Friday, June 29, 2012

မန္တလေးသီတဂူ ကျောင်းဖွင့်ပွဲ ၂၀၁၂/၁၃ ပညာသင်နှစ်


 သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော်ကြီးနှင့် သီတဂူပုညာသဟာအဖွဲ့ ကျောင်းအမများ

မန်းသီတဂူကျောင်းဖွင့်ပွဲနှင့် ဒီပလိုမာကျောင်းသားများ အောင်လက်မှတ်ပေးပွဲ

၁၀၁၂ ၁၀၁၃ ပညာသင်နှစ် ကျောင်းသားသစ် လက်ခံကြိုဆိုပွဲ။

၃၀. ၆. ၂၀၁၂


ကုသိုလ်ရေးမို့ ကြိုးစားပါ၊ လူဖြစ်ရတာ၊ အမြတ်ပါပဲ



လူနှင့်ကုသိုလ် ကုသိုလ်နှင့်လူ ခွဲခြားလိုမရ ဟူသည့် ဆရာတော်ဘုရားကြီးများ၏ ဆုံးမသြဝါဒနှင့် အညီ
အစမထင် သံသရာခရီးဝယ် အထက်တန်းကျကျ မျက်နာပန်းလှလှ သွားလာဖို့ရန်အတွက် မိမိတို့ကိုယ်ဝယ် ကုသိုလ်တရားတို့ဖြင့် ထုံမွန်းပါစေခြင်းအကျိုးငှါ၊ မန်းသီတဂူ ကျောင်းအမကြီးဦးစီးသော ပုညသဟာယ အဖွဲ့သူ အဖွဲ့သားများသည် အပါတ်စဉ်သောကြာနေ့တိုင်း မန်းသီတဂူမှ  ပရိယတ္တိဝန်ဆောင် စာချစာသင် ရဟန်း သီလရှင်အပေါင်းတို့အား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထုတို့ဖြင့် ပြုစုလုပ်ကြွေးကြမည်ဟု အဓိဋ္ဌာန်ပြုကြသည်။

ငါတို့ဖြစ်ရ ဤလောကဝယ်

ဘဝသမိုင်း မရိုင်းစေရန်

စိတ်မာန် မချ

မာန မပါ

တို့စွမ်းရာဖြင့်

ဒို့သာသနာ

 ဒို့ပြည်ရွာကို

သာယာစေမှု လုံးလပြုအံ။ -----

Thursday, June 28, 2012

မန်းသီတဂူမှ ဖိတ်ခေါ်မယ်၊ သုတ ပွားဖို့လာခဲ့ကွယ်။


 
 စာချဆရာတော် ဒေါက်တာပညောဘာသမှ ဘီအေကျောင်းသားများအား သံဃာဂိုဏ်းကြီးများ နိုင်ယှဉ်လေ့လာချက်ခေါင်းစဉ်အောက်ဝယ်
တိဗက်တန်ဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ စာတမ်းကို  သင်ကြားပို့ချနေစဉ်။

 စာချဆရာတော် အရှင်ကောဝိဒ (B A) မှ ဒီပလိုမာ ကျောင်းသား ကျောင်းသူများအား အင်္ဂလိပ်စာ ဘာသာရပ်ကို   ပို့ချနေစဉ်။



စာချဆရာတော် အရှင်ဓမ္မာစာရ (M A) မှ ဒီပလိုမာ ကျောင်းသားများအား သုတ္တန်ဘာသာရပ်ကို  အားပါးတရ ပို့ချနေစဉ်။



 စာချဆရာတော် အရှင်အဂ္ဂဉာဏ (M A) မှ ဒီပလိုမာ ကျောင်းသားများအား ဘုရားဥပဒေတော်ကြီးကို အသေးစိတ် ရှင်းပြပို့ချနေစဉ်။


                                                                               ကိုရင်အာယု (မန်းသီတဂူ)

Wednesday, June 27, 2012

မြင်ဆဲခဏ သိလိုက်ကြ၊ သိဆဲခဏ၊ ရပ်လိုက်ကြ

၁။
မျက်စေ့က ရုပ်ကိုမြင်၊ ထိုအမြင် မမှား။
ရုပ် ရုပ်ချင်း တွေ့မြင်၊ ထိုအမြင် မမှား။
ရုပ် ဆိုတာ တကယ်မှတ်၊ ပရမတ္ထတရား။

၂။
မြင်ပြန်တော့ အသိဝင်၊ အသိတွင် သတိထား။
သိတာက စိတ်အစဉ်၊ နာမ် လို့ပင် မှတ်ထား။
နာမ် ဆိုတာ တကယ်မှတ်၊ ပရမတ္ထတရား။

၃။
မျက်စေ့ရှိလို့ အဆင်းကိုမြင်၊ ရုပ်လိုပင်မှတ်သား။
ရုပ် ရုပ်ချင်း တွေ့မြင် ထိုအမြင် မှတ်သား။
ရုပ်ကိုမြင်.... မြင်မှန်းသိ၊ မြင်သိစိတ်ပွား။

၎။
အဆင်း ကို မြင်လျှင်၊ မြင်ဆဲတွင် ရပ်။
မြင်သိ မှုပေါ်လျှင်၊ ပေါ်ဆဲတွင် ဖြတ်။
မြင်သိချိန် သင်မရပ်၊ ပညတ်တွေ ကပ်။

၅။
ပညတ်တွေ သဏ္ဍာန်လုပ်တော့။
နာမ်ရုပ်တွေ အဖုံဖုံ၊ စွဲမှတ် အာရုံ။
အမျိုးမျိုးရုပ်စုံ၊ ထင်မှတ်ပုံထွေပြား။
အထင်ကို အမှတ်မှားတာ၊ အဝိဇ္ဇာတရား။

၆။
မြင်သိချိန် သင်ရပ်က၊
ထင်မှတ်မှု ပေါ်မလာ၊ ပညတ်မပါ။
ရုပ်သက်သက် နာမ်ခန္ဓာ၊ သင်္ခါရာ မလှည့်။
ပဋိစ္စသမုပ္ပါ၊ အဝိဇ္ဖာမဖွဲ့။
သံသရာ ကျယ်မချဲ့ ပြတ်တော့သည်ကွဲ့။

(ဒိဋ္ဌေဒိဋ္ဌမတ္တံ၊ သုတေသုတမတ္တံ၊ မုတေမုတမတ္တံ၊ ဝိဉာတေ ဝိဉာတမတ္တံနည်းဖြင့် ခန္ဓာဉာဏ်ရောက် အလင်းပေါက်ကြပါစေ။)
                                                                       ကြည်အောင် (ကေတုမတီ)


Sunday, June 24, 2012

မင်းသီဟမုန့်တိုက် ဆွမ်းအလှူ

၂၄ ရက်၊ ၆ လ၊ ၂၀၁၂ခု၊ တနင်္ဂနွေနေ့၊ သီတဂူဗုဒ္ဓတက္ကသိုလ် စာချစာသင် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူကြကုန်သော ရဟန်းတော်များ သီလရှင်ဆရာလေးများအား မင်းသီဟမုန့်တိုက် မိသားစုများမှ နေ့ဆွမ်းကပ်လှူဒါန်းကြပါသည်။ မိမိတို့ကုသိုလ်ကောင်းမူများကို အစဉ်ထာဝရ သတိရလျက်  ကျန်းကျန်းမာမာ ချမ်းချမ်း သာသာ ဖြင့် ကောင်းမှုကုသိုလ် ကိုယ်ပိုင်တရားများ ကြိုးစားအားထုပ်နိုင်လွယ်ပါစေခြင်း အကျိုးငှါ မှတ်တမ်းတင် ဖော်ပြလိုက်ရပေသည်။

                                                                      ကိုရင်အာယု (မန်းသီတဂူ)

မောရိယ ဆွမ်းအလှူ

၂၃ ရက်၊ ၆ လ၊ ၂၀၁၂ခု စနေနေ့၊  သီတဂူဗုဒ္ဓတက္ကသိုလ် ပရိယတ္တိဝန်ဆောင် စာချ စာသင် ရဟန်းတော်များ သီလရှင်များအား   မောရိယဆေးတိုက် မိသားစုများမှ ဆွမ်းခဲဖွယ်ဘောဇဉ်တို့ဖြင့် ပြုစုလုပ်ကြွေးကြပါသည်။ 

သာဓုအနုမောဒနာပြုနိုင်ရန်နှင့် မိမိတို့ကုသိုလ်ကောင်းမှုကို အစဉ်ထာဝရ သတိရလျက် ကုသိုလ်တရားများ ထပ်ဆင့်ပွားပါစေခြင်းအကျိုးငှါ  မှတ်တမ်းတင်အပ်ပါသည်။
                                                               ကိုရင်အာယု (မန်းသီတဂူ)

သီတဂူပုညသဟာယ အဖွဲ့ ဆွမ်းအလှူ

၂၂ ရက် ၆ လ ၂၀၁၂ သောကြာနေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) စာချ စာသင် ရဟန်းတော် သီလရှင်တို့အား မန္တလေးသီတဂူ ကျောင်းအမကြီး ဒေါ်ညွန့်ညွန့်အေး ဦးဆောင်သော သီတဂူ ပညသဟာယအဖွဲ့    ဦးရဲမြင့်+ ဒေါ်လေးလေး မိသားစုတို့မှ နေ့ဆွမ်းဆပ်ကပ်ကြပါသည်။ သာဓုအနုမောဒနာ ဝမ်းမြောက်ကြည်ညိုနိုင်ရန်တင်ပြလိုက်ပါသည်။

