တရားချစ်ခင်
သူတော်စင်အပေါင်းတို့ ဒီကနေ့ဟာ တပေါင်းလပြည့်နေ့ ဖြစ်ပါတယ်။
တပေါင်းလပြည့်နေ့ကို ခရီးသွားနေ့လို့ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့
မြတ်စွာဘုရားရှင် (၄၅)နှစ်တာ ဘ၀ခရီးတလျှေက်မှာ အထူးပင် အရေးပါအရာရောက်ပြီး
အလွန်လျှင်ရှည်လျားသော ခရီးတစ်ခုကို အလွန်ပင် ကြာမြင့်စွာ ကြွချီတော်မူဖို့
ခမ်းနားကြီးကျယ်စွာ စတင်ပြင်ဆင်တော်မူရသော နေ့ထူးတစ်ခု ဖြစ်နေလို့ပါဘဲ။
သိဒ္ဓတ္ထဂေါတမကို မဟာသက္ကရာဇ်(၆၈)ခု ဘီစီ ၆၂၃ ကဆုန်လပြည့်နေ့မှာ
ဖွားမြင်တော်မူခဲ့ပါတယ်။ သိဒ္ဓတ္ထဂေါတမသည် မဟာသက္ကရာဇ် (၁၀၃) ခု ဘီစီ ၅၈၈
ကဆုန်လပြည့်နေ့မှာ ဓမ္မအားလုံးကို အကုန်သိတော်မူ မြင်တော်မူတတ်သောကြောင့်
သမ္မာသမ္ဗုဒ္ဓစင်စစ် မြတ်သော ဘုရားအဖြစ်သို့ ရောက်ရှိတော်
မူခဲ့ပါတယ်။ဘုရားစင်စစ်ဖြစ်တော်မူပြီးနောက် နှစ်လအကြာ ၀ါဆိုလပြည့်နေ့မှာ
ပထမဆုံးသောတရားဦးကို ဟောမြွက်တော်မူခဲ့ပါတယ်။
ဗုဒ္ဓဖြစ်ရာနေရာသည်
မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလာ တောအုပ်ဖြစ်ပြီး တရားဦးဟောတော်မူသော
နေရာမှာ ကာသိတိုင်း ဗာရာဏသီးမြို့အနီး မိဂဒါဝုန်တောအုပ် ဖြစ်ခဲ့ပါတယ်။
တောအုပ်နှစ်ခုမှာ မိုင်ပေါင်း (၂၀၀) ကျော် (၁၈) ယူဇနာခန့် ကွာဝေးကြပါတယ်။
ဒီခရီးကို ကိုယ်တော်မြတ်တစ်ပါးတည်းပဲ ကြွတော်မူခဲ့ပါတယ်။
မိဂဒါဝုန်မှာ
တစ်ဝါတွင်း နေတော်မူ၍ တရားဟောတော်မူရာမှာ ရဟန္တာအပါး (၆၀) ရခဲ့ပါတယ်။
ထိုနှစ် (၁၀၃) ခုနှစ် ၀ါကျွတ်ချိန်မှာတော့ ရဟန်းတော်အပါး (၆၀) တို့အား
မြတ်စွာဘုရား ဓမ္မဒူတမိန့်ခွန်းကို ပေးတော်မူခဲ့ပါတယ်။
စရထ ဘိက္ခဝေ
စာရိကံ- ရဟန်းတို့ ခရီးထွက်ကြ၊ ဒေသေထ ဘိက္ခဝေ ဓမ္မံ- ရဟန်းတို့
ရောက်ရာအရပ်မှာ ဓမ္မကိုဟောကြ၊ ဗဟုဇနဟိတာယ- လူအများ၏ အကျိုးစီးပွားကို
ဆောင်ရွက်ကြ၊ ဗဟုဇနသုခါယ- လူအများ၏ ချမ်းသာရေးကို အားထုတ်ကြ၊ လောကာနုကမ္ပာယ-
သတ္တလောကကို အစဉ်သနားသဖြင့် အစဉ်စောင့်ရှောက်ကြ။
လူမျိုးတိုင်းကျင့်သုံးနိုင်တဲ့ အခြေခံကိုယ်ကျင့် နှုတ်ကျင့်တရား (သီလ)
စိတ်ဓာတ်တွေ ကောင်းမြတ် ဖြောင့်မတ် ကြံ့ခိုင်တည်ငြိမ်ရေး စိတ်ကျင့်တရား
(သမာဓိ) နှင့်
အတွင်းစိတ်ဓာတ်၏ အညစ်အကြေးများ ဖြူစင် သန့်ရှင်းရေး
ဥာဏ်ကျင့်တရား (ပညာ) ဆိုတဲ့ တိတိကျကျ ပြည့်စုံ လုံလောက်သော ဓမ္မကိုဟောကြ၊
ခရီးလှည့်ကြ၊ ဤသည်မှာ မြတ်ဗုဒ္ဓ၏ ရှေ့ဦးစွာသော ဓမ္မဒူတ
မိန့်ခွန်းတော်ဖြစ်ပါသည်။
ရဟန္တာ (၆၀) တို့ တစ်ပါးတစ်ခရီး အသီးသီး
ကြွတော်မူကြသည်။ မြတ်ဗုဒ္ဓသည် ဥရုဝေလတောဘက်သို့ ပြန်ကြွသည်။ ကပ္ပါသိက
တောအုပ်ကို ဖြတ်သန်းခဲ့ရာ ကောသလမင်းမျိုး မင်းသား(၃၀)တို့နှင့် တွေ့ခဲ့သည်။
ထိုသုံးဆယ်သော မင်းမျိုးမင်းသားတို့ကို ရဟန်းပြုပေးခဲ့ပြန်သည်။ ဥရုဝေလသို့
ရောက်သောအခါ ကဿပညီနောင်သုံးယောက် ခေါင်းဆောင်သော ရသေ့တစ်ထောင်နှင့်
တွေ့ခဲ့ပြန်ရာ မီးပရိယာယ်ပြ တရားဖြင့် ရဟန္တာဖြစ်စေခဲ့၍ ရဟန်းပြုပေးခဲ့ပြီး
ထိုရဟန်းတစ်ထောင် နောက်ပါအရံပြု၍ ခရီးဆက်ခဲ့ပြန်ရာ ထိုနှစ် (၁၀၃) ခု
