Tuesday, May 15, 2012

ဗုဒ္ဓသမိုင်း

                                                           ဗုဒ္ဓသမိုင်း
                          နမောတဿ ဘဂဝတော အရဟတော သမ္မာမ္ဗုဒ္ဓဿ


မဟာဗောဓိ ( ဝါ ) ဗုဒ္ဓဂယာ
      ဘဂဝါ အတုလ တိပရဝသခင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏  သဗ္ဗညုတထင်ရှား ဘုရားအဖြစ်သို့  ရောက်ရှိတော်မူသောနေရာကား မဟာဗောဓိခေါ် ဗုဒ္ဓဂယာမြို့ပင်ဖြစ်တော့သည်။      ထိုမြို့သည် အိန္ဒိယပြည် ဘီဟာနယ်
ဂယာဒိစတြိတ်တွင် တည်ရှိလေသည်။ ဤစာအုပ်တွင် ဘုရားရှင်ကိုယ်တော်မြတ်၏လက်ထက်တော်မှစ၍ သာသနာဒါယကာ သီရိဓမ္မာသောကမင်းကြီးလက်ထက်တိုင်အောင် ဗုဒ္ဓဂယာနှင့်ပတ်သက်သော
အကြောင်းအတ္ထုပ္ပတ္တိများကိုမဖော်ပြပဲ သီရိဓမ္မာသောကမင်းမှသည် ယနေ့ထိဖြစ်ပျက်ခဲ့သော၊  ဖြစ်ပျက်လျက်ရှိသော မဟာဗောဓိ၏ကြမ္မာဆိုးကိုသာ
ခရားစေ့တွင်းကျ ဝေဖန်ရေးသားလိုပေသည်။ ဗုဒ္ဓဂယာမြို့ရှိ မဟာဗောဓိပင်နှင့် သတ္တဌာနတည်းဟူသော ဗုဒ္ဓရှင်တော်ကိန်းဝပ်စမ္ပါယ်တော်မူသောနေရာများသည်  ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ ဘာသာရေးကိစ္စနှင့်စပ်လျဉ်းလျက် အရေးကြီးသော အမြတ်ဆုံးနေရာဟုခေါ်ရပေမည်။

ဘာသာကြီး ၄-ဘာသာနှင့်အမြတ်ဆုံးနေရာ ၄-ရပ်
   ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာဟူ၍
ဘာသာကြီး ၄-ခုရှိရာ ဟိန္ဒူဘာသာဝင်တို့အဖို့ ဗာရာဏသီ၊ အယုဒ္ဓယ၊ ဗြိန္ဒာဗန်၊ ဟရိဒွာရာနှင့် မထူရာမြို့တို့သည် အမြတ်ဆုံးသောမြို့များဖြစ်၍ ထိုမြို့ကြီးများရှိ ကျောင်းကန်စေတီပုထိုး စသော ဘာသာရေးအဆောက်အအုံများကို ဟန္ဒိုတို့ကသာပိုင်ဆိုင်အုပ်ချုပ်လျက် ရှိလေသည်။ ခရစ်ယာန်ဘာသာဝင်တို့၏အမြတ်ဆုံးနေရာမှာ ပါလက်စတိုင်းပြည် ဂျေရုဆလင်မြို့တွင်ရှိသော
ခရစ်တော်ယေရှုကို မွေးဖွားရာအရပ်ပင်ဖြစ်၍ ထိုနေရာကိုလည်း ခရစ်ယာန်တို့ကသာ
သဘောကျစီမံအုပ်ချုပ်လျက်ရှိလေသည်။ အစ္စလာမ်ဘာသာဝင်တို့၏ အမြတ်ဆုံးသောနေရာမှာ  အလာသခင်၏တမန်တော်မိုဟာမက်ကို မွေးဖွားရာအရပ်ဖြစ်သော အာရပ်ပြည်ရှိ မက္ကာမြို့နှင့်၎င်း၏သင်္ချိုင်း ရှိရာမေဒီနာမြို့တို့ဖြစ်လေသည်။  ထိုနေရာတို့ကိုလည်း အာရပ်ပြည်သားမူဆလင်များကသာ
ပိုင်ဆိုင်အုပ်ချုပ်လျက်ရှိလေသည်။  ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏အမြတ်ဆုံး အရေးကြီးဆုံးသော  နေရာကား ဗုဒ္ဓဘုရား၏ပွင့်တော်မူရာနှင့်သတ္တဌာနတည်ရာဖြစ်သော
မဟာဗောဓိခေါ် ဗုဒ္ဓဂယာမြို့ပင် ဖြစ်တော့သည်။

ကြေကွဲဖွယ်ကောင်းသော ဗုဒ္ဓဂယာ
       ဤရွေ့ဤမျှပင်အထွတ်အမြတ်ဆုံးဖြစ်သော်လည်းဗုဒ္ဓဘာသာဝင်မဟုတ်သူ၊ ဗုဒ္ဓရန်သူကြီးတစ်ဦးကပိုင်ဆိုင်ထားခြင်းကြောင့်ဝမ်းနည်းကြေကွဲဖွယ်ရာတွေ့မြင်ရသည်ကား…
၁။      စေတီပုထိုးစသည်တို့မှာ နောက်ဖေးအိမ်သာတမျှ ညစ်ပတ်လျက်ရှိခြင်း။
၂။      ဖူးမြော်သူတို့အား သမာဓိမရနိုင်လောက်အောင် ရာထောင်မကသော
          သူတောင်းစားများကလာရောက်ကာ ဆူဆူပူပူတောင်းခံကြခြင်း။
၃။      ဗုဒ္ဓ၀ါဒနှင့်ဆန်ကျင်ဘက်ဖြစ်သော ဟိန္ဒူမဟာဒေ၀လိင်ရုပ်ကြီးတစ်ခုကိ
          စေတီတော်ကြီးအောက်ထပ်ရှိ ရုပ်ပွားတော်ရှေ့၌ချထားခြင်း။
၎။      ဆွမ်းတော်ကပ်၊ ဆီမီးပူဇော်သောအခါ ဆုတောင်းလို့     မဆုံးမီမှာပင်
          အလစ်ဝင်သုတ်လေ့ရှိခြင်း။
၅။      မုဉ္စလိန္ဒာရေအိုင်တော်၌ ရေချိုးခြင်း၊ ညစ်ပတ်သောအ၀တ်များကို
         ဖွတ်လျှော်ခြင်း၊ မစင်ဆေးခြင်း။
၆။      စေတီ၊ ပုထိုးပျက်များမှ အုတ်ကျောက်များဖြင့် အိမ်ဆောက်ခြင်း၊
         ဆင်တင်းကုတ်၊ မြင်းတင်းကုတ်နှင့် မစင်အိမ်သာလုပ်ခြင်း။
       ဤကဲ့သို့ယုတ်မာသောညစ်ပတ်ပုံများကို တွေ့မြင်ကြသော
ကျွန်ုပ်နှင့်တကွဗုဒ္ဓဘာသာဝင်အပေါင်းတို့သည်ဤမျှမွန်မြတ်သောနေရာတော်ကို
ဘာသာခြားလက်တွင်းမှ မိမိတို့လက်ဝယ်ရောက်ရှိလာအောင်
ကြိုးစားအားထုတ်သင့်လှပေသည်။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏
အမွန်မြတ်ဆုံးသောဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာတို့ကသာ ပိုင်ဆိုင်ရမည်ဟု
တောင်းဆိုခဲ့သော် မည်သူ၊ မည်ဝါကမှ တရားနည်းလမ်းမကျဟု
ဝေဖန်နိုင်မည်မဟုတ်ပေ။ ဤတွင် ကျွန်ုပ်သည် ဤစာအုပ်ကိုဖတ်သူတိုင်း
သိရှိကြစေရန် ဗုဒ္ဓဘာသာပိုင်မဟုတ်သော အိန္ဒိယပြည်စတိတ်မင်းသတင်းစာ၌
ဝေဖန်ရေးသားထားသည်ကို ရေးသားဖော်ပြလိုက်ပါအံ့။
Statement of object and reasons
The Maha Bodhi Temple at Buddhagaya is most Sacred Shrine of Buddhist
World, as it stands on the spot where Lord Buddha attained Supreme
Wisdom. It is to the Buddhist what Macca is to the Muslim, Ayodhya to
Hindu and Jerusalem to Christian. It is in the hands of a
non-Buddhist, the Saivite Mahanth of Buddhagaya. For many years past
the Buddhists have been greaty dissatisfied with his management of the
temple and temple Land. They have expressed their strong desire to
have them restored to their control. The desire is but natural and
this bill is intended to make provision for the better management of
the temple and temple Land and for their restoration to the Buddhist
of India, Burma and Ceylon without prejudice to the right of Hindus to
worship the image of Buddha in the temple and to offer Pinda at the
Bodhi Tree to the north of the temple.