                                                                      ကိုရင်အာယု (မန်းသီတဂူ)

စိန်ပန်းပွင့်တို့နှင့်အတူ


မန်းတောင်ပေါ်ဝယ် စိန်ပန်းပွင့်တို့ ဝေဆာဖူးပွင့်ကြလေပြီဆိုရင်ဖြင့် မန်းသီတဂူ ကျောင်းတော်ကြီးသည်လည်း နွေရာသီကျောင်းနှစ်လပိတ် အိပ်စက်အနားယူရာမှ ပြန်လည်းနိုးထ ကျောင်းဖွင့်ကြပြန်လေပြီး။
သို့ပါသောကြောင့် မန်းသီတဂူကျောင်းဖွင့်ချိန်နှင့် စိန်ပန်းပွင့်တို့သည် ခွဲခြားလို့မရ တစ်ချိန်တည် တစ်ပြိုင်တည်း လောကဓံနွေလှိုင်းများကို အံတု စိန်ခေါ်ရင် လောကကို အလှဆင်ဖို့ရန် ရုန်းကန် နိုးထကြလေပြီ။ စိန်ပန်းတွေပွင့်လေတိုင်း  မန်းသီတဂူကျောင်းတော်ကြီးသည်လည်း ကမ္ဘာကုန်ကျယ်သရွှေ့ ဖွင့်မြဲမပျက် ဆက်ဆက် တည်ရှိနေပေဦးတော့မည်။
စိန်ပန်းပွင့်တို့နှင့်အတူ မန္တလေးသီတဂူကမ္ဘာဗုဒ္ဓတက္ကသိုလ်ကြီး၏ ၂၀၁၂၊ ၂၀၁၃ ပညာသင်နှစ်ကိုလည်း ၂၀ ရက်၊ ၆ လ၊ ၂၀၁၂ခုနှစ်မှ စတင်ပြီး ကျေးဇူးတော်ရှင် သီတဂူ ဆရာတော်ဘုရားကြီးနှင့် ပါမောက္ခချုပ် ဆရာတော်၊ မော်ကွန်းထိန်းဆရာတော်တို့၏ ဆုံးမသြဝါဒအောက်ဝယ် ကျောင်းအုပ်ဆရာတော် ဒေါက်တာဝေဠုရိယ၊ နှင့် ကထိကဘုန်းတော်ကြီးများဖြစ်ကြသော ဒေါက်တာပညောဘာသ၊ ဒေါက်တာ ကုဏ္ဍလ၊ အရှင်ကာရုည (MA)၊ အရှင်တိလောက (MA)၊ အရှင်အဂ္ဂဉာဏ (MA)၊ အရှင်ဓမ္မာစာရ ((MA) အရှင်ကောဝိဒ (BA) စသောရဟန်းတော်များမှ  ဖွင့်လစ်သင်ကြားနေပါပြီ။
                                                                                 ကိုရင်အာယု (မန်းသီတဂူ)

Sunday, June 17, 2012

အ သုံးလုံးကြေဖို့လိုတယ်

ဒကာ ဒကာမတွေ အ သုံးလုံးကြေဖို့ လိုတယ်နော်။

အ သုံးလုံးကြေဖို့ဆိုတာ အလောဘ အဒေါသ အမောဟဖြစ်ဖို့ကိုပြောတာ။
လောဘက ရှိတာကို မပေးချင်းဘဲ တွန့်တို့တယ်။
လူတစ်ယောက် ထမင်းဆာနေတယ်၊ ပိုက်ဆံလည်း အပြည့်ပါတယ်။ စားစရာ ရောင်းတဲ့ ဆိုင်လည်းရှိတယ်။
ဒါပေမယ့် သူဝယ်မစားဘဲ အငတ်ခံနေခဲ့တယ်။ အဲဒါ လောဘပဲ။ ဟိုဟာလေးကောင်းလိုက်တာ ဒီဟာလေး ကောင်းလိုက်တာ ဆိုရင်လည်း လောဘပဲ။ 
လောဘကို တဒင်္ဂပယ်ဖြတ်နိုင်ရင် အလောဘပေါ့။
လှူကြ တန်းကြ ပေးကြ ကမ်းကြနဲ့ ဒါနဟာ အလောဘ။
ကိုယ်နှိုက်မယ့် ဟင်ခွက် သူများဦးသွားတော့ မကျေနပ်ဘူးမဟုတ်လား၊ အဲဒါ ဒေါသပဲ။
လိုချင်တာမရလို့ မကျေနပ်တာ ဒေါသ။
ငါမှ ချမ်းသာတယ်၊ ငါ့မှာ ဂုဏ်ရှိတယ်လို့ လက်မ ထောင်နေကြတာလည်း ဒေါသပဲ။
ဒေါသကို အချိန်မီ မငြိမ်းနိုင်ရင် ကိုယ့်ကိုယ်ကို မီးလောင်သလို လောင်ကျွမ်းစေတယ်။
ဒေါသကို အ တစ်လုံးထည့်ပြီး ငြိမ်းရမယ်။
အဒေါသ ဖြစ်အောင် မေတ္တာပွားကြရမယ်။
သီလ ဆောက်တည်ထားရင်က မေတ္တာစိတ်တွေ ဖြစ်နေကြတော့ ဒေါသလည်းမရှိသလောက် ပါးနေတယ် ဆိုနိုင်တယ်။ ဒေါသမဖြစ်ရင် အဒေါသ၊ ဒုတိယ အ တစ်လုံးကြေသွားပြီး။
လောဘဖြစ်မှန်း ဒေါသဖြစ်မှန်း မသိတာ မောဟ။
နောက်ဆုံး အ တစ်လုံးက ဉာဏ်နဲ့ သတိနဲ့ ယှဉ်နေတယ်။
တွေဝေမိုက်မှားခြင်းမရှိ၊ အကောင်းအဆိုးနဲ့ ဖြစ်ပျက်သမျှ သိနေအောင် တရားဘာဝနာ ရှုပွားမှတ်သားနေခြင်းဟာ အ မောဟပါပဲ။
ဒါဆို အ သုံးလုံးကြေသွားပြီး။။
                                                              ရွှေဥမင်ဆရာတော်

ရွှေဥမင်းဆရာတော်ကြီး၏ ဆုံးမသြဝါဒများ(၃)

တီဗီဝေဒနာ

တစ်နေကုန် စွားပွားရှာ အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တဲ့အခါ တီဗီရှေ့မှာ အပမ်းဖြေကြတယ်။ တကယ်ကော အပမ်းပြေကြရဲ့လား။
တီဗီထဲမှာ ဂြိုဟ်တုတွေ ဒုံးပျံတွေ ပြတယ်နော်။ အဲဒီ ဂြိုဟ်တုတွေက ဒုံးပျံတွေက နိဗ္ဗာန်ရောက်အောင် ပို့နိုင်ပါ့မလား။
တီဗီကြည့်တယ်ဆိုတာ အာရုံပြောင်းတာပဲ။ အာရုံခံစားမူက မလွတ်ဘူး။ ဝေဒနာကို နောက်ဝေဒနာတစ်ခုနဲ့ အစားထိုးလိုက်တာပဲ။
လောဘ ဒေါသ မောဟတွေ လျော့မသွားဘဲ ဆက်ပွားတာပဲပေါ့။
ရောဂါဝေဒနာ ပြင်းထန်နေတဲ့ လူမမာကို အိပ်ဆေးထိုးလိုက်တာနဲ့ အတူတူဘဲ။ အိပ်တုန်းခဏ သက်သာသလိုလိုရှိတယ်။ စင်စစ်ကတော့ မသိလို့ဘဲ။ ဝေဒနာကတော့ သူ့ဟာသူ ဆက်ဖြစ်နေတယ်။ နိုးလာတော့ ဝေဒနာ ဆက်ခံစားရတာပဲ။

ဘုရားသားစစ် ရွှေရင်နှစ်

တပ်မက်မဆုံး
လောဘတုံး
ချေမှုန်းနိုင်ပေ မဂ်ဉာဏ်ပေ။
ပြစ်များမဆုံး
ဒေါသတုံး
ချေမှုန်းနိုင်ပေ မဂ်ဉာဏ်ပေ။
ဘုရားသားစစ်
ရွှေရင်နှစ်ဟု
ဖြစ်ရှိနိုင်ပေ မဂ်ဉာဏ်ပေ။

ခြေတစ်လှမ်း သန်းပေါင်းကုဋေ

ခြေတစ်လှမ်း ကုဋေတစ်သန်းတန်တယ်ဆိုတာ ဘယ်ကမလဲ။
နေ့တိုင်း လျှောက်နေကြတာ ကုဋေသန်းပေါင်းတွေ မနည်းတော့ဘူး။
တရားနှလုံးမသွင်း သတိလက်လွတ်ဖြစ်တိုင်း ကုဋေတစ်သန်းမကတန်တဲ့ ဉာဏ်ကုသိုလ်တွေ ဆုံးရှံးသွားရပြီ။

ပိုက်ဆံအိတ်

ငွေလေးတစ်ထောင် တစ်သောင်းပါတဲ့ ပိုက်ဆံအိတ် ကျပျေက်တော့ ငိုလိုက်ကြတာ နှမြောလိုက်ကြတာ၊ ရှာလိုက်ရတာ အမော။
ကုဋေသန်းပေါင်းမျာစွာ ကုသိုလ်တွေ ပျောက်ဆုံးကုန်တော့ ငိုရမှန်း၊ နှမြောရမှန်း မသိကြပါလား။

