Monday, May 14, 2012

အားလုံးမှာတာဝန်ရှိသည်


အားလုံးမှာတာဝန်ရှိသည်
-------------
မဟာဂန္ဓာရုံဆရာတော်ကြီးသည် အမိမြန်မာနိုင်ငံကြီး လွပ်လပ်ရေးရခါနီးတွင် နိုင်ငံတော်ကြီးကို အဘက် ဘက် က  ပြုပြင် စေလိုသည့်အတွက် အနာဂတ်သာသနာရေးကျမ်းစာကို ရေး၍ နိုင်ငံသူနိုင်ငံသားအားလုံးအား  တပ်လှန့်ခဲ့ပါ သည်။ ဆရာတော်ကြီးသည် တိုင်းပြည်နှင့်သာသနာကိုလည်း ကမ္ဘာ့အလယ်မှာ တင့်တယ်ထည်ဝါစေချင်၏။ ထို့ကြောင့် ဘာသာထိရင် မချိအောင်နာတတ်ဖို့အတွက်  “ဘာသာသွေး” စသော ကျမ်းစာအုပ်များကိုလည်း ရေးတော်မူ ခဲ့ပြန်ပါသည်။ 

တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့်သာသနာကို ချစ်မြတ်နိုးသည့်စိတ်ကို အမျိုးသားရေးစိတ်ဓာတ် ဟုခေါ်၏။ မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ အမျိုးသားရေးစိတ်ဓာတ်ကား အံ့မခန်းပင်။ ဆရာတော်ကြီးသည် အမျိုးသားရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ သာသနာ ရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ ရဟန်း သံဃာတော်များ သွေးအေးအေးနေသည်ကို သဘောကျတော်မမူ။ သံဃာတော်များသည် ကမ္ဘာ့အခြေအနေကိုလည်း စိတ်မ၀င်စား၊ တိုင်းပြည်၏အခြေအနေကိုလည်း ကောင်းကောင်းနားမလည်ဘဲ ရိုးရိုးအေးအေးနေကြလျှင် ခေတ် ပညာတတ် လူပုဂ္ဂိုလ်များ၏ အထင်သေးမှုကို ခံရမည်ဖြစ်ကြောင်းကိုလည်း သတိပေးတော်မူခဲ့ပါသည်။ ထို့ကြောင့် သံဃာတော်အရှင်များသည် မဟာဂန္ဓာရုံဆရာတော် ညွှန်ပြထားသကဲ့သို့ အမျိုးသားရေးစိတ်ဓာတ် ရှိသင့်၏။
ယခုအချိန်၌လည်း နိုင်ငံတော်ကြီးသည် ခေတ်သစ်စနစ်သစ်ဖြင့် ချီတက်လျက်ရှိသောကြောင့် ဖွံဖြိုးတိုးတက်ဖို့ အတွက် အညွန့်တလူလူ တက်လျက်ရှိ၏။ မကြာခင်သောအချိန်ဝယ် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ လာရောက်ကျပေတော့မည်။ ထိုအခါ ကျွဲကူးရေပါဆိုသကဲ့သို့ တိုင်းတပါးယဉ်ကျေးမှု ဓလေ့စရိုက်များသည်လည်း ရောထွေးယှက်တင် ပါလာတော့မည်ဖြစ်သည်။ 
သို့ဖြစ်က အမျိုးသားရေး စိတ်ဓာတ်အားနည်းသော တိုင်းရင်းသား လူငယ်လေးများအား ရေခြားမြေခြား ယဉ်ကျေးမှု ဓလေ့စရိုက်များ ကူးစက်ခံရပေလိမ့်မည်။ ယင်းသို့ကူးစက်ခံရလျှင် အမျိုးဘာသာ သာသနာသည် ခြစားခံရ သော အိမ်တိုင်ကဲ့သို့ ပြိုလဲသွား နိုင်ပေသည်။ ထို့ကြောင့် ယခုကတဲကစပြီး ကြိုတင်၍ လူငယ်များ အမျိုးသားရေး စိတ်ဓာတ် ရှင်သန်ထက်မြက်စေဖို့ ကြိးစားရမည် ဖြစ်၏။
