Tuesday, April 17, 2012

လ ကဲ့သို့ကျင့်ပါ

လရောင်သည် လူဆိုး သူခိုး ဓါးပြတွေ ကိန်းအောင်းရာ တောတောင်တွေမှာလည်းပဲ အေးအေးချမ်းချမ်းသူလင်းတာပဲ၊
သူတော်ကောင်းတွေ ခိုအောင်းတဲ့ ကျောင်း၊ ချောင်တွေမှာလည်းပဲ လင်းတာပဲ၊
 အဲဒီတော့ သီတဂူ ရေအလှူ လုပ်ကြတဲ့ ဝန်ထမ်းများ၊ သီတဂူ ဆေးအလှူလုပ်ကြတဲ့ ဝန်ထမ်းများရဲ့  မေတ္တာနဲ့ ကရုဏာဟာ လရောင်လို ကျင့်သုံးရမယ်၊
ဒီလူနာနဲ ဒီလူနာစောင့်ကြတော့ပြုစုပုံ ဆက်ဆံပုံတစ်မျိုး
ဟိုလူကျတော့ တစ်မျိုးဆိုလို့ရှိရင်
သီတဂူဆိုတဲ့ လရဲ.အတိတ်နိမိတ်ကို အဲဒါ မင်းတို့ဖျက်ဆီးစော်ကားရာကျတယ်။
သီတဂူတပည့်ဒကာတွေ အားလုံးပဲ နော်၊ သီတဂူသံဃာတွေအာလုံးပဲ၊ သီတဂူရေလုပ်သားတွေအားလုံးပဲ၊ ဒီကျောင်းရေဂါလံ တစ်သိန်းပေးပြီးတော့ ဟိုကျောင်း ဂါလံတစ်ထောင်လောက်ပေးတယ်ဆိုရင် အဲဒါ လကိုစော်ကားရာကျတယ်။
 သီတဂူဝန်ထမ်းတွေအားလုံး သတိပြုဆက်ဆံဖို့က သြော်--- ငွေတစ်သိန်းလောက်လှူရင် ပြုံးပြုံးနဲ့ ကြိုပြီးတော့၊
တစ်ပြားမှ မလှူရင်တော့ မသိချင်ယောင်ဆောင်နေရင်
သီတဂူကို စော်ကားရာကျတယ်။
အဲဒီတော့ အားလုံးပဲ လနှင့်တူတဲ့ စိတ်ဓါတ်မွေးရမယ်လို့ ဒီကနေ့ အဲဒါပြောပါတယ်၊ လနှင့်တူတဲ့စိတ်ဓါတ်ကို အားလုံးမွေးကြ။။

                                                             သီတဂူဆရာတော်

ကုသိုလ်မှ မရရင် လူ့ဘဝဟာ အဓိပ္ပါယ်မရှိဘူး

  ကိုယ့်ခန္ဓာ ကိုယ့်ပစ္စည်း ကိုယ့်အလုပ်တွေထဲမှာ ကိုယ့်ကိုအားလုံး အာမခံတာဝန်ယူမယ့် ကောင်းမှုကုသိုလ် တရားစွမ်းအားတွေ လိုသလောက် ယူတတ်သလောက် ရနိုင်ပါရက်သားနဲ့ (ရနိုင်တယ် ရှိတယ်) လို့တောင်မှ သိခွင့်မရရင် ညံ့ဖျင်းရာရောက်တာပေါ့။
ရတနာသုံးပါး ရေခံမြေခံ အလွန်ကောင်းတဲ့ မြန်မာ့မြေပေါ်မှာ လူဖြစ်ခွင့်ရတာ ဘာအဓိပ္ပါယ်ရှိမှာတဲ့လဲ ? သာသနာ ရတနာကြောပေါ်မှာ ရတနာတွေနဲ့ ထိပ်တဲ့ကြီးတွေ့နေပါရက်သားနဲ့ ကိုယ့်ကို အာမခံ တာဝန်ယူမယ့် ကောင်းမူစွမ်းအားတွေကိုမှ သိမ်းကျုံးမယူတတ်ဘူး မယူချင်ဘူးဆိုရင် လူ့ဘဝဟာ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး။

                           (ယောဆရာတော်)

အစကတည်းက ကောင်းလာတာ ဘယ်သူမှ မရှိကြဘူး

သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်ကကောင်းအောင်နေပေးမှ သူတော်ကောင်းလို့ခေါ်တာ။
သူတော်မှ ကိုယ်ကကောင်းတာကို သူတော်ကောင်းလို့မခေါ်ဘူး၊
 တော်တယ်ဆို ပညာရှိတာကို ပြောတာ။
 ကောင်းတယ်ဆိုတာ သဒ္ဓါတရားရှိတာကို ပြောတာ။
 တော်ရုံသာတော်ပြီး မကောင်းရင် ကောက်ကျစ်စဉ်းလဲတတ်တယ်။
 ကောင်းရုံသာကောင်းပြီး မတော်ရင် သူတစ်ပါးကို တလွဲယုံတတ်တယ်။ ဒါကြောင့် တော်လည်းတော် ကောင်းလဲကောင်း သူတော်ကောင်းဖြစ်အောင် ကြိုးစားဗျ။ အစကတည်းက ကောင်းလာတာ ဘယ်သူမှ မရှိကြဘူး အကောင်းဓါတ်ဆိုတာ ကိုယ့်ဟာကိုယ်တမင်တကာရှာကြံမှရတာ၊ သူအလိုလို ကိုယ့်ထံလာမှာမဟုတ်ဘူး။
                                                                              (ယောဆရာတော်)

Monday, April 16, 2012

ဘုရား၏ဂုဏ် စိတ်ဝယ်ထုံလော

(အရဟံဂုဏ်တော်အဖွင့်)
၁။      သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန = တစ်ထောင့်ငါးရာ ကိလေသာတို့ ဝါသနာဓလေ့ အထုံငွေမျှ မငွေ့မရိပ် ဝင်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း မင်းမင်းပြည်သူ ကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း၊  အရဟံ =  အရဟံ ဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။


(သမ္မာသမ္ဗုဒ္ဓဂုဏ်တော်အဖွင့်)
  ၂။      သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန = သဗ္ဗညာဏ်အား စွမ်းပကာဖြင့် များသင်္ခါရ ဝိကာရနှင့် လက္ခဏပညတ် နိဗ္ဗာန်ဓါတ်ဟု ငါးရပ်သိရန် ဉေယျဓမ်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင်သိတော်မူသော ဤအကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ = သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။


(ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အဖွင့်)
၃။     သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန = သုံးပါး၊ရှစ်ပါး၊ နှစ်မျိုးအားဖြင့် ဟောထားပညာ ဉာဏ်ဝိဇ္ဇာတည်း နိဗ္ဗာနဓါတ် အမြိုက်ရပ်သို့ ဆိုက်ကပ်ရန်ဖြင့် အမှန်သင့်သည့် ကျင့်စရဏ ဆယ့်ငါးဝနှင့် တကွဥဿုံ ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော= ဝိဇ္ဇာစရဏသမ္ပန္န ဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။

