Thursday, May 2, 2013

ဝါဆိုလပြည့် ဓမ္မနေ့

ဒီကနေ့ဟာ ၀ါဆိုလပြည့်နေ့ဖြစ်ပါတယ်။ ၀ါဆိုလပြည့်နေ့မှာ မြတ်ဗုဒ္ဓသည် ဓမ္မစက်ကို စတင်လှည့်တော်မူသောကြောင့် ဓမ္မရတနာ၏ အစဖြစ်သောနေ့ကို ဓမ္မနေ့ဟု ခေါ်နိုင်ပါသည်။ ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖွားရာ၊ ပွင့်ရာနေ့ဖြစ်သောကြောင့် ဗုဒ္ဓနေ့ဖြစ်ရသလို ၀ါဆိုလပြည့်နေ့ဟာလဲ ဓမ္မရတနာ၏ စတင်ရာနေ့ဖြစ်သောကြောင့် ဓမ္မနေ့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ထို့ပြင် သံဃာရတနာ စတင်ပေါ်ပေါက်ရာနေ့လဲဖြစ်နေ ပြန်ပါသေးတယ်။
မြတ်ဗုဒ္ဓသည် ဓမ္မစက္ကသုတ်ကို မိဂဒါဝုန်မှာ စတင်ဟောသောအခါ အရှင်ကောဏ္ဍညသည် ဓမ္မကို အဦးဆုံးသိပြီး ဓမ္မစက္ခုကို ရတော်မူကာ မြတ်ဗုဒ္ဓထံမှာ အစစွာသော ဧဟိဘိက္ခု ရဟန်းသံဃာ ဖြစ်ခဲ့ပါသည်။ ၀ါဆိုလပြည့်နေ့မှာ အရှင်ကောဏ္ဍည ရဟန်းဖြစ်ပြီးမှ ကျန်သော(၄)ပါးတို့ တရက်တပါး အစီအစဉ်အတိုင်း ရဟန်းဖြစ်ကြရာ ၀ါဆိုလပြည့်ကျော်(၄)ရက်နေ့မှာ သံဃာ(၅)ပါး ဖြစ်ပေါ်ခဲ့ပါသည်။ မြတ်ဗုဒ္ဓသည် ၀ါဆိုလပြည့်နေ့မှစ၍ လပြည့်ကျော် (၄)ရက်နေ့တိုင် ဓမ္မစက္ကသုတ်ကို (၅)ရက် တဆက်တည်း ထပ်ခါထပ်ခါ ဟောတော်မူခဲ့ပါသည်။ တရက်တပါး အသီးသီး သောတာပန် ရဟန်းသံဃာ ဖြစ်တော်မူခဲ့ကြသည်။
အရှင်မြတ်(၅)ပါးတို့ကို လပြည့်ကျော်(၅)ရက်နေ့မှာ တပေါင်းတည်းပြု၍ အနတ္တလက္ခဏသုတ်ကို ဟောတော်မူခဲ့ရာ (၅)ပါးလုံးပင် တပြိုင်နတ်တည်း ရဟန္တာဖြစ်တော်မူခဲ့ကြပါသည်။ အရှင်ကောဏ္ဍညကတော့ အရိယာဖြစ်ရာမှာလဲ အစောဆုံး၊ ရဟန်းဖြစ်ရာမှာလဲ အစောဆုံးဖြစ်လို့ ရဟန်းသံဃာထဲမှာ သိက္ခာ အကြီးဆုံးပါပဲ၊ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့ဟာ မြတ်ဗုဒ္ဓသာသနာမှာ ရာထူးဌာနန္တရ ကြီးမြင့်ကြပေမယ့် (၇)လ၊ (၈)လခန့်ကျပြီးမှ ရဟန်းဖြစ်ကြတာမို့ ရဟန်းသိက္ခာငယ်ကြပါတယ်။ သိဒ္ဓတ္ထမင်းမြတ်ကို ကမ္ဘာသုံးနှစ် B.C.E (623) ခု ကဆုန်လပြည့်နေ့တွင် ဖွားမြင်တော်မူခဲ့ပါသည်။
အသက် (၁၆) နှစ်မှစ၍ (၂၉) နှစ်အထိ မင်းနန်းတော်မှာ ကာမဂုဏ်စည်းစိမ်ခံစားနေရင်း ကာမသည် ယုတ်ညံ့၏၊ ညံ့ဖျင်းသူတို့အကျင့်ဖြစ်၏၊ ကိလေသာ ထူသောသူတို့၏ ဥစ္စာဖြစ်၏၊ သူတော်သူမြတ်တို့ မမှီဝဲအပ်၊ ကောင်းကျိုး ချမ်းသာ ဘာမှမဖြစ်ဟု သဘောပေါက်နားလည်ကာ ကာမကို စွန့်လွှတ်၍ ဓမ္မကိုရှာဖွေဖို့ မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလာတောသို့ ၀င်ခဲ့ပါတယ်။
ဥရုဝေလာတော၌ ရှေးဟောင်းအိန္ဒိယရသေ့, ယောဂီ, ပရဗိုဇ်တို့၏ အကျင့်ဟောင်းမှန်သမျှကို ဆရာအသီးသီးထံ ချဉ်းကပ်၍ အပြင်းအထန်ကျင့်ခဲ့ရာ (၆)နှစ်မျှ ကြာခဲ့ပါသည်။ သို့သော် ထိုရှေးဟောင်း အိန္ဒိယယောဂီ, ပရဗိုဇ်တို့၏ အကျင့်များလည်း မိမိသလိုသော ဓမ္မကို မသိစေနိုင်ဘဲ ရလိုသောဉာဏ်ကိုလည်း မရစေနိုင်သည့်အတွက် ကိုယ်ကိုပင်ပန်းရုံ၊ နှိပ်စက်ရုံမျှသာဖြစ်၏။ အရိယာသူတော်သူမြတ်တို့ အကျင့်မဟုတ်ဟု သဘောပေါက်ကာ ထိုဒုက္ကရစရိယာကိုလည်း စွန့်လွှတ်တော်မူခဲ့ပြန်ပါတယ်။
ဤသို့လျှင် သိဒ္ဓတ္ထဂေါတမသည် ကာမသုခကို ခံစားသောအကျင့်နှင့် ကိုယ်ခန္ဓာကိုနှိပ်စက်သောအကျင့်ဟူသော အန္တ=အစွန်းနှစ်ပါးတို့ကို စွန့်လွှတ်ပြီး မိမိကိုယ်တိုင် စီစဉ်တီထွင်ခဲ့သည့် သီလ၊ သမာဓိ၊ ပညာဟူသော မဇ္ဈိမပဋိပဒါကို မျှတစွာကျင့်သုံးတော်မူခဲ့ရာ ကမ္ဘာသုံးနှစ် B.C.E (588) ခု၊ ကဆုန်လပြည့်နေ့တွင် ဓမ္မအလုံးစုံကို မည်သူ့အကူအညီမျှမပါဘဲ ကိုယ်တိုင်သိပြီး ဉာဏ်အားလုံးကို ရရှိတော်မူသောကြောင့် သမ္မသမ္ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။
မြတ်ဗုဒ္ဓသည် ဗုဒ္ဓဖြစ်ပြီးနောက် ရက်သတ္တ (၈) ပတ်အကြာ အဇပါလ ညောင်ပင်အောက်မှာ နေ့စဉ်တရားဟောဖို့ အကြံဖြစ်ခဲ့ရာ တရားဦး ဟောကြားရမည့်သူကို ရှာဖွေခဲ့ရာ အာဠာရနှင့်ဥဒက ရသေ့ နှစ်ယောက်တို့အား ဦးစွာဟောဖို့ အကြံဖြစ်ပါသည်။
ထိုအာဠာရနှင့်ဥဒက ရသေ့ကြီးနှစ်ယောက်တို့သည် သိဒ္ဓတ္ထမင်းမြတ်နှင့် အလွန်ချစ်ကျွမ်းဝင်ကြသည့် စိတ်ကောင်းရှိသော မိတ်ဟောင်းများ ဖြစ်ကြသည်။ သို့သော် ထိုနှစ်ယောက်တို့မှာ တစ်ယောက်က (၁) ရက်၊ တစ်ယောက်က တစ်ပတ်စော၍ ကွယ်လွန်ခဲ့ကြပြီး ဘ၀ဂ်သို့ ရောက်နေခဲ့ကြလေပြီ။ ခန္ဓာမစုံသည့်ဘ၀ဂ်ဘုံသား ထိုမိတ်ဟောင်းရသေ့ကြီးနှစ်ယောက် တို့သည် မြတ်ဗုဒ္ဓက သူ၏တရားဦးကို ဟောလိုသော်လည်း ရုပ်ခန္ဓာမရှိသည့်သူတို့မှာ မြတ်ဗုဒ္ဓ၏ တရားဦးကို အကြီးအကျယ် ဆုံးရှုံးလက်လွှတ်ခဲ့ကြရလေသည်။
ထိုအခါ မြတ်ဗုဒ္ဓသည် ဆရာကြီးနှစ်ယောက်တို့အား ဟောကြားမဖြစ်သည့်အတွက် တပည့်ဟောင်း (၅) ယောက်တို့ကို တရားဦးဟောဖို့ ပြင်ဆင်ခဲ့ရလေသည်။ ထို့ကြောင့် ဘုရားဖြစ်ပြီးနောက် ရက်သတ္တ(၈)ပတ်အလွန် ၀ါဆိုလဆန်း(၁၃)ရက်နေ့မှ စတင် မဟာဗောဓိပင်မှ မိဂဒါဝုန်သို့ ကြွရောက်ခဲ့ရာ ၀ါဆိုလပြည့်နေ့ညချမ်းမှာ ကာသိတိုင်း ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောအုပ်သို့ ဆိုက်ရောက်ပါသည်။ တပည့်ဟောင်း (၅) ယောက်တို့နှင့် ပြန်လည်ဆုံတွေ့တဲ့ ထိုဝါဆိုလပြည့်နေ့မှာ အရှေ့အရက်၌ လပြည့်ဝန်းထွက်ပြူစ၊ အနောက်အရပ်၌ နေခြည်ဝန်းက ၀င်ကာစ၊ နေနှင့်လ နှစ်ပါးအပြိုင်ပြု၍ ငွေရည်ရွှေရည်တို့ဖြင့် သွန်းအပ်သောမိဂဒါဝုန်၏ ညနေခင်း ဆည်းဆာချိန်ခါဝယ် တပည့်ဟောင်း (၅)ယောက်တို့အား ‘ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ’ အစချီသော ဓမ္မစက်ကို ဟောမြွတ်တော်မူခဲ့ပါတယ်။
ဤသုတ္တာန်မှာ=
၁။ ရှောင်ရန် အစွန်းနှစ်ပါး။
၂။ လိုက်နာကျင့်သုံးရန် အလယ်လမ်း နှင့်
၃။ ထိုးထွင်း သိမြင်ဖို့ သစ္စာလေးပါးတို့ကို ဟောတော်မူခဲ့ပါသည်။
ထို့ပြင် သစ္စာလေးပါးတို့ကို (၁၂) ပါးသော အခြင်းအရာဖြင့် ကိုယ်တော်တိုင် သိတော်မူခဲ့သဖြင့် ‘ငါသည် ဧကန်စင်စစ် ဗုဒ္ဓဖြစ်ပြီ’ဟု ကြေညာနိုင်ခဲ့ပြီဟုလည်း ဟောတော်မူခဲ့ပါသည်။
ဤဓမ္မစက္ကသုတ်တော်၌=
ကာမသုခကို ခံစားခြင်းနှင့် ကိုယ်ကိုနှိပ်စက် ပင်ပန်းစေသော အကျင့်များကို ရှောင်ရှားရန် ဟောတော်မူခဲ့ပါတယ်။ အထက်မှာ ရှင်းပြခဲ့ပါပြီ၊ လိုက်နာရန်ကတော့ ကိုယ်နှုတ်နှစ်ပါးကို လွန်ကြူးမှု မဖြစ်အောင် ထိန်းသော သီလ၊ စိတ်ဖေါက်ပြန်သောင်းကျန်းမှုတွေကို ငြိမ်သက်စေသော ကျင့်စဉ်သမာဓိ နှင့် ခန္ဓာ၌ရှိသော အရှိတရား အမှန်တရားတို့ကို အသေးစိတ်သိသော ပညာကျင့်စဉ်လို့ဆိုရတဲ့ စိတ်အညစ်အကြေးကို သန့်ရှင်းစေသော နည်းလမ်းများပါပဲ။ အဲဒါဟာ မဇ္ဈိမပဋိပဒါ ပါပဲ။
ဒီ သီလ၊ သမာဓိ၊ ပညာကို ကျင့်သုံးခြင်းဖြင့်
၁။ ခန္ဓာသည် ထိုးထွင်းသိမြင်အပ်တဲ့ ဒုက္ခသစ္စာ၊
၂။ တဏှာခေါင်းဆောင်တဲ့ ကိလေသာတွေဟာ ပယ်ရှားရမည့် သမုဒယသစ္စာ၊
၃။ တဏှာ၏ အကြွင်းမဲ့ချုပ်ရာ နိဗ္ဗာန်ဟာ ဆိုက်ရောက်ရမည့် ပန်းတိုင် နိရောဓသစ္စာ၊
၎။ သီလ၊ သမာဓိ၊ ပညာတရားတို့သည် အစွန်းလွတ်အောင် ကိုယ်စောင့်ရှောက်ရမည့် လမ်းမှန် မဂ္ဂသစ္စာ၊
ဤသစ္စာလေးပါးကို ကိုယ်တိုင်ကျင့်ခြင်းဖြင့် ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်း သိမြင်ပုံကို ဟောတော်မူခဲ့ပါတယ်။
ဤတရားဒေသနာ အဆုံးမှာတော့ အရှင်ကောဏ္ဍညဟာ သဘောပေါက် သိမြင်သွားတာက ‘သမုဒယဓမ္မအားလုံးဟာ နိရောဓရောက်လျှင် အပြီးအဆုံးပဲ’ လို့ တရားမျက်လုံး ရသွားခြင်းပါပဲ။ အထက်မှာပြောခဲ့တဲ့အတိုင်း တစ်နေ့တစ်ပါး သောတာပန်ရဟန်းဖြစ်ကြပြီး လပြည့်ကျော်(၅)ရက်နေ့မှာ အနတ္တဒေသနာ ဟောတော်မူခဲ့ပါတယ်။
အနတ္တတရားဆိုတာက ခန္ဓာ (၅) ပါးထဲ၌ ခိုင်မြဲသော အတ္တမရှိကြောင်း ရှင်းလင်းသောတရားပါပဲ။ ရုပ်၊ နာမ်၏စွမ်းရည်ပြ ဗုဒ္ဓအဘိဓမ္မာ မပေါ်မီက ရှေးလူတို့၏ အယူအဆ လူခန္ဓာပျက်စီးသွားသော်လည်း ဘယ်တော့မှ မပျက်စီးသော အတ္တက တစ်ခန္ဓာမှတစ်ခန္ဓာ၊ တစ်ဘ၀မှတစ်ဘ၀သို့ ကောင်းမှု, မကောင်းမှု၊ ကောင်းကျိုး, မကောင်းကျိုးတို့ကို သယ်ဆောင်သွားသည်ဟူသော အတ္တ၀ါဒသည် အိန္ဒိယ၌ ထွန်းကားစွဲမြဲနေခဲ့ပါသည်။ မျိုးစေ့ကလေးတစ်ခုထဲမှာ နောင်လာမည့် အပင်, အကိုင်း, အရွက်, အသီး, အပွင့်အားလုံးတို့၏ ပုံရိပ်၊ အရောင်, အရသာသတ္တိအားလုံးကို ထိန်းထားနိုင်ခဲ့ပြီး မြေ, ရေနှင့် ပေါင်းစပ်မိသောအခါ အပင်, အကိုင်း, အသီးစသော အကျိုးများ အဆက်ဆက်ပေါ်ပေါက်လာခဲ့ကြသည်။ မြေ, ရေတို့နှင့် တွေ့ရသော မျိုးစေ့သည် အပင်သစ်ကို ဖြှစ်စေ၍ ပျက်စီးခဲ့ပြီး အပင်အသစ်ထဲသို့ ထိုမျိုးစေ့ဟောင်းသည် မပျက်စီးပဲ ကူးပြောင်းဝင်ရောက်၍ မသွား၊ အပင်သစ်နှင့်အသီးသစ်၊ မျိုးစေ့သစ်တို့ တဖန်ဖြစ်ကြပြန်သည်။ သို့သော် ထိုဖြစ်သမျှ အသစ်အသစ်တို့သည် အဟောင်းအဟောင်းမျိုးစေ့မှာ သမုဒယရှိကြသည်ကို ထိုရှေးဟောင်း အိန္ဒိယ လူမျိုးတို့ သဘောမပေါက်ကြ။
ဤအချက်ကို မြတ်ဗုဒ္ဓက ကံသည်မျိုးစေ့၊ တဏှာသည်မြေကြီး၊ အ၀ိဇ္ဇာသည်ရေ ဤအကြောင်းသမုဒယကြောင့် ခန္ဓာဇာတိ အပင်သစ်ဖြစ်ရသည် စသည်ဖြင့် အ၀ိဇ္ဇာ, တဏှာ, ကံတို့သည် အတ္တမဟုတ်၊ ခန္ဓာ၌အတ္တမရှိကြောင်း ရှင်းလင်းကာ အတ္တလက္ခဏသုတ်ကို ၀ါဆိုလပြည့်ကျော်(၅)ရက်နေ့မှာ ဟောတော်မူခဲ့ပါသည်။
အနတ္တတရား အဆုံးမှာ သောတာပန်သံဃာ (၅)ပါး စလုံး ရဟန္တာသံဃာ ဖြစ်တော်မူကြပါသည်။ သို့ဖြစ်၍ ၀ါဆိုလပြည့်နေ့သည် အလွန်ထူးမြတ်သည့် ဓမ္မရတနာနေ့၊ သံဃာ့ရတနာနေ့ဟု ဗုဒ္ဓသာသနာသမိုင်းတွင် ထူးခြားစွာ မော်ကွန်းတင်ပါသတည်း။

အဓိပတိ ဆရာတော်

သီတဂူဗုဒ္ဓတက္ကသိုလ်
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်ပါစေ။

နယုန်လပြည့် မဟာသမယနေ့

၁၃၅၈-ခု နှစ်၊ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်မှ အသံလွှင့် ဟောကြားတော်မူအပ်သော
နယုန်လပြည့် မဟာသမယနေ့
=======================

