ့ ရှေးဟောင်းပစ္စည်းများကို ပြသထားတဲ့ ပြတိုက်ဖြစ်ပါတယ်။ ပြတိုက်အတွင်းက အလွန်အံ့သြဖွယ်ရာကောင်းတဲ့ ရပ်တုဆင်းတုတော်များပါ။ ဝေသာလီမြို့ဟောင်းကို အိန္ဒိယပြည် ရှေးဟောင်းဌာနက တူးဖော်တဲ့အခါမှာ မြေအောက် (၈) ပေကနေ (၁၀) ပေအထိ တူးရတယ်လို ဆိုပါတယ်။ (၈.၉.၁၀) ခန့် တူးလိုက်တဲ့အခါမှာ ယခုမြင်ရတဲ့အတိုင်း ရေကန်ဟောင်းများ၊ စေတီဟောင်းများနှင့် အုတ်ခုံအုတ်ပန္နက်များဟာ ပြန်လည်ပြီးတော့ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒုတိယသင်္ဂါယနာတင်ရာ ၀ါလိကာရာမကျောင်းတိုက်နေရာမှာ စိုက်ထူထားတဲ့ အသောကကျောက်တိုင်ထိပ်မှာ ခြင်္သေ့တစ်စီးထဲ ရှိပါတယ်။
အမ္ဗပါလီ သရက်ဥယျာဉ် သရက်ပင်မှာ သံသေဒဇ ပဋိသန္ဓေနေခဲ့တဲ့ အမျိုးသမီးဟာ အမ္ဗပါလီလို့ ခေါ်ပါတယ်။ အမ္ဗပါလီရဲ့ သရက်ဥယျာဉ်ကိုလည်း မြင်ရမှာပါ။ ဝေသာလီမြို့ကနေပြီးတော့ အနောက်မြောက် ယွန်းယွန်းကို ကီလိုမီတာ (၃၀၀) ခန့် ခရီးဆက်လိုက်ရင် ကောသလမင်းကြီး စံပျော်ရာ ကောသလတိုင်း သာဝတ္ထိမြို့ကို ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ အခုမြင်နေရတဲ့ အဆောက်အဦးအဟောင်းတွေဟာ ကောသလမင်းကြီးရဲ့ နန်းတော်ဟောင်းလို့ အဆိုရှိပါတယ်။ နန်းတော်ဟောင်းကြီးရဲ့ မြင်ကွင်းကတော့ အုတ်ခုံ၊ အုတ်ပန္နက်၊ အုတ်ကျိုး အုတ်ပဲ့များနှင့် သစ်တော ဆူးပင် ခြုံပုတ်များပဲ ဖြစ်ပါတယ်။ သာဝတ္ထိမြို့က အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းတဲ့ ဇေတ၀န်ကျောင်းတော်ဟောင်းရဲ့နေရာပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ၀ါတော် (၂၁) ၀ါ စပြီးတော့ နောက်ဆုံး ၀ါနားအထိ (၂၄) ၀ါ တို့ တိုင်တိုင်က တဆက်တည်း သီတင်းသုံးခဲ့တဲ့ ဇေတ၀န်ကျောင်းတိုက်ကြီးပါ။
ဒါကြောင့် ဇေတ၀န်မှာ ဘုရားရှင် အနေများတဲ့အတွက်ကြောင့် သုတ္တန်ပေါင်း ခပ်များများရဲ့ နိဒါန်းတွေဟာ-
‘ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ
ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ’
ဤကဲ့သို့ချည်း စတင်ခဲ့တာ ဖြစ်ပါတယ်။ အနာထပိဏ်သူဌေးက နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ စန္ဒကူး သစ်မွှေးတွေနဲ့ ဆောက်လုပ်ခဲ့တဲ့အတွက် အစဉ်သဖြင့် သစ်သားတွေရဲ့ ရနံ့ကြောင့်လည်းမွှေး၊ ဘုရားရှင်ရဲ့ သီလ၊ သမာဓိ၊ ပညာရနံ့ကြောင့်လည်း မွှေးကြိုင်လို့နေတဲ့ ဂန္ဓကုဋိဆိုတဲ့ ကျောင်းတော်ဟောင်းပါပဲ။ (၂၅) ဧကခန့်ကျယ်ပြန့်တဲ့ ဇေတ၀န်ကျောင်းတိုက်ကြီးတစ်ခုလုံးမှာ ကျောင်းတိုက်တွေ၊ ကျောင်းတိုက်တွေနဲ့ ပြည့်နက်လျှက်ရှိပါတယ်။မြတ်စွာဘုရား ခရီးထွက်ကြွသွားတော်မူတဲ့အခါမှာ ဘုရားကိုယ်တော်မြတ်ကိုဖူးခွင့် မရတော့တဲ့အတွက် ဘုရားကိုယ်တော်မြတ် ခရီးထွက်ကြွသောအခါ ဘုရားကိုယ်စား ဖူးဖို့လို့ဆိုပြီး ကောသလမင်းကြီးလျှောက်ထားတောင်းပန်သဖြင့် မူလဗောဓိပင်ကြီးက မျိုးစေ့ကို ယူပြီးတော့ ရှင်အာနန္ဒာမထေရ်စိုက်ပျိုးခဲ့တဲ့ အာနန္ဒာဗောဓိပင်ဖြစ်ပါတယ်။ ဇေတ၀န်ကျောင်းတော်ရဲ့ ဥယျာဉ်ကြီးရှိပါတယ်။ ထိုဥယျာဉ်ထဲမှာ သရက်ဖြူပင်ကြီးပေါက်တဲ့ ထိုနေရာမှာ မြတ်စွာဘုရား ကိုယ်တော်မြတ်က ရေမီးအစုံအစုံတန်ခိုးပြာဋိဟာ ပြပြီးတော့ တိတ္ထိတို့ကို နှိမ်နင်းတော်မူခဲ့တယ်။ တိတ္ထိတို့ကို နှိမ်နင်း တန်ခိုးပြဋိဟာပြပြီးတော့ ထို သရက်ဖြူပင်ကုန်းကနေ တာဝတိံသာကြွပြီးတော့ မယ်တော် သန္တုဿိတနတ်သားကြီးအား တရားဟောဖို့ တစ်ဝါဆိုခဲ့ပါတယ်။ ၀ါကျွတ်ချိန်မှာ တာဝတိံသာကနေ ပြန်ဆင်းပြီးတဲ့အခါမှာ သင်္ကဿရွှေမြို့တော်ကို ဘုရားရှင်ပြန်လည် ဆင်းသက်ခဲ့ပါတယ်။
