Thursday, May 23, 2013

စိတ်ကြည်လင်မှ တောင်းဆုပြည့်ပါသည်။ (ဖြစ်ရပ်မှန်ကို တင်ပြသည်)


(((အတိတ်၏ ခြေရာများ)))
ကဆုန်လပြည့် ဗုဒ္ဓနေ့ ရောက်တော့ ရွှေတိဂုံဘုရားကြီးကို သတိရမိသည်။ ကိုရင်ဘဝ ငယ်စဉ်က အတိတ်ရဲ. အရိပ်ပေါင်းများစွာ ဗဟန်းအရှေ့မုခ်မှာ ရှိခဲ့သည်။ ဥပုသ်နေ့ ကျောင်းပိတ်တော့ ရွှေတိဂုံဘုရားဖူးပြီး၊ ဗဟန်းဈေးကို တစ်ပါတ်လောက် ပတ်လိုက်ရမှ အိပ်ပျော်သယောင်ရှိခဲ့သည်။ ရွှေတိဂုံ အရှေ့မုခ် ဆိုသည်မှာ အံ့ဖွယ်တစ်ခုပင်ဖြစ်သည်၊ မြန်မာနိုင်ငံမှ တိုင်းရင်းသားပေါင်းစုံကို တွေ့မြင်နိုင်သည်။ အထူးသဖြင့် မွန်၊ ရခိုင်၊ ကရင်လူမျိုးများကို နေ့စဉ်နေ့တိုင်းတွေ့နိုင်သည်။ အာဇာနည်လမ်းတွင် ရခိုင်ဓမ္မာရုံရှိသောကြောင့် ရခိုင်တိုင်ရင်းသားတို့၏ ရိုးရာ တေးဂီတ သင်ကြား လေ့ကျင့်တီခတ်သံတို့ကို လမ်းလျောက်ရင်ကြားနိုင်သည်။ ဗဟန်းသုံးလမ်းဘက် လမ်းလျေက်ကြည့်ပါက ရှမ်း၊ ပအိုဝ် တိုင်းရင်သားတို့ကိုတွေ့နိုင်သည်။ ရှမ်းခေါက်ဆွဲဆိုင်များလည်း အများအပြားရှိသည်။ ခြင်္သေ့ကြီး နှစ်ကောင်းအနီးတွင် လက်ဘက်ခြောက်ရောင်းနေသော ရောင်စုံဝတ်ရုံကြီးများနှင့် ပလောင်အမျိုးသမီးကြီးများကို တွေရပြန်သည်။ မွန်တိုင်းရင်းသားတို့ကိုမှု ရေတာရှည်လမ်းသစ်တစ်လျောက်တွင် မွန်တို့ဌာနေ ရာမညတိုင် ဟုပင် ထင်မှတ်မှားနိုင်ပေသည်။ ဒီလို့နှင့် ဗဟန်းမှာ ဆယ်နှစ်ဟူသော အတိတ်တို့သည် ဘယ်မှာ မေ့ပျောက်နိုင်တော့အံ့နည်း။ ကဆုန်လပြည့်နေ့ ဆိုလျင် ဘုရားရင်ပြင်တော် အပြည့် သူတော်ကောင်းများ ညောင်ရေလောင်းကြတော့မည်။ မွန် ရခိုင် ကရင်တိုင်းရင်းသားတို့ ဝတ်စုံပြည် ညောင်းရည်လောင်းကြမည်။ အိုးစည် ဗုံမောင်း ချိန့်ချိန့်ညောင်းတော့မည်။ သည်သို့ သည်နှယ် အတိတ်ပုံရိပ်တို့အား ဝေးတမြေကနေ တူးဆွရင်×××××××
မနှစ်က ဒီလို့အချိန် ဒီနေ့မှာ ဘာတွေများ လုပ်နေမိပါလိမ့်။ မိမိအကြောင်း မိမိပြန်တွေးမိတော့သည်။
===========================
((((စိတ်၏သဘော))))
