Thursday, April 11, 2013

အပျံသင်စ ငှက်ကလေးအရွယ်။ အမှန်မမြင်က ရတက်မအေးဖွယ်။

            ယခုခေတ် တီဗွီလှိုင်းများ၌ ဒစ္စကာဗာရီ လိုင်းလည်းပါတတ်ကြသည်။ တိရစ္ဆာန် မျိုးစုံ ဖြစ်ပျက်ပုံတို့ အသေးစိတ်ရိုက်ကူးပြသကြသည်။ ထိုတွင် မတ်စောက်မြင့်မားလှသည့် သစ်ပင်၊ တောက်ကမ္ပရံ တို့၌ ငျက်များ အသိုက်လုပ်ကြ၊ ဥကြ၊ ပေါက်ကြသည်။
             မိခင်ငှက်မကြီးက ပျံသွားကာ အစာရှာလိုက် ငျက်ငယ်လေးများကို အစာခွန့်ကျွေးလိုက်နှင့် ငှက်ကလေးများ အတောင်အလက်စုံလုလု အခြေနေသို့ ရောက်ရှိလာသည်။ အချို့ ငှက်ကလေးများသည် အတောင်အလက် မစုံသေးမီ အသိုက်မြုံမှ ပျံကြည့်လိုက်သည့်အခါ မြေအပြင်သို့ ပြုတ်ကျသွားသည်။ အောက်က အသင့်စောင့်နေသော စားနေကျ မြေခွေး၏ အစာဖြစ်နေသည်ကို တွေ့မြင်နေရသည်။

              လူ့လောကနယ်မြေ၌လည်း--
ပြည့်စုံအေးမြလှသည့် ဆရာသမားတို့၏ အရိပ်-
ပြည့်စုံအေးမြလှသည့် မိဘတို့၏ အရိပ်
ပြည့်စုံအေးမြလှသည့် သာသနာတော်၏ အရိပ်--ဟု အရိပ်အမျိုးမျိုးရှိကြသည်။
အရိပ်က မထွက်ခွါခင် ကတည်းက အရိပ်၏ တန်ဖိုးကို သိထားသင့်သည်။
ထိုသို့ မဟုတ်ခဲ့လျှင် မြေခွေးစာမိသွားနိုင်သည်။
အပူပေါလှသည့် လူ့လောကထဲရောက်မှ ပြည့်စုံအေးမြသည့် ထိုအရိပ်များကို ပြန်လည်ရော်ရမ်း မျှော်မှန်းကာ တမ်းတနေလျှင် မောရုံသာ အဖတ်တင်တော့မည်။
အတောင်မစုံခင် သိုက်မြုံက မထွက်ခွါမိဘို့ အရေးကြီးသည်။။

ပဋ္ဌာန်းအလင်းရောင် ဆရာတော် 
ပါ- ညောင်တုန်းတိုက်
ဗဟန်း

Wednesday, April 10, 2013

အရှုပ် နှင့် အလုပ်

အရှုပ်တွေ လုပ်နေသလား?
အလုပ်တွေ ရှုပ်နေသလား?

          လောက၌ ရှင်ရော လူပါ "အလုပ်တွေ ရှုပ်နေသည်" ဟု ဆိုလေ့ရှိသည်။ ထိုသူတို့ပြောနေသည်ကို စိစစ်ကြည့်ပါက တကယ်အလုပ် ရှုပ်နေတာမဟုတ်ပါဘဲ။ အရှုပ်တွေသာ လုပ်နေကြသည်ကို သိရှိနိုင်သည်။
         အရှုပ်ဟူသည် လောကီအစီးအပွါးဖြင့် ကြီးပွားရေးလောက်သာ ရည်မှန်းပြီးလုပ်နေသော အလုပ်မှန်သမျှသည်၊ (ဝါ) ကုသိုလ်လုပ်ငန်းမဟုတ်သော အလုပ်များကို ပြုလုပ်နေကြခြင်းသည် "အရှုပ်" တွေသာ လုပ်နေရခြင်း ဖြစ်သည်။
        ပစ္စုပ္ပန် သံသရာ ကြီးပွားကြောင်းဖြစ်သည့် အလုပ်များ၊ တနည်းအားဖြင့် ကုသိုလ်ရစရာ၊ စိတ်အေးစရာ၊ ပတ်ဝန်းကျင်၌ ရှိနေသူတို့လည်း မှီခိုစရာ၊ သူတော်ကောင်းတို့ သာဓုခေါ်စရာ အလုပ်တွေကို ပြုလုပ်နေသူတို့၏ အလုပ်သည်သာ "အလုပ်" ဟု ခေါ်ဆိုရပေလိမ့်မည်။
        ခြုံငုံပြီး ပြောရလျှင် ဒုက္ခနှင့် ကိလေသာ လျော့ပါးစေသော အလုပ်သည်သာ "အလုပ်" ဟုခေါ်ဆိုကြောင်းကို တိပိဋက ယော ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူပါသည်။
        တစ်ဘဝလုံး စားဝတ်နေရေးလောက်သာ လုပ်နေသူတို့၏ အလုပ်ကို "အရှုပ်" တွေလုပ်နေရသည်ဟု ခေါ်ဆိုနိုင်သည်။ ထိုသူတို့မှာလည်း ယခုဘဝ နောင်ဘဝတို့၌ ကြီးပွားနိုင်ရန် ခဲ့ယဉ်းလှပေသည်။
          တိရစ္ဆာန်များလည်း တစ်ခဏတာ တစ်ဘဝတာလောက်အတွက် ရှာဖွေစားသောက်တတ်ကြလို့ပင်ဖြစ်သည်။။

