Wednesday, February 15, 2012

မထုရာ သို့မှဟုတ် မဓုရာမှ ရှေးအကျဆုံးဆင်းတုများ

မထုရာ သည် ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာမှာ ရှေးအလွန်ကျသော အလွန်အရေးပါသောမြို.ဟောင်းတစ်ခုဖြစ်ပါသည်။ ယနေ့ ဥတ္တရာပရာဒက်ရှ်ပြည်နယ် အနောက်ဘက်စွန်း ယမုံနာ မြစ်ကမ်းပေါ်မှာ တည်ရှိပါသည်။ နယူးဒေလီမြိုမှ တောင်ဘက်ကီလိုမီတာ ၁၈၀ ခန့်အကွာအဝေးမှာရှိသည်။ အဂရာမြို့မှ မြောက်ဘက်ကီလိုမီတာ ၅၀ ခန့်ဖြစ်သည်။ ဒေလီနှင့် အဂရာ အကြား စည်ကာသော မြို.တစ်မြို.ဖြစ်ပါသည်။ ယမုံနာမြစ်ကမ်းပေါ်မှာတည်ရှိသဖြင့် စိမ်းစိမ်းစိုစိုရှိပါသည်။ ဟိန္ဒူဘာသာဝင်တို့၏ အထွတ်အထိပ် ဘာသာရေး ခေါင်းဆောင်ကြိး ရာမခရစ်သျှနား၏ မွေးဖွားရာဒေသဖြစ်သည့်အတွက် ယမုံနာ မြစ်ကမ်းတစ်လျှောက် ဟိန္ဒူဘာသာရေးကျောင်း ဘုရား အဆောက်အဦးပေါင်းများစွာတို့ဖြင့် စည်ကားလှသည်။ ခရစ်သျှနားကျောင်းနှင့် ရုပ်တုများကို လာရောက် ကြည့်ရှုကြသော ခရီးသည် များဖြင့်စည်ကားလှသည်။
မိမိသည် မထုရာသို့ ခုနှစ်ကြိမ်ရောက်ဖူးပါသည်။ ထိုကဲ့သို့ အကြိမ်းများစွာသွားရောက်ရခြင်းမှာ မိမိအနှစ်သက်ဆုံး ဘုရားဆင်းတုတော်များထဲတွင် တစ်ဆူအပါအဝင်ဖြစ်သည့် ဂုတ္တခေတ် AD 600 အဘယမုဒြာ မတ်ရပုံ သဲနီကျောက် ဆင်းတုတော်မှာ မထုရာတွင်ရှိသော ကြောင့်ဖြစ်ပါသည်။။
ဆဋ္ဌသင်္ဂါထနာတင်အောင်ပွဲနှင့် သာသနာ ၂၅၀၀ ပြည့် ဗုဒ္ဓဇယန္တိ ပွဲတော်ကြီး (၁၉၅၇) မှာ အိန္ဒိယသံရုံက ခင်းကျင်းပြသသော အိန္ဒိယ ယဉ်ကျေးမူပြပွဲတွင် ထိုဆင်းတုတော်ကို ဖူးတွေ့ခဲ့ရပါသည်။။ ထိုဆင်တုတော်မှာ မတ်ရပ်ခြောက်ပေခန့် သဲကျောက်နီဖြင့်ထုလုပ်ထားသည်။ ဦးခေါင်းတော်၏ အနောက်ဘက်တွင် ဗျာမပဘာ ရောင်းခြည်တော်စက်ဝိုင်းကို စက်ဝိုင်းပုံဖော်ထားသည်။ လက်တစ်လက်ချ  တစ်ဖက်မြောက်၍ လက်တော်နှစ်ဖက်လုံး ဖြန့်ကားထားသည် အောက်ချ၍ဖြန့်ကားထားသောလက်တော်ဟန်ကို
 ဘေးရန်ကာဆီးခြင်း ကာကွယ်ခြင်း ပရိတ္တ   အာဝရန (နာဠာဂီရိဆင်ကဲ့သို့) အတိုက်အခိုက်ကို တားဆီးခြင်းဟု အဓိပ္ပါယ်ဖော်ကြည်သည်။ ဘေးရန်ကို ကာဆီးတာမြစ်သည့် သဘောရှိသောကြောင့် ဘယာဝရန မုဒြာဟု ဆိုနိုင်ပါသည်။ မျက်နာတော်ဟန်မှာ အိန္ဒိယ မျက်နာသွင်ပြင်ပီသပါသည်။ အိန္ဒိယနှင့် ဂရိယဉ်ကျေးမှုရောနောသော အင်ဒိုဂရိသွင်ပြင် မျိုးမဟုတ်ဘဲ အိန္ဒိယသွင်ပြင်အပြည့်ဖြစ်နေပေပြီ။