အဆိုတစ်ခုရှိ၏။ ``လူမျိုး၏အသက်သည် ယဉ်ကျေးမှု၊ ယဉ်ကျေးမှု၏ အသက်သည် စာပေ`` ဟူသတတ်။ တန်ဖိုး မဖြတ် နိုင်သော ဆိုရိုးတစ်ခုပင်။ ထိုသို့ဖြစ်လျှင် မြန်မာလူမျိုး၏အသက် မြန်မာယဉ်ကျေးမှု၊ မြန်မာ့ယဉ်ကျေးမှု၏ အသက်သည် ပိဋကတ် စာပေဖြစ်၏ဟု ဆိုရချိမ့်မည်။
ထိုစကားဆိုသင့်စွာ့။ ပထမမြန်မာနိုင်ငံတော်သည် ပုဂံခေတ်မှာ ဖြစ်ပေါ်လာ၏။ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှု ဆိုသည်မှာ ပုဂံယဉ်ကျေးမှုပင် ဖြစ်ပေသည်။ ပုဂံယဉ်ကျေးမှုသည်လည်း ပိဋကတ်စာပေ (ဗုဒ္ဓစာပေ)မှာ မြစ်ဖျားခံ၏။ ဘာ့ကြောင့်နည်း၊  “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း၊ စာကြည့်တိုက်အစ ပိဋကတ်တိုက်က” ဆိုသည့်အတိုင်း ပုဂံခေတ်တွင် ပိဋကတ်စာပေကို အထူးလေ့လာသင်ယူကြ၏။ လူနေမှုစနစ်တစ်ခုလုံးကိုလည်း ပိဋကတ်စာပေနှင့်အညီ ပြုပြင်ပြောင်းလဲလိုက်၏။ ထို့ကြောင့် ပုဂံ ယဉ်ကျေးမှု၏ အသက်သည် ပိဋကတ်စာပေပင် ဖြစ်ပေသည်။
ချဲ့ဦးအံ့။ ဘုရင်အနော်ရထာသည် အရှင်အရဟံကို ဆရာတင်၍ ပုဂံမြို့ကြီးကို စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ သာသနာရေးစသဖြင့် ဘက်ပေါင်းစုံမှ တိုးတက်အောင် ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ခဲ့၏။ ဆရာသခင် အရှင်အရဟံက လည်း ဘုရားသားတော်ပီပီ တိုင်းသူပြည်သားလူအများအား သမ္ပဒါတရား၊ လောကပါလတရား၊ အရိဟာနိယ တရား၊ မင်းကျင့်တရား၊ သင်္ဂဟတရား၊ သိင်္ဂါလောဝါဒတို့ကို ပို့ချဟောပြကာ ထည်ဝါသော၊ ဂုဏ်သရေရှိသော ပုဂံယဉ်ကျေးမှုကို အကောင် အထည်ဖေါ်ခဲ့ ပေသည်။ 
ထိုကဲ့သို့ ဆရာဒကာလက်တွဲ၍ ကြိုးစားအားထုတ်ခဲ့သောကြောင့် မြန်မာနှင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနှင့် မြန်မာ ခွဲခြား၍ မရလောက်အောင် ပုဂံယဉ်ကျေးမှုသည် ဘုန်းမီးနေလတောက်ခဲ့၏။ ထိုကိုဂုဏ်ယူသောအားဖြင့် “သာကီမျိုးဟေ့၊ တို့ဗမာ”ဟုပင် ကြွေးကြော်ခဲ့ကြပေသည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများကလည်း “ဘုရင်အနော်ရထာ”ဆိုလျှင် ဖိန့်ဖိန့်တုန်အောင် လေးစားခဲ့ကြ၏။ ထို့ကြောင့် မြန်မာလူမျိုးများအတွက် အရှင်အရဟံနှင့် ဘုရင်အနော်ရထာ၏ ကျေးဇူးတို့ကား ဆပ်၍မကုန်နိုင်လောက်အောင် ကြီးမား လှပေသည်။
