Tuesday, February 21, 2012

ခန္တီနှင့် ဥပေက္ခာ အရေးပါပုံ

ပါရမီဆယ်ပါးတို့တွင် ခန္တီပါရမီနှင့် ဥပေက္ခာပါရမီနှစ်ပါး ခိုင်လုံမှသာ ကြွင်းသော ပါရမီရှစ်ပါးတို့လည်း ချောမောနိုင်ကြသည်။။
ဥပမာ အမိဝမ်းမှမွေးဖွားလာသော သူငယ်တို့သည် အမိအဖတို့က ကောင်းစွာ စောင့်ရှောက်ကြကုန်မှ အသက်ရှည်၍ လူလားမြောက်နိုင်ကြကုန်သည်။။ အမိအဖတို့က မစောင့်ရှောက်ကြကုန်မူကား မွေးဖွားသောနေရာ၌ပင် ခြောက်သွေ့သေဆုံးသွားနိုင်ကုန်၏။
ခန္တီသည် အမိနှင့်တူ၏ ဥပေက္ခာသည် အဖနှင့်တူ၏ ခန္တီ ဥပေက္ခာ နှစ်ပါးရှိမှ ကုသိုလ်မူချောမော၍ နိက္ခမပါရမီ စောင့်ရှောက်မှ ကုသိုလ်သည် ပါရမီအဖြစ်သို့ ရောက်နိုင်၏ နိက္ခမပါရမီ အစောင့်အရှောက်မရှိလျင် ကုသိုလ်၏အကျိုးကိုရလိုသော သာယာသော တဏှာဥပါဒ်ကပ်ရောက်၍ ပါရမီကုသိုလ် မဟုတ်တော့ချေ။ ဝဋ်ကိုမှီသော ကုသိုလ်သာဖြစ်လေ၏။ ထိုသူငယ်တို့သည် အမိအဖ၏အစောင့် အရှောက်ရသော်လည်း ဆေးဆရာအစောင့်အရှောက်မရခဲ့လျင် အစားအသောက် အဖျားရောဂါ အမျိုးမျိုးကြောင့်လည်း ပျက်စီးနိုင်သကဲ့သို့ လည်းမှတ်လေ။ တနည်းလည်း မြေ၌ပေါက်သော သစ်ပင်တို့သည် မြေနှင့်ရေ စောင့်ရှောက်မှ ကြီးပွားနိုင်သကဲ့သို့ ကုသိုလ်မူအားလုံးသည်လည်း ခန္တီနှင့် ဥပေက္ခာ စောင့်ရှောက်မှ ကြီးပွားပါပေလိမ့်မည်။။
                                        လယ်တီဆရာတော် ဥတ္တမပုရိသ ဒီပနီ (နာ ၂၀)

No comments:

Post a Comment