အလွန်သပ်ရပ် တင့်တယ်သော မြတ်ဗုဒ္ဓ၏ မဟာပုရိသ လက္ခဏာတို့နှင့် အလွန်နီးစပ်သော လက်ရာမြောက်လှသည့် ကျောက်ဆင်းတုတစ်ဆူဖြစ်ပါသည်။
 လက်ဇန္ဒားဘုရင် (ဂရိ) ၏ လက်အောက်ကျရောက်ခဲ့သဖြင့် ဂရိတို့ထံမှ ရရှိခဲ့သော ကျောက်ဆစ်အနုပညာကို အိန္ဒယသားတို့က ကိုယ်ပိုင်ကိုယ့်မှု ကိုယ့်ဟန်ဖြင့် ဖန်ဆင်းမွေးစားလိုက်ကြသည်ဟု ယူဆရပါသည်။ အနောက်ဘက်က အငွေ့အသက်ကင်းသည့် အရှေတိုင်း ဇမ္ဗူဒီပါ ယဉ်ကျေးမူအရပ်ရပ် ကို တည်ဆောင်နိုင်ခဲ့ကြသည့်အတွက် အားရဖွယ် ကောင်းပေသည်။။။
မထုရာသဲကျောက်နီဆင်းတု
မထုရာ (မဓုရာ) မြို့ကို အိန္ဒိယမြေပုံပေါ်မှာ နှစ်ခု တွေရသည်။ ဒက္ခိဏမထုရာကို တောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာ တွေ့ရသည်။ ဥတ္တရမထုရာကို ဥတ္တရာပရာဒေ့ရှ် ပြည်နယ် အနောက်ပိုင်း ယမုံနာမြစ်ကမ်းပေါ်မှာတွေ့ရသည်။ ဥတ္တရမထုရာဟူသော မထုရာမြို့သည် ရှေးခေတ်ဗုဒ္ဓလက်ထက်တော်ကာလ ကုရုတိုင်းထဲမှာ ဖြစ်သည်။ မြတ်စွာဘုရား ကုရုတိုင်းသို့ ခရီးလှည့်လည်တော်မှူသောအခါ မထုရာမြို့သို့ရောက်ရှိကြောင်း ပဉ္စက နိပါတ အင်္ဂုတ္တရနိကာယ်၌ ဖော်ပြထားသည်။ ထိုစဉ်က မဓုရာမြို့ဟုခေါ်ခဲ့သည်။။
မဓုရာမြို့သို့ မြတ်စွာဘုရား ဆိုက်ရောက်တော်မူသော အခါ ဘီလူးမတစ်ယောက်သည် အဝတ်မပါ ဗလာကိုယ်တည်း လက်နှစ်ဘက်ကိုဆန့်တန်းလျက် လျှာကိုထုတ်ကာ မြတ်စွာဘုရားနှင့် သံဃာတော်များကိုတားမြစ်ကြောင်း မဓုရာသုတ်၌ဆိုသည်။
ထို့ကြောင့် မြို့သိုမဝင်မူ၍ ကျောင်းသို့ဝင်၏ဟုပြဆိုလေသည်။ (သတ္တာ အန္တောနဂရံ အပ္ပဝိသိတွာ တတောနိက္ခမိတွာ ဝိဟာရံ အဂမာသိ) (အံ-ဋ္ဌ ၃-၈၁)
ထိုစကားရပ်များဖြင့် မထုရာမြု့မှာ ဗုဒ္ဓအတွက် ကျောင်းရှိကြောင်း၊ ကျောင်းသည်မြို့ပြင်ဘက်မှာဖြစ်ကြောင်း ၊ ဘုရားရောက်ဖူးနေကြောင်းသိရပေသည်။။ မဓုရာမြိုသူမြို့သားတို့သည် ဘုရားနှင့်သံဃာ ကိုဆွမ်းလုပ်ကျွေးကြသည်။ မြတ်ဗုဒ္ဓကသည် တရားဒေသနာ ဟောကြားတော်မူခဲ့သည်။ မဓုရာသုတ်၌ မဓုရာမြို့သည် ညီညွတ်သော မြေမျက်နာပြင်မရှိ၊ ကျင်းချိုင်းကုန်းမို့များကြောင်း ဖုံထူကြောင်း ဆွမ်းကွမ်းရှားပါးကြောင်း ခွေးဆိုးနှင့် ဘီလူးသားရဲ ပေါကြောင်းဖော်ပြထားသည်။။