ယခုမြင်နေရတဲ့ ကျောက်စာတိုင်တွေကတော့ သင်္ကဿမြို့တော်ဟောင်းက ကျောက်စာတိုင်တွေပါ။ မြတ်စွာဘုရား တာဝတိံသာဆင်းသက်ခဲ့တဲ့နေရာမှာ အသောကမင်းတရား စိုက်ထူထားခဲ့တဲ့ ကျောက်စာတိုင် ဆင်ရုပ်ပါတဲ့ ကျောက်စာတိုင်နဲ့ စေတီဟောင်းများ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် တာဝတိံသာကနေ ပြနလည်ဆင်းသက်လာတဲ့အခါ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြား စောင်းတန်း၊ စောင်းတန်းသုံးသွယ်တို့ဖြင့် ဆင်းသက်ခဲ့ရာ ရွှေစောင်းတန်းက ဗြဟ္မာ၊ ငွေစောင်းတန်းက နတ်ဒေ၀ါ၊ အလယ် ပတ္တမြားစောင်းတန်းက ငါတို့ရဲ့ ဘုရားဘဂ၀ါဆိုတဲ့အတိုင်း သိကြား၊ ဗြဟ္မာ၊ နတ်ဒေ၀ါတို့က ၀ဲယာမှာ ခြံရံ ထီးတွေမိုးလျှက် ဆင်းသက်လာတဲ့ ပုံတော်ပါပဲ။
ယခု မြင်နေရတဲ့ ရှုခင်းတွေကတော့ ဂင်္ဂါနဲ့ ယမုံနာဆုံတဲ့ မြစ်ဆုံပါပဲ။ ကောသမ္ဗီမြို့မှာ မွေးဖွားခဲ့တဲ့ သူဌေးသား တစ်ယောက်ဟာ ယမုံနာမှာ ရေချိုး ငါးကြီးမြိုသွားသဖြင့် ယမုံနာမြစ်ရိုးတစ်လျှောက် စုံဆင်းပြေးရာမှာ မြစ်ဆုံကနေ ဗာရာဏသီရောက်၊ ဗာရာဏသီ သူဌေးကတော်ကြီးတစ်ယောက်က ငါးကို ၀ယ်ပြီးတော့ ၀မ်းခွဲပြီးတော့ မွေးတယ်၊ ကိုယ်တိုင် လွယ်ပြီးတော့ မွေးမြူခဲ့ရတဲ့သူဌေး သူဌေးကတော် ထိုအမျိုးနှစ်မျိုးတို့က မွေးသဖြင့် ဒွေကုလ လို့ ဆိုရာကနေ ဗာကုလဖြစ်လာတဲ့ သတို့သားကို လှမ်းပြီးတော့ ဤမြစ်ဆုံကနေ သတိရစေပါတယ်။ ခုမြင်နေရတဲ့ ပုံတွေကတော့ ကောသမ္ဗီမြို့ဟောင်း ဥတေနမင်းရဲ့ နန်တော်ဟောင်းများ ဃောသကသူဌေး ဆောက်လုပ်လှူဒါန်းတဲ့ ဃောသိတာရုံကျောင်းတိုက်၊ ပါဝါရိကသူဌေး ဆောက်လုပ်လှူဒါန်းတဲ့ ပါဝါရိကာရုံကျောင်းတိုက်၊ ကုက္ကုဋသူဌေး ဆောက်လုပ်လှူဒါန်းတဲ့ ကုက္ကဋာရုံကျောင်းတိုက်များမှာ အသောကမင်းတရား မှတ်တိုင်ထူတဲ့ ကျောက်တိုင်ကြီးများပါပဲ။ ဂင်္ဂါနဲ့ ယမုံနာဆုံတဲ့ ဤနေရာမှာ အိန္ဒိယပြည်သူပြည်သားတွေက အညစ်အကြေးကင်းစေဖို့ ဆိုပြီးတော့ ရေချိုးခဲ့တဲ့ ရေဆိပ်ပါ။
အရပ်ရှစ်မျက်နှာကလာတဲ့ ရေချိုးတဲ့ ပုဂ္ဂိုလ်တို့ရဲ့ တဲကလေးများဖြစ်ပါတယ်။ သံသုမာဂီရိဆိုလိုက်လို့ရှိရင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်နှင့် အလွန့်အလွန် အကျွမ်းတ၀င် ချစ်ခင်ရင်းနှီး ပွင့်ပွင့်လင်းလင်းစကားဆိုကြတဲ့ ဗုဒ္ဓ၀လ္လဘဧတဒဂ်ဘုရားနှင့် အကျွမ်းတ၀င် ချစ်ခင်ရင်းနှီးတဲ့ ဧတဒဂ်ဘွဲ့ထူးရကြတဲ့ နကုလပိတာ-နကုလမာတာ တို့ရဲ့ဖွားမြင်ရာမြို့တော်၊ မြို့တည်တုန်းက မိကျောင်း အော်လဲသံကြား မိကျောင်း ကျောကုန်နှင့်လည်းတူတဲ့တောင်ထိပ်၊ ဤတောင်ထိပ်မှာ တည်ခဲ့တဲ့ မြို့တော်ကို သံသုမာဂီရိလို့ခေါ်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ပါဝါရွှေမြို့တော်ကနေပြီးတော့ ကုဿိနာရုံကိုအသွား ရေသုံးသပ်တော်မူတဲ့ ကတုတမြစ် မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ကဆုန်လပြည့်နေ့မှာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကုဿိန္နာရုံ အင်းကြင်းရဂုံမှာ ပရိနိဗ္ဗာန်စံတော်မူခဲ့ပါတယ်။
ပရိနိဗ္ဗာန်မစံမီ ပါဝါကနေ ကုဿိန္နာရုံကြွတော့ လမ်းခရီးမှာ (၂၅) ကြိမ်နားပြီး ကတုတမြစ်မှာ ရေချိုးလျှက် ညနေခင်း ကုဿိန္နာရုံ အင်းကြင်းရဂုံကိုရောက်ပါတယ်။ ညဦးယာမ်အရပ်ရှစ်မျက်နှာ ပရိသတ်အား တရားဟော၊ ညဦးယာမ်လွန်တော့ သံဃာတော်တို့ တရားဟော၊ သန်းခေါင်ယာမ် နတ်ဗြဟ္မာတို့ တရားဟော၊ မိုးသောက်ယာမ်ကာလမှာ ဘုရားရှင်ကိုယ်တော်မြတ် ခန္ဓာငါးပါးအကြွင်းမဲ့ချုပ်ငြိမ်း ဘ၀ဇာတ်ရုပ်သိမ်းတော်မူတဲ့ ပရိနိဗ္ဗာန်စံတော်မူရာ အင်းကြင်းရဂုံပါပဲ။ ပရိနိဗ္ဗာန်စံခါနီးမှာ-