“မြန်မာ”ဆိုသည့် စကားလုံးသည် ပုဂံမှ အစပြုကာ ကမ္ဘာ့မြေပုံပေါ်၌ ထင်ရှားပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုမှတဖန် ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သော ဘုရင့်နောင်နှင့် တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းဘုရားတို့ ကလည်း ဘုရင်အနော်ရထာ၏ ခြေရာကို နင်းခဲ့ကြပြန်သောကြောင့်  မြန်မာ့ယဉ်ကျေးမှုသည် ဆက်လက်၍ အားကောင်း မောင်းသန် ရှင်သန်ခဲ့ရပေသည်။
ထို့ထက် ပို၍ထင်ရှားသည်ကား ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းတရားကြီးတည်း။ ထိုမင်းတရားကြီးသည် သာသနာ တော်ကို အလွန်ကြည်ညို၏။ ဘုန်းကြီးကျောင်းတိုက်ပေါင်း မြောက်များစွာ တည်ဆောက်လှူဒါန်းခဲ့၏။ ထိုကျောင်းတိုက်ကြီး များသည် ယနေ့ခေတ်အခေါ်အရ ပြောလျှင် ဗုဒ္ဓကောလိပ်၊ ဗုဒ္ဓတက္ကသိုလ်ကြီးများပင်တည်း။
ထိုမင်းတရားကြီးသည်ကား ပဉ္စမသင်္ဂါယနာတင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ဆင်နွဲကာ ဘုရားမြတ်စွာဟောကြားခဲ့သည် ပိဋကတ်စာပေကို ကျောက်ထက်အက္ခရာထိုးခဲ့သဖြင့် မြန်မာ့ယဉ်ကျေးမှုသည် ပိဋကတ်စာပေနှင့် တထပ်တည်းဖြစ်ကြောင်း ကမ္ဘာသိ ကြေငြာ လိုက်ပြန်တော့သည်။ ပိဋကတ်သုံးပုံကို မှတ်တမ်းတင်ထားသော ယင်းကျောက်စာချပ်များသည်ကား “ကမ္ဘာ့အကြီးဆုံး စာအုပ်” ဟု ကမ္ဘာ့ဂန္ထ၀င်၌ မှတ်တမ်းဝင်သွားလေတော့၏။
ထို့နောက် အမိမြန်မာနိုင်ငံကြီးသည် အင်္ဂလိပ်လက်အောက် ရောက်သွားသဖြင့် မြန်မာ့ယဉ်ကျေးမှုသည် မှေးမှိန် ခဲ့ရပြန်သည်။ အုပ်ချုပ်သူအင်္ဂလိပ်များက တိုင်းတပါးမှ ဘာသာခြားလူမျိုးခြားများကို နေရာပေးကြ၏။ သူတို့စိတ်ကြိုက်ပုံ ဖေါ်နိုင်ဖို့ အတွက် နယ်စပ် ဒေသရှိ အလွန်ရိုးစင်းသော တိုင်းရင်းသားများအား သူတို့စာပေ၊ ဘာသာ၊ ယဉ်ကျေးမှုကို ရိုက်သွင်း ပေးလိုက်တော့၏။ မြန်မာ့ဇာတိသွေး ဇာတိမာန်တို့ကို ချိုးနှိမ်ခဲ့၏။
