Wednesday, January 14, 2015

သိကြားမင်းက လေးစားရသူများ

၁။ သီလနှင့် ပြည်စုံသော ရဟန်း
၂။ ကောင်းမူပြုသော လူ
၃။ ကိုယ်ကျင့်သီလရှိသော လူ
၎။ ရတနာသုံးပါးကို ဆည်းကပ်သော လူ
၅။ သမ္မာအာဇီဝ အလုပ်ဖြင့် သားမယားကို လုပ်ကြွေးသော လူ။

ထိုသူတို့အား မိုးသိကြားသည် နန္ဒဝန် ဥယျာဉ်သို့ မဝင်မှီ ၊ ဝေဇယန္တာပြဿဒ်မှ ဆင်းသက်ခါ ရှိခိုး ဦးတိုက်လေ့ရှိသည်ဟူ၏။

သဂါထာဝဂ္ဂပါဠိတော်။ သကသံယုတ်။ ဂဟဋ္ဌဝန္ဒနာသုတ်။
- ---- ---- --- -- --- -- -- -- -- -- -- -- - - - - -

ဓါတ်ပုံ - ပဝတီတောင်မှ မြင်တွေ့ရသည့် ပူနေးတောရ အနောက်ပိုင်း

Monday, January 12, 2015

သိကြားမင်း ဖြစ်လို့ပါသလား

သိကြားမင်းဖြစ်လို့သော် ဖြည့်ကျင့်ရမည့် အရာများ။

၁။ အသက်ထက်ဆုံး မိဘကို လုပ်ကျွေးခြင်း။
၂။ အသက်ထက်ဆုံး မိမိတို့၏ ဆွေမျိုးထဲမှ ကြီးသူတို့ကို ရိုသေခြင်း။
၃။ အသက်ထက်ဆုံး ချိချိုသာသာ ပြောဆိုခြင်း။
၎။ အသက်ထက်ဆုံး ကုန်းချောစကားကို မဆိုခြင်း။
၅။ အသက်ထက်ဆုံး ဝန်တိုခြင်းကင်းသော စိတ်ဖြင့် နေထိုင်ခြင်း။
၆။ လွတ်လွတ်ကျွတ်ကျွတ် ပေးကမ်း စွန့်ကြဲခြင်း။
၇။ အသက်ထက်ဆုံး မှန်ကန်သော စကားဆို၍ အမျက်မထွက်ခြင်းတို့ ဖြစ်ပေသည်။´


ထို့ပြင်၊ 
၁။ အစဉ်အလာကောင်းများကို ထိန်းသိမ်းခြင်းဖြင့် ပူဇော်ရမည်။
၂။ မိဘကို ပြုစုလုပ်ကြွေးခြင်းဖြင့် ပူဇော်ရမည်။
၃။ ဆရာသမားတို့အား လေးစားမြတ်နိုးခြင်းဖြင့် ပူဇော်ရမည်။
၎။ တစ်ပါး သူများကို လေးလေးစားစား ဆက်ဆံခြင်းဖြင့် ပူဇော်ရမည်။ 
၅။ အခြားသက်ရှိ သတ္တဝါတို့ နှင့် သဘာဝတောတောင်ရေမြေအား ထိန်းသိမ်း ပြုပြင် စောက်ရှောက် ကာကွယ်ခြင်းဖြင့် ပူဇော်ရမည်။

အထက်ပါအချက် တို့အား 
၁။ အားသွန်ခွန်စိုက် အားထုပ်ခြင်း
၂။ အဆက်မပြတ် မခိုမကပ် အားထုပ်ခြင်း
၃။ ကြာမြင့်စွာ အားထုပ်ခြင်း
၎။ ရိုရိုသေသေ အားထုပ်ခြင်း။ ဟူသော ဝိရီယ လေးပါဖြင့် အားထုပ်ပါက သိကြားမင်း ဖြစ်ပေလိမ်မည်။ 

(ဦးရွှေအောင် ဓမပဒ။ နာ ၃၆၀)

ကိုရင်အာယု ပူနေးတောရ 13.01.2015

Thursday, April 10, 2014

“သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းပါ”



 



“သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းပါ”
•••••••••••••••••••••••••••••••
မြန်မာတို့ပြောကြတဲ့ “သင်္ကြန်”ဆိုတာ “သင်္ကန္တပုဒ်”မှ
ဖြစ်ပေါ်လာတာပါ။ “သင်္ကန္တ”ဆိုတာ “ပြောင်းခြင်း”လို့
အဓိပ္ပာယ်ရတယ်။

ဒီကနေ့လူသားအများစုကတစ်နှစ်မှ တစ်နှစ်သို့
(နှစ်ဟောင်းမှနှစ်သစ်သို့) ပြောင်းတာကို သင်္ကြန်(သင်္ကန္တ)လို့ အဓိပ္ပာယ်ယူကြတယ်။သင်္ကြန်ရဲ့အဓိပ္ပာယ်ကို
အဲဒီလောက်ပဲ ဖွင့်ဆိုယူဆတာ မလုံလောက်ဘူး။

ဒီသင်္ကန္တပုဒ်ထဲမှာ လောကဓမ္မနှစ်ဌာနရှုထောင့်ကကြည့်လျှင်
မွန်မြတ်တဲ့ အဓိပ္ပာယ်တွေ အများရရှိနိုင်ပါတယ်။
♦ဥပမာ “လောဘ”ဆိုတာ တရားသဖြင့်ရော၊
မတရား သဖြင့်ပါ ရချင်ယူချင်တဲ့စိတ်ဖြစ်တယ်။
အဲဒါကို “အလောဘ”သို့ပြောင်းလိုက်လျှင်
“ပေးကမ်းခြင်း၊ဝေငှခြင်း၊ ထောက်ပံ့ခြင်း”ဆိုတဲ့
အကောင်းတရားတွေ ထွန်းကားလာမှာပေါ့။

♦“ဒေါသ”ဆိုတာ “သတ်ဖြတ်နှိပ်စက်တဲ့စိတ်ဓာတ်”ဖြစ်တယ်။
အဲဒီစိတ်ကို “မေတ္တာ”သို့ပြောင်းရမှာဖြစ်တယ်။
♦“မောဟ”ဆိုတာကတော့ အကြောင်းအကျိုး၊
အကောင်းအဆိုး၊ အမှားအမှန်ကိုမသိတတ်တဲ့
မိုက်မဲတွေဝေမှု (Delusion) ဖြစ်တယ်။
အဲဒီ(Delusion) တွေက အ၀ိဇ္ဇာပဲ။
အ၀ိဇ္ဇာလွှမ်း တဲ့ကမ္ဘာဟာ “အကန်းကမ္ဘာ”ပေါ့။
မြတ်ဗုဒ္ဓက “သစ္စာကိုမသိတဲ့ကမ္ဘာ”ဟာ
“အကန်း ကမ္ဘာ”လို့မိန့်တယ်။
အဲဒါကြောင့် “အ၀ိဇ္ဇာ”ကို “၀ိဇ္ဇာ”သို့ပြောင်းရမယ်။
အဲဒီပြောင်းခြင်းဟာ အကောင်းဆုံးသော၊
အမွန်မြတ်ဆုံးသောပြောင်းခြင်းမို့လို့
“ မွန်မြတ်တဲ့သင်္ကြန်အစစ်”ဖြစ်တယ်။

ရေလောင်းတာက အရေပြားပေါ်က
အညစ်အကြေးတောင် အကုန်မစင်ဘူး။
တိတ္ထိ၊ ပရဗိုဇ်တွေဂင်္ဂါနဲ့ယမုန်နာမှာ ရေစိမ်ကြတယ်။
ရေချိုးကြတယ်။ ကိလေသာကို ရေဆေးတယ်
လို့ပြောကြတယ်။
“ဘာကိလေသာ” အညစ်အကြေးမှစင်ကြယ်
သွားတယ်လို့ မရှိကြပါဘူး။

အဲဒါကြောင့် သင်္ကန္တဆိုတဲ့ ဒီစကားအရ
အမြတ်ဆုံး သောပြောင်းလဲခြင်းဖြစ်အောင်
လောဘကို ဒါနသံဝိဘာဂသို့လည်းကောင်း၊
ဒေါသကို မေတ္တာသို့လည်းကောင်း၊
အ၀ိဇ္ဇာကို ၀ိဇ္ဇာသို့လည်းကောင်း
ပြောင်းနိုင်အောင်ပြောင်းကြပါ။

