Monday, March 12, 2012

မဟာယာန်ဆိုတာ ဘာလဲ (မဟာယာန)

မဟာယာန်ဆိုသည်မှာ
၁။       ။ မြတ်စွာဘုရား၏ ပညတ်တော်မူအပ်သော ဝိနည်းတရားတော်ကို သင်ကြားနာယူခြင်းမပြုဘဲ အကျင့်သီလဖြူစင်စွာ ကျင့်ကြံအားထုတ်က နိဗ္ဗာန်သို့လည်းကောင်း ထာဝရဘုရားသို့လည်းကောင်း ရောက်နိုင်သည်ဟုအယူရှိသည်လည်းတစ်ကြောင်း။

၂။      ။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်က ရုပ်တုတော် ဆင်းတုတော်တို့ကို ကိုးကွယ်ရန် မဟောကြားခဲ့သော်လည်း လူရှင်အပေါင်းတို့၏ စိတ်ဓါတ်ကို ပသာဒနိယျဖြစ်စေ၍ နိဗ္ဗာန်မဂ်ဖိုလ်သို့ရောက်စေတတ်သောတရားမှာ ရုပ်ပွားတော်ကို ကိုးကွယ်ဆည်းကပ်သည်မှတစ်ပါး တခြားနည်းလမ်းမရှိဟု အယူရှိသည်လည်းတစ်ကြောင်း။

၃။     ။ဂေါတမမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံဝင်တော်မူလေပြီးသော်လည်း ထာဝရဘုရားကဲ့သို့ ဖြစ်နေဟန်လက္ခဏာရှိသည်ဟူ၍လည်းတစ်ကြောင်း။။


ဤကဲ့သို့ အယူရှိခြင်းကြောင့် ဘုရားရုပ်တုတော်များကို ကိုးကွယ်ဆည်းကပ်သည်သာမက နုစဉ်ကာလပင် ဖြစ်ခဲ့ဖူးသော ဗောဓိသတ္တခေါ် ဘုရားလောင်းရုပ်ပွားများကိုပါ ကိုးကွယ်ဆည်းကပ်ကြလေတော့သည်။

ထို့ပြင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတော်အဆူဆူတို့ကို ဖြည့်ကျင့်တော်မူသည်မှ ရအပ်သော ဘုရားရှင်၏ဘဝသည် မည်သည့်နည်းနှင့်မှ ပရိနိဗ္ဗာန်မပြုနိုင်တန်ရာ။ အကြင်အခါ ကမ္ဘာလောကဓါတ်ကြီးရှိ နတ် လူ ဗြဟ္မာအပေါင်းတို့သည် တရားရှိအံ၊ ထိုအခါ ကွယ်ပ၍ တစ်နေရာမှ ရှုစားနေလတ္တံ့။ အကြင်အခါ၌ တရားပျက်အံ့၊ ထိုအခါ ပြန်လည်၍ ပွင့်လာတော်မူလတ္တံ့ဟု ဟိန္ဒူဝါဒကဲ့သို့ အယူရှိကြလေသည်။  ဤမည်သောအကြောင်းတို့ကြောင့် မဟာယာန်ဂိုဏ်းဟု ပေါ်ပေါက်လာလေသည်။
ခရစ်နှစ် ၂၀၀-မှ ၉၀၀ အထိမဟာယာန်သာသနာသည် အိန္ဒိယ ပြည်ကြီးတစ်ခုလုံးတွင် အလွန်စည်ပင်ပြန့်ပွားခဲ့ရာ အရေးကြီးသောကျောင်း စေတီ ပုထိုးစသည်တို့ကိုလည်း ဤဂိုဏ်းသားတိုကသာ အုပ်ချုပ်ခဲ့ရလေသည်။

ထိုခေတ်က ထုလုပ်ခဲ့သော သိန်း သန်းကုဋေမကသော ဘုရားရုပ်တုတော်များနှင့် ဘုရားလောင်းရုပ်တုတော်များ အဝလောကိတေဆွရအရုပ်များ တာရာဒေဝီနတ်သမီးရုပ်တုများကို ကျောင်းတိုင်း ပုထိုးတိုင်း၌ ယခုတိုင်အထင်အရှားတွေ့မြင်ရလေသည်။ ဤမဟာယာန်သာသနာကို ဗုဒ္ဓဝါဒနှင့် ဟိန္ဒူဝါဒ နှစ်ခုစလုံး ရောနှောထားသော သာသနာဟုခေါ်ဆိုပါက မှားနိုင်မည်မဟုတ်ပေ။။
သို့သော် ကျွန်ုပ်တို့ ထေရဝါဒီသာသနာတော်၌လည်း ရုပ်တုတော်ကိုကိုးကွယ်သော အလေ့အလာရှိနေပေသည်။ အသောကမင်းကြီး လက်ထက်တော်ကလည်း ရုပ်တုတော်များကို လှူဒါန်းခဲ့ကြောင်းနှင့် ကျောက်စာအချို့တါင် ဖတ်ရှုရပြန်လေသည်။ သို့သော် ရုပ်ပွားတော်ကို ကိုးကွယ်သောအလေ့အလာမှာ ပရိနိဗ္ဗာန်စံဝင်တော်မူလေပြီးသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား အမှတ်တရရှိစေရန်နှင့် ကြည်ညိုခြင်းပသာဒရှိစေရန်အပြင် ထိုသို့အမှတ်တရကြညညိုခြင်းဖြင့် ကုသိုလ်တရားများပွားများကြစေရန်၊ သာသနာတော်လည်း မတိမကော မပပျောက်စေရန် အဓိကရည်ရွယ်ချက်ရှိရာကား ဤဓလေ့ထုံးစံမှာ အလွန်ပင် မွန်မြတ်လှပေသည်။ ဆက်လက်၍ရေးသာရမည်ဆိုပါမူ ဘုရား ကျောင်း စေတီပုထိုးတို့ကို မျက်မှောက်၌ အထင်အရှား ဖူးမြော်ကြရသဖြင့် သာသနာတော်ကြိလည်း ယနေ့အထိ  မတိမ်ကော မကွယ်ပနိုင်သေးဟု ဆိုနိုင်စရာရှိ၏။ ကမ္ဘာပေါ်တွင် ဘာသာကြီးလေးခုရှိရာ အစ္စလာမ်ဘာသာမှတစ်ပါး အားလုံးသောဘာသာတို့၌ ရုပ်တုတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းအလေ့အလာသည် ရှိကုန်၏။ သို့သော် ရုပ်တုတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းကား အစ္စလာမ်ဘာသာဝင်များအဖို့ ဧရာမ ဆန့်ကျင်ဘက်ကြီးတစ်ခုပေတည်း။။
                                                                      မေဃဝတီဆရာတော် ဦးနာရဒ

မဟာယာနဆိုတာဘာလည်းဟု မကြာခဏမေးလေ့ရှိသော ညီငယ် ညီမငယ်တို့အကျိုးစီးပွားအလို့ငှါ (လက်လမ်းမှီရာ) သိသလောက်ရှာဖွေတင်ပြအပ်ပါသည်။ အားလုံးကို ကျေးဇူးတင်လျက် ။။
                                                (ကိုရင်အာယု မန်းသီတဂူ)

No comments:

Post a Comment