‘ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ’
ရဟန်းတို့၊ ယခုအခါ ငါဘုရား နောက်ဆုံးစကား မှာထားခဲ့မယ်။ သင်္ခါရတရားမှန်သမျှ ပျက်စီးခြင်း သဘောရှိတယ်။ ပျက်တတ်တဲ့ သင်္ခါရတရားတွေကို သတိနဲ့ စောင့်ကြည့်ကြလို့ မှာတော်မူခဲ့ပါတယ်။ ပရိနိဗ္ဗာန် စံတော်မူရာ ကုဿိန္နာရုံမြို့ရဲ့ အနောက်တောင်တောင့်က အင်းကြင်းရဂုံမှာ မလ္လာမင်းတို့က ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဓါတ်တော် ဝေစုတစ်ခုကို အရယူပြီးတော့ စေတီတော်ကြီးလည်းပဲ တည်ထားခဲ့ပါတယ်။ အစုံအစုံ အချိန်မဲ့ အခါမဲ့ ပွင့်ကြတဲ့ အင်ကြင်းရဂုံတို့ရဲ့အလယ်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတဲ့အခါ သဟမ္ပတိဗြဟ္မာက တစ်ဂါထာ၊ သိကြားမင်းက တစ်ဂါထာ၊ အရှင်အနုရုဒ္ဓါက နှစ်ဂါထာ၊ အရှင်အာနန္ဒာက တစ်ဂါထာ၊ ဂါထာပုဒ်တို့ဖြင့် ဘုရားကိုယ်တော်မြတ်ရဲ့ ရုပ်ကလာပ်တော်ကို အသီးအသီးပူဇော်ပြီးတော့ သံဝေဂယူခဲ့ကြပါတယ်။
ပရိနိဗ္ဗာန်စံပြီး ကြွင်းကျန်တဲ့ ရုပ်ကလာပ်ကို နံ့သာထင်းပုံမှာ တင်ပြီးတော့ မီးသဂြိုဟ်ခဲ့တဲ့ နေရာက စေတီကြီးဟာဖြင့်ရင် တောင်ကုန်းကြီးတမျှကြီးမားပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးတဲ့အခါ (၃) လအကြာမှာ ရာဇဂြိုဟ်ရွှေမြို့တော် ဝေဘာရတောင်နံရံမှာ အဇာတသတ်မင်းကြီးရဲ့ အထောက်အပံ့နှင့် အရှင်မဟာကဿပဦးစီး သံဃာတော်အပါး (၅၀၀) တို့ ပထမသင်္ဂါယနာတင်ပြီးတော့ မြတ်စွာဘုရား ကိုယ်တော်မြတ်ရဲ့ သာသနာ ဓမ္မ၀ိနယကို စောင့်ရှောက်တော်မူခဲ့ကြပါတယ်။ အဲဒါ ဝေဘာရတောင်ခြေ ပထမသင်္ဂါယနာတင်တဲ့ နေရာပါပဲ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် နှစ်ပေါင်း (၁၀၀) ကြာတဲ့အခါမှာ လိစ္ဆ၀ီမင်းတို့ ပျော်စံရာ ဝေသာလီမြို့တော်မှာ ထိုဝဇ္ဇီတိုင်းက ၀ဇ္ဇီရဟန်းတစ်ချို့က အဓမ္မ၀တ္ထု (၁၀) ပါးကို တင်သွင်းလာသဖြင့် ထို အဓမ္မ၀ါဒီတို့ သာသနာတော်ကို မနှောက်ယှက်နိုင်အောင် ဒုတိယသင်္ဂါယနာ တင်ခဲ့တဲ့နေရာမှာ ယခုလို ခြင်္သေ့တစ်ကောင်ထဲနဲ့ အသောကမင်းတရား စိုက်ထူခဲ့တဲ့ကျောက်တိုင်ဟာ မူရင်မပျက် ယနေ့တိုင် တွေ့မြင်နိုင်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက် သာသနာနှစ် (၂၃၆) ခုနှစ်သို့ ရောက်တဲ့အခါမှာ ယခုမြင်နေရတဲ့ အသောကကျောင်းတိုက်ကြီးရဲ့ နေရာမှာ ပါတလိပုတ်မှာ နန်းစိုက်တဲ့ သီရိဓမ္မာအသောကမင်းတရားက တိယသင်္ဂါယနာတင်ပြီးတော့ သာသနာတော်ကို ၀င်နှောင့်ယှက်တဲ့ ဗြားမဏ်းများနဲ့ ဂျိမ်းများကို သန့်ရှင်းခဲ့ပြီးတော့မှ (၉) ဌာန သာသနာပြုလွှတ်ခဲ့တဲ့နေရာဟာဖြင့်ရင် ဤအသောကာရုံကျောင်းတိုက်ကြီးပါပဲ။ ဤနေရာမှာ စိုက်ထူခဲ့တဲ့ ကျောက်တိုင်ကြီးက ယခုမြင်တွေ့ရတဲ့အတိုင်း လဲလျှက်ရှိပါပြီ။ အသောကမင်းတရား တတိယသင်္ဂါယနာတင်ပြီး ကိုးဌာန သာသနာပြု လွှတ်တော်မူခဲ့တဲ့အခါမှ သားတော် မဟိန္ဒမင်းသားနှင့် သမီးတော် သင်္ဃမိတ္တာမောင်နှမ နှစ်ယောက်တို့ကို ရဟန်းပြု တရားနှလုံးကျင့်သုံးစေ၊ ပိဋကတ်သုံးပုံကို သင်စေပြီးတော့မှ ရဟန္တာဖြစ်ပြီးတဲ့ မောင်နှမနှစ်ယောက်ကို သီဟိုဠ်ကျွန်း သီရိလင်္ကာသို့ သာသနာပြု လွှတ်လိုက်ရာမှာ ယခုမြင်နေရတဲ့ ဆန်ချီခေါ်တဲ့ စေတီတော်ကြီးရဲ့ နေရာမှာ တစ်ဝါဆိုသဖြင့် ရဟန္တာမောင်နှမ နှစ်ယောက်တို့ရဲ့ မယ်တော်ကြီး ၀ိဒိသာဆိုတဲ့ မိဖုရားကြီးက ကျောင်းများ တည်ဆောက်လို့ ခမည်းတော်အသောကမင်းတရားက စေတီများ တည်ဆောက်ခဲ့ရာ ယခု မြင်နေရတဲ့ စေတီတော်များနှင့် ကျောက်ထွင်းရုပ်တုများဟာဖြင့်ရင် သာသနာတော်ရဲ့ သမိုင်းတစ်လျှောက်မှာ အစောဆုံးနှင့် အံ့ချီးဖွယ်အကောင်းဆုံးစေတီများ ကျောက်ဆစ်လက်ရာများဖြစ်ပါတယ်။