  ဥပဒေပြုရခြင်း အကြောင်းရင်းခံဖော်ပြချက်
      ဗုဒ္ဓဂယာမြို့တွင် တည်ရှိသော မဟာဗောဓိစေတီတော်မြတ်၏နေရာ တွင်
ဗုဒ္ဓဘုရားရှင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိတော်မူသဖြင့် ကမ္ဘာပေါ်ရှိဗုဒ္ဓဘာသာဝင်တစ်ရပ်လုံးတို့အတွက်  အမြတ်ဆုံးသောနေရာ ဖြစ်ပေသည်။
မွတ်ဆလင်များအဖို့ မက္ကာမြို့၊ ဟိန္ဒူများအဖို့ အယုဒ္ဓယမြို့၊
ခရစ်ယာန်များအဖို့ ဂျေရုဆလင်မြို့တို့သည် အမြတ်ဆုံးဖြစ်ဘိသကဲ့သို့
ဗုဒ္ဓဘာသာဝင်များအဖို့ ထိုနေရာသည် အမြတ်ဆုံးဖြစ်ပေသည်။ ထိုစေတီ
နှင့်မြေမှာ ဗုဒ္ဓဘာသာတို့အဖို့မည်မျှပင် အမြတ်ဆုံးဖြစ်စေကာမူ
ဗုဒ္ဓဘာသာမဟုတ်သူသီဝဂိုဏ်းဝင်မဟန့်၏လက်ထဲ၌ကျရောက်နေမှုကြောင့်
ဗုဒ္ဓဘာသာဝင်အပေါင်းတို့မှာ သူ၏ပြုပြင်မှုစီမံပုံတို့ကို များစွာပင်
မနှစ်ခြိုက်နိုင်ပဲ ရှိခဲ့လေသည်။  သူတို့သည်ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ရရှိဖို့ရာ ထက်သန်သော သဘောဆန္ဒများကို ဖော်ပြခဲ့လေပြီ။ ဤသဘောတရားမှာ အထူးသဘာဝကျလှပေသည်။ ၎င်းပြင် ဥပဒေကြမ်းသည် ဗုဒ္ဓဂယာစေတီတော်ကြီးကို ပြန်လည်ပြင်ဆင်ရေးနှင့်စေတီတော် အထဲရှိ
ဟိန္ဒူတို့ရုပ်ပွားတော်ကို ကိုးကွယ်မှုနှင့်ဗောဓိပင်ခြေရင်းတွင် ဆွမ်းတော်ကပ်မှုတို့ကို မထိခိုက်စေပဲ
အိန္ဒိယ-မြန်မာနှင့်သီဟိုဠ်ဗုဒ္ဓဘာသာတို့ကသာ အုပ်ချုပ်ထားရန် ရည်ရွယ်လေသည်။
   
 ဤဆောင်းပါးကို ၁၉၃၅-ခုနှစ်က
ဦးသိန်းမောင်၊ဦးဘစီနှင့်ဒေါက်သိမ်းမောင်တို့က
ဗုဒ္ဓဂယာဥပဒေကြမ်းကိုရေးဆွဲပြီး ဒေလီဘုရင်ခံချုပ်ကြီးထံ တင်သွင်းခဲ့စဉ်က
ကာလကတ္တားမြို့မှ ထုတ်ဝေသော Statesman ခေါ် သတင်းစာကြီးမှ
ရေးသားဖေါ်ပြလိုက်လေသည်။ ဗုဒ္ဓဘာသာတို့အဖို့ အထူးစိတ်ဝင်စားဖွယ်ကောင်းဧ။်

                        အမြတ်ဆုံးနေရာများ
ဗုဒ္ဓဘာသာဝင်အပေါင်းတို့ဧ။် အမြတ်ဆုံးသောနေရာများမှာ-
(၁)     ဗုဒ္ဓဂယာမြို့ရှိ ဗောဓိပင်နှင့်ရွှေပလ္လင်တည်ရာဌာန။
(၂)     မိဂဒါဝုန်တောရှိ ဓမ္မစကြာတရားဦးကို ဟောတော်မူရာဌာန။
(၃)     သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်ကြီးထဲရှိ ညောင်းစောင်းတော်တည်ရာဌာန။
(၄)     သင်္ကဿနဂိုရ်ဌာန ဟူ၍ အဝိဇတဌာန (၄)ခုရှိလေသည်။ 
                        ထိုဌာနများကို သမုဒ္ဒရာဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြကုန်ပြီးသော ဘုရားရှင်အဆူဆူတို့ မစွန့်ကောင်းပေ။ ပွင့်ဆဲပွင့်လတ္တံဖြစ်သောဘုရားရှင်တို့လည်း မစွန့်ကောင်း၊ မစွန့်ထိုက်ပေ။
ထိုကြောင့် အမြတ်ဆုံးနေရာများ(ဝါ) အဝိဇဟိတဌာနများဖြစ်လေသည်။

