လူမင်းတကာ တို့၏ ဥက္ကဋ္ဌ၊ နတ်မင်းတကာတို့၏ ခေါင်ဖျား၊ သကြားတကာတို့၏ရာဇာ၊
ဗြဟ္မာတကာတို့၏ မကိုဋ်။။။။။ သောင်းတိုက်ရပ်ငူ၊ ဝေနေယျ ဗိုလ်လူဝယ်၊ တစ်ဆူတည်းပေါ်ထွန်း၍၊ နေဝန်းကြီးသဖွယ်ဖြစ်တော်မူသော၊ မြတ်စွာဘုရားသခင်သည်၊ ဒုက္ခခပ်သိမ်း လွတ်ငြိမ်းချမ်းသာ နန်းညာအဘယ သီဝပြည်ကြီး ဝင်ခါနီးအခါတွင်၊ မကွာထပ်ကျပ် ကိုယ်တော်မြတ်နှင့်၊ နောက်ထပ်လက်ငင်း မပါလျင်းဘဲ၊ ကြွင်းသေးသမျှ ဝေနေယျတို့ကို၊ အမတသီဝေ မြို့အောင်မြေသို့ မျက်ခြေမပျောက် စခန်းထောက်လျက် နောက်တစ်ဖြေးဖြေး လိုက်လာခွင့်ပေးသဖြင့် ယဉ်ကျေးမိန့်ကျူ ထားတော်မူခဲ့သော သာသာနာတော်မြတ်သည်ကား (၅၀၀၀) ငါးထောင်ဖြစ်ပါသည်အရှင်းဘုရား။။။
ထိုငါးထောင်အနက်တွင် လွန်ခဲ့ပြီးသော အတိတ်သာသနာတော်မြတ်သည်ကား ၂၅၅၆ ခု ဖြစ်ပါသည်အရှင်ဘုရား။။
သတ္တဝါတို့၏ အကျိုးကို သယ်ပိုးရွက်ဆောင်ကာ နောင်လာလတ္တံသော အနာဂါတ် သာသနာတော်မြတ်သည်ကား ၂၄၄၄ ခု ဖြစ်ပါသည်အရှင်ဘုရား။။။
လူတို့ဝေါဟာ ကောဇာတွက်စစ် ရောက်ဆဲဖြစ်သော သက္ကရာဇ်သည်ကား ၁၃၇၃ ခု ဥတုဂိမ္မ န္တ တပေါင်းလဆန်း တစ်ရက် ဗုဒ္ဓဟူးနေဖြစ်ပါသည်အရှင်ဘုရား
ဤသိုလျှင်တည် လောကလုံးဓိပတိ မုနိထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသော်မှ ဝဋ်တရား သင်္ခါရ သူနယ်တွင်းကြသောကြောင့် အနိစ္စလက်နက်ဖြင့် တစ်ချက်တည်းခွင်းသောကြောင့် ဆုံးပါခြင်း ပရိနိဗ္ဗန် စံဝင်တော်မူရသည်ချည်းများကို သတိရှေးသွား သံဝေဂအရင်းထားပြီးလျင် မတရား အဓမ္မဆိုးသွမ်းလှသည် မရဏသည်နိုင်ငံမှ အမြန်လွတ်ထွက်ကြရအောင် မြတ်ဘုရားသာသနာ ရောင်ဝါထွန်းလင်းသည့် အခါတွင်းများမှာ စားခြင်းအိပ်မှု ပစ္စည်းစု၍ ဗဟုကမ္မ မောဃဝါစာ ဗာဟိရ အလေ့အကျင့်များနှင့် နေ့ရက်တွေ မျှောပါးသည်ကို သဘောမထား စိတ်ပျော်ပါး၍ တရားမှလွတ်ကင်းသော လူပျင်း လူယုတ်၊ ရဟန်းပျင်း ရဟန်းယုတ်၊ လူစုတ် လူနူ၊ ရဟန်းစုတ် ရဟန်းနူ၊ လူတုလူယောင်၊ ရဟန်းတု ရဟန်းရောင်၊ လူကြောင် ရဟန်းကြောင် အနေများဖြင့် သေအောင်ပင် လုံးလုံး တစ်ဘဝမဆုံးကြရလေအောင်၊ အပ္ပမာဒ ကိုယ့်ကိစ္စ အနှစ်သာရအမူကိုသာ တစ်ခုကောင်းကြိုးစား၍ တိုးပွားအောင်အားထုပ်တော်မူကြပါကုန် အရှင်သူမြတ်တို့ဘုရား။။။။။။
မှတ်ချက် (စာရေးသူတို့ငယ်စဉ်တောင်ကျေး ကိုရင်လေးဘဝက ညနေဘုရားဝတ်ပြုပြီးတိုင်း တစ်ရက်တစ်ပါး အလှည့်ကျဖြင့် ရွက်ခဲ့ရတာလေးပါ) အဲဒိစာတမ်းလေးဟာ ငယ်ဘဝက ( ပြက္ခဒိန်ပါ) အင်္ဂလိပ်ဒိတ်ကို မသိပေမဲ့ မြန်မာနေ့ရက်ကတော့ ဘုန်းကြီးကျောင်းသားတိုင်းသိကြလေသည်။။
ကိုရင်အာယု (မန်းသီတဂူ)

No comments:
Post a Comment