ပြာသိုလပြည့်နေ့မှာ ရာဇဂြိုဟ်မြို့သို့ရောက်ပါသည်။
ရာဇဂြိုဟ်မှာ
နန်းစိုက်သော အင်္ဂနှင့် မဂဓ နှစ်းတိုင်းတို့၏ ပြည့်ရှင်ဘုရင်ဗိမ္ဗိသာရက
မြတ်စွာဘုရားအား ဝေဠုဝန်ဥယျာဉ်ကို မင်းကွန်း အဆောက်အဦးများနှင့်တကွ
လှူဒါန်းခဲ့ပါသည်။
ပြာသိုလပြည့်နေ့မှ တပေါင်းလပြည့်နေ့အထိ
ရာဇဂြိုဟ်မြို့တော်မှာနှစ်လ သီတင်းသုံးကာ ဗဟုဇနဟိတကို များစွာ
ဆောင်ရွက်တော် မူခဲ့သည်။ ဗုဒ္ဓရှင်တော်သည် ဗုဒ္ဓတ္ထစရိယ- မိမိအကျိုးစီးပွားကို
အားထုတ်ပြီးသောအခါ ဥာတတ္ထစရိယ-မိဘ ဆွေမျိုး ကိုယ့်ရပ် ကိုယ့်ရွာအကျိုး
ဆောင်ရွက်ဖို့နှင့် လောကတ္ထစရိယ- တိုင်းသူပြည်သား ကမ္ဘာသူ/သား လူအများ၏
အကျိုးစီးပွားတို့ကို ဆောင်ရွက် အားထုတ်ကြဖို့ ဆုံးမ
ဟောပြောတော်မူခဲ့ပါသည်။
အရိပ်ကောင်းသော သစ်ပင်သည် ခိုလှုံသူတို့အတွက်၊
အသီးကောင်းသောသစ်ပင်သည် စားသုံးသူတို့အတွက်၊ နွားမတို့သည်
နို့ရည်သောက်သူတို့အတွက်၊ နေ နှင့် လ တို့သည် ကမ္ဘာနွေးဖို့ အေးဖို့အတွက်
ဖြစ်ကြရသလို သူတော်ကောင်းသည် သူတစ်ပါးအား ကျေးဇူးပြုဖို့အတွက်ဖြစ်ရမည်။ သို့ဖြစ်၍ မိမိကိုယ်တိုင် ကောင်းအောင်ကျင့်ပြီး လူများစွာအကျိုး
သည်ပိုးဖို့ ခရီးထွက်ကြ၊ တရားဟောကြဟု လူသားတိုင်း ရှိအပ်ထားအပ်သည့်
ဘ၀ရည်ရွယ်ချက်သုံးပါး ‘စရိယသုံးပါး’ကို ချမှတ်ဟောပြောတော်မူခဲ့ပါသည်။
ပင်လယ်ပြင်မှာသင်္ဘောတစ်စင်းဟာ ဦးတည်ချက်နှင့် ထိန်းရှိရသလိုပါပဲ၊
ဘ၀ပင်လယ်မှာ ကျင်လည် သွားလာနေသော လူသားများမှာလည်း ဘ၀ရည်ရွယ်ချက်များ
ဘ၀လမ်းညွန်ချက်များကို မြတ်ဗုဒ္ဓ၏ သဒ္ဓမ္မမှာ အပြည့်အစုံ ဟောကြားပြသထားတော်
မူပါသည်။
မဟာသက္ကရာဇ် (၁၀၃) ခုနှစ် တပေါင်းလပြည့်နေ့သည် ထူးမြတ်သော
နေ့တစ်နေ့ ဖြစ်ခဲ့ပါသည်။ အကေကြာင်းကား သာကီဝင်မင်းမျိုး ရဟန္တာပေါင်း
(၁၀၀၀၀) ပြည့်သောနေ့ ဖြစ်ပါသည်။ ဖွားဘက်တော်တစ်ပါးဖြစ်သော ကာဠုဒါယီ
ရဟန္တာဖြစ်သော နေ့လည်းဖြစ်ခဲ့ပေသည်။ ကာဠုဒါယီသည် အံ့သြဘွယ်ကောင်းသည့်
ဂါထာစာဆိုတစ်ပါးဖြစ်ပါသည်။ စာဆိုတော်အရှင် ကာဠုဒါယီ၏ ပြည်တော်ပြန်
ဘုရားပင့် (၆၄) ပုဒ်တို့မှာ စာပေ၏ဘ၀မျိုးစုံ ရသအဖုံဖုံတို့ကို သက်ဝင်စေ၍
ဖွဲ့ဆိုထားသည့်အတွက်ကြည်နှုးဖွယ်ကောင်းသည့် လတပေါင်းခါ ဖြစ်ပေါ်လာသည့်
သြကာသလောက၏သဘာဝ နေရင်းဌာနေ မွေးရပ်မြေရှိ (၇) နှစ်မျှ ကွဲကွာနေခဲ့ကြသည့်
ဖခမည်းတော်, မိထွေးတော်နှင့် ဆွေတော်မျိုးတော်များ၏ လွမ်းဆွေးတသ
ဖူးမြင်လိုကြသည့် ၀ိပ္ပယောဂ သိင်္ဂါရ ရသနှင့် သန္တရသတို့ကို
အချိုးညီညီပေါင်းစပ် နေပုံတို့ကို ဖတ်ရသည်မှာ သတရသဘောဇဉ်
[အရသာများစွာပါဝင်သည့် ထမင်းပွဲ] ကို မြိန်မြိန်ယှက်ယှက် စားသုံးဘိသည့်အလား
ခံစားရပါသည်။
မြတ်ဗုဒ္ဓသည် မွေးရပ်မြေမှ ထွက်ခွာခဲ့သည်မှာ (၇)
နှစ်နီးပါးရှိခဲ့ပါပြီ၊ (၇) နှစ် တင်းတင်းပြည့်သောနေ့ (၁၀၄) ခုနှစ်
ကဆုန်လပြည့်နေ့မှာနေပြည်တော် ဇာတိဌာနေသို့ ပြန်ရောက်ပါသည်။
ကြာမြင့်စွာ ကွဲကွာနေခဲ့သည့် သားတော်ကို ခမည်းတော် မယ်တော်တို့က
သက္ကသာကီယမင်းမျိုးပေါင်း (၁၀၀၀)ဖြင့် ဆယ်ကြိမ်တိုင်တိုင် ပင့်ခဲ့ရပါသည်။
ဆယ်ခုမြောက်ဘုရားပင့်အဖွဲ့တွင် ကာဠုဒါယီက ခေါင်းဆောင်ခဲ့ပါသည်။ ကပိလ၀တ်မှ
ရာဇဂြိုဟ်သို့ ကာဠုဒါယီတို့အဖွဲ့ လူတထောင်သည် တပေါင်းလဆန်း (၈) ရက်နေ့လောက်
ဆိုက်ရောက်ခဲ့ကြပါသည်။ လမပြည့်မီကလေးမှာ ရဟန္တာဖြစ် ရဟန်းပြုကြပြီး
တပေါင်းလပြည့်နေ့မှာ ဂါထာအဖွဲ့ပေါင်း (၆၄) ပုဒ်တို့ဖြင့် မြတ်ဗုဒ္ဓကို
တခမ်းတနား တစ်ဖွဲ့တနွဲ့ လျှောက်ထားပင့်ပန်ခဲ့ပါသည်။
ကပိလ၀တ်စာဆို
အရှင်ကာဠုဒါယီ၏ အဖွဲ့အနွဲ့ပေါင်း (၆၄) ပုဒ်တို့ကို
အင်းဝစာဆိုရှင်မဟာရဋ္ဌသာရက ဂါထာ (၆၀) ပျို့ဟူ၍ ပျို့လင်္ကါစသည်များ
သီကုံးခဲ့ပါသည်။ တောင်တွင်းစာဆို ရှင်ဥတ္တမကျော်၏ ရွှေစက်တော်ခရီးသွား
တော်လားများကလည်း ကာဠုဒါယီ၏ တပေါင်းလဖွဲ့ တန်ခူးလဖွဲ့များကိုပင်
မှီငြမ်းပြုလေသလားဟု ထင်မှတ်ရပါသည်။
“လေခမြေသက် ဈာန်ဝိတက်သို့
သစ်ရွက်ယောဂီ ဣန္ဒနီဝယ် သိင်္ဂီတ၀က် မြတ၀က်နှင့် ဖက်၍ဆေးစုံ ခြယ်သောပုံသို့
ရဂုံမြိုင်တွင်းတောလုံးလင်းသား” ဟု တောသစ်ပင်တို့၏ အရွက်များ နွေဦးမှာ
ရောင်စုံပန်းချီကားချပ်ကြီးသဖွယ် ဖြစ်နေပုံကို ခမ်းနားလှပစွာ
ဖွဲ့ဆိုထားပါသည်။
“တိမ်ညိုမိလ္လာ တိမ်စူကာနှင့် တိမ်ပြာရောယှက်
မရမ်းဘက်၍ ရီခဲ့တဖုံ၊ မှုံခဲ့တချက်၊ ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊
တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွတ်ပြိုင်၊
ဂုဏ်ချင်းဆိုင်ခဲ့’ ဟူ၍ တပေါင်းလ၏ ကောင်းကင်တိမ်များ လေရမ်းများ
တိုက်ခတ်ပုံကို ပီပြင်စွာ ဖွဲ့ဆိုခဲ့ပါသည်။
လမ်းလျှောက်ခရီးသွားခြင်းသည် အကျိုးများစွာရှိ၏။ တစ်နေရာတည်း တစ်ခုတည်းသော
ပတ်ဝန်းကျင်၌ ကြာမြင့်စွာ နေရသဖြင့် ညောင်း၍ လေးနေသော ရုပ်တို့ကို ပြေစေ
ပေါ့ပါးစေသည်။ သွေးလေတို့ကို သွက်လက်စွာလှုပ်ရှားစေသည်။ ဆီးဝမ်းကို မှန်စေ
သွက်စေ၏။ နေရာ အာရုံ အသစ်အသစ်တို့ ပြောင်းလဲနေသည့်အတွက် အာရုံဟောင်း
တစ်ခုတည်း၌ စွဲနေသောစိတ်ကို လွတ်မြောက်စေသည်။ အမြဲမပြတ် သွားနေလျှင်
အသစ်အာရုံတို့၌လည်း ကြာမြင့်စွာ ဆုံတွေ့ခွင့် ပေါင်းဆုံခွင့် မရသည့်အတွက်
အာရုံသစ်၌လည်း ငြိတွယ်ခွင့်မရ လွတ်မြောက်ပေသည်။
မပြတ်စီးနေသောရေသည် သန့်ရှင်းပါသည်၊ ရပ်နေသော ရေသည် ညစ်လာတတ်ပါသည်။ သို့ဖြစ်၍ ရဟန်းသည် မပြတ်မရပ် ခရီးသွားနေရမည်သာတည်း။
မြတ်ဗုဒ္ဓသည် ခရီးကိုနှေးနှေးလည်း ကြွသည်၊ မနှေးမမြန်လည်းကြွသည်၊
လျှင်လျှင်မြန်မြန်လည်းကြွသည်၊ ခရီးသုံးမျိုးတွင် ရာဇဂြိုဟ် ကပိလ၀တ်ခရီးသည်
ဖြည်းဖြည်းနှေးနှေး ကြွရသောခရီးဖြစ်ပါသည်။ ယူဇနာ (၆၀)၊ မိုင်ပေါင်း (၇၂၀)
ခရီးကို တစ်နေ့လျှင် တစ်ယူဇနာ (၁၂) မိုင်ခြေလျှင်ခရီးကို မြေပြင်ကပင်
ကြွတော်မူပါသည်။ ရဟန္တာ (၂) သောင်းတို့တွင် ကပိလ၀တ်မှ ဘုရားပင့်လာကြသော
သကျသာကီယ မင်းပေါင်း တစ်သောင်းနှင့်ဆယ်ယောက်တို့မှ ရဟန်းပြုကြသော
ဆွေတော်မျိုးတော်ရဟန်းပေါင်း (၁) သောင်းနှင့်ဆယ်ပါးတို့ပါဝင်နေကြသည်မှာ