အဲဒါ “တကယ့်သင်္ကြန်”အစစ်ပဲ။
သင်္ခတ ရုပ်၊ နာမ် အားလုံးတို့ဟာခဏတိုင်း
ပြောင်းလဲနေကြတယ်။
တစ်နှစ်မှ တစ်ခါ ပြောင်းတာမဟုတ်ဘူး။
အဲဒီသင်္ကန္တတရားတို့၏ခဏတိုင်းပြောင်းနေတာကို
မြင်အောင်ကြည့်နိုင်ကြလျှင် လူသားတွေဘဝ
ဒုက္ခမှ “သုခအစစ်”သို့၊ သန္ထိနှင့် ၀ိမုတ္တိသို့ ပြောင်းလဲ
ရောက်ရှိနိုင်ကြမှာဖြစ်ပါတယ်။
လူသားအားလုံး ပြုပြင်နိုင်ကြပါစေကုန်သတည်း၊
ပြောင်းလဲ နိုင်ကြပါစေ ကုန်သတည်း။

“အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့”

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
ဒေါက်တာအရှင်ဉာဏိဿရ (Ph.D,D.Litt) အဂ္ဂမဟာပဏ္ဍိတ၊
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်

သီတဂူပုံရိပ် (၄)

ဒေါက်တာအရှင် ရေဝတဓမ္မ ဗာရာဏသီတက္ကသိုလ်ကို အကြွ နာလန္ဒာတက္ကသိုလ် အကြောင်းဆောင်းပါးတွေလည်း ဟံသာဝတီသတင်းစာမှာ ခဏခဏပါလာတော့ နိုင်ငံခြား တက္ကသိုလ်မှာ ပညာသင်တဲ့ တက္ကသိုလ်ကျောင်းသားဖြစ်ချင် တဲ့စိတ်တွေက တလိမ့်လိမ်ပေါ်ပေါက်ခဲ့ရတယ်။
ဒါပေမဲ့ အလယ်တန်းမှာ ပညာသင်နေဆဲ (၂) ဝါရတဲ့စာသင် သား အင်္ဂလိပ်စာကို တိတ်တဆိတ် ခိုးဝှက် ဖတ်နေရတဲ့ဘဝမှာ အင်္ဂလိပ်စာတတ် နိုင်ငံခြားသာသနာပြုဘုန်းကြီးရဲ့  အိမ်မက်က လေးဟာ မှေးမှေးမှိန်မှိန်ကလေးပဲ ဖြစ်နေခဲ့ပါတယ်။ ရွှေတောင်ဦးဟန် (သီတဂူ) ကို ဦးသီဟကြီးက အိန္ဒိယကပြန်လာတော့ စန္ဒကူးပုတီးသေးသေးလေးတစ်ကုံး လက်ဆောင်ပေးပါတယ်။