တရားချစ်ခင် သူတော်စဉ်အပေါင်းတို့ ယနေ့သည် နယုန်လပြည့်နေ့ ဖြစ်ပါတယ်၊ နယုန်လပြည့်နေ့ကို မဟာသမယနေ့လို့ ခေါ်ပါတယ်၊ မဟာသမယဆိုတာ မြတ်သော အခါတော် ( သို့ ) မြတ်သောအစည်းအဝေး၊ မြင်မြတ်သူတို့၏ ကြီးကျယ်သော အစည်းအဝေးလို့ အဓိပ္ပါယ်ရပါတယ်၊ အဲဒီအစည်းအဝေးကို သက္ကတိုင်း နှင့် ကောလိယတိုင်း နှစ်တိုင်းတို့၏ အကြား ရောဟိနီမြစ်၏ အနောက်ဘက် သက္ကတိုင်းနယ်ထဲက ဟိမ၀န္တာ တောင်ခြေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မြတ်စွာဘုရား ၀ါတော် ( ၁၅ ) ၀ါ အရ သက္ကတိုင်း ကပိလ၀တ္ထုမြို့ နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးဆဲကာလ မိုးဦးကျ နယုန်လဆန်းလောက်မှာ သကျလူမျိုးများနှင့် ကောလိယလူမျိုးတို့ ရောဟိနီမြစ်ရေကို အဝေမတည့်ကြ ရေလုကြရာမှ စတင်၍ နှစ်ပြည်တောင် စစ်ဖြစ်လုနီးသော ငြင်းခုံပွဲကြီး ပဋိပက္ခမှုကြီး ဖြစ်ခဲ့ပါတယ်၊ ထိုနှစ်က မိုးခေါင်တဲ့အတွက် ရောဟိနီဖြစ်မှာ ရေအလွန်နည်းပါးတယ်၊ ကမ်းနှစ်ဘက်က သကျ ကောလိယ လယ်သမားတို့ဟာ လယ်များစိုက်ပျိုးဖို့ မြစ်ရေကို ဝေခွဲကြရာ အဝေမတည့်ကြသည့်အတွက် အချင်းချင်း အပြန်အလှန် ဆဲရေးကြကာ စစ်ပွဲကြီးဖြစ်လုနီး စစ်ပြင်ဆင်ကြပါတယ်။
သကျလူမျိုးများက ကောလိယလူမျိုးများကို သစ်ခေါင်းထဲမှာ နေကြတဲ့ အနူမျိုးတွေလို့ အမျိုးကိုကိုင်၍ ဆဲရေးကြပါတယ်၊ ကောလိယလူမျိုးတွေကလည်း သကျလူမျိုးတွေကို အမျိုးမပျက်စေဖို့ဆိုပြီး မောင်နှမ အရင်း အချင်းချင်း အိမ်ထောင်ပြုတဲ့ တိရိစ္ဆာန်လို လူတွေပဲဟု အမျိုးမျိုးထိခိုက် ဆဲရေးကြပါတယ်၊ လူမျိုး ထိခိုက်ဆဲရေးကြတော့ မြစ်ကမ်းနားက လယ်သမားများကစတဲ့ ငြင်းခုန်ပွဲ ရန်ပွဲဟာ ကျေးရွာ၊ ကျေးရွာအုပ်စု၊ မြို့၊ ခရိုင်၊ ပြည်နယ်၊ ဘုရင့်နန်းတော်အထိ အဆင့်ဆင့် ကျယ်ပြန့်သည့် ရန်ပွဲကြီး ဖြစ်ခဲ့ရပါတယ်၊ မင်းနန်းတော်ကို သတင်းရောက်တော့ မင်းနှင့် မူးမတ် သေနာပတိ ပါဝင်တဲ့ စစ်တပ်ကြီး ပြင်ဆင်ပြီး မြစ်ကမ်းနှစ်ဖက်မှာ နှစ်ပြည်ထောင်မင်းတို့ စစ်ပြင်ဆင်ကြပါတယ်၊ ဟိမ၀န္တာမှ စီးဆင်းလာသဖြင့် ကြည်လင်အေးမြသော ရောဟိနီမြစ်သည် စိတ်ထိခိုက် တုန်လှုပ်ဖွယ်ကောင်းသည့် လောဟိတနဒီ သွေးမြစ် ဖြစ်လုလု အနေအထားမှာ ရှိနေပါတယ်။
အဲဒီအခါ မြတ်စွာဘုရား ကြွလာပါတယ်၊ ရောဟိနီးမြစ်ရဲ့အထက်ကောင်ကင်ကနေ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျှက် မေးပါတယ်၊ ဆွေမျိုးအပေါင်းတို့ ဒီစစ်ပွဲဟာ ဘာအကြောင်းပြု ဖြစ်ရတာလဲ၊ မြစ်ရေကို အကြောင်းပြု ဖြစ်တဲ့ စစ်ပွဲပါဘုရားလို့ နှစ်ဘက်လူတို့ ဖြေကြပါတယ်၊ ရေသည် မည်မျှ တန်ဘိုးရှိပါသလဲ ဟု မေးပြန်ရာ တန်ဘိုးနည်းကြောင်း ဖြေကြားပါတယ်၊ သင်တို့စစ်ဖြစ်ကြလျှင် လူတွေများစွာ သေကြ သွေးမြေကျ ဖြစ်ကြမယ်၊ လူ့အသက်နှင့်လူ့သွေး မည်မျှ တန်ဘိုးရှိပါသနည်းဟု မေးမြန်းတော်မူရာ လူ့အသက်နှင့် လူ့သွေးတို့ဟာ တန်ဘိုးမဖြတ်နိုင်အောင် အဘိုးတန်ကြောင်း ပါဘုရားဟု လျှောက်ထားကြပါတယ်။
မြတ်စွာဘုရားက သင်တို့တတွေဟာ အချင်းချင်း ဆွေမျိုးတွေချည်းပဲ၊ သွေးသားဆက်စပ်တဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်ကြတယ်၊ ဆွေမျိုးအချင်းချင်း စစ်ခင်းကြတာ မသင့်တော်ဘူး၊ တန်ဘိုးမရှိတဲ့ရေကို အကြောင်းပြု၍ တန်ဘိုးကြီးမားလှသော လူ့အသက်သွေးတို့ မြေကျပျက်စီးတာလဲ မတော်ဘူးလို့ မြတ်စွာဘုရားက မိန့်ကြားတော်မူပြီး ရန်ဖြစ်နေကြသော သကျနှင့် ကောလိယ ဆွေမျိုးတော်စပ်ပုံ အတိတ်ဖြစ်ရပ်ကို ပြန်လည်၍ မိန့်ကြားတော်မူပါတယ်။
ခမည်းတော် သုဒ္ဓေါဒနမင်းတရားမှစ၍ နောက်ပြန်၍ ရေသော် ရှစ်သောင်း နှစ်ထောင် ငါးရာကျော် တုန်းက ရောဟိနီမြစ် အထက်နားလောက် ဟိမ၀န္တာ တောင်ခြေမှာ သြက္ကာကမင်းရယ်လို့ ရှိခဲ့ဖူးတယ်၊ သြက္ကာကမင်းကြီး၏ သားသမီး ( ၁၅ ) ယောက်တို့သည် ကျွန်းတောကြီးကို ရှင်း၍ ကပိလရသေ့ ပေးသော နေရာမှာ မြို့သစ်၊ နန်းသစ် တည်၍ နေခဲ့ကြတယ်၊ ကျွန်းတောထဲမှာ ပြည်သစ်၊ နန်းသစ် တည်၍ နေကြတဲ့ လူမျိုးကို သာကိယ လူမျိုးလို့ ခေါ်တယ်၊ စွမ်းရည်သတ္တိရှိတဲ့ လူမျိုးဖြစ်လို့ သက္ကလူမျိုးလို့လဲ ခေါ်တယ်၊ ကပိလရသေ့၏ ကျောင်းနေရာမှာ တည်သောမြို့ ဖြစ်ခြင်းကြောင့် ကပိလ၀တ်မြို့လို့လဲ ခေါ်တယ်၊ မိဘရပ်ထံ နေရင်းဌာနေမှ ထွက်ခွါ၍ တစ်ရပ်တစ်ရွာ တနယ်တကြေးမှာ နေကြတဲ့ သကျသာကိယတို့သည် အခြားလူမျိုးများနှင့် ရောယှက်မခံလိုကြသည့်အတွက် အမျိုးပျက်မှာ စိုးရိမ်ကြသောကြောင့် မောင်နှစ်မချင်း အိမ်ထောင်ပြုကြတယ်။
နိုင်ငံတော်ကို အစစွာ တည်ထောင်ကြတဲ့ မောင်နှစ်မ ( ၁၅ ) ယောက်တို့တွင် မင်းသမီ်း မင်းသား ( ၁၄ ) ယောက်တို့ အချင်းချင်းလှည့်၍ အိမ်ထောင်ပြုပြီး အကြီးဆုံးသော မင်းသမီးကြီးကို အစ်မကြီးဖြစ်၍ အမိအရာမှာ ထားခဲ့တယ်၊ အဲဒီ အကြီးဆုံးသော သာကီဝင် မင်းသမီးကြီးမှာ နူနာရောဂါ စွဲကပ်ခဲ့သည့်အတွက် တောသို့ အပို့ခံခဲ့ရပါတယ်။
အခြားတစ်ဘက်မှ ရာမမင်းကြီးကလည်း နူနာစွဲသဖြင့် တောသို့ ၀င်ခဲ့ပါတယ်၊ ရာမနိုင်ငံတော်က ရာမမင်းကြီးသည် ကလောပင် သစ်ခေါင်း၌ နေ၍ ကလောသီး ကလောဆန်များစားပြီး နူနာများ ပျောက်ခဲ့ပါတယ်။
အားကိုးရာမဲ့နေတဲ့ သာကီဝင်မင်းသမီးကြီးကို နူနာပျောက်နေတဲ့ ရာမမင်းကြီးက တွေ့ရတဲ့အခါ သူစားတဲ့ဆေးနှင့် အစားများ ကျွေးပြီး စောင့်ရှောက်ခဲ့ရာ မင်းသမီးကြီးလည်း နူနာပျောက်ခဲ့ရပါတယ်၊ ရာမမင်းနှင့် သာကီဝင်မင်းသမီးကြီးတို့ မေတ္တာမျှ၍ ကလောပင်ခေါင်းမှာ နေကြရာ သားပေါင်း (၃၂) ယောက်ထွန်းကားခဲ့ပါတယ်၊ ကလောပင်တောက မင်းသာပေါင်း (၃၂) ယောက်နှင့် ကျွန်းတောက မင်းသမီး ( ၃၂) ယောက်တို့ ထိမ်းမြန်းကြတဲ့အခါ ကလောပင်တောထဲမှာ ကောလိယလူမျိုးရယ်လို့ ဖြစ်ထွန်းလာခဲ့ကြပါတယ်။
ဒါ့ကြောင့် ရောဟိနီမြစ်ကို အကြောင်းပြု၍ စစ်ဖြစ်လုနီး အပြန်အလှန် ဆဲရေးနေကြသူတွေဟာ သွေးတူ၊ မျိုးတူ၊ ဆွေရင်းမျိုးရင်း၊ ညီအစ်ကို မောင်နှစ်မရင်းတွေ ဖြစ်ကြတယ်။ ဒါ့ကြောင့် ဒီရန်ပွဲဟာ အဘိုးမတန်သည့် အရာဝတ္ထုကို အကြောင်းပြုပြီး တန်ဘိုးမဖြတ်နိုင်သော လူတို့၏အသက်သွေးများ မြေကျဆုံးရှုံးရမည့် ဆွေမျိုးအချင်းချင်း ဖြစ်တဲ့စစ်ပွဲ ၊ မသင့်တော်တဲ့ စစ်ပွဲ၊ မဖြစ်ထိုက်တဲ့ စစ်ပွဲလို့ မြတ်စွာဘုရားက ဆုံးမတော်မူပါတယ်။
ရန်စိတ်၊ ရန်သူစိတ် ပေါက်နေကြတဲ့ ကမ်းနှစ်ဘက်က နှစ်ပြည်ထောင် မင်းတို့ဟာ ဆွေစိတ် မျိုးစိတ်များ ပေါ်ပေါက်လာကြပြီး ကိုင်စွဲထားကြတဲ့ လက်နက်များကို ရောဟိနီမြစ်ထဲမှာ ပစ်ချမြှောလိုက်ကြပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ ဤသည့်နယုန်လ၏ ရှေ့ပိုင်းရက်များမှာ အထက်ပြောခဲ့တဲ့ ရန်ပွဲဖြစ်တဲ့နေရာ ရောဟိနီမြစ်ပေါ်မှာ-
- ကြပ်ကြပ်စိပ်စိပ် ပေါက်နေသော သစ်တောကို လေပြင်း
မုန်တိုင်းတို့ မတိုက်မလှဲနိုင်သလို မလိုမုန်းထားသူတို့
မဖြိုခွဲနိုင်အောင် ကိုယ်စိတ်နှစ်ရပ် ညီညွတ်စွာ နေသင့်ကြောင်း
ကောင်းစွာဆုံးမသည့် ရုက္ခဓမ္မဇာတ်တော်။
- အချင်းချင်း ငြင်းခုန် ကွဲပြားကြတဲ့ ငုံးများဟာ မုဆိုးများ
သတ်စားခံရကြောင်း ၊ ငြင်းခုန်ခြင်းသည် အကျိုးမရှိ ၊
မိမိတို့ငြင်းခုန်ခြင်းသည် သူတစ်ပါးတို့ စားပေါက်ဖြစ်ကြောင်း
ကောင်းစွာ ဆုံးမသည့် ၀ဋ္ဋကဇာတ်တော်။
- အားငယ်သူကို မထီမဲ့မြင် မပြုသင့်ကြောင်း
ခွန်းအားနည်းသူကိုအထင်သေးမိက သူ၏ထက်မြက်သော
ကိုယ်ပိုင်ဉာက်ကိုအသုံးချနိုင်သောအခါ မထီမဲ့မြင်ပြုမိသော အင်းအားကြီးသူတို့
ပျက်စီးရကြောင်း ကောင်းစွာဆုံးမသည့် လဋုကိကဇာတ်တော်။
- မြစ်ကမ်းနှစ်ဘက်မှ လယ်သမားတို့ ငြင်းခုံမှု ဆဲရေးမှုတို့ကို
မစိစစ်ဘဲ စစ်ပြင်မိကြသည်မှာ အမှိုက်ကစ၍ ပြသာဒ်မီးလောင်
ဆိုတာလို လယ်သမားရန်ပွဲဟာ နှစ်ပြည်ထောင်စစ်ပွဲ မဖြစ်သင့်ကြောင်း
ကောင်းစွာ ဆုံးမသည့် ပထ၀ီဥန္ဒြိယဇာတ်တော်။
- အရာမဟုတ်သည်၌ အမျက်မထွက်သင့်ကြောင်း သေးငယ်သော
အကြောင်းမဟုတ်သော အဖြစ်ကို ရိုးမယ်ဖွဲ့ အရာမဟုတ်သည်၌
ရန်ငြိုးဖွဲ့ခြင်းသည် နှစ်ဦးစလုံး ပျက်စီးမှုဖြစ်ကြောင်း သူ့အမျိုး လက်ညှိုး
ထိုး၍ ဆဲရေးခြင်းသည် ကိုယ့်အမျိုးကိုပင် ဆဲရေးခြင်း ဖြစ်နေတတ်ကြောင်း
ဒေါင်းကသလို မဖြစ်သင့်ကြောင်း ၊ ကြို့ပင်အောက်အိပ်နေသော ၀က်ဝံနှင့်
ကြို့ပင်စောင့်နတ်တို့ ရန်ဖြစ်ကြရာ ၀က်ဝံရော ကြို့ပင်ပါ ဖျက်ဆီးခံရပြီး
သစ်ခုတ်သမားက ၀က်ဝံသားရေခွါ ၀က်ဝံသားစား ကြို့ပင်ကိုလှဲ ကြို့သားကို
လှည်းလုပ်၍ စီးသွားပုံဖြင့် အချင်းချင်း ရန်ဖြစ်ခြင်းသည် သူတစ်ပါး၏ အကျိုး
စီးပွားဖြစ်ဖို့သာတည်း ဟု ဆုံးမသော ဖန္ဒနဇာတ်တော်။
- ညီညွတ်ရေးနည်းလမ်းပြ မိမိကိုယ်ကို ဆုံးမကြဖို့ လမ်းညွှန်တရား
ဖြစ်သည့် အတ္တဒဏ္ဍသုတ်တော်……
အဲဒီလို သုတ္တန်တစ်ခုနှင့် ဇာတ်တော် ငါးခု တို့ကို မိမိ၏ ဆွေမျိုးများအား ကောင်းကင်ကနေ ဟောကြာတော်မူခဲ့ပါတယ်။
ဤသို့လျှင် မပြောပလောက်သည့် အမှုကလေးကို အကြောင်းပြု၍ ဖြစ်သော သကျနှင့် ကောလိယ ဆွေတော်မျိုးတော်များ၏ ရန်ပွဲသည် ရောဟိနီမြစ်ပေါ်မှာ ငြိမ်းချမ်းခဲ့ပါပြီ။ ရန်ငြိမ်းသည့် အထိမ်းအမှတ်အဖြစ် တစ်ဘက် (၂၅၀)စီသော စစ်သည်တော် မင်းသားများ ရဟန်းပြုကြပါတယ်။ သကျနှင့် ကောလိယ ရဟန်းတော် (၅၀၀)တို့ကို မြတ်စွာဘုရားက ကပိလ၀တ်မြို့အနီး ဟိမ၀န္တာတောင်ခြေ မဟာဝနခေါ် ထူနက်သည့် တောကြီးမှာ ထား၍ ကမ္မဋ္ဌာန်းပေးပါတယ်။
ရဟန်းငါးရာတို့ အိမ်မှာ နေရစ်ခဲ့ကြတဲ့ ဇနီးဟောင်းများက ဖြားယောင်းကြသည့်အတွက် ရဟန်းဘ၀မှာ ငြီးငွေ့ကြပါတယ်။ မြတ်စွာဘုရားက သူတို့ရဲ့စိတ်ကို သိတော်မူသည့်အတွက် ဟိမ၀န္တာ ကုဏာလအိုင်သို့ ဆောင်တော်မူလျှက် ကုဏာလအိုင်၌ ကာမ၏အပြစ်ကို ဖော်ပြသော ကာမကိုငြီးငွေ့ရွံမုန်းစေသော ဒေသနာ မဟာကုဏာလဇာတ်တော်ကြီးကို ဟောတော်မူပါတယ်။ ဤဇာတ်တော်ကြီးအဆုံးမှာ ရဟန်း (၅၀၀)တို့ တန်ခိုးနှင့်တကွ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ကြပါတယ်။ သောတာပန်မင်းသား သကျသာကိယ ရဟန်း(၅၀၀)ကို မြတ်စွာဘုရားက မဟာဝုန်တောအုပ်ကြီးသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ နယုန်လဆန်း (၁၄)ရက်နေ့လောက်ဖြစ်ပါတယ်။ ကပိလ၀တ်မြို့အနီး မဟာဝုန်တောကြီးမှာ ရဟန်း(၅၀၀)တို့အား ကမ္မဋ္ဌာန်းပေးပါတယ်။
နယုန်လပြည့်နေ့မှာ ရဟန်း(၅၀၀)တို့ ကြီးစဉ်ငယ်လိုက် တစ်ပါးစီ တစ်ချိန်စီ ရဟန္တာဖြစ်ကြရာ ရှေ့နောက်စဉ်ဆက် ရဟန္တာဖြစ်ကြရတဲ့ ရဟန္တာ(၅၀၀)တို့သည် ကြီးစဉ်ငယ်လိုက် တန်းစီ၍ ဘုရားထံသို့ သတင်းပို့ရန် လျှောက်ထားရန်သွားကြရာ စကြ၀ဠာ တစ်သောင်းမှ မရေမတွက်နိုင်သော နတ်ဗြဟ္မာ အပေါင်းသည်လည်း စုဝေးရေက်ရှိလာကြပါတယ်။ အချို့သုဒ္ဓါဝါသဘုံက အနာဂါမ် ရဟန္တာ ဗြဟ္မာကြီးများ သမာပတ်ဝင်းစားနေရာက ထ၍ သူတို့နေရာကြည့်လိုက်ရာ တိတ်ဆိတ်နေသည်ကိုမြင်ရ ဗြဟ္မာတစ်ယောက်မျှ မရှိသည်အထိပါပဲ။ မဟာဝုန် မဟာသမယသို့သွားကြတာ အကုန်လုံးပါပဲ။
မဟာဝုန်အစည်းဝေးကြီးသို့ တတ်ရောက်နေကြပြီဟု သိရတဲ့အခါ သူတို့ နောက်ကြနေသည့်အတွက် အစည်းအဝေးအမှီ အပြေးလာကြ အမြန်လာကြရာ နေစရာမရှိလို့ စကြ၀ဠာတံတိုင်းအစွန်းနားမှာ ကပ်၍နေကြရပါတယ်။ နေရာအခက်အခဲ ဖြစ်ကြရပါတယ်။ အပ်ဖျားတစ်ထောက်စာလောက် နေရာမှာပင် နတ်ဗြဟ္မာများ (၁၀, ၂၀, ၃၀, ၄၀, ၅၀, ၆၀, ၈၀,)သေးငယ်သောကိုယ်ကို ဖန်ဆင်း၍ စုဝေးကြပါတယ်။ စကြ၀ဠာတံတိုင်းအထိ အပြည့်အကြပ်ပါပဲ။
ရဟန္တာတွေချည်း ငါးရာနှင့် ကျည်တောက်မှာ ဆံမှုန့်များ သိပ်ထားသလို များပြား ပြည့်ကြပ်နေသော နတ်ဗြဟ္မာတို့၏ အစည်းအဝေးကြီးဟာ လွန်ခဲ့သော နှစ်ပေါင်း (၂၅၇၀) ၏ နယုန်လပြည့်နေ့တုန်းက သက္ကတိုင်း ကပိလ၀တ်၏ မြောက်ဘက် ဟိမ၀န္တာ၏ တောင်ခြေ မဟာဝန မဟာဝုန်တောကြီးမှာ အကြီးအကျယ် ကျင်းပခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကြီးကို မဟာသမယ ခေါ်တာပါပဲ။ မရေမတွက်နိုင်သော နတ်ဗြဟ္မာတွေထဲမှာ တချို့နတ်များက စဉ်းစားကြတယ်၊ ဒီလောက်များတဲ့နတ်တွေကို ဘုရား အကုန်သိမှာမဟုတ်ပါဘူးတဲ့ ။ ဒီနတ်တွေရဲ့ သူတို့လာတာကို ဘုရားသိစေချင်တဲ့ စိတ်ကို ဘုရားက သိတော်မူသဖြင့် သူတို့ကျေနပ်ဝမ်းသာရအောင် နတ်ဗြဟ္မာများ၏ အုပ်စုလိုက် အမည်စာရင်းကို မြတ်စွာဘုရားက ကြေညာတော်မူပေးရပါတယ်။ အဲဒီနတ်ဗြဟ္မာများရဲ့ အမည်စာရင်း ကြေညာချက်ကို စုပေါင်းလိုက်တော့ သံဃာယနာ မှတ်တမ်းမှာ မဟာသမယသုတ်လို့ ဖြစ်လာတယ်။
ဤ နယုန်လပြည့် မဟာဝုန်တောမှာ စည်းဝေးတဲ့မဟာသမယ အစည်းအဝေးကြီးမှာ လာရောက် စုဝေးကြတဲ့ နတ်ဗြဟ္မာများကို မြတ်စွာဘုရားက-
၁။ ရာဂထူသောအုပ်စု
၂။ ဒေါသအားကြီးသောအုပ်စု
၃။ မောဟလွန်ကဲသောအုပ်စု
၎။ သဒ္ဓါအားကောင်းသောအုပ်စု
၅။ ၀ိတတ်အားကြီးသောအုပ်စု
၆။ ပညာအားကြီးသောအုပ်စု
ဟူ၍ (၆)အုပ်စု ခွဲလိုက်ပါတယ်။ (၆)အုပ်စုအားလျှော်သော တရားဒေသနာ (၆)ပုဒ်ကို အမေး အဖြေလုပ်၍ ဟောတော်မူပါတယ်။ မြတ်စွာဘုရားက မေးရာ၌ ဖြေဆိုနိုင်သူမရှိသည့်အတွက် ဗုဒ္ဓကိုယ်စား နိမ္မိတတစ်ဆူ ဖန်ဆင်းတော်မူပါတယ်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင်က မေး၍ ဖန်ဆင်းထားသော နိမ္မိတရုပ်ပုံတော်က ဖြေဆိုတော်မူပါတယ်။
ဒီကနေ့ခေတ်မှာ လူသားက မေးတာကို ကွန်ပျူတာ စက်ရုပ်က ဖြေတာမျိုး မဟုတ်ပါဘူး။ ဖန်ဆင်းရုပ်နှင့် တကယ့်ဘုရား ခွဲခြားမရအောင် တစ်ထပ်တည်း တစ်ပုံတည်း ဖြစ်နေပါတယ်။ ဘုရားနှစ်ဆူ ပွင့်တော်မူသည် သို့မဟုတ် တစ်ခြား စကြ၀ဠာက အခြားဘုရားတစ်ဆူ ကြွတော်မူလာသည်ဟု ထင်ကြရပါသည်။
မဟာသမယ၏ ထူးခြားမွန်မြတ်ပုံပါပဲ။ သက်ရှိဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ်နှင့် နိမ္မိတဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ်တို့သည် အချင်းချင်းရောယှက်ကာ စကြ၀ဠာစွန်းနားသို့တိုင်အောင် ဘေးသို့ပြေးသွားကာ အရပ်ရှစ်မျက်နှာကို လွှမ်းမိုးတော်မူခဲ့ကြပါတယ်။ အထက်အကနိဋ္ဌဘုံတိုင်အောင် လွှမ်းမိုး တတ်ခဲ့ပါတယ်။ သက်ရှိဗုဒ္ဓနှင့် နိမ္မိတဗုဒ္ဓတို့သည် မျက်နှာခြင်းဆိုင် နေထိုင်တော်မူကြကာ အမေးအဖြေပြုလုပ်၍ သက်ရှိဗုဒ္ဓက မေးသမျှကို နိမ္မိတဗုဒ္ဓက ဖြေကြားကာ တရားဒေသနာ (၆)ပုဒ် သုတ္တန် (၆)ခုတို့ကို ဟောကြားတော်မူခဲ့ပါတယ်။
၁။ ရာဂစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် သမ္မာပရိဗ္ဗာဇနိယသုတ်။
၂။ ဒေါသစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် ကလဟ၀ိဝါဒသုတ်။
၃။ မောဟစရိုက်ရှိသောနတ်ဗြဟ္မာတို့အတွက် မဟာဗျူဟာသုတ်။
၎။ ၀ိတတ်စရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် စူဠဗျူဟာသုတ်။
၅။ သဒ္ဓါစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် တုဝဋ္ဋသုတ်။
၆။ ပညာစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် ပုရာဘေဒသုတ်။
ဟူ၍ သုတ်ပေါင်း (၆)သုတ်တို့ကို တစ်နေ့တည်း ဟောတော်မူခဲ့ပါတယ်။
ကုဋေပေါင်းများစွာသော နတ်ဗြဟ္မာတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တန်းဝင်ကာ အရိယာ ဖြစ်ကြပါတယ်။
နတ်တို့ရဲ့အမည်စာရင်းကို ဖော်ပြသော မဟာသမယသုတ်နှင့်တကွ စရိုက် (၆) ပါး အသီးသီးရှိ နတ်များအား ဟောသော မဟာသမယ (၆) သုတ်တို့ကို နတ်များက အလွန်ကြည်ညိုကြပါတယ်။ မြို့သစ်၊ အိမ်သစ်၊ စသည် အသစ်တည်သော သုမင်္ဂလာမှုများ၌ မဟာသမယ (၇) သုတ်တို့ကို ရွတ်ဆိုခြင်းဖြင့် ၎င်းတို့၏ အကူအညီ အစောင့်အရှောက်ကို ရယူနိုင်ကြပါသည်။
သကျတို့သည် မြတ်စွာဘုရား၏ ဘခင်မျိုးများ ဖြစ်ကြပါသည်။ ကောလိယတို့သည် မြတ်ဘုရား၏ မိခင်မျိုးများ ဖြစ်ကြပါသည်။ မိမျိုး ဘမျိုးတို့၏ ငြင်းခုံခိုက်ရန်ပွဲကို ဆွေမျိုးစပ်၍ ငြိမ်းချမ်းစေတော်မူခဲ့ပါတယ်။ ငြိမ်းချမ်းမှု၏ အကျိုးသက်ရောက်မှုကား ကြီးကျယ် များမြတ်လှပါပေ၏။ မဟာသမယ၊ မဟာသန္နိပါတ၊ မဟာဓမ္မဒေသနာ၊ မဟာဓမ္မာဘိသမယ၊ မဟာအတ္ထာဓိဂမ တို့သည် ရောဟိနီ ငြိမ်းချမ်းရေးတရား၏ အကျိုးကျေးဇူးများပင် ဖြစ်ပါသတည်း။

- သုသုခံ ၀တ ဇီဝါမ၊
ဝေရိနေသု အဝေဒိနော၊
ဝေရိနေသု မနုေဿသု၊
ဝိဟရာမ အဝေရိနော။
ဝေရိနေသု- ရန်ပြု၍ နေကြသော ၊ မနုေဿသု - လူတို့၏ အလယ်၌ ၊ အဝေရိနော - ရန်မပြုကြသော ၊ မယံ - ငါတို့သည် ၊ သုသုခံ - အလွန့်အလွန် ချမ်းသာစွာ ၊ ဇီဝါမ ၀တ - အသက်ရှင်ကြရပေကုန်စွတကား။
တသ္မာ - ထို့ကြောင့် ၊ ဝေရိနေသု - ရန်ပြု၍ နေကြသော ၊ မနုေဿသု - လူတို့၏အလယ်၌ ၊ မယံ - ငါတို့တစ်တွေသည် ၊ အဝေရိနော - မည်သူ့ကိုမျှ ရန်မပြုကြပါပဲ ၊ ၀ိဟရာမ - နေလိုက်ကြပါကုန်စို့တကား။
- နဟိ ဝေရေန ဝေရာနိ ၊
သမ္မန္တိဓ ကုဒါစနံ ၊
အဝေရေန စ သမ္မန္တိ ၊
ဧသ ဓမ္မော သနန္တနော ။
ဝေရာနိ - ရန်တို့သည် ၊ ဝေရေန - ရန်တုန့်မူသဖြင့် ၊ ကုဒါစနံ - မည်သည့်အခါမျှ ၊ နသမ္မန္တိ - မငြိမ်းနိုင်လေကြကုန် ။
ဝေရာနိ - ရန်တို့သည် ၊ အဝေရေန - မေတ္တာဖြင့် တုန့်ပြန်မှသာလျှင် ၊သမ္မန္တိ - ငြိမ်းကြလေကုန်၏ ။
ဧသဓမ္မော - ဤသဘောသည် ၊ သနန္တနော - ကမ္ဘာဦးလူတို့ ကျင့်သုံးကြတဲ့ သနန္တနဓမ္မ ကမ္ဘာ့ ရှေးဟောင်းတရား ဖြစ်ပါပေသတည်း ။

သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ ။
သတ္တလောကတစ်ခုလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေ ။


