Saturday, March 10, 2012

သာသနာဆိုသည်မှာ

သာသနာဆိုသည်မှာ အမည်မျှသာရှိ၍ အသက်မရှိသော အဝိညာဏကနာမပညတ်ကြီးတစ်ခုဖြစ်၍ သာသနာကို ပြုစုစောင့်ရှောက်မည့်ပုဂ္ဂိုလ်များရှိမှသာလျှင် တည်မြဲနိုင်မည်။ စည်ပင်နိုင်ပေမည်။ သာသနာတော် စည်ပင်ပြန့်ပွားရေး ကြာမြင့်စွာတည်မြဲနိုင်ရန်မှာ သာသနာ့ဝိညာဉ်သဖွယ်ဖြစ်သော ရဟန်းတော်များသည် အလွန်အရေးကြီးလှ၏။ သာသနာတော်အထဲရှိ တရားတော်အဆီအနှစ်တို့သည် သာသနာပြုပုဂ္ဂုလ်အပေါ်၌ တည်ရမည်။ သာသနာပြုပုဂ္ဂုလ်၏ ဟောကြားမြွက်ဖေါ် တရားတော်သည် သာသနာတော်ကို မှီတင်းခိုလုံကြကုန်သော လူတို့၏အပေါ်၌ တည်ရမည်။ သို့မှသာလျှင် သာသနာတော်ကြီးလည်း စည်ပင်နိုင်မည်။ ပြန့်ပွားနိုင်မည်။ ကြာမြင့်စွာတည်မြဲနိုင်မည်ဖြစ်၏။ အကြင်အခါ၌ သာသနာတော်ကြီး၏ တံခါးမှူးနှင့်တူသော ရဟန်းတော်များမရှိအံ့။ သာသနာတော်ကို မှီတင်းခိုလှုံကြကုန်သော လူတို့သည်လည်း တရားတော်တည်းဟူသောကျင့်စဉ်မှ ချို့ယွင်းလတ္တံ့။ လစ်ဟင်းကြကုန်လတ္တံ့။ ထိုကဲ့သို့ ချို့ယွင်းလစ်ဟင်းကြကုန်သည်ရှိသော် မှီခိုရာကိုင်းကျွန်းသဖွယ်ဖြစ်သော သာသနာတော်မြတ်ကြီးမှာ ဆုတ်ယုတ်သုဉ်းဖျင်းလာ၍ အဆုံး၌ ကွယ်ခြင်းသို့ရောက်ရပေမည်။
ဥပမာ ဟိန္ဒူသာသနာ တည်တံ့ရေးအတွက် ဗြဟ္မဏပုဏ္ဏားတို့သည် အလွန်အရေးကြီးသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ အကြောင်းဆိုမူ ဟိန္ဒူဘာသာ၏ အဆီအနှစ်ဖြစ်သော ဝေဒကျမ်း ဇောတိကျမ်း ဥပနိဿယျကျမ်း နီတိကျမ်း ကဗျာလင်္ကာကျမ်းတို့သည် အများအားဖြင့် သူတို့၏သန္တာန်၌သာ တည်ကြသည်။ အစ္စလာမ်ဘာသာတည်တံ့ရေးသည် မော်လဝီခေါ်ပုဂ္ဂိုလ်တို့အပေါ်၌တည်၏။ အကြောင်းဆိုသော် အစ္စလာမ်ဘာသာဝင်တို့၏ တစ်အုပ်တည်းသောစာ တစ်စောင်တည်းသောကျမ်းဟုဆိုအပ်သော ကုရန်ခေါ် သမ္မာကျမ်းစာမှာ သူတို့အပေါ်၌သာ အများဆုံးတည်၏။ ခရစ်ယာန်ဘာသာဝင်တို့အဖို့ (father) ခေါ် သာသနာပြုတို့သည် အရေးကြီးသောပုဂ္ဂိုလ်များဖြစ်၏။ ထိုထိုသို့သော ဘာသာတို့၌ ထိုထိုသို့သော သာသနာပြုများ မရှိခဲ့ငြားအံ့။ အချိန်ကာလ အနည်းငယ်အတွင်း၌ပင်လျင် ကွယ်ပသွားလိမ့်မည်။
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများအဖို့ သာသနာဝိညာဉ်သဖွယ်ဖြစ်သော ရဟန်းတော်တို့သည် အရေးကြီးဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟုဆိုအပ်သော ပိဋကတ်သုံးပုံမှာ ရဟန်းတော်တို့၏ အပေါ်၌သာ အများဆုံးတည်လျက်ရှိ၏။ ဒါတွင်မကသေးပဲ ဝိပဿနာဘာဝနာပွားမူ စာပေကျမ်းဂန်သင်ကြားမူ မိစ္ဆာဝါဒီသဘောသို့ သက်ဝင်နေသောသူကို သမ္မာဝါဒီဖြစ်လာအောင် ဟောကြားမူ အစရှိသည်တို့သည် ကျွန်ုပ်တို့ကဲ့သို့သော ရဟန်းတော်တို့၏ တာဝန်ပင်ဖြစ်ဘိ၏။ အကျဉ်းအားဖြင့် ရေးမည်ဆိုလျှင် သာသနာတော်ကို စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များမှာ ရဟန်းတော်များပင် ဖြစ်သည်ဟု ဆိုလို၏။။
                                                                         မေဃဝတီဆရာတော် ဦးနာဒရ

No comments:

Post a Comment