 
ဗုဒ္ဓဂယာ စေတီဒါယကာ
      မဟာဗောဓိနှင့်ပလ္လင်တော်၏ အရှေ့မျက်နှာဘက်တွင် အထပ်အားဖြင့်နှစ်ထပ်ရှိသော စတုဂံစေတီတော်ကြီးတစ်ဆူကို  တွေ့ရှိရဧ။်။
၎င်းစေတီတော်ကြီးမှာ အရှေ့နှင့်အနောက်ဘက်သို့ ၅၇-တောင်၊ တောင်နှင့်မြောက်ကို အတောင် ၅၀ ရှိ၏။  အောက်မှသည် အထက်ငှက်မြတ်နားတော်အထိပေပေါင်း၁ဝဝ-ကျော်ခန့်ရှိလေသည်။ အောက်ထပ်တွင် ဥာဏ်တော်
၃-တောင်ကျော်ခန့်ရှိသော ကျောက်ညိုဆင်းတုတော်တစ်ဆူ ကိန်းဝပ်လျက်ရှိသည်။
 
                            ဤစေတီတော်ကြီးကို သာသနာ့သက္ကရာဇ် ၂-ရာစုလောက်က မဂဓနေပြည်တော်ကြီးကို
စိုးစံတော်မူသောဗုဒ္ဓဘာသာမင်းတို့သည် လက်ရှိစေတီတော်ကြီးကို
ဆောက်လုပ်ခဲ့ကြောင်းနှင့်ဖော်ပြထား၏။  အချို့သောပညာရှင်များကမူ ခရစ်၅-ရာစုလောက်မှာ ဤစေတီကြီးကို ဆောက်ကာနင်ဂန်၏ (Archaeological report of Bihar) ခေါ်သောစာအုပ်တွင် ဤသို့ရေးသားထားလေ၏။
              ဤစေတီတော်ကို အသောကမင်းတရားသည်သာလျှင် ဆောက်လုပ်လှူဒါန်းခဲ့သည်ဟု
ဆိုနိုင်စရာအကြောင်းရှိ၏။ အကြောင်းမှာမူကား ကျွန်ုပ်တို့သည်
ဤစေတီတော်ကြီးကို အမိန့်အရတူးဖော်ခဲ့စဉ်က ရရှိခဲ့သောကျောက်စာအချို့တွင်
အသောကမင်းတရားကြီးသည်  ဤစေတီကို ဆောက်လုပ်လှူဒါန်း၍
သာဓုအနုမောပြုခဲ့ကြောင်းကို ပါရှိရကား ဤသာဓကဖြင့် စေတီဒါယကာကို
အသောကမင်းတရားကြီးဟု မှတ်ယူရပေမည်။

                      မဟာဝင်ကျမ်းအဆို
   မဟာဝင်ကျမ်းအလိုအားဖြင့် သီရိဓမ္မာသောကမင်းတရားကြီးသည်
ရာဇဂြိုဟ်ပြည်တွင် ဘုရင်အဇာတသတ်လက်ထက်တွင် ဌာပနာခဲ့သော
ဓါတ်တော်ခုနစ်စရွတ်တို့ကို တူးဖော်၍ရရှိခဲ့ပြီးနောက်
ဇမ္ဗူဒိပ်ကျွန်းအလုံး၌ အနှံ့အပြား ကိုးကွယ်စိမ့်သောငှာ
ရှစ်သောင်းလေးထောင်သော မြို့နိုင်ငံတို့၌ တစ်မြို့လျှင်စေတီတစ်ဆူ
တည်လေစေဟူ၍ ကိုးဆယ့်ခြောက်ကုဋေသော ငွေအသပြာတို့ကို အမတ်တို့အားအပ်နှင်း၍
စေတီတစ်ဆူနှင့်ကျောင်းတစ်ဆောင်စီ တည်ဆောက်တော်မူစေလေသည်။
ဤရှစ်သောင်းလေးထောင်သော မြို့ရွာကြီးငယ်တို့တွင် စေတီတစ်ဆူစီ
တည်ဆောက်လှူဒါန်းခဲ့သော အသောကမင်းတရားကြီးသည် ဘယ်နည်းနှင့်မဆို
မဟာဗောဓိကဲ့သို့ အဝိဇဟိတဌာနကြီးကို ချန်လှပ်ထားခဲ့မည်မဟုတ်၊
အကြီးအကျယ်ဆောက်လုပ်လှူဒါန်းခဲ့မည်သာတည်း။
ဟူဝေဆင်နှင့် ဖာဟီယန်
   ခရစ်သက္ကရာဇ် ၄ ရာစုကုန်ခါနီးတွင် ဖာဟီယန်အမည်ရှိသော
တရုတ်ဘုန်းတော်ကြီးတစ်ပါးသည် အိန္ဒိယပြည်သို့ ကြွလာပြီးလျှင်
အတိုင်းတိုင်းအပြည်ပြည်သို့ လှည့်လည်ကာ ဘုရားဖူးသွားခဲ့၏။ ၎င်း ဖာဟီယန်သည်
မဟာဗောဓိသို့ ရောက်ရှိခဲ့စဉ်က များပြားလှစွာသော ကျောင်းကန်၊
စေတီပုထိုးများကို ဖူးမြော်ခဲ့ရကြောင်းနှင့် သောဠသတိုင်း ဒိုင်ယာရီတွင်
ဖော်ပြထား၏။ ထို့နောက် ဟူဝေဆင် အမည်ရှိသော တရုတ်ဘုန်းကြီး တစ်ပါးသည်
ဟသျှဝဒ္ဓန မင်းကြီးလက်ထက် ဖြစ်သော ၆ ရာစုလောက်က မဇ္ဈိမ
တိုင်းသို့ရောက်ရှိခဲ့သေးရာ မဟာဗောဓိအကြောင်း နှင့် ပတ်သက်၍
အထူးစိတ်ဝင်စားဖွယ်ကောင်းသော မှတ်တမ်းကြီးကို ၎င်း၏ဒိုင်ယာရီ စာအုပ်တွင်
ရေးမှတ်ထားခဲ့ထားလေသည်။ ထို့ပြင် ဟူဝေဆင်နှင့် မရှေးမနှောင်းသော
နှစ်သက္ကရာဇ်တို့တွင်လည်း များစွာသော တရုတ်ဘုန်းကြီးတို့သည်
မဟာဗောဓိပင်သို့ ရောက်ရှိခဲ့သေး ၏။ သို့သော် သူတို့ကဲ့သို့ မှတ်တမ်းများ
မရေးသားခဲ့ခြင်းကြောင့် မည်သူ မည်ဝါဖြစ်ကြောင်း မသိရှိရချေ။ ကာနင်ဂန်
ဆရာကြီးက ဖော်ပြထားသည် မှာ နိုင်ငံခြား ဘုရားဖူးသားတို့သည်
အိန္ဒိယပြည်ကြီးတွင် မွတ်ဆလင်များ စိုးစံခဲ့သော နှစ်သက္ကရာဇ်များဖြစ်သော
၁၂၉၈၊ ၁၂၁၂၊ ၁၃၂၈ နှင့် ၁၃၃၁ ခုနှစ်တို့ကလည်း တစ်ယောက်တစ်ပြီးတစ်ယောက်
ရောက်ရှိခဲ့ကြောင်းနှင့် ပါဠိဘာသာဖြင့် ရေးထိုးထားသော
ကျောက်ကမ္ပည်းအချို့တွင် တွေ့ရှိရ သည်ဟု ဆို၏။ ထို သက္ကရာဇ်များက
ရောက်ရှိခဲ့သော ဘုရားဖူးတို့မှာ စေတီပုထိုးများ၏ ပကတိအခြေအနေကို
မဖူးမြော်နိုင်ရတော့ဘဲ မွတ်ဆလင်တို့ အကြွင်းမရဖျက်ဆီးမှုကြောင့်
ကျိုးပဲ့လောင်ကျွမ်းထားသော အဆောက်အအုံအပျက်အစီးများကိုသာ ဖူးမြင်သွားကြရ
ရှာလေသည်။
     အထက်ပါ ဘုရားဖူးသားများ၏ မှတ်တမ်းများအရဆိုပါက သီရိဓမ္မာသောက
မင်းတရားကြီးသည် မွတ်ဆလင်တို့ ဝင်ရောက်ဖျက်ဆီး ခြင်းကို ခံခဲ့ရသော ခရစ်
၁၂ ရာစုအထိ မပျက်မဆီး မယိုမယွင်းပဲ တည်ရှိ ခဲ့ကြောင်းကို
သိနိုင်လောက်ပေ၏။
ဗောဓိပင်
     စေတီတော်ကြီး၏နောက်ဘက်တွင် ကပ်၍ပေါက်နေသော ဗောဓိပင် ကြီးတစ်ပင်ကို
ဖူးတွေ့ရပေမည်။ ၎င်းအပင်သည် အလုံးအားဖြင့် ၁၀-တောင်၊ အမြင့် ၃၂
တောင်ခန့်မြင့်မား၍ အုတ်နံရံတို့ဖြင့် ဝိုင်းကာထားလေသည်။ ဤဗောဓိပင်
အကြောင်းနှင့်စပ်လျဉ်း၍ ဆရာတော်ဦးကိတ္တိ၏အိန္ဒိယကြေးမုံကျမ်းတွင်
အောက်ပါအတိုင်း ရေးသားထားလေသည်။

''သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာမဖြစ်မီ ရှေ့အဖို့၌
မနာလိုဝန်တိုစိတ်ရှိသည်ဖြစ်၍ စစ်သည်တော်အပေါင်းနှင့်လာရောက်ပြီး လျှင်
ပင်လုံးနှင့်တကွသော အကိုင်းအခက်တို့ပါ ခုတ်ဖြတ်ခိုင်းစေလေ သည်။
ထို့နောက် အနောက်ဘက်မနီးမဝေးသောအရပ်၌ စုပုံပြီးမှ ဤအပင်အငုတ်ကို
မီးပုံရှို့၍ ယစ်ပူဇော်လေဟု ပုဏ္ဏားတစ်ယောက်အား စေခိုင်းလိုက်ရာ
ထိုပုဏ္ဏားသည် မင်းကြီးဆိုတိုင်းပြုလေသည်။
ထိုသို့ပင် ဖျက်စီးစေသော်လည်း ပါရမီတော်အဟုန်ကြောင့် မီးခိုး
ငြိမ်းလျှင်ငြိမ်းခြင်း ထိုထက်သာလွန်ကြီးမားတင့်တယ်သော ဗောဓိပင်ကြီး
တစ်ပင် ပေါက်ရောက်လာလေသည်။ ဤသို့လျှင် ဗောဓိပင်မြတ်၏
တန်ဖိုးကြီးမားပုံကို မင်းတရားကြီးမြင်လျှင် မိမိပြုသောအမှုကိုအောက်မေ့
လျက် စိတ်နှလုံးပူပန်ခြင်းသို့ရောက်လေရကား မဟာဗောဓိပင်နေရာသို့
ကိုယ်တိုင်ကြွချီတော်မူပြီးလျှင် နေ့ရက်များစွာတိုင်အောင် ပူဇော်ပသ
လျက်ရှိသည်ကို မိဖုရားသိလတ်သော် ဘာသာတရား၌ ဣသာမစ္ဆရိယဝင် ပြီးလျှင်
လျှို့ဝက်သောအကြံအစည်ဖြင့် မင်းကြီးမရှိစဉ် ဗောဓိပင်တော်ကို
အဖြတ်ခိုင်းလေသည်။ အသောကမင်းတရားကြီး  လာရောက်ပြီး
ယဇ်ပူဇော်အံ့ဟုကြည့်လေလျှင် ပိုင်းပြတ်လျက်နေသည်ကို မြင်ရကား ကြီးစွာသော
စိုးရိမ်ခြင်းသည် ဖြစ်လတ်၍ နွားနို့ရည်ဖြင့် ပူဇော်ပြီး အဓိဋ္ဌာန်
မူလေလျှင် ယခင်အတိုင်း အမြစ်အရင်းမှ ပေါက်လာပြန်လေသည်။ ယခုလိုအံ့ဖွယ်သူရဲ
ထူးကဲလှစွာသော တန်ခိုးပြာဋိဟာတော်ကို မြင်ရခြင်း ကြောင့် မင်းတရားကြီးအား
တိုးသောသဒ္ဓါတရား ရှိသည်ဖြစ်၍ အရပ်လေးမျက်နှာကို
အုတ်တံတိုင်းဖြင့်ကာရံဖြင့်ကာရံပြီးလျှင် အစဉ်ထာ
ဝရဆည်းကပ်သွားကြောင်းနှင့် ရေးသာထားလေသည်။
သို့သော် ဆရာတော်ဦးကိတ္တိက မည့်သည့်ကျမ်းမှ ထုတ်နုတ်၍
ဖေါ်ပြထားကြောင်းနှင့် မပါရှိချေ။ ဤစကားမှာ သင်္ဂဇာဆရာတော်ဘုရား
ကြီး၏စကားပုံစာအုပ်ထဲမှ ဖြစ်တန်ရာသည်။ ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီး၏
မဟာဝင်စကားပြေစာအုပ် နောက်ဆက်တွဲ၌ကား မြန်မာ သက္ကရာဇ် ၁၁၇၁-ခုနှစ်၊
တန်ခူးလဆန်း ၁၃-ရက်နေ့ မဟာဗောဓိပင်သို့ ဇေယျကျော်ထင်နှင့်ဇေယျကျော်စွာ
တို့ ရောက်ခဲ့၍ တောင်စူးစူးသို့ထွက် သည့် ခက်မက ခက်လက်ကိုင်း
သုံးဖြာသည်တွင် အောက်ပိုင်းလုံးပတ် ငါးထွာတစ်မိုက်ကို သီရိဓမ္မာသောက
မင်းပင့်ဆောင်လေသောကြောင့် ပြတ်လျက်ရှိသည် စသည်ဖြင့်
သုသောဓိတမဟာရာဇဝင်တော် ပဉ္စမအုပ်၊ စာမျက်နှာ ၁၈၁ ၌ရေးသားဖော်ပြထားသည်ကို
တွေ့ရှိရကြောင်းနှင့် ဆိုထားလေသည်။
(Mr.L.L.S.O Malley's Bengal District Gazetteer, chapter III. Page
No.54) တွင်ပါရှိသော ဗောဓိပင်အကြောင်းကို မူအတိုင်း ဘာသာ
ပြန်ဆိုလိုက်ဦးအံ့။
''ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ သာသနာ့ရန်သူတစ်ဦးဟု ခေါ်ဆို ထိုက်၍
သီဝဘုရားကို ကိုးကွယ်ဆည်းကပ်လေ့ရှိသော ဘင်္ဂလားပြည် အလယ်ပိုင်း ရှင်ဘုရင်
ရာဇာ ဆာဆင်္ကာသည် ခရစ် ၆-ရာစုလောက်က ဗောဓိပင်ကိုခုတ်ဖြတ်တူးဖော်ပြီးလျှင်
ထောပတ်များဖြင့် သွန်းလောင်းကာ မီးရှို့ပစ်လေသည်။ ဤအကြောင်းကို
မာဂဓတိုင်းပြည် ရှင်ဘုရင် ပူရာဏဗာမာက သိရှိတော်မူလေသော်
ဘိုးဘေးများဖြစ်ကုန်သော အသောကအစရှိသောမောရိယမင်းအဆက် ဆက်တို့၏
မြတ်နိုးကော်ရော်ပူဇော်တော်မူသည်ကို အတုလိုက်သောအား ဖြင့်
ထပ်မံကာစိုက်ပျိုးခဲ့ရလေသည်။ ဤသို့ပင် ပူရာဏဗာမာက စိုက်ပျိုး ထားသော်လည်း
ဘာသာရေးတွင် ဣဿာမစ္ဆရိယ ကြီးမားလှသော ဆာဆင်္ကာသည် ဒေါသအမျက်မီးလျှံကဲ့သို့
ထွက်ပြီးလျှင် ဒုတိယမ္ပိ ခုတ် ဖြတ်မီးရှို့ပြီးနောက် မည်သူမဆို