အဓိပတိ ဆရာတော်

သီတဂူဗုဒ္ဓတက္ကသိုလ်
၁၃၅၈ - ခု၊ မဟာသမယနေ့

ဗုဒ္ဓဖြစ်စဉ် သာသနာဝင် အကျဉ်းချုပ်

ဘ၀တု သဗ္ဗမင်္ဂလံ- ယခုရှုရ ဖူးရမယ့်အစီအစဉ်ကတော့ မြတ်စွာဘုရားဖြစ်စဉ် ဗုဒ္ဓ၀င်နှင့် သာသနာ့ဖြစ်စဉ် သာသနာဝင်တို့ပဲ ဖြစ်ပါတယ်။ ဘုရားဖြစ်စဉ်ကို ဟိမ၀န္တာမှ စရမှဖြစ်ပါတယ်။ ဆီနှင်းတွေ တွဲခိုနေရာ ဟိမာလယလို့ဆိုတဲ့ ဟိမ၀န္တာတောင်တန်းကြီးရဲ့တောင်ခြေမှာ စိမ်းစိုညိုမှောင်နေတဲ့ ကျွန်းတောကြီးများ ရှေးတုန်းက ရှိခဲ့ဖူးပါတယ်။ အဲဒီ ကျွန်းတောကြီးထဲမှာ ကပ္ပိလဆိုတဲ့ ဘုရားအလောင်း ရှင်ရသေ့ဟာ တရားနှလုံး ကျင့်သုံးလို့ နေခဲ့ဖူးပါတယ်။
သက္ကနိုင်ငံတော် ကပ္ပိလ၀တ်မြို့တော်ရဲ့အနီး လုမ္ဗိနီဥယျာဉ်ဒေသမှာ မြန်မာတို့ တည်ထားကိုးကွယ်တဲ့ လောကမဏိစူဠာ စေတီတော်နဲ့ သိမ်, ကျောင်း, ဘုရား, တန်ဆောင်းများကို ကြည်နူးစွာ ယခုအတိုင်း ဖူးမြင်ရခြင်းဖြစ်ပါတယ်။ ဘုရားအလောင်း မင်းသိဒ္ဓတ်ကို သက္ကနိုင်ငံတော်ရဲ့မြို့တော် ကပိလ၀တ္ထုဆိုတဲ့ ရွှေမြို့တော်မှာ မယ်တော်မာယာဝမ်း ရွှေကြာတိုက်ခန်းမှာ ပဋိသန္ဓေယူခဲ့ပြီး ဤ လမ္ဗိနီဥယျာဉ်ဒေသမှာ မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော် မူခဲ့ပါတယ်။
သြက္ကာကမင်းကြီးရဲ့ သားတော်သမီးတော်များ မြို့သစ်တည် နန်းသစ်ဆောက်ဖို့ နေရာရှာကြတဲ့အခါမှာ ဘုရားအလောင်းတော် ကပ္ပိလရှင်ရသေ့က သူ့ကျောင်းနေရာကို ဖယ်ပေးပြီးတော့ မြေနေရာပေး ရွှေနန်းတော်ကြီးနဲ့ ရွှေမြို့တော်ကြီးကို တည်ဆောက်စေခဲ့ပါတယ်။ ကပ္ပိလရသေ့ပေးတဲ့ ကျောင်းနေရာမှာ တည်ဆောက်တဲ့ နေရာဖြစ်ခြင်းကြောင့် ‘ကပ္ပိလ၀တ္ထု’ လို့ခေါ်ပါတယ်။ ကပ္ပိလ၀တ္ထုလို့ခေါ်တဲ့ ရွှေမြို့တော်အနီး ပတ်ဝန်းကျင်မှာ ကျွန်းတောကြီးတွေ ၀ိုင်းဝိုင်းလည်နေခဲ့ပါတယ်။ ထိုကျွန်းတော်ကိုရှင်းလင်း တည်ထောင် ဖန်ဆင်းတဲ့ မင်းသား မင်းသမီးတွေရဲ့ ထိုနိုင်ငံတော်ကြီးဟာ ‘သက္ကနိုင်ငံတော်ဖြစ်ပါတယ်။ လူစွမ်းကောင်းတို့ နိုင်ငံလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်းတောထဲမှာ ရှင်းပြီးတော့ နေကြသည် ဖြစ်သောကြောင့် ထိုလူမျိုးတို့ကို သာကိယ လူမျိုးလို့ ခေါ်ခဲ့ပါတယ်။ ကပ္ပိလ၀တ္ထု၏ အရှေ့ဘက်မှာ ရာမမင်းဆက်နှင့် သာကိယမင်းဆက်တို့ ရေယှက်ရာမှ ဖြစ်ပွားလာတဲ့ လူမျိုးတစ်မျိုးဟာ ကောလိယလူမျိုးဖြစ်ပါတယ်။ ကလောပင်တောကြီးကို ရှင်းလင်း၍ မင်းသား မင်းသမီးများရေကစားရာ ရေကူးကန်ကြီး ၀ိုင်းကာ တည်ထောင်ဖန်ဆင်ခဲ့တဲ့အတွက် ကောလိယတို့၏ နယ်ခြားမျဉ်းစောင်းကတော့ ရောဟိနီမြစ်ပါပဲ။
သက္ကတိုင်း ကပ္ပိလ၀တ်မြို့သား သုဒ္ဓေါဒန မင်းတရားနှင့် ကောလိယတိုင်း၊ ဒေ၀ဒဟမြို့သူ မာယာဒေ၀ီတို့မှ ပေါက်ဖွားလာခဲ့တဲ့ ယောင်္ကျားမြတ်တစ်ဆူကတော့ သိဒ္ဓတ္ထမင်းသားပဲ ဖြစ်ပါတယ်။
ဒီကနေ့ လုမ္ဗိနီဒေသရဲ့ အနောက်မြောက်မိုင် (၃၀) ခန့် သွားရောက်လို့ ကြည့်မယ်ဆိုရင် ကပိလ၀တ် ရွှေမြို့တော် ဟောင်းနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ခမည်းတော်ကြီး အရဟတ္တဖိုလ်ပေါက် နိဗ္ဗန်ရောက် ရဟန္တာဖြစ်ပြီး ထီးဖြူးဆောင်းလျှက် မင်းမြှောက်တန်ဆာငါးပါး ၀တ်ဆင်ပြီး ပရိနိဗ္ဗာန်စံခဲ့တဲ့ အတွက်ကြောင့် ကြွင်းကျန်အရိုးဓာတ်များ ဌာပနာတဲ့ သုဒ္ဓေါဒနမင်းတရားရဲ့ စေတီဟောင်းကိုလည်း ဖူးမြင်ရမှာ ဖြစ်ပါတယ်။
သားတော် သိဒ္ဓတ္ထမင်းမြတ်ကို ဖွားမြင်ပြီး မာယာဒေ၀ီဟာ (၇) ရက်အကြာမှာ နတ်ရွာစံခဲ့တော့ မာယာဒေ၀ီရဲ့ ရုပ်ကလာပ်ကိုလည်း ကပ္ပိလ၀တ်မြို့ဟောင်းရဲ့ အရှေ့မြောက် ယွန်းယွန်းမှာ သုဒ္ဓေါဒနမင်းတရားရဲ့ အရိုးဓာတ်စေတီနဲ့ ယှဉ်တွဲပြီးတော့ ဌာပနာထားခဲ့တဲ့ စေတီဟောင်းနှစ်ဆူရဲ့ အုတ်ခံရာများကို ယှဉ်လျှက်ဖူးရတဲ့အခါမှာ တစ်မျိုးပင် လွမ်းစရာဖြစ်ရပါတယ်။ ကပ္ပိလ၀တ်ပျက်ပြီးတဲ့အခါမှာ ကပ္ပိလနဲ့ မနီးမဝေးတစ်နေရာ အိန္ဒိယနယ်စပ်နဲ့ခပ်လှမ်းလှမ်း တစ်နေရာမှာ မောရိယမြို့တော် မောရိယနိုင်ငံတော်တည်ဆောက်ခဲ့ပါသေးတယ်။ အဲဒီ မောရိယမြို့တော် မောရိယနိုင်ငံတော်ရဲ့ နေရာမှာ အသောကမင်းတရား စိုက်ထူထားတဲ့ ကျောက်တိုင်ကြီးဟာ မြေမှာတစ်ဝက်လဲလျှက် တစ်ဝက်နဲ့ ဒေါင်းရုပ်ကလေး အမှတ်အသားပါပြီးတော့ မောရိယမင်းဆိုတဲ့ အထိမ်းအမှတ်ကို ထိုကျောက်တိုင်ကြီးက ဖော်ပြနေတယ်လို့ ခန့်မှန်းရပါတယ်။
သကျလူမျိုးတို့နဲ့ ကောလိယလူမျိုးတို့ ဆွေမျိုးရင်းဖြစ်ကြပေမယ့် ဆွေမျိုးရင်းဖြစ်မှန်း ပြန်မသိနိုင်ကြတဲ့အတွက် နယ်ခြားဖြစ်လျှက် ရှိနေတဲ့ ရောဟိနီဆိုတဲ့ မြစ်ကလေးမှာ မိုးဦးကျအခါကာလ လယ်သမားတွေ ရေလုတဲ့ စစ်ပွဲကြီး ဖြစ်ခဲ့ဖူးတာဟာလည်းပဲ သာသနာတော်ရဲ့ သမိုင်းမှာဖြင့် အထူးပင် မှတ်တမ်းတင်ထားတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
သက္ကတိုင်း ကပ္ပိလ၀တ္ထုမြို့တော်ရဲ့ အရှေ့ဘက်ကို လှမ်းမျှော်ကြည့်လိုက်မယ် ဆိုလို့ရှိရင် ကလောပင်တောကြီးဟာ အကြီးအကျယ် ရှိခဲ့ဖူးပါတယ်။ ထိုကလောတောထဲမှာ စတင်ဖြစ်လာတဲ့လူမျိုးဟာ ကောလိယလူမျိုး၊ မင်းသားတွေ၊ မင်းသမီးတွေ ရေကစားရာ ရေကန်ကြီးကို ၀ိုင်းပြီးတော့ မြို့ကြီးတည်ဆောက်ကြတဲံအခါမှ ထိုမြို့တော်ကို ဒေ၀ဒဟရွှေမြို့တော် မင်းသား၊မင်းသမီးတွေ ရေကစားတဲ့ ရွှေမြို့တော်လို့ ခေါ်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ရဲ့မယ်တော်ကြီး မာယာဒေ၀ီနဲ့ မိထွေးတော် မဟာပဇာပတိ ဂေါတမီတို့ဟာ ကောလိယတိုင်း၊ ဒေ၀ဒဟမြို့တော်သူများ ဖြစ်ကြပါတတယ်။ အခုမြင်ရတဲ့ ပုံတော်များကတော့ သားတော်သိဒ္ဓတ္ထဖွားပြီး (၇)ရက်အကြာ နတ်ရွာစံခဲ့တဲ့ မာယာဒေ၀ီရဲ့ ရုပ်ထုနဲ့ မာယာနတ်ကွန်းဖြစ်ပါတယ်။ ဒေ၀ဒဟမြို့သူတွေ ကောက်ရိတ်သိမ်းနေကြပါပြီ။ ဒီနေ့ မြင်ရတဲ့ ဒေ၀ဒဟမြို့တော်ဟောင်းရဲ့ မြင်ကွင်းပါပဲ။ ဒေ၀ဒဟဆိုတဲ့အတိုင်း မင်းသား၊မင်းသမီးများ ရေကစားရာ ရေကူးကန်မှာ အခုလည်း မင်းသားတွေလား မင်းသမီးတွေလား ရေကစားနေတဲ့ ရှုခင်းတစ်မျိုးဟာ အလွန်ကြည်နူးစရာ ကောင်းပါတယ်။ ရာမရွာမှာနေကြတဲ့ ကောလိယမင်းမျိုးတွေ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံပြီး ရရှိခဲ့တဲ့ ဓာတ်တော်ဝေစုတစ်စုကို ကောလိယမင်းမျိုးတို့ရဲ့အစ ရာမမင်းကြီးနေခဲ့တဲ့ ရာမရွာမှာ အခုမြင်ရတဲ့အတိုင်း ပြိုကျနေတဲ့ ကုန်းမို့မို့လေးဟာဖြင့် ဓာတ်တော်ဌာပနာရာ ဓာတုစေတီဟောင်းကြီးရဲ့ နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာတစ်ဝိုက်ကို (ရမ်ဂါမ်) ရာမရွာလို့ ခေါ်ပါတယ်။
ကောလိယတိုင်း၊ ဒေ၀ဒဟမြို့သူမြို့သားတွေ လယ်ယာများ ရိတ်သိမ်ပြီး ကျွဲ၊ နွားတွေကိုဆွဲပြီးတော့ အိမ်ပြန်ချိန် ညနေခင်း ဆည်းဆာရှုခင်းဟာဖြင့် ဟို ကောလိယမင်းမျိုးတို့ရဲ့အစ ရာမမင်းကြီးကိုပင် လှမ်းပြီးတော့ လွမ်းရမယ့် ရှုခင်းမျိုးဖြစ်ပါတယ်။ အရှေ့လောကဓာတ်က လပြည့်ဝန်ကြီး ၀င်းဝင်းလက်လက် ထွက်လာသလို အစုံစုံပွင့်ကြကုန်တဲ့ အင်ကြင်းပင်ပျိုတို့ရဲ့အကြားမှာ သိဒ္ဓတ္ထမင်းမြတ်ကို ဖွားမြင်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေရာဟာ သိဒ္ဓတ္ထမင်းမြတ် ဖွားရာမြေဟု မှတ်တမ်းတင်ခဲ့တဲ့ အသောကမင်းတရားရဲ့ ကျောက်တိုင်ကြီး မာယာဒေ၀ီ ရေကစားရာ၊ ရေသုံးသပ်ရာ ရေကူးကန် (၇)ရက်အကြာ နတ်ရွာစံခဲ့တဲ့ မာယာဒေ၀ီကို သကျနဲ့ ကောလိယတို့က နတ်ကွန်းဆောက်ပြီးတော့ တည်ထားခဲ့တဲ့ မာယာဒေ၀ီနတ်ကွန်း၊ ဤကျောက်တိုင်ကြီးမှာ အသောကမင်းတရားကြီးက ဘိသိက်သွန်းပြီးတော့ အနှစ်နှစ်ဆယ်ကြာတဲ့အခါမှာ သိဒ္ဓတ္ထ ဖွားရာမြေကို ငါရောက်ခဲ့တယ်။ သိဒ္ဓတ္ထမင်းမြတ်ကို ပူဇော်ခဲ့သည်ကို မှတ်တမ်းတင်ဖို့ရန်ကိုလည်းကောင်း ဤကျောက်စာကို ငါ စိုက်ထူခဲ့သည်ဟု ကျောက်စာများ ရေးထားခဲ့ပါတယ်။
ဤနေရာမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံမီနှင့် စံတော်မူပြီးတဲ့နောက် ခေတ်အဆက်ဆက် ကျောင်းတိုက်များ တည်ဆောက်ခဲ့သဖြင့် ကျောင်းနေရာဟောင်းများကိုလည်း ဖူးမြင်ရမှာ ဖြစ်ပါတယ်။ ဖွားလျှင်ဖွားချင်း မတ်တပ်ရပ်၊ မြောက်ဘက်ကို ခုနှစ်လှမ်းလှမ်း ကြွမြန်းတဲ့နေရာမှာ တည်ထားခဲ့တဲ့ ခြေဖ၀ါးအောက်က ကြာပွင့် ပေါက်တဲ့ နေရာမှာ တည်ထားခဲ့တဲ့ စေတီဟောင်းကလေးများ အထိမ်းအမှတ်ပါ။ ညာလက်ကိုမြှောက် မြောက်ဘက်ကို ခုနှစ်လှမ်းလှမ်းကြွမြန်းပြီးတဲ့ သိဒ္ဓတ္ထမင်းမြတ်သည် ‘အဂ္ဂေါဟသ္မိ လောကဿ’ ဒီကမ္ဘာမှာ ငါ အမြတ်ဆုံးလို့ ကြွေးကြော်ခဲ့ပါတယ်။ မတ်တပ်ရပ် အင်ကြင်းကိုင်းကိုကိုင်လျှက် သိဒ္ဓတ္ထမင်းမြတ်ကို ဖွားမြင်တော်မူခဲ့တဲ့ ပန်းချီကားချပ်ပါ။ နိဂြောဓာရာမ်-နိဂြောဓဥယျာဉ် နိဂြောဓမင်းသားကြီးရဲ့ ဥယျာဉ် မြတ်စွာဘုရားကိုယ်တော်မြတ် နေပြည်တော်ပြန်ရောက်တဲ့ (၁၀၄) ခုနှစ်ရဲ့ ကဆုန်လပြည့်နေ့တုန်းက ဗုဒ္ဓ၀င်ဒေသနာဟောကြား ပေါက္ခရ၀ဿမိုးကြီး ရွာသွန်းဖြိုးခဲ့တဲ့ ဤနေရာ ရာဟုလာသားတော် ရဟန်းဖြစ်ခဲ့တဲ့ ဤနေရာဟာဖြင့် နိဂြောဓရုံဥယျာဉ်နဲ့ ကျောင်းဟောင်း ဘုရားဟောင်းများပဲဖြစ်ပါတယ်။
‘ဧကံ သမယံ ဘဂ၀ါ သက္ကေတု ၀ိဟရတိ ကပ္ပိလ၀တ္ထုသ္မိံ နိဂြောဓာရာမေ’။ လို့ ပါဠိတော်များ ရွတ်ဖတ်လိုက်ရင် ဤနေရာဟောင်းကို ပြန်ပြောင်း၍ သတိတရ ရှိရပါတယ်။ အလောင်းတော် သိဒ္ဓတ္ထမင်းမြတ်ဟာ အသက် (၁၆) နှစ်အရွယ် ရောက်တဲ့အခါမှာ ယသော်ဓယာမင်းသမီးနဲ့ လက်ဆက်ထိမ်းမြားပြီး အသက် (၂၉) နှစ်အရွယ် ရောက်တဲ့အခါမှာ သားတော် ရာဟုလာဖွားမြင်တဲ့ ထိုညမှာပဲ သက္ကတိုင်း၊ ကပ္ပိလ၀တ်ရွှေမြို့တော် အရှေ့တံခါးက ထွက်ပြီးတော့ အနော်မာမြစ်ကို ကျော်ဖြတ်လျှက် အိန္ဒိယပြည် အရှေ့မြောက်ပိုင်း မဂဓတိုင်းနယ်မြေထဲမှာ တည်ရှိနေတဲ့ ဥတုဝေလခေါ်တဲ့ တောအုပ်ကြီးကို ၀င်ပြီးတော့ (၆) နှစ်တို့ကာလပတ်လုံး အိန္ဒိယရှေးဟောင်းယောဂီ ပုရပိုဇ်ရဟန်းတွေကျင့်ကြတဲ့ အလွန်ပင်ပန်း ဆင်းရဲတဲ့ ဒုက္ကရစရိယ အကျင့်မြတ်ကို (၆) နှစ်ကြာ ကာလပတ်လုံး ကျင့်သုံးခဲ့ပါတယ်။ ဒုက္ကရစရိယာအကျင့်မြတ်ကို (၆)နှစ်ကြာ ကျင့်တော်မူပြီး ဒုက္ကရစရိယာ အကျင့်သည် အတ္တကိလမထာနုယောဂအကျင့်၊ ခန္ဓာကိုယ်ကို ပင်ပန်းစေတဲ့ အကျင့်ဖြစ်ကြောင်း ဆင်းရဲရုံမျှသာဖြစ်ပြီး အရိယာသူတော်ကောင်းတွေ မကျင့်ကြကြောင်း မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားကို မဖြစ်စေနိုင်ကြောင်း ကောင်းစွာသိသဖြင့် ထိုဒုက္ကရစရိယာအကျင့်ကို စွန့်လွှတ်ပြီး မဂ္ဂင်ရှစ်ပါးတည်းဟူသော မဇ္ဈိမပဋိပဒါကို ပြောင်းလဲ၍ ကျင့်သုံးခဲ့ပါတယ်။
မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါးအကျင့်တရား ပြောင်းလွဲကျင့်သုံးတော်မူခဲ့တဲ့ သိဒ္ဓတ္ထမင်းမြတ်ဟာ မဟာသက္ကရာဇ် (၁၀၃) ခုနှစ်ရဲ့ ကဆုန်လပြည့်နေ့ လပြည့်ကျော်တစ်ရက်ထဲမ၀င်မီ ဤဗောဓိပင်ခြေ အပရာဇိတခေါ်တဲ့ ပလ္လင်ဗွေမှာ မာန်ငါးပါး အောင်မြင်တော်မူခဲသဖြင့် ဗုဒ္ဓစင်စစ်ဖြစ်တော်မူခဲ့ပါတယ်။ အပရာဇိတပလ္လင်တော်နဲ့ မဟာဗောဓိပင် သီရိဓမ္မာသောကမင်းတရား စိုက်ထူထားခဲ့တဲ့ အသောကမင်းတရားကြီးရဲ့ ကောင်းမှုတစ်ဆူဖြစ်တဲ့ မဟာဗောဓိ စေတီတော်ဘုရားဖြစ်ပြီးတဲ့နောက် (၇) ရက်တို့ ကာလပတ်လုံး အပရာဇိတ ပလ္လင်တော်ပေါ်မှာ တမ္ပလ္လင်ခွေမဖျက် (၇) ရက် စံနေတော်မူခဲ့ကြပါတယ်။ ထို့နောက် ဗောဓိပင်ရဲ့ အရှေ့မြောက် ကုန်းကလေးပေါ်တက်ပြီးတော့ ထိုကုန်းကလေးပေါ်ကနေ ဗောဓိပင်ကို မမှိတ်သော မျက်စိဖြင့် ကြည့်နေခဲ့ပါတယ်။ ထိုနေရာမှာတည်ထားခဲ့တဲ့ စေတီကို ‘အနိမိသစေတီ’ လို့ပါတယ်။ အနိမိသကုန်းတော်နေရာမှ ဆင်းသက်ပြီးတော့ ဗောဓိပင်မြောက်နား စင်္ကြံလျှောက်လျှက် (၇) ရက် သီတင်းသုံးတော်မူနေခဲ့ပါတယ်။ ဒီနေရာကိုတော့ ရတနစင်္ကမသတ္တာဟ- ရတနာစင်္ကြံတော်လို့ ခေါ်ရပါတယ်။ ရတနာစင်္ကမကနေ ရတနာဃရသို့ ပြောင်းရွေ့၍ (၇) ရက်မျှ စံနေတော်မူပြီး အဘိဓမ္မာ (၇) ကျမ်း စီးဖြန်းဆင်ခြင်တော် မူခဲ့ပါတယ်။
အဘိဓမ္မာ (၇) ကျမ်း စီးဖြန်းဆင်ခြင်တော်မူရာ ရတနာဃရမှာ (၇) ရက် နေပြီးတဲ့နောက် ဆိတ်ကျောင်းညောင်ပင်အောက်သို့ ပြောင်းရွေ့၍ (၇) ရက် နေတော်မူခဲ့ပါတယ်။ ဆိတ်ကျောင်းညောင်ပင်အောက်ကနေ မုဉ္စလိန္ဒာအိုင်သို့ ပြောင်းရွေ့၍ (၇) ရက် သီတင်းသုံးတော်မူခဲ့ပါတယ်။ မုဉ္စလိန္ဒာသတ္တာဟကို ကျော်လွန်ပြီးတဲ့အခါ ဗောဓိပင်နား ပြန်လည်ချဉ်းကပ် လင်းလွန်းပင်အောက်မှာ သီတင်းသုံးတော်မူခဲ့ပြန်ပါတယ်။ အဲဒီ သတ္တာဟကိုတော့ ရာဇာရတနသတ္တာဟလို့ ခေါ်ပါတယ်။ ရာဇာရတနသတ္တာဟ လင်းလွန်းပင်မှာ သီတင်းသုံးလို့နေတော်မူတဲ့ (၇) ရက်ပြည့်မြောက်တဲ့အခါမှာ ဘုရားရှင် (၇) ရက်၊ (၇) နေရာ၊ (၇) ရက်၊ (၇) လီ လေးဆယ်ကိုးရက် စေ့တော်မူပြည့်တော်မူသောကြာင့် သိကြားပေးတဲ့ဆေးကို ဘုဉ်းပေးပြီးတော့ ခန္ဓာကိုယ်ကို သန့်ရှင်းစေလျှက် နေရဉ္စာမြစ်မှာရေချိုး တဖုဿ ဘလ္လိက ညီနောင်တို့ လှူဒါန်းတဲ့ ဆွမ်းကို ဘုဉ်းပေးတော်မူခဲ့ပါတယ်။
