Sunday, June 10, 2012

အသေကောင်းကြောင်း နည်းလမ်းကောင်း

ကိစ္စမများ စကားနည်းစေ၊

အိပ်နေမှုနည်း တစ်ကိုယ်တည်းပျော်လေ၊

ရောနှောမှုကင်း ချဲ့ခြင်းရှောင်သွေ၊

အသေကောင်း အပေါင်း ဂုဏ်ခြောက်ထွေ၊

အနေကောင်း အပေါင်း ဂုဏ်ခြောက်ထွေ။


ယောဂီတို့ တရားတိုးတက်ချင်ရင် ဂုဏ်အင်္ဂါ ခြောက်ပါးရှိမှ အနေလည်းကောင်း အသေလည်းကောင်းမယ်။

ကိစ္စမများ==

          ကိစ္စများ သတိလက်လွတ် ဖြစ်ကြလို့ ဒုက္ခတွေ များလှပါပြီ။ ကိစ္စတိုင်း ကိစ္စတိုင်း ဘာပဲလုပ်လုပ် သတိလက်လွတ် မဖြစ်စေနဲ့။ သတိနဲ့လုပ်ရင် တရားအလုပ် ဓမ္မအလုပ် ဖြစ်သွားပါတယ်။

စကားနည်းစေ==

      စကားနည်းရမယ်တဲ့။ နည်းတဲ့ထဲမှာ ပြောသမျှကိုလည်း သတိထား ပြောပါ။ အကျိုးမရှိတဲ့စကား မပြောနဲ့၊ အကျိုးမရှိတဲ့ စကားကို အတတ်နိုင်ဆုံးရှောင်၊ အကျိုးရှိတာပဲပြော၊ ဘာပြောပြော သတိကလေးနဲ့ပြောပါ။ သတိကလေးနဲ့ပြောရင် အကျိုးမရှိတဲ့ စကားတောင်မှ အကျိုးရှိသွားတယ်။
ယောဂီတွေ စကားတပြောပြောနဲ့ လမ်းလျှောက်နေကြတာ သူများတွေတွေ့တော့ ဘယ်လိုများထင်မလဲ။ တစ်ချို့မိတ်ဆွေဖွဲ့ကြတယ်။ လိပ်စာတောင်းကြတယ်၊ အဲဒါ ယောဂီ အလုပ်မဟုတ်ဘူး။

အိပ်နေမှုနည်း== 

       အအိပ်မများရဘူးတဲ့။ သတိလေးနဲ့ နိုးနိုးကြားကြား ကောင်းသော နိုးကြားခြင်းဖြင့် နိုးကြားနေပါ။

တစ်ကိုယ်တည် ပျော်လေ== 

တစ်ချို့ အိမ်မှာတုန်းက တစ်ကိုယ်ရေ တစ်ကာယပဲ၊ ရိပ်သာလာတော့မှ အဖော်တွေနဲ့၊ တရားသမားနဲ့ မတူတော့ဘူး။ ကိုယ်လည်း တစ်ကိုယ်ရေ၊ တစ်ကာယ၊ ကာယဝိဝေက စိတ္တဝိဝေက၊ တစ်ကိုယ်တည်းနေ တစ်စိတ်တည်းထား ဆိုတာ တရားအားထုပ်တဲ့ အချိန်ကလေးပဲ။ ကိုယ့်နားမှာ လူဘယ်လောက်ပဲ များနေနေ၊ ကိုယ်တစ်ယေက်တည်း တစ်စိတ်တည်းဖြစ်နေတယ်။ ကိုယ်အဖော် မပါရဘူး။ အဖော်ကင်းကင်း စိတ်အဖော်လည်းမပါရဘူး။ စိတ်အဖော်က လောဘပဲ။ အာရုံတွေအပေါ်မှာ သာယာတဲ့ လောဘ မပါရဘူး။ ဟိုဟာလိုချင် ဒီဟာလိုချင် ဟိုတွေး ဒီတွေး တရားထိုင်ရင်း စိတ်ကူးတာ၊ တရားထိုင်ရင်နဲ့ အတွေးတွေဝင်နေတာ သတိထားပေးရမယ်။
အဲဒါတွေကို နိုင်တာက သတိပဲရှိတယ်၊ သတိထားနိုင်မှ၊ သတိကလေးနဲ့ စိတ်မှာဖြစ်တိုင်း ဖြစ်တိုင်းသိ ကိုယ်မှာ ဖြစ်တိုင်းဖြစ်တိုင်းသိ၊ သိစရာနဲ့ သိတာ နှစ်ခုပဲရှိတယ်။ သတိလေးနှင့် ပျော်ရမှာ။