နိဗ္ဗာန်ဉာဏ်နဲ့သွား

သတိပဋ္ဌာန်တရား အားထုတ်တာဟာ ဉာဏ်ကုသိုလ် အလုပ်လုပ်တာပဲ။
ကံ ကုသိုလ်ဟာ (၃၁) ဘုံ ချမ်းသာပဲ ပေးနိုင်တယ်။
ဉာဏ်ကုသိုလ်ကြီးကတော့ မနှိုင်းဆနိုင်တဲ့ အကျိုးထူး နိဗ္ဗာန်ချမ်းသာကြီး ရစေတယ်။

တဒင်္ဂနဲ့ ထာဝရ

ကုသိုလ်လုပ်တဲ့အတွက် လောဘမီး ဒေါသမီး အခိုက်အတန့် ငြိမ်းတယ်။
ကြာကြာငြိမ်းချင်ရင်တော့ သတိနဲ့နေကြ။

သတိတစ်လုံး အဆုံးနိဗ္ဗာန်

စားတိုင်း သောက်တိုင်း ဝါးတိုင်း မြိုတိုင်း သွားတိုင်း လာတိုင်း အသိနဲ့ ပညာနဲ့ သတိသမ္ပဇာဉ်ဉာဏ်ယှဉ်ပြီး လုပ်ဆောင်တဲ့အတွက် သမာဓိတွေတိုးတက်လာတယ်။
ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်အထိ ရောက်သွားတယ်။

လေဖြတ်တာ ဝမ်းသာ

ရုပ်ခန္ဓာရှိနေမှ ရောဂါ ဝေဒနာဆိုတာလည်း ရှိနေမှာပဲ။
ခု- ဒကာမကြီး လေဖြတ်ထားတယ်ဆိုတယ်ဆိုပေမယ့် စိတ်မဆင်းရဲပါနဲ့။
ဒီရောဂါရထားတာကိုပဲ အမြတ်ထုတ်တတ်ရင် အမြတ်ရပါတယ်။
ဟိုးသွား ဒီသွား လမ်းများနေရင် အကုသိုလ်များတာပဲ။
မမြင်အပ်တာတွေ မြင်၊ မပြောသင့်တာတွေ ပြောနဲ့။
ဟော- ခုတော့ အေးအေးဆေးဆေး အိပ်ရာထဲလှဲနေရင်းက အချိန်ပြည့် တရားရှုမှတ်နေလို့ ရတာပေါ့။
ဒီတော့ -- ခုလို ရောဂါရတာဟာ တရားအားထုတ်ခွင့် ပိုရပါကလားဆိုပြီး နှလုံးသွင်းမှန်မှန်နဲ့ နှလုံးသွင်းပြီး  ကျေးဇူးတင်ရမယ်၊ ဝမ်းသာရမယ်။




Thursday, June 14, 2012

ရွှေဥမင်ဆရာတော်ကြီး၏ ဆုံးမသြဝါဒများ (၂)

ကံ နဲ့ ဉာဏ်

အို နာ သေ ကွဲ ရှောင်မလွဲ၊
ကံပဲ သင့်ကို စီမံသည်၊
ဉာဏ်ပဲလွတ်မြောက်စေနိုင်မည်။

စကားကြီးသုံးခွန်း

မြစ်ကြီးလည်း မခန်းပါစေနဲ့၊
သစ်ပင်ကြီးလည်း မလဲပါစေနဲ့၊
ထုံးအိုးကြီးလည်း မကွဲပါစေနဲ့၊

"မြစ်ကြီးလည်း မခန်းပါစေနဲ့" ဆိုတာ အေးမြတဲ့ စမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင်စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီးကို ဆိုလိုတာလေ။ လူလူချင်း မေတ္တာထားကြ၊ မေတ္တာတရားတွေ ပွားများကြ။ လူလူချင်း မေတ္တာတွေ မခန်းကြစေနဲ့ ဆိုတဲ့အဓိပ္ပါယ်ပဲ။

"သစ်ပင်ကြီးလည်း မလဲပါစေနဲ့"  တဲ့၊ သစ်ပင်ကြီးဟာ အခက်အလက် အရွက်တွေ ဝေဝေဆာဆာနဲ့ အရိပ်အာဝါသကို ပေးတယ်။ ထို့အတူပဲ...... ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့ အရိပ်အာဝါသကောင်းကို ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို ရတယ်။
ဒီအရိပ်အာဝါသတွေကို အမိအရ ခိုလှုံဖို့လိုသလို အရိပ်အာဝါသတွေကို မဖျက်ဆီးမိဖို့၊ ကျေးဇူးမကန်းမိဖို့ သတိထားရလိမ့်မယ်။ သစ်ပင်ကြီးကို ခုတ်လှဲပြစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာ ရောက်တာပဲ။
ဒါကြောင့် သစ်ပင်ကြီးမလဲအောင် ကြိုးစားထိန်းသိမ်းကြ။

"ထုံးအိုးကြီး မကွဲပါစေနဲ့" ဆိုတာကတော့ ရိုးရာ ဓလေ့ထုံးစံတွေကို ပြောတာပါ။
မိဘဘိုးဘွားလက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကောင်းတွေ မပျောက်ပျက်ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ။။

ရန်သူလား မိတ်ဆွေလား

ကုသိုလ်ကောင်းမှုတွေကို မမေ့တဲ့အတွက် ကိုယ်ဟာ ကိုယ့်မိတ်ဆွေ ဖြစ်သွားကြရပြီ။
မကောင်းမှု လုပ်တဲ့လူတွေအဖို့တော့ ကိုယ့်ကိုယ်ဟာ ကိုယ့်ရန်သူပဲ။
ရန်သူက ဒုက္ခပေးတယ်။
မိတ်ဆွေက ကူညီတယ်။
မိတ်ဆွေမဟုတ်ဘဲ ရန်သူဖြစ်နေရင် ဘယ်ကောင်းတော့မလဲနော်။
နှစ်သစ်
နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင် ခေါင်းလျှော်ကြ အဝတ်လျှော်ကြ လုပ်ကြတယ်။
စိတ်ကိုကော ဖြူစင်အောင် လျှော်ဖွပ်ကြရဲ့လား။
စိတ်သန့်ရှင်းဖို့က လူသန့်ရှင်းဖို့ထက် အရေးကြီးတယ်နော်။
ကိလေသာ အညစ်အကြေးတွေကို အမြဲ လျှော်ဖွပ်နေမှ စိတ်သန်းရှင်း ဖြူစင်တယ်။

သတိ နဲ့ အချစ်

သတိနဲ့နေခြင်းဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံး ပုဂ္ဂိုလ်ဖြစ်တယ်။
 ကိုယ့်ကိုယ်ကို ချစ်ရင် အသိနဲ့ သတိ ကပ်ပြီးနေရမယ်။

အမှတ်မဲ့ အမှုရောက်

အမှတ်မဲ့ရင်တော့ အမှုရောက်ပြီးသားပဲ။
အမှတ်မဲ့ဆိုရင် မောဟဆိုတဲ့ မသိမလိမ္မာ မိုက်မဲမှုအပြစ်ရောက်တယ်။
ဒါကြောင့်
"သတိကင်းကွာ ရက်တစ်ရာ နေတာ မမြတ်လှပေ"။
"သတိကပ်ကာ ရက်တစ်ရာ နေတာ မြတ်လှလေ" တဲ့။

အားနာစရာ

မျက်မြင်ဘုရား စိတ်ထင်ဘုရား ဉာဏ်မြင့်ဘုရားတဲ့။
ဘုန်းကြီးတို့အရပ်မှာ သမီးတွေက "အဘရယ်တဲ့.......  ကျိုက်ထီးရိုးဘုရားဖူးသွားရအောင်" တဲ့။
အဘက  "ဟဲ့..... တိုးတိုးပြောပါတဲ့၊ တို့ရွာလယ်ကျောင်းက ဘုရားကြီး ကြားရင် အားနာစရာကြီး" တဲ့။

တရားမြင်မှ ဘုရားမြင်

ဘုရားဟောကတော့ "ယူဇနာတစ်ရာပင် ဝေးသော်လည်း တရားကို သိမြင်အောင် အားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ငါးဘုရားကို အနီးကပ် ဖူးမြင်ရတဲ့ ပုဂ္ဂိုလ်ပဲ"  တဲ့။
တရားမြင်မှ ဘုရားမြင်မယ်၊ တရားမမြင်ရင် ဘုရားကိုမမြင်ရဘူး ဆိုပဲ။

ဘုရားအကြိုက် ပူဇော်နည်း

မိထွေးတော် ဂေါတမီက မြတ်စွာဘုရားကို လျှောက်တယ်၊  " မြတ်စွာဘုရား သက်တော်ရာကျော်ရှည်ပါစေ၊ မအို မနာ မသေ အမြဲနေပြီး လောကကောင်းကျိုးဆောင်နိုင်ပါစေ။ ဝေနေယျများကို ကျွတ်တမ်းဝင်အောင် ဟောနိုင်ပါစေ" ဆိုပြီး တပည့်တော်မ အမြဲဆုတောင်းပါတယ်ဘုရား တဲ့။
မြတ်စွာဘုရားက မိထွေးတော်ရဲ့ ကန်တော့ခြင်းဟာ သင့်မြတ်သလိုလိုရှိသော်လည်း နှစ်သက်တော်မမူဘူး။
အဲဒါကြောင့် " မိထွေးတော်..... ဟောဟိုက ပြင်းထန်တဲ့ လုံးလဝီရိယနဲ့ နိဗ္ဗာန်ကို အာရုံညွတ်ပြီး သတိမပြတ် ရှုမှတ်ကျင့်ကြံနေကြတဲ့ သာဝက ရဟန်းအပေါင်းကို ကြည့်လိုက်စမ်းပါ။ သူတို့မှ ဘုရားကို အစစ်တကယ် ပူဇော်နေကြခြင်းဖြစ်တယ်" လို့မိန်းကြားတော်မူလိုက်သတဲ့။