(သုဂတဂုဏ်တော်အဖွင့်)
၎။     သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန= ဒီပင်္ကရာထွတ်ချာသနင်း ခြေတော်ရင်းမှ မှန်ကင်းသီရိ ဗောဓိမဏ္ဍိုင်ခန်းဝါပိုင်အောင် ဆယ်ခိုင်ပါရမီ စုံဖြည့်ညီလျက် သုံးလီဘဝ များသတ္တ၏ သုခစီးပွား ကျင့်သောအားဖြင့် မိုက်မှားအယူ မိစ္ဆာဟူက ဆံမြူတစ်စိ မကပ်ငြိဘဲ သတိသမ္ပဇဉ် မပြတ်ယှဉ်လျက် သဗ္ဗညာဏ်တော် ရကြောင်းရော်၍ ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း။  သုဂတော= သုဂတ ဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။

(လောကဝိဒူဂုဏ်တော်အဖွင့်)
၅။     သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန= သတ္တောကာသ သင်္ခါရဟု လောကသုံးဘုံ အလုံးစုံကို အာရုံထင်စွာ ပိုင်းခြားကာဖြင့်  ကောင်းစွာကုန်စင် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း။ လောကဝိဒူ =  လောကဝိဒူ ဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။

(အနုတ္တရောပုရိသ ဒမ္မသာရထိဂုဏ်တော်အဖွင့်)
၆။    သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန= ဆုံးမသင့်ရန် သတ္တဝါမှန်သော် ခြောက်တန်လျှင်ခြောက် မြှောက်တန်မြှောက်၍ အောက်အောက်ထက်ဂုဏ် ဆင့်ဆင့်စုံဖို့ ဖုံဖုံသင်ပေး အစဉ်ဖေးလျက် ယဉ်ကျေးလေအောင် သွေးဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ = အနုတ္တရောပုရိသဒမ္မသာရထိ ဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။

(သတ္ထာဒေဝမနုဿာနဂုဏ်တော်အဖွင့်)
၇။      သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန= သတ္ထဝါဟော် ကုန်သည်ကျော်သည် ဖော်လှော်ငယ်သား နောက်ပါများကို ရေရှားဘေးခ ကန္တာရမှ ခေမမြေငူ ထုတ်ကယ်ယူသို့ ထိုတူတစိ ခဲယဉ်းဘိသည့် ဇာတိဇရာ မရဏာဟု ကန္တာကြမ်း ခရီးလမ်းမှ ရွှေနန်းမြေငူ ပြည်နိဗ္ဗူသို့ နတ်လူဗြဟ္မာ သတ္တဝါကို ကောင်းစွာဆောင်ယူ ကယ်တင်တော်မူသော ဤအကြောင်းကြောင့်လည်း  သတ္ထာဒေဝမနုဿာနံ = သတ္ထာဒေဝမနုဿာနဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။

(ဗုဒ္ဓဂုဏ်တော်အဖွင့်)
၈။     သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန= ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂမည်သာ လေးသစ္စာကို ဦးစွာပိုင်ပိုင် သိမြင်နိုင်၍ သုံးဆိုင်ဝေနေ များဗိုလ်ခြေကို မသွေအတူ သိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ = ဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။

(ဘဂဝါဂုဏ်တော်အဖွင့်)
၉။      သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန= အဏုမြူသဖွယ် ပျောက်ကွယ်သိမ်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော အဏိမာ ဘုန်းတော်----
စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပါးလျင်မြန် ဈာန်ပျံကြွသွားနိုင်သော လဃိမာ ဘုန်းတော်---
ကိုယ်တော်သဏ္ဌာန် ပုံဟန်တိုင်းငြား မနှိုင်းအားဖို့ ကြီးမားလေအောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော မဟိမာ ဘုန်းတော်--
ဆီးတားကွယ်ကာ မရှိပါဘဲ လိုရာတိုင်းပေါက် တခဏလောက်ဖြင့် ကြွရောက်နိုင်သော ပတ္တိ ဘုန်းတော်---
အဆင်းအတန်တန် ပုံသဏ္ဌာန်ကို စီမံဖန်တီး တခဏတည်းဖြင့် ပြီးစီးနိုင်သော ပါကမ္မ ဘုန်းတော်--
ကိုယ်တော်မြတ်၏ စိတ်ဓါတ်တော်မှ စ၍မကြွင်း လူနတ်မင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော ဤသိတာ ဘုန်းတော်--
သမာပတ်ဈာန် အဘိညာဏ်ကို ဝင်စံလိုက တခဏချင်းပိုင် ဝင်စားနိုင်သော ဝသိတာ ဘုန်းတော်--
ကိစ္စတစ်ခု ပြုစုတုန်းပင် ပြီးဆုံးချင်သော် ဆောလျင်မသွေ ပြီးဆုံးစေနိုင်သော ယတ္ထကာမာဝသာယိတာ ဘုန်းတော်
ရှစ်ဖေါ်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ  ဣဿရိယ ဘုန်းတော်---
ကိလေသာရန် ပယ်ဖျက်လှန်ဖို့ နိဗ္ဗာန်ဖိုလ်မဂ် ကိုးချက်အပြား လောကုတ္တရာ ဟူသော ဓမ္မ ဘုန်းတော်--
ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍ ကမ္ဘာတိုက်ပေါင်း သောင်းလေကဓါတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်စောခြင်းဟူသော ယသ ဘုန်းတော်
ရွှေမျက်နာတော် လက်ခြေတော်မှ စ၍မကြွင်း ပင်လုံးဝင်းသည့် ပန်းမင်းအနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပါယ်တော်မူသော သိရီ ဘုန်းတော်-
အလိုတော်အတိုင်း တောင်းတတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် ကာမ ဘုန်းတော်---
တလောကလုံး ညွတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော ပယတ္ထ ဘုန်းတော်၊
ဤခြောက်ဖော်ဂုဏ် ဘုန်းတော်ဟုန်နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း ဘဂဝါ = ဘဂဝါ ဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။
ဧဝံ နဝဟိ ဂုဏေဟိ လောကမှိ ကိတ္တိဗျာပိတံ။
အတုလံ ဓမ္မရာဇာနံ ဝန္ဒာမိ တီဟိ သာရဒံ။
ဧဝံ နဝဟိ ဂုဏေဟိ = ဤအရဟတာ အစလာသည့် ကိုးဖြာသော ဂုဏ်တော်တို့ဖြင့်၊
လောကမှိ  = ဘဝဂ်ဆုံးအောင် ဘုံသုံးဆောင်၌၊
ကိတ္တိဗျာပိတံ = သိမ့်သိမ့်တုန်ခတ် ပဲ့တင်ထပ်မျှ နှံ့စပ်ကျော်စောတော်မူသော၊
အတုလံ = သီလခေါင်ထိ သမာဓိနှင့် ကြီးဘိပညာ လွန်ကဲသာ၍ ပြိုင်လာနှိုင်းသူ အတူလည်း ရှိတော်မမူထသော၊
ဓမ္မရာဇာနံ = သုံးဘုံမကိုဋ် သုံးတိုက်သရဖူ သုံးလူသင်းကျစ် ဓမ္မရာဇ်ထွဋ်ထား ရှင်တော်မြတ်ဘုရားကို၊
တီဟိ လက်အုပ်အဉ္ဇလီ နှုတ်သံချီလျက် ရွှင်ကြည်မနော သုံးပါးသော ဒွါရတို့ဖြင့်၊
သာရဒံ = လေးမြတ်ကြည်ညို ရိုသေခြင်းရှိသည်ဖြစ်၍၊
ဝန္ဒာမိ = ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။။။