ထိုနောင် ဆိတ်ကျောင်းညောင်ပင်မှာ (၇) ရက်နေတော်မူလျှက် ဗာရာဏသီဘက်ကို ကြွပြီး ဥရုဝေလာမှာ တရားအတူကျင့်ခဲ့တဲ့ တပည့်ဟောင်းငါးယောက် ပဉ္စ၀ဂ္ဂီတို့အား ၀ါဆိုလပြည့် စနေနေ့မှာ ‘ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇ္ဇိတေန’ စသည်ဖြင့် ဓမ္မစကြာဒေသနာ ဟောတော်မူခဲ့ပါတယ်။ အခု မြင်ရတဲ့ မြင်ကွင်းကတော့ ဂင်္ဂါနဲ့ ဗာရာဏသီ၊ ဗာရာဏသီမြို့လည်ခေါင်ရဲ့ ရှုခင်းတစ်မျိုးဖြစ်ပါတယ်။ အရှေ့လောကဓါတ် နေ၀န်းကြီးထွက်ပြူစ၊ အနောက်လောကဓါတ် နေမင်းကြီးဝင်ခါစ နေနဲ့လ နှစ်ပါးပြိုင်နေတဲ့ ယခုလို အချိန်မျိုးမှာ ‘ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ’ စသည်ဖြင့် သမင်ပေါတဲ့ ဤမိဂဒါဝုန်တောမှာ ဤဓမ္မစကြာ ဒေသနာတော်ကို ၀ါဆိုလပြည့်နေ့မှ စပြီးတော့ လပြည့်ကျော် (၄) ရက်တိုင်အောင် (၅) ရက်တို့ ကာလပတ်လုံး တပည့်ဟောင်း (၅) ယောက်တို့အား ဟောကြားတော်မူပြီး တစ်ရက်လျှက် တစ်ပါးစီ သောတာပန်တည် (၅) ရက်ပြည့်တဲ့အခါမှာ အနတ္တဒေသနာ ဟောကြားတော်မူသဖြင့် ငါးပါးစလုံး ရဟန္တာဖြစ်တော်မူကြပါတယ်။
အခုမြင်နေရတဲ့ မြင်ကွင်းကတော့ နန္ဒိယကျောင်းတော်ဟောင်းများ ဓမ္မစကြာ ဒေသနာဟောကြားတော်မူခဲ့တဲ့နေရာမှာ တည်ထားတဲ့ စေတီတော်ကြီး ပြိုကျပျက်စီးသွားတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ စေတီတော်ဟောင်းကြီးရဲ့အရာ စက်ဝိုင်းသသဏ္ဌာန် အနတ္တသုတ္တန်ဟောတော်မူခဲ့တဲ့ ဓမ္မေခစေတီတော် (သို့) အနတ္တစေတီတော်၊ ရာဇဂြိုဟ်မြို့က နန္ဒိယသူဌေး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ နန္ဒိယကျောင်းတော်ဟောင်းများကို ခေတ်အဆက်ဆက် ကျောင်းတကာ အဆက်ဆက်တို့က ထပ်မံ ထိမ်းသိမ်း ပြုပြင်ပြီးတော့ ကျောင်းတော်များ တည်ဆောက်လာခဲ့ကြပေမယ့် ထိုကျောင်းတော်ကြီးတွေဟာ သာသနာနှစ် (၁၈၀၀) တစ်ထောင်ရှစ်ရာ ကြာတဲ့အခါမှာ လုံးဝ ပျက်စီးပျောက်ကွယ်ပြီးတော့ ယခုမြင်တွေ့ရတဲ့ အုတ်ခုံ၊ အုတ်ပန္နက်များသာ ကျန်ခဲ့တဲ့ အနေအထားရှိပါတယ်။
ဗာရာဏသီမှာ ပဉ္စ၀ဂ္ဂီငါးပါးက ရဟန္တာဖြစ်လာခဲ့ကြတဲ့ ရဟန်းတော် (၅) ပါး၊ ယသသူဌေးသားနဲ့တကွ ငါးဆယ့် ငါးယောက်သော သူငယ်ချင်းတွေက ဖြစ်လာခဲ့ကြတဲ့ ရဟန်း (၅၅) ပါးတို့နှင့် တစ်ဝါတွင်းမျှ သီတင်းသုံးပြီးတော့ မြတ်စွာဘုရားကိုယ်တော်မြတ် သီတင်းကျွတ်ချိန်မှစ၍ တရွေ့ရွေ့ခရီးကြွမြန်းတော်မူခဲ့ကာ ယခု မြင်နေရတဲ့ တောင်ငါးလုံးကာခို မြို့တော်ရာဇဂြိုဟ်ုသို့ ပြာသိုလပြည့်နေ့မှာ ရောက်ပါတယ်။ ယခု တွေ့ရတဲ့အတိုင်း ထိုလှည်းသားငါးရာတို့ရဲ့ လှည်းတွေ မောင်းလွန်းအားကြီးတဲ့အတွက်ကြောင့် ကျောက်သားတွေအပေါ်မှာ ထင်နေခဲ့တဲ့ (ဗြဟ္မီ) အက္ခရာနဲ့ ရှေးဟောင်းကျောက်စာများဟာဖြင့် လူသမိုင်း ဘာသာရေးသမိုင်းရဲ့ အံ့သြစရာ သက်သေအထောက်အထားတွေ ဖြစ်ပါတယ်။ ရာဇဂြိုဟ်တောင်တန်းကြီး (၅) လုံးထဲက (ဂိဇ္ဈကုတ်တောင်ဟာဖြင့်) မြတ်စွာဘုရား နေသန့်စင်တဲ့ သီတင်းသုံးတဲ့နေရာ တစ်ခုပါပဲ။ ဝေပုလ္လတောင်ထိပ်ပေါ်မှာတော့ ဂျပန်ပြည်က သျှန္တီခေါ်တဲ့ စေတီတစ်ဆူကို တည်ထားခဲ့ပါတယ်။ ဝေပုလ္လတောင်၊ ဝေဘာရတောင်၊ ပဏ္ဍ၀တောင်၊ ဣသိဂိလိတောင်၊ ဂိဇ္ဈကုတ်တောင်ရယ်လို့ တောင်ငါးလုံးကာခိုတဲ့ ရာဇဂြိုဟ်ခရီးပါပဲ။ ရာဇဂြိုဟ်ပြည်မှာ ဆရာကြီးဒေါက်တာဇီဝက ဆောက်လုပ်လှူဒါန်းခဲ့တဲ့ အမ္ဗ၀နကျောင်းတိုက်လို့ခေါ်တဲ့ သရက်တောကျောင်းတိုက်၊ ဗိမ္ဗိသာရဘုရင်မင်းတရား ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ၀ါးတောကျောင်းတိုက်၊ ဗိမ္ဗိသာရဘုရင်မင်းတရားကြီးရဲ့ ရွှေဘဏ္ဍာများတည်ထားရာ ဆွန် ဘဏ္ဍာလို့ခေါ်တဲ့ ဘဏ္ဍာတိုက်၊ ဘဏ္ဍာတိုက်အတွင်းနံရံမှာ ရေးထိုးထားကြတဲ့ ရုပ်ပွားများ၊ ဆင်းတုများဖြစ်ပါတယ်။
အခုမြင်ရတဲ့ မြင်ကွင်းကတော့ အဇာတသတ်မင်းတရား မြတ်စွာဘုရားရဲ့ ဓါတ်တော်ဝေစုတစ်စုကို ဌာပနာခဲ့တဲ့ စေတီဟောင်းနေရာ၊ အခုမြင်ရတဲ့ မြင်ကွင်းကတော့ ဗိမ္ဗိသာရမင်းတရားကို အဇာတသတ်က အကျဉ်းချခဲ့တဲ့နေရာ၊ ဒါ အကျဉ်းထောင်ဟောင်းရဲ့နေရာပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံပြီးတဲ့နောက် သုံးလအကြာမှာ ရှင်မဟာကဿပ ခေါင်းဆောင်ပြီးတော့ သင်္ဂါယနာတင်ခဲ့တဲ့ ဝေဘာရတောင်နံရံ၊ ထိုဝေဘာရတောင်နံရံမှာပဲ အရှင်မဟာကဿပမထေရ်ကြီး အမြဲသီတင်းသုံးတော်မူတဲ့ ပိပ္ပလိလိုဏ်ဂူတော် ရှဥ့်နက်တို့ကို အစာပေး၊ ဘေးမဲ့ပေးပြီးတော့ မွေးမြူထားတဲ့ ဝေဠုဝန်ကျောင်းတော်။
အဂ္ဂသာဝကကြီးများဖြစ်ကြတဲ့ သာရိပုတ္တရာ မောဂ္ဂလာန်တို့ မြတ်စွာဘုရားနှင့် စတင်ဆုံတွေ့ကြရာ ရဟန္တာဖြစ်ကြရာ မြို့တော်ရာဇဂြိုဟ် ရဟန္တာကြီး (၁၂၅၀) တို့နှင့် မြတ်ဗုဒ္ဓ ပထမ သံဃသန္နိပါတ အစည်းအဝေးကြီးကျင်းပရာ မြို့တော်ရာဇဂြိုဟ် သာရိပုတ္တရာနှင့် မောဂ္ဂလာန်တို့ကို ပထမနှင့် ဒုတိယ အဂ္ဂသာဝကရာထူးကြီးများ အပ်နှင်းရာ မြို့တော်ရာဇဂြိုဟ် မြတ်ဗုဒ္ဓလွန်ပြီးနောက် သာသနာတစ်ရပ်လုံးကို ဦးဆောင်အုပ်ချုပ် ကွပ်ကဲတော်မူသော ရှင်မဟာကဿပ ရဟန်းပြုရာမြို့တော် ရာဇဂြိုဟ်သားဖြစ်သူ အဇာတသတ်က ဖခင်ကိုသတ်၊ သွေးသားလဲတော်စပ်၊ ရဟန်းလဲဖြစ်၊ ယောက်ဖလည်း တော်စပ်တဲ့ ဒေ၀ဒတ်က ဘုရားရှင်ကိုယ်တော်မြတ်ကို သတ်မလို့ကြံ၊ ဗိမ္ဗိသာရ မင်းတရားကြီးရဲ့ မိဖုရားကြီးဝေဒေဟီကလည်းပဲ အဖသတ်မယ့် သားဆိုပြီးတော့ သားအဇာတသတ်ကိုယ်ဝန်ရှိစဉ် ကိုယ်ဝန်ကို ဖျက်ဆီးမလို့ကြံ ဖြစ်ရပ်တွေ အလွန်စုံတဲ့ တောင်ငါးလုံး ကာခိုတဲ့ ရာဇဂြိုဟ်ပါ။
ရာဇဂြိုဟ်အနောက်မြောက် ယွန်းယွန်းကို မိုင် (၃၀) လောက်သွားလိုက်မယ်ဆိုလို့ရှိရင် သာရိပုတ္တရာ၊ မောဂ္ဂလန်တို့ဖွားရာ နာလန္ဒမြို့တော် နာလန္ဒမြို့တော်မှ ပညာကျော် သာရိပုတ္တမထေရ်ကို ဂုဏ်ပြုသောအားဖြင့် တည်ထားခဲ့ဖူးတဲ့ နာလန္ဒတက္ကသိုလ်ဟောင်း ကျောင်းတော်ဟောင်းကြီးကိုလည်း ဖူးရမှာဖြစ်ပါတယ်။ အခုမြင်ရတဲ့ ရှုခင်းကတော့ သက္ကာဒိစ္စမင်းတရားနဲ့ နာဂဇုနအရှင်တို့ တည်ထောင်ခဲ့တဲ့ နာလန္ဒတက္ကသိုလ် ကျောင်းတော်ဟောင်းကြီးပဲဖြစ်ပါတယ်။ နာဂဇုနဆိုတာ မဟာယာနဂိုဏ်းမှာ အဘိဓမ္မကျမ်းတွေကို အလွန်ကျွမ်းကျင်တတ်မြောက်ပြီးတော့ အဘိဓမ္မာအတွေးအခေါ် အလွန်ကောင်းတဲ့ ဆရာတော်ကြီးတစ်ပါးပါပဲ။ သာရိပုတ္တရာမထေရ် ပရိနိဗ္ဗာန်စံတော်မူရာလို့ အားလုံးလက်ခံယုံကြည်ထားကြတဲ့ ဤနေရာမှာ သာရိပုတ္တရာရဲ့ လွမ်းစေတီကိုလည်း တည်ထားခဲ့ပါတယ်။
အဲဒီ အခန်းကလေးတွေ အကွက်ကလေးတွေကတော့ သံဃာတော်တစ်ပါးတစ်ပါး သီတင်းသုံးခဲ့တဲ့ ကျောင်းခန်းငယ်ကလေးများဖြစ်ပါတယ်။ နာလန္ဒတက္ကသိုလ်အတွင်းက ရှေးဟောင်းမြတ်ဗုဒ္ဓရဲ့ ရငပ်ပွားဆင်းတုတော်များဟာ အလွန်လက်ရာကောင်းပါတယ်။ နာလန္ဒတက္ကသိုလ်ရဲ့အနီးမှာ တည်ထားတဲ့ ရှေးဟောင်းပြတိုက်ထဲက ဘုရားဆင်းတုတော်များနဲ့ အခြားရုပ်ပွားများဖြစ်ပါတယ်။ နာလန္ဒတက္ကသိုလ်ဟောင်းကြီး ပျက်စီးသွားတဲ့အခါ ယခုဖူးတွေ့ရတဲ့ အိန္ဒိယသားဆရာတော်ကြီး ဘိက္ခုကဿပက နာလန္ဒတက္ကသိုလ်အသစ်ကို ယခုမြင်ရတဲ့အတိုင်း တည်ဆောက်ခဲ့ပြီးတော့ သံဃာတော်များကို ဆက်လက် ပညာသင်ကြားပေးခဲ့ပါတယ်။ ဤနာလန္ဒတက္ကသိုလ်အသစ်မှာ မြန်မာနိုင်ငံမှ သံဃာတော်များ ပညာသင်ကြားလျှက် ရှိပါတယ်။
ဂင်္ဂါမြစ်ကို ဖြတ်သန်းပြီးတော့ ရှေးတုန်းက ရှိဖူးတဲ့ ပါတလိဆိုတဲ့ ရွာလေးမှာ အဇာတသတ်မင်းတရားကြီး တည်ဆောက်ခဲ့တဲ့ ပါတလိပုတ်ရွှေမြို့တော် နောင်သောအခါ သီရိဓမ္မာသောက မင်းတရားက ပါတလိပုတ်ရွှေမြို့တော်မှာ ထီးနန်းစိုက်ပြီးတော့ ကိုးဌာနမှာ သာသနာဖြန့်ချိတဲ့ ဓမ္မဒူတအဖွဲ့များ သာသနာပြုပုဂ္ဂိုလ်များ Buddhist Missionary ဆိုတဲ့ လုပ်ငန်းများကို လုပ်ဆောင်ခဲ့တဲ့ နေရာပါ။
ဒါ အသောကမင်းကြီးရဲ့ ကျောင်းတိုက်ဟောင်းကြီးပါ၊ အရောဂ၀ိဟာရဆိုတာ ဆေးရုံကိုခေါ်ပါတယ်။ အသောက မင်းတရားကြီးလက်ထက်ကျောင်းတိုက်ကြီး တည်ပြီးတော့ ကျောင်းတိုက်ထဲမှာ သံဃာ့ဆေးရုံကြီးတည်ဆောက်ခဲ့ကြောင်း ထင်ရှားတဲ့ သက်သေတစ်ခုပါပဲ။
ငါတလိပုတ်ကနေပြီးတော့ ဂင်္ဂါမြစ်ကို ဖြတ်သန်းပြီးတော့ မိုင်(၁၅၀) လောက် သွားလိုက်မယ်ဆိုရင် လိစ္ဆ၀ီမင်းတို့ပျော်စံရာ ဝေသာလီမြို့ဟောင်းကို ရောက်ပါတယ်။ လိစ္ဆ၀ီမင်းတို့ ခေါင်းဆေးမင်္ဂလာပြုတဲ့ ရေကန်တော်ဖြစ်ပါတယ်။ မြတ်စွာဘုရားအာယုသင်္ခါရ လွှတ်တော်မူတဲ့ စာပါလစေတီတော်ရဲ့ နေရာမှာ ဂျပန်တို့ တည်ထားတဲ့ စေတီတော်ကြီးတစ်ခုပါပဲ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဓါတ်တော်ဝေစုတစ်တစ်ပုံကို လိစ္ဆ၀ီမင်းတို့ရရှိတဲ့အခါ ယခုမြင်နေရတဲ့ နေရာမှာ လိစ္ဆ၀ီမင်းတို့က ဓါတုစေတီတော်ကြီးတစ်ဆူကို တည်ထားခဲ့ဖူးပါတယ်။ စေတီတော်ကြီး ပြိုပျက်သွားပြီးတဲ့အခါမှာ စေတီတော်ကြီးရဲ့ အောက်ခြေ အုတ်မြစ်များကို ယခုလို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ အမိုးများတောင် မိုးထားလိုက်ပါတယ်။
ဝေသာလီမြို့ဟောင်းက လိစ္ဆ၀ီမင်းတို့ရဲ့ ရှေးဟောင်းပစ္စည်းများကို ပြသထားတဲ့ ပြတိုက်ဖြစ်ပါတယ်။ ပြတိုက်အတွင်းက အလွန်အံ့သြဖွယ်ရာကောင်းတဲ့ ရပ်တုဆင်းတုတော်များပါ။ ဝေသာလီမြို့ဟောင်းကို အိန္ဒိယပြည် ရှေးဟောင်းဌာနက တူးဖော်တဲ့အခါမှာ မြေအောက် (၈) ပေကနေ (၁၀) ပေအထိ တူးရတယ်လို ဆိုပါတယ်။ (၈.၉.၁၀) ခန့် တူးလိုက်တဲ့အခါမှာ ယခုမြင်ရတဲ့အတိုင်း ရေကန်ဟောင်းများ၊ စေတီဟောင်းများနှင့် အုတ်ခုံအုတ်ပန္နက်များဟာ ပြန်လည်ပြီးတော့ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒုတိယသင်္ဂါယနာတင်ရာ ၀ါလိကာရာမကျောင်းတိုက်နေရာမှာ စိုက်ထူထားတဲ့ အသောကကျောက်တိုင်ထိပ်မှာ ခြင်္သေ့တစ်စီးထဲ ရှိပါတယ်။
အမ္ဗပါလီ သရက်ဥယျာဉ် သရက်ပင်မှာ သံသေဒဇ ပဋိသန္ဓေနေခဲ့တဲ့ အမျိုးသမီးဟာ အမ္ဗပါလီလို့ ခေါ်ပါတယ်။ အမ္ဗပါလီရဲ့ သရက်ဥယျာဉ်ကိုလည်း မြင်ရမှာပါ။ ဝေသာလီမြို့ကနေပြီးတော့ အနောက်မြောက် ယွန်းယွန်းကို ကီလိုမီတာ (၃၀၀) ခန့် ခရီးဆက်လိုက်ရင် ကောသလမင်းကြီး စံပျော်ရာ ကောသလတိုင်း သာဝတ္ထိမြို့ကို ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ အခုမြင်နေရတဲ့ အဆောက်အဦးအဟောင်းတွေဟာ ကောသလမင်းကြီးရဲ့ နန်းတော်ဟောင်းလို့ အဆိုရှိပါတယ်။ နန်းတော်ဟောင်းကြီးရဲ့ မြင်ကွင်းကတော့ အုတ်ခုံ၊ အုတ်ပန္နက်၊ အုတ်ကျိုး အုတ်ပဲ့များနှင့် သစ်တော ဆူးပင် ခြုံပုတ်များပဲ ဖြစ်ပါတယ်။ သာဝတ္ထိမြို့က အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းတဲ့ ဇေတ၀န်ကျောင်းတော်ဟောင်းရဲ့နေရာပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ၀ါတော် (၂၁) ၀ါ စပြီးတော့ နောက်ဆုံး ၀ါနားအထိ (၂၄) ၀ါ တို့ တိုင်တိုင်က တဆက်တည်း သီတင်းသုံးခဲ့တဲ့ ဇေတ၀န်ကျောင်းတိုက်ကြီးပါ။
ဒါကြောင့် ဇေတ၀န်မှာ ဘုရားရှင် အနေများတဲ့အတွက်ကြောင့် သုတ္တန်ပေါင်း ခပ်များများရဲ့ နိဒါန်းတွေဟာ-
‘ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ
ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ’
ဤကဲ့သို့ချည်း စတင်ခဲ့တာ ဖြစ်ပါတယ်။ အနာထပိဏ်သူဌေးက နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ စန္ဒကူး သစ်မွှေးတွေနဲ့ ဆောက်လုပ်ခဲ့တဲ့အတွက် အစဉ်သဖြင့် သစ်သားတွေရဲ့ ရနံ့ကြောင့်လည်းမွှေး၊ ဘုရားရှင်ရဲ့ သီလ၊ သမာဓိ၊ ပညာရနံ့ကြောင့်လည်း မွှေးကြိုင်လို့နေတဲ့ ဂန္ဓကုဋိဆိုတဲ့ ကျောင်းတော်ဟောင်းပါပဲ။ (၂၅) ဧကခန့်ကျယ်ပြန့်တဲ့ ဇေတ၀န်ကျောင်းတိုက်ကြီးတစ်ခုလုံးမှာ ကျောင်းတိုက်တွေ၊ ကျောင်းတိုက်တွေနဲ့ ပြည့်နက်လျှက်ရှိပါတယ်။မြတ်စွာဘုရား ခရီးထွက်ကြွသွားတော်မူတဲ့အခါမှာ ဘုရားကိုယ်တော်မြတ်ကိုဖူးခွင့် မရတော့တဲ့အတွက် ဘုရားကိုယ်တော်မြတ် ခရီးထွက်ကြွသောအခါ ဘုရားကိုယ်စား ဖူးဖို့လို့ဆိုပြီး ကောသလမင်းကြီးလျှောက်ထားတောင်းပန်သဖြင့် မူလဗောဓိပင်ကြီးက မျိုးစေ့ကို ယူပြီးတော့ ရှင်အာနန္ဒာမထေရ်စိုက်ပျိုးခဲ့တဲ့ အာနန္ဒာဗောဓိပင်ဖြစ်ပါတယ်။ ဇေတ၀န်ကျောင်းတော်ရဲ့ ဥယျာဉ်ကြီးရှိပါတယ်။ ထိုဥယျာဉ်ထဲမှာ သရက်ဖြူပင်ကြီးပေါက်တဲ့ ထိုနေရာမှာ မြတ်စွာဘုရား ကိုယ်တော်မြတ်က ရေမီးအစုံအစုံတန်ခိုးပြာဋိဟာ ပြပြီးတော့ တိတ္ထိတို့ကို နှိမ်နင်းတော်မူခဲ့တယ်။ တိတ္ထိတို့ကို နှိမ်နင်း တန်ခိုးပြဋိဟာပြပြီးတော့ ထို သရက်ဖြူပင်ကုန်းကနေ တာဝတိံသာကြွပြီးတော့ မယ်တော် သန္တုဿိတနတ်သားကြီးအား တရားဟောဖို့ တစ်ဝါဆိုခဲ့ပါတယ်။ ၀ါကျွတ်ချိန်မှာ တာဝတိံသာကနေ ပြန်ဆင်းပြီးတဲ့အခါမှာ သင်္ကဿရွှေမြို့တော်ကို ဘုရားရှင်ပြန်လည် ဆင်းသက်ခဲ့ပါတယ်။