စိတ်မနာတဲ့ ဘုရားဆေး

သမားဆေးကတော့ ရောဂါကိုကုတယ်။ ဘုရားဆေးကတော့ ဝေဒနာကိုကုတယ်။ ကိုယ်ပင်နာသော်လည်း စိတ်မနာစေနဲ့တဲ့။ ကိုယ်နာတဲ့ ဆူးတစ်ချောင်းတင် မပြီးသေးဘူး။ စိတ်နာတဲ့ဆူး ထပ်မစူးစေနဲ့။ ငါံ့ကို ငါ့ဟာ ငါ့ဥစ္စာ ထင်နေလို့ နာရတာပဲ၊
ဒါကြောင့် .......
ရုပ်နာမ်ကိုပင် ငါကောင်ထင် စွဲလျှင် ကိုယ်စိတ်နာ။ 
ရုပ်နာမ် ပေါ်ဆဲ ရှုမှတ်ခွဲ ကိုယ်ပဲ နာမှာ စိတ်မနာ။

Wednesday, June 13, 2012

ရွှေဥမင်ဆရာတော်ကြီး၏ ဆုံးမ သြဝါဒများ


သင်္ကန်းအကျိုး

၁။ သင်္ကန်းဒါန
   ကျိုးကြီးလှ
   လှူရဖူးလေပြီး။
၂။ ယခုအခါ
   လှူရတာ
   များစွာဝမ်းသာသည်။
၃။ ဝမ်းသာတိုင်းမှာ
   ဖြစ်ပျက်တာ
   မှန်စွာသိရမည်။
၎။ သို့သိမြင့်က
   အနိစ္စ
   ဒုက္ခလည်းထင်သည်။
၅။ အနတ္တမှန်
   သိမြင်ဉာဏ်
  နိဗ္ဗာန်ဆိုက်ရောက်သည်။

အနှစ်သုံးပါး

၁။ ပစ္စည်းထဲက
   ထုပ်ယူရ
   ဒါနအနှစ်မည်။
၂။ ခန္ဓာထဲက
   ထုပ်ယူရ
   သီလအနှစ်မည်။
၃။ သက်ဇီဝမှ
   ထုပ်ယူရ
   ဘာဝနာအနှစ်မည်။


ရက်ရာဇာနှင့် ပြဿဒါး

ရက်ရာဇာတို့ ပြဿဒါးတို့ဆိုတာ သိကြရဲ့လား။
ကောင်းသောစိတ်ရှိတဲ့နေ့၊ ကောင်းသောအလုပ်လုပ်တဲ့နေ့၊ ကုသိုလ်ရတဲ့နေ့ဟာ ရက်ရာဇာပဲ။
မကောင်းသောစိတ်ရှိတဲ့နေ့၊ မကောင်းသောအလုပ်လုပ်တဲ့နေ့၊ အကုသိုလ်ဖြစ်တဲ့နေဟာ ပြဿဒါး။

ဒုလ္လဘနှင့် သုလ္လဘ

ဒုလ္လဘစစ်စစ် ဖြစ်ပါစေ။ သုလ္လဘတော့ မဖြစ်စေနဲ့နော်။
သုလ္လဘဆိုတာ ဒုလ္လဘနဲ့ ဆန့်ကျင်ဘက်ပဲ။
လွယ်လွယ်ရတော့ လွယ်လွယ်ပဲ သဘောထား၊ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားရဟန်းဖြစ်ကရော။
ရတောင့်ရခဲ ဒုလ္လဘအဖြစ်ကို တန်ဖိုးထား၊ ကျင့်ကြံပွားများကြ။


နတ်ပြည်အလွယ်လေး

နတ်ပြည်ရောက်ဖို့ဆိုတာ မခက်ပါဘူး။
ဘုရားသွားပြီး တံမြက်စည်းလေး (၂) ချက် (၃)ချက် လှည်းလိုက်ရုံနဲ့ နတ်ပြည်ရောက်နိုင်တယ်။ လောဘ ဒေါသ ကင်းဝေးမှ ချမ်းသကြမယ်။

သူတော်ကောင်းဆိုတာ

"သင်းကောင်းလျှင် ကျွန်ုပ်မဆိုးပါ" ဆိုတော့ "သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမယ်" ဆိုတဲ့ သဘောပေါ့နော်။
ဒါဆို အတော်ကို ကြောက်စရာကောင်းတာပဲ။ 
မကောင်း ကောင်း ကျွန်ုပ်ကတော့ အမြဲကောင်းနေရမယ်လေ။


စေတနာကိုမတွန့်တိုနဲ့

"စေတနာသည် လူတိုင်းနဲ့မတန်ပါ" လို့ စာတမ်းတွေ ကပ်ထားကြတာ အိမ်တချို့မှာတွေ့ရတယ်။
အလကားရတဲ့ စေတနာကိုပဲ နှမြောတွန့်တိုရာ ရောက်နေရင် ကောင်းပါ့မလား စဉ်းစားကြနော်။


ဝိဇ္ဇာအစစ်

ဒကာကြီးက ပုတီးနဲ့ဆိုတော့ ဝိဇ္ဇာဖြစ်ဖို့ ကြိုစားနေတယ်ထင်ရဲ့။
ဆေးဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ အင်းဝိဇ္ဇာဆိုတာ တကယ့်ဝိဇ္ဇာတွေ မဟုတ်ကြသေးဘူးနော်။
မဂ်ဖိုလ်ကိုသိတာမှ မဂ်ဝိဇ္ဇာ ဖိုလ်ဝိဇ္ဇာ တကယ့်ဝိဇ္ဇာ အစစ်ဖြစ်မှာ။


ပကာသနကိုရှောင်

အပျော်နှင့်အကြွား အကုသိုလ်တရားက ကုသိုလ်ဟန်ဆောင်၍ ပြိန်းအသောသူတို့ကို လှည့်ပတ်နေ၏။


သီလတန်ခိုး သီလတန်ဖိုး

သီလရနံ့၊ မွှေးပျံ့ကြိုင်စွာ
သီလဆင်တိုင်း၊ ရှုတိုင်းလှပါ
အပါယ်မလား၊ စောင့်ငြားသီလာ
မြတ်သီလ၊ စိတ်ချကိုးကွယ်ရာ။


ကုသိုလ်ရှင်

သိကြားနတ်ပင်
ကုသိုလ်ရှင်းအား
မမြင်ရှောင်ခွါ
မနေသာတည်းတဲ့။
မနေသာရုံတင်မကဘူး။ အဲဒီကုသိုလ်ရှင်က တစ်စုံတစ်ရာ အန္တရာယ် သူ့ပိုင်နက် နယ်မြေထဲမှာ ဖြစ်သွားမယ်ဆိုရင် သူ့မှာပြစ်ဒဏ်သင့်တယ်။
"သူတော်ကောင်း နတ်ကောင်းမ" တယ်ဆိုတာကုသိုလ်ရှိလို့ မ တာ။
မ မ လို့ မရလို့ မ တာ။
ကိုယ်က သူ့ကိုပူဇော်ပသလို့ မတာ မဟုတ်ဘူး။

ဘယ်သူက မ တာလဲ

ကိုယ့်ကုသိုလ်က မ တာလား၊ ဘိုးတော်မယ်တော်တို့က မ တာလား၊ အန်းကုန်းက မ တာလား၊ မဏိမေခလာ မ တာလား၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ကုသိုလ်က ကိုယ့် မ တယ်လို့သာ မှတ်လိုက်။


ဘုရားပန်း

ဘုရားပန်းညိုးတော့ ဘာဖြစ်လဲ၊ ကလေးကိုင် လူကြီးကိုင်နဲ့ ငိုလား ရယ်လားတွေကော ဖြစ်ကြရသလား။ ဘာမှ မဖြစ်ဘူးနော်။ အချိန်တန် သတိရလို့ ရှိခိုးကန်တော့ပြီး လဲလိုက်ရင် ပြီးတာပါပဲ။
အဲ..... တခြားပန်းညိုးရင်ကော အဲသလို ရသတဲ့လား။။။။။

ဆုတောင်းမှားနေကြတယ်

နှစ်ကူးတဲ့ အခါ ငါးလွှတ်ဖူးကြတယ်နော်၊ ဆုတောင်းလေးကလည်း ကောင်းမှကောင်း၊ နင့်တစ်ခါလွှတ် ငါ့ဆယ်ခါလွှတ် တဲ့။ ဈေးသည်တွေတင် အမြတ်ကြီးစာလားမှတ်တယ်။ 
အလှူရှင်တွေလည်း အမြတ်ကြီးစားတာပဲ။ 
ကိုယ်ပါ ငါးဖြစ်ပြီး ဆယ်ခါအလွှတ် ခံရရင် မသက်သာဘူးနော်။
သူ့သေဘေးက လွှတ်ရသလို ကိုယ်လည်း အို နာ သေ ဘေးက လွှတ်ရပါစေ။ 
ဒီလို ဆုတောင်းရမှာ။