သီတဂူဝတ်ရွတ်စဉ် စာအုပ်ငယ်မှ ကူးယူပူဇော်ပါသည်။
အားလုံးအားလုံး နှစ်သက်မှာ စိတ်ချမ်းသာကြောင်း တိုးတက်ကြောင်းဖြစ်သော
 ကောင်းမူကုသိုလ် ကိုယ်ပိုင်တရားတို့ဖြင့် ပြုံးပျော်နိုင်ကြပါစေ။
 
ရှင်အာယု (မန်းသီတဂူ)

Thursday, April 12, 2012

ကေသမုတ္တိသုတ် အနှစ်ချုပ်

အခါတစ်ပါး ဘုရားမြတ်စွာသည် နောက်လိုက် ရဟန်းသံဃာများစွာတို့ဖြင့် ကောသလတိုင်းအတွင်း   ဒေသစာရီကြွချီတော်မူစဉ် ကေသမုတ္တိအမည်ရသော ကာလာမာ ရွာကြီးသို့ရောက်ရှိခဲ့သည်။။
ရွာသူရွာသားတို့က မြတ်စွာဘုရားအားအောက်ပါအတိုင်လျှောက်ကြားခဲ့ကြပါသည်။
မြတ်စွာဘုရား အချို့သော ရဟန်းပုဏ္ဏားတို့သည် တပည့်တော်များရွာသို့ရောက်လာကြပါသည်။ ထိုအခါ ထိုရဟန်းပုဏ္ဏားတို့သည် သူတို့ကိုယ်ပိုင်အယူဝါဒကိုသာ ချီးမွန်းပြောဆိုကြပြီး သူတစ်ပါးတို့၏ အယူဝါဒကိုတော့ ကဲ့ရဲ.ပြစ်တင်ဝေဘန်ပြောကြားကြပါသည်ဘုရား။

အဘယ်သူတို့သည် မှန်သောစကားကို ဆိုပါသနည်း၊ အဘယ်သူတို့က မမှန်သောစကားကိုဆိုကြပါသနည်းဘုရား။

ထိုအခါ မြတ်စွာဘုရားရှင်က=== ကာလမရွာသားတို့ သင်တို့၏ တွေးတောခြင်းကား သင့်လျှော်ပါပေ၏။ ယုံးမှားထိုက်သော အရာဝယ် ယုံမှားခြင်းဖြစ်ပါပေသည်။
ဧတ တုမှေ ကာလာမာ မာ အနုဿဝေန၊ = ကာလာမရွာသားတို့ တစ်ဆင့်စကား ကြားကာမျှဖြင့် အတည်မယူကြကုန်လင့်။ လက်မခံကြကုန်လင့်။
မာ ပရမ္ပရာယ= အစဉ်အဆက် စကားမျှဖြင့်လည်း အတည်မယူကြကုန်လင့်၊
မာ ဣတိ ကိရာယ၊ = ဤသို့ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း အတည်မယူကြကုန်လင့်၊
မာပိဋကသမ္ပဒါနေန၊ = ကျမ်းဂန်စာပေနှင့် ညီညွတ်ခါမျှဖြင့်လည်း အတည်မယူကြကုန်လင့်၊
မာ တက္ကဟေတု၊= ကြံဆတွေးတော့ခြင်းဟူသော အကြောင်းမျှဖြင့်လည်း အတည်မယူကြကုန်လင့်၊
 မာ နယဟေတု၊ = နည်းမှီယူခြင်းဟူသော အကြောင်းမျှဖြင့်လည်း အတည်မယူကြကုန်လင့်၊
မာ အာကာရပရိဝိတက္ကေန၊ = အခြင်းအရာကို ကြံစည်ခြင်းမျှဖြင့်လည်း အတည်မယူကြကုန်လင့်၊
 မာဒိဋ္ဌိနိဇ္ဈာက္ခန္တိယာ၊= ငါတို့၏ အယူအဆနှင့်တူညီယုံမျှနှင့်လည်း အတည်မယူကြကုန်လင့်၊
 မာ ဘဗ္ဗရူပတာယ၊ =  ပုဂ္ဂိုလ်ကို လေးစားယုံကြည်ကာမျှဖြင့်လည်း အတည်မယူကြကုန်လင့်၊
မာ သမဏော နေ ဂရူတိ = ငါတို့လေးစားအပ်သော ဆရာ၏စကားဖြစ်ကာမျှနှင့်လည်း အတည်မယူကြကုန်လင့်။။
             ကာလမ ရွာသားတိုရေ ဤတရားတို့ကား အကုသိုလ်တရားဖြစ်၏။ ဤတရားတို့ကား အပြစ်နှင့်တကွဖြစ်၏။ ဤတရားတို့ကို ပညာရှိသူတော်ကောင်းတို့ကဲ့ရဲ့အပ်၏။ ဤတရားတို့ကို ပြည့်စုံစေအပ် အားထုပ်အပ်သည်ရှိသော် အစီးအပွားမဲ့ခြင်း ဆင်းရင်ခြင်းသည်ဖြစ်ကုန်၏ဟူ၍ အကြင်အခါဝယ် သင်တို့ကိုယ်တိုင်ကိုယ်ကျ သိကုန်ရာ၏။ ထိုအခါမှသာလျှင် ထိုတရားတို့ကို ပယ်စွန့််ကုန်ရာ၏။

ကာလမရွာသားတို့ရေ  ဤတရားတို့ကား ကုသိုလ်တရားတို့တည်း။ ဤတရားတို့ကား ကောင်းသောအကျိုးကိုပေးကုန်၏၊ ပညာရှိသူတော်ကောင်းသည်လည်း ချီးမွန်းအပ်ကုန်၏။ ထိုတရားတို့ကို ပြည့်စုံစေအပ် ပွားများအပ်သည်ရှိသော် အစီးအပွား ချမ်းသာသုခတို့သည်ဖြစ်ကုန်၏ ဟူ၍ သင်တို့ကိုတိုင်ကိုယ်ကျ သိသောအခါ ထိုတရားတို့ လက္ခံကျင့်သုံးလိုက်နာပါလေ။။

ကေသမုတ္တိသုတ်မှ တပည့်တော်များ နားလည် တတ်စွမ်းသမျှ ဝေငှပါသည်ဘုရား။
အမှားများတွေ့ရှိပါက တပည့်တော်အားဆုံးမတော်မူကြပါဘုရား။

 ကိုရင်အာယု (မန်းသီတဂူ)