ယခုမြင်နေရတဲ့ ကျောက်စာတိုင်တွေကတော့ သင်္ကဿမြို့တော်ဟောင်းက ကျောက်စာတိုင်တွေပါ။ မြတ်စွာဘုရား တာဝတိံသာဆင်းသက်ခဲ့တဲ့နေရာမှာ အသောကမင်းတရား စိုက်ထူထားခဲ့တဲ့ ကျောက်စာတိုင် ဆင်ရုပ်ပါတဲ့ ကျောက်စာတိုင်နဲ့ စေတီဟောင်းများ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် တာဝတိံသာကနေ ပြနလည်ဆင်းသက်လာတဲ့အခါ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြား စောင်းတန်း၊ စောင်းတန်းသုံးသွယ်တို့ဖြင့် ဆင်းသက်ခဲ့ရာ ရွှေစောင်းတန်းက ဗြဟ္မာ၊ ငွေစောင်းတန်းက နတ်ဒေ၀ါ၊ အလယ် ပတ္တမြားစောင်းတန်းက ငါတို့ရဲ့ ဘုရားဘဂ၀ါဆိုတဲ့အတိုင်း သိကြား၊ ဗြဟ္မာ၊ နတ်ဒေ၀ါတို့က ၀ဲယာမှာ ခြံရံ ထီးတွေမိုးလျှက် ဆင်းသက်လာတဲ့ ပုံတော်ပါပဲ။
ယခု မြင်နေရတဲ့ ရှုခင်းတွေကတော့ ဂင်္ဂါနဲ့ ယမုံနာဆုံတဲ့ မြစ်ဆုံပါပဲ။ ကောသမ္ဗီမြို့မှာ မွေးဖွားခဲ့တဲ့ သူဌေးသား တစ်ယောက်ဟာ ယမုံနာမှာ ရေချိုး ငါးကြီးမြိုသွားသဖြင့် ယမုံနာမြစ်ရိုးတစ်လျှောက် စုံဆင်းပြေးရာမှာ မြစ်ဆုံကနေ ဗာရာဏသီရောက်၊ ဗာရာဏသီ သူဌေးကတော်ကြီးတစ်ယောက်က ငါးကို ၀ယ်ပြီးတော့ ၀မ်းခွဲပြီးတော့ မွေးတယ်၊ ကိုယ်တိုင် လွယ်ပြီးတော့ မွေးမြူခဲ့ရတဲ့သူဌေး သူဌေးကတော် ထိုအမျိုးနှစ်မျိုးတို့က မွေးသဖြင့် ဒွေကုလ လို့ ဆိုရာကနေ ဗာကုလဖြစ်လာတဲ့ သတို့သားကို လှမ်းပြီးတော့ ဤမြစ်ဆုံကနေ သတိရစေပါတယ်။ ခုမြင်နေရတဲ့ ပုံတွေကတော့ ကောသမ္ဗီမြို့ဟောင်း ဥတေနမင်းရဲ့ နန်တော်ဟောင်းများ ဃောသကသူဌေး ဆောက်လုပ်လှူဒါန်းတဲ့ ဃောသိတာရုံကျောင်းတိုက်၊ ပါဝါရိကသူဌေး ဆောက်လုပ်လှူဒါန်းတဲ့ ပါဝါရိကာရုံကျောင်းတိုက်၊ ကုက္ကုဋသူဌေး ဆောက်လုပ်လှူဒါန်းတဲ့ ကုက္ကဋာရုံကျောင်းတိုက်များမှာ အသောကမင်းတရား မှတ်တိုင်ထူတဲ့ ကျောက်တိုင်ကြီးများပါပဲ။ ဂင်္ဂါနဲ့ ယမုံနာဆုံတဲ့ ဤနေရာမှာ အိန္ဒိယပြည်သူပြည်သားတွေက အညစ်အကြေးကင်းစေဖို့ ဆိုပြီးတော့ ရေချိုးခဲ့တဲ့ ရေဆိပ်ပါ။
အရပ်ရှစ်မျက်နှာကလာတဲ့ ရေချိုးတဲ့ ပုဂ္ဂိုလ်တို့ရဲ့ တဲကလေးများဖြစ်ပါတယ်။ သံသုမာဂီရိဆိုလိုက်လို့ရှိရင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်နှင့် အလွန့်အလွန် အကျွမ်းတ၀င် ချစ်ခင်ရင်းနှီး ပွင့်ပွင့်လင်းလင်းစကားဆိုကြတဲ့ ဗုဒ္ဓ၀လ္လဘဧတဒဂ်ဘုရားနှင့် အကျွမ်းတ၀င် ချစ်ခင်ရင်းနှီးတဲ့ ဧတဒဂ်ဘွဲ့ထူးရကြတဲ့ နကုလပိတာ-နကုလမာတာ တို့ရဲ့ဖွားမြင်ရာမြို့တော်၊ မြို့တည်တုန်းက မိကျောင်း အော်လဲသံကြား မိကျောင်း ကျောကုန်နှင့်လည်းတူတဲ့တောင်ထိပ်၊ ဤတောင်ထိပ်မှာ တည်ခဲ့တဲ့ မြို့တော်ကို သံသုမာဂီရိလို့ခေါ်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ပါဝါရွှေမြို့တော်ကနေပြီးတော့ ကုဿိနာရုံကိုအသွား ရေသုံးသပ်တော်မူတဲ့ ကတုတမြစ် မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ကဆုန်လပြည့်နေ့မှာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကုဿိန္နာရုံ အင်းကြင်းရဂုံမှာ ပရိနိဗ္ဗာန်စံတော်မူခဲ့ပါတယ်။
ပရိနိဗ္ဗာန်မစံမီ ပါဝါကနေ ကုဿိန္နာရုံကြွတော့ လမ်းခရီးမှာ (၂၅) ကြိမ်နားပြီး ကတုတမြစ်မှာ ရေချိုးလျှက် ညနေခင်း ကုဿိန္နာရုံ အင်းကြင်းရဂုံကိုရောက်ပါတယ်။ ညဦးယာမ်အရပ်ရှစ်မျက်နှာ ပရိသတ်အား တရားဟော၊ ညဦးယာမ်လွန်တော့ သံဃာတော်တို့ တရားဟော၊ သန်းခေါင်ယာမ် နတ်ဗြဟ္မာတို့ တရားဟော၊ မိုးသောက်ယာမ်ကာလမှာ ဘုရားရှင်ကိုယ်တော်မြတ် ခန္ဓာငါးပါးအကြွင်းမဲ့ချုပ်ငြိမ်း ဘ၀ဇာတ်ရုပ်သိမ်းတော်မူတဲ့ ပရိနိဗ္ဗာန်စံတော်မူရာ အင်းကြင်းရဂုံပါပဲ။ ပရိနိဗ္ဗာန်စံခါနီးမှာ-
‘ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ’
ရဟန်းတို့၊ ယခုအခါ ငါဘုရား နောက်ဆုံးစကား မှာထားခဲ့မယ်။ သင်္ခါရတရားမှန်သမျှ ပျက်စီးခြင်း သဘောရှိတယ်။ ပျက်တတ်တဲ့ သင်္ခါရတရားတွေကို သတိနဲ့ စောင့်ကြည့်ကြလို့ မှာတော်မူခဲ့ပါတယ်။ ပရိနိဗ္ဗာန် စံတော်မူရာ ကုဿိန္နာရုံမြို့ရဲ့ အနောက်တောင်တောင့်က အင်းကြင်းရဂုံမှာ မလ္လာမင်းတို့က ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဓါတ်တော် ဝေစုတစ်ခုကို အရယူပြီးတော့ စေတီတော်ကြီးလည်းပဲ တည်ထားခဲ့ပါတယ်။ အစုံအစုံ အချိန်မဲ့ အခါမဲ့ ပွင့်ကြတဲ့ အင်ကြင်းရဂုံတို့ရဲ့အလယ်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတဲ့အခါ သဟမ္ပတိဗြဟ္မာက တစ်ဂါထာ၊ သိကြားမင်းက တစ်ဂါထာ၊ အရှင်အနုရုဒ္ဓါက နှစ်ဂါထာ၊ အရှင်အာနန္ဒာက တစ်ဂါထာ၊ ဂါထာပုဒ်တို့ဖြင့် ဘုရားကိုယ်တော်မြတ်ရဲ့ ရုပ်ကလာပ်တော်ကို အသီးအသီးပူဇော်ပြီးတော့ သံဝေဂယူခဲ့ကြပါတယ်။
ပရိနိဗ္ဗာန်စံပြီး ကြွင်းကျန်တဲ့ ရုပ်ကလာပ်ကို နံ့သာထင်းပုံမှာ တင်ပြီးတော့ မီးသဂြိုဟ်ခဲ့တဲ့ နေရာက စေတီကြီးဟာဖြင့်ရင် တောင်ကုန်းကြီးတမျှကြီးမားပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးတဲ့အခါ (၃) လအကြာမှာ ရာဇဂြိုဟ်ရွှေမြို့တော် ဝေဘာရတောင်နံရံမှာ အဇာတသတ်မင်းကြီးရဲ့ အထောက်အပံ့နှင့် အရှင်မဟာကဿပဦးစီး သံဃာတော်အပါး (၅၀၀) တို့ ပထမသင်္ဂါယနာတင်ပြီးတော့ မြတ်စွာဘုရား ကိုယ်တော်မြတ်ရဲ့ သာသနာ ဓမ္မ၀ိနယကို စောင့်ရှောက်တော်မူခဲ့ကြပါတယ်။ အဲဒါ ဝေဘာရတောင်ခြေ ပထမသင်္ဂါယနာတင်တဲ့ နေရာပါပဲ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် နှစ်ပေါင်း (၁၀၀) ကြာတဲ့အခါမှာ လိစ္ဆ၀ီမင်းတို့ ပျော်စံရာ ဝေသာလီမြို့တော်မှာ ထိုဝဇ္ဇီတိုင်းက ၀ဇ္ဇီရဟန်းတစ်ချို့က အဓမ္မ၀တ္ထု (၁၀) ပါးကို တင်သွင်းလာသဖြင့် ထို အဓမ္မ၀ါဒီတို့ သာသနာတော်ကို မနှောက်ယှက်နိုင်အောင် ဒုတိယသင်္ဂါယနာ တင်ခဲ့တဲ့နေရာမှာ ယခုလို ခြင်္သေ့တစ်ကောင်ထဲနဲ့ အသောကမင်းတရား စိုက်ထူခဲ့တဲ့ကျောက်တိုင်ဟာ မူရင်မပျက် ယနေ့တိုင် တွေ့မြင်နိုင်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက် သာသနာနှစ် (၂၃၆) ခုနှစ်သို့ ရောက်တဲ့အခါမှာ ယခုမြင်နေရတဲ့ အသောကကျောင်းတိုက်ကြီးရဲ့ နေရာမှာ ပါတလိပုတ်မှာ နန်းစိုက်တဲ့ သီရိဓမ္မာအသောကမင်းတရားက တိယသင်္ဂါယနာတင်ပြီးတော့ သာသနာတော်ကို ၀င်နှောင့်ယှက်တဲ့ ဗြားမဏ်းများနဲ့ ဂျိမ်းများကို သန့်ရှင်းခဲ့ပြီးတော့မှ (၉) ဌာန သာသနာပြုလွှတ်ခဲ့တဲ့နေရာဟာဖြင့်ရင် ဤအသောကာရုံကျောင်းတိုက်ကြီးပါပဲ။ ဤနေရာမှာ စိုက်ထူခဲ့တဲ့ ကျောက်တိုင်ကြီးက ယခုမြင်တွေ့ရတဲ့အတိုင်း လဲလျှက်ရှိပါပြီ။ အသောကမင်းတရား တတိယသင်္ဂါယနာတင်ပြီး ကိုးဌာန သာသနာပြု လွှတ်တော်မူခဲ့တဲ့အခါမှ သားတော် မဟိန္ဒမင်းသားနှင့် သမီးတော် သင်္ဃမိတ္တာမောင်နှမ နှစ်ယောက်တို့ကို ရဟန်းပြု တရားနှလုံးကျင့်သုံးစေ၊ ပိဋကတ်သုံးပုံကို သင်စေပြီးတော့မှ ရဟန္တာဖြစ်ပြီးတဲ့ မောင်နှမနှစ်ယောက်ကို သီဟိုဠ်ကျွန်း သီရိလင်္ကာသို့ သာသနာပြု လွှတ်လိုက်ရာမှာ ယခုမြင်နေရတဲ့ ဆန်ချီခေါ်တဲ့ စေတီတော်ကြီးရဲ့ နေရာမှာ တစ်ဝါဆိုသဖြင့် ရဟန္တာမောင်နှမ နှစ်ယောက်တို့ရဲ့ မယ်တော်ကြီး ၀ိဒိသာဆိုတဲ့ မိဖုရားကြီးက ကျောင်းများ တည်ဆောက်လို့ ခမည်းတော်အသောကမင်းတရားက စေတီများ တည်ဆောက်ခဲ့ရာ ယခု မြင်နေရတဲ့ စေတီတော်များနှင့် ကျောက်ထွင်းရုပ်တုများဟာဖြင့်ရင် သာသနာတော်ရဲ့ သမိုင်းတစ်လျှောက်မှာ အစောဆုံးနှင့် အံ့ချီးဖွယ်အကောင်းဆုံးစေတီများ ကျောက်ဆစ်လက်ရာများဖြစ်ပါတယ်။
သာသနာနှစ် (၄၅၀) ရောက်တဲ့အခါမှာ ဘုရားရှင်သာသနာတော်သည် အိန္ဒိယပြည်မှ သီဟိုဠ်နိုင်ငံသို့ ရွေ့သွားပါပြီ၊ သီဟိုဠ်ကျွန်းမြောက်ပိုင်း အနုရာဓမြို့တော်ရဲ့ အရှေ့ဘက်နားက ယခုမြင်နေရတဲ့ တောင်ကုန်လေးဟာ မဟိန္တလေ၊ မဟိန္တလေလို့ ထိုကုန်းတော်ပေါ်မှာ မဟိန္ဒမထေရ် သာသနာစတင်ပြုရာကို အထိမ်းအမှတ်ပြုသဖြင့် စေတီကြီးတည်ထားခဲ့ပြီး ရှင်မဟိန္ဒမထေရ်က ဒေ၀ါနံပိယတိဿမင်းကြီးကို တရားဒေသနာဟောကာ သာသနာစတင်ဖြန့်ချိခဲ့တဲ့ နေရာဟာဖြင့်ရင် ဤမဟိန္တလေပါပဲ။ နှမတော် သင်္ဃမိတ္တက မူလ မဟာဗောဓိပင်ကြီးကနေ ဗောဓိပင်ကို သယ်ဆောင်လာပြီးတော့ ဒေ၀ါနံပိယတိဿမင်းကြီးအား အပ်နှင်းတဲ့အခါမှာ ဒေ၀ါနံပိယတိဿမင်းကြီးက ထိုဒက္ခိဏသာခါ သင်္ဃမိတ္တာဗောဓိပင်ကို ယခု မြင်နေရတဲ့ နေရာမှာ စိုက်ပျိုးခဲ့သဖြင့် ဒက္ခိဏသာခါ ဗောဓိပင်တွေ ထိုသံဃမိတ္တာ ဗောဓိပင်က အစပြုပြီးတော့ သီဟိုဠ်ကျွန်း တကျွန်းလုံး ပြန့်နှံ့ခဲ့ပြီး ဖြစ်ပါတယ်။
သာသနာနှစ် (၄၅၀) သို့ ရောက်တဲ့အခါမှာ သီဟိုဠ်နိုင်ငံသားရဟန်းတော်များက ဓမ္မရက္ခိတမထေရ်ကြီး ခေါင်းဆောင်၍ သံဃာတော်အပါး (၅၀၀) တို့ ယခုမြင်ရတဲ့ အလောကဆိုတဲ့ လိုဏ်ဂူကြီးထဲမှာ စတုတ္ထသင်္ဂါယနာတင်ပြီးတော့ ဘုရားရှင်ရဲ့ ပိဋကတ်တော်များကို ပေပေါ်မှာ ရေးခဲ့ပါတယ်။ အလောကလိုဏ်ဂူအတွင်းနံရံ ဆေးရေးပန်းချီများက သင်္ဂါယနာသမိုင်းကို ဆေးရေးပန်းချီများနှင့်လည်းကောင်း၊ ရုပ်တု၊ ဆင်းတုများနှင့်လည်းကောင်း၊ ယခုလိုဖော်ပြထားပါတယ်။ မြတ်စွာဘုရားကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့အခါ စွယ်တော်လေးဆူတို့ မီးမလောင်ဘဲ တေဇောဓါတ် မလောင်ဘဲ ကျန်ရစ်ခဲ့ရာ စွယ်တော်တစ်ဆူသည် ကာလိင်္ဂတိုင်းသို့ကြွ၊ စွယ်တော်တစ်ဆူသည် ဂန္ဓာရတိုင်းသို့ကြွ၊ ဂန္ဓာရတိုင်းဆိုတာ ပါကစ္စတန်ပြည်မြောက်ပိုင်း၊ ကာလိင်္ဂတိုင်းဆိုတာ အိန္ဒိယပြည် အရှေ့ဘက်ကမ်းရိုးတန်း၊ စွယ်တော်တစ်ဆူသည် သိကြားပြည် တာဝတိံသာနတ်ပြည်သို့ ကြွပါတယ်။ သိကြားပင့်သွားပါတယ်။ စွယ်တော်တစ်ဆူကတော့ နဂါးပြည်သွားပြီးတော့ ရာမရွာပူဇော်ခဲ့ပါတယ်။ ယခု သီဟိုဠ်ကျွန်း ကန္ဒီမြို့မှာ ရှိနေတဲ့ စွယ်တော်ဟာ ကလိင်္ဂတိုင်းကနေပြီးတော့ ပြောင်းရွေ့ကြွသွားတဲ့ စွယ်တော်ဖြစ်ပါတယ်။
တတိယသင်္ဂယနာတင် သီရိဓမ္မာသောကမင်းတရားသာသနာနှစ် (၂၃၆)နှစ်မှာ(၉)ဌာန သာသနာပြုလွှတ်ခဲ့ရာတွင် အရှေ့ဘက်အာရှတစ်ခွင်လို့ဆိုတဲ့ သုဝဏ္ဏဘုမ္မိ The Gold Land ဆိုတဲ့ရွှေမြေသို့လည်းပဲ သာသနာပြုအဖွဲ့ တစ်ဖွဲ့လွှတ်ပါတယ်။ ရွှေမြေဆိုတဲ့ သုဝဏ္ဏဘုမ္မိသို့ကြွခဲ့တဲ့ သာသနာပြုအဖွဲ့ရဲ့ ဦးဆောင်ပုဂ္ဂိုလ်ဟာဖြင့် သောဏဥတ္တရမထေရ်နဲ့ သံဃာတော်များဖြစ်ခဲ့ပါတယ်။ ပထမဆုံးသောဏဥတ္တရမထေရ် သာသနာပြုစတင်ပြီးတော့ သင်္ဘောဆိုက်ရာဒေသဟာ မွန်ပြည်နယ် အနောက်ဘက် ကမ်းရိုးတန်း သထုံမြို့ကို စတင်ဝင်ရောက်ခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ သာသနာ အစ သထုံကလို့ ဆိုရမှာဖြစ်ပါတယ။်
သာသနာနှစ်(၂၃၆)မှာ သောဏဥတ္တရမထေရ်တို့ သထုံကိုကြွဝင်ပြီးတော့ ဗြဟ္မဇာလ သုတ္တန်တရားဒေသနာတော်ကို ဟောကြားခဲ့ပါတယ်။ သောဏဥတ္တရမထေရ်တို့သီတင်းသုံးရာနေရာမှာ သီဟရာဇာမင်းက စန္ဒကူး ကျောင်းတော်ကြီး ဆောက်လုပ်ပြီးတော့ လှူဒါန်းခဲ့တယ်လို့ သာသနာသမိုင်းမှာ မှတ်တမ်းထိုးပါတယ်။ ဗမာနိုင်ငံ သမိုင်းတချို့ကတော့ ဗမာနိုင်ငံသာသနာရောက်တာ သောဏဥတ္တရမထေရ်တို့ သယ်ဆောင်လာတဲ့နှစ်ထက် ပိုစောတယ် လို့တချို့ သမိုင်းများက ဆိုပါတယ်။
မဲထီးဆရာတော်ရေးတဲ့ သာသနာ့ဝံသဒီပနီကျမ်းမှာ ဂ၀မ္မတိမထေရ်စတင်ကြွသ ဖြင့် အသောကမင်းလက်ထက်ကတည်းကိုက သထုံကို သာသနာရောက်တယ်လို့ ဆိုပါတယ်။ အသောကမင်းဆိုသည်မှာ အန္ဒိယပြည်က အသောကမင်းကို ဆိုလို သည်မဟုတ်ပါဘူး။ သထုံမြို့မှာ ဓမ္မာသောကမင်းရယ်လို့ ရှိခဲ့ဖူး ပါတယ်။ အဲဒီ ဓမ္မာ သောကမင်းလက်ထက် သာသနာနှစ်တစ်ရာမှာ ဂ၀မ္မတိမထေရ်တို့ ကြွလာဖြင့် သာသနာ ရောက်နှင့်နေပြီလို့ ၀ံသဒီကပနီမှာ ဖတ်ရပါတယ်။
