Monday, April 16, 2012

ဘုရား၏ဂုဏ် စိတ်ဝယ်ထုံလော

(အရဟံဂုဏ်တော်အဖွင့်)
၁။      သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန = တစ်ထောင့်ငါးရာ ကိလေသာတို့ ဝါသနာဓလေ့ အထုံငွေမျှ မငွေ့မရိပ် ဝင်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း မင်းမင်းပြည်သူ ကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း၊  အရဟံ =  အရဟံ ဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။


(သမ္မာသမ္ဗုဒ္ဓဂုဏ်တော်အဖွင့်)
  ၂။      သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန = သဗ္ဗညာဏ်အား စွမ်းပကာဖြင့် များသင်္ခါရ ဝိကာရနှင့် လက္ခဏပညတ် နိဗ္ဗာန်ဓါတ်ဟု ငါးရပ်သိရန် ဉေယျဓမ်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင်သိတော်မူသော ဤအကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ = သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။


(ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အဖွင့်)
၃။     သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန = သုံးပါး၊ရှစ်ပါး၊ နှစ်မျိုးအားဖြင့် ဟောထားပညာ ဉာဏ်ဝိဇ္ဇာတည်း နိဗ္ဗာနဓါတ် အမြိုက်ရပ်သို့ ဆိုက်ကပ်ရန်ဖြင့် အမှန်သင့်သည့် ကျင့်စရဏ ဆယ့်ငါးဝနှင့် တကွဥဿုံ ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော= ဝိဇ္ဇာစရဏသမ္ပန္န ဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။

(သုဂတဂုဏ်တော်အဖွင့်)
၎။     သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန= ဒီပင်္ကရာထွတ်ချာသနင်း ခြေတော်ရင်းမှ မှန်ကင်းသီရိ ဗောဓိမဏ္ဍိုင်ခန်းဝါပိုင်အောင် ဆယ်ခိုင်ပါရမီ စုံဖြည့်ညီလျက် သုံးလီဘဝ များသတ္တ၏ သုခစီးပွား ကျင့်သောအားဖြင့် မိုက်မှားအယူ မိစ္ဆာဟူက ဆံမြူတစ်စိ မကပ်ငြိဘဲ သတိသမ္ပဇဉ် မပြတ်ယှဉ်လျက် သဗ္ဗညာဏ်တော် ရကြောင်းရော်၍ ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း။  သုဂတော= သုဂတ ဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။

(လောကဝိဒူဂုဏ်တော်အဖွင့်)
၅။     သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန= သတ္တောကာသ သင်္ခါရဟု လောကသုံးဘုံ အလုံးစုံကို အာရုံထင်စွာ ပိုင်းခြားကာဖြင့်  ကောင်းစွာကုန်စင် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း။ လောကဝိဒူ =  လောကဝိဒူ ဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။

(အနုတ္တရောပုရိသ ဒမ္မသာရထိဂုဏ်တော်အဖွင့်)
၆။    သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန= ဆုံးမသင့်ရန် သတ္တဝါမှန်သော် ခြောက်တန်လျှင်ခြောက် မြှောက်တန်မြှောက်၍ အောက်အောက်ထက်ဂုဏ် ဆင့်ဆင့်စုံဖို့ ဖုံဖုံသင်ပေး အစဉ်ဖေးလျက် ယဉ်ကျေးလေအောင် သွေးဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ = အနုတ္တရောပုရိသဒမ္မသာရထိ ဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။

(သတ္ထာဒေဝမနုဿာနဂုဏ်တော်အဖွင့်)
၇။      သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန= သတ္ထဝါဟော် ကုန်သည်ကျော်သည် ဖော်လှော်ငယ်သား နောက်ပါများကို ရေရှားဘေးခ ကန္တာရမှ ခေမမြေငူ ထုတ်ကယ်ယူသို့ ထိုတူတစိ ခဲယဉ်းဘိသည့် ဇာတိဇရာ မရဏာဟု ကန္တာကြမ်း ခရီးလမ်းမှ ရွှေနန်းမြေငူ ပြည်နိဗ္ဗူသို့ နတ်လူဗြဟ္မာ သတ္တဝါကို ကောင်းစွာဆောင်ယူ ကယ်တင်တော်မူသော ဤအကြောင်းကြောင့်လည်း  သတ္ထာဒေဝမနုဿာနံ = သတ္ထာဒေဝမနုဿာနဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။

(ဗုဒ္ဓဂုဏ်တော်အဖွင့်)
၈။     သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန= ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂမည်သာ လေးသစ္စာကို ဦးစွာပိုင်ပိုင် သိမြင်နိုင်၍ သုံးဆိုင်ဝေနေ များဗိုလ်ခြေကို မသွေအတူ သိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ = ဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။