ရောနှောမှုကင်း===

         ပရိတ်သတ်နဲ့ အများနဲ့ အပျော်အပါးနဲ့ မရောနှောရဘူး။ ဒီမှာ ရက်ပိုင်းကလေး လာနေကြတဲ့ ဥစ္စာ၊ ရောနှောမှုတွေ ကင်းနေရမယ်၊ ဟိုကိစ္စ ဒီကိစ္စ၊ ဟိုဆက်သွယ်လုပ် ဒီဆက်သွယ်လုပ်ဆိုရင် တရားအလုပ်ပျက်တယ်၊ မလွှဲသာ မကင်းသာရင်လည်း သတိလေးနဲ့လုပ်ပါ။ တရားလက်လွတ်မဖြစ်စေနဲ့။ သတိရှိနေတဲ့အတွက် ဆိုးဆိုးဝါးဝါးတွေ မဖြစ်တော့ဘူး၊ အဆိုးက အကောင်းဖြစ်သွားတယ်။ သတိမရှိရင် အကောင်းကလည်း အဆိုးဖြစ်သွားတယ်။

ချဲ့ခြင်း ရှောင်သွေ==

             ချဲ့တတ်တာ တဏှာ၊ မာန၊ ဒိဋ္ဌိ သံသရာ နယ်ချဲ့သမားသုံးပါးပဲ။ တဏှာလောဘဟာ ချဲ့ထွင်သမားပဲ၊ စားမှု ဝတ်မှု နေမှု ထိုင်မှုတွေချဲ့ထွင်၊ အကုသိုလ်တွေ ကျယ်ပြန့်သွားအောင် ချဲ့ထွင်တဲ့သဘောပဲ၊ ဆင်းရဲဒုက္ခတွေများအောင် ချဲ့ထွင်ပေးတာ သူပဲ။
ယောဂီတစ်ယောက် လိုချင်မှုတွေကြောင့် အိမ်ပြန်ရမလိုဖြစ်နေတယ်။ တရားနာလိုက်တော့မှ အဲဒီစိတ်ပျောက်သွားတယ်။ စိတ်ကို လွတ်လွတ်ထားရင် အဲလိုပဲ ဖြစ်တတ်တယ်။
မာနလည်း ချဲ့ထွင်၊ ဒိဋ္ဌိကလည်း ချဲကထွင်၊ အိုမှု နာမှု သေမှုတွေ ခဏခဏ ရောက်အောင် ချဲ့ထွင်ပေးတဲ့ တရားတွေ သံသရာနယ်ချဲ့တရား သုံးပါး။ ဒီဟာတွေနဲ့ ချဲ့နေရင် သံသရာဝဋ်က ကျွတ်လွတ်တဲ့ တရားထူး တရာမြတ်တွေ မရဘဲနေလိမ့်မယ်။ အဲဒါတွေကို ရှောင်မှ အနေလည်းကောင်း အသေလည်းကောင်းမှာ။
အနေကောင်းမှ အသေကောင်းမယ်။
အနေတတ်မှ အသေတတ်မယ်။

                                               (ရွှေဥမင်ဆရာတော်ကြီး)

No comments:

Post a Comment