တမျိုးပင်အားရ ကြည်နှုးဖွယ်ဖြစ်တော့သည်။
အဂ္ဂသာဝကကြီးနှစ်ပါးတို့လည်း
စုံနေပါသည်၊ မိဘရပ်ထံ အပြန်ခရီးမှာ အကြိုအထောက်လာရောက်ကြသော
ဆွေတော်မျိုးတော်များနှင့် အတူသွားရသည်မှာ ၀မ်းမြောက်ဖွယ်ရာ ဖြစ်ပါပေသည်။
ဘွားဘက်တော် စာဆိုတော် ခြေမြန်တော် အရှင်ကာဠုဒါယီသည်
မြတ်စွာဘုရားနှင့်ရဟန်း (၂) သောင်း ဘယ်နေရာ ဘယ်မြို့ရွာသို့
ဆိုက်ရောက်ပြီဖြစ်ကြောင်း နေ့စဉ်နေ့စဉ် အသိဥာဏ်နှင့်သွား၍
ခမည်းတော်မယ်တော်တို့ထံ သတင်းပို့ပါသည်။
မယ်တော်ဂေါတမီကလည်း
နေ့စဉ်ဆွမ်းချက်၍ ကာဠုဒါယီ၏ သပိတ်တွင် လောင်းလှူကာ သားတော်ဘုရားအား
နေ့စဉ်ဆွမ်းကပ်ပါသည်။ ကြက်သရေရှိလှသော မိုင် (၇၂၀) ခရီးကို တစ်နေ့ (၁၂)
မိုင်နှုန်းဖြင့် ကြွတော်မူပါသည်။ (၂) တိတိ သွားရပါသည်၊ မဟာသက္ကရာဇ် (၁၀၄)
ခုနှစ် ကဆုန်လပြည့်နေ့ ရဟန်း(၂) သောင်းနှင့်အတူ ပြည်တော်ပြန်ဝင်လာသော
သားတော်ဘုရားကို ခမည်းတော် မယ်တော် (မိထွေးတော်) ဆွေတော်မျိုးတော်တို့က
ခမ်းနားသိုက်မြိုက်စွာ ကြိုဆိုကြပါသည်။
မယ်တော်မာယာဒေ၀ီသည်
သားတော်မင်းသိဒ္ဓတ်ကို ဖွားမြင်ပြီး ခုနှစ်ရက်မှာ နတ်ရွာစံခဲ့လေရာ
သားတော်ဘုရားသည် မွေးမိခင်ကျေးဇူးရှင်ကို ကျေးဇူးဆပ်ဖို့ နတ်ရွာသို့လိုက်ကာ
အဘိဓမ္မာဟူသော ကျေးဇူးဆပ်တရား ဟောခဲ့ပါသည်။ မြတ်ဗုဒ္ဓ၏
ပြည်တော်ဝင်ခရီးမှာလည်း ကျေးဇူးရှင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့်
ကျွေးမိခင် (မိထွေးတော်) ဂေါတမီတို့အား ကျေးဇူးဆပ် တရားဟောရန်
ကြွမြန်းတော်မူရခြင်းဖြစ်ပါသည်။ သားတော်ဘုရား၏ ကျေးဇူးဆပ်တရားကြောင့်ပင်
ဖခမည်းတော်ကြီးမှာ မင်းမြောက်တန်ဆာ ငါးပါးဝတ်ဆင်လျက် ထီးဖြူတော်အောက်မှာ
အရဟတ္တဖိုလ်ပေါက် ရဟန္တာဖြစ်၍ နိဗ္ဗာန်ဝင်ခဲ့ပါသည်။
မိထွေးတော်ဂေါတမီမှာလည်း ဘိက္ခုနီရဟန်းပြု၍ ရဟန္တာဖြစ်ပြီး
နိဗ္ဗာန်ဝင်ခဲ့ပါသည်။ မိဘတို့၏ ဂုဏ်ကျေးဇူးကို အထူးဟောရာ၌ မြတ်စွာဘုရားက “
ပုဗ္ဗာစရိယ=ရှေးဦးဆရာ၊ လောကဿဒေဿတာ=ကမ္ဗာလောကကြီးကို ပြပေးသူ” စသည်ဖြင့်
ဂုဏ်ထူးပြုဟောတော်မူပါသည်။ ဤသို့လျှင် ကမ္ဗာလောကအကြောင်းကို
ပြသသွင်သင်ပေးသော လက်ဦးဆရာ မိနှင့်ဘကို ကျေးဇူးဆပ်ဖို့ ဥာတတ္ထစရိယ=
ဆွေမျိုးများအကျိုးကို ဆောင်ရွက်ဖို့ စတင်ခရီးကြွဘို့ ပြင်ဆင်ရသောနေ့သည်
တပေါင်းလပြည့်နေ့ဖြစ်ပြီး စတင်ခရီးထွက်သောနေ့သည် တပေါင်းလပြည့်ကျော် (၁)
ရက်နေ့ဖြစ်ပါသည်။
တပေါင်းလပြည့်နေ့တွင် ဂါထာစာဆိုရှင် ဖွားဘက်တော်
ကာဠုဒါယီ လျှောက်ထား ပင့်ပန်သော ဂါထာအဖွဲ့ပေါင်း (၆၄) ပုဒ်တို့ထဲမှ
အချို့ကို ရွတ်ဆိုကြည်ညိုကြည့်ကြရအောင်=
(၁) အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ၊
ဖလေသိနော ဆဒနံ ၀ိပ္ပဟာယ။
တေ အစ္စိမန္တောဝ ပဘာသယန္တိ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား
ရှင်ပင်မြတ်စွာဘုရား၊ ဒါနိ ဣဒါနိ-ဆောင်းကိုလွန်မြောက် နွေဦးပေါက်သို့
ရောက်လတ်တုံလာ ယခုအခါ၌၊ ဒုမာ-တခေတ်ကူးပြောင်း သစ်ပင်အပေါင်းတို့သည်၊