သို့သော် ပါရာဇိကဏ်အဌကထာမှာတော့ သီရိဓမ္မမင်းတရားပါတလိပုတ်ကနေ ပို့လွှတ်သဖြင့် သောဏ ဥတ္တရမထေရ်တို့ ကြွလာတဲ့ အချိုန်ကြမှ သာသနာ ရောက်တယ်လို့ ဆိုပါတယ်။ သာသနာနှစ် ၂၃၆ က သထုံပြည်ကြွတဲ့ သာသနာပြု အရှင်မြတ်တို့ရဲ့ ရုပ်ထုများကို မန္တလေးတောင်တော်မှာ အခြေချ သာသနာပြုတဲ့ ရသေ့ကြီး ဦးခန္တီက သံနှင့် ထုပြီးတော့ သထုံမြို့မြောက်ပိုင်း ရဟန္တာကုန်းဆိုတဲ့ နေ ရာမှာ ထုလွှတ်ပူဇော် ကိုးကွယ်ထားခဲ့ပါတယ်။ သုဝဏ္ဏဘုမ္မိသထုံပြည်ကို မြတ်စွာဘုရား ကြွတော်မူခြင်း၊သာသနာပြု ပုဂ္ဂိုလ်များ ကြွတော်မူခြင်း အထိမ်းအမှတ် ပန်းချီကားများ ဟာ ရွှေစာရံစေတီ တော်ကြီး အတွင်းမှာ အံ့သြဖွယ်ရာ ဖူးတွေ့ရမှာ ဖြစ်ပါတယ်။သထုံ ကနေသာသနာဟာ အညာဆန်တော့ သရခေတ္တရာမြို့ဟောင်းကို ရောက်ပါတယ်။ သရေခေတ္တရာမြို့ကို ၀င်ရောက်တဲ့အခါ ဒွတ္တဘောင်မင်းကြီးက သာသနာ ဆီးကြိုပြီး တော့ သရေခေတ္တရာမြို့ရဲ့ ထောင့်လေးထောင့်မှာဝင်လျှက် ဆံချီစေတီတော်ကို နှီးနွယ် ပြီးတော့ တည်ထားတဲ့ စေတီဟောင်းကြီးများကို ယခုတိုင်ဖူးမြင် နိုင်ကြပါတယ်။ပြည်မြို့ ဆိုတဲ့ သရေခေတ္တရာမှာ ပျူမင်းတွေ နန်းစံလို့ နေနေတုန်း သထုံသာသနာ သရေခေတ္တ ရာပျူမြိုသို့ ရောက်ပြီးတဲ့အခါ ထိုပျူကနေတဆင့် အညာဆန်ပြန်တော့ သရေခေတ္တရာ မှ ပုဂံသို့လို့ဆိုရမှာဖြစ်ပါတယ်။
ပုဂံမြို့ကို သာသနာသယ်ဆောင်သွားတဲ့ သာသနာပြု အာဇာနည်ပုဂ္ဂိလ်ကတော့ သထုံပြည်က ရှင်အရဟံ မထေရ်ပဲ ဖြစ်ပါတယ်။ အနော်ရထာနဲ့ ကျန်စစ်သားတို့လက် ထက် ရှင်အရဟံ သထုံသို့ သာသနာပြုကြွ ၊ ရှင်အရဟံမရောက်မီက မဟာယာန သာသနာ စတင်ရောက်နေခဲ့ပြီး ၊မဟာယာနသာသနာလွှမ်းမိုးနေခဲ့ပြီးဖြစ်တဲ့ ပုဂံမှာ ရှင်အရဟံနှင့် အနော်ရထာတို့က မဟာယာနသာသနာကို သုတ်သင် သန့်ရှင်ပြီးတော့
စစ်မှန်တဲ့ ထေရ၀ါဒ သာသနာကို ဖြန့်ချီခဲ့ပါတယ်။ အရှင်အဟံမထေရ် ပုံတော်ပဲဖြစ်ပါ တယ်။ ပုဂံမြို့ဟောင်းတစ်နေရာ ပုဂံကသာသနာ အညာဆက်၍ ဆန်တက်အခါမှာ ပင်းယ ၊အင်းဝ ၊ အမရပူရ၊ စစ်ကိုင်း၊ ထိုမှတဆင့် မန္တလေးရွှေမြို့တော်အထိရောက်ပါ တယ်။ ပုဂံသာသနာပြု သာသနာ့ဒါယကာ အာနန္ဒာ စေတီတော်ကြီးရဲ့ ဒါယကာ ဖခ မည်းတော် တည်သွားတဲ့ ရွှေစည်းခုံ စေတီတော်ကြီးပါ အပြီးသတ် ဆက်တည်ခဲ့တဲ့
ရွှေစည်းခုံဒါယကာ ကျန်စစ်သား ရုပ်တုများ၊သာသနာပြုရှင်အဟံ ရုပ်တုများကို ဖူးရမှာ ဖြစ်ပါတယ်။ ပုဂံပြည်မှာ ထေရ၀ါဒသာသနာ အလွန် စည်ပင် ပြန့်ပွားတဲ့အခါမှာ သာသနာနဲ့ အတူတူစာပေလည်းပြန့်ပွားခဲ့ပါတယ်။ မြစေတီလို့ခေါ်တဲ့ ဒီရာဇကုမာရ စေတီတော်ရဲ့ အနီးမှာ ရာဇကုမာရကျောက်စာ(သို့) မြစေတီကျောက်စာလို့ဆိုတဲ့ ကျောက်စာများကို ပါဠိဘာသာ၊ မွန်ဘာသာ၊ုမန်မာဘာသာ၊ ပျူဘာသာ လေးဘာသာ တို့ဖြင့်ရေးထိုးထားတဲ့ကျောက်စာတိုက်ကြီးများကိုလည်း အံ့သြစရာ တွေ့မြင်ရပါပြီ။ သာသနာနှင့်စာပေ စာပေနှင့်သာသနာ ခွဲလို့မရတဲ့ အနေအထားကို ပြနေပါတယ်။ ဒီ မြစေတီကျောက်စာဟာဖြင့် မြန်မာစာပေသမိုင်းရဲ့ ထယ်ဝါခန့်ငြား ၀င့်ကြွားဘွယ်ရာ မှတ်တိုင်ကြီးတစ်ခုပါပဲ။
ပင်းယမြို့၊ အင်းဝရွှေမြို့တော်၊ အင်းဝရွှေမြို့တော်ကနေ အမရပူရ စစ်ကိုင်း မန္တလေးအထိ ဆန်တက်ခဲ့တဲ့ သာသနာဟာ မန္တလေးရွှေမြို့တော် ရောက်တဲ့အခါကျတော့ သာသနာနှစ် (၂၄၀၀) မှာ မင်းတုန်းမင်းတရားကြီးရဲ့ အထောက်အပံ့နဲ့ ဇာဂရမထေရ်ကြီး အကြီးအမှူးပြုပြီးတော့ သံဃာတော် (၂၄၀၀) ကျော်တို့ဖြင့် မန္တလေးရွှေမြို့တော် မင်းတုန်းမင်းတရားကြီးရဲ့ ရွှေနန်းတော်အတွင်းမှာ ပဉ္စမသင်္ဂါယနာကို တင်ခဲ့ပါတယ်။ ချောင်ပေါင်း (၉၀၀) ကျော် ရဟန်းသာမဏေ သူတော် သီလရှင် တစ်သောင်းကျော်တို့ဖြင့် ပရိယတ်၊ ပရိပတ် လုပ်ငန်းများကို အားထုတ်လျှက် သာသနာစည်ကားလျှက်ရှိတဲ့ စစ်ကိုင်းတောင်တော်ကိုလည်း ဧရာဝတီ မြစ်ကမ်းကနေပြီးတော့ ဖြတ်ကျော်ပြီးတော့ ကြည်နူးစွာ ဖူးမြင်ရမှာ ဖြစ်ပါတယ်။
အုတ်ကျစ်ကျော်အေး မန္တလေး ရှေးဆိုရိုးစကားရှိသည့်အတိုင်း (၁၂၂၁) ခုနှစ်မှ မင်းတုန်းမင်းတရား တည်ထောင်ဖန်ဆင်းတဲ့ မန္တလေးရွှေမြို့တော်၊ မန္တလေးတောင်တော်ကနေ လှမ်းပြီးတော့ ကြည့်လိုက်မယ်ဆိုရင် မင်းတရားကြီးရဲ့ ပျော်စံရာ၊ ကျုံး၊ မြို့ရိုး၊ ပြအိုး၊ ပြာသာဒ်တို့ဖြင့် စည်ပင်ဝေဆာလျှက်ရှိတဲ့ မန္တလေးရတနာပုံ ရွှေမြို့တော်ရဲ့ ရွှေနန်းတော်ကြီးပါပဲ။ သာသနာနှစ် (၂၄၁၅) ကျော်တို့ဖြင့် တင်ခဲ့တဲ့ ပဉ္စမသင်္ဂါယနာမှာ ထူးခြားတဲ့ လက္ခဏာတစ်ရပ်ကတော့ (၆) ပေခန့် အမြင့်ရှိပြီးတော့ (၃) ပေခန့် အနံရှိ၊ (၃) လက်မခွဲလောက် ထုရှိတဲ့ ကျောက်ချပ်ပေါင်း (၇၂၉) ချပ်တို့ပေါ်မှာ ဓမ္မ၊ အဘိဓမ္မ၊ ၀ိနယဆိုတဲ့ သုံးပုံပိဋကတ် တရားမြတ်ကို ကျောက်ထပ်အက္ခရာတင်ပြီးတော့ ရေးထွင်းခဲ့ခြင်း ဖြစ်ပါတယ်။
ပထမသင်္ဂါယနာမှာ နှုတ်ဆောင်၊ ဒုတိယသင်္ဂါယနာမှာလည်း နှုတ်ဆောင်၊ တတိယသင်္ဂါယနာမှာလည်း နှုတ်ဆောင် သင်္ဂါယနာပြုပြီးတော့ စတုတ္ထသင်္ဂါယနာ သီဟိုဠ်ရောက်တော့မှ ပေပေါ်မှာရေး၊ စတုတ္ထသင်္ဂါယနာနဲ့ ပဉ္စမသင်္ဂါယနာကြားမှာ နှစ် (၂၀၀၀) နီးပါး သင်္ဂါယနာမတင်ဖြစ်ဘဲ စွမ်းရည်ရှိတဲ့ ရဟန်းတော်တို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုဖြင့် သာသနာတည်တဲ့လာခဲ့ရခြင်း ဖြစ်ပါတယ်။ မန္တလေးရွှေမြို့တော် ရောက်တဲ့အခါမှာ ခုနက ပြောပြခဲ့တဲ့အတိုင်း (၇၂၉) ချပ်ရှိတဲ့ ကျောက်ချပ်တွေပေါ်မှာ ရေးပြီးတော့မှ ကျောက်ထက်အက္ခရာ တင်ခဲ့တဲ့ ပဉ္စမသင်္ဂါယနာဟာဖြင့်ရင် ကမ္ဘာမှာ အံချီးဖွယ်ရာတစ်မျိုး ဖြစ်ခဲ့ရပါတယ်။ ထိုကျောက်ချပ်ပေါင်း (၇၂၉) ချပ်တို့ရဲ့ တည်ရာ ကျောက်စာတိုက် စေတီကလေးများဟာဖြင့်ရင် ဓမ္မစေတီတွေအနေနဲ့ မန္တလေးတောင်ခြေမှာ ယခုလိုတည်ရှိပါတယ်။ ဓမ္မစေတီကျောက်စာတိုက်တွေထဲက ကျောက်ချပ်ပေါင်း (၇၂၉) ချပ်ကို ထုတ်ပြီးတော့ စာအုပ်ချုပ်သလိုများ ချုပ်ထားလိုက်မယ်ဆိုရင် ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးတစ်အုပ်ဖြစ်လာမှာပါ။ ခု မြင်ရတဲ့ အဆောက်အဦးကတော့ မန္တလေးရွှေနန်းတော်အတွင်းက ပဉ္စမသင်္ဂါယနာတင်ခဲ့ရာ မြေနန်းပြာသာဒ်ကြီး ဖြစ်ပါတယ်။
သာသနာနှစ် (၂၅၀၀) ပြည့်တဲ့အခါမှာ ဆဋ္ဌသင်္ဂါယနာကို မြန်မာနိုင်ငံအစိုးရ ရုံးစိုက်ရာ မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်ရွှေမြို့တော် သီရိမင်္ဂလာကမ္ဘအေးကုန်းမြေ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်အနီး မဟာပါသာဏလိုဏ်ဂူတော်ကြီး အတွင်းမှာ ထေရ၀ါဒ (၅) နိုင်ငံက သံဃာတော်ပေါင်း (၂၅၀၀) နှင့်တကွ အခြားမဟာယာနတိုင်းပြည်က မဟာယာနရဟန်းတော်တို့ပါ ပင့်ပြီးတော့ ကြည်နူးစေ၍ ဆဋ္ဌသင်္ဂါယနာကို တင်ခဲ့ပါတယ်။
ဆဋ္ဌသင်္ဂါယနာရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ရပ်ကတော့ ထေရ၀ါဒ သံဃာတော်များတင်နေတဲ့ ဒီဆဋ္ဌသင်္ဂါယနာမှာ မဟာယာနတိုင်းနိုင်ငံ အသီးသီးက သံဃာတော်များလည်း တက်ရောက်ပြီးတော့ ကြည်ညိုအားပေး ပူဇော်ခဲ့ကြခြင်း တစ်ရပ်ပါပဲ။ ထေရ၀ါဒ မဟာယာန စတင်ညီညွတ်တဲ့ အဓိပ္ပါယ်ပါဘဲ၊ နောက် ထူးခြားတဲ့ လက္ခဏာတစ်ရပ်က ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို မိုက်ရိုဆလိုက်ဖလင်တွေမှာ ရိုက်နှိပ်ပြီးတော့မှ သိမ်းဆည်း စုဆောင်းထားခဲ့ခြင်းဟာဖြင့်ရင် ခေတ်မီထူးခြားတဲ့ လက္ခဏာတစ်ရပ်ပါပဲ။ အကယ်၍သာ သတ္တမသင်္ဂါယနာတင်မယ်ဆိုရင်တော့ ကွန်ပျူတာစီဒီတွေနဲ့ သတ္တမသင်္ဂါယနာကို တင်ရမှာ ဖြစ်ပါတယ်။ ဆဋ္ဌသင်္ဂါယနာတင်အထိမ်းအမှတ်နဲ့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ကိုလည်းပဲ မြန်မာနိုင်ငံအစိုးရက ယခုလိုကြည်ညိုဖွယ်ရာ တည်ဆောက်ပြီးတော့ အထိမ်းအမှတ်ပြုထားခဲ့ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူခဲ့ပြီး မဟာသက္ကရာဇ် (၁၀၃) ခုနှစ် B.C.588 မှာ ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ဗုဒ္ဓအဖြစ် (၄၅) နှစ်နေတော်မူပြီး (၃၅) နှစ်က ဖြစ်ခဲ့တဲ့ မြတ်စွာဘုရားဟာ (၄၅) နှစ်နေတော်မူပြီးတဲ့အခါမှာ သက်တော် (၈၀)၊ မဟာသက္ကရာဇ် (၁၄၈) ကဆုန်လပြည့် B.C.543 ခုနှစ်မှာ နိဗ္ဗာန်ရွှေဘုံ ခိုလှုံပြီးတော့ ဘ၀ဇာတ်ချုပ်ငြိမ်း ရုပ်သိမ်းတော်မူခဲ့ပါတယ်။
(၄၅) နှစ်တို့ကာလပတ်လုံး မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တာဟာ ဓမ္မ အဘိဓမ္မနှင့် ၀ိနယတို့ပဲ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီး သုံးလအကြာ ရာဇဂြိုဟ်မှာ ထိုဓမ္မ အဘိဓမ္မ ၀ိနယတို့ကို ဘုရားရှင်ရဲ့ တပည့်ကြီး မဟာသာဝက တစ်ဆူဖြစ်တော်မူတဲ့ အရှင်မဟာကဿပ ဦးဆောင်၍ သံဃာတော် (၅၀၀) တို့က ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြပါတယ်။ အဇာတသတ်မင်းကြီးက ပစ္စယာနုဂ္ဂဟ တာဝန်ယူခဲ့ပါတယ်။ သာသနာနှစ် တစ်ရာကြာတဲ့အခါ ၀ဇ္ဇီနိုင်ငံ ဝေသာလီမြို့မှာ ရှင်ယသမထေရ် ခေါင်းဆောင် သံဃာတော် (၇၀၀) တို့က ဒုတိယသင်္ဂါယနာတင်ခဲ့ပါတယ်။ ကာလာသောကမင်းကြီးက ပစ္စယာနုဂ္ဂဟ တာဝန်ယူခဲ့ပါတယ်။ သာသနာနှစ် (၂၃၆) ခုနှစ်ရောက်တဲ့အခါမှာ ပါတလိပုတ် ရွှေမြို့တော်မှာ မောဂ္ဂလိပုတ္တတိဿမထေရ် ဦးဆောင်တဲ့ သံဃာတော် (၁၀၀) တို့က တတိယသင်္ဂါယနာတင်ခဲ့ပါတယ်။ ဓမ္မာသောကမင်းကြီးက ပစ္စယာနုဂ္ဂဟတာဝန်ယူခဲ့ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက် နှစ်ပေါင်း (၄၅၀) ကြာတဲ့အခါ သီဟိုဠ်ကျွန်း သီရိလင်္ကာမြောက်ပိုင်း အလောကလိုဏ်ဂူအတွင်းမှာ ဓမ္မရိက္ခိတမထေရ်ကြီး ဦးဆောင်၍ သံဃာတော် အပါး (၅၀၀) တို့ဖြင့် စတုတ္တသင်္ဂါယနာကို ပေထက်အက္ခရာတင်ပြီးတော့ စောင့်ရှောက်တော်မူခဲ့ကြပါတယ်။ ၀ဋ္ဋာဂါမဏိမင်းကြီးက ပစ္စယာနုဂ္ဂဟတာဝန်ယူခဲ့ပါတယ်။
သာသနာနှစ် (၂၄၀၀) ကျော်ကျော်မှာတော့ မန္တလေးရွှေမြို့တော် မင်းတုန်းမင်းတရားကြီးရဲ့ ရွှေနန်းတော်အတွင်းမှာ ဇာဂရမထေရ်ကြီး ဦးဆောင်၍ သံဃာတော် (၂၄၀၀) ကျော်တို့ဖြင့် ပဉ္စမသင်္ဂါယနာကို ကျောက်ထက်အက္ခရာတင်ပြီးတော့ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါတယ်။ မင်းတုန်းမင်းကြီးက ပစ္စယာနုဂ္ဂဟ တာဝန်ယူခဲ့ပါတယ်။ သာသနာနှစ် (၂၅၀၀) ပြည့်တဲ့အခါမှာ ရန်ကုန်ရွှေမြို့တော် မဟာပါသာဏ ကျောက်လိုဏ်ဂူတော်ကြီးအတွင်းမှာ ညောင်ရမ်းဆရာတော်ကြီး ကြီးမှူးတော်မူပြီးတော့ သဃာတော်ပေါင်း (၂၅၀၀) တို့ဖြင့် ဆဋ္ဌသင်္ဂါယနာတင်ပြီးတော့ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါတယ်။ အဲဒီ ဆဋ္ဌသင်္ဂါယနာမှာ ၀န်ကြီးချုပ်ဦးနု ဦးဆောင်သော ဖဆပလ အစိုးရက ပစ္စယာနုဂ္ဂဟ တာဝန်ယူခဲ့ပါတယ်။ သာသနာနှစ် (၂၅၀၀) ခရီးမှာ မထေရ်ကြီးတို့ အဆက်ဆက် အရှင်မဟာကဿပ ဆင်းသက်တဲ့ မထေရ်အဆက်ဆက်တို့က ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူခဲ့တဲ့ ဓမ္မ၊ အဘိဓမ္မ၊ ၀ိနယဆိုတဲ့ ဒီပိဋကတ်သုံးပုံကို ပြောင်းလဲခြင်း လုံးဝ မပြုပဲ၊ ပြင်ဆင်ခြင်း လုံးဝ ပြုတော်မမူကြပဲ၊ နှုတ်ပယ်ခြင်းလည်း လုံ့းဝ မပြုကြပဲ၊ အသစ်ဖြည့်စွက်ပြီးတော့ ရေးထည့်ခြင်းလည်း လုံးဝ မပြုကြပဲ မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း မူရင်းအတိုင်းသာလျှင် သန့်သန့်ရှင်းရှင်း ထိန်းသိမ်း စောင့်ရှောက်တော်မူခဲ့ကြတဲ့အတွက်ကြောင့် ထိုမထေရ်တို့ အဆက်ဆက်တို့ရဲ့ မူရင်းဝါဒကို ထေရ၀ါဒ သာသနာလို့ ခေါ်ပါတယ်။
သာသနာနှစ် (၁၀၀) မှာ ဒုတိယသင်္ဂါယနာတင်ပြီး ထေရ၀ါဒမှ ဖယ်ထုတ်ခြင်းခံခဲ့ရတဲ့ မဟာသံဃိကဂိုဏ်းကနေ စတင်ပေါက်ဖွားကာ မဟာယာန ဖြစ်ခဲ့တဲ့ မြောက်ပိုင်းသာသနာကတော့ ပြင်ဆင်ခြင်း၊ ရေးထည့်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်နှုတ်ခြင်း၊ အသစ်ရေးထည့်ခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဖြစ်ခြင်းကြောင့် ထိုမဟာယာနသာသနာကတော့ မူရင်းသာသနာ မဟုတ်တော့ပဲနဲ့ ပြောင်းလဲပြင်ဆင်ခဲ့တဲ့ သာသနာလို့ ဆိုရမယ့် သာသနာတစ်မျိုး ဖြစ်ပါတယ်။ ဤသို့လျှင် ထေရ၀ါဒသာသနာနှင့် မဟာယာနသာသနာနှစ်ရပ် ခြားနားချက်ကို သူတော်ကောင်းအပေါင်းတို့ သိကြပြီးလျှင် ထေရ၀ါဒသာသနာကို မူရင်းကျကျ သန့်သန့်ရှင်းရှင်း ဘုရားရှင်အလိုတော်ကျ မထေရ်ကြီး အဆက်ဆက်တို့ရဲ့ အလိုတော်ကျ ဆက်လက်၍ ထိန်းသိမ်းစောင့်ရှောက် သွားကြပါမည့်အကြောင်း ဤအစီအစဉ်ကနေ တိုက်တွန်းလိုက်ရပါသတည်း။
ဘာသယေ ဇောတယေ ဓမ္မံ၊ ပဂ္ဂဏှေ ဣသိနံ ဓဇံ။
သုဘာသိတဒ္ဓဇာ ဣသယော၊ ဓမ္မောဟိ ဣသိနံ ဓဇော။
ဓမ္မံ-ဓမ္မကို၊ ဘာသယေ- ဟောပြောတော်မူကြကုန်ရာ၏။ ဓမ္မ-ဓမ္မကို၊ ဇောတယေ-ထွန်းတောက်အောင် ဆောင်ရွက်တော်မူကြကုန်ရာ၏။ ဣသိနံ-ရဟန်းသံဃာတော်များ၏၊ ဓဇံ- အောင်လံကို၊ ပဂ္ဂဏှေ- စိုက်ထူတော်မူကြကန်ရာ၏။ ဓမ္မော- ဓမ္မသည်၊ ဣသိနံ- ရဟန်းတော်၏၊ ဓဇော- အောင်လံတံခွန် ဖြစ်ပါပေ၏။ ဣသယော- ရဟန်းတော် သံဃာတော်အပေါင်းသည်၊ သုဘာသိတဒ္ဓဇာ- ဓမ္မကို ကောင်းစွာ ဟောခြင်းဖြင့် အောင်လံတလူလူ လွှင့်ထူတော်မူခဲ့ကြလေကုန်သတည်း။
 