ယနေ့ အနေအထားမှာ ဖုံ မြူ အမှိုက်ထူပြောသည်မှာ ကိုယ်တွေ့ဖြစ်ပါသည်။ ခရစ်သျှနားကျောင်းသို့လာကြသော ခရီးသည်တို့ကိုကြိုဆိုသော ဧည့်ကြိုများကတော့ ဘီလူးသူရဲတို့နှင့် သိပ်မကွာခြားလှပါ။။ ခရစ်သျှနားကျောင်းများအနီးက ဧည့်ကြိုများတွင် အချိုမှာ ခွေးကြမ်းအလား နှိုက်ကြ ကိုက်ကြ သည်ကိုလည်းတွေရသည်။ သို့သော် မထုရာမြို့ကား ချစ်စရာကောင်းပါသည်။ မြတ်နိုးစရာလည်းကောင်းပါသည်။ ရာမခရစ်သျှနား မစ်ရှင်းအသင်း (ဂန္ဓ္ဓီဆေးရုံတည်ထောင်သောအသင်းကြီး) ကိုငယ်စဉ်ကပင် ရင်နီးကြည်ညိုပြီးသားဖြစ်သည်။။
မထုရာသည် ပရဟိတလုပ်ငန်းကြိးကို မေတ္တာ ကရုဏာဖြင့် နိုးဆော်လှုံ့ဆော်ခဲ့သော ဟိန္ဒူဘာသာရေးခေါင်းဆောင် သူတော်စင် တစ်ယောက်၏ မွေးဖွားရာ မြေဖြစ်သည်။ ထိုနေရာ ထိုမြို၌ မြတ်စွာဘုရားနေထိုင်ခဲ့ဘူးသည်။ တရားဟောဘူးသည်။ ထိုနေရာဟောင်း၌ပင် ဗုဒ္ဓဆင်းတုတော်တို့တွင် အစောဆုံးသော ဆင်းတုတော် (AD 1 ရာစု) ကို တွေ့ရသည်။ ထို့ပြင် ကျောက်ဆစ်လက်ရာ အပြောင်မြောက်ဆုံး အသပ္ပါယ်ဆုံးသော ဗုဒ္ဓဆင်းတုတော် (AD 4/5/6/ ရာစု) တို့ကိုလည်း တွေ့ရသည်။ အံသြဖွယ်ကောင်းလောက်အောင် သပ်ရပ်သော ဂျိန်း (မဟာဝီရ) ၏ ဆင်းတုများကိုလည်း ဗုဒ္ဓဆင်းတုများနှင့် ယုံမှားရလောက်အောင်ပင် အနုပညာ ပြောင်မြောက်စွာထုလုပ်ကိုးကွယ်ခဲ့ကြသည်ကိုလည်းတွေ့ရပေသည်။  ထိုကြောင့် ကျောက်ဆစ်အနုပညာ ရှုထောင့်ကကြည့်လျင် မထုရာသည် မြတ်နိုးစရာကောင်းသော မြို.တစ်မြို.ဖြစ်ပါသည်။။။
အစောဆုံးသော မထုရာဘုရား ဆင်းတုတော်
  လွန်းခဲ့သောနှစ်ပေါင်း ၁၉၀၀ ခန့်တွင် မထုရာက ဗုဒ္ဓဘာသာဝင်တို့ ထုလုပ်ခဲ့ကြသော ဗုဒ္ဓဆင်းတုတော်များကိုကြည့်ပါ။ (ယခုနေရာတွင် ဓါတ်ပုံတို့ဖြင့်ဖေါ်ပြမှသာ ရှင်းလင်းမည်ဖြစ်သော်လည်း ကျွန်ုပ်ကွန်ပျူတာက မကောင်းသောကြောင့် မတင်ပြနိုင်တာ ခွင့်လွတ်ပါ) (မူရင် စာအုပ်၌ ဓါတ်ပုံတို့ပါဝင်ပါသည်) ယောင်ထုံးမှာ ဆံပင်ရှည်ရှည်ကို ဆွဲစုထုံးထားသော ပန်ဂျပ်သားတို့၏ ဆံထုံးဟန်မျိုးဖြစ်သည်။ နဖူးသို့ရောက်လုနီးမျှ ဦးခေါင်း၏ရှေ့ပိုင်း၌ ဆံထုံးရောက်နေသည်ကို တွေ့ရမည်။ မျက်နှာတော် သွင်ပြင်မှာ အင်ဒိုဂရိတ်ဟန်ဖြစ်သည်။ မထုရာပြတိုက်တွင် ဖူးတွေ့ရသော တစ်ရာစု မထုရာဆင်းတုတော်များမှာ ဝဲဘက်လက်တစ်ဘက်ကို ဝဲဘက်ဒူးပေါ်မှာ တင်ထားကာ ယာဘက်လက်ကိုမြှောက်၍ လက်ဖဝါးဖြန့်ကားပုံကို မာရ်နတ်ကိုတားဆီးပုံ နိဝါရဏာ မုဒြာ ဟူ၍လည်းဆိုနိုင်ပေသည်။ မဟာဝိဇယ အောင်မြင်ခြင်း အထိမ်းအမှတ်ဟု လည်းဆိုနိုင်ပေသည်။ ခြေဖဝါးတော်နှစ်ခုလုံးပေါ်အောင် ထပ်ထားသည့် ပလ္လင်္က