ယင်းသို့လျှင် ဘာသာခြား လူမျိုးခြားများ၏ လက်အောက်၌ နေရခြင်းကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် အနှိမ်ခံနင်းပြားဘ၀သို့ မရှုမလှ ရောက်ခဲ့ရပေသည်။ ထို့ကြောင့် သူ့ကျွန်မခံလိုသောစိတ်ဖြင့် တိုင်းပြည်လွပ်လပ်ရေး ရဖို့အတွက် တစ်မျိုးသားလုံး ကြိုးစားခဲ့ရပေသည်။ လွပ်လပ်ရေးလည်း ရခဲ့ပါ၏။ သို့သော်  စစ်အတွင်းက မရုန်းထွက်နိုင်ခဲ့။ နယ်ချဲ့သမားတို့၏ အရောင်ဆိုးခြင်းခံလိုက်ရသော တိုင်းရင်းသားများက တော်လှန်ပုန်ကန်ကြသဖြင့် “တိုင်း ပြည်ကနုနု၊ မုန်တိုင်းကထန်ထန်”ဆိုရ လောက်အောင် ပြည်တွင်းစစ်ဖြစ်ကြပြန်၏။ ယခုအချိန်၌ ပြည်တွင်းစစ်ဖြစ်နေခြင်းသည် ယင်းနယ်ချဲ့သမားတို့ လက်ချက်ကြောင့်တည်း။ 
ယင်းသို့ပင် အခြေအနေအမျိုးမျိုးဖြင့် ရင်ဆိုင်နေရစေကာမူ. . . မြန်မာနိုင်ငံကြီး လွပ်လပ်ရေးရပြီးနောက်တွင် သမ္မတ၊ ၀န်ကြီးချုပ်အမှူးရှိသော နိုင်ငံအကြီးအကဲများက ရှေးရှေး သာသနာပြုမင်းများကို နှလုံးမူကာ အမျိုး ဘာသာ သာသနာ မတိမ်ကောစေဖို့အတွက် ပထမပြန် စာမေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ ပါဠိတက္ကသိုလ်များကို ဖွဲ့စည်းပေးခြင်း၊ ဆွမ်းဆန်တော်နှင့် န၀ကမ္မအလှူငွေများ ထောက်ပံ့ခြင်း၊ ပဋိပတ်ရိပ်သာများ တည်ထောင်ဖွင့်လှစ်ခြင်း၊ တိပိဋကစာမေးပွဲ များ ကျင်းပခြင်း၊ ဘွဲ့ တံဆိပ်တော်များ ဆက်ကပ်ခြင်း စသော ကြီးကျယ်သော သာသနာ့ အလုပ်များကို အစဉ်အလာ မပျက် ကျင်းပပြုလုပ်ခဲ့ကြပေသည်။
ထိုမှတပါး ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကိုလည်း ပြည်ပနိုင်ငံများကိုပါ ဖိတ်ကြား၍ တခန်းတနားဆင်နွှဲခဲ့ကြပြန် ပါသည်။ ထိုကဲ့သို့ သာသနာပြုအလုပ်များကို ပြုလုပ်ကြခြင်းသည် မြန်မာ့အသက်ဖြစ်သော ပိဋကတ်စာပေကို မကွယ် ပျောက်ဖို့နှင့် အမျိုးသားရေး လက္ခဏာများ မတိမ်ကောစေဖို့ ဖြစ်ပေသည်။
နိုင်ငံတော်အကြီးအကဲများသည် ထိုမျှလောက်နဲ့အားမရသဖြင့် “သာသနာရေး ၀န်ကြီးဋ္ဌာန”ဟု ၀န်ကြီးဋ္ဌာနတစ်ခု ဖွဲ့စည်း ပေးခဲ့ပါသည်။ ထို့ကြောင့် သာသနာရေးဝန်ကြီးဋ္ဌာနဟူသည် မြန်မာလူမျိုးတို့၏ အသက်ဖြစ်သော “ပိဋကတ် စာပေကို ထိန်းသိမ်းသော ၀န်ကြီးဋ္ဌာန”  ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ ဟိန္ဒူဘာသာ အစ္စလာမ် ဘာသာ စသော ဘာသာတိုင်းနှင့် သက်ဆိုင်သော “ဘာသာရေးဝန်ကြီးဋ္ဌာန” မဟုတ်ပါ။ ဤသည်ကို ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်ပေသည်။