ရန်ကုန်မြို့ ဒါလဟိုစီလမ်းက ရွှေတောင်ဦးဟန် (ယနေ့ သီတဂူဦးဟန်) ၏ ဦးဘမှီ ကုမ္ပဏီဟာ ဤယနေ့  ဤကမ္ဘာ ဤမြေကြီးပေါ်မှာ နာမည်မျှသာခပ်ရေးရေး ကျန်ရစ်ပါတော့တယ်။ ညစဉ်ညတိုင်း မာတိကာ ဓာတုကထာ အရကောက်များ အမှောင်ထဲမှာ လက်တွဲရွတ်ဖတ်သရဇ္ဈာယ် အသိဥာဏ် ဖလှယ်ခဲ့ရတဲ့ ဦးစန္ဒောဘာသဟာ ရွှေတောင် မှာကျောင်းထိုင် လျက်ရှိနေ တော့ မကြာမကြာပြန်တွေ့ ကြတဲ့အခါ ၊ တောရွာကျောင်းက လေးမှာ ပိဋကတ်စာပေတွေဖတ် တရားနှလုံးကျင့်သုံးရင်း အေးချမ်း စွာနေနေတာတွေ့ရလို့  ကြည်နူးဝမ်းသာရပါတယ်။
တာမွေသိမ်ကုန်းကျောင်းတိုက်မှာ ပထမငယ်တန်းအောင် ပါတယ်။ သိမ်ဖြူလမ်းသိမ်ကုန်းတိုက်မှာ အလတ်တန်းနှင့် အကြီးတန်း အောင်ခဲ့ပါတယ်။ ကျေးဇူးရှင် သိမ်ဖြူသိမ်ကုန်းတိုက် ရဲ့ တိုက်အုပ် တိုက်ကြပ် ဆရာတော်များလည်း ပျံလွန်တော်မူသွားကြပါပြီ။
အဲ့ဒီသိမ်ကုန်းတိုက်မှာ စာသင် သားဘဝနဲ့  (၂) နှစ်နေ တော့ ရခိုင်ဦးဝဇိရဉာဏဆိုတဲ့ စာသင်ဖက် သူငယ်ချင်းတစ်ပါးဟာမြန်မာစာပေ ခေတ်စာပေ ရာဇဝင် သာသနာဝင် နိုင်ငံရေးစာပေတွေကို တစ်နေ့ လုံး
တစ်ညလုံးလောက် နီးနီးဖတ်တယ်။ ပိုက်ဆံငါးကျပ် တစ်ဆယ်ခါးညှပ်ပြီး ဖရေဆာလမ်း မောင်ဂိုမာရီလမ်း တစ်လျှောက် ပလက်ဖောင်းတွေပေါ်က စာအုပ်အဟောင်းဆိုင်တွေမှာ တစ်မတ် တစ်ကျပ်နှင့် စာအုပ်အဟောင်းကလေးတွေ မွှေနှောက်ပြီး စာအုပ်ဝယ်ရတဲ့ ညနေခင်းလမ်းလျှောက်ထွက်ရတဲ့ ဘဝကလေးဟာ စာပေသမားတစ်ယောက်ရဲ့  ဘဝအစပဲလားလို့  တွေးစရာဖြစ်ပါတယ်။ ဦးဝဇီရ နောက်ကလိုက် သူနဲ့ အတူ စာအုပ်အ ဟောင်းတွေဝယ် ၂ နှစ်လောက်အတွင်းမှာ စာအုပ်တွေ ၁၀၀၀ နီးပါးလောက် စုမိတယ်။ အ ဟောင်းတွေချည်းပါပဲ။ အဲ့ဒီစာအုပ်တွေသိမ်းထားတာ ဒီနေ့ ဗုဒ္ဓတက္ကသိုလ် စာကြည့်တိုက်မှာ တော်တော်များများရှိနေပါသေးတယ်။