ဤနေရာတွင်ထပ်မံ၍ ဗောဓိပင် မစိုက်စေရဟု အမိန့်တော်ထားခဲ့လေသည်။
ဘိုးဘေးအစဉ်အနွယ်မှ စ၍ ကိုးကွယ်ဆည်းကပ်လာသော ဗောဓိပင်ကို
အလွန်ရိုသေလေ့ရှိသော ပူရာဏဗာမာက သည်လည်း ဒုတိယမ္ပိ ထပ်မံစိုက်ပျိုးပြန်၏။
အထူးအံ့ဖွယ် ကောင်းသော ဗောဓိပင်တော်သည်လည်း တစ်ညတည်းမှာပင် ၁၀-ပေခန့်
ကြီးမြင့်လာလေသည်။ ယင်းကဲ့သို့ အံ့ဖွယ်သူရဲ ပေါက်ဖွားလာသည်ကို
တွေ့မြင်ရသော ဆာဆင်္ကာသည်လည်း အလွန်ကြောက်ရွံ့တုန်လှုပ်သော စိတ်ရှိသည်ဖြစ်၍
သုံးကြိမ်မြောက် အကြွင်းမရခုတ်ဖြတ်ပြီးလျှင် ၂၄-ပေ ခန့်မြင့်မားသော
ကျောက်လက်ရန်းကြီးကို ကာရံထားခဲ့လေသည်။ ပြုအပ် ပြီးသော ဝီရိယကို
လက်မလျှော့လိုသော ပူရာဏဗာမာက သည်လည်း နွားမတစ်ထောင်မှ ညှစ်၍ရအပ်သော
နို့ရည်တို့ဖြင့် သွန်းလောင်းကာ သုံးကြိမ်မြောက် စိုက်ပျိုးခဲ့ရလေသည်။
(ဤကား မစ္စတာမာလေ၏ အဆို)
ကျောက်စာဝန်မင်းကြီး ကာနင်ဂန်ကမူ ထိုကျောက်လက်ရန်းကြီး ကိုဗောဓိပင်အား
ရန်သူတို့ မဖျက်ဆီးနိုင်ရန် ပူရာဏဗာမာက ပင်ဆောက် လုပ်ခဲ့သည်ဟု ဆို၏။
အထက်ပါအချက်ကြီးသည် အလွန်အံ့သြဖွယ် ကောင်းသော အချက်ကြီးတစ်ခုပင်ဖြစ်၍
ဗုဒ္ဓရှင်တော်၏ ဖွားဖက်တော် ဖြစ်သော ဗောဓိပင်အား မသူတော်မင်းတို့က
မည်သို့ပင် အစတုံးပစ်ရန် ကြံရွယ်အားထုတ်စေကာမူလည်း
အစမတုံးနိုင်ကြောင်းကို ထင်ရှားအောင် ပြလိုက်သော
သာဓကကြီးတစ်ရပ်ပင်ဖြစ်လေသည်။ ဤတွင် ကျွန်ုပ်သည် မဟာဗောဓိပင်
တန်ခိုးဣဒ္ဓိပါဒ် ကြီးမားပုံကို အနည်းငယ်ဖော်ပြလိုပေ သည်။ မဟိန္ဒထေရ်သခင်၏
အကြံပေးချက်အရ ဒေဝါနံပီယတိဿမင်း ကြီး သံဃမိတ္တာထေရီမနှင့် ဒက္ခိဏသာခါကို
သီဟိုဠ်ကျွန်းသို့ ပင့်ဆောင် တော်မူရန် အရိဋ္ဌအမတ်ကြီးအား
ပါဋလိပုတ်နေပြည်တော်သို့ သံတမန် အဖြစ်ဖြင့် စေလွှတ်ခဲ့လေသည်။
အရိဋ္ဌအမတ်ကြီးသည်လည်း ပါဋလိပုတ် နေပြည်တော်သို့ ဆိုက်ရောက်လာလတ်၍
အသောကမင်းတရားကြီးအား သဝဏ်လွှာနှင့်တကွ လျှောက်ထားလေရာ ဘုရင်မင်းမြတ်က
မိန့်ဟတော် မူသည်ကား …
''ဘုရားသခင်ကိုယ်တော်ကြီး၏ ပွင့်တော်မူရာ ဗောဓိပင်သည်
ဘုရားကိုယ်တော်နှင့်တူသောကြောင့် ဓားဖြင့်ခုတ်ပိုင်းဖြတ်ခြင်းငှာ
မထိုက်''
        ဟုဆိုလေသည်။ သို့နှင့် ရဟန်းသံဃာတော်အပေါင်းတို့အား ပင့်
ဖိတ်စည်းဝေးတော်မူပြီးလျှင် လျှောက်ထားလေရာ အရှင်မြတ်တို့က
ဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ ပရိနိဗ္ဗာန်ပြုခါနီး ရတနာညောင်စောင်း ထက်၌
လျောင်းလျက်အဓိဋ္ဌာန် ၅-ချက်ထားခဲ့ကြောင်းကို ဟောတော်မူပြီး မှ
ဒက္ခိဏသာခါသည် ဆေးဒန်းမြင်းသီလာဖြင့် သားရာမှ အလိုအလျှောက်ပြတ်၍ ရွှေဖျဉ်း၌
တည်လတ္တံ့သည်ကို သိတော်မူလေ သည်။ ထိုသို့ သိတော်မူပြီးသော
သီရိဓမ္မာသောကမင်းကြီးသည်လည်း ရဟန်းပရိသတ်၊ လူပရိသတ်အပေါင်းခြံရံလျက်
ဗောဓိပင်ရှိတော်မူရာ အရပ်သို့ကြွချီတော် မူလေသည်။
      ဗောဓိပင်သို့ ရောက်တော်မူသောအခါ မင်းတရားကြီးသည် ရွှေစုတ်ကိုကိုင်၍
ဆေးဒန်းမြင်းသီလာနှင့်သားပြီးမှ အကယ်၍ ဤဗောဓိပင်သည်
လင်္ကာဒီပသို့ကြွထိုက်သည်ဖြစ်အံ့။ ငါသည်လည်း ဘုရားသာသနာတော်၌
သံသယကင်းရှင်းသော ဒါယကာတစ်ဦး အကယ်၍ ဖြစ်သည်မှန်၏။ မြင်းသီလာနှင့်သားရာမှ
ပြတ်၍ ရွှေဖျဉ်း၌ မတ်တပ်ရပ်တည်သည် ဖြစ်ပါစေသတည်းဟု အဓိဋ္ဌာန်ပြုသည်နှင့်
တစ်ပြိုင်နက် ဗောဓိခက်သည် ပြတ်လာတော်မူ၍ နံ့သာညွှန်ပြောင်းဖြင့် ပြည့်သော
ရွှေဖျဉ်းထက်၌တည်လေသည်။ အညို၊ အရွှေ၊ အနီ၊ အမောင်း၊ အနက် ပြိုးပြိုးပြက်သော
ရောင်ခြည်တော်တို့သည် ထွက်လာ၍ စကြာဝဠာတိုက်အလုံးကို
ဖုံးလွှမ်းမြှေးယှက်လျက် အထက်ဗြဟ္မာပြည်တိုင် အောင် ရောက်လေသည်။ ထို့နောက်