သာသနာနှစ် (၄၅၀) ရောက်တဲ့အခါမှာ ဘုရားရှင်သာသနာတော်သည် အိန္ဒိယပြည်မှ သီဟိုဠ်နိုင်ငံသို့ ရွေ့သွားပါပြီ၊ သီဟိုဠ်ကျွန်းမြောက်ပိုင်း အနုရာဓမြို့တော်ရဲ့ အရှေ့ဘက်နားက ယခုမြင်နေရတဲ့ တောင်ကုန်လေးဟာ မဟိန္တလေ၊ မဟိန္တလေလို့ ထိုကုန်းတော်ပေါ်မှာ မဟိန္ဒမထေရ် သာသနာစတင်ပြုရာကို အထိမ်းအမှတ်ပြုသဖြင့် စေတီကြီးတည်ထားခဲ့ပြီး ရှင်မဟိန္ဒမထေရ်က ဒေ၀ါနံပိယတိဿမင်းကြီးကို တရားဒေသနာဟောကာ သာသနာစတင်ဖြန့်ချိခဲ့တဲ့ နေရာဟာဖြင့်ရင် ဤမဟိန္တလေပါပဲ။ နှမတော် သင်္ဃမိတ္တက မူလ မဟာဗောဓိပင်ကြီးကနေ ဗောဓိပင်ကို သယ်ဆောင်လာပြီးတော့ ဒေ၀ါနံပိယတိဿမင်းကြီးအား အပ်နှင်းတဲ့အခါမှာ ဒေ၀ါနံပိယတိဿမင်းကြီးက ထိုဒက္ခိဏသာခါ သင်္ဃမိတ္တာဗောဓိပင်ကို ယခု မြင်နေရတဲ့ နေရာမှာ စိုက်ပျိုးခဲ့သဖြင့် ဒက္ခိဏသာခါ ဗောဓိပင်တွေ ထိုသံဃမိတ္တာ ဗောဓိပင်က အစပြုပြီးတော့ သီဟိုဠ်ကျွန်း တကျွန်းလုံး ပြန့်နှံ့ခဲ့ပြီး ဖြစ်ပါတယ်။
သာသနာနှစ် (၄၅၀) သို့ ရောက်တဲ့အခါမှာ သီဟိုဠ်နိုင်ငံသားရဟန်းတော်များက ဓမ္မရက္ခိတမထေရ်ကြီး ခေါင်းဆောင်၍ သံဃာတော်အပါး (၅၀၀) တို့ ယခုမြင်ရတဲ့ အလောကဆိုတဲ့ လိုဏ်ဂူကြီးထဲမှာ စတုတ္ထသင်္ဂါယနာတင်ပြီးတော့ ဘုရားရှင်ရဲ့ ပိဋကတ်တော်များကို ပေပေါ်မှာ ရေးခဲ့ပါတယ်။ အလောကလိုဏ်ဂူအတွင်းနံရံ ဆေးရေးပန်းချီများက သင်္ဂါယနာသမိုင်းကို ဆေးရေးပန်းချီများနှင့်လည်းကောင်း၊ ရုပ်တု၊ ဆင်းတုများနှင့်လည်းကောင်း၊ ယခုလိုဖော်ပြထားပါတယ်။ မြတ်စွာဘုရားကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့အခါ စွယ်တော်လေးဆူတို့ မီးမလောင်ဘဲ တေဇောဓါတ် မလောင်ဘဲ ကျန်ရစ်ခဲ့ရာ စွယ်တော်တစ်ဆူသည် ကာလိင်္ဂတိုင်းသို့ကြွ၊ စွယ်တော်တစ်ဆူသည် ဂန္ဓာရတိုင်းသို့ကြွ၊ ဂန္ဓာရတိုင်းဆိုတာ ပါကစ္စတန်ပြည်မြောက်ပိုင်း၊ ကာလိင်္ဂတိုင်းဆိုတာ အိန္ဒိယပြည် အရှေ့ဘက်ကမ်းရိုးတန်း၊ စွယ်တော်တစ်ဆူသည် သိကြားပြည် တာဝတိံသာနတ်ပြည်သို့ ကြွပါတယ်။ သိကြားပင့်သွားပါတယ်။ စွယ်တော်တစ်ဆူကတော့ နဂါးပြည်သွားပြီးတော့ ရာမရွာပူဇော်ခဲ့ပါတယ်။ ယခု သီဟိုဠ်ကျွန်း ကန္ဒီမြို့မှာ ရှိနေတဲ့ စွယ်တော်ဟာ ကလိင်္ဂတိုင်းကနေပြီးတော့ ပြောင်းရွေ့ကြွသွားတဲ့ စွယ်တော်ဖြစ်ပါတယ်။
တတိယသင်္ဂယနာတင် သီရိဓမ္မာသောကမင်းတရားသာသနာနှစ် (၂၃၆)နှစ်မှာ(၉)ဌာန သာသနာပြုလွှတ်ခဲ့ရာတွင် အရှေ့ဘက်အာရှတစ်ခွင်လို့ဆိုတဲ့ သုဝဏ္ဏဘုမ္မိ The Gold Land ဆိုတဲ့ရွှေမြေသို့လည်းပဲ သာသနာပြုအဖွဲ့ တစ်ဖွဲ့လွှတ်ပါတယ်။ ရွှေမြေဆိုတဲ့ သုဝဏ္ဏဘုမ္မိသို့ကြွခဲ့တဲ့ သာသနာပြုအဖွဲ့ရဲ့ ဦးဆောင်ပုဂ္ဂိုလ်ဟာဖြင့် သောဏဥတ္တရမထေရ်နဲ့ သံဃာတော်များဖြစ်ခဲ့ပါတယ်။ ပထမဆုံးသောဏဥတ္တရမထေရ် သာသနာပြုစတင်ပြီးတော့ သင်္ဘောဆိုက်ရာဒေသဟာ မွန်ပြည်နယ် အနောက်ဘက် ကမ်းရိုးတန်း သထုံမြို့ကို စတင်ဝင်ရောက်ခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ သာသနာ အစ သထုံကလို့ ဆိုရမှာဖြစ်ပါတယ။်