တောင်တွင်းကြီး ဦးဥက္ကဋ္ဌရဲ့ လူသေလူဖြစ် ဗုဒ္ဓအဘိဓမ္မာ၊ သခင်ဘသောင်းကြီးရဲ့ တစ်ထောင့်တစ်ညပုံပြင်၊
ဆရာကြီးဦးဘိုးမြတ်နှင့် ဦးသာမြတ်တို့ ရဲ့ ပုဂံအ ကြောင်း၊  ဆရာကြီး ဦးဇေယျရဲ့ မြန်မာ့မျက်ပွင့်၊ ဦးနုရဲ့ ငါးနှစ် ရာသီဗမာပြည်၊ သိန်းဖေမြင့်ရဲ့ အရှေ့ နေဝန်းထွက်သည့်ပမာ၊  ရွှေဥဒေါင်းရဲ့ ဘဝတစ်သက်တာမှတ်တမ်း၊
လူထုဦးလှရဲ့ လှောင်ချိုင့်အတွင်းမှ ငှက်ငယ်၊ ဟံသာဝတီဦးဘခင်ရဲ့ နိုင်ငံခြားသာသနာပြုအသင်း စတဲ့ စာအုပ်တွေဟာ ဘုန်းကြီးရဲ့ ခေါင်းအုံးဘေးဝယ်ယာမှာ ခေါင်းအုံးနဲ့ အတူရှိနေတဲ့စာအုပ်တွေပါပဲ။ ဘုရားဖြူ
ဆရာတော်ရဲ့ သာသနဗဟုသုတပကာသနီ၊ တာင်မြို့ ဆရာတော်ရဲ့ ကိုယ်ကျင့်အဘိဓမ္မာ၊ ရတနာဂုဏ်ရည်၊ လယ်တီပဏ္ဍိတရဲ့ သာဓုသုန္ဒရီယက်လှဲတရားစာ အစရှိတဲ့ သာသနိကစာအုပ်တွေ လယ်တီဆရာတော်ဘုရားကြီး၏ လန်ဒန်ပါဠိဒေဝီပုစ္ဆာ အမေး အဖြေ စာအုပ်တွဟာ၊  စောစောက ပြောတဲ့စာအုပ်ပုံကြီးရဲ့ အထက်မှာရှိတဲ့ စာအုပ်တွေပဲပေါ့။
သိမ်ကုန်းကျောင်းတိုက်(ဘီလူးမဈေးအနီး) ဟာ စည်းကမ်းကောင်းတယ်။
သံဃာအားလုံး စုပေါင်းဆွမ်းစားကျောင်းတက်ရတယ်။  ည နေ ၆ နာရီဘုရားဝတ်တက်ချိန်မှာ စာရင်းခေါ်တယ်။ စာဝါတက်လည်းခေါ်တယ်။ အဲဒါပျက်ကွက်ရင် ဒဏ်လို့ စာလုံးမည်းနဲ့  ရေးထားတဲ့ ရေပုံးကြီးနှစ်ပုံး ဘယ်ညာဆွဲပြီးတော့ ကုဋီအားလုံးရေဖြည့်ရတယ်။ ရေဒဏ်ပေါ့။  ည သံဃာစုံ ဘုရားဝတ်တက်ပြီးချိန်မှာ မိမိဒဏ်သင့်ကြောင်း ဒဏ်ထမ်းပြီးကြောင်း သံဃာအားလုံးကြားအောင် လျှောက် ရတယ်။
အဲဒီတော့ ညနေ စောင်းအပြင်ထွက်ရင် ဘုရားဝတ်တက်အမီပြန် ရတယ်။ နောက်ကျရင်တော့ ဘုရားဝတ်တက်ပြီးမှ ထွက်ရတယ်။ ည ၉ နာရီဆိုရင် ကျောင်းတွေအားလုံးရဲ့  လျှပ်စစ်မီးကို တိုက်အုပ်ကျောင်းကနေ ပိတ်လိုက်တယ်။ အဲဒီတော့ ဖယောင်းတိုင်လေးတွေထွန်းပြီး ညပိုင်း စာဖတ်စာရေးကြရတယ်။ အရှင် ဝဇီရဉာဏ (ရခိုင်)က စိန်ဝရဇိန်အမည်နဲ့ ဆောင်းပါးတွေရေးပြီးတော့ သွေးသောက် မြဝတီ ငွေတာရီ မဂ္ဂဇင်းစာအုပ်တိုက်တွေကို သွားပို့တယ်။ တစ်ခါမှ သူ့ ဆောင်းပါးတွေမပါဘူး။
ဦးသစ္စဝံသ (နတ်တလင်း) ကလည်း ဗိုလ်ကြီးသက်လွင် အမည်နဲ့ စစ်နဲ့ အချစ်ဝတ္ထုတွေ ရေးရေးပြီး အဲဒီမဂ္ဂဇင်းတိုက်တွေကို သူလည်းသွားပို့ တယ်။ တစ်ခါမှ မပါရှာဘူး။ ယခု ဦးသစ္စဝံသ (ဗိုလ်ကြီးသက်လွင်) အမေရိကမှာ ပျံလွန်တော်မူရှာခဲ့ပါပြီ။


