Saturday, April 6, 2013

ရန်လိုလျှင် ရန်ပိုတတ်၍ ရန်မလိုမှ ရန်ပြိုသည်။

ရန်လိုလျှင် ရန်ပိုတတ်၍ ရန်မလိုမှ ရန်ပြိုသည်။

ဤစကားသည် ဘုရားရှင်ဟောကြားခဲ့သော စကားတော်ပင်ဖြစ်သည်။

န ဟိ ဝေရေန ဝေရာနိ၊ 
သမ္မန္တီဓ ကုဒါစနံ။ 
အဝေရေနစ သမ္မန္တိ၊
ဧသ ဓမ္မော သနန္တနော။
မြန်မာပြန် "ဤလောက၌ ရန်တို့သည် ရန်တုံ့မူသဖြင့် ဘယ်သောအခါမှ မငြိမ်းကုန်၊ ရန်မတုံ့မူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏။ ဤသဘောတရားသည် ရှေးသူဟောင်းတို့၏ သဘောတရားပေတည်း" ဟု ဟောတော်မူခဲ့သည်။

မှတ်ချက်- ဤစကားသည် - ကမ္ဘာကျော် လူကြိုက်များသော စကားတစ်ခု ဖြစ်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

     ဘုရားရှင်က ဆက်လက်၍ ရှေးအခါက ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်အမည်ရှိသော ကာသိမင်းတစ်ပါးရှိ၏။ ထိုမင်းကား ချမ်းသာကြွယ်ဝ၏။ များသောစစ်သည် ဗိုလ်ပါလည်း ရှိ၏။ ဒီဃီတိ အမည်ရှိသော ကောသလမင်းကား ဆင်းရဲ၍ နည်းသောဥစ္စာရှိ၏။ နည်းသော စစ်သည်ရှိ၏။ ဗြဟ္မဒတ် ကာသိမင်းသည် ဒီဃီတိကောသလမင်းနှင့် တိုင်းပြည်အားသိမ်းပိုက်ရန် စစ်ပြင်ဆင်စေသည်ကို ဒီဃီတိကောသလမင်းကြီး ကြားသိလတ်သော် မယှဉ်ပြိုင်နိုင်သည်ဖြစ်၍ ဗာရာဏသီပြည် အစွန်အဖျား၌ တိမ်းရှောင်ကာနေရ၏။
       ထိုစဉ် ဒီဃီတိကောသမင်းကြီး၏ မိဖုရားကြီးသည် သားတစ်ယောက်ဖွားလေသည်။ ဒီဃာဝု အမည်ရသည်။ ထိုသူငယ် အရွယ်ရောက်လတ်သော် ကာသိမင်း၏ ဘေးရန်မှ ကြောက်၍ ဒီဃာဝုအားမြို့ပြင်၌ နေစေပြီး အတတ်မျိုးစုံကို သင်စေရာ မကြာမီပင် အတတ်မျိုးစုံ တတ်မြောက်လေသည်။
         ဒီဃာဝုမင်းသားသည် အမိအဖတို့အား မတွေ့ရသည်မှာ ကြာပြီးဖြစ်၍ ဗာရာဏသီပြည်သို့ ဝင်စဉ် ကြိုးဖြင့်လက်ပြန်တုပ်နှောင်လျက် ခေါင်းတုံးရိတ်ပြီးလျှင် ပြင်းစွာမြည်သော ထက်စည်ကိုတီးကာ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့၊ လမ်းစုံတစ်ခုမှ လမ်းစုံတစ်သို့ ဆွဲရုံးဆောင်ယူလာသော သွေးများအလိမ်းလိမ်း ပေကျံနေသော အမိအဖတို့အား တွေမြင် လိုက်ရသည် ဖြစ်၍ စိတ်အလွန်ထိခိုက်သွားသည်။ တစ်စုံတစ်ခု စိတ်တွင်ခံစားရကာ မျက်ရည်ဝဲလျက် အံကိုကြိတ်ထားသည်။