ရှင်းပါဦးအံ့။ “သာသနာ (သာသန)”ဟူသော စကားသည် ပါဠိစကားဖြစ်၏။ “ဘုရားအဆုံးအမဖြစ်သော ပိဋကတ်စာပေ” ဟု အဓိပ္ပါယ်ရ၏။  ထို့ကြောင့် မည်သည့်ဘာသာနှင့်မျှမဆိုင်။ ဗုဒ္ဓသာသနာတော်နှင့်သာ သက်ဆိုင်သော စကားလုံးဖြစ်၏။  တချို့ ဘာသာများကား ထို“သာသနာ”ဆိုသော စကားလုံးကိုပင် အတုယူထားကြ၏။ ဥပမာ- အစ္စလာမ် သာသနာ။ ယင်းကဲသို့ သာသနာဟူသော စကားလုံးကို ယူထားခြင်းသည် ဗုဒ္ဓသာသနာကို ဝေါဟာရဖြင့် ပူးသတ်ခြင်း ပင်တည်း။ ထိုအသုံးအနှုံးမျိုး မသုံးနှုန်းဖို့ရန် ကန့်ကွက်ရပေမည်။ ထို့ကြောင့် “သာသနာရေးဝန်ကြီးဋ္ဌာန ဆိုသည်မှာ ပိဋကတ်စာပေကို ထိန်းသိမ်းသော ၀န်ကြီးဋ္ဌာနဖြစ်ကြောင်းကိုလည်းကောင်း၊ သာသနာဟူသောစကားလုံး ဝေါဟာရမှာ ဗုဒ္ဓသာသနာနှင့်သာ သက်ဆိုင်သော စကားလုံး ဝေါဟာရ ဖြစ်ကြောင်းကိုလည်းကောင်း” ကို လွှတ်တော်ထဲရောက်အောင် တင်သွင်းရပေမည်။
လွှတ်တော်ဆိုသည်မှာ တစ်တိုင်းပြည်လုံးနှင့်သက်ဆိုင်သော စည်းကမ်းဥပဒေများကို အကြံပေးခြင်း၊ ရေးဆွဲခြင်း၊  အတည် ပြုခြင်း၊ ထုတ်ပြန်ခြင်းစသည်ဖြင့် ဥပဒေပြုအာဏာကို ချုပ်ကိုင်သောဋ္ဌာနချုပ်ကြီး တစ်ခုပင်တည်း။ ထို့ကြောင့် အသက်တမျှ အရေးကြီး လှ၏။ ယင်းသို့ အသက်တမျှ အရေးကြီးသော လွှတ်တော်ထဲ၌  နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီး၏ သာသနာရေးနှင့် ပတ်သက်သော အကြောင်းအရာများကို တိုက်ရိုက် တင်သွင်းခွင့်၊ ညွှန်ကြားခွင့် ရပါ၏လော။ (သို့မဟုတ်) အမျိုး ဘာသာ သာသနာကို မှေးမှိန်စေသာ တခြားသူများ၏ အဆိုပြုလွှာများကို ကန့်ကွက်ခွင့် ရှိပါ၏လော။ စဉ်းစားသင့်၏။ 
တချို့ဘာသာခြားလွှတ်တော်အမတ်များက ကိုးကွယ်မှုဘာသာ၊ လူမျိုးရေးနှင့် ပတ်သက်သော အကြောင်းအရာ များကို အဆိုတင်သွင်းကြ၏။ ဥပမာ- ဘူးသီးတောင် မောင်းတောမှ ဘင်္ဂါလီလူမျိုးများကို ပြည်မကြီးထဲ၌ တံခါးမရှိဓားမရှိ သွားလာနိုင်ဖို့အတွက် အဆိုတင်သွင်းခြင်း၊ ဘူးသီးတောင် တခွင်မှာ ဘာသာစကား အခက်အခဲကြောင့် မြန်မာလူမျိုးစစ်စစ် ဖြစ်သော ဆရာ ဆရာမများကို မခန့်ဘဲ ဘင်္ဂါလီလူမျိုးဖြစ်သည့် ဆရာ ဆရာမများကို ခန့်အပ်ဖို့အတွက် အဆိုတင် သွင်းခြင်း၊ စသည်စသည်တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံဖြစ်ပါလျက် မြန်မာစကားသည် သူတို့အတွက် ခက်ခဲနေသတဲ့။ အလွန်ကန့်ကွက်သင့်သော အဆိုပြု လွှာတည်း။ ပြည်ထောင်စုဝန်ကြီးကလည်း လက်မခံပါ။ ဘာသခြားတို့၏ အဆိုပြုလွှာကို ထောက်ဆပါက ဘာသခြား လူမျိုးခြားတို့သည် မြန်မာ စကားကို ပစ်ပယ်လိုခြင်း၊ မြန်မာ့ယဉ်ကျေးမှုကို ဖျောက်ဖျက်လိုခြင်း၊ သူတို့ ဘင်္ဂါလီစကားကိုသာ သုံးနှုံးလိုခြင်း၊ သူတို့ယဉ်ကျေးမှု သူတို့ ဘာသာကိုသာ တွင်ကျယ်စေလိုခြင်း စသော  သူတို့၏ သဘောထား ဆန္ဒကို မှန်းဆနိုင်ပေသည်။ ထိုဆန္ဒမှာ . . .စာပေစကားဖြင့် ပြောလျှင် “ပါပိစ္ဆာ”ဟု ပြောရပေမည်။ “ပါပိစ္ဆာ”ဟူသည် အမျိုးဘာသာ သာသနာကို ဖျက်ဆီးလိုသော အလိုဆိုးတည်း။
ထိုအဆိုပြုလွှာများကို ကန့်ကွက်ဖို့အတွက် မိမိတို့ သံဃာတော်များက တာဝန်ယူရပေမည်။ ထိုမျှလောက်မျှ လုပ်ပိုင်ခွင့် မရှိလျှင် သံဃာ့အဖွဲ့အစည်းကြီးတစ်ခုလုံးသည် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းပင် ဖြစ်ပေ၏။ ယနေ့ သံဃာ့အဖွဲ့အစည်းကြီးသည် ယင်းသို့သော “လူ့အခွင့်အရေး” ရပါ၏လော။ စစ်ကြောသင့်၏။ အားလုံးစုပေါင်း၍ ဥပဒေ ဘောင်အတွင်းက တောင်းဆိုဖို့ လိုအပ်ပေသည်။ တစ်သာသနာလုံးနှင့် သက်ဆိုင်သောကြောင့် ညီညီ ညွတ်ညွတ်နဲ့ အရေးဆိုဖို့ လိုအပ်လှပေသည်။ 
အမျိုးသားရေးစိတ်ဓာတ် ထက်သန်သော နိုင်ငံတော် သံဃမဟာနာယကဆရာတော်တစ်ပါးက ပြောဖူး၏။ “သက်ဆိုင်ရာ ဋ္ဌာနကို အမျိုးဘာသာ သာသနာနှင့် ပတ်သက်သည့်ကိစ္စမှန်သမျှ အကြံပြုစရာရှိလျှင် အကြံပြုမည်၊ တိုက် တွန်း စရာရှိလျှင် တိုက်တွန်းမည်၊ ကန့်ကွက်စရာကန့်ကွက်မည်ဆိုပြီး သက်ဆိုင်ရာကို အဆိုတင်သွင်းတယ်၊ ညွှန်ကြား တယ်၊ ဒါပေမဲ့ သဲထဲရေသွန်သလိုပဲ ဘာမှ မထိရောက်ခဲ့ဘူး”ဟု အမိန့်ရှိဖူး၏။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် တစ်ပါးဖြစ်ပါလျက် ထိုဆရာတော်၏အရှိန်သြဇာသည် သက်ဆိုင်သော ဋ္ဌာနသို့ ဘာ့ကြောင့် မသက်ရောက်သနည်း။ နိုင်ငံတော်၏ အခြေခံ “စည်းမျဉ်းဥပဒေ၊ မူဝါဒ” အားနည်း သောကြောင့် ဖြစ်ပေသည်။ ယင်းကဲ့သို့ အားနည်းခြင်းသည် သံဃမဟာနာယက အဖွဲ့တစ်ခုတည်းနှင့် မသက်ဆိုင်ပေ။ တစ်သာသနာလုံးနှင့် သက်ဆိုင်၏။ တစ်မျိုးသားလုံးနှင့် သက်ဆိုင်၏။
ထို့ကြောင့် အမျိုးဘာသာ သာသနာနှင့်သက်ဆိုင်သော “မူဝါဒ”ကို သံဃာထုတစ်ရပ်လုံးကို ကိုယ်စားပြုသော အဖွဲ့အစည်း တစ်ခုခု (ဥပမာ- နိုင်ငံတော်သံဃမဟာနာယက၊ နိုင်ငံတော် ၀ိနည်းဓိုရ်အဖွဲ့၊ ပညာရေးအဖွဲ့၊ တိုင်း သံဃနာယက၊ မြို့နယ် သံဃနာယကစသည်) က လွှတ်တော်ထဲမှာ တင်သွင်းခွင့်၊ ညွှန်ကြားခွင့် ရှိရပေမည်။
