ဝန္ဒာမိ ဘန္တေ၊ ဝန္ဒာမိ ဘန္တေ၊ (ဘုန်းဘုန်း တပည့်တော် ဦးတင်ပါတယ်ဘုရား) ထူးဆန်းစွာဖြင့် ကလေးတစ်သိုက်၏ သံဃာတော်များအား ဦးခိုက်အရိုအသေ ပေးသောအသံတို့နှင့်အတူ ကလေးနှစ်ယောက်က ကားတစ်ခါးဝမှာ ကြိုဆိုနေပါတယ်။ ထိုကလေးနှစ်ယောက်၏ အမူအရာ နုတ်မှ ရွတ်ဆိုသော (ဝန္ဒာမိ ဘန္တေ) အသံလေးများကြားမိသည်နှင့် "အော်- ဟိုရှေးယခင် ဗုဒ္ဓသာသနာ ဒီနေရာ ဒီဒေသမှာ နေရောင်ဖြာခဲ့စဉ်က ဒီအသံလေးတို့သည် ကလေးများ၏ နုတ်စကားမှ တေးသံသာများ ဖြစ်နေမလား" ဟု တွေးမိပါတော့သည်။ ကလေးနှစ်ယောက်ကား ချစ်စရာမူဟန်လေးများဖြင့် စာရေးသူ၏ ခြေထောက်ကို သူတို့ လက်ကလေးများဖြင့်ထိကာ ထိကာဖြင့် ဦးချ အရိုအသေပေးနေကြလေပြီ။ တစ်ခြားသော ကလေးများကလည်း အခြားသော ရဟန်းတော်များကို ရပ်ဝေးမှ ပြန်လာသော ဦးကြီး ဘကြီး အကိုကြီးတို့ကို တွေရသည့်အလား ဝမ်းသာအားရ ကြိုဆိုနေပြန်သည်။ (အော် မြတ်စွာဘုရားက ဆွေမျိုးသားချင်း မတော်စပ်ဘူးသော သူဆိုတာ မရှိဘူးလို့ မိန့်ခဲ့တာဘဲလေ) သုခီတာ ဟောထ၊ သုခီတာ ဟောထ= (ချမ်းသာကြပါစေ) ဟု စားရေးသူတို့လည်း တတ်သမျှ မှတ်သမျှဖြင့် ဆုပေးခဲ့ရတော့သည်။
ထိုအရပ်သည်ကား အော်ရမ်ဂဘတ် (Aurangabad) မြို့လေးဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံ မဟာရဋ္ဌပြည်နယ် တွင်တည်ရှိသည်။ ဟိုတစ်ချိန်တစ်ခါတုန်းကတော့ ဗုဒ္ဓသာသနာ ရွှေရောင်တောက်ပခဲ့သော နေရာဒေသဖြစ်သည်။ ကျောက်တောင်တို့ဖြင့် ဝိုင်းရံပတ်ထားသော အပူပိုင်ဒေသ တစ်ခုလည်းဖြစ်သည်။ လည်းကောင်း ကျောက်တောင်များတွင်ရဟန်းသံဃာတော်များ သီတင်းသုံးသွားခဲ့သော လှိုင်ဂူကြီးများ၊ ဘုရားကျောင်းများ၊ ကျောက်လှေခါးများ၊ ကျောက်စင်္ကြန်းများ၊ ကျောက်အိပ်ခန်းများ၊ ဗုဒ္ဓဝင်များကို ချယ်မုန်းထားသော ကျောက်ပန်းပု အနုလက်ရာများကိုတွေနိုင်ပါတယ်။ သို့မှတစ်ပါး စိမ်းလမ်းသော သစ်ပင်တို့ကို မတွေရ၊ ချောက်ကပ်ကပ် ကျောက်တောင် ကြီးများသာ နေရာတစ်ကာ စိုးမိုးထားသည်။ သို့သော် ထိုအရပ်မှ ဗုဒ္ဓဘာသာ မိသားစုတို့၏ စိတ်သဘောထားတို့ကား စေတနာ မိုးရေတို့ဖြင့် စိမ်းစိုးနေသည်၊ သဒ္ဓါတရား ကျောက်ဆောင်တို့ဖြင့် ခိုင်မာနေသည်၊ ဗုဒ္ဓ၏ အမှန်တရားအတွက်ဆိုပါလျှင် အသက်ကိုပင် ပေးမည့်သူများဖြစ်သည်။
သူတို့ကို ဇာတ်နိမ့်ဆိုပြီး ဖိနိပ်ချုပ်ချယ်ခဲ့သော ဟိန္ဒူတို့ကို အံတုခဲ့ပြီ၊ အခြားသော ဘာသာတို့၏ နယ်ချဲလွမ်းမိုးမှုကိုလည်းကြံကြံခံခဲ့ပြီး။
ယခုအခါ (၀၉.၁၂.၂၀၁၂ မှ ၁၁.၁၂.၂၀၁၂ အထိ သုံးရက်တိုင်တိုင် မဟာပရိတ္တသုတ်တော်များ နာယူခြင်း
မြန်မာ သီဟိုရ် ထိုင်း အိန္ဒိယ၊ ဘင်္ဂလာဒေရှ်၊ ကမ္ဘောဒီယား နိုင်ငံများမှ သံဃာတော်များ၏
တရားတော်များကို နာယူခြင်း
အပါးသုံးရာကျော်သော သံဃားတော်များအား ဘောဇန အာဟာရတို့ဖြင့် သုံးရက်တိုင်တိုင် လုပ်ကြွေးခြင်း
နောက်ဆုံးနေ့ဝယ် သင်္ကန်း စသော လှူဖွယ်ဝတ္ထုတို့ကို လှူဒါန်းခြင်း မဟာသံဃဒါန