    လူအုပ်ကြားတွင် ရှိနေသော သားဖြစ်သူကို ဖခင်ဖြစ်သော ဒီဃီတိကောသလမင်းကြီးသည် သေသေချာချာ မြင်လိုက်ရသည်ဖြစ်၍ နောက်ဆုံးဖခင်၏ အမွေလည်းဖြစ် နောက်ဆုံး စကားလည်းဖြစ်၍ သားဖြစ်သူ ဒီဃာဝုအား အရေးတကြီးမှာကြားစရာ အလွန်အဖိုးတန်သော စကားသုံးခွန်းကို မှာကြားခဲ့သည်။။
             ဒီဃာဝုသည် သေဆုံးခဲ့ပြီဖြစ်သော မိဘတို့အား မိးသဂြိုဟ်ပြီး လက်အုပ်ချီကာ ကန်တော့ခဲ့သည်။ ဆင်းထိန်းအကူအညီဖြင့် ရှင်ဘုရင်ထံ ဆည်းကပ်ခွင့်ရသည်၊ ကာသိမင်းသည် ဒီဃာဝုကိုခေါ်ဆောင်ကာ ရထားဖြင့် သမင်လိုက်ရန် သမင်တောသို့ သွားခဲ့၏။ ဒီဃာဝုသည် ရထားကို အခြား စစ်သည်များ လမ်းသို့ မလိုက်ပဲ နောက်လမ်းတစ်ခုသို့ မောင်းနှင်ခဲ့သည်။ ကာသိမင်းသည် အဝေးသို့ရောက်သော် ရထားကို ရပ်နားစေကာ ပင်ပန်းလှသည်ဖြစ်၍ ဒီဃာဝု၏ ရင်ခွင်ထဲ၌ အိပ်စက်နားနေခဲ့၏။
       ဒီဃာဝုသည် လက်စားခေရန်အတွက် စောင်ဆိုင်းခဲ့သည်မှာ အသင့်တော်ဆုံး အချိန်သို့ ရောက်ခဲ့လေပြီတည်း။  သူသည် ရင်ခွင်ထက်၌ အိမ်မောကျနေသည့် ကာသိမင်းအား သတ်ရန် သန်လျက်အိမ်မှ သန်လျက်ကို ထုတ်လိုက် သွင်းလိုက် ပြုလုပ်နေသည်မှာ သုံးကြိမ်ပင်ရှိခဲ့၏။ ဖခင် မှာကြားခဲ့သော အသံကို ကြားယောင်နေသောကြောင့်ပင်ဖြစ်သည်။ 
     ထိုအဖြစ်ကို အိပ်မောကျနေသော ကာသိမင်းလည်း အိပ်မက်ထဲ၌ ငါ့ကို ဒီဃီတိမည်သော ကောသလမင်းကြီး၏ သားဖြစ်သော  ဒီဃာဝုမင်းသားက သန်လျက်ဖြင့် လိုက်သောကြောင့် ပြေးရသည်ဟု မြင်မက်သည်။ ထိုကြောင့်ပင် ကြောက်ရွှံထိတ်လန့်စွာဖြင့် အဆောတလျင်နိုးထ၏။
     ထိုစဉ် ဒီဃာဝုမင်းသားက ကာသိမင်းကြီး၏ ဦးခေါင်းကို ဝဲလက်ဖြင့်ကိုင်၍ လက်ျာလက်ဖြင့် သန်လျက်ကိုကိုင်ကာ ကာသိမင်းကြီးကို "အရှင်မင်းကြီး ဒီဃီတိ အမည်ရှိသော ကောသလမင်း၏ သားဖြစ်သော ဒီဃာဝုမင်းသားသည်ကား ငါပင်တည်း၊ သင်သည် ငါတို့၏ အကျိုးမဲ့ကို များစွာပြု၏၊ သင်သည် ငါ၏ အမိအဖတို့ကိုလည်း သတ်၏၊ စည်းစိမ် ဥစ္စာ တို့ကိုလည်း လုယူဖျက်ဆီး၏၊ ယခုအခါသည်ကား ငါ ရန်တုံ့မူရမည့်အခါတည်း" ဟု ပြောဆိုသည်။ 
  သို့သော်လည်း ကာသိမင်းနှင့် ဒီဃာဝုတို့ အပြန်အလှန် ရန်တုံ့မမူကြရန် ကတိသစ္စာပြုကာ ငြိမ်းချမ်းရေးယူခဲ့ပြီး ကာသိမင်းသည် ဒီဃာဝု၏ ဖခင်မှာခဲ့သော စကားသုံးခွန်း၏ အဓိပ္ပါယ်ကို မေးသည်ရှိသော်-------