ရွှေဖျဉ်းနှင့်တကွသော ရတနာဗောဓိပင်သည် ရတနာအင်းပျဉ်မှ အထက်ကောင်းကင်သို့
ပျံတက် ၍ ၇-ရက်လုံးလုံး လူတို့မမြင်နိုင်သော ဆီးနှင်းတိမ်တိုက်သို့
ဝင်၍တည် လေသည်။
      မဟာဗောဓိမဏ္ဍလအပြင်၌ ယခုကဲ့သို့ တန်ခိုးပြာဋိဟာကို ပြတော်မူ
ခဲ့ပြီးသည့်နောက် သီဟိုဠ်ကျွန်းသို့ရောက်သွားသော အခါ၌လည်း ရွှေဖျဉ်း
တွင်ထည့်၍ မြေတွင်စိုက်မည်ပြုရာ ကောင်းကင်သို့  ပျံတက်လျက်
အတောင်ရှစ်ဆယ်ရှိသော အရပ်၌တည်ပြီးလျှင် ပင်စည်အကိုင်းကြီး
အသီးအရွက်အခက်သေး အခက်မြွာတို့မှ ပြာဝါစိမ်းလဲ့၊ နဂါးသွဲ့ အတူ ဖြူချီ၊
နီချီ အရည်ဒီးဒီးယိုစည်းမည့်သဖွယ် ခြောက်သွယ်သောရောင်ခြည် တော်တို့သည်
ထွက်ကုန်၏။ လူအားလုံးတို့ရွှင်ပြုံးမွေ့လျော်ဖွယ် အသွယ်သွယ်သော
ရောင်ခြည်တော်တို့သည် နေဝင်သည့်တိုင်အောင် ထွန်းတောက်၍ သီဟိုဠ်ကျွန်း
အလုံးကို ဖုံးလွှမ်းပြီးမှ ဗြဟ္မာပြည်တိုင်အောင် တက်လေ၏။ မိုးချုပ်သော
အခါမှသာလျှင် ကောင်းကင်မှဆင်း၍ တွင်း၌တည်လေသည်။ ယင်းတို့တည်လာသော အခါ
မဟာပထဝီမြေကြီးသည် ကောင်းချီးပေးသဖြင့် တုန်လှုပ်၏။ ထိုဗောဓိသာခါမှ
တစ်ရာသောအမြစ်ငယ်တို့သည်လည်း ရွှေဖျဉ်းသို့မြှေး ယှက်ကုန်လျှက်
မြေသို့သက်လေကုန်၏။ များစွာသောလူအပေါင်းတို့ သည်
ပန်းနံ့သာတို့ဖြင့်ပူဇော်ကြကုန်သတည်း။ ဤသို့လျှင် အံ့ဖွယ်ကောင်း
ကြောင်းတို့ကို ပါရာဇိကဏ်အဋ္ဌကထာနိဒါန်းနှင့် မဟာဝင်ကျမ်းတို့တွင်
လာရှိတော်မူလေသည်။ ဤရွေ့ ဤမျှလောက် ကြီးကျယ်သောတန်ခိုး
ပြာဋိဟာတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသခင်၏ ဖွားဖက်တော်
ဗောဓိပင်အား မသူတော်မင်းတို့၏ ပယောဂကြောင့် သေနိုင်ကောင်းအံ့လော။
မည်သည့်နည်းနှင့်မှ အစတုံးနိုင်မည်မဟုတ်ပေ။ အမြစ်ကျန်လျှင်
အမြစ်မှပြန်လည်ပေါက်ဖွားလာရမည်သာတည်း။
     ဆာဆင်္ကာသည် မဟာဗောဓိပင်ကိုတူးဖော်ခဲ့စဉ်က အမြစ်၏အဆုံး ကို
ရှာမတွေ့နိုင်ဟု ဟူဝေဆင်၏ကျမ်းကဆိုပြန်၏။ ပူရာဏဗာမာကသည်
သူ့လောက်ကြီးကျယ်သောနေပြည်တော်ကို စိုးစံရသောမင်းတစ်ပါးပင်
မဟုတ်ငြားသော်လည်း ၎င်း၏ အမိန့်ကို ဖီဆန်ကာ သုံးကြိမ်တိုင်တိုင်စိုက်
ပျိုးလေသည်မှာ ထိုဗောဓိပင်၏တန်ခိုးတော်ကြောင့်ပင် ဖြစ်၏ဟု ယူဆရ ပေမည်။
ယခုရှိနေသောဗောဓိပင်
     ခရစ် ၁၉-ရာစု အစဖြစ်သော ၁၈၁၁-ခုနှစ်က ဘူချနန်ဟာ မီလတန် အမည်ရှိသော
အင်္ဂလိပ်ပညာရှိတစ်ဦးသည် ဗုဒ္ဓဂယာမြို့သို့ရောက်ရှိခဲ့ဖူး ရာ
ခက်မငါးဖြာဖြင့်စည်ပင်နေ၍ မြေ၏ပကတိနေရာမှ အမြင့်ပေ ၃၀-ခန့် ရှိသော
ဗောဓိပင်ကြီးတစ်ပင်ကို မြင်ဖူးခဲ့သည်ဆို၏။ ထိုဗောဓိပင်၏ အသက်မှာ
အနှစ်တစ်ရာအိုမည်မထင်ဟုလည်း ဆိုသေး၏။ ၁၈၇၅-ခုနှစ် တွင်ကား ဤဗောဓိပင်သည်
တစ်ကိုယ်လုံး ယိုယွင်းလာသောကြောင့် ၇၆- ခုနှစ်တွင်
လေနီကြမ်းနှင့်လဲပါသွားလေသည်။ ထိုအပင်မှအစေ့များကို ယူထားလိုက်သည့်အပြင်
အခက်ကြီးတစ်ခက်ကိုလည်း ၎င်းနေရာ၌ပင် ပြန်လည်စိုက်ပျိုးခဲ့လေသည်။
ထိုအကိုင်းမှစည်ပင်ပြန့်ပွားလာသော ဗောဓိ ပင်မှာ ယခုရှိနေသော အပင်ဖြစ်၏။
မည်သူမည်ဝါ စိုက်ခဲ့သည်ဟုကား မပါရှိချေ။ (Dr.Ragendra Lal Mitra's
Buddha-Gaya. Chapter VIII Page No.82) ဒေါက်တာရာဂျင်လာလ်မိတြ၏
ဗုဒ္ဓဂယာခေါ် စာအုပ်၊ စာမျက်နှာနံပါတ် ၈၂ တွင်ကား ဤသို့ရေးထားလေသည်။
     ''အလွန်တရာ အိုမင်းလှပြီဖြစ်၍ တစ်စိတ်ခြောက်နေသော ဗောဓိပင် ကြီးသည်
မိမိသွားရောက်ခဲ့သော ၁၈၈၅-ခုနှစ်တွင် လေမုန်တိုင်းတိုက် ခတ်မှုကြောင့်
လဲပါသွားလေသည်။ သို့သော် ဟိန္ဒူလူမျိုးတို့က ထိုအပင်မှ
အကိုင်းကြီးတစ်ကိုင်းကို ယူပြီးလျှင် စေတီတော်၏မြောက်ဘက်ပေ ၈၀-