မန္တလေးတောင်ခြေ သီတဂူဗုဒ္ဓတက္ကသိုလ်ကြီး၏ ပညာသင်နှစ် တာဝန်တွေပြီးဆုံး၊တက္ကသိုလ်ကြီး ခေတ္တအနားယူချိန် (အနားယူချိန်ဆိုသော်လည်း ဦးတိလောက MA ကတော့ အနားမယူ အင်္ဂလိပ်စာသင်တန်းတွေဖွင့်နေဆဲ) မြွေရပ်ဌာနေ ဇာတိရွာလေးသို့ ပြန်ရောက်ခဲ့သည်။ အချို့သူငယ်ချင်းများ သီဟိုရ်သို့၊ တစ်ချို့က အိန္ဒိယသို့၊ MA ဘွဲ့အတွက်ပညာသင်သွားကြသည်။
သူများတွေ သွားတော့ သွားခြင်သည်၊ နိုင်ငံခြားပညာသင်ပိုးသည် သီတဂူ မရောက်ခင် ဓမ္မာစရိယ အောင်ကတည်းက ရှိခဲ့သည်။ အားမတန် မာန်လျှောခဲ့ခြင်းသာဖြစ်သည်။ သို့သော် တစ်နေ့နေ့ ဖြစ်ရမည်ဟု စိတ်အစဉ်ဝယ် အမြဲပွားများခဲ့ဘူးသည်။ သူများ MA ဆိုလျှင် ကိုလည်း MA လိုက်ခြင်သည်။ ခင်ဗျားကြီးတို့က နိုင်ငံခြား MA ဆိုတော့၊ ကျုပ်ကလည်း သီတဂူ BA ဗျ၊ ခပ်တည်တည်နေခဲ့သည်။ (ဒါကိုပင် အဘိဓမ္မာသဘောအရ မာန ဟုဆိုပါသည်၊ တရားထူးမရနိုင်ပါ)။
ရိုးရိုးသားသားပြောရပါမူ နိုင်ငံခြားသွားဘို့ရန် ပိုက်ဆံမရှိသောကြောင့် မသွားနိုင်ခြင်း၊ နိုင်ငံခြားသို့ ပညာသင်သွားလိုသည် ပိုက်ဆံပေးပါဟု ရဟန်းဒကာ ရဟန်းအမတို့အား မပြောရဲသော၊ မပြတ်သားသောစိတ် ကျွန်ုပ်၏ သန္တာန်ဝယ် တည်ရှိခြင်း၊ နိုင်ငံခြားမှ MA ယူခါ ပြန်လာသော သူငယ်ချင်းများကို မနာလို့ ဝန်တို့ဖြစ်ခြင်းတို့သာဖြစ်သည်။ ကျုပ်၏ အသုံးမကျသော စိတ်ဓါတ်တို့အား ပြောပြမိလေပြီးကော။ သည်လို့နှင့် နွေရာသီ ရွာပြန်ရောက်ခဲ့သည် ဆိုပါစို့။
============================
((((တောင်းဆုချွေခဲ့ပြီး))))
ကျွန်ုပ်၏ ရွာလေးသည်။ စစ်ကိုင်းတိုင်း အထက်ပိုင်း ချင်တွင်းမြစ် အရှေဘက်ကမ်း ခုနှစ်မိုင်အကွာ ဆီးဖြူတောင်တန်းကြီးများ၏ အကြားဝယ်တည်ရှိပါသည်၊ ကျွန်း ကညင် အင် စသော သစ်ကြီး ဝါးကြီးတို့ ပေါများ၏၊ သို့သော် ပိုက်ဆံရှားပါသည်။ လယ်လုပ် ထင်းခုတ် ပြီး အပူပင်ကင်းစွာ နေထိုင်ကြသည်။ ရွာမှ ငယ်ဆရာက ကျောင်းဆောင်များ ပြုပြင်ဆောက်လုပ်နေသဖြင့် ဘုရားစေတီဘက်ကို အလှည့်မပေးနိုင်ဖြစ်နေသည်။ စေတီကြီးမှာ (ကျွန်ုပ်ရွာမှ အကြီးဆုံးနှင့် တစ်ဆူတည်သော