Wednesday, April 11, 2012

ဗုဒ္ဓသာသနာ့အလံတော်

ဗုဒ္ဓသာသနာ့အလံတော်သည် မြတ်စွာဘုရား၏ ရောင်ခြည်တော်ခြောက်သွယ်ကို ဖော်ကျူးထားခြင်းဖြစ်သည်။ အမေရိကန်လူမျိုး ဗိုလ်မူးကြီး (အငြိမ်းစား) ဟင်နရီစတီးလ်အော်လ်ကော့ (ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းလာသူ)၏  စေတနာနှင့် ပညာကြောင့် ဗုဒ္ဓ၏ရောင်ခြည်တော်ခြောက်သွယ်ကို စိတ်ကူးတီထွင်ကာ ဗုဒ္ဓသာသနာ့အလံဟူ၍ (၁၈၈၅)ခုနှစ်ကတည်းက သီဟိုလ်ကျွန်း(သီရိလင်္ကာ)တွင် လွင့်ထူနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် (၁၉၅၆) (၁၃၁၈) ခုနှစ် ဆဋ္ဌသံဃာယနာတွင်ပွဲ (မဟာပါသာဏလိုဏ်ဂူ၊ ကမ္ဘာအေးကုန်းမြေ) စတင်လွင့်ထူခဲ့ပါသည်။။။။

Monday, April 9, 2012

မြင့်မြတ်သူတို့ နှလုံးသား

ပန်းတိုင်း==== စာပေတတ်မြောက်၍ အသက်ထက်ဆုံး စာပေပို့ချသွားနိုင်လျှင်ကျေနပ်သည်။

နေထိုင်လိုသောဘဝ==== အမြဲတမ်း စာပေပို့ချခြင်းဖြင့်သော်လည်းကောင်း စာကြည်ခြင်းဖြင့်သော်လည်းကောင်း အေးချမ်းစွာနေလို၏။

မက်မောမူ = =  စာချဘုန်းကြီး ရာထူးကို စင်္ကြာဝတေးမင်းရာထူးထက်ပင် မက်မော၏။

အဓိဋ္ဌာန်   = = စာပေပို့ချနိုင်သမျှ ကာလပတ်လုံး အသက်ရှည်ပါစေ။ မပို့ချနိုင်သောနေ့၌ သေရပါလို၏။ စာအုပ်ပေါ်၌ မျက်နာမှောက်၍သော်လည်းကောင်း  မျက်နာပေါ်၌ စာအုပ်မှောက်၍သော်လည်းကောင်း သေလို၏။


ပျော်ရွှင်ချိန် =  = စာဝါများမပြတ်တရပ်စပ် ပို့ချနေရသော အချိန်ဖြစ်သည်။ စာဝါရပ်နားထားရသော နွေကာလများသည် ကုန်ဆုံးနိုင်ခဲးသော ကာလများဖြစ်သည်။

စစ်ကိုင်းမြို့ မိဂဒါဝုန်ကျောင်းဆရာတော် ဒေါက်တာပဏ္ဍိတဝရာဘိဝံသ၏ စိတ်သဘောထားဖြစ်ပါသည်။
အလွန်တရာကြည်ညိုဖွယ်ကောင်းလှသောကြောင့် ဖေါ်ပြလိုက်ရပါသည်။ 
                                ကိုရင်အာယု  (မန်းသီတဂူ)


သံဃာဂုဏ်တော်(၉)ပါး

၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော = ထိုသံဃာကား ကောင်းစွာကျင့်တတ်
၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော = ဖြောင့်ကျင့်တတ်စွ
၃။  ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော = နိဗ္ဗာနသို့ ရောက်ဖို့ကျင့်ပေ
၎။ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော = ရိုသေလှစွာ ကျင့်တတ်ပါ၏
၅။ (ယဒိဒံစတ္တာရိ ပုရိသာယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသာဘဂဝတော့ သာဝကသံဃော) အာဟုနေယျော =ဝေးစွာရပ်မှ ဆောင်တတ်အလှူ ခံယူထိုက်ဘိ
၆။ ပါဟုနေယျော = ဧည့်သည်လိုငှါ လှူဖွယ်ရာကို ခံငြားထိုက်စွ
၇။ ဒက္ခိနေယျော = ဘဝနောင်ဘို့ အလှူတို့ကို ထို့တူခံထိုက်
၈။ အဉ္ဇလိကရဏီယော = နှစ်ခြိုက်မြတ်နိုး လက်အုပ်မိုးရန် ထိုက်တန်လှတောင်း
၉။ အနုတ္တရံပုညက္ခေတ္တံလောကဿ= ကောင်းမူမျိုးမျိုး စိုက်ပျိုးဖို့ရာ လယ်ယာမြတ်သွင် ဤကိုးအင်းကား မှတ်သားသံဃာ ဂုဏ်တော်တည်း။။

Sunday, April 8, 2012

သိင်္ဂါလသုတ် အနှစ်ချုပ်

ရာဇဂြိုဟ်ပြည့် မြိုပြင်တနေရာမှာ (အရှေ့ အနောက် တောင် မြောင် အထက် အောက် ) အရပ်ခြောက် မျက်နာကို ဖင်ဘူးပေါင်းထောင် ဦးချကန်တော့နေသော သိင်္ဂါလသတိုးသာ၏ လုပ်ရပ်အမှားကို အမှန်သို့ရောက်စေရန်အလို့ငှါ မြတ်စွာဘုရားရှင်းက ဟောကြားခဲ့ပါသည်။

သိင်္ဂါလရေ အမျိုးဇာတ်အားဖြင့်မြင့်မြတ်ဖြူစင်ခြင်းသို့ရောက်ပြီးတဲ့ သူတော်ကောင်းတွေဟာ
၁။ သူတစ်ပါးအသက်ကိုသတ်ခြင်း
၂။ သူတစ်ပါး၏ ဥစ္စာပစ္စည်းကို ခိုးယူခြင်း
၃။ သူတစ်ပါးသားမယားကို သွားလားခြင်း
၎။ လိမ်ငြာပြီးတော့ မုသားပြောဆိုခြင်း   ဒီ ကမ္မကိလေသ တရားလေးပါးကို ပယ်ပြီးပြီ။

သိင်္ဂါလရေ  အမျိုးဇာတ်အားဖြင့်မြင့်မြတ်ဖြူစင်ခြင်းသို့ရောက်ပြီးတဲ့ သူတော်ကောင်းတွေဟာ
၁။ (ဆန္ဒဂတိ) တစ်စုံတစ်ယောက်ကို ချစ်ခင်းကြောင့်လည်း မကောင်းမူကို မပြုတော့ဘူး။
၂။ ( ဒေါသဂတိ) တစ်စုံတစ်ယောက်ကို မုန်းခြင်းကြောင့်လည်း မကောင်းမူကို မပြုတော့ဘူး။
၃။ (မောဟဂတိ) မသိလို့လည်း မကောင်းမူကို မပြုတော့ဘူး။
၎။ (ဘယာဂတိ) ကြောက်တဲ့အတွက်ကြောင့်လည်း မကောင်းမူကို မပြုတော့ဘူး။
လောကလူသားတွေဆိုတာက အဲဒီလေးပါကြောင့် မကောင်းမူကို ပြုတတ်ကြတယ်။