ကိုကြည့်သောအခါ ခြေဖဝါးတော်နှစ်ခုစလုံး၌ စက္က (လှည်ဘီး) လက္ခဏာ ကိုတွေ့ရသည်။ ထိုစက္ကလက္ခဏာသည် ခြေဖဝါးမှာသာမဟုတ်ဘဲ လက်ဖဝါးတော်မှာလည်း ထွင်းထုထားသည်ကို တွေ့ရမည်။ လက္ခဏကာသုတ်တော်၌ကား လက်ဖဝါး၌ စက်ပါသည်ဟု မဟောပါ။ သင်္ကန်းတော် တင်ဟန်မှာလည်း အင်ဒိုဂရိဟန်ပင်ဖြစ်သည်။ ထိုင်တော်မူသည် အောက်ခြေပလ္လင်တော်မှာအလယ်တွင် စက်လက္ခဏာ နှင့် ဘေးတစ်ဖက်စီတွင် ခြင်္သေ့ရုပ်များကို တွေ့ရမည်။ သီဟာသနပလ္လင်ဟု ဆိုနိုင်သည်။ ဓမ္မအသံကို ခြင်္သေ့ဟောက်သို့ ရဲရဲတောက်ဟိန်းဟောက်ဟောကြား ရဲရင့်ပြတ်သားသော သီဟနာဒ အဓိပ္ပါယ်ကို ခြင်္သေ့နှစ်စီးက ပြသည်ဟု ဆိုလိုလျင်လည်း ဆိုနိုင်ပေသည်။။ တံကဲ ၏ အပေါ်ပိုင်း၌ ဂန္ဓဗ္ဗနတ်သားနှစ်ယောက် ကောင်းကင်မှ ကြာဝတ်ဆံများကြဲချနေဟန်ကိုတွေ့ရမည်။ နောက်နားက ဘေးနှစ်ဘက်တွင် စာမရီသားမြီးယပ်ကို ကိုင်းထားသော နတ်သားကြီးနှစ်ယောက် (ယာဘက်) နှင့်  ကြာ ပဒုမ္မာကြာပွင်၊ ကြာဖူးကိုကိုင်းထားသော နတ်သားကြီးတစ်ယေက် (ဝဲဘက်) တို့ကို တွေရမည်။
ပလ္လင်၌ ခြင်္သေ့ခံရုပ်စံသော အဓိပ္ပါယ်ကို အောင်မြင်ခြင်း၊ သတ္တလောကကြီးကို မြင့်တင်ခြင်း၊ လှုံ့ဆော်ခြင်းဟု အဓိပ္ပါယ်ဆောင်သည်။ ရံခါ ပလ္လင်အောက်၌ ခြင်္သေ့ နှစ်စီး သုံးစီးအပြင် ညောင်ပင်နှင့် မြူးကနေသော နတ်နဂါး ဘုမ္မဋ္ဌဒေဝတာ များကိုလည်း ထွင်းထုထားသည်ကို တွေ့ရသည်။  ဘေးနှစ်ဘက်တွင်ရပ်နေကြသော အစောင့်နတ်များကို ကြည့်လျှင်လည်း ဝဇိရကိုကိုင်းထားသော နတ်ဝဇိရပါဏိနှင့် ကြာကိုကိုင်ထားသော နတ်ပဒုပါဏိ တို့ကိုတွေ့ရမည်ဖြစ်သည်။ ပလ္လင်၌ ရေးထိုးထားသောစာများမှာ ကနစ်ရှကမင်းနန်းတက်ပြီး ၃၂ နှစ် ကုရှမင်းဆက် မထုရာ (AD110) ဟူ၍ဖြစ်သည်။
အချုပ်ဆိုရသော် ထိုမထုရာ သဲနီကျောက် ဗုဒ္ဓဆင်းတုတော်များကို AD တစ် ရာစုမှာ တွေ့ပြီဟု ရှေးဟောင်းသူတေသနပညာရှင်တို့ ဆုံးဖြတ်ကြသောကြောင့် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း (၇၀၀) လောက်ကျော်မှ စတင်ထုလုပ်ကြကြောင်း ခန့်မှန်းထောက်ထား သိရှိရပါသည်။။
                သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းကားပါစေ။။
ဂန္ဓာရ စာအုပ်မှ အဓိပတိဆရာတော်ကြီး၏ ဆောင်းပါးဖြစ်ပါသည်
                                         (ရှင်အာယု)

No comments:

Post a Comment