သာသနာနှစ်(၂၃၆)မှာ သောဏဥတ္တရမထေရ်တို့ သထုံကိုကြွဝင်ပြီးတော့ ဗြဟ္မဇာလ သုတ္တန်တရားဒေသနာတော်ကို ဟောကြားခဲ့ပါတယ်။ သောဏဥတ္တရမထေရ်တို့သီတင်းသုံးရာနေရာမှာ သီဟရာဇာမင်းက စန္ဒကူး ကျောင်းတော်ကြီး ဆောက်လုပ်ပြီးတော့ လှူဒါန်းခဲ့တယ်လို့ သာသနာသမိုင်းမှာ မှတ်တမ်းထိုးပါတယ်။ ဗမာနိုင်ငံ သမိုင်းတချို့ကတော့ ဗမာနိုင်ငံသာသနာရောက်တာ သောဏဥတ္တရမထေရ်တို့ သယ်ဆောင်လာတဲ့နှစ်ထက် ပိုစောတယ် လို့တချို့ သမိုင်းများက ဆိုပါတယ်။
မဲထီးဆရာတော်ရေးတဲ့ သာသနာ့ဝံသဒီပနီကျမ်းမှာ ဂ၀မ္မတိမထေရ်စတင်ကြွသ ဖြင့် အသောကမင်းလက်ထက်ကတည်းကိုက သထုံကို သာသနာရောက်တယ်လို့ ဆိုပါတယ်။ အသောကမင်းဆိုသည်မှာ အန္ဒိယပြည်က အသောကမင်းကို ဆိုလို သည်မဟုတ်ပါဘူး။ သထုံမြို့မှာ ဓမ္မာသောကမင်းရယ်လို့ ရှိခဲ့ဖူး ပါတယ်။ အဲဒီ ဓမ္မာ သောကမင်းလက်ထက် သာသနာနှစ်တစ်ရာမှာ ဂ၀မ္မတိမထေရ်တို့ ကြွလာဖြင့် သာသနာ ရောက်နှင့်နေပြီလို့ ၀ံသဒီကပနီမှာ ဖတ်ရပါတယ်။
သို့သော် ပါရာဇိကဏ်အဌကထာမှာတော့ သီရိဓမ္မမင်းတရားပါတလိပုတ်ကနေ ပို့လွှတ်သဖြင့် သောဏ ဥတ္တရမထေရ်တို့ ကြွလာတဲ့ အချိုန်ကြမှ သာသနာ ရောက်တယ်လို့ ဆိုပါတယ်။ သာသနာနှစ် ၂၃၆ က သထုံပြည်ကြွတဲ့ သာသနာပြု အရှင်မြတ်တို့ရဲ့ ရုပ်ထုများကို မန္တလေးတောင်တော်မှာ အခြေချ သာသနာပြုတဲ့ ရသေ့ကြီး ဦးခန္တီက သံနှင့် ထုပြီးတော့ သထုံမြို့မြောက်ပိုင်း ရဟန္တာကုန်းဆိုတဲ့ နေ ရာမှာ ထုလွှတ်ပူဇော် ကိုးကွယ်ထားခဲ့ပါတယ်။ သုဝဏ္ဏဘုမ္မိသထုံပြည်ကို မြတ်စွာဘုရား ကြွတော်မူခြင်း၊သာသနာပြု ပုဂ္ဂိုလ်များ ကြွတော်မူခြင်း အထိမ်းအမှတ် ပန်းချီကားများ ဟာ ရွှေစာရံစေတီ တော်ကြီး အတွင်းမှာ အံ့သြဖွယ်ရာ ဖူးတွေ့ရမှာ ဖြစ်ပါတယ်။သထုံ ကနေသာသနာဟာ အညာဆန်တော့ သရခေတ္တရာမြို့ဟောင်းကို ရောက်ပါတယ်။ သရေခေတ္တရာမြို့ကို ၀င်ရောက်တဲ့အခါ ဒွတ္တဘောင်မင်းကြီးက သာသနာ ဆီးကြိုပြီး တော့ သရေခေတ္တရာမြို့ရဲ့ ထောင့်လေးထောင့်မှာဝင်လျှက် ဆံချီစေတီတော်ကို နှီးနွယ် ပြီးတော့ တည်ထားတဲ့ စေတီဟောင်းကြီးများကို ယခုတိုင်ဖူးမြင် နိုင်ကြပါတယ်။ပြည်မြို့ ဆိုတဲ့ သရေခေတ္တရာမှာ ပျူမင်းတွေ နန်းစံလို့ နေနေတုန်း သထုံသာသနာ သရေခေတ္တ ရာပျူမြိုသို့ ရောက်ပြီးတဲ့အခါ ထိုပျူကနေတဆင့် အညာဆန်ပြန်တော့ သရေခေတ္တရာ မှ ပုဂံသို့လို့ဆိုရမှာဖြစ်ပါတယ်။
ပုဂံမြို့ကို သာသနာသယ်ဆောင်သွားတဲ့ သာသနာပြု အာဇာနည်ပုဂ္ဂိလ်ကတော့ သထုံပြည်က ရှင်အရဟံ မထေရ်ပဲ ဖြစ်ပါတယ်။ အနော်ရထာနဲ့ ကျန်စစ်သားတို့လက် ထက် ရှင်အရဟံ သထုံသို့ သာသနာပြုကြွ ၊ ရှင်အရဟံမရောက်မီက မဟာယာန သာသနာ စတင်ရောက်နေခဲ့ပြီး ၊မဟာယာနသာသနာလွှမ်းမိုးနေခဲ့ပြီးဖြစ်တဲ့ ပုဂံမှာ ရှင်အရဟံနှင့် အနော်ရထာတို့က မဟာယာနသာသနာကို သုတ်သင် သန့်ရှင်ပြီးတော့
စစ်မှန်တဲ့ ထေရ၀ါဒ သာသနာကို ဖြန့်ချီခဲ့ပါတယ်။ အရှင်အဟံမထေရ် ပုံတော်ပဲဖြစ်ပါ တယ်။ ပုဂံမြို့ဟောင်းတစ်နေရာ ပုဂံကသာသနာ အညာဆက်၍ ဆန်တက်အခါမှာ ပင်းယ ၊အင်းဝ ၊ အမရပူရ၊ စစ်ကိုင်း၊ ထိုမှတဆင့် မန္တလေးရွှေမြို့တော်အထိရောက်ပါ တယ်။ ပုဂံသာသနာပြု သာသနာ့ဒါယကာ အာနန္ဒာ စေတီတော်ကြီးရဲ့ ဒါယကာ ဖခ မည်းတော် တည်သွားတဲ့ ရွှေစည်းခုံ စေတီတော်ကြီးပါ အပြီးသတ် ဆက်တည်ခဲ့တဲ့
