Wednesday, June 13, 2012

ရွှေဥမင်ဆရာတော်ကြီး၏ ဆုံးမ သြဝါဒများ


သင်္ကန်းအကျိုး

၁။ သင်္ကန်းဒါန
   ကျိုးကြီးလှ
   လှူရဖူးလေပြီး။
၂။ ယခုအခါ
   လှူရတာ
   များစွာဝမ်းသာသည်။
၃။ ဝမ်းသာတိုင်းမှာ
   ဖြစ်ပျက်တာ
   မှန်စွာသိရမည်။
၎။ သို့သိမြင့်က
   အနိစ္စ
   ဒုက္ခလည်းထင်သည်။
၅။ အနတ္တမှန်
   သိမြင်ဉာဏ်
  နိဗ္ဗာန်ဆိုက်ရောက်သည်။

အနှစ်သုံးပါး

၁။ ပစ္စည်းထဲက
   ထုပ်ယူရ
   ဒါနအနှစ်မည်။
၂။ ခန္ဓာထဲက
   ထုပ်ယူရ
   သီလအနှစ်မည်။
၃။ သက်ဇီဝမှ
   ထုပ်ယူရ
   ဘာဝနာအနှစ်မည်။


ရက်ရာဇာနှင့် ပြဿဒါး

ရက်ရာဇာတို့ ပြဿဒါးတို့ဆိုတာ သိကြရဲ့လား။
ကောင်းသောစိတ်ရှိတဲ့နေ့၊ ကောင်းသောအလုပ်လုပ်တဲ့နေ့၊ ကုသိုလ်ရတဲ့နေ့ဟာ ရက်ရာဇာပဲ။
မကောင်းသောစိတ်ရှိတဲ့နေ့၊ မကောင်းသောအလုပ်လုပ်တဲ့နေ့၊ အကုသိုလ်ဖြစ်တဲ့နေဟာ ပြဿဒါး။

ဒုလ္လဘနှင့် သုလ္လဘ

ဒုလ္လဘစစ်စစ် ဖြစ်ပါစေ။ သုလ္လဘတော့ မဖြစ်စေနဲ့နော်။
သုလ္လဘဆိုတာ ဒုလ္လဘနဲ့ ဆန့်ကျင်ဘက်ပဲ။
လွယ်လွယ်ရတော့ လွယ်လွယ်ပဲ သဘောထား၊ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားရဟန်းဖြစ်ကရော။
ရတောင့်ရခဲ ဒုလ္လဘအဖြစ်ကို တန်ဖိုးထား၊ ကျင့်ကြံပွားများကြ။


နတ်ပြည်အလွယ်လေး

နတ်ပြည်ရောက်ဖို့ဆိုတာ မခက်ပါဘူး။
ဘုရားသွားပြီး တံမြက်စည်းလေး (၂) ချက် (၃)ချက် လှည်းလိုက်ရုံနဲ့ နတ်ပြည်ရောက်နိုင်တယ်။ လောဘ ဒေါသ ကင်းဝေးမှ ချမ်းသကြမယ်။

သူတော်ကောင်းဆိုတာ

"သင်းကောင်းလျှင် ကျွန်ုပ်မဆိုးပါ" ဆိုတော့ "သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမယ်" ဆိုတဲ့ သဘောပေါ့နော်။
ဒါဆို အတော်ကို ကြောက်စရာကောင်းတာပဲ။ 
မကောင်း ကောင်း ကျွန်ုပ်ကတော့ အမြဲကောင်းနေရမယ်လေ။


စေတနာကိုမတွန့်တိုနဲ့

"စေတနာသည် လူတိုင်းနဲ့မတန်ပါ" လို့ စာတမ်းတွေ ကပ်ထားကြတာ အိမ်တချို့မှာတွေ့ရတယ်။
အလကားရတဲ့ စေတနာကိုပဲ နှမြောတွန့်တိုရာ ရောက်နေရင် ကောင်းပါ့မလား စဉ်းစားကြနော်။