Sunday, June 10, 2012

အသေကောင်းကြောင်း နည်းလမ်းကောင်း

ကိစ္စမများ စကားနည်းစေ၊

အိပ်နေမှုနည်း တစ်ကိုယ်တည်းပျော်လေ၊

ရောနှောမှုကင်း ချဲ့ခြင်းရှောင်သွေ၊

အသေကောင်း အပေါင်း ဂုဏ်ခြောက်ထွေ၊

အနေကောင်း အပေါင်း ဂုဏ်ခြောက်ထွေ။


ယောဂီတို့ တရားတိုးတက်ချင်ရင် ဂုဏ်အင်္ဂါ ခြောက်ပါးရှိမှ အနေလည်းကောင်း အသေလည်းကောင်းမယ်။

ကိစ္စမများ==

          ကိစ္စများ သတိလက်လွတ် ဖြစ်ကြလို့ ဒုက္ခတွေ များလှပါပြီ။ ကိစ္စတိုင်း ကိစ္စတိုင်း ဘာပဲလုပ်လုပ် သတိလက်လွတ် မဖြစ်စေနဲ့။ သတိနဲ့လုပ်ရင် တရားအလုပ် ဓမ္မအလုပ် ဖြစ်သွားပါတယ်။

စကားနည်းစေ==

      စကားနည်းရမယ်တဲ့။ နည်းတဲ့ထဲမှာ ပြောသမျှကိုလည်း သတိထား ပြောပါ။ အကျိုးမရှိတဲ့စကား မပြောနဲ့၊ အကျိုးမရှိတဲ့ စကားကို အတတ်နိုင်ဆုံးရှောင်၊ အကျိုးရှိတာပဲပြော၊ ဘာပြောပြော သတိကလေးနဲ့ပြောပါ။ သတိကလေးနဲ့ပြောရင် အကျိုးမရှိတဲ့ စကားတောင်မှ အကျိုးရှိသွားတယ်။
ယောဂီတွေ စကားတပြောပြောနဲ့ လမ်းလျှောက်နေကြတာ သူများတွေတွေ့တော့ ဘယ်လိုများထင်မလဲ။ တစ်ချို့မိတ်ဆွေဖွဲ့ကြတယ်။ လိပ်စာတောင်းကြတယ်၊ အဲဒါ ယောဂီ အလုပ်မဟုတ်ဘူး။

အိပ်နေမှုနည်း== 

       အအိပ်မများရဘူးတဲ့။ သတိလေးနဲ့ နိုးနိုးကြားကြား ကောင်းသော နိုးကြားခြင်းဖြင့် နိုးကြားနေပါ။

တစ်ကိုယ်တည် ပျော်လေ== 

တစ်ချို့ အိမ်မှာတုန်းက တစ်ကိုယ်ရေ တစ်ကာယပဲ၊ ရိပ်သာလာတော့မှ အဖော်တွေနဲ့၊ တရားသမားနဲ့ မတူတော့ဘူး။ ကိုယ်လည်း တစ်ကိုယ်ရေ၊ တစ်ကာယ၊ ကာယဝိဝေက စိတ္တဝိဝေက၊ တစ်ကိုယ်တည်းနေ တစ်စိတ်တည်းထား ဆိုတာ တရားအားထုပ်တဲ့ အချိန်ကလေးပဲ။ ကိုယ့်နားမှာ လူဘယ်လောက်ပဲ များနေနေ၊ ကိုယ်တစ်ယေက်တည်း တစ်စိတ်တည်းဖြစ်နေတယ်။ ကိုယ်အဖော် မပါရဘူး။ အဖော်ကင်းကင်း စိတ်အဖော်လည်းမပါရဘူး။ စိတ်အဖော်က လောဘပဲ။ အာရုံတွေအပေါ်မှာ သာယာတဲ့ လောဘ မပါရဘူး။ ဟိုဟာလိုချင် ဒီဟာလိုချင် ဟိုတွေး ဒီတွေး တရားထိုင်ရင်း စိတ်ကူးတာ၊ တရားထိုင်ရင်နဲ့ အတွေးတွေဝင်နေတာ သတိထားပေးရမယ်။
အဲဒါတွေကို နိုင်တာက သတိပဲရှိတယ်၊ သတိထားနိုင်မှ၊ သတိကလေးနဲ့ စိတ်မှာဖြစ်တိုင်း ဖြစ်တိုင်းသိ ကိုယ်မှာ ဖြစ်တိုင်းဖြစ်တိုင်းသိ၊ သိစရာနဲ့ သိတာ နှစ်ခုပဲရှိတယ်။ သတိလေးနှင့် ပျော်ရမှာ။

ရောနှောမှုကင်း===

         ပရိတ်သတ်နဲ့ အများနဲ့ အပျော်အပါးနဲ့ မရောနှောရဘူး။ ဒီမှာ ရက်ပိုင်းကလေး လာနေကြတဲ့ ဥစ္စာ၊ ရောနှောမှုတွေ ကင်းနေရမယ်၊ ဟိုကိစ္စ ဒီကိစ္စ၊ ဟိုဆက်သွယ်လုပ် ဒီဆက်သွယ်လုပ်ဆိုရင် တရားအလုပ်ပျက်တယ်၊ မလွှဲသာ မကင်းသာရင်လည်း သတိလေးနဲ့လုပ်ပါ။ တရားလက်လွတ်မဖြစ်စေနဲ့။ သတိရှိနေတဲ့အတွက် ဆိုးဆိုးဝါးဝါးတွေ မဖြစ်တော့ဘူး၊ အဆိုးက အကောင်းဖြစ်သွားတယ်။ သတိမရှိရင် အကောင်းကလည်း အဆိုးဖြစ်သွားတယ်။

ချဲ့ခြင်း ရှောင်သွေ==

             ချဲ့တတ်တာ တဏှာ၊ မာန၊ ဒိဋ္ဌိ သံသရာ နယ်ချဲ့သမားသုံးပါးပဲ။ တဏှာလောဘဟာ ချဲ့ထွင်သမားပဲ၊ စားမှု ဝတ်မှု နေမှု ထိုင်မှုတွေချဲ့ထွင်၊ အကုသိုလ်တွေ ကျယ်ပြန့်သွားအောင် ချဲ့ထွင်တဲ့သဘောပဲ၊ ဆင်းရဲဒုက္ခတွေများအောင် ချဲ့ထွင်ပေးတာ သူပဲ။
ယောဂီတစ်ယောက် လိုချင်မှုတွေကြောင့် အိမ်ပြန်ရမလိုဖြစ်နေတယ်။ တရားနာလိုက်တော့မှ အဲဒီစိတ်ပျောက်သွားတယ်။ စိတ်ကို လွတ်လွတ်ထားရင် အဲလိုပဲ ဖြစ်တတ်တယ်။
မာနလည်း ချဲ့ထွင်၊ ဒိဋ္ဌိကလည်း ချဲကထွင်၊ အိုမှု နာမှု သေမှုတွေ ခဏခဏ ရောက်အောင် ချဲ့ထွင်ပေးတဲ့ တရားတွေ သံသရာနယ်ချဲ့တရား သုံးပါး။ ဒီဟာတွေနဲ့ ချဲ့နေရင် သံသရာဝဋ်က ကျွတ်လွတ်တဲ့ တရားထူး တရာမြတ်တွေ မရဘဲနေလိမ့်မယ်။ အဲဒါတွေကို ရှောင်မှ အနေလည်းကောင်း အသေလည်းကောင်းမှာ။
အနေကောင်းမှ အသေကောင်းမယ်။
အနေတတ်မှ အသေတတ်မယ်။

                                               (ရွှေဥမင်ဆရာတော်ကြီး)

ဝီရိယဆိုတာ


၁။   မဖြစ်သေးတဲ့ စိတ်ညစ်နွမ်းမှုတွေ မဖြစ်အောင်။
၂။   ဖြစ်ပြီးသား စိတ်ညစ်နွမ်းမှုတွေ ပပျောက်သွားအောင်။
၃။   မဖြစ်သေးတဲ့ စိတ်ကောင်း စိတ်မြတ်တွေ ဖြစ်ပေါ်လာအောင်။
၎။   ဖြစ်ပြီးသား စိတ်ကောင်း စိတ်မြတ်တွေ တိုးပွားလာအောင်။
ဝီရိယက သူ့အလုပ် သူလုပ်နေမှာပါ။
                                         ရွှေဥမင်ဆရာတော်