ဆဒနံ-ရှည်ကြာမြင့်ညောင်း အရွက်ဟောင်းကို၊ ၀ိပ္ပဟာယ-စွန့်ပယ်သောထွေ
ကြွေကြကုန်၍၊ ဖလေသိနော-အသစ်ဖြစ်သောအသီးကို ရှာမှီးကြကုန်သကဲ့သို့ဖြစ်၍၊
အင်္ဂါရိနော-မီးကျီးအသွေး နီးတွေးသော ရွက်နု အပွင့်အဖူးတို့နှင့်
ပြည့်စုံကြကုန်၏၊ အစ္စိမန္တောဝ-ဥတုလှုံ့ဆောင် အရောင်ရှိကုန်သည်ဖြစ်၍သာလျှင်၊
ပဘာသယန္တိ-ပြောင်တ၀င်းဝင်း ထွန်းလင်းတောက်ပကြကုန်၏၊ မဟာဝီရ-ကြီးမြတ်သော
လုံ့လ၀ီရိယ ရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ-ကိုယ်တော်မြတ်မှ
မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်ရှိတော်မူသော
မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း
ကိုယ်တော်တိုင်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော
အချိန်ကာလပင် ဖြစ်ပါတော့သည်ဘုရား။
(၂) ၀ါတော မုဒုသီတလသာဓုရူပေါ၊
နဘာ စ အဗ္ဘာ ၀ိဂတာ သမန္တာ။
ဒိသာ စ သဗ္ဗာဝ ၀ိရောစယန္တိ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား
ရှင်ပင်မြတ်ဘုရား၊ ၀ါတော-ညှင်းညှင်းသာသာ တိုက်ခတ်လာသော လေသည်၊
မုဒုတလသာဓုရူပေါ-နူးညံ့အေးမြ ကောင်းမွန်လှသော သဘောရှိပါ၏၊ နဘာစ-အဇဋာပြင်
မိုးကောင်းကင်သည်လည်း၊ သမန္တာ-ထက်ဝန်းကျင်မှ၊ အဗ္ဘာ-မည်းညစ်ညိုမှောင်
မိုးတိမ်တောင်မှ၊ ၀ိဂတာ-ကင်းရှင်းစင်ကြယ်လှပါ၏၊ သဗ္ဗာဝ-အလုံးစုံသာလျှင်
ဖြစ်ကုန်သော၊ ဒိသာစ-အရပ်မျက်နှာတို့သည်လည်း၊ ၀ိရောစယန္တိ-ရှုချင်စဖွယ်
တင့်တယ်တောက်ပကြကုန်၏၊ မဟာဝီရ-ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား
၊အင်္ဂီရသာနံ-ကိုယ်ူတော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်
ထွက်သောရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ
ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၃) နဘေ စ အဗ္ဘာ သုဝိသုဒ္ဓ၀ဏာ၊
ဒိသာ စ စန္ဒော သုဝိရာဇိတောဝ။
ရတ္တိဉ္စ ၀ါတော မုဒုသီတလော စ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား
ရှင်ပင်မြတ်ဘုရား၊ နဘေ-အဇဋာပြင် မိုးကောင်းကင်၌၊
အဗ္ဘာစ-တိမ်တိုက်တို့သည်လည်း၊ သုဝိသုဒ္ဓ၀ဏာ-စင်ကြယ်သန့်ရှင်းသော
အဆင်းရှိကုန်၏၊ စန္ဒောစ-လမင်းသည်လည်း၊ ဒိသာ-၀န်းကျင်ပတ်ချာ
အရပ်မျက်နှာတို့ကို၊ သုဝိရာဇိတောဝ- တင့်တယ်စွာလှ ထွန်းတောက်ပ၏၊
ရတ္တိဉ္စ-အကာလတာ ညဥ့်အခါ၌၊ ၀ါတော-ညှင်းညှင်းသာသာ တိုက်ခတ်လာသောလေသည်၊
မုဒုသီတလောစ-ဆောင်းရာသ၌ီကဲ့သို့ မကြမ်းလှ နှုးညံ့စွာအေးမြပေ၏၊
မဟာဝီရ-ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂ
ီရသာနံ-ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်
ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ
ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၄) စန္ဒဿ ရံသီဟိ နဘံ ၀ိရောစိ၊
မဟီ စ သံသုဒ္ဓမနုည၀ဏာ။
ဒိသာ စ သဗ္ဗာ ပရိသုဒ္ဓရူပါ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား
ရှင်ပင်မြတ်ဘုရား၊ စန္ဒဿ-လမင်း၏၊ ရံသီဟိ-အေးမြချမ်းကြည်