သိင်္ဂါလရေ  အမျိုးဇာတ်အားဖြင့်မြင့်မြတ်ဖြူစင်ခြင်းသို့ရောက်ပြီးတဲ့ သူတော်ကောင်းတွေဟာ
၁။ မေ့လျော့ခြင်း၏ အကြောင်းဖြစ်တဲ့  သေရည် သေရက်ကို သောက်ခြင်း။
၂။ အခါမဲ့ (အချိန်မဟုတ်) သွားလာခြင်း။
၃။ မကြာခဏ ပွဲလမ်းသဘင်သို့သွားလာခြင်း။
၎။ လောင်းကစားလုပ်ခြင်း။
၅။ မသူတော်တို့နှင့် ပေါင်းသင်းခြင်း။
၆။ ပျင်းရိခြင်း။  ဒီပျက်စီးကြောင်းတရား ခြောက်ပါးကို မမှီဝဲကြတော့ဘူး။

ဘာကြောင့်လည်းဆိုတော့ အရက်သောက်ခြင်းအပြစ်က ခြောက်ပါးရှိတဲ့ အတွက်ကြောင့်ဖြစ်တယ်။
၎င်းတို့ကတော့ မှတ်ရလွယ်ဖို့ ကဗျာလေးနှင့်ပြောမယ် ------ဥစ္စာယုတ်ခြင်း ငြင်းခုံများစွာ ရောဂါထူပြော ကျော်ဇောမဲ့တုံ မလုံအင်္ဂါ ပညာနည်းရှား ဤခြောက်ပါးကား သောက်စားသေစာ အပြစ်တည်း။

သိင်္ဂါလရေ အခါမဲ့သွားလာရင်တော့ အောက်ပါအပြစ်တွေကြရောက်နိုင်တယ်။
ကိုယ်သားမယား တခြားဥစ္စာ လိုရာမဲရှောင်း မကောင်းအရာ ရွှံရှာလေအပ် ယိုးစွပ်ရောက်မှု ဆင်းရဲစု ခြောက်ခုခါမဲ့ သွားပြစ်တည်း။

ပွဲလမ်းသဘင်ကို ခုံမင်တတ်မက် နှစ်သက်နေရင်တော့ အောက်ပါအပြစ်တွေတွေ့နိုင်တယ်--
  ကခြင်းတလီ သီခြင်းတသီး မှုတ်တီးတသင်း ပြိန်ဖျင်းတအုပ် လက်ခုပ်တတည်း အိုးစည်းတစ်ဖြာ ရှိရာရှာ၍ ဥစ္စာပျက်မူ ဤခြောက်ခုကား ကြည့်ရှုသဘင် အပြစ်တည်း။
လောင်းကစားဝါသနာထုံရင်ဖြင့် အောက်ပါမကောင်းကျိုးတွေရနိုင်တယ်--

အောင်သူရန်ပွား ရှုံးသားစိုးရိမ် စည်းစိမ်းလျှော့ပါး တရာသဘင် မဝင်သက်သေ မိတ်ဆွေနိမ့်ဆို မသိုထိမ်းမြား ဤခြောက်ပါးကား ပျော်ပါးကြွေအံ အပြစ်တည်း။

သူတော်မဟုတ် သူယုတ်တွေနှင့်ပေါင်းသင်းနေရင်တော့ အောက်ပါအပြစ်တွေတွေ့လိမ့်ရမယ်--

ကြွေအန်ကြူးထ မိန်းမကြူးထွေ သေစာကြူးမှု အတုပြုငြား လှည့်စားတထောက် မျက်မှောက်လှည်ချက် နိုင်ထက်လုယူ ဤသူခြောက်ပါး မိတ်ပြစ်လားကြောင့် ပျက်ပြားမိတ်ဆွေအပြစ်တည်း။

ပျင်ရိစွာအသက်မွေးလျှင်လည်း အောက်ပါအပြစ်တွေဖြစ်လိမ့်မယ်--
အချမ်းပြင်းဝှန် အလွန်ပူနိုး မိုးချုပ်လှမော စောလှလွန်းရောင် ဆာလောင်ပြင်းပြ ဝမ်းဝလွန်းထွေ နေကပညာ မပွားရာသည် ခြောက်ဖြာ ပျင်းသူ အပြစ်တည်း။

 ပြီးတော့ သိင်္ဂါလရေ လောကကြီးမှာ မိတ်ဆွေတုလေးယောက်ဆိုတာရှိတယ်၊ သူတို့ကို ရန်သူလိုသဘောထားရမယ်။
၁။  မိတ်ဆွေရဲ.စည်းစိမ်ချမ်းသာကို ယူဆောင်သူ
၂။ အပြောသာရှိပြီးတော့ အလုပ်မရှိတဲ့သူ
၃။ မြောက်ပင့်ပြောဆိုတတ်သူ
၎။ မိတ်ဆွေ၏ အကျိုးပျက်စီးရာပျက်စီးကြောင်းလုပ်တဲ့သူ။ 

ပြီးတော့ သိင်္ဂါလရေ လောကကြီးမှာ မိတ်ဆွေကောင်း လေးယောက်လည်း ရှိလေရဲ.။
၁။ ကူညီတတ်သူ
၂။ ချမ်းသာတူ ဆင်းရဲတူ ရှိသူ
၃။ အကြံကောင်းညာဏ်ကောင်း ပေးသူ
၎။ ကိုယ်ချင်းစာ သနားတတ်သောသူ
ဒီပုဂ္ဂိုလ်လေးယောက်ကိုတော့ စိတ်ကောင်းနှလုံးကောင်းရှိသူလို မှတ်ပေတော့။
 သူတော်ကောင်းတွေကိုပေါင်းသင်း လူမိုက်တွေနှင့်ဝေးဝေးနေထိုင်ရင် စီးပွားရေးလုပ်တဲ့အခါမှာ ရလာတဲ့ ဝင်ငွေကို လေးပုံလေးစု ပြုပြီးတော့ သုံးစွဲပါလေ။
ဤလူတို့ဘောင် အိမ်ရာထောင်တို့ မရှောင်ပူချမ်း ကြိုးပမ်းဥစ္စာ ရအောင်ရှာလျှက် လေးဖြာခွဲမူ လေးဘို့ပြု၍
တစ်စုခံစား နှစ်စုအားလျှင် စီးပွားယှဉ်ရာ တစ်ခုမှာမူ လိုခါနှောင်ဘို့ မချို့ဆောင်ဘွယ် ဘဏ်ဝယ်အပ်ထား ပြုအပ်ငြား၏။

သိင်္ဂါလရေ အရပ်မျက်နာတွေကို ဆက်လက်ရမည်ဆိုက
အရှေ့အရပ်ဆိုတာ မိဘနှင့်တူတယ် မိဘလိုသဘောထားပြိးတော့ ဒီကျင့်ဝတ်တွေကိုဆောင်ရွက်ရတယ် သားသမီးတစ်ယောက်အနေနှင့်ပေါ့