အဆိပ်ကို ဆေးဖြစ်အောင်

                     ကိလေသာတွေဟာ အင်မတန်ကြောက်စရာကောင်းတဲ့ အဆိပ်အတောက်တွေပဲ။
ကိလေသာအဆိပ်မတက်အောင် အသုံးချတတ်တဲ့ ပုဂ္ဂိုလ်တွေမှာ အေးချမ်းမှု၊ ငြိမ်သက်မှု၊ ငြိမ်းချမ်းမှု ရသွားတာတွေထင်ရှားနေတာပဲ။
                        ကြည့်နော် အဆိပ်ဟာ အသုံးမချတတ်တဲ့ပုဂ္ဂိုလ်တွေအတွက် အဆိပ်ဟာ ချက်ချင်းလက်ငင်း သေစေတတ်တဲ့ ဘေးပဲ။
                       ဉာဏ်ပညာ ထိုးထွင်းတဲ့ပုဂ္ဂိုလ်တွေ၊ အသုံးချတတ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ အဆိပ်နဲ့ပဲ ရောဂါပျောက်အောင် ကုသနိုင်တဲ့ စွမ်းအားသတ္တိတွေ ရှိကြတယ်။
                      ဘီပီအိုင်က မြွေဆိပ်တွေဝယ်ပြီး အဆိပ်သင့်တဲ့ ရောဂါတွေကို ပြေပျောက်အောင် ကုသပေးနေတယ်။ အသုံးချတတ်တော့ ဆေးဖြစ်သွားတယ်။ အသုံးမချတတ်တော့ ဘေးဖြစ်သွားတယ်။
                      ခုလည်းပဲ ဒီမှာ တောင်တွေးမြောက်တွေး တွေးတဲ့စိတ်တွေဟာ အဆိပ်အတောက်တွေပဲ။ တောင်ကြံမြောက်ကြံ ပူပန်တာတွေဟာ အဆိပ်အတောက်တွေပဲ။
                     ဒါပေမဲ့ အဲဒါတွေကို ဘုရားပေးတဲ့ဉာဏ်ရလို့ ရှုမှတ်တတ်တဲ့ ပုဂ္ဂိုလ်ဟာ ရှုမှတ်အသုံးချလိုက်တဲ့အတွက် အဲဒီအဆိပ်အတောက်တွေထဲကပဲ ဆေးဖြစ်သွားပါတယ်။ ရှုမှတ်တာ ဉာဏ်သတိပဲ။ အဲဒီ ရှုမှတ်တဲ့ ဉာဏ်သတိဟာ ဒီပူပန်နှိပ်စက်မှု ကိလေသာမီးတွေကို ငြိမ်းသတ်လိုက်တဲ့အတွက် ခန္ဓာအစဉ်မှာ ဉာဏ်ဝင်ပြီးတော့ အေးငြိမ်းမှု ချမ်းသာမှု ရသွားတယ်။
                  ကိလေသာ အဆိပ်အတောက်ဟာ မရှုမှတ်တတ်ရင် မဂ်တား ဖိုလ်တား ဖြစ်နေတယ်။ ရှုမှတ်တတ်တဲ့ ယောဂီက မဂ်ရ ဖိုလ်ရ ဖြစ်သွားတယ်။ ဓမ္မာနုဿနာဖြစ်သွားတယ်။

                                                                 (ရွှေဥမင်ဆရာတော်ကြီး)

မှတ်ချက် === ဆရာတော်ကြီး၏ အဆုံးအမသြဝါဒများ စာအုပ်မှ တင်ပြပါသည်။

Wednesday, June 6, 2012

ကံကောင်းကြစေ တောင်းဆုဝေ၏

သာသနံ ပုညဝန္တဿ၊ ပုညဝန္တာဝ လဗ္ဘရေ။
အပ္ပပုညာ ကဒဟစိ၊ ပဂ္ဂဏှိတု မဝိသယာ။

         လောကဓါတ်တစ်ခုလုံး အခြေနှစ်ချောင်းပေါက်တဲ့ သတ္တဝါ တွေထဲမှာ ဘုန်းကံအကြီးမားဆုံးပုဂ္ဂိုလ်ဟာ "သိဒ္ဓတ္ထဂေါတမ မြတ်ဗုဒ္ဓ"  ဖြစ်ပါတယ်။
ဤကဲ့သို့ ကြီးမားတဲ့ အရှိန်အဟုန် သတ္တိစွမ်းရည်ဟာ----  ဘယ် God, တို့မှ ဖယ်ရှားပေးနိုင်စွမ်း မရှိတဲ့ ကိလေသာအစု အပုံကြီးကို ဖယ်ရှားပေးနိုင်စွမ်းရှိတဲ့ သာသနာမျိုးကို တည်ထောင်တဲ့ မြတ်ဗုဒ္ဓဟာ လောကမှာ ဘုန်းကံအကြီးဆုံးဖြစ်ပါတယ်။
ဤမျှဘုန်းကံကြီးမားတဲ့ သာသနာတော်ကို ဝိုင်းဝန်းချီးမြှောက် ထောက်ပံ့ စောင့်ရှောက်ကြတဲ့ ဒါယကာ ဒါယိကာမ တတွေအားလုံး ဘုန်းကံကြီးမားကြပါပေတယ်။
ဘုန်းကံကြီးမားတဲ့ ဘုရားသာသနာကို ဘုန်းကံကြီးမားတဲ့ ပုဂ္ဂိုလ်တွေမှ ချီးမြှောက်ထောက်ပံခွင့်ရတယ်။
အဲဒါကြောင့် ကျောင်းဒကာ ကျောင်းအမ သီတဂူသာသနာပြုအဖွဲ့ လူကြီးမင်းအားလုံးတို့များလည်းပဲ ဘုန်းကံကြီးမားတဲ့ ဘုရားသာသနာကို မှီခိုကြည်ညိုပြီးတော့ သာသနာတော်ကို ပြုစုလုပ်ကျွေးခွင့်ရကြတဲ့ သာသနာ့ကျေးကျွန် ဖြစ်ရတဲ့ဘဝ တို့များလည်း ကံကောင်းတယ်။
ကာမဂုဏ်အတွက် သုံးမည့်ပစ္စည်းတွေကို  
တနည်းအားဖြင့် ပြောရရင် ကာမဂုဏ်ငါးပါးနှင့် ဖြုန်းပစ်မည့် ပစ္စည်းတွေကို သာသနာတော်မှာ လာပြီး အသုံးချခွင့်ရတဲ့ အလှူရှင်ဒါယကာ ဒါယိကာမများအားလုံးလည်း တို့များ ဒီပစ္စည်းတွေ သာသနာတော်အတွက် သုံးခွင့်ရလို့ ကံကောင်းတယ်လို့ အားလုံးမှတ်ကြပါ။
အားလုံးကို ဆက်လက်၍ ဘဝဆုံးသည့်တိုင်အောင် ကံကောင်းကြပါစေဆိုတာ ဘုန်းကြီးတို့ ဆုတောင်းပါတယ်။

သီတဂူစမ်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။။
သီတဂူဆရာတော်
(ရန်ကုန်သီတဂူ ကျောင်းဖွင့်ပွဲ သြဝါဒမှ ကောက်နုတ်တင်ပြပါသည်)


မင်္ဂလာဆိုတာ

              မင်္ဂလာဆိုတာ "To remove all evil deed, evil speech and evil thought, this is Mangala" မကောင်းတဲ့ အကျင့် မကောင်းတဲ့အပြော၊ မကောင်းတဲ့ အတွေးတွေကို ဖယ်ရှားတာ။
 "To establish noble deed, noble speech and noble thought in our heart" မင့်တို့ ငါတို့ နှလုံးသားထဲမှာ စရိုက်ကောင်း၊ စိတ်ကောင်း၊ အပြောကောင်း၊ အပြုအမှုကောင်းတွေကို နှလုံးသားထဲမှာ တည်ဆောက်နိုင်ရင် အဲဒါဟာ မင်္ဂလာပဲ။

                                                                           (သီိတဂူဆရာတော်)

မြွေမျိုးတွေကို ရှောင်

ကြည့်ရုံမြင်ရုံ အဆိပ်တက်သမို့
စိတ်ပျက်သကွဲ့ ကြည့်ဖို့ကို၊
သိပ်ခက်သဟဲ့ ထိဖို့ဆိုလျှင်
အမိတို့လို မြွေမျိုး၊
နှာခေါင်းလေနှင့် အမှုတ်ခံလျှင်
တမုဟုတ် အမြန် သေတတ်ပါသတဲ့ဗျိုး၊
ကိုက်များကိုက်က ငိုက်စိုက်နေမည်၊
ကတိုက်ကရိုက်သေမည် အမှန်းဆိုး၊
မိုက်မိုက်ပွေလီ ဉာဏ်သူခိုးနှင့်၊
အကြံဆိုးကြံနှင့် အသင့်ရှောင်၊
အသုဘခေါ် ဆေးတော်ကြီး၊
မနှေးဖော်ပြီး သုံးစွဲပါလေမောင်။။
ငါတို့ဘုရား အလောင်းတော်တောင်၊
အကြောင်းမလျှော်ပေါင် မိဘုရားနှင့်၊
အကြည့်မှား၍ မသင့်ဉာဏ်တွေခြယ်၊
အကျင့်ဈာန်တွေကွယ်၊
မြွေအမျိုးကြောင့် တန်းခိုးပြယ်လျှင်
 အမျိုးအနွယ် တိမ်ကောပါသတဲ့လေး။။

(မန်းသီတဂူ ကျောင်းဖွင့်ပွဲ ဝေဇယန္တာဆရာတော်ကြီး၏သြဝါဒ)

        မာတုဂါမကြောင့် လူထွက်ချင်နေသော ဖိုးသူတော်လေးအတွက် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးမှ ရေးပေးသည်ဟု ဆိုပါသည်။။

 မှတ်ချက် =  အရှင်ဘုရား (ရနံစံအိမ်) တပည့်တော် ပြင်ပြီးပါပြီဘုရား ဝေဇယန္တာဆရာတော်ကြီးကလည်း အတိအကျမပြောခဲ့တော့ ခွင့်လွတ်တော်မူပါရန်၊ အမှားများတွေ့က ဆက်ဆက်အသိပေးဆုံးမရန် ဒီနေရာကပဲ ပန်းကြားလျောက်ထားပါတယ်ဘုရား။။ (ကိုရင်အာယု မန်းသီတဂူ)