စန်းရောင်ခြည်တို့ဖြင့်၊ နဘံ-အဇဋာပြင် မိုးကောင်းကင်သည်၊
ဝိရောစိ-ရှုချင်စဖွယ် တင့်တယ်တောက်ပပါ၏၊ မဟီစ-မြေအပြင်သည်လည်း၊
သံသုဒ္ဓမနုည၀ဏာ-စင်ကြယ်သန့်ရှင်းသော သဘောရှိကုန်၏၊
မဟာဝီရ-ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂ
ီရသာနံ-ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်
ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ
ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၅) အလင်္ကတံ ဒေ၀ပုရံဝ ရမ္မံ၊
ကပိလ၀တ္ထုံ ဣတိ နာမဓေယျံ။
ကုလနဂရံ ဣဓ သဿိရိကံ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား
ရှင်ပင်မြတ်ဘုရား၊ ဣဓ-ဤလောက၌၊ သဿိကံ-အသရေရှိသော၊ ကပိလ၀တ္ထုံ ဣတိ
နာမဓေယျံ-ကပိလရသေ့ ပျော်စံမွေ့သည့် မြေ့သီခရာ သင်္ခမ်းရာဝယ် မြို့ရွာတည်လတ်
ယင်းဗျုပ္ပတ်ကြောင့် အနွတ္ထဘွဲ့ချည် ကပိလ၀တ်ဟူသောအမည်ရှိသော၊
ကုလနဂရံ-ခမည်းနတ်ကျော် မြတ်မယ်တော်နှင့် ဆွေတော်ရှစ်သောင်း
မျိုးတော်ပေါင်းတို့ ကိန်းအောင်းစံပျော် နေပြည်တော်သည်၊ အလင်္ကတံ-အလှပြုပြင်
တန်းဆာဆင်အပ်သော၊ ဒေ၀ပုရံဝ-နတ်တို့စံရာ တာဝတိံသာကဲ့သို့၊
ရမ္မံ-နှလုံးမွေ့လျော်ဖွယ် ရှိပါပေ၏၊ မဟာဝီရ--ကြီးမြတ်သောဝီရိယရှိတော်မူသော
မြတ်စွာဘုရား၊ အင်္ဂီရသာနံ- ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်
ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ
ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၆) အလင်္ကတာ သာကိယရာဇပုတ္တာ၊
ဝိရဇမာနာ ၀ရဘူသနေဟိ။
သုရိန္ဒလောကေ ဣ၀ ဒေ၀ပုတ္တာ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား
ရှင်ပင်မြတ်ဘုရား၊ ပုရေ-ကပိလ၀တ်တွင်ခေါ် နေပြည်တော်၌၊
သာကိယရာဇပုတ္တာ-မဟာနွယ်ဖွား သာကီဝင်မင်းသားတို့သည်၊
ဝရဘူသနေဟိ-မြတ်သောအဆင်းတန်ဆာတို့ဖြင့်၊ အလင်္ကတာ-အလှပြုပြင်
တန်းဆာဆင်အပ်ကုန်သည်ဖြစ်၍၊ သုရိန္ဒလောကေ-နတ်တို့သနင်း သိကြားမင်းစံရာ တာဝတိ
ံသာနတ်ပြည်၌၊ ဒေ၀ပုတ္တာဣ၀-နတ်ဝတ်တန်ဆာ ကောင်းစွာဆင်ထား
နတ်သားတို့ကဲ့သို့၊၀ိရဇမာနာ-ရှုချင်စဖွယ် အလွန်တင့်တယ်ကြကုန်၏၊
မဟာဝီရ--ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ-
ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်
ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ
ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၇) သုဒ္ဓေါဒနော မုနိဝရံ အဘိဒဿနာယ၊
အမစ္စပုတ္တေ ဒသဓာ အပေသယိ။
ဗလေန သဒ္ဓိံမဟတာ မုနိန္ဒ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
မုနိန္ဒ-မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင် ဘုရား၊
သုဒ္ဓေါဒနော-မွေးဖနတ်ကျော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်၊
မုနိဝရံ-မုနိဥက္ကဌ်ရဟန်းမြတ် ဖြစ်တော်မူသော အရှင်ဘုရားကို၊
အဘိဒဿနာယ-ကွဲကွာသည်လည်းကြာမြင့် အသက်အရွယ်ကလည်း ကြီးရင့်၍ ရှင်ပင့်မျက်နှာ