ရွှေစည်းခုံဒါယကာ ကျန်စစ်သား ရုပ်တုများ၊သာသနာပြုရှင်အဟံ ရုပ်တုများကို ဖူးရမှာ ဖြစ်ပါတယ်။ ပုဂံပြည်မှာ ထေရ၀ါဒသာသနာ အလွန် စည်ပင် ပြန့်ပွားတဲ့အခါမှာ သာသနာနဲ့ အတူတူစာပေလည်းပြန့်ပွားခဲ့ပါတယ်။ မြစေတီလို့ခေါ်တဲ့ ဒီရာဇကုမာရ စေတီတော်ရဲ့ အနီးမှာ ရာဇကုမာရကျောက်စာ(သို့) မြစေတီကျောက်စာလို့ဆိုတဲ့ ကျောက်စာများကို ပါဠိဘာသာ၊ မွန်ဘာသာ၊ုမန်မာဘာသာ၊ ပျူဘာသာ လေးဘာသာ တို့ဖြင့်ရေးထိုးထားတဲ့ကျောက်စာတိုက်ကြီးများကိုလည်း အံ့သြစရာ တွေ့မြင်ရပါပြီ။ သာသနာနှင့်စာပေ စာပေနှင့်သာသနာ ခွဲလို့မရတဲ့ အနေအထားကို ပြနေပါတယ်။ ဒီ မြစေတီကျောက်စာဟာဖြင့် မြန်မာစာပေသမိုင်းရဲ့ ထယ်ဝါခန့်ငြား ၀င့်ကြွားဘွယ်ရာ မှတ်တိုင်ကြီးတစ်ခုပါပဲ။
ပင်းယမြို့၊ အင်းဝရွှေမြို့တော်၊ အင်းဝရွှေမြို့တော်ကနေ အမရပူရ စစ်ကိုင်း မန္တလေးအထိ ဆန်တက်ခဲ့တဲ့ သာသနာဟာ မန္တလေးရွှေမြို့တော် ရောက်တဲ့အခါကျတော့ သာသနာနှစ် (၂၄၀၀) မှာ မင်းတုန်းမင်းတရားကြီးရဲ့ အထောက်အပံ့နဲ့ ဇာဂရမထေရ်ကြီး အကြီးအမှူးပြုပြီးတော့ သံဃာတော် (၂၄၀၀) ကျော်တို့ဖြင့် မန္တလေးရွှေမြို့တော် မင်းတုန်းမင်းတရားကြီးရဲ့ ရွှေနန်းတော်အတွင်းမှာ ပဉ္စမသင်္ဂါယနာကို တင်ခဲ့ပါတယ်။ ချောင်ပေါင်း (၉၀၀) ကျော် ရဟန်းသာမဏေ သူတော် သီလရှင် တစ်သောင်းကျော်တို့ဖြင့် ပရိယတ်၊ ပရိပတ် လုပ်ငန်းများကို အားထုတ်လျှက် သာသနာစည်ကားလျှက်ရှိတဲ့ စစ်ကိုင်းတောင်တော်ကိုလည်း ဧရာဝတီ မြစ်ကမ်းကနေပြီးတော့ ဖြတ်ကျော်ပြီးတော့ ကြည်နူးစွာ ဖူးမြင်ရမှာ ဖြစ်ပါတယ်။
အုတ်ကျစ်ကျော်အေး မန္တလေး ရှေးဆိုရိုးစကားရှိသည့်အတိုင်း (၁၂၂၁) ခုနှစ်မှ မင်းတုန်းမင်းတရား တည်ထောင်ဖန်ဆင်းတဲ့ မန္တလေးရွှေမြို့တော်၊ မန္တလေးတောင်တော်ကနေ လှမ်းပြီးတော့ ကြည့်လိုက်မယ်ဆိုရင် မင်းတရားကြီးရဲ့ ပျော်စံရာ၊ ကျုံး၊ မြို့ရိုး၊ ပြအိုး၊ ပြာသာဒ်တို့ဖြင့် စည်ပင်ဝေဆာလျှက်ရှိတဲ့ မန္တလေးရတနာပုံ ရွှေမြို့တော်ရဲ့ ရွှေနန်းတော်ကြီးပါပဲ။ သာသနာနှစ် (၂၄၁၅) ကျော်တို့ဖြင့် တင်ခဲ့တဲ့ ပဉ္စမသင်္ဂါယနာမှာ ထူးခြားတဲ့ လက္ခဏာတစ်ရပ်ကတော့ (၆) ပေခန့် အမြင့်ရှိပြီးတော့ (၃) ပေခန့် အနံရှိ၊ (၃) လက်မခွဲလောက် ထုရှိတဲ့ ကျောက်ချပ်ပေါင်း (၇၂၉) ချပ်တို့ပေါ်မှာ ဓမ္မ၊ အဘိဓမ္မ၊ ၀ိနယဆိုတဲ့ သုံးပုံပိဋကတ် တရားမြတ်ကို ကျောက်ထပ်အက္ခရာတင်ပြီးတော့ ရေးထွင်းခဲ့ခြင်း ဖြစ်ပါတယ်။
ပထမသင်္ဂါယနာမှာ နှုတ်ဆောင်၊ ဒုတိယသင်္ဂါယနာမှာလည်း နှုတ်ဆောင်၊ တတိယသင်္ဂါယနာမှာလည်း နှုတ်ဆောင် သင်္ဂါယနာပြုပြီးတော့ စတုတ္ထသင်္ဂါယနာ သီဟိုဠ်ရောက်တော့မှ ပေပေါ်မှာရေး၊ စတုတ္ထသင်္ဂါယနာနဲ့ ပဉ္စမသင်္ဂါယနာကြားမှာ နှစ် (၂၀၀၀) နီးပါး သင်္ဂါယနာမတင်ဖြစ်ဘဲ စွမ်းရည်ရှိတဲ့ ရဟန်းတော်တို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုဖြင့် သာသနာတည်တဲ့လာခဲ့ရခြင်း ဖြစ်ပါတယ်။ မန္တလေးရွှေမြို့တော် ရောက်တဲ့အခါမှာ ခုနက ပြောပြခဲ့တဲ့အတိုင်း (၇၂၉) ချပ်ရှိတဲ့ ကျောက်ချပ်တွေပေါ်မှာ ရေးပြီးတော့မှ ကျောက်ထက်အက္ခရာ တင်ခဲ့တဲ့ ပဉ္စမသင်္ဂါယနာဟာဖြင့်ရင် ကမ္ဘာမှာ အံချီးဖွယ်ရာတစ်မျိုး ဖြစ်ခဲ့ရပါတယ်။ ထိုကျောက်ချပ်ပေါင်း (၇၂၉) ချပ်တို့ရဲ့ တည်ရာ ကျောက်စာတိုက် စေတီကလေးများဟာဖြင့်ရင် ဓမ္မစေတီတွေအနေနဲ့ မန္တလေးတောင်ခြေမှာ ယခုလိုတည်ရှိပါတယ်။ ဓမ္မစေတီကျောက်စာတိုက်တွေထဲက ကျောက်ချပ်ပေါင်း (၇၂၉) ချပ်ကို ထုတ်ပြီးတော့ စာအုပ်ချုပ်သလိုများ ချုပ်ထားလိုက်မယ်ဆိုရင် ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးတစ်အုပ်ဖြစ်လာမှာပါ။ ခု မြင်ရတဲ့ အဆောက်အဦးကတော့ မန္တလေးရွှေနန်းတော်အတွင်းက ပဉ္စမသင်္ဂါယနာတင်ခဲ့ရာ မြေနန်းပြာသာဒ်ကြီး ဖြစ်ပါတယ်။