အဓိပတိဆရာတော်
သီတဂူဗုဒ္ဓတက္ကသိုလ်
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

သာမညဖလ တန်ဆောင်မုန်းလပြည့်နေ့

၁၃၆၀-ခု တန်ဆောင်မုန်းလပြည့်နေ့
မြန်မာရုပ်မြင်သံကြားမှ အသံလွှင့်ဟောကြားတော်မူအပ်သော
သာမညဖလသုတ္တန်တရားတော်
===============
တန်ဆောင်မုန်းလပြည့်နေ့သည် မိုးနှောင်းဆောင်းဦး ရာသီအားဖြင့် ထူးသလို သာသနာအားဖြင့်လည်း ထူးမြတ်နေပါသည်။ ကုန်းမြေတစ်ခုလုံး ခဝဲပန်းတို့ ဖုံးနေသည့်အတွက် ရွှေရည်သွန်းသလို ဖြစ်သည့်အခါဝယ် ကုမုဒြာကြာတို့ဖြင့် လွှမ်းခြုံသည့် ရေပြင်များမှာလည်း ငွေရည်ဖျန်းသည့်အလား ဖြူဖွေးတင့်တယ်လှပါသည်။ ရွှေပန်းငွေပန်းတို့ဖြင့် ဆန်းဆန်းကြယ်ကြယ် တင့်တယ်လှသည့် ကမ္ဘာ့မြေပြင်ကို လမင်းစန္ဒာ၏ ငွေဗိမာန်မှသွန်းအပ်သည့် အရောင်တို့သည် နို့ဓမ်းအိုးကို မှောက်သွန်လိုက်သည့်အလား နက်ရှိုင်းတောက်ပသော ဘော်ရောင်ခြည်တို့ဖြင့် လွှမ်းဖုံးထားလိုက်ရာ ရွှေခဝဲပန်းနှင့် ငွေကြာပန်းတို့မှာ ပို၍ပင် လန်းလန်းဆန်းဆန်း ဖြစ်ရပါသည်။
ထိုနည်းတူစွာ မဂဓတိုင်း ရာဇဂြိုဟ်မြို့ ဇီဝကသရက်တောကျောင်းတိုက်မှာ သီတင်းသုံးနေတော်မူသော မြတ်ဗုဒ္ဓတည်းဟူသော လမင်းကြီးမှ လွှတ်ထုတ်လိုက်သော အေးမြသည့် ဓမ္မရောင်ခြည်၏ အထိအတွေ့ကို ရရှိလိုက်သော ဘုရင်အဇာတသတ်မှာလည်း အတိုင်းမရှိ ကြည်လင်အေးချမ်း ပီတိလွှမ်း၍ လန်းလန်းဆန်းဆန်း ဖြစ်ခဲ့ရပါသည်။
အပေါင်းအသင်းနှင့် ကိုးကွယ်ရာမှားသဖြင့် ကျေးဇူးရှင်ဖခင်ကို သတ်မိခဲ့ပြီး၊ အပါယ်တံခါးပိတ် နိဗ္ဗာန်တံခါးပွင့် အလွန်မြင့်မြတ်သည့် အကျိုးကျေးဇူးတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရသောကြောင့် သောက၊ ပရိဒေဝ၊ ဒေါမနဿ နောင်တအပူမီးတို့ဖြင့် နှိပ်စက်ညှိုးနွမ်း ပင်ပန်းနေခဲ့ရသည့် မဂဓပြည့်ရှင် ဘုရင်အဇာတသတ်မင်းကြီးသည် မိုက်မှားမှုတို့အကျိုး ကုက္ကုစ္စ ဒေါမနဿတို့ကို ပြင်းစွာခံစားနေရစဉ် နန်းတော်၊ တိုင်းပြည်၊ သာသနာ၏ ကျန်းမာရေးကို အထူးတာဝန်ယူနေရသော သမားတော်ကြီး ဆရာကြီး ဇီဝက၏ စီမံချက်ဖြင့် မြတ်ဗုဒ္ဓထံမှောက် ရောက်ခဲ့ရ၍သာ သောကမီးတောက် ငြိမ်းပျောက်ခဲ့ရပါသည်။
မင်းကြီးသည် သူ၏သောကမီးကို အေးငြိမ်းစေဖို့ နည်းကောင်းပေး ဟောပြနိုင်မည်လားဟု တွေးကာ တိတ္ထိဆရာကြီး (၆) ယောက်တို့ထံ ရောက်ခဲ့ပါသေးသည်။ အနီးနေ အမတ်ကြီးများက မိမိတို့ကိုးကွယ်ရာ ဆရာအသီးသီးတို့ထံ ပို့လိုက်ကြခြင်းပင် ဖြစ်ပါသည်။ လူတစ်ယောက်၏ ဘဝအမြင်၊ ဘဝလမ်းကြောင်း ဖြောင့်မှန်ရေးအတွက် လူနှင့် ပတ်ဝန်းကျင်ဆက်ဆံရေးသည် အလွန်ပင် အရေးကြီးလှပေသည်။ အဇာတသတ်မင်းကြီးမှာ ပတ်ဝန်းကျင်နှင့် အပေါင်းအသင်းကြောင့်ပင် မေ့ပျောက်မရနိုင်သည့် ပြစ်မှုကြီးကို လွန်ကျူးမိခဲ့ပြီး ကြီးမားသော ဆုံးရှုံးမှုကြီးများ၊ စူးရှစွာ ခံစားရသော ဝေဒနာများ ဖြစ်ခဲ့ရပါသည်။ ထိုဒဏ်ရာဒဏ်ချက်တို့ကို ကုသပေးမည့် သမားကို ရှာပါသည်။ သေဆေးကျွေးမည့်သူများအလား တိတ္ထိဆရာကြီးများကိုသာ တွေ့ခဲ့ရပါသည်။ သူဆုံးရှုံးခဲ့ရသည့် အကျိုးကျေးဇူးများကို ပြန်လည်ရရှိလိုသဖြင့် ထိုဆရာတို့ကို မေးပါသည်။ "သရက်ပင် ဘယ်မှာလဲ" ဆိုကာမှ "ဒီမှာ ပန္နဲပင်" ဟု မေးသည်ကို မဖြေနိုင်၊ တောင်းသည်ကို မပေးနိုင်သည့် သူများကိုသာ တွေ့ခဲ့ရပါသည်။ လောကီလူသားတွေမှာ အဋ္ဌာရသ သိပ္ပပညာ တတ်အပ်ရာတို့ကို သင်ကြားတတ်မြောက်လျှင် ရာထူးအာဏာ စီးပွားဥစ္စာတို့ကို လက်တွေ့ကျကျ ရရှိခံစားကြရပါသည်။ ရသေ့ရဟန်းပြု၍ ကျင့်ကြံကြ၊ အားထုတ်ကြရာမှာ လက်တွေ့အားဖြင့် ဘာအကျိုးကျေးဇူးများ ရရှိခံစားရပါသလဲဆိုတဲ့ မင်းကြီး၏ အမေးကို ဖြေရာ၌-
၁။ ပူရာဏကဿပတိတ္ထိဆရာကြီးက = လုပ်ချင်ရာလုပ် ပြုချင်ရာပြု၊ ပြုရာမရောက် ကံမမြောက်သည့် "အကိရိယဝါဒ" ကို ဟောပြခဲ့ပါသည်။
၂။ မက္ခလိဂေါသာလတိတ္ထိဆရာကြီးကတော့ = ကောင်းကျိုး မကောင်းကျိုး၊ ဒုက္ခ သုခအမျိုးမျိုးတို့ ဟေတုပစ္စယကင်းမဲ့သည့် အကြောင်းမဲ့ဝါဒ 'အဟေတုကဒိဋ္ဌိ' ကို ဟောလိုက်ပြန်ပါသည်။
၃။ အဇိတကေသကမ္ဗလတိတ္ထိဆရာကြီးကတော့ = ကောင်းမှု မကောင်းမှု၊ ကုသိုလ် အကုသိုလ်တို့၏ ကောင်းကျိုး ဆိုးကျိုး၊ သုခဝိပါက် ဒုက္ခဝိပါက်တို့ မရှိ၊မဖြစ်သည့် 'ဥစ္ဆေဒဒိဋ္ဌိ နတ္ထိကဝါဒ' ကို ဟောကြားခဲ့ပါသည်။
၎။ ပကုဓကစ္စာယနတိတ္ထိဆရာကြီးကတော့ = 'နာမ်မဲ့ ရုပ်ကြမ်း' ဝါဒကြီးကို ဟောခဲ့ပြန်ပါသည်။
၅။ နိဂဏ္ဌနာဋပုတ္တခေါ် ဂျိမ်းဆရာကြီးကတော့ = 'စာတုယာမသံဝရ' လေးပါးသီလကို ဟောပါသည်။
၆။ သဉ္စယဗေလဋ္ဌပုတ္တခေါ် သိဉ္စည်းဆရာကြီးကတော့ = အတ္တနှင့် သဿတဝါဒ အခြေခံရှိသော်လည်း အသိဉာဏ်နည်းသူ ဖြစ်သည့်အားလျော်စွာ ဘာမေးမေး အမှားဖြေမိမှာ ကြောက်သည့်အတွက်ကြောင့် ရှောင်ပြေး ငြင်းဆို၍သာ နေလေရာ ဝါဒအယူတစ်ခုမှ မရခဲ့ပေ။ ရေများသည့်အိုင်မှာ ငါးရှင်ကို ဖမ်းမရသလို သူ့ဝါဒကိုလည်း ဖမ်းယူမရဘဲ ရှိခဲ့လေသည်။ အဇာတသတ်မင်းကြီးက -
"မြတ်စွာဘုရား- တပည့်တော်တို့ မင်းညီမင်းသားများမှာ မင်းတို့တတ်အပ်သည့် အဋ္ဌာရသအတတ်တို့ကို သင်ကြားတတ်မြောက်ခဲ့လျှင် လောကီအကျိုးစီးပွားများစွာ ဖြစ်ထွန်းခံစားကြရပါသည်။ အရှင်တို့ ရသေ့ ရဟန်း ပြုကြရာ၌ မည်သည့်အကျိုးကျေးဇူးများကို မျက်မှောက်ထင်ထင် ရရှိခံစားနိုင်ပါသနည်းဟု တပည့်တော် ထိုဆသတ္ထာရတို့ကို မေးတဲ့အခါ မေးသည်ကို မဖြေကြားနိုင်ကြဘဲ သူတို့အယူဝါဒတွေကိုသာ ဟောပြခဲ့ကြပါသည်ဘုရား။ မြတ်ဗုဒ္ဓ၏ သာသနာမှာ ရဟန်းပြုကြရာမှာလည်း "သန္ဒိဋ္ဌိက သာမညဖလ" ကိုယ်တွေ့မျက်မှောက် ကိုယ်တိုင်ရ ကိုယ်တိုင်ရောက်သည့် ချမ်းသာ ဘာများဖြစ်သလဲဘုရား" အဲဒီလို မေးလျှောက်ပါသည်။ ထိုအခါ မြတ်စွာဘုရားက ဖြေကြားတော်မူသည်မှာ - "ဒကာတော်မင်းကြီး- သင်၏ နန်းတော်မှ မင်းမှုထမ်းတစ်ယောက် ငါဘုရားသာသာနာ၌ ဝင်၍ ရဟန်းပြုခဲ့လျှင် ထိုရဟန်းအပေါ် သင်မင်းကြီး မည်သို့သဘောထားမည်နည်း" "မြတ်စွာဘုရား မင်းမှုထမ်းပင် ဖြစ်လင့်ကစား ထိုပုဂ္ဂိုလ်သည် အဓိသီလသိက္ခာကို ဖြည့်ကျင့်နေသူ ဖြစ်သောကြောင့် ငါးပါးသီလမျှရှိသော တပည့်တော်သည် ရှင်ဘုရင်ပင် ဖြစ်စေကာမူ ထိုရဟန်းအား အရိုအသေပြုခြင်း ရှိခိုးခြင်း ခရီးကြိုဆိုခြင်း အိပ်ရာနေရာပေးခြင်း စားဘွယ်သောက်ဘွယ်ပေးခြင်းဖြင့် တပည့်တော်က ပြုစုရပါသည်ဘုရားဟု လျှောက်သည်။ ဤသို့ဖြစ်လျှင် ထိုရဟန်း၏ အရိုအသေခံယူရခြင်း ပစ္စည်းလေးပါးခံယူရခြင်းသည်ပင် ရဟန်းဘဝ မျက်မှောက်ရသော အနည်းဆုံးသော အကျိုးကျေးဇူး သာမညဖလ ဖြစ်ပေသည် ဒကာတော်မင်းကြီး"
ထိုထက်ပိုလွန်သော သာမညဖလ ရဟန်းပြုခြင်းအကျိုးကို မိန့်ကြားတော်မူပါဦးဘုရားဟု လျှောက်ထားပြန်ရာ မြတ်စွာဘုရားက အမျိုးကောင်းသားတစ်ယောက်သည် ဇနီးမယား သမီးသား ဆွေမျိုးဉာတိ စီးပွားဥစ္စာတို့ကို စွန့်လွှတ်၍ ရဟန်းပြု၏။ ထိုရဟန်းသည် ပါတိမောက္ခသံဝရသီလကို စောင့်သုံး၏၊ ဣန္ဒြိယသံဝရသီလကို ကျင့်သုံး၏၊ အာဇီဝပါရိသုဒ္ဓိသီလကို ကျင့်သုံး၏၊ ပစ္စယသန္နိဿိတသီလကို ကျင့်သုံး၏၊ အဓိသီလသိက္ခာကို ကျင့်သုံး၏၊ စူဠသီလ မဇ္ဈိမသီလ မဟာသီလတို့ကို ကျင့်သုံး၏။ လူ့ဘောင်၌မရနိုင်သော ထိုအဓိသီလသိက္ခာကို ရဟန်းဘဝ၌ ကျင့်သုံးခွင့်ရခြင်းသည်ပင် သန္ဒိဋ္ဌိက သာမညဖလ-ရဟန်းဘဝမျက်မှောက်ရသော ကောင်းကျိုးချမ်းသာများပင် ဖြစ်ပေသည်ဟု ဖြေကြားတော်မူ၏။
ဒကာတော်မင်းကြီး ထို့ထက်ပိုသော နှစ်သက်ဘွယ်ကောင်းသော အကျိုးကျေးဇူးကတော့ အဓိသီလ၏အစွမ်းကြောင့် မိမိ၏ အတွင်းသန္တာန်၌ ပီတိပါမောဇ္ဇဖြစ်ရခြင်းနှင့် အနဝဇ္ဇသုခကို ရရှိခြင်းပင် ဖြစ်သည်။ အပြစ်ကင်းသည့် ကိုယ်နှုတ်သန့်ရှင်းသည့် အကျိုးကျေးဇူး၊ မိမိကိုယ်မိမိ ဝမ်းမြောက်ရွှင်လန်းစွာ ကျေနပ်နှစ်သက်ရခြင်းဟူသော အကျိုးကျေးဇူးမှာ မင်းစည်းစိမ်ထက်ပင် သာလွန်သော အကျိုးကျေးဇူး ဖြစ်ပေသည်ဟု မြတ်စွာဘုရားက ဖြေကြားတော်မူပါသည်။
ထို့ပြင် ဣနြေ္ဒကိုစောင့်ထိန်းခြင်း၊ ကိုယ်နှုတ်အမူအရာတို့၌ သတိသမ္ပဇဉ် ဉာဏ်နှင့်သတိယှဉ် စောင့်ရှောက်ခြင်း၊ သန္တောသတရားလေးပါး လက်ကိုင်ထားသဖြင့် ရောင့်ရဲတင်းတိမ်ခြင်းစသည်ဖြင့် စိတ်၏ ကြည်လင်အေးမြချမ်းသာသော ငြိမ်းချမ်းသော အပြစ်ကင်းသော ကိလေသာ မနှိပ်စက်သော အနဝဇ္ဇစိတ္တသုခ အကျိုးကို ရရှိခံစားနိုင်သည်။
ထို့ပြင် ဈာန်သမာဓိဖြင့် နီဝရဏတရား (၅) ပါးတို့ကို ပယ်ရှားလိုက်သောအခါ ဝိဝေကဇသုခ၊ သမာဓိဇသုခ၊ ပီတိသုခ၊ နိပ္ပီတိကသုခ၊ ဥပေက္ခာနှင့် သတိကြောင့်ဖြစ်သော စတုတ္ထဈာနိကပါရိသုဒ္ဓိကသုခတို့သည်လည်း ရဟန်းဘဝ မျက်မှောက်ရအပ်သော သာမညဖလများပင်ဖြစ်ကြောင်း မြတ်ဗုဒ္ဓက မင်းကြီးအား ဟောပြပါသည်။
တန်ဆောင်မုန်းလပြည့်ည၏ လပြည့်ဝန်းသည် အရှေ့ဆီက ဂိဇ္ဈကုဋ်တောင်ကို ကျော်တက်လာခဲ့ပြီး၊ ဆရာဇီဝက၏ သရက်တော ကျောင်းတိုက်ကြီးသည် သရက်ပင်ပျိုတို့ လွှမ်းအုပ်ထားသော်လည်း ဘော်ရည်တသွေး ဖြူဖွေးသော လရောင်ဖြင့် အစိမ်းရင့်ပေါ်ဝယ် ဘော်ဖြူရောင် လွှမ်းထားသဖြင့် အစွမ်းကုန် လှပတင့်တယ် အေးချမ်းဘွယ် ဖြစ်နေပါသည်။ မင်းကြီး၏ ကိုယ်ရံတော်တပ်က ထွန်းညှိထားသည့် မီးရှူးတိုင်များကလည်း ငွေရောင်အကြားမှ လွင့်ကာလွင့်ကာ လူးလွန့်လာသည့် ရွှေရောင်ခြည်များပမာ ဓမ္မရာဇာ တရားဘုရင် ဘုရားရှင်ကို တအားဝိုင်း၍ ဖူးမျှော်နေကြပါသည်။
တောင်ငါးလုံးကာခို မြို့တော်ရာဇဂြိုဟ်ကို လရိပ်ကသာမက ဓမ္မရိပ်ကလည်း လွှမ်းခြုံအေးမြစေပါသည်။ ကြတ္တိကာနက္ခတ် မွန်းတည့်သည့် ညကာလ ကာမဘောဂီ တစ်သိုက်ကတော့ နက္ခတ်ပွဲမှာ ဆီမီးရောင်ရှိန် တထိန်ထိန်ဖြင့် ပျော်မြူးနေကြလေပြီ။ အဇာတသတ်မင်းကြီးသည်လည်း မီးသတ်သမားတွေ ရေပက်အားကောင်းတဲ့အတွက် တဟုန်းဟုန်း လောင်သော မြို့မီးကြီးတစ်ခု မီးညွန့်ကျိုးစ ပြုလာနေသကဲ့သို့ပါပဲ၊ နှလုံးသားက သောကမီးသည် ဖြေးဖြေးချင်း ငြိမ်းစပြုလာနေပါပြီ။
မြတ်စွာဘုရားကိုယ်တော်မြတ်က မင်းကြီးအား သန္ဒိဋ္ဌိက သာမညဖလကို ဆက်လက်၍ ဟောတော်မူပါသည်။ သမာဓိဈာန်ကို အခြေခံ၍ ဝိပဿနာဉာဏ်များဆီသို့ တက်လှမ်းသည့်နည်းကို ညွှန်ပြပါသည်။ ခန္ဓာ၏ အနိစ္စသဘောကိုများ ရှင်းရှင်းမြင်လျှင် လက်ဝယ်တင်ထားသော ပတ္တမြားကဲ့သို့ ဒိဋ္ဌိ ဝိစိကိစ္ဆာကင်းသည့် စိတ်အစဉ်သည် မနောမယ၊ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ ဒိဗ္ဗစက္ခု၊ ပုဗ္ဗေနိဝါသ၊ စေတောပရိယ ဟူသော လောကီအကျိုး ဣဒ္ဓိ အမျိုးမျိုးတို့ကို ဖြစ်စေခဲ့လေပြီ။ ဤ ဣဒ္ဓိအဆင့်ဆင့်သည် ရှေးကပြဆိုခဲ့ပြီးတဲ့ သာမညဖလတို့ထက် ထူးကဲလွန်မြတ်သော အကျိုးကျေးဇူးပင် ဖြစ်ပါသည်။ အဋ္ဌာရသအတတ် (၁၈) ရပ်ကို တတ်သောကြောင့် ရရှိသော အကျိုးကျေးဇူးတို့ထက် အလွန်လျှင် လွန်ကဲနေသည်မှာ ဆိုဘွယ်ရာမရှိ ဖြစ်ပါသည်။
နာမ်ရုပ်ကိုထွင်းဖောက် ဣဒ္ဓိအဆင့်ဆင့်သို့ တက်ရောက်ခဲ့သော ဒိဋ္ဌိစင် ယုံမှားမရှိ ပကတိကြည်လင်သည့် ဝိပဿနာဉာဏ်သည် ဒုက္ခ၊ သမုဒယ၊ နိရောဓနှင့် မဂ္ဂတစ်ဖြာ လေးသစ္စာကို ပိုင်းခြားသိရှိ အထွတ်အထိပ်သို့ ရောက်ခဲ့ပါပြီ။ ဒုက္ခကိုသိ၊ သမုဒယကိုပယ်၊ နိရောဓသို့ရောက်၊ မဂ္ဂကိုလျှောက်၊ ထုတ်ချင်းပေါက်ရောက်ခဲ့သည်ကား အာသဝက္ခယအဘိညာဏ် ဖြစ်ပါသည်။
ခန္ဓာသည် ဒုက္ခဟု ယထာဘူတအတိုင်း သိ၏။ တဏှာသည် သမုဒယဟူ၍လည်းကောင်း၊ နိဗ္ဗာန်သည် နိရောဓဟူ၍လည်းကောင်း၊ မဂ္ဂသည် နိရောဓဂါမိနီပဋိပဒါဟူ၍လည်းကောင်း ယထာဘူတနည်းအရ သိ၏။ ဤသည်ကား- အာသဝ၊ ဤသည်ကား- အာသဝသမုဒယ၊ ဤသည်ကား-အာသဝနိရောဓ၊ ဤသည်ကား- အာသဝနိရောဓဂါမိနီပဋိပဒါဟု သိပါ၏။ ဤကဲ့သို့ သိသော ပုဂ္ဂိုလ်၏ စိတ်သည် ဒိဋ္ဌိ၊ တဏှာ၊ အဝိဇ္ဇာဟူသော အာသဝဥပါဒါန်တို့မှ ကင်းကင်းကြီးလွတ်ခဲ့လေပြီ။
ထိုပုဂ္ဂိုလ်သည် ဇာတိ၊ မရဏ၊ ဒုက္ခဇာတ်ကို အဆုံးသတ်ခဲ့လေပြီ။ သာသနဗြဟ္မစရိယကို ကျင့်သုံးခြင်းကိစ္စ ပြီးခဲ့လေပြီ။ ဘဝဇာတ်သိမ်းပြီဖြစ်၍ ပြုဘွယ်ကိစ္စအားလုံး ပြီးဆုံးခဲ့ပါပြီ။ နောက်တစ်ဖန် ဘဝဖြစ်ခြင်းလည်း မရှိတော့ပြီ။ နောက်ထပ်ပြုဘွယ်ကိစ္စလည်း မရှိတော့ပြီ။ ထိုသူသည် ကြွေးမြီကင်းလွတ်ပြီးသော သူကဲ့သို့လည်းကောင်း၊ အနာရောဂါပျောက်ငြိမ်းပြီးသော သူကဲ့သို့လည်းကောင်း၊ အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော သူကဲ့သို့လည်းကောင်း၊ ကျေးကျွန်အဖြစ်မှ လွတ်သောသူကဲ့သို့လည်းကောင်း၊ သစ်ကျား သားရဲထူသော ကန္တာရခရီးကြမ်းကို ကျော်ဖြတ်လွန်မြောက်ပြီးသော သူကဲ့သို့လည်းကောင်း အလွန်လျှင် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်း အတိသုခကို ရရှိပါပြီ။ အတိုင်းအတာမရှိ ပကတိငြိမ်းချမ်းတဲ့ ဒီချမ်းသာခြင်းတွေဟာ သန္ဒိဋ္ဌိက သာမညဖလ ဖြစ်ပါသည်။
ကြည်လင်သော မျက်စိအမြင်ရှိသော သူတစ်ယောက်သည် ကြည်လင်ငြိမ်သက်သော ရေပြင်၏ အောက်၌ ကျောက်ခဲ အိုးခြမ်းကွဲစသည်တို့ ရပ်နေကြသည်ကိုလည်း မြင်၊ ငါး လိပ် မကရ်းတို့ သွားနေကြသည်ကိုလည်း မြင်သည်မှာ ပီပြင်ကြည်လင်လှလေဘိသကဲ့သို့ ဆိုခဲ့ပြီးသောအတိုင်း သီလ၊ သမာဓိ၊ ပညာတို့နှင့် ပြည့်စုံသောသူသည် ဒုစရိုက် (၁၀) ပါး၊ ကိလေသာ (၁၀) ပါး၊ နီဝရဏ (၅) ပါး၊ အနုသယ (၇)ပါးတို့မှ လုံးလုံးကြီးကင်း သန့်ရှင်းခဲ့ပြီးဖြစ်သောကြောင့် ပရမတ္ထတရား၊ သစ္စာတရား၊ သန္တိတရားတို့ကို ယထာဘူတ ရှင်းလင်းပီပြင် ကြည်လင်စွာမြင်ရ၊ သိရ၊ လက်ဆုပ်လက်ကိုင်ရရှိခြင်းသည် နိယျာနိက ဓမ္မဝိနယသာသနာမှာ ဝင်ရောက်ကြသော အမျိုးကောင်းသား အမျိုးကောင်းသမီး မည်သူမဆို မျက်မှောက်ထင်ထင် ရရှိသော သန္ဒိဋ္ဌိက သာမညဖလပင် ဖြစ်ပါကြောင်း၊ ဥပါဒါန် (၄) ပါး၊ အာသဝေါ (၄) ပါးမှ လွတ်မြောက်သည့် ဝိမုတ္တိသုခသည် အထွတ်အထိပ် သာမညဖလပင် ဖြစ်ပါကြောင်း ကောင်းမြတ်သောကရုဏာဖြင့် အင်္ဂနှင့်မဂဓတိုင်းတို့၏ မင်းမြတ် အဇာတသတ်ဘုရင်အား မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါသတည်း။
ထိုအခါ တိုင်းကြီးနှစ်ခုတို့၏ မင်းမြတ် အဇာတသတ်သည် ဝေဠုဝန်ကျောင်းဒကာ သောတာပန်အရိယာ သူ၏ဖခင် ဘုရင်ဗိမ္ဗိသာရအား သတ်ခဲ့မိသည့် အပြစ်အတွက် မြတ်စွာဘုရားကို တောင်းပန်ဝန်ချ ကန်တော့ပါသည်။ မိတ်ဆွေယုတ်သည် သူ၏ အပေါင်းအသင်းကို ဒုက္ခ၊ ဒေါမနဿနှင့် အကျိုးယုတ်မှုများစွာကို ဖြစ်စေခဲ့ပြီး စောင့်ရှောက်ကယ်တင်မှု မပြုနိုင်ခဲ့ပေ။ လက်တကမ်းမှာ ရောက်နေခဲ့သော သောတာပတ္တိမဂ်၊ ဖိုလ် အကျိုးကျေးဇူးကား ဆုံးခဲ့ပါပြီ။
အဘသတ်မှုသာ မပြုမိခဲ့သော် ဘုရင်အဇာတသတ်သည် သာမညဖလသုတ်တော်ကို နာကြားပြီးသည့်အဆုံးမှာ သောတာပန်အရိယာဖြစ်မည်မှာ ဧကန်ပင်။ ယခုလည်း သာမညဖလသုတ်တော်၏ ကျေးဇူး၊ သူ၏ ရတနာသုံးပါးအပေါ် မမှိတ်မသုံ ယုံကြည်သော အဝေစ္စပသာဒ၏ ကျေးဇူးတို့ကြောင့် အဝီစိငရဲဘေးမှ လွတ်ခဲ့ပြီး၊ လောဟကုမ္ဘီငရဲမှာသာ အနှစ်ခြောက်သောင်းခံစားပြီး လွတ်မြောက်သောအခါ ဝိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါတစ်ဆူ ဖြစ်တော်မူလိမ့်မည် ဖြစ်ပါသည်။ ပုထုဇဉ်တို့တွင် သဒ္ဓါဖြင့် သာသနာကိုကြည်ညိုရာ၌ အဇာတသတ်မင်းမြတ်သည် အသာဆုံး အလွန်ကဲဆုံးဖြစ်ပါသည်။
မိုး,လေးလပြည့်၊ လ,လည်းပြည့်သည့် လပြည့်ခေါ်ထုံး တန်ဆောင်မုန်း၏ ကြည်လင်ဝင်းပ လပြည့်ညကား ကြာဖြူလည်းပွင့် ရွှေခဝဲလည်းပွင့်သည်မို့ စန်းပွင့်သီတဂူ နိဗ္ဗူတိဓာတ် တရားမြတ်ကို ကြားလတ်သော်လျှင် ဘုရင်ဥက္ကဋ္ဌ် ဇာတသတ်၏ ကြပ်ကြပ်လောင်ညီး သောကမီးမှာ ငြိမ်းကြီးငြိမ်းကာ ငြိမ်းချမ်းသာသည် ကိန်းခဏ်းအလာ ရာဇဝင်ကစ သာသနာဝင်အလှပြ ဓမ္မာဝင်ကျန သာမညဖလ ဒေသနာကို ဟောကြားတော်မူသည့် အခါတော်နေ့တည်း။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