ခန့်ကွာသောနေရာတွင် ပြန်လည်စိုက်ပျိုးကြကြောင်းနှင့် တွေ့ရှိရသေး၏။
တရုတ်ဘုန်းကြီး ဟူဝေဆင် မဟာဗောဓိသို့ရောက်ရှိခဲ့သော ခရစ် ၆-ရာစု
လောက်ကလည်း အကိုင်းအခက်စသည်တို့နှင့် အထူးစည်ကားနေသော
ဗောဓိပင်ကြီးတစ်ပင်ကို ဖူးမြော်ခဲ့ရကြောင်းနှင့်ရေးသားထားပြန်၏။ ဤ
ဗောဓိပင်က ပူရာဏဗာမာစိုက်ပျိုးခဲ့သော ဗောဓိပင်ဖြစ်တန်ရာသည်။ ဘူချ
နန်ဟာမီလတန် တွေ့ခဲ့သည်ဆိုသော ဗောဓိပင်မှာ အနှစ်တစ်ရာ ထက်ပို၍
အသက်ကြီးသည် မထင်ဆိုခြင်းကြောင့် ဟူဝေဆင်ရောက်ရှိခဲ့ သော ခရစ်
၆-ရာစုနှင့်မဟာမီလတန် ရောက်ရှိခဲ့သော ခရစ် ၁၉-ရာစုမှာ
အထူးကွာခြားလျက်ရှိရာ နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း ဗောဓိပင်
အဆက်ပေါင်းမည်မျှစိုက်ပျိုးခဲ့ပြီးဆိုတာကို  ဝေဖန်နှိုင်းယှဉ်ရန် အတော်
ပင်ခဲယဉ်းလှတော့၏။ ဒေါက်တာရာဂျင်ဒြာမိတြ၏ ၁၈၈၇-ခုနှစ်တွင် ပြန်
လည်စိုက်ပျိုးရသည်ဆိုသော ဗောဓိပင်သည်လည်း မည်သည့်နည်းနှင့် မဆို
ယခုစေတီတော်ကြီး၏မြောက်ဘက်တွင် ရှိနေသောဗောဓိပင် ဖြစ်နိုင် မည်မဟုတ်ပေ။
အသို့ဆိုမူ ဗောဓိပင်အခက်ကြီးကို စေတီတော်၏မြောက် ဘက်စူးစူး ပေ
၈၀-အကွာလောက်တွင် စိုက်ပျိုးခဲ့သည်ဟုဆိုထားခြင်း ကြောင့် ဖြစ်သည်။
ဤဗောဓိပင်ကို စေတီတော်ကြီး၏မြောက်ဘက် ခပ် လှမ်းလှမ်းတွင်ရှိနေသော
ဗောဓိပင်ဟုယူဆအပ်၏။ ကျွန်ုပ်တို့ အထူးမှတ် သားရန်မှာကား
စေတီတော်ကြီး၏အနောက်ဘက်တွင် ယခုရှိနေသော ဗောဓိပင်သည် ၁၈၇၆-ခုနှစ်တွင်
လေမုန်တိုင်းတိုက်ခတ်ပြီးမှ ပြန်လည်၍ စိုက်ပျိုးထားသော ဗောဓိပင်ဖြစ်၍
အသက်မှာ ၇၅-နှစ်ရှိပြီဟု မှတ်ယူ အပ်၏။ အချို့သော ကျမ်းဂန်တို့တွင်ကား
လက်ရှိဗောဓိပင်ကို ဘုရားရှင် လက်ထက်တော်မှ ဗောဓိပင်ပဲဖြစ်နေဟန်၊
အသောကမင်းတရားကြီး စိုက်ပျိုးခဲ့သော ဗောဓိပင်ပဲဖြစ်သလိုလို
အမျိုးမျိုးဖြန်းသန်းကာ ရေးသား ကြကုန်၏။ ထိုကဲ့သို့
အမျိုးမျိုးရေးသားကြကုန်သော ဆရာတို့၏စကားမှာ မှန်မည်၊ မှားမည်ဆိုတာကို
ဖော်ပြပါ သာဓကများကို သုံးသပ်ဝေဖန်ခြင်း ဖြင့် သိနိုင်မည်ဖြစ်၍
အထူးဖော်ပြစရာမလိုတော့ပေ။ သို့ရာတွင် ကျွန်ုပ်၏ သံသယဖြစ်ဖွယ်ရာကား
လက်ရှိဗောဓိပင်သည် ဘုရားရှင်၏လက်ထက် တော်ရှိ ဗောဓိပင်ကြီးမှဆင်းသက်လာသော
အနွယ်ဝံသ ဟုတ် မဟုတ်ကို သာ စဉ်းစားရပေမည်။ ထိုသို့ဝေဖန်ခဲ့လျှင်
အတက်ခြေရာရှိက အဆင်း ခြေရာလည်း ရှိရမည်ဟူသော စကားပုံအရ
ဗုဒ္ဓရှင်တော်မြတ်ကြီး၏ အနွယ်ဝံသစင်စစ်အမှန်ဖြစ်သည်ဟု မှတ်ယူကုန်ရာ၏။
မဟန့်ဂီရိနှင့်ဗုဒ္ဓဂယာ
     ခရစ် ၁၄-ရာစုအစလောက်က ဗြဟ္မဏပုဏ္ဏားတို့သည် မဟာဗောဓိ ပင်ကြီးကိုယ်
ပိုင်ဆိုင်ခဲ့ကြလေသည်။ ကျောက်စာဝန်မင်းကြီးကာနင်ဂန်၏ ထင်မြင်ချက်မှာ
ဘာသာတရား၌ အယူသည်းလှသော ဟိန္ဒိုပုဏ္ဏားတို့ သည် စေတီတော်၏ရှေ့မျက်နှာတွင်
ကပ်ထား၍ ၁၃၀၈-ခုနှစ်ဟု နေ့စွဲ ထိုးထားသည်ကို တွေ့ရှိရသော
ဗိဿနိုးခြေရာကို ကိုးကွယ်စောင့်ရှောက် သည်မှတစ်ပါး
ဗောဓိပင်ကိုလည်းကောင်း၊ စေတီတော်ကြီးကိုလည်း ကောင်း၊ စေတီတော်
ပရိဝုဏ်အတွင်းရှိ မည်သည့်ဘုရားပုထိုးကိုသော်မှ လည်းကောင်း
ကိုးကွယ်စောင့်ရှောက်ခြင်းမရှိဘဲ ငွေရရုံမျှသာ အပိုင်ခံကြ လေသည်။
သူတို့သည် မင်းအဆက်ဆက်တို့မှ လှူဒါန်းထားခဲ့သော စိန်၊ ကျောက်၊ ပတ္တမြား၊
ရွှေ၊ ငွေ အစရှိသော အဖိုးအနဂ္ဃထိုက်တန်သော ဘုရားဘဏ္ဍာတော်ကို
လက်ဝါးကြီးအုပ်မိလေသည့်အပြင် နိုင်ငံခြားဘုရား ဖူးသွားများထံမှလည်း
သိန်းသန်းကုဋေမကသော ငွေအသပြာများကို ရရှိ ခဲ့ပုံတူ၏။ အသို့ဆိုမူ
သူတို့၏အဆက်အနွယ်ဖြစ်သော မဟန့်၏ ရှေ့နောက် အခြေအနေကို
နှိုင်းယှဉ်ခြင်းဖြင့် သိနိုင်၏။
 