အစရှိသော အလှူတော်ကြီးကို ပြုလုပ်ခဲ့ကြလေပြီး။
ခြောက်ပေပတ်လည်း အခန်း နှစ်ဆယ်သော မဏ္ဍာပ်ကြီးကို ရူပီးငွေ (၁၁)သိန်းအကုန်ကျခံ တည်ဆောက်ခဲ့ကြသည်။ ပိတ်စတို့ဖြင့် မဏ္ဍာပ်ကြီးကို မိုးထားသည်။ အစိမ်းရောင်ကောဇော်တို့ဖြင့် ခင်းကျင်းထားသည်။ ဗုဒ္ဓရုပ်ပွားတော်အား ပန်းမျိုးစုံ သီသစ်မျိုးစုံတို့ဖြင့်ပူဇော်ထားသည်။ ကန့်လန့်ကာ၊ ရောင်စုံမီးတို့ဖြင့် ဝိသုကြုံနတ်သား ဖန်းဆင်းသည့်အလား ထူးခြား ကြီးကျယ်သော မဟာမဏ္ဍာပ်ကြီးဖြစ်ပေသည်။
သံဃာတော်များ တရားမဏ္ဍာပ်သို့ ပင့်ဆောင်ရာဝယ် သုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော စသည့် သံဃာ့ဂုဏ်တော်များကို စည်း ဝါး ကျနစွာ ရွတ်ဆိုပြီး ပင့်ဆောင်ကြပါတယ်။ ဒါယိကာမများမှ သံဃာတော်များ၏ ခြေတော်ကို ပန်းမျိုးစုံဖြင့် ကျဲဖြန့်ကာ ပူဇော်ကြပါတယ်။ (ဗုဒ္ဓဘာသာ ထွန်းကားသော မြန်မာနိုင်ငံမှာပင် ယခုကဲ့သို့ အပြုအမူများကို မတွေခဲ့ဘူးပါ၊ ရှိကောင်းရှိနိုင်ပါသည်။ အထက်ပါ ဓါတ်ပုံကိုကြည့်ပါ ပန်းခင်းသောလမ်းအစစ်ကို တကယ်လျှောက်ခဲ့ရပါသည်။) ပူနေးတက္ကသိုလ်မှ သံဃာတော်များအားလုံးကို ပင့်ဖိတ်ထားသော်လည်း ဗုဒ္ဓဂါယာမှ ဗုဒ္ဓဒေသနာ ရွတ်ဖတ်ပူဇော်ပွဲနှင့် တိုက်ဆိုက်နေသောကြောင့် စာရေးသူနှင့်အတူ အရှင်ဇဝန၊ အရှင်စန္ဒိမာ၊ အရှင်သီလာစာရ (သီတဂူ) အရှင်ခေမာနန္ဒ (ခရမ်း) တို့သာ ကြွရောက်နိုင်ခဲ့ကြသည်။ (တကယ်တမ်းတော့ ဒီငါးပါးသည်လည်း စာမေးပွဲရှိသောကြောင့် ဗုဒ္ဓဂါယာသို့ မသွားဖြစ်ခြင်းဖြစ်သည်။)
၎င်းမြို့လေး၌ နှစ်ညအိပ် သုံးရက် နေခဲ့သည်၊ မာတုဆာယာ ဟူသော အိမ်လေးကို ပြည်ပ သံဃာတော်များအား ယာယီ ကျောင်းအဖြစ် သီတင်းသုံးရန် လှူဒါန်းခဲ့ကြသည်။ ရေပူ ရေအေး အစုံရသော အိမ်လေးဖြစ်သည်။ အိမ်ရှင်မိသားစုများက သံဃာတော်များအား လိုလေသေးမရှိ စောင့်ရှောက်ခဲ့ကြသည်။ သိဒ္ဓတ္ထဥယျာန်ကို လိုက်ပို့ပေးသည်၊ ပန်းဥယျာန်ကြီးတစ်ခု အလယ်ဝယ် မြတ်ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ခုကို ထုလုပ် ပူဇော်ထားသည်။ တပ်မဟာကဲ့သို့ ပုံစံတူ တစ်ခုဆီလိုက်ပို့ကြသည်၊ အံသြဖွယ် အနုပညာလက်ရာတို့ကို တွေမြင်ရသည်၊ ထိုနောက် မြို့ပတ်ပတ်လယ်မှ သံဃာတော်များ သီတင်းသုံးခဲ့သော လှိုင်ဂူကြီးများကို လိုက်ပို့ကြသည်၊ ကျောက်ကမ္ဘားများဝယ် လှိုင်ခေါင်းဖောက် ကျောင်းဆောက်၊ ဘုရားတည်ကြသည်၊ ကျောက်လေးခါး ကျောက်စင်္ကြန် ကျောက်ကုတင် စုံလင်လှပေသည်။ ဂူပေါင်း နှစ်ဆယ်ကျော်ရှိသည်ဟု မြို့ခံတစ်ယောက်မှ ပြောပါသည်။ ထူးခြားသော အချက်မှာ ထိုမြို့လေးမှ ကလေးမှန်သမျှတို့သည် သံဃာတော်များအား တွေ့သည်နေရာတိုင်းဝယ် "ဝန္ဒာမိ ဘန္တေ" ဟူ၍ ရှိခိုးကြသည်များကို Aurangabad city မှ ချစ်စရာ့ တေးသံများ ဟု၍ ဝမ်းသာအားရ မှတ်တမ်းတင်မိတော့သည်။
ကိုရင်အာယု (မန်းသီတဂူ)

No comments:
Post a Comment