Sunday, September 2, 2012

လောကကောင်းကျိုး သယ်ပိုးရာဝယ် ဒါနအကျိုးသိဘို့လိုမယ်

နောင်တော်---ရှာခိုင်းထားတဲ့ စာတွေပါပြီ (အံ-ဌ၊ ၃၊ ၂၁၃)မှာ
 အနုပုဗ္ဗိံ ကထန္တိ ဒါနာနန္တရံ သီလံ, သီလာနန္တရံ သဂ္ဂံ, သဂ္ဂါနန္တရံ မဂ္ဂန္တိ ဧဝံ အနုပဋိပါဋိကထံ။ တတ္ထ ဒါနကထန္တိ ဣဒံ ဒါနံ နာမ သုခါနံ နိဒါနံ, သမ္ပတ္တီနံ မူလံ, ဘောဂါနံ ပတိဋ္ဌာ, ဝိသမဂတဿ တာဏံ လေဏံ ဂတိ ပရာယဏံ, ဣဓလောကပရလောကေသု ဒါနသဒိသော အဝဿယော ပတိဋ္ဌာ အာရမ္မဏံ တာဏံ လေဏံ ဂတိ ပရာယဏံ နတ္ထိ။ ဣဒဉှိ အဝဿယဋ္ဌေန ရတနမယသီဟာသနသဒိသံ, ပတိဋ္ဌာနဋ္ဌေန မဟာပထဝီသဒိသံ, အာရမ္မဏဋ္ဌေန အာလမ္ဗနရဇ္ဇုသဒိသံ။ ဣ
ဒဉှိ ဒုက္ခနိတ္ထရဏဋ္ဌေန နာဝါ, သမဿာသနဋ္ဌေန သင်္ဂါမသူရော, ဘယပရိတ္တာဏဋ္ဌေန သုသင်္ခတနဂရံ, မစ္ဆေရမလာဒီဟိ အနုပလိတ္တဋ္ဌေန ပဒုမံ, တေသံ နိဒဟနဋ္ဌေန အဂ္ဂိ, ဒုရာသဒဋ္ဌေန အာသိဝိသော, အသန္တာသနဋ္ဌေန သီဟော, ဗလဝန္တဋ္ဌေန ဟတ္ထီ, အဘိမင်္ဂလသမ္မတဋ္ဌေန သေတဝသဘော, ခေမန္တဘူမိသမ္ပာပနဋ္ဌေန ဝလာဟကော အဿရာဇာ။
ဒီလိုရှိပါတယ်ဘုရား....(ဒီ၊ ဌ၊ ၂၊ ၆၃) (မ၊ဋ္ဌ၊၃၊ ၆၄။ ) တို့မှာရောပါ ကြည့်ရှုနိုင်ပါတယ်ဘုရား ....
မင်းကွန်းဆရာတော်ကြီးရဲ့ မဟာဗုဒ္ဓ၀င် ဒုတိယတွဲ နှာ ၅၀၅ မှာလည်း ကြည့်ရှုနိုင်ပါတယ် ဘုရား...နောင်ကြီး လိုရာဆန္ဒပြည့်ဝပါစေဘုရား....
ယခုကဲ့သို့ ခြင်္သေ့ ဆင် နွား မြင်း စသည်တို့နှင့်စပ်သော တရားတို့ကို နားကြားဖူးသည်မှာ ကြာပါပြီး သို့သော် ကျမ်းညွန်းအတိအကျမသိခဲ့ပါ။ ကိုယ်တိုင်း စာရေးသောအခါဝယ် အခက်ကြုံရပါသည်။  ကိုယ်တိုင်မရှာနိုင်သောကြောင့် မဟာဂန္ဓာရုံ( တောင်မြို့)မှ  ညီတော်ကိုရှာခိုင်းရပါသည်။
ထိုအရှင်ညွန်းကြားသည်အတိုင်း မင်းကွန်းဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင်မှ ဘာသာပြန်ကို (မိမိ၏ ညံ့ဖျင်းမူ၊ ပိဋကတ်စာပေ မကျွမ်းကျင်မူတို့ကို ဝန်ခံရင်ဖြင့်) မသိသေးသော ညီငယ် ညီမငယ် သုတဂဝေသီများအတွက် သုတပွားရန်အလို့ငှါလည်းကောင်း။
အများအကျိုး လောကအကျိုး ဘာသာ သာသနာအကျိုး သယ်ပိုးနေကြသော ဒါနရှင်များ ရွှင်လမ်းဝမ်းမြှောက်ပါစေခြင်းအကျိုးငှါလည်းကောင်း  အရိုးခံစိတ်ထားဖြင့် တင်ပြလိုက်ပါသည်။