Tuesday, June 5, 2012

သုဝဏ္ဏသာမ ဇာတ်တော် ဟောရခြင်းအကြောင်း

သုံးလောက်ထွဋ်ထား ရှင်တော်မြတ်စွာဘုရားသည်
မိဘကို ပြုစုလုပ်ကြွေးသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ သုဝဏ္ဏသာမ ဇာတ်တော်ကြီးကို ဟောကြားခဲ့လေသည်။
နောင်သံသရာမှာ- နောင်သံသရာမှလေ ----- အမေ့ကိုလေ--- ဒုက္ခနဲ့ဝေးအောင်း ------တရားအသိ သတိစကားတွေ----ဆောင်။။။ အားထုပ်နိုင်အောင်လည်း ---အားထုပ်နိုင်အောင်အမြဲ---   သားတို့သ္မီးတို့တစ်တွေ -- ကျေးဇူးရှင် မွေးမေမေအတွက်-- ကြိုးစားလို့တာဝန်ကျေပါ့မယ် အမေ့--           
                                           (သီချင်းစာသားဖြစ်ပါသည်)

မိဘကျေးဇူးကိုသိတတ်သော နားလည်းသော  နားလည်းသည့်အလျောက် ပြုစုလုပ်ကြွေးနေကြသော ကမ္ဘာပေါ်ရှိ လူသားအားလုံးကို လေးစားဦးညွတ်လျက်။။။။။။

ကိုရင်အာယု (မန်းသီတဂူ)

Monday, June 4, 2012

ဉာဏ်ရည်ကိုပြု ဇွဲဖြင့်တု

ဖြေထောက်မပါ မြွေသတ္တဝါလည်း လိုရာကိုပြေး ရောက်နိုင်သေး၏။
ဦးခေါင်းမပါ ပုဇွန်မှာလည်း လိုရာကိုပြေး ရောက်နိုင်သေး၏။
ငါ့မှာလက်ခြေ စုံလင်ပေခဲ့ တထွေဦးခေါင်း ပြည့်စုံရှောင်းခဲ့။
အပေါင်းအင်္ဂါစုံလင်ပါသော် လိုရာပန်းတိုင် ငါလှမ်းကိုင် အနိုင်ရဖို့သေချာလှ။
ကြက်တူရွေးပင် စကားသင်ပေး ပြောတတ်သေး၏။
မျောက်ကလေးပင် လူတို့သင်ပေး ကတတ်သေး၏။
ငါးကားလူသား ငါလူသားတည်း လူသားတို့မာန် လုံးလသန်၍ ဉာဏ်ရည်ကိုပြု ဇွဲဖြင့်တုသော် ဤလူ့ပြည်မှာ မစွမ်းရာ ဘယ်ဟာတွေမှ မရှိကြ။
                                                                               (ယောဆရာတော်)

Sunday, June 3, 2012

"အရည်အသွေးပါမှ စိတ်ချရတာ"

                 အရေးကြုံလာပြီးဆိုရင် ကိုယ့်မှာ အားကိုးစရာ အသင့်ရှိထားအောင် ဘုရားရှိခိုးတာ စိတ်ပါလက်ပါရှိခိုး၊
               ကုသိုလ်အလုပ် တရားအလုပ်လုပ်တာ စိတ်ပါလက်ပါအရည်အသွေးပါအောင်လုပ်၊ ဘယ်အရာမဆို စူးစူးစိုက်စိုက်လုပ်၊ ပစ္စုပ္ပန်တိုင်း အရေးကြီးတယ်လို့ သဘောထား၊ ကိုယ့်သန္တာန်မှာ အကောင်းဓါတ်တွေရှိသင့်သလောက် ရှိထားမှ စိတ်အေးရမှာ။
အရေးကြံလာခါမှ အဖေကယ်ပါ အမေကယ်ပါလုပ်နေမယ့်အစား ကြိုတင်ပြီးတော့ ကိုယ့်ဟာကိုယ် ကောင်းမူတွေ ဖြည့်စွက်ထားတာကမှ စိတ်အချရဆုံး၊ ဘုရားရှိခိုးခိုင်းတယ်၊ တရားထိုင်ခိုင်းတယ်ဆိုတာ သက်သက်မဲ့ အချိန်ဖြုန်းတာမဟုတ်ဘူး။
ဘေးရန်အန္တရာယ် အလွန်ပေါတဲ့ လောကကြီးမှာ ဘေးရန်လုံလုံခြုံခြုံနဲ့ စွမ်းအားပြည့်ပြည့်ဝယ နေနိုင်အောင်လို့ အရည်အသွေးတွေ မြင့်မားတောက်ပြောင်လာအောင်လို့ ချီးမြောက်ပေးတာ။
             "ကဲမင့်တို့ အိပ်ရေးဝအောင်အိပ်ကြဟေ့၊ ဘုရားရှိခိုး မလိုက်လဲ ရတယ်ကွ၊ မင်းတို့သဘောအတိုင်းဘဲဟေ" လို့ လွှတ်ထားတာမျိုးက ချီးမြှောက်တာမဟုတ်ဘူးဗျ။

ဒုတ်နှင့်ရိုက်သတ်တာထက် နာတယ်။ ဒုတ်နဲ့ရိုက်သတ်တာကမှ နဲနဲခံသာလိမ့်ဦးမယ်။

ဘုရားရှိခိုးတာ တကယ်စိတ်ပါလက်ပါ စူးစူးစိုက်စိုက်သာရှိခိုးမယ်ဆိုရင် "နမောတဿ" ဘုရားရှိခိုးတစ်ပုဒ်နှင့်တောင် အရည်အသွေးပါတယ်။
သရဏဂုံ (၃)ပါးနှင့်တောင် အားကိုးရလောက်တယ်။ လက်တွေ့ကျင့်သုံးတဲ့ အပိုင်းမှလည်း စိတ်ပါလက်ပါ ကြိုးစားပြုလုပ်အားထုပ်၊ ကိုယ့်အရည်အသွေးကို ကိုယ့်ဟာကိုယ် မြင့်ရမှာ။ ကိုယ့်အရည်အသွေး ကိုယ့်ဟာကို မြှင့်မှ ကိုယ့်အရှိန်အဝါ ကိုယ့်ဟာကိုယ်တက်မှာ။
သူများက တင်ပေးတဲ့ အရည်အသွေးက အလကားပဲ။
ကိုယ့်ဟာကိုယ်တင့်တဲ့ အရှိန်အဝါကမှ တကယ့်အရှိန်အဝါပါ။
စာအရည်အချင်းလည်း ထို့အတူပဲ၊
ကိုယ့်ဟာကိုယ် ကြိုးစားအားထုတ်လို့ရတဲ့ အရည်အချင်းကမှ တကယ့်အရည်အချင်း။
အကျင့်သိက္ခာပိုင်း ဆိုင်ရာမှာလည်း ဒီအတိုင်းပဲ။
ကိုယ့်ဟာကို ကျင့်ကြံအားထုပ်လို့ နည်းမှန်လမ်းမှန် ကြိုးစားလိုရတဲ့ စွမ်းအားကမှ တကယ့်အရည်အချင်း။
ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ဟာကို
ကိုယ်စေတနာကောင်းနဲ့ ကိုယ်ဟာကို
လုပ်နေရင် နည်းမှန်လမ်းမှန် သူ့ဟာသူ အကျိုးပေးလိမ့်မယ်။
ကိုယ်သီလ သမာဓိ ပညာနဲ့ကိုယ်
ကိုယ်အကျင့်သိက္ခာနဲ့ ကိုယ်
စာမေးပွဲအရည်အချင်းနဲ့ဖြေဆိုလို့ ရတဲ့ ကိုယ်ံရဲ့ အောင်မြင်မူကမှ တကယ့်အရည်အချင်း။
သာသနာတော်အတွက် တက်ယအားကိုးလို့ ရတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင် နေစဉ်နဲ့အမျှ ပရိယတ္တိ ပဋိပတ္တိ ကိုယ်ပိုင်လုပ်ငန်းနှစ်ရပ်ကို သဲသဲမဲမဲ ဖြည့်ကျင့်ကြိုးစားအားထုတ်ကြရမှာ၊
ကိုယ်ပိုင်အရည်အချင်းရှိဖို့ လိုတယ်။

ဘဲပဲလုပ်လုပ် လုပ်ရမယ့်အတူတူ တော့ အရည်အသွေးပါအောင် ပဲလုပ်။ လူမြင်ကောင်းရုံ ဟန်လေးနဲ့ လုပ်တာမျိုးမဖြစ်စေနဲ့။

ဟန်ဆိုတာ တကယ့်အရေးကျရင် ဘာမှအားကိုးလိုမဖြစ်ဘူး။
လောကမှာ ဘေးအန္တရာယ်တို့မည်သည် ဟန်နဲ့လာတာ တစ်ခုမှမရှိဘူး။
တကယ်လာတာ။ ဘေးအန္တရာယ်ကို ဟန်နဲ့ကာကွယ်လို့မရဘူး။
အရေးကြုံလာပြီဆိုရင် ကိုယ်မှာ အားကိုးစရာတွေ အသင့်ရှိထားအောင် ကုသိုလ်အလုပ် တရားအလုပ်ကို နေ့စဉ်နဲ့အမျှ ထုံနေအောင် လေ့ကျင့်ထားမှ အန္တရာယ်တွေကို ကာကွယ်လို့ရမာ အရင်ပြောနေကျအတိုင်းပေါ့။ "ဟန်ဆိုတာ အလကား၊ အမှန်ကမှ တရား" တဲ့ ။။။
ဟန်ဆိုတာ လူမြင်ကောင်းရုံပဲရှိတာ၊ တကယ့်အရေးကျရင် ဘာမှအားကိုးလို့ မဖြစ်ဘူး။
လောကမှာ အတွင်းမှာရော အပြင်မှာရော မမြင်ရတဲ့ ဘေးတွေ ရန်တွေ အန္တရာယ်တွေက အများကြီး၊