(ဘဂဝါဂုဏ်တော်အဖွင့်)
၉။      သောဘဂဝါ = ထိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန= အဏုမြူသဖွယ် ပျောက်ကွယ်သိမ်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော အဏိမာ ဘုန်းတော်----
စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပါးလျင်မြန် ဈာန်ပျံကြွသွားနိုင်သော လဃိမာ ဘုန်းတော်---
ကိုယ်တော်သဏ္ဌာန် ပုံဟန်တိုင်းငြား မနှိုင်းအားဖို့ ကြီးမားလေအောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော မဟိမာ ဘုန်းတော်--
ဆီးတားကွယ်ကာ မရှိပါဘဲ လိုရာတိုင်းပေါက် တခဏလောက်ဖြင့် ကြွရောက်နိုင်သော ပတ္တိ ဘုန်းတော်---
အဆင်းအတန်တန် ပုံသဏ္ဌာန်ကို စီမံဖန်တီး တခဏတည်းဖြင့် ပြီးစီးနိုင်သော ပါကမ္မ ဘုန်းတော်--
ကိုယ်တော်မြတ်၏ စိတ်ဓါတ်တော်မှ စ၍မကြွင်း လူနတ်မင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော ဤသိတာ ဘုန်းတော်--
သမာပတ်ဈာန် အဘိညာဏ်ကို ဝင်စံလိုက တခဏချင်းပိုင် ဝင်စားနိုင်သော ဝသိတာ ဘုန်းတော်--
ကိစ္စတစ်ခု ပြုစုတုန်းပင် ပြီးဆုံးချင်သော် ဆောလျင်မသွေ ပြီးဆုံးစေနိုင်သော ယတ္ထကာမာဝသာယိတာ ဘုန်းတော်
ရှစ်ဖေါ်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ  ဣဿရိယ ဘုန်းတော်---
ကိလေသာရန် ပယ်ဖျက်လှန်ဖို့ နိဗ္ဗာန်ဖိုလ်မဂ် ကိုးချက်အပြား လောကုတ္တရာ ဟူသော ဓမ္မ ဘုန်းတော်--
ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍ ကမ္ဘာတိုက်ပေါင်း သောင်းလေကဓါတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်စောခြင်းဟူသော ယသ ဘုန်းတော်
ရွှေမျက်နာတော် လက်ခြေတော်မှ စ၍မကြွင်း ပင်လုံးဝင်းသည့် ပန်းမင်းအနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပါယ်တော်မူသော သိရီ ဘုန်းတော်-
အလိုတော်အတိုင်း တောင်းတတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် ကာမ ဘုန်းတော်---
တလောကလုံး ညွတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော ပယတ္ထ ဘုန်းတော်၊
ဤခြောက်ဖော်ဂုဏ် ဘုန်းတော်ဟုန်နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း ဘဂဝါ = ဘဂဝါ ဟူသောဂုဏ်တော်ကြီးဖြင့် အံချီး၍မကုန် ဗြဟ္မဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်းရှားတော်မူပါပေသည်တကား။
ဧဝံ နဝဟိ ဂုဏေဟိ လောကမှိ ကိတ္တိဗျာပိတံ။
အတုလံ ဓမ္မရာဇာနံ ဝန္ဒာမိ တီဟိ သာရဒံ။
ဧဝံ နဝဟိ ဂုဏေဟိ = ဤအရဟတာ အစလာသည့် ကိုးဖြာသော ဂုဏ်တော်တို့ဖြင့်၊
လောကမှိ  = ဘဝဂ်ဆုံးအောင် ဘုံသုံးဆောင်၌၊
ကိတ္တိဗျာပိတံ = သိမ့်သိမ့်တုန်ခတ် ပဲ့တင်ထပ်မျှ နှံ့စပ်ကျော်စောတော်မူသော၊
အတုလံ = သီလခေါင်ထိ သမာဓိနှင့် ကြီးဘိပညာ လွန်ကဲသာ၍ ပြိုင်လာနှိုင်းသူ အတူလည်း ရှိတော်မမူထသော၊
ဓမ္မရာဇာနံ = သုံးဘုံမကိုဋ် သုံးတိုက်သရဖူ သုံးလူသင်းကျစ် ဓမ္မရာဇ်ထွဋ်ထား ရှင်တော်မြတ်ဘုရားကို၊
တီဟိ လက်အုပ်အဉ္ဇလီ နှုတ်သံချီလျက် ရွှင်ကြည်မနော သုံးပါးသော ဒွါရတို့ဖြင့်၊
သာရဒံ = လေးမြတ်ကြည်ညို ရိုသေခြင်းရှိသည်ဖြစ်၍၊
ဝန္ဒာမိ = ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။။။

သီတဂူဝတ်ရွတ်စဉ် စာအုပ်ငယ်မှ ကူးယူပူဇော်ပါသည်။
အားလုံးအားလုံး နှစ်သက်မှာ စိတ်ချမ်းသာကြောင်း တိုးတက်ကြောင်းဖြစ်သော
 ကောင်းမူကုသိုလ် ကိုယ်ပိုင်တရားတို့ဖြင့် ပြုံးပျော်နိုင်ကြပါစေ။
 
ရှင်အာယု (မန်းသီတဂူ)

No comments:

Post a Comment