                    (မဟန့်ဂီရိဆိုသူမှာဗုဒ္ဓဂယာစေတီတော်ကြီးကို လက်ရှိပိုင်ဆိုင်ထားသူဖြစ်၍ ပစ္စည်းပစ္စယ အရာတွင်စော်ဘွားတစ်ယောက်မျှ ကြွယ်ဝနေသော ဟိန္ဒူရသေ့ကြီး ဖြစ်သည်။)
                          မစ္စတာမာတင်၏အဆို   (Martin's Eastern India) ခေါ်မာတင်၏အရှေ့အိန္ဒိယခေါ်စာအုပ် တွင် ရေးသားထားပြန်သည်မှာ လက်ရှိ မဟန့်၏ဘိုးဘေးများဖြစ်ကြကုန် သော ကွယ်လွန်သူ
မဟန့်တို့သည် ယခုအခါ နန်းတော်တမျှ ကြီးကျယ် လျက်ရှိသော
ကျောင်းကြီးနေရာတွင် ခရစ် ၁၅၉၀-ပြည့်နှစ်က ကျောင်း ငယ်တစ်ဆောင်ကို
စတင်ဆောက်လုပ်ကာ နေထိုင်သွားကြလေသည်။ ထိုစဉ်အခါတုန်းက စေတီတော်ကြီးမှာ
ချုံနွယ်အထပ်ထပ်ရစ်ပတ်ထားခြင်း ကြောင့် တောကြီးသဖွယ် ဆိတ်ငြိမ်လျက်ရှိလေသည်။ ထိုကျောင်းငယ် သည် စေတီတော်ကြီးမှ ကိုက် ၄၀၀၀ ခန့်ကွာဝေးလေသည်။ မဟန့်တို့ သည် ထိုစဉ်အခါမှစ၍ ဗောဓိမဏ္ဍနေရာတော်ကိုအပိုင်ခံလာကြသည်ဟု ဆို၏။ မစ္စတာမာလေ၏ဘင်္ဂေါဒိစတြိတ်ဂဇက်တီယာ၌ ဤသို့ရေးသား
ထားပြန်၏။ 
   ရေးသူ =မေဃ၀တီဆရာတော် ဦးနာရဒ 
(SSA လူငယ်များမ ရှာဖွေတင်ပြသည် )
လူငယ်များဆက်လက်ရေးသားကြပါမည်

No comments:

Post a Comment