ဝိဇ္ဇာအစစ်

ဒကာကြီးက ပုတီးနဲ့ဆိုတော့ ဝိဇ္ဇာဖြစ်ဖို့ ကြိုစားနေတယ်ထင်ရဲ့။
ဆေးဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ အင်းဝိဇ္ဇာဆိုတာ တကယ့်ဝိဇ္ဇာတွေ မဟုတ်ကြသေးဘူးနော်။
မဂ်ဖိုလ်ကိုသိတာမှ မဂ်ဝိဇ္ဇာ ဖိုလ်ဝိဇ္ဇာ တကယ့်ဝိဇ္ဇာ အစစ်ဖြစ်မှာ။


ပကာသနကိုရှောင်

အပျော်နှင့်အကြွား အကုသိုလ်တရားက ကုသိုလ်ဟန်ဆောင်၍ ပြိန်းအသောသူတို့ကို လှည့်ပတ်နေ၏။


သီလတန်ခိုး သီလတန်ဖိုး

သီလရနံ့၊ မွှေးပျံ့ကြိုင်စွာ
သီလဆင်တိုင်း၊ ရှုတိုင်းလှပါ
အပါယ်မလား၊ စောင့်ငြားသီလာ
မြတ်သီလ၊ စိတ်ချကိုးကွယ်ရာ။


ကုသိုလ်ရှင်

သိကြားနတ်ပင်
ကုသိုလ်ရှင်းအား
မမြင်ရှောင်ခွါ
မနေသာတည်းတဲ့။
မနေသာရုံတင်မကဘူး။ အဲဒီကုသိုလ်ရှင်က တစ်စုံတစ်ရာ အန္တရာယ် သူ့ပိုင်နက် နယ်မြေထဲမှာ ဖြစ်သွားမယ်ဆိုရင် သူ့မှာပြစ်ဒဏ်သင့်တယ်။
"သူတော်ကောင်း နတ်ကောင်းမ" တယ်ဆိုတာကုသိုလ်ရှိလို့ မ တာ။
မ မ လို့ မရလို့ မ တာ။
ကိုယ်က သူ့ကိုပူဇော်ပသလို့ မတာ မဟုတ်ဘူး။

ဘယ်သူက မ တာလဲ

ကိုယ့်ကုသိုလ်က မ တာလား၊ ဘိုးတော်မယ်တော်တို့က မ တာလား၊ အန်းကုန်းက မ တာလား၊ မဏိမေခလာ မ တာလား၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ကုသိုလ်က ကိုယ့် မ တယ်လို့သာ မှတ်လိုက်။


ဘုရားပန်း

ဘုရားပန်းညိုးတော့ ဘာဖြစ်လဲ၊ ကလေးကိုင် လူကြီးကိုင်နဲ့ ငိုလား ရယ်လားတွေကော ဖြစ်ကြရသလား။ ဘာမှ မဖြစ်ဘူးနော်။ အချိန်တန် သတိရလို့ ရှိခိုးကန်တော့ပြီး လဲလိုက်ရင် ပြီးတာပါပဲ။
အဲ..... တခြားပန်းညိုးရင်ကော အဲသလို ရသတဲ့လား။။။။။

ဆုတောင်းမှားနေကြတယ်

နှစ်ကူးတဲ့ အခါ ငါးလွှတ်ဖူးကြတယ်နော်၊ ဆုတောင်းလေးကလည်း ကောင်းမှကောင်း၊ နင့်တစ်ခါလွှတ် ငါ့ဆယ်ခါလွှတ် တဲ့။ ဈေးသည်တွေတင် အမြတ်ကြီးစာလားမှတ်တယ်။ 
အလှူရှင်တွေလည်း အမြတ်ကြီးစားတာပဲ။ 
ကိုယ်ပါ ငါးဖြစ်ပြီး ဆယ်ခါအလွှတ် ခံရရင် မသက်သာဘူးနော်။
သူ့သေဘေးက လွှတ်ရသလို ကိုယ်လည်း အို နာ သေ ဘေးက လွှတ်ရပါစေ။ 
ဒီလို ဆုတောင်းရမှာ။



No comments:

Post a Comment