ဒီဃာဝုမင်းသားက--
(၁) "အရှည်ကို မကြည့်လင့်" ဟူသော စကား၏ အဓိပ္ပါယ်မှာ--
"ရှည်မြင့်စွာ ရန်ကို မပြုလင့်" ဟု ဆိုလိုပါသည်။
(၂) "အတိုကိုလည်း မကြည့်လင့်" ဟူသော စကား၏ အဓိပ္ပါယ်မှာ--
"အဆွေခင်ပွန်းတို့နှင့် လျင်မြန်စွာ မိတ်မပျက်စေလင့်" ဟု ဆိုလိုပါသည်။
(၃) "ရန်တုံမူသဖြင့် ရန်တို့မငြိမ်းကုန် ရန်တုံ့မမူမှသာ ရန်တို့သည် ငြိမ်းကုန်၏" ဟု မှာထားခဲ့သော စကားသည်ကား-- "အရှင်မင်းကြီးသည် ကျွန်ုပ်၏ မိဘတို့ကို သတ်၍၊ ကျွန်ုပ်သည် အရှင်းမင်းကြီးကို တစ်ဖန်ပြန်၍ သတ်ငြားအံ့၊ သင်မင်းကြီး၏ အကျိုးကို အလိုရှိသောသူတို့က ကျွန်ုပ်အား ပြန်လည်း၍ သတ်ရာ၏၊ ကျွန်ုပ်၏ အကျိုးကို အလိုရှိသော သူတို့က တစ်ဖန် ထိုသူတို့ကို ပြန်လည်းသတ်ကုန်ရာ၏။ ဤသို့သတ်သည်ရှိသော် ထိုရန်တို့သည် မငြိမ်းနိုင်ကုန်ရာ" ဟု ပြောကြားလေသည်။။။။
               ထိုသို့လျောက်ထားချက်ကို သဘောကျသော ကာသိမင်းသည် "ဤဒီဃာဝုမင်းသားသည် အလွန်ပညာရှိ၏၊ အဖ မှာခဲ့သော အကျဉ်းချုပ်စကား၏ အဓိပ္ပါယ်ကို အကျယ်အားဖြင့်သိပေ၏" ဟု ဝမ်းသာစွာဖြင့် ဒီဃာဝုအဖေပိုင်ဆိုင်ခဲ့သော တိုင်းပြည်နှင့် ဥစ္စာပစ္စည်းအားလုံးကို ပြည်လည်းပေးရုံမျှမက သမိးတော်နှင့် ထိမ်းမြားကာ လက်ဆက်ခဲ့၍ နောင်တွင် နှစ်ပြည်ထောင်လုံးကို အုပ်စိုးရသော မင်မြတ်တစ်ပါးပင် ဖြစ်လာရသည်။
                ထိုသို့ဖြစ်ရခြင်းသည် ဒေါသ အာဃာတဖြင့် တုံ့ပြန်ရမည့်အချိန်၌ အောင်နိုင်ရန် အလွန်ခက်ခဲ့လှသည့် ဒေါသကို အောင်နိုင်ခြင်း၏ အမှတ်လက္ခဏာအဖြစ် နှလုံးသားတစ်ခွင် စိတ်အစဉ်ဝယ် အေးမြကြည်လင်သော မေတ္တာရေစင်တို့ တသွင်သွင် စီးဆင်းနိုင်ခြင်း၏ အကျိုးတရားပင်ဖြစ်သည်။ 
                    ထို့ကြောင့်  "ရန်မလိုမှ ရန်ပြိုသည်"
ပဋ္ဌာန်းအလင်းရောင် ဆရာတော်
ဝိဇယသိင်္ဂီကျောင်းနာယက 
ပါဠိတက္ကသိုလ် ညောင်တုန်းတိုက်
ဗဟန်း ရန်ကုန်


ကျမ်းကိုး = ဝိနည်းမဟာဝဂ်
            =  ဇာတက နဝက နိပါတ်
            =ဓမ္မပဒအဋ္ဌကထာ




No comments:

Post a Comment