စေတီ) ထုံးသင်္ကန်တို့မရှိ မွဲခြောက်ခြောက်ဖြစ်နေတော့သည်။ ရွှေတိဂုံစေတီတော်ကို အမြဲဖူးခဲ့သူ ကျွန်ုပ်အဖို့ အဘယ်မှာ စိတ်ချမ်းမြေ့နိုင်ပါမည်နည်း။ ဆရာတော် အလှည့်မပေးနိုင်သည်ကို၊ အခွင့်ကောင်းယူကာ စေတီတော်ကို ထုံးသင်္ကန်ကပ်လှူလိုပါသည်ဟု၊ ဆရာတော်အားလျောက်ကြားပြီးသကာလ၊ ဂေါပက အဖွဲ့သို့ အလှူငွေ တစ်သိန်း (မန်းသီတဂူ တာဝန်ထမ်းဆောင်စဉ် ဆွမ်းစားကွမ်းစားများမှ စုထားသောဝတ္ထုတို့ဖြစ်ပါသည်၊ တစ်နှစ်လုံးစု သုံးသိန်းမပြည့်ခဲ့ပါ) လှူဒါန်းပြီး၊ မနက်ဖန် ထုံးသင်္ကန်ကပ်ပေးပါဟု တောင်းဆိုရပါသည်။ ရွာမှ ညီငယ် ညီမငယ်များက ဝိုင်းဝန်းပြီး သန့်ရှင်းရေးလုပ်၊ ထုံးသင်္ကန်ကပ်လှူပြီးသောအခါ၊ ပုံမှာ ဖူးမြင်ရသည့်အတိုင်း အလွန်သပ္ပါယ်လှတော့သည်။ ညီငယ် မောင်ဝင်းထွန်းမှ (ဦးဇင်း လပြည့်နေမှာ ဘိုးအိုး ဖွားအိုးတွေကို ထမင်းကြွေးမည် တပည့်တော်တို့ မောင်နှမတွေ လှူမယ်၊ ဦးဇင်းက ဘုရားကို ထုံးသင်္ကန်ကပ်တာဆိုတော့ တပည့်တော်တို့က ဆွမ်းလှူမာပေါ့၊ ပြီးတော့ အဖေ အမေတို့ကို အမျှအတန်းပေးဝေကြရအောင်) ဟု ပြောဆိုလေသည်။ ဘိုးအို ဖွားအို တို့အား ကြွေးမွေးခြင်း၊ အမျှအတန်းဝေခြင်းများ ပြုလုပ်ပြီးသော ကဆုန်လပြည့်နေ့ မနက် ကိုးနာရီခန့်အချိန် စေတီရင်ပြင်ဝယ် ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို လမ်းလျောက်ရင် ရွတ်ဖတ်ပူဇော်နေမိသည်။ ထိုစဉ်အခိုက် ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း အလွန်ကြည်လင်ခဲ့သည်ဟု ဆိုခြင်းပါသည်။ ဆုတောင်းခဲ့မိသည် """"""အရှင်ဘုရား ဖြစ်လေရာရာ သံသရာမှာ တပည့်တော်ဖြစ်ခြင်သော၊ ဖြစ်လိုသော၊ ဘဝတိုးတက်ရေး အတွက် ကောင်းမြတ်သော ဆန္ဒတွေ ပြည့်ဝရပါလို၏ဘုရား၊ ဘုရားတပည့်တော် ဆန္ဒတွေ မပြည့်ဝခဲ့လျှင်သော်မှ၊ ဘုရားတပည့်တော်၏ ညီအကို မောင်နှမများ စိတ်ချမ်းသာစွာ ဆန္ဒပြည့်နိုင်ပါစေဘုရား""""" အဘယ်ကြောင့် ဤသို့ ဆန္ဒပြုရသနည်းဟူမူ၊ ကျွန်ုပ်၏ ညီငယ်သည် (အမအပျိုးကြီးနှင့် ညီမငယ်ကို ငဲ့ကာ အိမ်ထောင်မပြုဘဲ လူပျိုကြီးလုပ်နေသူ ၊ အဖေ အမေတို့ မရှိကြတော့ပါ) ကျွန်ုပ်အား နိုင်ငံခြား ပညာသင်စရိတ်ကို ထောက်ပံ့လှူဒါန်းလိုသူဖြစ်သည်၊ သို့သော် သူပိုင်ဆိုင်သော မိဘလက်ရင်း လယ်ယာ ဆယ်တစ် ဧက ကျော်နှင့် နွားခြောက်ကောင်းအား ရောင်းချသော်မှ ဒေသပေါက်ဈေးအရ သိန်း (၃၀) မပြည့်နိုင်ပေ။ အဘယ်သို့လျှင် ကျွန်ုပ်ညီလေး၏ ဆန္ဒပြည့်ဝနိုင်ပါအံ့နည်း။
====================
(((တောင်းဆုတစ်ခု ပြည့်ခဲ့ပြီ)))

မိုးဦးပေါက်လို့ သလ္လာဝတီ ချင်းတွင်မြစ်ကြီးလည်း ပြန်လည်နိုးထလာပြန်သည်၊ ကျွန်ုပ်လည်း တာဝန်ထမ်းဆောင်ရန် မန်းသီတူဂူသို့ ပြန်လည်ချီတက်ခဲ့ရပြန်ချေပြီး။ ကျောင်းသားသစ်များ လက္ခံခြင်းအလုပ်ကို မန္တလေးသီတဂူ လက်ထောက်တာဝန်ခံဆရာတော် ဦးကာရုည MA (အာလုံးအတွက် အနှစ်နာခံသူ) မှ တာဝန်ယူ လုပ်ကိုင်းနေသဖြင့် ထွေထွေထူးထူး လုပ်စရာမရှိ၊ တောင်ပေါ်လမ်းလျောက်လိုက်၊ အင်တာနက်သုံးလိုက်ဖြင့်သာ အချိန်ကုန်ခဲ့သည်။ ထို့ကြောင့်ပင် ဝါမဆိုခင်၊ တာဝန်တွေ မလာခင်၊ ဦးပဇ္ဈာယ် ဆရာတော်ဖြစ်သော ယောဆရာတော်ကြီးကို ဖူးမြင်ရန်နှင့် ရဟန်းဒကာ၊ ရဟန်းအမများအားတွေ့ဆုံရန် ရန်ကုန်သို့ ဆင်းခဲ့သည်။ ရန်ကုန်ရောက်ပြီး သုံးရက်မြောက်နေ့ ဘယ်တော့မှ ဖူးမြင်လို့ မဝသော ရွှေတိဂုံ စေတီတော်ကြီးကို ပဋ္ဌာန်ရွတ်ဖတ် ပူဇော်ပြီး၊ အာဇာနည်လမ်း သွေးဆေးကန်းလမ်းကြားမှ တဆင့် ရေတာရှည် လမ်းသစ်သို့ အရောက်တွင် ဖုံးမြည်လာသည်၊ မန်းတလေးသီတဂူ တာဝန်ခံဆရာတော်၏ ဖုံး "(ဟလို-- ဦးအာယုလား -- တပည့်တော်ယခု ပညာရေးအစီအဝေးပွဲရှိလို့ စစ်ကိုင်း သီတဂူရောက်နေတယ်၊ အဲဒါ သီတဂူဆရာတော်ကြီးက ဦးသုစိတ္တ (ရန်ကုန်သီတဂူ) နှင့် တပည့်တော်ကို အိန္ဒိယပညာတော်သင် စကောလားရှစ်ပေးတယ်၊ တပည့်တော်တော့ မသွားလိုဘူး၊ အရှင်ဘုရားသွားမလား၊ သွားမယ်ဆို စရင်ထည့်လိုက်တော့မယ်)" ဟု မိန့်လေသည်။ အံအားသင့်စွာဖြင့် ("မှန်ပါ့") ဟု တစ်လုံးတည်သာ ပြောလိုက်မိသည်။ စကောလာရှစ် ဆိုပါလား----- ကျွန်ုသည် သီတဂူဆရာတော်ကြီးအနားသို့ မပေါက် မရောက် အညတြရ တစ်ယောက်သာဖြစ်ခဲ့သည်။ အထူးအဆန်းတော့ မဟုတ်ပါပေ၊ လမင်းကြီး၏ ဘေးဝယ် PhD, MA ဂုဏ်တို့ဖြင့် တောက်ပသော ကြယ်များစွာ အမြဲဝိုင်းရံနေခဲ့သည်။ မတောက်ပခဲ့ပေမဲ့ ကျရာတာဝန်ကိုတော့ ကျေပွန်စွာဖြင့် ပိုးစုန်းကြူးအလား ကိုယ်ပိုင် အလင်းနှင့် ကိုယ်ပိုင်းအားနှင့် ထမ်းဆောင်ခဲ့ပါသည်။ သီတဂူသို့ လာကတည်းက ဆရာတော်ကြီး၏ သာသနာ့အကျိုးပြု၊ နိုင်ငံနှင့် လူမျိုးအကျိုးပြု လုပ်ငန်းများဝယ် ကျရာတာဝန်မှ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် မိမိကိုယ့်မိမိ ခံယူခဲ့သည်။ မိမိကိုယ်တိုင်းလည်း လမင်းကြီးအနားက နာမည်မရှိတဲ့ ကြယ်တစ်လုံးအဖြစ်ကို ဂုဏ်ယူခဲ့သည်။
ယခုအခါဝယ် ဘဝဘဝက ပြုခဲ့သော ကောင်းမူတို့၏ အကျိုးကို ခံစားနေပါပြီး၊ အထူးသဖြင့် ယမန်နှစ်က ရွာဦးစေတီကို ထုံးသင်္ကန်း ကပ်လှူခဲ့သော စေတနာ၏ အထောက်အပံ့ကြောင့် သီတဂူ အဓိပတိ ဆရာတော်ကြီး၏ ပညာရေးအထူးစီမံကိန်းဝယ် သီတဂူသံဃာ့ ဝန်ဆောင်ဆရာတော်များနှင့် သီတဂူပညာရေးတာဝန်ခံဆရာတော်များမှ ပေးအပ်သော စကောလာရှစ်ကို ရရှိပြီး၊ ဓမ္မာစရိယပြီးကတည်းက ရည်မှန်းခဲ့ဘူးသော၊ အခြေအနေ အကြောင်းကြောင်းကြောင့် မရောက်ခဲ့ရသော၊ နိုင်ငံခြားပညာသင် ကိစ္စကြီးကို အကောင်းအထည် ဖေါ်နိုင်ပါပြီး။
ကျွန်ုပ်၏ ညီလေးသည်လည်း သူ၏အစ်ကိုတစ်ယောက် နိုင်ငံခြားမှ MA ဘွဲ့ကြီးဖြင့် ပြန်လာမည့် တစ်နေ့ကို မျော်နေရှာရော့ မည်။ စိတ်ချမ်းသာစွာဖြင့် ဆန္ဒတွေ ပြည့်ခဲ့ကြပြီးကော။။။။
===========
စကားတစ်ခွန်းပြောလိုသည် (ညီငယ်ညီမငယ်များ ကျရာတာဝန်ကို စေတနာအပြည့်အဝဖြင့် လုပ်ဆောင်ကြပါ၊ သင်တို့၏စေတနာ တစ်နေ့ သင်တို့အား တံခါးလာခေါက်ပါလိမ့်မည်)

========



((သီတဂူအဓိဋ္ဌာန်))
ငါတို့ဖြစ်ရ
ဤလောကဝယ်
ဘဝသမိုင်း
မရိုင်းစေရန်
စိတ်မာန်မချ
မာနမပါ
တို့စွမ်းရာဖြင့်
တို့သာသနာ
တို့ပြည်ရွာကို
သာယာစေမူ
လုံးလပြုအံ။

မေတ္တာစိတ္တေန
ကိုရင်အာယု (သီတဂူ)
ပူနေးတောရ
(၂၄.၀၅.၂၀၁၃ ညသန်းခေါင် ၁၂ နာရီခွဲ အချိန်)

No comments:

Post a Comment