သီရိလင်္ကာနိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ ထေရ၀ါဒဗုဒ္ဓသာသနာကို ကိုးကွယ်သော ဒီမိုကရေစီနိုင်ငံပင်ဖြစ်၏။ သို့သော် ထိုနိုင်ငံသည် ဗုဒ္ဓသာသနာကို အထူး အားပေး၏။ နိုင်ငံတော်သမ္မတသည်ပင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆို သည့်နေ့၌ သူတို့နိုင်ငံရှိ စွယ်တော်ကိုလည်းကောင်း၊ သံဃမဟာနာယကဆရာတော်များကိုလည်းကောင်း သွားရောက်၍  ဦးတိုက်ရ၏။ ထိုမှတပါး၊ လွှတ်တော်ထဲ၌  သာသနာရေးကိစ္စများကို ဆောင်ရွက်နိုင်ဖို့အတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို လွှတ်တော်အမတ်အဖြစ် တက်ရောက်ခွင့် ပြုထား၏။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာကဲ့သို့ ဖြစ်နေရကား ထိုအခွင့်အရေးပေးထားခြင်း ဖြစ်၏။ ဘာသာခြားများကိုကား ထိုကဲ့သို့ အခွင့်အရေး မပေးပါ။ မြန်မာနိုင်ငံမှာ ကော ထိုကဲ့သို့ မဖြစ်သင့်ပေဘူးလား။ 
ဒီမိုကရေစီနိုင်ငံဖြစ်ဖြစ်၊ ဆိုရှယ်လစ်နိုင်ငံဖြစ်ဖြစ်၊ ကွန်မြူနစ်နိုင်ငံဖြစ်ဖြစ်၊ မည်သည့်နိုင်ငံမှာမဆို ကိုယ့်ဘာသာကို တန်ဖိုးထား ကြသည်မှာ ထုံးစံပင်တည်း။ အီရန်နိုင်ငံ၏ လူဦးရေ အများစုသည် မွတ်စလင်ဘာသာဝင်များ ဖြစ်၏။ ထို့ကြောင့် သမ္မတမှအစ နိုင်ငံအုပ်ချုပ်ရေးပိုင်းကို မွတ်စလင်ဘာသာဝင်များသာ တာဝန်ယူထားကြပါသည်။ အပြစ် မဆိုသာပေ။ မွတ်စလင် ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခါမေနီ၏ အရှိန်သြဇာသည် အီရန်သမ္မတ အပေါ်မှာပင် တိုက်ရိုက် သက်ရောက်လျှက် ရှိပေ၏။ မိမိတို့ဘာသာကို တန်ဖိုးထားသည့် ထိုကဲ့သို့သော နိုင်ငံများကို အတုယူ၍ မြန်မာ နိုင်ငံသည်လည်း ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော နိုင်ငံဖြစ်သောကြောင့် မိမိတို့ ဗုဒ္ဓ သာသနာကို ရှေးဘုရင် များကဲ့သို့ အထူးတလည် အားပေးသင့်လှ၏။
သံဃာ့အဖွဲ့အစည်းကြီးသည် မြန်မာလူမျိုးတို့၏အသက်ဖြစ်သော ပိဋကတ်စာပေကို သင်ယူပို့ချနေကြရကား အနော်ရထာ အစထား ရှေးရှေးသောဘုရင်တို့သည် သံဃာ့အဖွဲ့အစည်းကြီးကို အလွန်အားကိုးကြ၏။ ထိုကဲ့သို့ အားကိုးခဲ့ သောကြောင့်လည်း ယနေ့ အချိန်၌ မြန်မာယဉ်ကျေးမှုသည် မတိမ်ကော မပျောက်ကွယ်ခြင်း ဖြစ်ပေသည်။