ပဋ္ဌာန်းအလင်းရောင် ဆရာတော်
ပါ ညောင်းတုန်းတိုက်
ဗဟန်း

Tuesday, April 9, 2013

ရှာသည်က သုခ၊ ရသည်က ဒုက္ခ

တကယ်တော့ လူသားတို့ရှာဖွေနေသည်က ချမ်းသာသုခ၊ တကယ်ရလာသည်သည်က ဆင်းရဲ ဒုက္ခသာဖြစ်သည်။ ထိုကြောင့် "ချမ်းသာတစ်ခု၊ မက်မောကမူကြောင့်၊ ပုပုရွရွ၊ ကြိုးပန်းကြလည်း၊ ဒုက္ခပင်လယ် ကျယ်ထက်ကျယ်သည်၊ အော်-- ရွယ်တိုင်းမမြောက်ပါတကား" ဟု မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
နောက်တစ်ခုက သွားလို ရောက်လိုသည်က နိဗ္ဗာန်ပင်၊ သို့သော် ထိုနိဗ္ဗာန်ဆီသို့ ပါးစပ် စိတ်ကူး များဖြင့်သာ သွားရောက်နေကြပြီး၊ လက်တွေ့ အကျင့်မဂ္ဂဖြင့် မသွားသော် မရောက်နိုင်ကြပါ၊ တကယ် ရောက်ရသည်က နိဗ္ဗာန်ဆီသို့ သွားရင်း သုသာန်သို့သာ ရောက်ကြရသည်။
ထို့ကြောင့် ပကတိခြေ ဈာန်အဘိညာဉ်စက်တပ်ယာဉ်တို့ဖြင့် နိဗ္ဗာန်သို့ မရောက်နိုင်၊ မဂ်ညာဏ်ဖြင့်သွားမှသာ ရောက်နိုင်ကြောင်းကို ဘုရားရှင်က
"ဂမနေန န ပတ္တဗ္ဗော၊ လောကဿန္တော ကုဒါစနံ။ န စ အပ္ပတွာ လောကန္တံ၊ ဒုက္ခာ အတ္တိ ပမောစနံ" ဟု မိန့်ခဲ့ခြင်းဖြစ်သည်။
ပဋ္ဌာန်းအလင်းရောင်ဆရာတော်
(ပါ) ညောင်တုန်းတိုက်

Saturday, April 6, 2013

ရန်လိုလျှင် ရန်ပိုတတ်၍ ရန်မလိုမှ ရန်ပြိုသည်။

ရန်လိုလျှင် ရန်ပိုတတ်၍ ရန်မလိုမှ ရန်ပြိုသည်။

ဤစကားသည် ဘုရားရှင်ဟောကြားခဲ့သော စကားတော်ပင်ဖြစ်သည်။

န ဟိ ဝေရေန ဝေရာနိ၊ 
သမ္မန္တီဓ ကုဒါစနံ။ 
အဝေရေနစ သမ္မန္တိ၊
ဧသ ဓမ္မော သနန္တနော။
မြန်မာပြန် "ဤလောက၌ ရန်တို့သည် ရန်တုံ့မူသဖြင့် ဘယ်သောအခါမှ မငြိမ်းကုန်၊ ရန်မတုံ့မူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏။ ဤသဘောတရားသည် ရှေးသူဟောင်းတို့၏ သဘောတရားပေတည်း" ဟု ဟောတော်မူခဲ့သည်။