စန်းသော်တာကို သဒ္ဓါကော်ရော် ဖူးမြော်ခြင်းငှါ၊ အမစ္စပုတ္တေ-အမတ်သားတို့ကို၊
ဒသဓာ-ဆယ်ကြိမ်ဆယ်စုဆယ်ဖို့ပြု၍၊ မဟတာ-တစ်ထောင်တစ်ထောင်များမြောင်လှစွာသော၊
ဗလေန-ဗိုလ်ပါအပေါင်းနှင့်၊ သဒ္ဓိံ-တကွ၊
အပေသယိ-ရှင်တော်ထံမှောက်ပင့်လျှောက်စေလွှတ်ခဲ့လေပြီ၊
မဟာဝီရ-ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ-
ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်
ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ
ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၈) နေ၀ါဂတံ ပဿတိ နေ၀ ၀ါစံ၊
သောကာဘိဘူတံ နရ၀ီရသေဌံ။
တောသေတုမိစ္ဆာမိ နရာဓိပတ္တံ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
မုနိန္ဒ- မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင် ဘုရား၊
သုဒ္ဓေါဒနော-မွေးဖနတ်ကျော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်၊
အာဂတံ-ရှင်တော်မြတ်စွာ ကြွလာတော်မူသည်ကို၊ နေ၀ပဿတိ-မဖူးမြင်ရရှာပါ၊
ဝါစံ-ကြွလာလိမ့်မည် မလာမည်ဟု နှစ်လီကွဲပြား သတင်းစကားကိုမျှလည်း၊
နေ၀သုဏာတိ-မကြားရရှာပါ၊ သောကာဘိဘူတံ-သောကလောင်မီး ဖိစီးနှိပ်စက်အပ်သော၊
နရ၀ီရသေဌံ-ရဲရင့်သသူ ထိုထိုလူတို့ထက် မြတ်သော၊နရာဓိပတ္တံ-လူတို့သနင်း
ခမည်းတော်သုဒ္ဓေါဒနမင်းကြီးကို၊ တောသေတုံ-ရှင်တော့မျက်နှာ ဖူးရပါ၍
အာသာပြည့်ဝ အားရနှစ်သိမ့်စေခြင်းငှါ၊ “အဟံ-အကျွန်ုပ်ကာဠုဒါယီသည်၊”
ဣစ္ဆာမိ-တောင့်တလင့်ဆို အလိုရှိပါ၏၊ မဟာဝီရ- ကြီးမြတ်သောဝီရိယရှိတော်မူသော
မြတ်စွာဘုရား၊ အင်္ဂီရသာနံ- ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်
ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ
ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၉) တံဒဿနေန နဗ္ဘုတပီတိရာသိ၊
ဥဒိက္ခမာနံ ဒွိပဒါနမိန္ဒံ။
တောသေဟိ တံ မုနိန္ဒ ဂုဏသေဌံ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
မုနိန္ဒ- မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင် ဘုရား၊
ပိတုနော-မွေးဖနတ်ကျော် ခမည်းတော်သုဒ္ဓေါဒနမင်းကြီးအား၊ တံ
ဒဿနေန-အရှင်ဘုရားကို မျက်ဝါးထင်ထင် ဖူးမြင်ရခြင်းဖြင့် (၀ါ)
ဖူးမြင်ရခြင်းကြောင့်၊ အဗ္ဘုတပီတိရာသိ-မဖြစ်စဖူး ထူးကဲသော
နှစ်သက်ခြင်းအစုသည်၊ ဘဝေယျ-ဧကန်စင်စစ် ဖြစ်လေရာပါ၏၊
ဥဒိက္ခမာနံ-ရှင်တော်ဘုန်းပွင့် ကြွလာခွင့်ကို မြော်လင့်ကာနေသော၊
ဒွိပဒါနမိန္ဒံ-အခြေနှစ်ချောင်းရှိသူ လူတို့ကို အစိုးရသော၊
ဂုဏသေဌံ-ကျွေးမွေးခဲ့ဘူး ဂုဏ်ကျေးဇူးဖြင့် အထူးမြင့်မြတ် ချီးမွမ်းအပ်သော၊
တံ-ထိုမွေးနတ်ဖကျော် ခမည်းတော်သုဒ္ဓေါဒန မင်းကြီးကို၊ တွံ-အရှင်ဘုရားသည်၊
တောသေဟိ-ရှင့်တော်မျက်နှာဖူးရပါ၍ အာသာပြည့်ဝ အားရနှစ်သိမ့်စေတော်မူပါလော့၊
မဟာဝီရ- ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ-
ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်
ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ
ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၁၀) အာသာယ ကဿတေ ခေတ္တံ၊
ဗီဇံ အာသာယ ၀ပ္ပတိ။
အာသာယ ၀ါဏိဇာ ယန္တိ၊
သမုဒ္ဒံ ဓနဟာရကာ။
ယာယ အာသာယ တိဌာမိ၊
သာ မေ အာသာ သမိဇ္ဈတု။
မုနိန္ဒ- မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင် ဘုရား၊
ကဿကော-တောင်သူယောက်ျားလယ်သမားသည်၊ အာသာယ-ကောက်ပဲသီးနှံ ရရန်စိတ်ထား လိုလား
တောင့်တခြင်းကြောင့်၊ ခေတ္တံ-လယ်ယာကို၊ ကဿတေ- ခေါက်တုံ့ ခေါက်ပြန် အဖန်ဖန်
ထွန်ယက်၏၊ [ကဿိတွာ-ခေါက်တုံ့ ခေါက်ပြန် အဖန်ဖန်ထွန် ယက်ပြီး၍]၊ အာသာယ-
ကောက်ပဲသီးနှံ ရရန်စိတ်ထား လိုလား တောင့်တခြင်းကြောင့်၊ ဗီဇံ-မျိုးစေ့ကို၊
ဝပ္ပတိ-ထကြွ လုံးလ ၀ီရိယဖြင့် ကြဲချစိုက်ပျိုး၏၊
ဓနဟာရကာ-ဥစ္စာကိုဆောင်ကုန်သော၊ ၀ါဏိဇာ-ကုန်သည်တို့သည်၊
အာသာယ-မြတ်စွန်းလိုငြား တောင့်တချက်တရားကြောင့်၊သမုဒ္ဒံ-ငါးလိပ်မကာရ်း
ဘေးဘျမ်းတို့ ရောပြွမ်းထူစွာ သမုဒြာကို၊ ယန္တိ-လှေသဘောင်္ကြီး အသီးသီးဖြင့်
ခရီးဖြန့်မြန်း သက်စွန့်ကြိုးပမ်း ကူးသန်းသွားလာကြကုန်၏၊ [တထေဝ
တထာဧ၀-ပမာထားယူ ထို့အတူပင်လျှင်၊ အဟမ္ပိ-ဖွားဘက်တော်သမုတ်
အကျွန်ုပ်ကာဠုဒါယီသည်လည်း]၊ ယာယအာသာယ-နေပြည်တော်ဟောင်း ကြွစေကြောင်းဟု
ကောင်းသောဆန္ဒ အကြင်သို့သော တောင့်တခြင်းဖြင့်၊ [ဣဓ-ဤဝေဠုဝန်ခေါ်
မင်းကျောင်းတော်၌]၊ တိဌာမိ-ရှင်တော်ထံမှောက် ဆိုက်ရောက်ရပ်တည်လာပါ၏၊
မေ-ဖွားဘက်တော်သမုတ် အကျွန်ုပ် ကာဠုဒါယီ၏၊ သာ အာသာ-ဆွေထံ မျိုးထံ
ကိုယ်တော်ပြန်၍ အဖူးမြော်ခံစေလိုသော သမ္မာဆန္ဒ ထိုတောင့်တချက်သည်၊
သမိဇ္ဈတု-တောင့်တသည့်အတိုင်း မဆိုင်းကုံလုံ ပြည့်စုံပါစေသတည်း။
(၁၁) နာတိသီတံ နာတိဥဏှံ၊
နာတိဒုဗ္ဘိက္ခဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊
ဧသ ကာလော မဟာမုနိ။
မဟာမုနိ-မုနိဥက္ကဌ် ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား၊
ဣဒံ-ဆောင်းနှောင်းနွေဦးဤအခါထူးသည်၊ နာတိသီတံ-အေးလည်းမအေးလွန်းလှပါဘုရား၊
နာတိဥဏှံ-ပူလည်း မပူလွန်းလှပါဘုရား၊ နာတိဒုဗ္ဘိက္ခဆာတကံ-ကောက်ပဲသိမ်းစ
ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း ဆာလောင်ခြင်းမှလည်း
ကင်းရှင်းပါ၏ဘုရား၊ ဘူမိ-မြေအပြင်သည်၊ သဒ္ဒလာ-နေဇာမြက်ညွန့် ရှိသည်ဖြစ်၍၊
ဟရိတာ- မြအရောင်သန်း စိမ်းလန်းစိုပြေလျက်ရှိပါ၏ဘုရား၊ ဧသ
ဧသော-ဆောင်းနှောင်း နွေဦး တပေါင်းလဆိုတဲ့ ဤအခါထူးသည်၊ ကာလော-ဖွားရပ်ဌာနီ
ပြည်ကပ္ပီသို့ နှစ်လီ စက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ကာလပင် ဖြစ်ပါတော့သည်ဘုရား။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
အရှင်ဉာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊မဟာသဒ္ဓမ္မဇောတိကဓဇ
မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ
သီတဂူဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း
No comments:
Post a Comment