အဓိပတိဆရာတော် 
သီတဂူဗုဒ္ဓတက္ကသိုလ်

ဩဝါဒပါတိမောက် အခါတော်နေ့

တရားချစ်ခင် သူတော်စင်အပေါင်းတို့ လွန်လေပြီးသော နှစ်ပေါင်း (၂၅၈၅) ခုနှစ်ရဲ့ တပို့တွဲလပြည့်နေ့တုန်းက ရဟန္တာပေါင်း (၁၂၅၀) တို့ ပါဝင်တက်ရောက်တော်မူကြတဲ့ သံဃာ့အစည်းအဝေးကြီးကို မဂဓတိုင်း ရာဇဂြိုလ်မြို့ ဝေဠုဝန်ကျောင်းတော်ကြီးမှာ ကျင်းပခဲ့ပါတယ်။ အဲဒီ တပို့တွဲလပြည့်နေ့က မြတ်စွာဘုရားရှင် ဗုဒ္ဓအဖြစ်သို့ ရောက်ပြီးနောက် ကိုးလတင်းတင်း ပြည့်မြောက်သည့်နေ့ ဖြစ်ပါတယ်။
ဘုရားဖြစ်၍ ကိုးလပြည့်ရာ တပို့တွဲလပြည့်နေ့မှာ ရာဇဂြိုဟ်ပြည်မွန် ဝေဠုဝန်တွင် ကျင်းပသည့် ပထမ သံဃသန္နိပါတဝယ် မြတ်ဗုဒ္ဓသည် ပါတိမောက်ဩဝါဒကို မိန့်မြွက်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ဘိုးတော် အဉ္ဇနမင်း တည်ထားသက္ကရာဇ်နှစ် (၆၈) မှာ မင်းသိဒ္ဓတ်ကို ဖွားမြင်တော်မူခဲ့ပါတယ်။
သက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့မှာ မင်းသိဒ္ဓတ်သည် သမ္မာသမ္ဗုဒ္ဓစင်စစ် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ ဘုရားဖြစ်ပြီးနောက် (၂) လပြည့်မြောက်သည့် ဝါဆိုလပြည့်နေ့မှာ မြတ်ဗုဒ္ဓသည် တရားဦးဓမ္မစက်ကို စတင် ဟောမြွက်တော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓသည် ဓမ္မစက်ကို စတင်လှည့်သည့် ထိုနှစ် ဝါတွင်းမှာပင် ရဟန္တာပေါင်း (၆၀) တို့ကို ရရှိတော်မူခဲ့ပါတယ်။ ဘုရားဖြစ်သည့် ထိုနှစ်မှာ ရဟန္တာပေါင်း (၆၀) တို့နှင့် မိဂဒါဝုန်မှာ ဝါဆိုတော်မူပါတယ်။ ဝါလကင်းလွတ် သီတင်းကျွတ်သည့်အခါ ရဟန္တာအပါး (၆၀) တို့ကို သာသနာပြုခရီးထွက်ကြဖို့ တစ်ပါးတစ်ခရီးကြွ တရားဟောကြဖို့ မိန့်မြွက်တော်မူခဲ့ပါတယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် မိမိသပိတ်သင်္ကန်းကို မိမိကိုယ်တော်တိုင်ကိုင်၍ တစ်ပါးတည်းကြွတော်မူခဲ့ရာ တန်ဆောင်မုန်းလဆန်းတွင် ကပ္ပါသိကတောအုပ်သို့ ရောက်ခဲ့ပါတယ်။ ကပ္ပါသိကတောအုပ်ဝယ် ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်တို့နှင့် တွေ့ဆုံ၍ တရားဟောပြ ဆုံးမတော်မူရာ မင်းသားသုံးကျိပ်တို့ ရဟန်းပြုကြပါတယ်။
ဆက်လက်၍ ခရီးထွက်ခဲ့ရာ ပြာသိုလဆန်းမှာ ဥရုဝေလတောအုပ်သို့ ပြန်ရောက်ပါတယ်။ ဥရုဝေလတောအုပ် နေရဉ္ဇရာ မြစ်ကမ်းနားမှာရှိကြတဲ့ ကဿပညီနောင် သုံးယောက်ခေါင်းဆောင်တဲ့ ရသေ့ပေါင်း တစ်ထောင်တို့ကို 'အာဒိတ္တပရိယာယသုတ္တန်'ဖြင့် ဆုံးမတော်မူရာ အားလုံး ရဟန္တာဖြစ်၍ ရဟန်းပြုကြပါတယ်။ ထိုကဿပညီနောင် သုံးယောက် ခေါင်းဆောင်တဲ့ ရဟန္တာပေါင်းတစ်ထောင် ခြံရံလျှက် ခရီးဆက်ခဲ့ပြန်ရာ ပြာသိုလပြည့်နေ့မှာ ရာဇဂြိုဟ်မြို့တော်သို့ ရောက်ပါတယ်။
ရာဇဂြိုဟ်မြို့အနီး ထန်းတောဥယျာဉ်ဝယ် မဂဓတိုင်း၏ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်းနှင့် ပရိသတ်အပေါင်း တစ်သိန်းတစ်သောင်းတို့ကို သောတာပတ္တိမဂ်ဖိုလ်အရောက် ချီးမြောက်တော်မူပြီး ဗိမ္ဗိသာရမင်းတရား လှူဒါန်းသော ဝေဠုဝန်ဥယျာဉ်ကို အလှူခံတော်မူခဲ့ပါတယ်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ပြာသိုလပြည့် ဘုရားဖြစ်ပြီးနောက် (၈) လအကြာမှစ၍ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတိုက်မှာ ရဟန္တာပေါင်း (၁၀၀၀) တို့နှင့် အတူတကွ သီတင်းသုံးနေထိုင်တော်မူခဲ့ပြီ ဖြစ်ပါတယ်။
ရာဇဂြိုဟ်မြို့တော်သည် တောတောင်တွေ ထူထပ်လှသည့် ရသေ့၊ ရဟန်း၊ ပရိဗိုဇ်၊ ယောဂီတို့ အလွန်ပျော်မွေ့ရာမြို့ ဖြစ်ပါတယ်။ ဗုဒ္ဓကောလာဟလ ဖြစ်ပေါ်ခဲ့ရာ ဗုဒ္ဓမပွင့်မီ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်လောက်ကပင် လူတို့၏ ကိုးကွယ်ခံ၊ ရဟန်းအမည်ခံ ရသေ့ ယောဂီပေါင်းများစွာတို့ ပေါ်ပေါက်နေခဲ့ပြီ ဖြစ်ပါတယ်။
သာမညဖလသုတ်တော်ဝယ် ဗိမ္ဗိသာရမင်း၏သားတော် အဇာတသတ်သည် တိတ္ထိဆရာကြီးပေါင်း (၆) ယောက်တို့ထံ သွားရောက်ခဲ့ကြောင်း၊ ရဟန်းဘဝရရှိသည့် အကျိုးကျေးဇူးများကို မေးမြန်းခဲ့ကြောင်း၊ မေးရာတစ်ခြား ဖြေရာတစ်ခြား ဖြစ်ကြသည့်အတွက်ကြောင့် သူ့တိုင်းပြည်တွင်းက သမဏ ဗြဟ္မဏတွေကို မကျေမနပ်ဖြစ်ခဲ့ကြောင်း၊ သို့သော် သူ့စိတ်ကိုဖြေ၍ ထိုကဲ့သို့သော ရသေ့ ရဟန်းတို့ကို ချမ်းသာစွာ နေစေခဲ့ကြောင်း၊ ခွင့်လွှတ်သည်းခံခဲ့ကြောင်း စသည် ဖော်ပြထားပါတယ်။
ဒါကြောင့် တိတ္ထိဂိုဏ်းဆရာအားလုံးတို့ အများဆုံး စုဝေးရာဒေသဟာ မြို့တော်ရာဇဂြိုဟ် ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် အယူရှိသူတို့ဒေသမှာ ညီညွတ်သည့်အင်အားကို ဖော်ပြသည့် ပထမအကြိမ် သမဂ္ဂ သံဃသန္နိပါတကို ကျင်းပခဲ့သည်မှာ အလွန်ပင် အားရကြည်နူးဘွယ် ကောင်းလှပါတယ်။
မြတ်ဗုဒ္ဓ၏ အဂ္ဂမဟာသာဝကကြီးများ ဖြစ်တော်မူကြသည့် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပ မထေရ်မြတ်ကြီးများသည်လည်း ရာဇဂြိုဟ်အနီး နာလန္ဒမြို့နယ်သားများ ဖြစ်ကြပါတယ်။
ဝါကျွတ်ချိန် မိဂဒါဝုန်မှ သာသနာပြုခရီး ကြွချီတော်မူခဲ့သည့် ရဟန္တာ (၆၀) တို့အနက် ပဉ္စဝဂ္ဂီတွင် အငယ်ဆုံးဖြစ်သည့် အရှင်အဿဇိ ရဟန္တာတစ်ပါးသည် ရာဇဂြိုဟ်မြို့မှာ စောစီးစွာ ရောက်နှင့်နေပြီ ဖြစ်ပါတယ်။ တိတ္ထိဆရာ (၆) ယောက်တို့တွင် အမရာဝိက္ခေပဝါဒဖြင့် ထင်ရှားသော သဉ္စယဗေလဋ္ဌပုတ္တအမည်ရှိ တိတ္ထိဆရာ တစ်ယောက်လည်း တပည့်ပရိဗိုဇ်ပေါင်း (၂၅၀) တို့နှင့်အတူ ရာဇဂြိုဟ်မှာ စခန်းချနေ-နေဆဲ ဖြစ်ပါတယ်။
အဂ္ဂမဟာသာဝက အလောင်းလျာများ ဖြစ်ကြတဲ့ ဥပတိဿနှင့် ကောလိတ (သာရိပုတ္တရာနှင့် မောဂ္ဂလာန်) နှစ်ယောက်တို့သည် တောင်ထိပ်ပွဲ ကြည့်ရှုပျော်ရွှင်ရာမှ သံဝေဂဝင်ကာ တောထွက်ခဲ့ကြရာ သိဉ္စည်းဆရာကြီးထံ လမ်းမှားရောက်ကြပြီး တပည့်ခံ၍ ပရိဗိုဇ်လုပ်နေကြပါတယ်။ ဥပတိဿပရိဗိုဇ်သည် ရာဇဂြိုဟ်တွင် ဆွမ်းခံဝင်ရာ သာသနာပြုဓမ္မဒူတ အရှင်အဿဇိကို ဆွမ်းခံလမ်းမှာ တွေ့ခဲ့ပါတယ်။
ဥပတိဿပရိဗိုဇ်သည် အဿဇိအရှင်မြတ်ကို မြင်ကာမျှမှာပင် သမဏစင်စစ် တကယ်ဖြစ်ကြောင်း ကောင်းစွာသိသဖြင့် တရားဟောရန် တောင်းပန်ရာ အရှင်အဿဇိက -
ယေဓမ္မာ ဟေတုပ္ပဘဝါ၊
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊
ဧဝံဝါဒီ မဟာသမဏော။
ငါ့ရှင် ….. ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့သည် သမုဒယသစ္စာ တဏှာလောဘလျှင် အမွန်အစ အခြေခံအကြောင်းရင်း ရှိကြကုန်၏။ ထိုခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကိုလည်းကောင်း၊ ထိုခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ အခြေခံအကြောင်းရင်း သမုဒယသစ္စာ တဏှာလောဘကိုလည်းကောင်း၊ ထိုဒုက္ခသစ္စာနှင့်သမုဒယ ဝဋ်သစ္စာ နှစ်ပါးတို့၏ချုပ်ရာ နိရောဓသစ္စာနှင့် ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း အကျင့်ကောင်း မဂ္ဂသစ္စာ ဤနှစ်ပါးတို့ကိုလည်းကောင်း ငါတို့၏ဆရာ မြတ်ဗုဒ္ဓက ခွဲခြမ်းစိတ်ဖြာ ဟောကြားတော်မူပါ၏။ ငါတို့၏ဆရာ မြတ်ဗုဒ္ဓသည် သစ္စာလေးပါးကို ဝေဘန် ဟောကြားတတ်သည့် သစ္စာဝါဒီ ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူ၏ဟု ဟောတော်မူခဲ့ရာ သာရိပုတ္တရာအလောင်းလျာ ဥပတိဿပရိဗိုဇ်သည် တရားဒေသနာတစ်ဝက်မျှ နာရစဉ်မှာပင် နည်းထောင်ပေါင်းများစွာဖြင့် ချဲ့ထွင်သိမြင်ကာ သောတာပန် ဖြစ်ခဲ့လေသည်။ ကျန်သော တရားတစ်ဝက်ကို သောတာပန်ဖြစ်ပြီးမှ ဆက်လက်၍ ပြီးဆုံးအောင် နာကြားခဲ့လေသည်။
ဥပတိဿသည် မိမိနာယူခဲ့ရသော သစ္စာလေးပါးတရားကို ပရိဗိုဇ်တို့ အာရာမ်သို့ ပြန်ရောက်သောအခါ သူ၏ငယ်သူငယ်ချင်း ကောလိတပရိဗိုဇ်အား ပြန်လည်ဟောပြရာ ကောလိတလည်း သောတာပန် ဖြစ်ခဲ့လေသည်။ သောတာပန် အရိယာဖြစ်ပြီးသော ဥပတိဿနှင့် ကောလိတ (သာရိပုတ္တရာနှင့် မောဂ္ဂလာန်)တို့သည် သိဉ္စည်းဆရာ၏ တပည့် ပရိဗိုဇ်ပေါင်း (၂၅၀) တို့အား ဆက်လက်ဟောကြားကြပြန်ရာ အားလုံးက မြတ်ဗုဒ္ဓ၏ 'သစ္စဝိဘဇ္ဇဝါဒ'ကို ကျေနပ်စွာ လက်ခံကြလေသည်။ ထို့ကြောင့် သူတို့အားလုံး ဝေဠုဝန်မှာရှိနေသော မြတ်ဗုဒ္ဓထံ တပည့်ခံသွားကြဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြလေသည်။
ဒီနေရာမှာ တပည့်အားလုံးက သူတို့၏ ဆရာဟောင်းကြီး သဉ္စယဗေလဋ္ဌပုတ္တကိုလည်း ခေါ်သွားလိုကြသဖြင့် မြတ်စွာဘုရားထံ လိုက်ပါဖို့ သွားပြောကြပါတယ်။ သို့သော် သဉ္စည်းဆရာက 'လောကမှာ ဆရာကြီးတစ်ဆူလုပ်ပြီးကာမှ သူတစ်ပါးတပည့် မခံနိုင်တော့ဘူး။ အမှန်တရားကြိုက်တဲ့ သူတော်ကောင်းတွေ ဂေါတဗုဒ္ဓထံသွားကြလျှင် အမှားကြိုက်တဲ့ လူမိုက်တွေ ငါ့ဆီလာကြမှာပါ။ လောကမှာ သူတော်ကောင်းတွေက နည်းပါတယ်၊ လူမိုက်တွေက များပါတယ်။ မင်းတို့ နှစ်ရာ့ငါးဆယ်သွားရင် တခြားလူ နှစ်ထောင့်ငါးရာ ငါ့ဆီလာမှာပါ' ဟု ငြင်းပယ်၍သာ ကျန်နေခဲ့ပါတယ်။
မဟာသက္ကရာဇ် (၁၀၃) ခုနှစ် တပို့တွဲလဆန်း (၁) ရက်နေ့ ညနေခင်းမှာ ဥပတိဿ ကောလိတ ဦးဆောင်သော ပရိဗိုဇ်ပေါင်း (၂၅၀) တို့ ရာဇဂြိုဟ်မြို့ ဝေဠုဝန်မှာ သီတင်းသုံးနေနေသော မြတ်ဗုဒ္ဓထံတော်သို့ ရောက်ရှိ တပည့်ခံကြပါတယ်။
မြတ်ဗုဒ္ဓသည် ထိုပရိဗိုဇ်တို့အား အနှစ်သုံးပါးတရားကို ဟောကြားတော်မူပါတယ်။ တရားအဆုံးမှာ ပရိဗိုဇ် (၂၅၀) တို့ ရဟန္တာ ဖြစ်ကြပြီး မြတ်ဗုဒ္ဓထံ ရဟန်းဘဝ တောင်းခံကြပါတယ်။ အားလုံးကို မြတ်ဗုဒ္ဓက ဧဟိဘိက္ခုနည်းဖြင့် ရဟန်းပြုပေးတော်မူခဲ့ပါတယ်။ ဤသို့လျှင် သာရိပုတ္တရာ မောဂ္ဂလာန်နှင့်တကွ တပည့်ပေါင်း (၂၅၀) တို့သည် နိယျာနိကသာသနာဝယ် ရဟန်းဘဝကို လှလှကြီးရခဲ့ကြပြီး ဖြစ်ပါတယ်။ သာရိပုတ္တရာနှင့် မောဂ္ဂလာန်တို့မှာ ရဟန်းဖြစ်ခဲ့ကြသော်လည်း ရဟန္တာကား မဖြစ်ကြသေးပါ။ အဂ္ဂသာဝကရာထူးနှင့် ပါရမီက ကြီးကျယ်လှသောကြောင့် အရှင်မောဂ္ဂလာန်က (၇) ရက်၊ အရှင်သာရိပုတ္တရာက (၁၅) ရက် ဆက်လက်၍ အားထုတ်တော်မူခဲ့ကြရပါတယ်။
အရှင်မောဂ္ဂလာန်သည် ကလဝါလပုတ္တ ရွာအနီး တောအုပ်တစ်ခုဝယ် မြတ်စွာဘုရားဟောသော 'ပစလာယမာနသုတ္တန်' ကို နာကြားရင်း တပို့တွဲလဆန်း (၇) ရက်နေ့မှာ ရဟန္တာဖြစ်တော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာသည် ဂိဇ္ဈကုဋ်တောင်ခြေ သူကရခတလိုဏ်ဂူ၌ မြတ်စွာဘုရားဟောသော 'ဝေဒနာပရိဂ္ဂဟ ဒီဃနခသုတ္တန်' ကို နာကြားကာ တပို့တွဲလပြည့်နေ့၌ ရဟန္တာ ဖြစ်တော်မူခဲ့ပါတယ်။
ဤသို့လျှင် ဘုရားဖြစ်ပြီးနောက် ကိုးလအကြာ အင်္ဂါလေးပါးနှင့် ပြည့်စုံသော သံဃသန္နိပါတ အစည်းအဝေးကြီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့၌ -
၁။ ဆီးနှင်း မြူတိမ် အသူရိန် မီးခိုး အညစ်အကြေးငါးမျိုးကင်းစင် သန့်ရှင်းကြည်လင်သည့် လပြည့်ညဖြစ်ခြင်း၊
၂။ ကိလေသာ အညစ်အကြေး လုံးဝကင်းစင် ရဟန္တာကြီးပေါင်း (၁၂၅၀) တို့ အလိုအလျောက် ဝေဠုဝန်မှာ စည်းဝေးမိခြင်း၊
၃။ ကဿပညီနောင် (၃) ယောက်၏ တပည့်ပေါင်း (၁၀၀၀) နှင့် အဂ္ဂသာဝကကြီး (၂) ပါး၏ တပည့်ပေါင်း (၂၅၀) တို့သည် အားလုံး ဧဟိဘိက္ခုချည်း ဖြစ်တော်မူကြခြင်း၊
၎။ ထိုရဟန်းအားလုံး၏ အဘိညာဏ် (၆) ပါး ရတော်မူကြသည့် ဆဠာဘိည ရဟန္တာကြီးများချည်း ဖြစ်တော်မူကြခြင်း၊

ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသော ရဟန္တာ ၁၂၅၀ တို့ တက်ရောက်တော်မူကြသည့် ပထမသံဃသန္နိပါတ ပထမဦးဆုံးသော သံဃာ့ အစည်းအဝေးကြီးကို တောင်ငါးလုံးကာခို မြို့တော် ရာဇဂြိုဟ်ရဲ့ ဝေဠုဝန်ကျောင်းတိုက်ကြီးမှာ ကျင်းပခဲ့ပါတယ်။
ဤသံဃာ့အစည်းအဝေးကြီးမှာ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာမထေရ်မြတ်အား 'ပထမအဂ္ဂသာဝက' ရာထူးကို အပ်နှင်း ချီးမြှင့်တော်မူခဲ့ပါတယ်။ အရှင်မောဂ္ဂလာန် မထေရ်မြတ်ကိုတော့ 'ဒုတိယအဂ္ဂသာဝက' ရာထူး ပေးအပ်ချီးမြှင့်တော်မူခဲ့ ပါတယ်။
အဂ္ဂသာဝကကြီး (၂) ပါး ရွေးချယ်၍ ရာထူးခန့်အပ်ပြီး ထိုသံဃာ့အစည်းအဝေးကြီးမှာပင် ဘုရားအဆူဆူတို့ ချီးမြှောက်တော်မူမြဲဖြစ်သည့် ဩဝါဒပါတိမောက်ဒေသနာတော်ကို ချီးမြှောက်ပေးသနား ဟောကြားတော်မူခဲ့ပါသည်။
မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီးနောက်(၉)လတင်းတင်း ပြည့်မြောက်ခဲ့ပါပြီ။ ပထမအကြိမ် သံဃာ့အစည်းအဝေးကြီးကို ရာဇဂြိုဟ်ပြည်မွန် ဝေဠုဝန်မှာ ကျင်းပနေခဲ့ပါသည်။ ဝေပုလ္လတောင်၊ ဝေဘာရတောင်၊ ပဏ္ဍဝတောင်၊ ဣသိဂိလိတောင်၊ ဂိဇ္ဈကူဋတောင်ဟူသော တောင်ကြီးငါးလုံးတို့၏အလယ် မြို့တော်ရာဇဂြိုဟ်ဝယ် မဂဓပြည့်ရှင် ဘုရင်ဗိမ္ဗိသာရသည်လည်း သောတာပန်အရိယာ ဖြစ်ခဲ့လေပြီ။
ဝေဠုဝန်ဟူသော မင်းဥယျာဉ်သည်လည်း သာသနာ့ဥယျာဉ် ဖြစ်ခဲ့လေပြီ။ မင်းကြီးသည် သူ၏ ဥယျာဉ်ကျောင်းဝယ် ပထမသံဃာ့ အစည်းအဝေးကြီး ကျင်းပနေသည်ကို ကြည်နူးဝမ်းသာ ဖြစ်နေပါသည်။ ကိလေသာကင်း သန့်ရှင်းသော သံဃာ့အစည်းအဝေးကြီးဖြင့် ဝေဠုဝန်သည် ကျက်သရေရှိလှပါသည်။ သာသနာဝင်မှာ မှတ်တိုင်ကြီးတစ်ခု စိုက်ထူခဲ့ပါပြီ။
အဂ္ဂသာဝက ရွေးချယ်ပွဲကြီးကလည်း ဝေဠုဝန်ကို ဂုဏ်ကျက်သရေတက်စေခဲ့ပါတယ်။ ဝါးတောကြီး၏ စိမ်းစိမ်းစိုစို ညို့ညို့မှောင်မှောင် အရောင်များ၏ အတွင်းမှာ ရဟန္တာအရှင်သူမြတ် (၁၂၅၀) တို့၏ သင်္ကန်းတော်တို့မှ ထွက်လာသော ဝါဝင်းသော ရွှေရောင်ခြည်တို့က လွှမ်းမိုးလျှက် ရှိပါသည်။ တောင်တန်းကြီးများနှင့် သစ်တောကြီးများ၏ ခိုတောင်လိုလို ညိုမှောင်နေသည့် သဘာဝပေါ်ဝယ် မြူလည်းမဆိုင်း၊ မီးခိုးလည်းမဝိုင်း၊ ဆီးနှင်းလည်းမသိုင်းသည့်အတွက် အသူရိန်နှင့် တိမ်ကင်းစင်သည့် ပုဏ္ဏမီလစန်းက ဆွတ်ဖြန်းလိုက်သော ရောင်ခြည်တို့သည် ငွေရည်ဘော်ရည်များ သွန်းဖျန်းထားသကဲ့သို့ ဖွေးဖွေးဖြူလျှက် ရှိပါတော့သည်။
ဟိမဝန္တာမှ ပြေးလာသော အေးတမြမြရှိသည့် ဆောင်းနှောင်း၏ မြောက်လေပြေသည် ဝေဠုဝန်သံဃာ့အစည်းအဝေးကြီးကို ဦးခိုက်ကာ ရာဇဂြိုဟ်တောင်တန်းကြီးများဆီသို့ နှုတ်ဆက်ဝင်ရောက်သွားပါသည်။ ကြည်လင်နေသော ကောင်းကင်ပြာကြီးထဲဝယ် မိဂသီနှင့်ယှဉ်သော နက္ခတ်အပေါင်း ကြယ်တာရာအပေါင်းတို့က အရောင်တဖိတ်ဖိတ်ဖြင့် မြတ်ဗုဒ္ဓအား ပူဇော်နေကြပါသည်။ ဝေဠုဝန်ရှိ ကျေးငှက်တို့ တိတ်ဆိတ်ရိုသေစွာ နားစွင့်နေကြပါသည်။ အစဉ်တွန်ကျူးလေ့ရှိသော ရှဥ့်နက်ကြီးတို့လည်း ငြိမ်သက်စွာ မြတ်ဗုဒ္ဓ၏ ဩဝါဒကို နားစွင့်နေကြပါသည်။
၁၂၅၀ သော ရဟန္တာအရှင်မြတ်ကြီးများသည် မြတ်ဗုဒ္ဓဆီသို့ ဦးညွှတ်၍ နားစိုက်တော်မူနေကြပါသည်။ မြတ်ဗုဒ္ဓ၏ ကိုယ်တော်မှ ၆ သွယ်သော ရောင်ခြည်တော်တို့သည် တော၊ တောင်၊ ရေ၊ မြေ၊ နေ၊ လ၊ နက္ခတ်တာရာတို့ကို လွှမ်းမိုး၍ လူးလွန့်၊ မြူးကွန့်တက်လာကြပါသည်။ (၆) မျိုးသော ရောင်ခြည်တော်များသည် စကြာဝဠာအနှံ့ ပြန့်ပွား ပြေးသွားလေဘိသကဲ့သို့ မြတ်ဗုဒ္ဓဟောမြွက်သည့် ဩဝါဒပါတိမောက်ဒေသနာသည် အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော အသံတော်ဖြင့် အကနိဋ္ဌဗြဟ္မာ့ပြည်သို့တိုင်အောင် လျှံ၍ ညံ၍ တက်ခဲ့ပါပြီ။

ဩဝါဒပါတိမောက္ခဒေသနာ
သုံးဂါထာ
၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊
န ဟိ သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။
တိတိက္ခာ-တိတိက္ခာဟုဆိုအပ်သော၊ ခန္တီ-သူတစ်ပါးတို့ ပြစ်မှားစော်ကား စွပ်စွဲခြင်းနှင့် အချမ်းအပူစသည်ကို မျက်နှာမနွမ်း မညှိုးပန်းအောင် ခံနိုင်စွမ်းရှိခြင်းသည်၊ ပရမံ-မွန်မြတ်စွာသော၊ တပေါ-သူတော်ကောင်းတို့အကျင့်ပေတည်း။
နိဗ္ဗာနံ-တဏှာမှလွတ်မြောက်ရာ နိဗ္ဗာန်တရားကို၊ ပရမံ-အမြတ်ဆုံးဟူ၍၊ ဗုဒ္ဓါ-ဘုရားအဆူဆူတို့သည်၊ ဝဒန္တိ-ဟောတော်မူကုန်၏။
ပရူပဃာတီ-တစ်ပါးသော သတ္တဝါကို သတ်ဖြတ်လေ့ရှိသူသည်၊ ပဗ္ဗဇိတော-ရဟန်းသူမြတ်သည်၊ န ဟောတိ-မဖြစ်နိုင်ပေ။
ပရံ-သူတစ်ပါးကို၊ ဝိဟေဌယန္တော-ညှဉ်းဆဲ နှိပ်စက်သောသူသည်၊ သမဏော-ကိလေသာခပ်သိမ်းကို ငြိမ်းအေးစေတတ် ရဟန်းမြတ်သည်၊ န ဟောတိ-မဖြစ်နိုင်ပါပေ။
၂။ သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။
သဗ္ဗပါပဿ-အပြစ်ရှိငြား ခပ်သိမ်းသော မကောင်းမှုများကို၊ အကရဏံ-မပြု မလုပ်ရခြင်းလည်းကောင်း၊ ကုသလဿ-အပြစ်ကင်းငြား ကောင်းမှုများကို၊ ဥပသမ္ပဒါ-ပြည့်စုံအောင် စုဆောင်းရခြင်းလည်းကောင်း၊ သစိတ္တပရိယောဒပနံ-မိမိစိတ်ကို အညစ်အကြေးသုတ်သင် သန့်ရှင်းအောင် ပြုပြင်ရခြင်းလည်းကောင်း၊ ဧတံ-မကောင်းမှုကင်း ကောင်းမှုသွင်း၍ စိတ်ရင်းစင်ရိုး ဤသုံးမျိုးသည်၊ ဗုဒ္ဓါနံ-အဆူဆူသော ဘုရားရှင်တို့၏၊ သာသနံ-အဆုံးအမ ဩဝါဒပေတည်း။
၃။ အနူပဝါဒေါ အနူပဃာတော၊
ပါတိမောက္ခေ စ သံဝရော၊
မတ္တညုတာ စ ဘတ္တသ္မိံ၊
ပန္ထဉ္စသယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။
အနူပဝါဒေါ-သူတစ်ပါးတို့ကို မစွပ်စွဲရခြင်းလည်းကောင်း၊ အနူပဃာတော-သူတစ်ပါးတို့ကို မညှဉ်းဆဲ မနှိပ်စက်ရခြင်းလည်းကောင်း၊ ပါတိမောက္ခေ-ပါတိမောက္ခသံဝရသီလနှင့် ဣန္ဒြိယသံဝရသီလ (၂) ပါး၌၊ သံဝရော စ-ထိန်းသိမ်း စောင့်ရှောက်ရခြင်းလည်းကောင်း၊ ဘတ္တသ္မိံ-ဆွမ်းခဲဘွယ် ဘောဇဉ်၌၊ မတ္တညုတာ-ခံယူမှု သုံးဆောင်မှု ဤနှစ်ခုဝယ် အတိုင်းအရှည်ကို သိရခြင်းလည်းကောင်း။
ပန္ထဉ္စသယနာသနံ-လူနှင့်ဝေးကွာ အစွန်အဖျားကျရာ ဆိတ်ငြိမ်ရာကျောင်း၌ ကိန်းအောင်းမွေ့လျော်ရခြင်းလည်းကောင်း။
အဓိစိတ္တေ-သာမန်စိတ်ထက် လွန်ကဲသော သမာဓိစိတ်၌၊ အာယောဂေါ-အမြဲကြိုးကုတ် အားထုတ်ရခြင်းလည်းကောင်း၊ ဧတံ-ဤအကျင့်တရား ခြောက်ပါးသည်၊ ဗုဒ္ဓါနံ-ဆူဆူထွဋ်ထား မြတ်စွာဘုရားတို့၏၊ သာသနံ-လိုရင်းနှုံးပြ ထုံးအရဖြင့် သုံးကြပစေ ဆုံးမတော်မူချက်ပါပေသတည်း။ ဤ ဩဝါဒပါတိမောက်သုံးဂါထာကို သက်တော်ရှည် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်တို့သည် အသက်ထက်ဆုံး သံဃာအား ပြသဆုံးမတော်မူကြသည်။ သက်တော်တို မြတ်စွာဘုရားများမှာ ပထမဗောဓိဟူသော ဝါတော် (၂၀) အတွင်းမှာသာ ဟောပြောပြသ ဆုံးမတော်မူကြပါသည်။ ဝိပဿီ မြတ်စွာဘုရားသည် ဤဩဝါဒပါတိမောက်ကို (၇) နှစ် တစ်ကြိမ်၊ သိခီမြတ်စွာဘုရားသည် (၆) နှစ် တစ်ကြိမ်၊ ဝေဿဘူ မြတ်စွာဘုရားသည်လည်း (၆) နှစ် တစ်ကြိမ်၊ ကကုသန် မြတ်စွာဘုရားနှင့် ကောဏာဂုံ မြတ်စွာဘုရားတို့သည် တစ်နှစ်တစ်ကြိမ် ဩဝါဒပါတိမောက်ဖြင့် သံဃာအား ဩဝါဒပေး ဆုံးမတော်မူသည်။
ကဿပမြတ်စွာဘုရားသည် (၆) လတစ်ကြိမ် ပြသဆုံးမတော်မူသည်။ ဂေါတမ မြတ်စွာဘုရားကဲ့သို့သော သက်တော်တိုသည့် မြတ်စွာဘုရားတို့သည် (၁၅) ရက်တစ်ကြိမ် လပြည့် လကွယ်နေ့တိုင်း ပထမဗောဓိဟူသည့် ဝါတော် (၂၀) အတွင်းမှာ ဤဩဝါဒပါတိမောက်ဖြင့် သံဃာတော်များအား ဆုံးမတော်မူပါသည်။ ငါတို့၏ဆရာ ဂေါတမမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်
သည် ဝါတော် (၂၀) ဆိုသည့် ပထမဗောဓိအတွင်း၌သာ ဩဝါဒပါတိမောက်ဖြင့် ရဟန်းတို့အား ဆုံးမဩဝါဒပေးတော်မူသည်။
ဝါတော် (၂၀) နောက်ပိုင်း ဒုတိယဗောဓိသို့ ရောက်သောအခါ မိမိသည် မည်သည့် ပါတိမောက်ကိုမျှမပြတော့ဘဲ တပည့်ရဟန်းတို့ကိုသာ အာဏာပါတိမောက်ကိုသာ လခွဲတစ်ကြိမ် ပြသစေခဲ့ပါသည်။ ဤသည်ကား တပို့တွဲလပြည့်နေ့၏ ထူးခြားသော ဝိသေသလက္ခဏာနှစ်ရပ်နှင့် စပ်၍ မှတ်သားဖွယ်ကောင်းလှသော-
၁။ ပထမသံဃသန္နိပါတ အစည်းအဝေးကြီး၊
၂။ ဘုရားအဆူဆူ လက်မလွှတ်သည့် ဩဝါဒပါတိမောက်ဒေသနာတော်ဟူသည့် သာသနဝံသစာတမ်းပင် ဖြစ်ပါသတည်း။

သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

အဓိပတိဆရာတော်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်