၁။။။ ကြွေးမွေးမပျက် ဆောင်ရွက်စီမံ မွှေခံထိုက်စေ လူမျှဝေ၍ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ။
 လောကကြီးက တော်တော်နာလည်းရခက်တယ်ဗျ
(မိဘကိုပင် ဥစ္စာမြင်မှ ခင်မင်မြတ်လေးသားတို့မွေး၏ ပဲရွှေးမရှိဘမိတို့အား သမီးသားလည်း ထံပါးနီးရပ် မကပ်တုံလျင် ရှောင်ကြကွင်း၏)
 သိင်္ဂါလရေ အနောက်အရပ်ကတော့ သားသမီး ဇနီးမယားနှင့်တူတယ် သားသမီး ဇနီးမယားတွေလိုသဘောထားပြီးတော့ မိဘတစ်ယောက်အနေဖြင့် အောက်ပါ ကျင့်ဝတ်တွေကို လိုက်နာပါ ကျင့်သုံးပါ။
၂။။ မကောင်းမြစ်တား ကောင်းရာညွန်လတ် အတတ်သင်စေ ပေးဝေနီးရင်း ထိမ်းမြှားခြင်းလျှင် ဝတ်ငါးအင် ဖခင်မယ်တို့တာ။
လင်ယောက်ျားကောင်းတစ်ယောက်အနေနှင့် ဇနီးမယားအပေါ်မှာ အောက်ပါကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးပါ---
၃။။ မထေမဲ့ကင်း အပ်နှင်းဥစ္စာ မိစ္ဆာမမှား ဝတ်စားဆင်ယင် မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာ။

မယားတစ်ယောက်ကလည်း မိမိလင်းသားအပေါ်မှာ အောက်ပါကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးရာမှ ဖြစ်ပါတယ်----
၎။။  အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ မိစ္ဆာကြည်ရှောင် လျော်အောင်ဖြန့်ချီ ပျင်းရိမမူ ဝတ်ငါးဆူ အိမ်သူကျင့်အပ်စွာ။ 

သိင်္ဂါလရေ  တောင်အရပ်ကတော့ ဆရာသမားနှင့်တူမယ် တောင်အရပ်မှာ ဆရာသမားတွေကိုထားပြိး အရိုအသေပေးပါလေ။ တပည့်တစ်ယောက်အနေနင့် အောက်ပါ ကျင့်ဝတ်တွေကို ဖြည့်ဆီးပါလေ။
၅။။ ညီညာထကြွ ဆုံးမနာယူ လာမူကြိုဆီး ထံနီးလုပ်ကြွေး သင်တွေအံရွတ် တပည့်ဝတ် မချွတ်ငါးခုသား။

တကယ်လိုများကိုယ်က ဆရားတစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင်လည်း ဆရာကောင်းတစ်ယောက်ဖြစ်ဘို့ရန် အောက်ပါကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးပါလေ--
၆။။ အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။

သိင်္ဂါလရေ မြောက်အရပ်ကတော့ မိတ်ဆွေတွေနှင့်တူတယ် မြောက်အရပ်ကို မိတ်ဆွေလိုသဘောထားပြိးတော့ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ဘို့ အောက်ပါကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးပါလေ။
၇။။ ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား စီးပွားဆောင်ရွက် နှုတ်မြွက်ချိုသာ သစ္စာမှန်စေ ဝတ်ငါးထွေ ကျင့်လေမိတ်သဟာ။

သိင်္ဂါလရေ အထက်အရပ်ကတော့  ရဟန်းပုဏ္ဏားတွေနှင့်တူတယ် အထက်အရပ်ကို ရဟန်းပုဏ္ဏားတွေလိုသဘောထားပြီးတော့ ကောင်းမှုကုသိုလ်ကိုယ်ပိုင်တရားများ  ပြုလုပ်အားထုပ်လိုသူ ဒါယကာတစ်ယောက်အနေနှင့် အောက်ပါကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးပါလေ---
၈။။ မေတ္တာစိတ်သက် ဆောင်ရွက်ချစ်ကြင် ခင်မင်နုတ်ချို လိုလျင်ဖိတ်ထား တတ်အားလှူစေ ဝတ်ငါးထွေ ပြုလေဒါယကာ။
ပြီးတော့ ကိုယ်တိုင်က ရဟန်းပုဏ္ဏားတစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင်လည်း ရဟန်းတော်များကျင့်အပ်တဲ့ အောက်ပါ ကျင့်ဝတ်တွေကို လိုက်နာပါလေ--
၉။။ မကောင်းမြစ်တာ ကောင်းရာညွန်လစ် အသစ်ဟောကြူး နာဖူးထပ်မံ နတ်ထံတင်ရာ မေတ္တာလည်းပြု ရဟန်းမူ ခြောက်ခုလွန်သေချာ။

 အောက်အရပ်ကိုတော့ မိမိ၏ လက်အောက်ငယ်သား လိုသဘောထားပြီးတော့ အရှင်သခင်တစ်ယောက်အနေနှင့် အောက်ပါကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးပါလေ--
၁၀။။ ဝစွာကျွေးမွေး ပြုရေးစီရင် နာလျှင်ကုစေ ငှဝေရသာ အခါကိုလွှတ် အရှင်ဝတ် မချွတ်ငါးခုသား။

ပြီးတော့ လက်အောက်ငယ်သားတစ်ယောက်အနေနှင့် ကိုယ်ထက်ရာထူးကြီးတဲ့သူတွေအပေါ်မှာ အောက်ပါကျင့်ဝတ်တွေနှင့်အညီကျင့်သုံးပါလေ
၁၁။။ အိပ်သော်နောက်ကျ ထသော်ကားရှေး ပေးမှယူအပ် စေ့စပ်ဆောင်ရွက် ကျေးဇူးမြွက် ငါးချက်ကျွန်ကျင့်ရာ။

ဗုဒ္ဓမြတ်စွာဟောကြားထားသော သိင်္ဂါလသုတ်မှ ထုပ်နုတ်ကာ ဆယ်စောင်တွဲစာအုပ်ဖြင့် မိမိနားလည်းသလို တင်ဆက်အပ်ပါသည် အမှားတွေ့က  ဆုံးမတော်မူကြပါရန်--
အရှင်တို့၏ခြေတော်အစုံကို ဦးခိုက်လျက်
ကိုရင်အာယု (မန်းသီတဂူ)

(ဆွမ်းတော် ပန်းတော် ရေချမ်းတော် နံသာတော် လှူဒါန်းကပ်လှူပုံ)