မှတ်ချက်- ဤစကားသည် - ကမ္ဘာကျော် လူကြိုက်များသော စကားတစ်ခု ဖြစ်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

     ဘုရားရှင်က ဆက်လက်၍ ရှေးအခါက ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်အမည်ရှိသော ကာသိမင်းတစ်ပါးရှိ၏။ ထိုမင်းကား ချမ်းသာကြွယ်ဝ၏။ များသောစစ်သည် ဗိုလ်ပါလည်း ရှိ၏။ ဒီဃီတိ အမည်ရှိသော ကောသလမင်းကား ဆင်းရဲ၍ နည်းသောဥစ္စာရှိ၏။ နည်းသော စစ်သည်ရှိ၏။ ဗြဟ္မဒတ် ကာသိမင်းသည် ဒီဃီတိကောသလမင်းနှင့် တိုင်းပြည်အားသိမ်းပိုက်ရန် စစ်ပြင်ဆင်စေသည်ကို ဒီဃီတိကောသလမင်းကြီး ကြားသိလတ်သော် မယှဉ်ပြိုင်နိုင်သည်ဖြစ်၍ ဗာရာဏသီပြည် အစွန်အဖျား၌ တိမ်းရှောင်ကာနေရ၏။
       ထိုစဉ် ဒီဃီတိကောသမင်းကြီး၏ မိဖုရားကြီးသည် သားတစ်ယောက်ဖွားလေသည်။ ဒီဃာဝု အမည်ရသည်။ ထိုသူငယ် အရွယ်ရောက်လတ်သော် ကာသိမင်း၏ ဘေးရန်မှ ကြောက်၍ ဒီဃာဝုအားမြို့ပြင်၌ နေစေပြီး အတတ်မျိုးစုံကို သင်စေရာ မကြာမီပင် အတတ်မျိုးစုံ တတ်မြောက်လေသည်။
         ဒီဃာဝုမင်းသားသည် အမိအဖတို့အား မတွေ့ရသည်မှာ ကြာပြီးဖြစ်၍ ဗာရာဏသီပြည်သို့ ဝင်စဉ် ကြိုးဖြင့်လက်ပြန်တုပ်နှောင်လျက် ခေါင်းတုံးရိတ်ပြီးလျှင် ပြင်းစွာမြည်သော ထက်စည်ကိုတီးကာ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့၊ လမ်းစုံတစ်ခုမှ လမ်းစုံတစ်သို့ ဆွဲရုံးဆောင်ယူလာသော သွေးများအလိမ်းလိမ်း ပေကျံနေသော အမိအဖတို့အား တွေမြင် လိုက်ရသည် ဖြစ်၍ စိတ်အလွန်ထိခိုက်သွားသည်။ တစ်စုံတစ်ခု စိတ်တွင်ခံစားရကာ မျက်ရည်ဝဲလျက် အံကိုကြိတ်ထားသည်။
    လူအုပ်ကြားတွင် ရှိနေသော သားဖြစ်သူကို ဖခင်ဖြစ်သော ဒီဃီတိကောသလမင်းကြီးသည် သေသေချာချာ မြင်လိုက်ရသည်ဖြစ်၍ နောက်ဆုံးဖခင်၏ အမွေလည်းဖြစ် နောက်ဆုံး စကားလည်းဖြစ်၍ သားဖြစ်သူ ဒီဃာဝုအား အရေးတကြီးမှာကြားစရာ အလွန်အဖိုးတန်သော စကားသုံးခွန်းကို မှာကြားခဲ့သည်။။
             ဒီဃာဝုသည် သေဆုံးခဲ့ပြီဖြစ်သော မိဘတို့အား မိးသဂြိုဟ်ပြီး လက်အုပ်ချီကာ ကန်တော့ခဲ့သည်။ ဆင်းထိန်းအကူအညီဖြင့် ရှင်ဘုရင်ထံ ဆည်းကပ်ခွင့်ရသည်၊ ကာသိမင်းသည် ဒီဃာဝုကိုခေါ်ဆောင်ကာ ရထားဖြင့် သမင်လိုက်ရန် သမင်တောသို့ သွားခဲ့၏။ ဒီဃာဝုသည် ရထားကို အခြား စစ်သည်များ လမ်းသို့ မလိုက်ပဲ နောက်လမ်းတစ်ခုသို့ မောင်းနှင်ခဲ့သည်။ ကာသိမင်းသည် အဝေးသို့ရောက်သော် ရထားကို ရပ်နားစေကာ ပင်ပန်းလှသည်ဖြစ်၍ ဒီဃာဝု၏ ရင်ခွင်ထဲ၌ အိပ်စက်နားနေခဲ့၏။
       ဒီဃာဝုသည် လက်စားခေရန်အတွက် စောင်ဆိုင်းခဲ့သည်မှာ အသင့်တော်ဆုံး အချိန်သို့ ရောက်ခဲ့လေပြီတည်း။  သူသည် ရင်ခွင်ထက်၌ အိမ်မောကျနေသည့် ကာသိမင်းအား သတ်ရန် သန်လျက်အိမ်မှ သန်လျက်ကို ထုတ်လိုက် သွင်းလိုက် ပြုလုပ်နေသည်မှာ သုံးကြိမ်ပင်ရှိခဲ့၏။ ဖခင် မှာကြားခဲ့သော အသံကို ကြားယောင်နေသောကြောင့်ပင်ဖြစ်သည်။ 
     ထိုအဖြစ်ကို အိပ်မောကျနေသော ကာသိမင်းလည်း အိပ်မက်ထဲ၌ ငါ့ကို ဒီဃီတိမည်သော ကောသလမင်းကြီး၏ သားဖြစ်သော  ဒီဃာဝုမင်းသားက သန်လျက်ဖြင့် လိုက်သောကြောင့် ပြေးရသည်ဟု မြင်မက်သည်။ ထိုကြောင့်ပင် ကြောက်ရွှံထိတ်လန့်စွာဖြင့် အဆောတလျင်နိုးထ၏။
     ထိုစဉ် ဒီဃာဝုမင်းသားက ကာသိမင်းကြီး၏ ဦးခေါင်းကို ဝဲလက်ဖြင့်ကိုင်၍ လက်ျာလက်ဖြင့် သန်လျက်ကိုကိုင်ကာ ကာသိမင်းကြီးကို "အရှင်မင်းကြီး ဒီဃီတိ အမည်ရှိသော ကောသလမင်း၏ သားဖြစ်သော ဒီဃာဝုမင်းသားသည်ကား ငါပင်တည်း၊ သင်သည် ငါတို့၏ အကျိုးမဲ့ကို များစွာပြု၏၊ သင်သည် ငါ၏ အမိအဖတို့ကိုလည်း သတ်၏၊ စည်းစိမ် ဥစ္စာ တို့ကိုလည်း လုယူဖျက်ဆီး၏၊ ယခုအခါသည်ကား ငါ ရန်တုံ့မူရမည့်အခါတည်း" ဟု ပြောဆိုသည်။ 
  သို့သော်လည်း ကာသိမင်းနှင့် ဒီဃာဝုတို့ အပြန်အလှန် ရန်တုံ့မမူကြရန် ကတိသစ္စာပြုကာ ငြိမ်းချမ်းရေးယူခဲ့ပြီး ကာသိမင်းသည် ဒီဃာဝု၏ ဖခင်မှာခဲ့သော စကားသုံးခွန်း၏ အဓိပ္ပါယ်ကို မေးသည်ရှိသော်-------

ဒီဃာဝုမင်းသားက--
(၁) "အရှည်ကို မကြည့်လင့်" ဟူသော စကား၏ အဓိပ္ပါယ်မှာ--
"ရှည်မြင့်စွာ ရန်ကို မပြုလင့်" ဟု ဆိုလိုပါသည်။
(၂) "အတိုကိုလည်း မကြည့်လင့်" ဟူသော စကား၏ အဓိပ္ပါယ်မှာ--
"အဆွေခင်ပွန်းတို့နှင့် လျင်မြန်စွာ မိတ်မပျက်စေလင့်" ဟု ဆိုလိုပါသည်။
(၃) "ရန်တုံမူသဖြင့် ရန်တို့မငြိမ်းကုန် ရန်တုံ့မမူမှသာ ရန်တို့သည် ငြိမ်းကုန်၏" ဟု မှာထားခဲ့သော စကားသည်ကား-- "အရှင်မင်းကြီးသည် ကျွန်ုပ်၏ မိဘတို့ကို သတ်၍၊ ကျွန်ုပ်သည် အရှင်းမင်းကြီးကို တစ်ဖန်ပြန်၍ သတ်ငြားအံ့၊ သင်မင်းကြီး၏ အကျိုးကို အလိုရှိသောသူတို့က ကျွန်ုပ်အား ပြန်လည်း၍ သတ်ရာ၏၊ ကျွန်ုပ်၏ အကျိုးကို အလိုရှိသော သူတို့က တစ်ဖန် ထိုသူတို့ကို ပြန်လည်းသတ်ကုန်ရာ၏။ ဤသို့သတ်သည်ရှိသော် ထိုရန်တို့သည် မငြိမ်းနိုင်ကုန်ရာ" ဟု ပြောကြားလေသည်။။။။
               ထိုသို့လျောက်ထားချက်ကို သဘောကျသော ကာသိမင်းသည် "ဤဒီဃာဝုမင်းသားသည် အလွန်ပညာရှိ၏၊ အဖ မှာခဲ့သော အကျဉ်းချုပ်စကား၏ အဓိပ္ပါယ်ကို အကျယ်အားဖြင့်သိပေ၏" ဟု ဝမ်းသာစွာဖြင့် ဒီဃာဝုအဖေပိုင်ဆိုင်ခဲ့သော တိုင်းပြည်နှင့် ဥစ္စာပစ္စည်းအားလုံးကို ပြည်လည်းပေးရုံမျှမက သမိးတော်နှင့် ထိမ်းမြားကာ လက်ဆက်ခဲ့၍ နောင်တွင် နှစ်ပြည်ထောင်လုံးကို အုပ်စိုးရသော မင်မြတ်တစ်ပါးပင် ဖြစ်လာရသည်။
                ထိုသို့ဖြစ်ရခြင်းသည် ဒေါသ အာဃာတဖြင့် တုံ့ပြန်ရမည့်အချိန်၌ အောင်နိုင်ရန် အလွန်ခက်ခဲ့လှသည့် ဒေါသကို အောင်နိုင်ခြင်း၏ အမှတ်လက္ခဏာအဖြစ် နှလုံးသားတစ်ခွင် စိတ်အစဉ်ဝယ် အေးမြကြည်လင်သော မေတ္တာရေစင်တို့ တသွင်သွင် စီးဆင်းနိုင်ခြင်း၏ အကျိုးတရားပင်ဖြစ်သည်။ 
                    ထို့ကြောင့်  "ရန်မလိုမှ ရန်ပြိုသည်"
ပဋ္ဌာန်းအလင်းရောင် ဆရာတော်
ဝိဇယသိင်္ဂီကျောင်းနာယက 
ပါဠိတက္ကသိုလ် ညောင်တုန်းတိုက်
ဗဟန်း ရန်ကုန်


ကျမ်းကိုး = ဝိနည်းမဟာဝဂ်
            =  ဇာတက နဝက နိပါတ်
            =ဓမ္မပဒအဋ္ဌကထာ




Thursday, January 24, 2013

ဗုဒ္ဓဂါယာ ရောက်သည့်ခါဝယ် (သတ္တဌာန ဘုရားရှိခိုး)

20.12.2012 ရက်နေ့က မြတ်ဘုရားအဆူဆူ ပွင့်တော်မူသည့် ဗုဒ္ဓဂါယာ မြေမြတ်မဟာသို့ ကြောင်းညီညွတ်၍ ရောက်ခဲ့ပြီး၊ မြို့ဒေလီမှ လှမ်းခဲ့သည်။ သက်တော်ထင်းရှား မြတ်ဘုရားအား အခွင့်မတော် မဖူးမျော်လည်း ရောက်သည့်အခိုက် အာရုံစိုက်၍ ပုံတော်အတွင်း ဂုဏ်တော်သွင်းခါ ယုံကြည့်မြတ်နိုး ဖူးခဲ့ပြီး။ ငါ့အားကြည့်ဖြူ လှူဒါန်းသူနှင့် မလှူသူများ ခွဲမခြားဘဲ မေတ္တာများလည်း ပို့ခဲ့သည်၊  နိဗ္ဗာန်အောင်မြို့ လှမ်းဖို့ရည်၊ ဗောဓိဉာဏ်ဖြင့် ဆွတ်ခူးမည်။
                                ဗုဒ္ဓဂါယာ မြေမြတ်မဟာကို ရောက်စဉ်ဝယ် အားလုံးသောကျေးဇူးရှင် မိဘဆရာသ္မား တို့ကို သတိရမိသည်၊ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရား (အိန္ဒိယပညာသင်စပွန်ဆာ)၊ တိပိဋကဓရ ယောဆရာတော် (ဥပဇ္ဈာယ်ဆရာ)၊ ညောင်းတုန်းဆရာတော်၊ ငယ်ဆရာဖြစ်သော အရှင်ကောသလ္လ (ဇလွန်) စသည့် စာချဆရာတော်များနှင့် ဆွမ်းဒကာ ဆွမ်းအမ ရဟန်းဒကာ ရဟန်းအမ၊ အသိအကျွမ်း မိတ်ဆွေ ညီအကို မောင်နှမ၊ တပည့်သူငယ်ချင်းအားလုံးကိုဖြစ်သည်။ သတိထားမိသည်တစ်ခုကား ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးသည် ဗုဒ္ဓဂါယာ ရောက်ဖူးသည်ဟု မကြားဖူးပါ၊ (ရောက်ဖူးကောင်း ရောက်ဖူးပါလိမ့်မည်)။ ဥပဇ္ဈာယ်ဆရာတော်ဖြစ်တော်မူသော ယောဆရာတော် လုံးဝလုံးဝ မရောက်ဖူး။ အောက်ပါ သတ္တသတ္တာဟ ဘုရားရှိခိုးကြီးကို ပြုစုရေးသားခဲ့သော လယ်တီဆရာတော် ရောက်ဖူးသည့်ဟု မကြားမိ။ ဘာသာဋီကာကျမ်းပြုအကျော် တောင်မြို့ဆရာတော်ကမူ (ဓမ္မဂုတ်။ ။ ဥုးဇနကရေ……ကိုယ်တော်ရဲ့ စိတ်ထဲမှာ လူ့ပြည်လောကကို သဘောကျတာတော့ ကျသင့်ပါပြီ၊ လူ့ပြည်လောကမှာ တိုင်းပြည်နိုင်ငံတွေ အများအပြားရှိပါတယ်၊ ဘယ်တိုင်းပြည်ကို သဘောအကျဆုံးပါလဲ။

တပည့်တော် ။ ။ ဒါကတော့ အရှင်းသားဘဲ ဘုရား၊ ကုသိုလ်ရရေး ပါရမီအရေးနှင့် စဉ်းစားလ
ျှင်တော့ အမိမြန်မာနိုင်ငံကို သဘောအကျဆုံးဖြစ်နေမှာပေါ့။

ဓမ္မဂုတ်။ ။ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ တရားတော်များပြန့်နှံ့တဲ့ နိုင်ငံတွေအများသားဘဲ, ဘာ့ကြောင့် မြန်မာနိုင်ငံကို ပို၍ သဘောကျရသလဲ။

တပည့်တော်။ ။ ဗုဒ္ဓမြတ်စွာရဲ့ သုတ္တန် ဝိနည်း အဘိဓမ္မဆိုတဲ့ ပိဋက ၃ ပုံတွင် သုတ္တန်ကိုတော့ အခြားနိုင်ငံ၌ တော်တော် လိုက်စားကြ,တော်တော်လဲ ကျွမ်းကျင်ကြပုံ ရပါထယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံက ဆရာတော်များထက်မသာပါဘူး၊ အဘိဓမ္မာနှင့် ဝိနည်းအရာ၌ ကျွမ်းကျင်မှုမှာတော့မြန်မာ ဆရာတော်များကို အမှီပါဘူး။

ဓမ္မဂုတ်။ ။ ကိုယ်တော်က အခြားနိုင်ငံတွေကို ရောက်ဘူးလို့ ဒီလို ကောက်ချက်ချနိုင်တာလား။

တပည့်တော်။ ။ မရောက်ဘူးပါဘူး, ဒါပေမဲ့ “အသွေးမြင်တော့ အသွင်သိ,အပွေးမြင်တော့ အပင်သိ” ဆိုတာလိုပေါ့ဘုရား၊ ဆဋ္ဌသံဂါယနာ ကိစ္စတုန်းက “နိုင်ငံခြားမှ ကြွလာကြတဲ့ ဆရာတော် သံဃာတော်များနှင့် တွေ့ရလို့ စာပေရေးရာ ဝိနည်းသိက္ခာကို သိနိုင်ခွင့်ရပါတယ်၊ တပည့်တော် ကိုယ်တိုင် မရောက်ဘူးပေမဲ့ တပည့်တော်ရဲ့ ကျေးဇူးရှင်များ ဖြစ်တော်မူကြသော အဘယာရာမ ဆရာတော်နှင့် မြောင်းမြ ဆရာတော်တို့က ရောက်ရုံတွင် မက,အတော်ကြာကြာ သီတင်းသုံးတော်မူခဲ့ကြလို့ ထိုနိုင်ငံက အကြောင်းတချို့ကို ရောက်ဖူးသလောက်နီးနီး သိပြီးဖြစ်နေပါတယ်။
  ) အထက်ပါ စာပိုဒ်အရ ရောက်ဘူးသည်မထင်။ စာပေ ပရိယတ္တိအကျော် ဆရာတော်ကြီးများ ဗုဒ္ဓဂါယာသို့ အဘယ်အကြောင်းကြောင့် မရောက်ကြသနည်း၊ မလာကြသနည်း၊ သူတော်ကောင်းကြီးများ၏ နှလုံးသွင်း သဘောထားကို သိလိုက်ချင်ပါဘိ။ ဒီအကြောင်းတွေကို ဘုရားဖူးဦးဆောင်လိုက်ပို့ပေးသော သူငယ်ချင်းတစ်ယောက်အား ပြောမိခဲ့သည်။ ချက်ချင်းပင် ထိုအရှင်မှ မှတ်ချက်ပေးခဲ့သည်။ (((တပည့်တော်တို့လည်း ဘုရားရှင်ပွင့်တော်မူခဲ့သည်နေရာ ဟူသော အသိနှင့် ရှိခိုးပူဇော်ရတာပါ။ တပည့်တော် စိတ်အရှိအတိုင်းပြောရရင် မြန်မာပြည်က ရွှေတိဂုံ စေတီတော်ကြီးကို ပူဇော်ရတာလောက် တပည့်တော် အားမရဘူးဘုရား၊  မြတ်စွာဘုရား သက်တော်ထင်းရှား ရှိစဉ်အခါကိုသာ အာရုံပြုပြီး ပူဇော်ပါဘုရား))) အော် ငါ့ တစ်ယောက်သာ အန္ဓပုထုဇဉ်မဟုတ်၊ ငါ့အားလမ်းညွန်နေသူလည်း ပုထုဇဉ် အစိမ်းကြီးပေကို ဟုသာ နှလုံးသွင်းခဲ့ရတော့သည်။
                   မစ္ဇျိမဒေသ ဗုဒ္ဓဂါယာ မြေမြတ်မဟာသည်ကား ယခု လက်ရှိအခြေအနေဖြင့် ပြောရပါမူ အိန္ဒိယနိုင်ငံ၏ အဆင်းရဲဆုံးသော ဒေသ တစ်ခုဖြစ်တော့သည်။ ဖုန်းတောင်းယာစကာတို့ ပေါများသည်။ ဒေသခံတို့ ပြောပြချက်အရ သူခိုး ဓါးပြ လူဆိုး လူမိုက် တို့လည်း   ပေါများသည်ဟူ၏။
                    ဘုန်းတော်ကြီးကျောင်းများ ပေါများရာ ပြည်နယ်ဖြစ်သောကြောင့် ဗီဟာ (ဝိဟာ)ပြည်နယ်ဟု ခေါ်သည်ဟူ၏။ ယခုအချိန်အခါသည်ကား အနည်းငယ်သော ဗုဒ္ဓဘာသာ ဦးရေကိုသာ တွေရပေမည်။ ရှင်တော်ဘုရား သက်တော်ထင်းရှား ချိန်ခါကာလ သမယလို့ မဟုတ်တော့မည်မာ ဧကန်မုချပင်။ မဟာဗောဓီစေတီတော်နှင့် မဟာ ဗောဓိညောင်ပင်သည် သဒ္ဓါတရား အားကောင်းကြသော မြန်မာပြည်၌ ရှိခဲ့ပါမူ၊ ယခုလို ပုံစံရှိနေမည်မဟုတ်၊ ရွှေရောင်တစ်ဝင်းဝင်းနှင့် ရွှေတိဂုံစေတီတော်ကြီးအလား ရှိပေမည်။ အဘယ်ကြောင့်ဆိုပါသော်၊ ဂျပန် ကိုးရီးယား ဗီယာက်နာမ် စင်္ကာပူ တို့လိုချမ်းသာသော နိုင်ငံများမှ ဗုဒ္ဓဘာသာဘုရားဖူးတို့သည် နေစဉ်နှင့်အမျှ လှူဒါန်းနေသည်ကို တွေခဲ့ရသည်။ မြန်မာ ထိုင်းစသော ဘုရားဖူးအဖွဲ့တို့သည်လည်း ရွာဦးက စေတီကိုတော့ လှူခြင်မှ လှူကြပေမည်၊ ပူဇော်ဖြစ်မှ ပူဇော်ကြပေမည်၊ မဟာဗောဓိစေတီကိုကား အထွဋ်အမြတ်ထား လှူခဲ့ကြသည်၊ ပူဇော်ခဲ့ကြသည်ချည်း။ သို့ပါသောကြောင့် လည်းကောင်းကုသိုလ်ရှင်များ၏ ကုသိုလ်တို့သည် ဘယ်ရောက်သွားသနည်း၊ အဘိဓမ္မာ သဘောအရ ပြောရပါမူ ကုသိုလ်ရှင်တို့ စေတနာသည်ကား ၄င်းတို့ သဏ္ဍာန်ဝယ် အချိန်အခါရောက်က ဖူးပွင့်ကြဖို့ ကမ္မသတ္တိအဖြစ်ဖြင့် ကျန်ခဲ့ပေမည်။ သို့သော် သို့သော် ယောနိသော မနသီကာရ မထားတတ်သော ကိုရင်အာယု အဘို့မူကား -- အသပြာခေါ် ဒေါ်လာရူပီး မန်းနီတို့သည် ဘယ်နေရာ ဘယ်ဒေသမှာ အကျိုးရှိလေသနည်း၊ သည်ကိစ္စနှင့် ပတ်သက်ပြီးတော့လည်း သူတော်ကောင်းကြီးများ၏ စိတ်နေသဘောသည် ဘယ်သို့ ရှိလေမည်နည်း။ သိလို့ပါ၏။