လွှတ်တော်မရှိသော ပုဂံခေတ်ကဆိုလျှင် အရှင်အရဟံသည် ဘုရင်အနော်ရထာကို တိုင်းသူပြည်သား လူအများ အား မင်းကျင့်တရားနှင့်အညီအုပ်ချုပ်ဖို့ ဆုံးမ၏။ တိုက်တွန်း၏။ ဒုစရိုက်တရားများကို မလုပ်ဖို့ တားမြစ်၏။ ထို့ ကြောင့် ပုဂံနေပြည်တော်သည် ကမ္ဘာက လေးစားရသည့်အနေအထား ရောက်ရှိခဲ့ခြင်း ဖြစ်၏။ 
“ပုဂံခေတ်သာ ယခုခေတ်ကဲ့သို့ လွှတ်တော်ရှိလျှင် လွှတ်တော်အဓိပတိသည် ဆရာတော်သံဃာတော် များပင် ဖြစ်လောက် စရာရှိ၏” ဟု တွေးမိပေသည်။ ဘာ့ကြောင့်နည်း၊ သံဃာတော်အရှင်မြတ်များသည် သက်ဦးဆံပိုင် ဘုရင် ဧကရာဇ်များကိုပင် ချုပ်ကိုင်နိုင် သောကြောင့်တည်း။ မြန်မာ့စာပေ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာအုပ်ချုပ်ရေးနှင့် ပတ်သက်၍  သံဃာအဖွဲ့အစည်းကြီးသည် မည်မျှလောက် အရေးပါသည်ဆိုသည်ကို သမိုင်းဆရာများ ကောင်းကောင်းကြီး သိရှိကြပါ၏။
ရှေးခေတ်သံဃာတော်များသည် ဘုရင်ကို ဆုံးမသွန်သင်နိုင်သည့် အခွင့်အာဏာ၊ အမိန့်သြဇာ ရှိသေးသည် ဆိုလျှင် ယနေ့ ခေတ် သံဃာတော်များသည် လွှတ်တော်ထဲ၌ တစုံတစ်ခုသော လုပ်ပိုင်ခွင့်အာဏာ ရှိသင့်သည်သာ။ မြန်မာနိုင်ငံ၌ သံဃာတော် အရေအတွက်သည် ၅၀၀၀၀၀ (ငါးသိန်း) ၀န်းကျင်ရှိ၏။ ထိုမျှလောက်များပြားသော သံဃာ့ အဖွဲ့အစည်း ကြီးသည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အောက်မှာ ရှိ၏။ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များ၏ သာသနာရေးနှင့် ပတ်သက်သော ညွှန်ကြားလွှာများသည် လွှတ်တော်ထဲ၌ သက်ရောက်မှုရှိကို ရှိစေရ မည်။ ရှိလည်း ရှိသင့် ပေသည်။
ဗုဒ္ဓစာပေတည်တံ့မှ ပုဂံယဉ်ကျေးမှုတည်တံ့မည်ဖြစ်သောကြောင့် မြန်မာကိုချစ်သောမြန်မာလူမျိုးမှန်သမျှသည် ဗုဒ္ဓစာပေကို အသက်တမျှ တန်ဖိုးထားရပေမည်။ ဗုဒ္ဓစာပေကွယ်ပျောက်လျှင် ပုဂံယဉ်ကျေးမှု ကွယ်ပျောက်သွားပေမည်။ ပုဂံယဉ်ကျေးမှု ကွယ်ပျောက်လျှင် မြန်မာ့ယဉ်ကျေးမှုလည်း ကွယ်ပျောက်သွားပေမည်။ မြန်မာ့ယဉ်ကျေးမှုကွယ်ပျောက် သွားလျှင် မြန်မာလူမျိုး ဆိုသည်မှာလည်း ကွယ်ပျောက်သွားမည်ဖြစ်၏။ သို့ဖြစ်ရကား အမျိုးဘာသာသာသနာ မကွယ်ပျောက်ဖို့ အတွက် တက်ညီလက်ညီ ကြိုးစားသင့်ပေသည်တကား။
သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ (စစ်ကိုင်း)

No comments:

Post a Comment