တဇေယုံ ချောင်တွေ မြှောင်တွေ မြန်းခဲ့ရတော့၊ ရွှေတိဂုံတောင်ခြေ ခပန်းတွင်မှ၊ ညောင်သပြေ ပန်းတွေနှင့် သွန်းသနဲ့၊ ကသိုဏ်းရေဗြဟ္မစိုရ်၊ (ကွယ်တို့ရယ်) အောင်မြေဘဟန်းဆီသို့ လွန်းရဲ့ မှိုင်းရွှေကိုယ်။။
ကောလိပ်အပျက်တွင် ဇောစိတ်လက် ဆရာ မရွှင်သနဲ့၊ အညာတခွင် တခါလှည့်ခဲ့ပြီး၊ ညာတိအခြေအနေ ဂုဏ်မသေးပေတဲ့၊ ဇာတိမြေ အလုံကျေးပေပေါ့၊ မုံရွေးမှာ တနွေကြာတော့၊ ဇေယျာသူ ကောသာတို့ ပင့်ပေသမို့၊ အခွင့်ကြုံရာ တွယ်ရော့မကွဲ့လို့၊ ပုညစွယ် တောင်ခါးပန်းတွင်မှ၊ အောင်ပန်းကဗျာ ဂီတတို့နဲ့၊ ရှောင်လမ်းယာယီသာဘို့လို့၊ ဆရာသည်တဝါမှာ ပါရမီ မာလာကလေးတို့ရဲ့ပြင်၊ ဆေးပေးမီးယူ (၂)ကျိပ်ကျော်မျှတွင်မှ၊ အနှိပ်တော်ဒကမတွေ စံညီညာနှင့် ယမုန်သီတာ တောင်ခြေဝိုင်းပေတဲ့၊ ဘုံသီဟာ အောင်မြေကသိုဏ်းတွင်မှ၊ (အမယ်မင်း) သမိုင်းအလျောက် တဂိုဏ်းတဂိုဏ်းမထောက်တဲ့ ကြောက်ဖွဲ့ပြည်ရွာ အရေးပေမို့၊ သြော်-- မိုင်းတစ်ယောက် အနှီတဝါမှာဖြင့် မအေးရပေဘု၊ (စန္ဒာရယ်) စစ်ကိုင်းချောက်ဆီက ဘွိုင်းကောက်ဋီကာရေး။။။
အစောင်စောင်ဋီကာကျမ်းတွေပြုခဲ့တဲ့၊ မန်းပြည်သူ့ဆရာ အကြံကုန်လို့မို့၊ ကံမဆုံ ရန်ကုန်က အထွက်တွင်မှ၊ သြော်---- အောက်မြို့ ပြန်ချင်ပေမဲ့၊ နောက်သို့တဖန် ရောက်ဖို့ရန်ကလဲ၊ ခက်မှာမို့၊ အသက်သခင်မစန္ဒာရဲ့ပြင်၊ အကျယ်သံသရာမှာ ဘယ်နံအခါမှ မမုန်းနိုင်တဲ့ ပြုံးပြုံးကလေး ဒေါ်ရွှေစိမ်းတို့နှင့်၊ အဖော်အရွေထိန်းကာ၊ တောင်တော်တက်ခဲ့ပြီး၊ ပြစ်ချက်အရာရာ သကသဘိအောင်ပ၊ ရှစ်မျက်နှာလက်ျာလှည့်ကြတဲ့၊ တပည့်မ ဝေနေယျာတို့နှင့်၊ စိစိငှငှသေသေချာချာပ၊ စေတနာဇောသဒ္ဓါ ဗလဝရယ်နှင့်၊ ကဝေဆရာ ယောဂါဝစရငယ်က၊ (အမယ်မင်း) တောအညာ ဒကမတွေနဲ့ ရဂုံမြန်ပေါ် တခွင်အသွားတွင်မှ၊ သြော်---- မနောပဏာမ ထောမနာသခဲ့ပါရဲ. (အို) သြကာသ သြကာသ သြကာသ ဒဂုံဆံတော်ရှင်းဘုရား။။။
သခင်ကိုယ်တော်မှိုင်း
သီတဂူဆရာတော်ကြီး၏ မှတ်တမ်းများမှ ကူးယူဖော်ပြပါသည်။
ကိုရင်အာယု (မန်းသီတဂူ)

No comments:
Post a Comment