ဗုဒ္ဓဂါယာသို့ ရောက်ဖူးသည်ဟု မကြားခဲ့ဘူးသော လယ်တီဆရာတော်ဘုရားကြီးသည် ကျမ်းဂန်ပါဠိတို့ မှ ထုပ်နုတ်ခါ  အောက်ပါ ဘုရားရှိခိုးကို ရေးသားခဲ့ပေသည်။ ကြည်ညိုကြစို့လား-----



 ၁။ ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်။  ။ ပညိနြေ္ဒ၊ ချွေရာမှန်ဘိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်းအံ့လောက် မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင့် ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက် ဖွဲ့ခွေလျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစမ္ပယ်သည်။   ။ ဘုန်းကြွယ် လက်ဦးဘွယ်ပေကို။။ 


၂။ နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန် ပလ္လင်ပျံမှ၊ ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တမ်းစက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည်။   ။ကြည်လင်ညွတ်နူး ဘွယ်ပေကို။




၃။ သုံးကြိမ်မြောက်ထ သတ္တဟတွင်၊ ဗောဓိပင်မှ၊ မြောက်ခွင်ဥတ္တရာ၊ စင်္ကြံသာ၌၊ လူးလာတုံ့ခေါက်၊ ကြွချီလျှောက်၍၊ ဘုန်းတောက်ဘုရား ပျော်စံစားသည်။ တရားဆင်ခြင်လျက်ပေကို။



 ၄။ လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင့် ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက်ဘွယ်ရာ၊ ရတနာ ရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဘန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်သည်။    ။ ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။


၅။ ငါးကြိမ်းမြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ ရှေ့ခွင်ပုဗ္ဗာ ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်း ညောင်၌၊ ဘုန်းခေါင်ပရမေ၊ စမ္ပါယ်နေသည်။   ။ ရိုသေမြိတ်နိုး ဘွယ်ပေကို။



၆။ ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင် အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညိုပြည့်လျှမ်း၊ ကြာပန်းညွတ်ရုံ၊ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စမ္ပယ်နေသော်၊ မိုးလေထန်ပြင်း သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်ဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်းကာမိုးသည်။ ရှေးရိုး သမ္ဘာတော်ကြောင့်ကို။

၇။ ခါသတ္တမ၊ သတ္တဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ျာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ်တွင်၊ လင်းလွန်းပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည်။ ကြီးမားဉာဏ်တော် ဘွင့်လို့ကို။

ထိုးခုနစ်ပါး၊ အရပ်များကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ဝန္ဒနာမာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး ကျွန်ရှိခိုးသည်။    ။ ကောင်းကျိုးခပ်သိမ်း ပြည့်စေသောဝ်။။။။။။။။

ကျေးဇူရှင် ဆရာတော်ကြီးများ၏ ဂုဏ်ကို အာရုံပြုလျက်--- 
ကိုရင်အာယု (မန်းသီတဂူ)