ကိုယ့်ပေါ်ကြရောက်လာမယ့် အန္တရာယ်တွေကို ဟန်နဲ့ကာကွယ်လို့မရဘူး။ ကိုယ့်သန္တာန်မှာ ကိုယ်ပြုလုပ်အားထုပ်ထားတဲ့ ကောင်းမှုတရား စွမ်းအားတွေရှိထားမှ အန္တရာယ်ကို ကာကွယ်လို့ရမှာ။

                         (ယောဆရာတော်)

Saturday, June 2, 2012

သူ ခုထိ နုပျိုနေတယ်











ဆရာတော်၏
လက်သုံးတော်
ကြိမ်လုံးကြီးနှင့်
ဒီစာသင်ဘောကြီးပေါ့
သူမျက်နာနှစ်ဘက်က
ဖြူစင်ခြင်းတွေကို
ငါ နှစ်ခြိုက်ခဲ့ဘူးတယ်။
သူ့ဘယ်ညာ
မျိုးဆက်သစ်တွေနှင့်
နုပျိုနေဆဲ။
ဟောဗျာ--
တကယ် အိုစာသွားတာက
???????????????  ။။

ကိုရင်အာယု (မန်းသီတဂူ)

Friday, June 1, 2012

ကောင်းကွက်ကိုရှာ မေတ္တာ

 စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် 
ညောင်ကုန်း - လာကာ ကျေးရွာမှ 
ကျောင်းဂေါပက လူငယ်များမှ 
ခမိုင်းဆရာတော်ကြီးအား ဆရာကတော့ အခန်းအနားမစခင်မှာ 
ဆရာတော်၏ လက်များကို နံ့သာရေးတို့ဖြင့် လက်ရေဆေးကာ ကုသိုလ်ယူကြစဉ်။




ကောင်းကွက်ကိုရှာ မေတ္တာ

၁။            တစ်ပါးသူတွင် ကိုယ်အမူအရာ မကောင်းသော်လည်း နှုတ်အမူအရာ ကောင်းနေသေးပါလျှင် ပံသုကူသင်္ကန်းရှာဖွေသော ရဟန်းတော်ကဲ့သို့ ပြုကျင့်ရမည်။
              ပံသုကူသင်္ကန်းရှာဖွေသော ရဟန်းသည် လမ်းလေးခွမှာ အဝတ်အပိုင်းအစကို မြင်လေလျှင် လက်ဝဲဘက်ခြေဖြင့် နှိပ်ထားကာ လက်ျာဘက်ခြေဖြင့် ဖြန့်လျှက် ကောင်းသေးသော အပိုင်းကိုသာ ရွေးပြီး ကောက်ယူသွားသကဲ့သို့------
              ထိုသူ၏ ကောင်းနေသေးသော နှုတ်အမူအရာ (ဝစီကံ) ကိုသာ နှလုံးပိုက်၍ သူ့အပေါ် ဒေါသမဖြစ်အောင် ထိန်းထားနိုင်ရမည်။။

၂။           တစ်ပါးသူတွင် နှုတ်အမူအရာ မကောင်းသော်လည်း ကိုယ်အမှုအရာ ကောင်းနေသေးပါလျှင် ရေကြည်ကန်ကဲ့သို ပြုကျင့်ရမည်။
             ရေငတ်၍ အလွန့်အလွန်ပင်ပန်းနေသောသူသည် ရေကန်တစ်ကန်နှင့် တွေသောအခါ ထိုရေကန်အတွင်းသို့ သက်ဆင်း၍ လက်နှစ်ဖက်တို့ဖြင့် မှော်များ ဒိုက်များကို ဖယ်ရှားလျက် လက်ခုပ်ဖြင့် ရေကြည်ကို အားပါးတရ သောက်လိုက်ရသကဲ့သို့-------
             ထိုသူ၏ ကောင်းနေသေးသော ကိုယ်အမူအရာ (ကာယကံ)ကိုသာ နှလုံးပိုက်၍ သူ့ပေါ် ဒေါသမဖြစ်အောင် ထိန်းထားနိုင်ရမည်။

၃။              တစ်ပါးသူတွင် ကိုယ်အမူအရာနှင့် နှုတ်အမူအရာများ မကောင်းသော်လည်း ရံဖန်ရံခါ သူ၏စိတ်ထားများ ကောင်းနေသေးပါလျှင် နွားခြေရာခွက်ထဲမှ ရေကြည်လေးများကဲ့သို့ ပြုကျင့်ရမည်။
                 ရေငတ်၍ အလွန့်လွန် ပင်ပန်းနေသောသူသည် နွားခြေရာ ခွက်ထဲမှ ရေကြည်လေး နှင့်တွေသောအခါ လက်ဖြင့်သော်၎င်း ခွက်ဖြင့်သော်၎င်း ခပ်ယူလိုက်ပါက ရေလှုပ်၍ သောက်သုံးမရနိုင်တော့မည့် အဖြစ်ကို သိ၍ နွားကဲ့သို့ လေးခြောင်းထောက်ကာ ပါးစပ်ဖြင့်သာ ငြင်သာစွာ သောက်သုံးရသကဲ့သို့----
                 ထိုသူ၏ ကောင်းနေသေသော စိတ်အမူအရာ (မနောကံ) စိတ်ထားလေးကိုသာ နှလုံးပိုက်၍ သူ့အပေါ် ဒေါသမဖြစ်အောင် ထိန်းထားနိုင်ရမည်။

၎။              တစ်ပါးသူတွင် ကိုယ်အမူအရာရော နှုတ်အမူအရာရော စိတ်အမူအရာပါ မကောင်းခဲ့ရင်လည်း ခရီးသွားယင်း ဖျားနေတဲ့သူကဲ့သို့ ထိုသူအပေါ် ပြုကျင့်ရမည်။
               ခရီးသွားယင်းဖျားနေသူသည် ရှေ့ဆက်သွားဖို့ရန်လည်း မြို့ရွာနှင့် အတော်ပင်ဝေးနေသေး၏။
 နောက်ကြောင်းပြန်လှည့်ဖို့ရန်လည်း အတော်ပင် ဝေးခဲ့ပြီးဖြစ်၏။ လိုအပ်သောဆေးဝါး အစားအသောက် ဆေးကုသမူတို့ကို မရနိုင်တော့ချေ။ ထိုသို့ ခရီးသွားယင် ဖျားနေသူကို အခြားခရီးသွား တစ်ယောက်က အစစ အရာရာ အကူအညီများပေးပြီး အသက်ကယ်လိုက်သကဲ့သို့--
              ထိုသူ၏ ကာယကံ ဝစီကံ မနောကံ ကံသုံးပါးလုံး မကောင်းစေကာမူ နောက်နောင်ထပ်၍ မလွန်ကျူးမိလေအောင် အပါယ်လေးပါး မရောက်ရလေအောင် သနားသဖြင့် အကူအညီပေးကာ ထိုသူ့အပေါ် ဒေါသမဖြစ်အောင် ထိန်းထားနိုင်ရမည်။

၅။              တစ်ပါးသူသည် ကိုယ်အမူအရာရော နှုတ်အမူအရာရော စိတ်အမူအရာပါ အစစအရာရာ ကောင်းနေခဲ့ရင်လည်း မှော်အညစ်အကြေးကင်း၍ အရိပ်ရသော ရေကြည်ကန်ကြီးကဲ့သို့ ထိုသူအပေါ် ပြုကျင့်ရမည်။
                 ခရီးသွားယင်း ရေငတ်၍ အလွန့်အလွန် ပင်ပန်းနေသောသူသည် ဒိုက်မှော်ကင်း၍ အရိပ်ရသော ရေကန်ကြီးကိုတွေ့လျှင် ထိုရေကန်အတွင်းသက်ဆင်း၍ ပင်ပန်းလာခဲ့သမျှ ရေချိုးကာ ဖြေဖျောက်လိုက်သည်။ ရေသောက်ကာလည်း ဖြေဖျောက်လိုက်သည်။ အားပါတရ ရေလည်းချိုး ရေလည်းသောက်ပြီးသောအခါ ထိုရေကန်အနီး အရိပ်ကောင်းကောင်းတွင် တစ်ရေးတစ်မော အိပ်စက် အနားယူလိုက်သကဲ့သို့ --
                  ထိုသူ၏ ကောင်းနေသေးသော ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာ (ကံသုံးပါး) ကို နှလုံးပိုက်၍ သူ့အပေါ်ဒေါသမဖြစ်ရုံမျှမက ထိုသူ၏ ဖြူစင်သော ကံသုံးပါးကြောင့် မိမိစိတ်လည်း ကြင်လင်သန့်ရှင်းအေးမြလာမည်မှာ အမှန်ပင်ဖြစ်ပါတော့သတည်း။။

သီတဂူစမ်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူဆရာတော်