Wednesday, February 29, 2012

ဥစ္စာအကျိုး ဤငါးမျိုး

၁။  အသက်ရှည်ရန် ကျန်မာရန် အားခွန်ပြည့်အောင် သုံးစွဲရ။
၂။  ကျေးဇူးရှင်တွေ ပေးရပေ မသွေမေတ္တာရ။
၃။  မိသားစုအား ပေးရငြား စွမ်းအားမေတ္တာရ။
၎။  ဆွေမျိုးမိတ်ဆွေ ပေးရပေ မသွေမေတ္တာရ။
၅။  မျိုးစေ့မှန်ကန် စိုက်ပျိုးပြန် ဧကန်အတိုးရ။
ဥစ္စာအကျိုး ဤငါးမျိုး တန်ခိုးတက်လာရ။
အသုံးချပုံ အကွက်စုံ လူ့ဘုံအကောင်းရ။
                                            ယောဆရာတော်

သံဃာတော် စွမ်းရည်

အပေါင်းဗိုလ်လူ ခုရှိသူတို့
သုံးလူထွဋ်တင် ဘုရားရှင်ကို
မျက်မြင်ဒိဋ္ဌ မတွေ့ရလည်း
ဓမ္မဒေသနာ အဖြာဖြာကို
သံဃာတော်ပေါင်း အရှင်ကောင်းတို့
သံညောင်းမိန့်ခြွေ ဟောပြပေ၍
ဝေနေခပင်း မျက်စိလင်းလျက်
မယွင်းဖြောင့်တန်း နတ်ရွာလမ်းနှင့်
မဂ်လမ်းအစဉ် သိမြင်လိုက်သွား
ချမ်းသာပွား၏။။။

လေးပါးမဂ္ဂဋ္ဌာန် ဖလဋ္ဌာန်ဟု
ရှစ်တန်အရိယာ မြတ်သံဃာနှင့်
ကလျာဏမှန် သီလဝန်ထေရ်ပေါင်း
အရှင်ကောင်းတို့
ကြိုင်လောင်းပြန့််တုံ ကျေးဇူးဂုဏ်ကို
ကြည်ရုံမြတ်နိုး လက်စုံမိုး၍
ရှိခိုးပါ၏ အရှင်ဘုရား။။

ရှိခိုးကြသူ ထို့အတူပင်
စင်ဖြူမနော သဒ္ဓါဇော၏
သလောအလိုက် ကောင်းကျိုးဆိုက်၍
ရန်ခိုက်ပြေကင်း မချွတ်ယွင်းဘဲ
လက်ငင်းဒိဋ္ဌ ကောင်းကျိုးရမည်
နေ့ည ရှိခိုးသင့်ပြီကိုး ။။။။
                                      ဘာသာဋီကာ ဆရာတော်

မှတ်ချက် ။။ ဓမ္မာစရိယ စာသင်သားဘဝက သီလက္ခန်စာဝါလိုက်စဉ် လှရတနာ ဆရာတော်မှ တိုင်ပေးသဖြင် မှတ်ထားသော ကဗျာဖြစ်ပါသည်။  (အမှားရှိက ပြင်ပေးတော်မူပါဘုရား)
 ကိုရင်အာယု (မန်းသီတဂူ)

Tuesday, February 28, 2012

ချစ်လွန်းလျှင် ငိုရတတ်တယ်

ပုဏ္ဏား-- ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ခြင်းတို့သည် ချစ်ခြင်းကြောင့်ဖြစ်ကုန်၏။  ချစ်ခြင်းက စ၍ဖြစ်လာကြကုန်၏။
ပုဏ္ဏား --- ရှေးအခါက သာဝတ္ထိပြည်၌ပင် မိန်းမတစ်ယောက်သည် သူ့မိခင်သေဆုံးသဖြင့် အရူးသဖွယ်ဖြစ်ကာ လမ်းတကာ သို့လျောက်၍ ငိုကြွေးနေသည့် အဖြစ် ရှိခဲ့ဖူးသည်။ ထိုသို့ ပြင်းစွာ ပူပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏။
မိန်းမတစ်ယောက်သည်   ဖခင်ဆုံးသဖြင့်။
တစ်ယောက်သည်       မောင်ဆုံးသဖြင့်။
တစ်ယောက်သည်      ညီမဆုံးသဖြင့်။
တစ်ယောက်သည် သမီးဆုံးသဖြင့်၊
တစ်ယောက်သည် လင်ဆုံးသဖြင့်
အရူးသဖွယ်ဖြစ်ကာ လမ်းတကာသို့လျှောက်ကာ ငိုကြွေးနေသည့်အဖြစ် ရှိခဲ့ဖူးသည်။။
                                                            ပိယဇာတိကသုတ် မဇ္ဈိမ ပဏ္ဏာသ

စားမေးပွဲသတင်း

 
၂၀၁၁။ ၂၀၁၂ ပညာ သင်နှစ် သီတဂူဗုဒ္ဓတက္ကသိုလ်တို့၏ (စစ်ကိုင်း ရန်ကုန်၊ မန္တလေးတို့) နောက်ဆုံးဖိုင်နယ်စာမေးပွဲကို တပေါင်းလပြည်ကျော် (၁၀) ရက် စနေနေ့  ၁၇.၀၃.၂၀၁၂ မှစ၍  တပေါင်းလဆုတ် (၁၄) ရက် ဗုဒ္ဓဟူးနေ့ ၂၁.၀၃.၂၀၁၂ အထိကျင်းပသွားမည်ဖြစ်ပါသည်။
ရန်ကုန်မှ ဘီအေ ကျောင်းသားများသည် စစ်ကိုင်းသို့ လာရောက်ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးတာဝန်ခံများမှ တဆင့် ကြားသိရပါသည်။ (မသေချာသေးပါ)