(((((((((((ဒါနကောင်းမှုဟူသည် မျက်မှောက်ဘဝချမ်းသာ၊ တမလွန်ဘဝချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတို့၏ အကြောင်းဖြစ်၏။
လူ့စည်းစိမ် နတ်စည်းစိမ်အစရှိသော စည်းစိမ်အမျိုးမျိုးတို့၏ အကြောင်းရင်းဖြစ်၏။
အသုံးအဆောင်ဖြစ်သော အာရုံဝတ္ထုများ ထိုဝတ္ထုများကို သုံးဆောင်၍ ဖြစ်သော ချမ်းသာမှုများ၏ တည်ရာလည်းဖြစ်၏။ 
ဗျသနဘေးရောက်ဆိုက်သော သတ္တဝါများအဖို့ အစောင့်အရှောက်ကောင်းလည်းဖြစ်၏။
ပုန်းအောင်းရာ လာရာ လည်းလျောင်းရာ လည်းဖြစ်၏။
ပစ္စုပ္ပန်ဘဝ တမလွန်ဘဝတို့၌ ဒါနနှင့်တူသော မှီရာ တည်ရာ စွဲတွဲရာ အစောင့်အရှောက်ကောင်း ပုံးအောင်းရာ လားရာ လည်းလျောင်းရာ ဟူ၍ မရှိချေ။
မှန်၏ ဒါနကောင်းမူသည် မှီရာဖြစ်သောကြောင့် ရတနာခြယ်စီသော သီဟာသန ပလ္လင်နှင့် တူ၏။
ဆွဲတွဲရာဖြစ်သောကြောင့် မျက်မမြင်သူကန်းတို့၏ ဆွဲလှမ်းအားပြုရာ ကြိုးနှင့်လည်း တူ၏။
ဆက်ဦးအံ ဒါနကောင်းမူသည် အပ္ပါယ်ဘူမိ ဒုဂ္ဂတိဆင်းရဲမှ ကူးမြောက်ကြောင်းဖြစ်သောကြောင့် သင်္ဘောလှေနှင့်တူ၏။
လောဘ မစ္ဆရိယ အစရှိသော တဖက်ရန်သူ ဘေးမှ ကင်းရှင်းသက်သာစေတတ်သောကြောင့် စစ်မြေပြင်အရပ်၌ တပ်မူး သူရဲကောင်းသဖွယ်လည်း ဖြစ်၏။
ဆင်းရဲမွဲတေခြင်းဘေးမှ ကင်းဝေးအောင်စောင့်ရှောက်တတ်သောကြောင့် ခိုင်ခန့်စွာ ပြုပြင်စီရင် မွမ်းမံအပ်သော မြို့ကြီးသဖွယ်လည်းဖြစ်၏။
မနာလိုခြင်း ဣဿာ ဝန်တိုခြင်း မစ္ဆရိယ အစရှိသော အကုသိုလ်အညစ်အကြေးတို့ မလိမ်းထေး မကပ်ငြိအပ်သောကြောင့် ပဒုမ္မာကြာပန်းသဖွယ်လည်းဖြစ်၏။
ထို ဣဿာ မစ္ဆရိယ စသော အကုသိုလ် အမှိုက်သရိုက်တို့ကို ဖုတ်မြိုက်လောင်ကျွမ်းစေတတ်သောကြောင့် မီးသဖွယ်လည်းဖြစ်၏။
ထိုအကုသိုလ်ရန်သူတို့ ချည်းကပ်နိုင်ခဲ့သောကြောင့် အဆိပ်လျင်သော မြွေသဖွယ်လည်းဖြစ်၏။
ထိတ်လန့်ကြောက်ရွံ့ခြင်းကင်းစေတတ်သောကြောင့် ခြင်္သေ့မင်းသဖွယ်လည်းဖြစ်၏။
(အလှူရှင်ဒါယကာသည် ယခုဘဝမှာလည်း တစ်စုံတစ်ခုသော ရန်သူမှ မထိတ်လန့်ရပေ၊ တမလွန်မာမူကား ဆိုဖွယ်ရာ မရှိပြီ)
အင်းအားကြီးမားသောကြောင့် ဆင်ပြောင်ကြီးသဖွယ်ဖြစ်၏။ (အလှူရှင်ဒါယကာသည် ယခုဘဝမှာလည်း အပင်းအသင်းအားကောင်းကာ တမလွန်ဘဝမှာလည်း ကိုယ်အား ညာဏ်အားစသည်တို့ အလွန်အားကြီးသူဖြစ်၏)