အရဟတာဒိ န၀ဂုဏေဟိ အရဟံအစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်၊ သမ္ပန္နာဂတံ ပြည့်စုံတော်မှူသော၊ နာထံ လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ ကိုးကွယ်ရာတစ်ဆူဖြစ်တော်မှုသော၊ ဗုဒ္ဓံ သက်တော်ထင်ရှား သဗ္ဗညု မြတ်စွာဘုရားကိ၊ု ဥဒ္ဒိဿ ရည်ရွယ်သမှု အကြောင်းပြု၍၊ စေတီယဿ ဓါတုစေတီ ဓမ္မစေတီ ဥဒ္ဒိဿကစေတီ ပရိဘောဂစေတီတော်မြတ်အား၊ ( ၀ဏ္ဏ ဂန္ဓ ရသ သမ္ပန္နံ အဆင်း အနံ အရသာ) နှင့်ပြည့်စုံသော၊ (ဣမံ ပိဏ္ဍပါတ ခါဒနိယ ဘောဇနိယံ ဤဆွမ်းခဲ့ဖွယ်ဘောဇဉ် ချိုချဉ်အရသာ အဖြာဖြာတို့ကို ၊ ဣမံဥဒကံ ဤသောက်တော်ရေးချမ်းကို၊ ဣမံဒီပဇာလံ ဤဆီမီးအလျှံ အရောင်အဆင်းတို့ကို ၊ဣမံ အဂ္ဂိဂန္ဓံ ဤမီးမွှေးနံသာတိုင်တို့ကို) ဒေမိ နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား။ ပူဇေမိ နိဗ္ဗာန်ကိုမျော် ပူဇောပါ၏အရှင်ဘုရား။
ဣမိနာပုည ကမ္မေန ကောင်းမှုစေတနာကံကြောင်၊့ စတူဟိ အပါယေဟိ ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကယ် အပါယ်လေးရွာတို့မှ၊ ၀ိမုတွာ လွတ်မြောက်ရ၍၊ အာသ၀က္ခယံ အာသဝေါတရားလေးပါးတို.၏ ကင်ရာကုန်ရာ မြတ်နိဗ္ဗာန်ကို၊ ၀ဟံ ၀ဟန္တော မဆုတ်မယိုင် ရွက်ဆောင်နိုင်သည်၊ ဟေတု စင်စစ်မသွေ ဖြစ်ရပါလို၏ အရှင်ဘုရား။။    



ခုနှစ်နေ့ ဘုရားရှိခိုးနှင့် ဆုတောင်းအမျှဝေ


ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏
ခုနှစ်နေ့ ဘုရားရှိခိုးနှင့် ဆုတောင်းအမျှဝေ
 ကာသပတေးနေ့ ပဋိသန္ဓေယူ
၁။    သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြ၀ဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့် ၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည့်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို။

သောကြာနေ့ဖွားမြင်
၂။    သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကို။

တနင်္လာနေ့တောထွက်
၃။    ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြ ဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရိပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် ခမ်းပါကို။

ဗုဒ္ဓဟူးနေ့ဘုရားဖြစ်
၎။    တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို အလျှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြမ်းပါကို။

စနေနေ့ဓမ္မစကြာဟော
၅။    ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။

အင်္ဂါနေ့ပရိနိဗ္ဗာန်စံ
၆။    တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊  ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှမ်းဆူသောင်းလုံး ကျော်တယ်ကို။

တနင်္ဂနွေနေ့တေဇောဓာတ်လောင်
၇။    နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။



ဆုတောင်း
     ထိုခုနှစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဖျားကို၊ သုံးပါးမွန်စွာ၊ ၀န္ဒနာနှင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။

  
 အဆုံးဘ၀၊ တိုင်ပြန်ကလည်း၊ ပညာ့အရာ၊ ဘိဓမ္မာနှင့်၊ ကြေငြာကျော်ကြား၊ လူအများကို၊ တရားစည်ကြီး၊ ခြိမ့်ခြိမ့်တီး၍၊ မီးဆယ့်တစ်တန်၊ ငြိမ်းရာမှန်သည်၊ နိဗ္ဗာန်အောင်မြို့ရောက်စေသော်။

    သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ ရတနာကို၊ သဒ္ဓါရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးပါရ၊ ဤပုညကြောင့်၊ ဒိဋ္ဌမျက်မြင်၊ ဘ၀တွင်လည်း၊ ကင်းစင်အန္တရာယ်၊ ကောင်းကျိုးကြွယ်လျက်၊ ဆယ်ဖြာအညီ၊ ပါရမီနှင့် ဆယ်လီပုည၊ မြတ်ဓမ္မလည်း နိစ္စရွှင်ဖြိုး၊ နေ့စဉ်တိုးသည်၊ သက်ဇိုဝ်းကြာမြင့် ရှည်စေသောဝ်။

    ဘ၀တစ်ဖန်၊ ဖြစ်တုံပြန်လည်း၊ လေးတန်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်၊ ကင်းတုံလစ်၍ ရှင်ချစ်မြတ်စွာ၊ သာသနာလျှင်၊ ရောင်ဝါထိန်ဝင်း၊ လင်းရာတမူ၊ လူကောင်းနတ်ကောင်း၊ ဘ၀ကောင်း၌၊ ညွတ်ညောင်းသန္ဓေ၊ တိဟိတ်နေ၍၊ ဆွေလယ်မျိုးလယ်၊ တန်ခိုးကြွယ်သည်၊ လနှယ်ထွန်းတင့်ပါစေသောင်။

    အသိအလိမ္မာ၊ ဉာဏ်ပညာနှင့်၊ သဒ္ဓါသီလ၊ သုတပြည့်ဖြိုး၊ ဂုဏ်တန်ခိုးလည်း၊ အမျိုးလေးဖော်၊ သတင်းကျော်လျက်၊ သူတော်တို့ထုံး၊ ကျင့်သုံးတရား၊ အမှားမလိုက်၊ စရိုက်စင်ဖြူ၊ အလှူရေစက်၊ လက်နှင့်မကွာ၊ ရှစ်ဖြာဥပုသ်၊ မယုတ်ကြိုးစား၊ လေးပါးဗြဟ္မစိုရ်၊ ရွှန်းရွှန်းစိုသည်၊ ကုသိုလ်ကိုယ်လုံး ထုံစေသောဝ်။

    ပတ္တမြားပလ္လင်၊ ကံ့ကော်ပင်ဝယ်၊ ငါးအင်မာရ်စစ်၊ အောင်ပွဲလှစ်၍၊ ခေတ်ဇာတိလုံး၊ သိမ့်သိမ့် ချုန်းလျက်၊ ရွှေဘုန်းစိုက်ထူ၊ ပွင့်တော်မူသား၊ သုံးလူသခင်၊ မိတေးရှင်ကို၊ မျက်မြင်ဖူး၍၊ အထူးကြည်ညို၊ ဘုန်းရိပ်ခိုသည်၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်စေသောဝ်။

အမျှဝေ
     သုံးလူ့ထွက်ထား၊ မြတ်ဘုရားနှင့်၊ ရှစ်ပါးသံဃာ၊ အရိယာအား၊ ရတနာမိုး၊ ရွာသွန်းဖြိုးသို့၊ ကိုးပါးခြောက်စုံ၊ ကိုးရပ်ဂုဏ်ကို၊ အာဂုံချီးကျူး၊ နှုတ်လျှာမြူး၍၊ ကြည်နူးဆွဆွ၊ ရှိခိုးရသည့် ပုညကုသိုလ်၊ အဖို့ကိုလျှင်၊ မွေးမိခင်နှင့် ဖခင်ဆရာ၊ ဉာတကာက၊ သတ္တ၀ါအများ၊ နတ်တို့အားလည်း၊ ရငြားပါစေ၊ အမျှဝေသည်၊ ကောင်းထွေသာဓု ခေါ်စေသောဝ်။