ဦးနန္ဒမိတ္တ (ပေါင်း တည်) က ပေါင်းတည်သားသော်တာဆွေရေးတဲ့ဟာသ စာပေကလွဲရင် တခြားစာပေတွေကို ဘာမျှအထင် မကြီးဘူး။ ည ကျောင်းတိုက် မီးပိတ်တဲ့အခါ ဦးနန္ဒမိတ္တက တစ်ခါတစ်ခါမှာ သော်တာဆွေဝတ္တုတွေက "ဘွန္တောကြက်သူခိုး" ဝတ္တုကို ကိုယ်တိုင်ဇာတ်ကွက်ဆင်ပြီးတော့
ကိုယ်တိုင် ဇာတ်လိုက်လုပ်ကာ ကျောင်းတံခါးပိတ် သရုပ်ဆောင်တဲ့ပွဲဟာ ဆင်းရဲသမျှ ပင်ပန်းသမျှတွေ ပြေပျောက်သွားတဲ့ စာသင်သားဘဝရဲ့ ပျော်စရာညချမ်းတွေပါပဲ။  အဲ့ဒါကြောင့် သီတင်းသုံဖော်တွေက ဦးနန္ဒမိတ္တလို့  မခေါ်တော့ဘဲ တွေ့ တဲ့ အခါတိုင်းမှာ "ဘွန္တော"လို့ သာ ခေါ်ကြတယ်။ အဲ့ဒါကြောင့်ပေါင်းတည်ရောက်တဲ့အခါ "ဘွန္တော"လို့ ခေါ်လိုက်ရင်  နှစ်လေးဆယ်လောက် ပြန်ငယ်သွားသလိုပဲ။
၁၃၁၈ ခုနှစ် တာမွေသိမ်ကုန်းကျောင်းတိုက်မှာ ပထမငယ်တန်းအောင်တယ်။ ရွှေတောင်သား ဆရာတော်များဖြစ်ကြတဲ့ ဆရာတော်ဦးကုမာရနဲ့  ဆရာတော်ဦးသာသနတို့ ဟာဘုန်းကြီးရဲ့ အငယ်တန်း
ဆရာများပါပဲ။ အလတ်တန်းနှင့် အကြီးတန်းကို မင်္ဂလာတောင်ညွန့် သိမ်ကုန်းတိုက်မှာအောင်ခဲ့ပါတယ်။ ၁၃၁၉-၁၃၂၀ ခုနှစ်များမှဖြစ်ပါတယ်။ ဆရာတော်ဦးပဏ္ဋိစ္စ ဆရာတော် ဦးကုဏ္ဍလ၊ ဆရာတော်ဦးကေတုမာလာ၊ ဆရာတော်ဦးဝိစိတ္တတို့ ဟာ အလတ် အကြီးစာသင် ပေးတဲ့ဆရာတွေပါပဲ။
အကြီးတန်းတက်တော့ ပဋ္ဌာန်းစာဝါကို ဆူးလေ စေတီရင်ပြင်ပေါ်မှာရှိတဲ့ အဘိဓမ္မာပြန့် ပွားရေးအသင်းကြီးရဲ့ အဘိဓမ္မာဆရာကြီးဦးကျော်ထံမှာလည်း ပဋ္ဌာန်းစာဝါတက်ခဲ့ဖူးပါတယ်။ ၁၃၂၀ ခုနှစ် အကြီးတန်းဝင်တော့ ငယ်လတ်ကြီးတန်း ဘာသာပြန်ကျမ်းစာပြဌာန်းမှု ပထမကြီးတန်း
ပုစ္ဆာထုတ်မှုနှင့်ပတ်သက်၍ စာသင် သားရဟန်းငယ်တွေ ဆန္ဒပြကန့် ကွက်ကြတယ်။
အဲ့ဒီနှစ်များဆီမှာပဲ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဋ္ဌာန်းမှု သံဃလွတ်တော်စီမံချက်တို့ ကြောင့်တစ်ပြည်လုံးတစ်တိုင်းလုံး ရဟန်းပျို၊ ရဟန်းငယ်တွေ ခပ်များများလှုပ် ရှားအုံကြွ နေတဲ့အချိန်မှာ ဘုန်းကြီးကတော့ စာတွေကိုဖိကျက် စာတက် မပျက်ခဲ့တဲ့အတွက် ၃ နှစ်
အတွင်းမှာပဲ ငယ်လတ်ကြီး သုံးဆင့်အပြီးအောင် ခဲ့တယ်။

& ဆက် ရန် &
ကျေးဇူးရှင် ဖေဖေနှင့် မေမေတို့ ကိုရှိခိုးကန်တော့ပါ၏ ။
လွန်းပန်းချီ