ပစ္စုပ္ပန်တမလွန်ဘဝနှစ်တန်၌ အလွန်အကြူး အထူးကြီးပွားကြောင်း ကောင်းမြတ်သော မင်္ဂလာဟု ပညာရှိသူတော်ကောင်းတို့ အသိအမှတ်ပြုအပ်သောကြောင့် ဖြူစင်သော နွားလား ဥဿဘသဖွယ်လည်းဖြစ်၏။
ဝိပတ္တိလေးမျိုး ဆင်းရဲသောမြေဆိုးမှ လွတ်မြောက်ခါ သမ္ပတ္တိလေးမျိုး ဘေးကင်းရာမြေကောင်းသို့ ရောက်စေတတ်သောကြောင့် ပို့ဆောင်တတ်သောကြောင့် ဝလာဟက သိန္ဓောမြင်းမင်းသဖွယ်လည်းဖြစ်၏။
ဤဒါနကောင်းမူသည် ငါဘုရားသွားခဲ့သော လမ်းကောင်း လမ်းကြောင်း လမ်းမှန်လည်းဖြစ်၏။
ငါဘုရား၏ အဆက်အနွယ်လည်းဖြစ်၏။
ငါဘုရားသည် ပါရမီကောင်းမူ ကုသိုလ်တို့ကိုဖြည့်ကျင့်စဉ် ဝေလာမအလှူကြီး၊ မဟာဂေါဝိန္ဒအလှူကြီး၊ မဟာသုဒဿနအလှူကြီး၊ ဝေဿန္တရ အလှူကြီး၊ အစရှိသော အလှူကြိးပေါင်းများစွာတို့ကို ဖြစ်စေအပ် (လှူဒါန်းအပ်) ခဲ့ကုန်ပြီး။
ယုန်သူတော်ကောင်း ဗောဓိလောင်းဖြစ်စဉ် ငါဘုရားသည် အလျှံမစဲ မီးပုံကြီးထဲ၌ မိမိကိုယ်ကိုယ် စွန့်လှူခါ အလှူခံပုဂ္ဂိုလ်တို့စိတ်ကို အရပိုင်ပိုင် ငါချိုင်၍ ယူအပ်ခဲ့လေပြီ။
(အလှူခံပုဏ္ဏားသိကြားမင်း၏ စိတ်သည် အာရုံတစ်ပါးသို့ မသွားရောက်တော့ဘဲ အလောင်းတော်ယုံပညာရှိ၏ အလှူရဲရင့်ပုံကိုသာ ထပ်တလဲလဲ အာရုံပြု၍ ဖြစ်ရှိနေသည် ထိုသို့ဖြစ်နေသည်ကိုပင်၊ အလှူခံပုဂ္ဂိုလ်တို့စိတ်ကို အရပိုင်ပိုင် ငါချိုင်ယူအပ်ခဲ့လေပြီး။) ဟု ယဉ်ကျေးစွာ ဝင်္ကဝုတ္တိအင်္လာနည်းဖြင့် ဟောကြားခြင်းဖြစ်သည်။ 
ဤ၌ (မိမိကိုယ်ကိုစွန်လှူကာ ဟူသောစကားရပ်ဖြင့် ဤဒါန၏အကျိုးကို ကောင်းကောင်းကြီးသိမြင်တော်မူသောကြောင့် အလောင်းတော်ကြီးများသည် မိမိ၏ အသက်ကိုပင်သော်လည်း စွန့်လှူတော်မူကြကုန်၏။ သို့ရကား အဘယ်မည်သော ပညာရှင်သည် အပြင်အပ ဗာဟိရဝတ္ထု၌ ငြိတွယ်မူကို ပြုသင့်ပေအံနည်း၊ မပြုသင့်သည်သာတည်း ဟူ၍ သြဝါဒကို ပေးတော်မူ၏) ဆက်ဦးအံ = ဒါနကောင်းမူသည် လောကီဘက်၌ သိကြားမင်းစည်းစိမ်၊ မာရ်နတ်မင်းစည်းစိမ်၊ ဗြဟ္မာမင်းစည်းစိမ်၊ စင်္ကြာမင်းစည်းစိမ် တို့ကို ပေးစွမ်းနိုင်၏။
လောကုတ္တရာဘက်၌လည်း သာဝက ဗောဓိညာဏ်၊ ပစ္စေက ဗောဓိညာဏ်၊ သမ္မာသဗ္ဗောဓိညာဏ်တို့ကိုပေးစွမ်းနိုင်၏။
ဤသို့ အစရှိသည်ဖြင့် ယဿသူဌေးသားအား ဒါနနှင့်စပ်သော တရားစကားကို ဟောကြားတော်မူ၏။))))))))



သီတဂူစမ်းလပမာ ချမ်းမြသာယာရှိကြပါစေ
ကိုရင်အာယု

ခေတ္တ ကုလားပြည်