လယ်တီဆရာတော်ဘုရားကြီး၏ သီလဂုဏ်  သမာဓိဂုဏ်  ပညာဂုဏ် ပရိယတ္တိဂုဏ် ပဋိပတ္တိဂုဏ် စသည်တို့ကို ဦးခိုက်လျှက်-----    ကိုရင်အာယု (မန်းသီတဂူ)

တရားဂုဏ်တော် (၆)ပါး

၁။ သွက္ခာတော ဘဂဝတာ ဓမ္မော = ထိုတရားကို ကိုယ်တော်ကျန စလယ်အဆုံး အားလုံးကောင်းစွာ ဟောအပ်ပါ၏။

၂။ သန္ဒိဋ္ဌိကော                        = တစ်ဖြာပိုင်ပိုင် ကိုယ်တိုင်ကိုယ်ကျ ရှုအပ်လှစွာ

၃။ အကာလိကော                   = အခါမလင့် ဖြစ်သင့်အကျိုး ပွားတိုးစေတတ်

၎။ ဧဟိပဿိကော                  = လက်ယပ်ခေါ်ကာ လာရှုပါဟု မှန်စွာဆိုထိုက်

၅။သြပနေယိကော                  = ကိုယ့်ကို၌လျှင် ဆောင်ထိုက်ဧကန် နိဗ္ဗာန်ဆောင်တတ်

၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ   = တစ်ရပ်တိတိ ပညာရှိတို့ မိမိကိုယ်မှာ သိအပ်စွာသည်။------ ခြောက်ဖြာတရားဂုဏ်တော်တည်း။

အနန္တငါးပါးဘုရားရှိခိုး


၁။ ဗုဒ္ဓဂုဏော အနန္တော အဟံ ၀န္ဒာမိ။
၂။  ဓမ္မဂုဏော အနန္တော အဟံ ၀န္ဒာမိ။
၃။ သံဃဂုဏော အနန္တော အဟံ ၀န္ဒာမိ။
၎။ မာတာပိတုဂုဏော အနန္တော အဟံ ၀န္ဒာမိ။
၅။ အာစရိယဂုဏော အနန္တော အဟံ ၀န္ဒာမိ။

၁။ ဗုဒ္ဓဂုဏော အနန္တော ဟု ကျော်ဇောထင်ရှား သုံးပါးရပ်သူ နတ်လူဗြဟ္မာ သတ္တ၀ါကို ခေမာသာခေါင် နိဗ္ဗာန်သောင်သို့ ရွှေဖောင်မဂ္ဂင် သင်္ဘောယှဉ်ဖြင့် ကယ်တင်ဆောင်ယူ ပို.တော်မှူသည် နတ်လူတို့၏ ထိပ်ပန်း ရဟန်းတို့၏ဆရာ မြတ်ဗုဒ္ဓါကို အဟံ အကျွန်ုပ်သည် ၀န္ဒာမိ ရိုသေမြတ်နိုး လက်စုံမိုး  ရှိခိုးပါ၏ အရှင်ဘုရား။။

၂။ ဓမ္မဂုဏော အနန္တော ဟု တည်သောကမ္ဘာ သတ္တ၀ါလူနတ် အထပ်ထပ်ကို လေးမြတ်ကြင်နာ အ၀ိဇ္ဇာနှင့် တဏှာ သံယော ကိလေတောမှ ဆေးကြောသုတ်သင် မြူမတင်အောင် ဆောင်ကျဉ်ပေးတတ် တရားမြတ်ကို အဟံ အကျွန်ုပ်သည် ၀န္ဒာမိ ရိုသေမြတ်နိုး လက်စုံမိုး  ရှိခိုးပါ၏ အရှင်ဘုရား။။

၃။ သံဃဂုဏော အနန္တော ဟု လောဘဒေါသ မောဟကင်းကွာ တဏှာ ကာမ ကိလေသနှင့် ရာဂအမိုက် နှစ်ကြိုက်မပျော် မမွှေ.လျော်ဘဲ ရှင်တော်ဟောကြား မြတ်တရားကို မှတ်သားကြည်ညို မဂ်ဖိုလ် နိဗ္ဗာန် ရောက်ကြောင်းမှန်သည့် မြတ်မွန်ထေရ်ကျော် သံဃာတော်ကို အဟံ အကျွန်ုပ်သည် ၀န္ဒာမိ ရိုသေမြတ်နိုး လက်စုံမိုးရှိခိုးပါ၏ အရှင်ဘုရား။။

၎။ မာတာပိတုဂုဏော အနန္တော ဟု အပြောကျယ်စွာ သံသရာဝယ် မာတာပိတ မိနင့်ဘတို ရေကြည်ကလလ တည်ဦးစက ချိုချဉ်ပူစပ် ရှင်းရှင်းပြတ်အောင် မပြတ်ယုယ မိဘတို့မာ စိုးရိမ်စွာနှင့် အစာဆိမ့်အေး နို့ချိုကြွေး၍ မွေးသည့်မိခင် ကြွေးဖခင်ကို အဟံ အကျွန်ုပ်သည် ၀န္ဒာမိ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။။

၅။ အာစရိယဂုဏော အနန္တော ဟု မိန့်ဟောအရ ကောက်ယူပြသော် နယနည်းနာ အဖြာဖြာကို လိမ္မာစေကြောင်း မေတ္တာလောင်း၍ မကောင်းကိုကျဉ် ကောင်းရာယှဉ်လျှက် နုတ်မြက်သံချို ဆုံးမဆိုသား အဟိုများစွာ သံသရာဝယ် သုံးသွယ်သောကပ် လေးရပ်အပါယ် ရှစ်သွယ်ရပ်ပြစ် ဆိုးညစ်ယုတ်မာ ပယ်စွန့်ခွါ၍ ခေမာသာခေါင် နိဗ္ဗာန်သောင်သို့ ရောက်အောင်ပြညွန် သွန်သင်ပေတတ် ဆရာမြတ်ကို အဟံ အကျွန်နုပ်သည် ၀န္ဒာမိ ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။။
 ----------------------------------------------------------------------------------------------
မည်သည်ဆရာတော်ရေးသားသည်ကို မမှတ်မိပါ။ စာရေးသူငယ်စဉ်ဘဝအိပ်ရာထဲဝယ် အမေက နုတ်တိုက်ချပေးခဲ့သောကြောင့် ရရှိခဲ့ခြင်းဖြစ်ပါသည်။ သားတို့ကိုချစ်တတ်သော ကမ္ဘာပေါ်ရှိအအမေအာလုံးကို လေးစားဦးညွတ်လျက် ---
                                               ကိုရင်အာယု (မန်းသီတဂူ)
                                                             ပဉ္စဂုဏံ အဟံဝန္ဒာမိသဗ္ဗဒါ။။။။