သာသနာနှစ် (၂၅၀၀) ပြည့်တဲ့အခါမှာ ဆဋ္ဌသင်္ဂါယနာကို မြန်မာနိုင်ငံအစိုးရ ရုံးစိုက်ရာ မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်ရွှေမြို့တော် သီရိမင်္ဂလာကမ္ဘအေးကုန်းမြေ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်အနီး မဟာပါသာဏလိုဏ်ဂူတော်ကြီး အတွင်းမှာ ထေရ၀ါဒ (၅) နိုင်ငံက သံဃာတော်ပေါင်း (၂၅၀၀) နှင့်တကွ အခြားမဟာယာနတိုင်းပြည်က မဟာယာနရဟန်းတော်တို့ပါ ပင့်ပြီးတော့ ကြည်နူးစေ၍ ဆဋ္ဌသင်္ဂါယနာကို တင်ခဲ့ပါတယ်။
ဆဋ္ဌသင်္ဂါယနာရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ရပ်ကတော့ ထေရ၀ါဒ သံဃာတော်များတင်နေတဲ့ ဒီဆဋ္ဌသင်္ဂါယနာမှာ မဟာယာနတိုင်းနိုင်ငံ အသီးသီးက သံဃာတော်များလည်း တက်ရောက်ပြီးတော့ ကြည်ညိုအားပေး ပူဇော်ခဲ့ကြခြင်း တစ်ရပ်ပါပဲ။ ထေရ၀ါဒ မဟာယာန စတင်ညီညွတ်တဲ့ အဓိပ္ပါယ်ပါဘဲ၊ နောက် ထူးခြားတဲ့ လက္ခဏာတစ်ရပ်က ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို မိုက်ရိုဆလိုက်ဖလင်တွေမှာ ရိုက်နှိပ်ပြီးတော့မှ သိမ်းဆည်း စုဆောင်းထားခဲ့ခြင်းဟာဖြင့်ရင် ခေတ်မီထူးခြားတဲ့ လက္ခဏာတစ်ရပ်ပါပဲ။ အကယ်၍သာ သတ္တမသင်္ဂါယနာတင်မယ်ဆိုရင်တော့ ကွန်ပျူတာစီဒီတွေနဲ့ သတ္တမသင်္ဂါယနာကို တင်ရမှာ ဖြစ်ပါတယ်။ ဆဋ္ဌသင်္ဂါယနာတင်အထိမ်းအမှတ်နဲ့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ကိုလည်းပဲ မြန်မာနိုင်ငံအစိုးရက ယခုလိုကြည်ညိုဖွယ်ရာ တည်ဆောက်ပြီးတော့ အထိမ်းအမှတ်ပြုထားခဲ့ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူခဲ့ပြီး မဟာသက္ကရာဇ် (၁၀၃) ခုနှစ် B.C.588 မှာ ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ဗုဒ္ဓအဖြစ် (၄၅) နှစ်နေတော်မူပြီး (၃၅) နှစ်က ဖြစ်ခဲ့တဲ့ မြတ်စွာဘုရားဟာ (၄၅) နှစ်နေတော်မူပြီးတဲ့အခါမှာ သက်တော် (၈၀)၊ မဟာသက္ကရာဇ် (၁၄၈) ကဆုန်လပြည့် B.C.543 ခုနှစ်မှာ နိဗ္ဗာန်ရွှေဘုံ ခိုလှုံပြီးတော့ ဘ၀ဇာတ်ချုပ်ငြိမ်း ရုပ်သိမ်းတော်မူခဲ့ပါတယ်။
(၄၅) နှစ်တို့ကာလပတ်လုံး မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တာဟာ ဓမ္မ အဘိဓမ္မနှင့် ၀ိနယတို့ပဲ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီး သုံးလအကြာ ရာဇဂြိုဟ်မှာ ထိုဓမ္မ အဘိဓမ္မ ၀ိနယတို့ကို ဘုရားရှင်ရဲ့ တပည့်ကြီး မဟာသာဝက တစ်ဆူဖြစ်တော်မူတဲ့ အရှင်မဟာကဿပ ဦးဆောင်၍ သံဃာတော် (၅၀၀) တို့က ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြပါတယ်။ အဇာတသတ်မင်းကြီးက ပစ္စယာနုဂ္ဂဟ တာဝန်ယူခဲ့ပါတယ်။ သာသနာနှစ် တစ်ရာကြာတဲ့အခါ ၀ဇ္ဇီနိုင်ငံ ဝေသာလီမြို့မှာ ရှင်ယသမထေရ် ခေါင်းဆောင် သံဃာတော် (၇၀၀) တို့က ဒုတိယသင်္ဂါယနာတင်ခဲ့ပါတယ်။ ကာလာသောကမင်းကြီးက ပစ္စယာနုဂ္ဂဟ တာဝန်ယူခဲ့ပါတယ်။ သာသနာနှစ် (၂၃၆) ခုနှစ်ရောက်တဲ့အခါမှာ ပါတလိပုတ် ရွှေမြို့တော်မှာ မောဂ္ဂလိပုတ္တတိဿမထေရ် ဦးဆောင်တဲ့ သံဃာတော် (၁၀၀) တို့က တတိယသင်္ဂါယနာတင်ခဲ့ပါတယ်။ ဓမ္မာသောကမင်းကြီးက ပစ္စယာနုဂ္ဂဟတာဝန်ယူခဲ့ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက် နှစ်ပေါင်း (၄၅၀) ကြာတဲ့အခါ သီဟိုဠ်ကျွန်း သီရိလင်္ကာမြောက်ပိုင်း အလောကလိုဏ်ဂူအတွင်းမှာ ဓမ္မရိက္ခိတမထေရ်ကြီး ဦးဆောင်၍ သံဃာတော် အပါး (၅၀၀) တို့ဖြင့် စတုတ္တသင်္ဂါယနာကို ပေထက်အက္ခရာတင်ပြီးတော့ စောင့်ရှောက်တော်မူခဲ့ကြပါတယ်။ ၀ဋ္ဋာဂါမဏိမင်းကြီးက ပစ္စယာနုဂ္ဂဟတာဝန်ယူခဲ့ပါတယ်။
သာသနာနှစ် (၂၄၀၀) ကျော်ကျော်မှာတော့ မန္တလေးရွှေမြို့တော် မင်းတုန်းမင်းတရားကြီးရဲ့ ရွှေနန်းတော်အတွင်းမှာ ဇာဂရမထေရ်ကြီး ဦးဆောင်၍ သံဃာတော် (၂၄၀၀) ကျော်တို့ဖြင့် ပဉ္စမသင်္ဂါယနာကို ကျောက်ထက်အက္ခရာတင်ပြီးတော့ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါတယ်။ မင်းတုန်းမင်းကြီးက ပစ္စယာနုဂ္ဂဟ တာဝန်ယူခဲ့ပါတယ်။ သာသနာနှစ် (၂၅၀၀) ပြည့်တဲ့အခါမှာ ရန်ကုန်ရွှေမြို့တော် မဟာပါသာဏ ကျောက်လိုဏ်ဂူတော်ကြီးအတွင်းမှာ ညောင်ရမ်းဆရာတော်ကြီး ကြီးမှူးတော်မူပြီးတော့ သဃာတော်ပေါင်း (၂၅၀၀) တို့ဖြင့် ဆဋ္ဌသင်္ဂါယနာတင်ပြီးတော့ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါတယ်။ အဲဒီ ဆဋ္ဌသင်္ဂါယနာမှာ ၀န်ကြီးချုပ်ဦးနု ဦးဆောင်သော ဖဆပလ အစိုးရက ပစ္စယာနုဂ္ဂဟ တာဝန်ယူခဲ့ပါတယ်။ သာသနာနှစ် (၂၅၀၀) ခရီးမှာ မထေရ်ကြီးတို့ အဆက်ဆက် အရှင်မဟာကဿပ ဆင်းသက်တဲ့ မထေရ်အဆက်ဆက်တို့က ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူခဲ့တဲ့ ဓမ္မ၊ အဘိဓမ္မ၊ ၀ိနယဆိုတဲ့ ဒီပိဋကတ်သုံးပုံကို ပြောင်းလဲခြင်း လုံးဝ မပြုပဲ၊ ပြင်ဆင်ခြင်း လုံးဝ ပြုတော်မမူကြပဲ၊ နှုတ်ပယ်ခြင်းလည်း လုံ့းဝ မပြုကြပဲ၊ အသစ်ဖြည့်စွက်ပြီးတော့ ရေးထည့်ခြင်းလည်း လုံးဝ မပြုကြပဲ မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း မူရင်းအတိုင်းသာလျှင် သန့်သန့်ရှင်းရှင်း ထိန်းသိမ်း စောင့်ရှောက်တော်မူခဲ့ကြတဲ့အတွက်ကြောင့် ထိုမထေရ်တို့ အဆက်ဆက်တို့ရဲ့ မူရင်းဝါဒကို ထေရ၀ါဒ သာသနာလို့ ခေါ်ပါတယ်။
သာသနာနှစ် (၁၀၀) မှာ ဒုတိယသင်္ဂါယနာတင်ပြီး ထေရ၀ါဒမှ ဖယ်ထုတ်ခြင်းခံခဲ့ရတဲ့ မဟာသံဃိကဂိုဏ်းကနေ စတင်ပေါက်ဖွားကာ မဟာယာန ဖြစ်ခဲ့တဲ့ မြောက်ပိုင်းသာသနာကတော့ ပြင်ဆင်ခြင်း၊ ရေးထည့်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်နှုတ်ခြင်း၊ အသစ်ရေးထည့်ခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဖြစ်ခြင်းကြောင့် ထိုမဟာယာနသာသနာကတော့ မူရင်းသာသနာ မဟုတ်တော့ပဲနဲ့ ပြောင်းလဲပြင်ဆင်ခဲ့တဲ့ သာသနာလို့ ဆိုရမယ့် သာသနာတစ်မျိုး ဖြစ်ပါတယ်။ ဤသို့လျှင် ထေရ၀ါဒသာသနာနှင့် မဟာယာနသာသနာနှစ်ရပ် ခြားနားချက်ကို သူတော်ကောင်းအပေါင်းတို့ သိကြပြီးလျှင် ထေရ၀ါဒသာသနာကို မူရင်းကျကျ သန့်သန့်ရှင်းရှင်း ဘုရားရှင်အလိုတော်ကျ မထေရ်ကြီး အဆက်ဆက်တို့ရဲ့ အလိုတော်ကျ ဆက်လက်၍ ထိန်းသိမ်းစောင့်ရှောက် သွားကြပါမည့်အကြောင်း ဤအစီအစဉ်ကနေ တိုက်တွန်းလိုက်ရပါသတည်း။
ဘာသယေ ဇောတယေ ဓမ္မံ၊ ပဂ္ဂဏှေ ဣသိနံ ဓဇံ။
သုဘာသိတဒ္ဓဇာ ဣသယော၊ ဓမ္မောဟိ ဣသိနံ ဓဇော။
ဓမ္မံ-ဓမ္မကို၊ ဘာသယေ- ဟောပြောတော်မူကြကုန်ရာ၏။ ဓမ္မ-ဓမ္မကို၊ ဇောတယေ-ထွန်းတောက်အောင် ဆောင်ရွက်တော်မူကြကုန်ရာ၏။ ဣသိနံ-ရဟန်းသံဃာတော်များ၏၊ ဓဇံ- အောင်လံကို၊ ပဂ္ဂဏှေ- စိုက်ထူတော်မူကြကန်ရာ၏။ ဓမ္မော- ဓမ္မသည်၊ ဣသိနံ- ရဟန်းတော်၏၊ ဓဇော- အောင်လံတံခွန် ဖြစ်ပါပေ၏။ ဣသယော- ရဟန်းတော် သံဃာတော်အပေါင်းသည်၊ သုဘာသိတဒ္ဓဇာ- ဓမ္မကို ကောင်းစွာ ဟောခြင်းဖြင့် အောင်လံတလူလူ လွှင့်ထူတော်မူခဲ့ကြလေကုန်သတည်း။
 

အဓိပတိဆရာတော်
သီတဂူဗုဒ္ဓတက္ကသိုလ်
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။