Thursday, May 2, 2013

ဝါဆိုလပြည့် ဓမ္မနေ့

ဒီကနေ့ဟာ ၀ါဆိုလပြည့်နေ့ဖြစ်ပါတယ်။ ၀ါဆိုလပြည့်နေ့မှာ မြတ်ဗုဒ္ဓသည် ဓမ္မစက်ကို စတင်လှည့်တော်မူသောကြောင့် ဓမ္မရတနာ၏ အစဖြစ်သောနေ့ကို ဓမ္မနေ့ဟု ခေါ်နိုင်ပါသည်။ ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖွားရာ၊ ပွင့်ရာနေ့ဖြစ်သောကြောင့် ဗုဒ္ဓနေ့ဖြစ်ရသလို ၀ါဆိုလပြည့်နေ့ဟာလဲ ဓမ္မရတနာ၏ စတင်ရာနေ့ဖြစ်သောကြောင့် ဓမ္မနေ့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ထို့ပြင် သံဃာရတနာ စတင်ပေါ်ပေါက်ရာနေ့လဲဖြစ်နေ ပြန်ပါသေးတယ်။
မြတ်ဗုဒ္ဓသည် ဓမ္မစက္ကသုတ်ကို မိဂဒါဝုန်မှာ စတင်ဟောသောအခါ အရှင်ကောဏ္ဍညသည် ဓမ္မကို အဦးဆုံးသိပြီး ဓမ္မစက္ခုကို ရတော်မူကာ မြတ်ဗုဒ္ဓထံမှာ အစစွာသော ဧဟိဘိက္ခု ရဟန်းသံဃာ ဖြစ်ခဲ့ပါသည်။ ၀ါဆိုလပြည့်နေ့မှာ အရှင်ကောဏ္ဍည ရဟန်းဖြစ်ပြီးမှ ကျန်သော(၄)ပါးတို့ တရက်တပါး အစီအစဉ်အတိုင်း ရဟန်းဖြစ်ကြရာ ၀ါဆိုလပြည့်ကျော်(၄)ရက်နေ့မှာ သံဃာ(၅)ပါး ဖြစ်ပေါ်ခဲ့ပါသည်။ မြတ်ဗုဒ္ဓသည် ၀ါဆိုလပြည့်နေ့မှစ၍ လပြည့်ကျော် (၄)ရက်နေ့တိုင် ဓမ္မစက္ကသုတ်ကို (၅)ရက် တဆက်တည်း ထပ်ခါထပ်ခါ ဟောတော်မူခဲ့ပါသည်။ တရက်တပါး အသီးသီး သောတာပန် ရဟန်းသံဃာ ဖြစ်တော်မူခဲ့ကြသည်။
အရှင်မြတ်(၅)ပါးတို့ကို လပြည့်ကျော်(၅)ရက်နေ့မှာ တပေါင်းတည်းပြု၍ အနတ္တလက္ခဏသုတ်ကို ဟောတော်မူခဲ့ရာ (၅)ပါးလုံးပင် တပြိုင်နတ်တည်း ရဟန္တာဖြစ်တော်မူခဲ့ကြပါသည်။ အရှင်ကောဏ္ဍညကတော့ အရိယာဖြစ်ရာမှာလဲ အစောဆုံး၊ ရဟန်းဖြစ်ရာမှာလဲ အစောဆုံးဖြစ်လို့ ရဟန်းသံဃာထဲမှာ သိက္ခာ အကြီးဆုံးပါပဲ၊ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့ဟာ မြတ်ဗုဒ္ဓသာသနာမှာ ရာထူးဌာနန္တရ ကြီးမြင့်ကြပေမယ့် (၇)လ၊ (၈)လခန့်ကျပြီးမှ ရဟန်းဖြစ်ကြတာမို့ ရဟန်းသိက္ခာငယ်ကြပါတယ်။ သိဒ္ဓတ္ထမင်းမြတ်ကို ကမ္ဘာသုံးနှစ် B.C.E (623) ခု ကဆုန်လပြည့်နေ့တွင် ဖွားမြင်တော်မူခဲ့ပါသည်။
အသက် (၁၆) နှစ်မှစ၍ (၂၉) နှစ်အထိ မင်းနန်းတော်မှာ ကာမဂုဏ်စည်းစိမ်ခံစားနေရင်း ကာမသည် ယုတ်ညံ့၏၊ ညံ့ဖျင်းသူတို့အကျင့်ဖြစ်၏၊ ကိလေသာ ထူသောသူတို့၏ ဥစ္စာဖြစ်၏၊ သူတော်သူမြတ်တို့ မမှီဝဲအပ်၊ ကောင်းကျိုး ချမ်းသာ ဘာမှမဖြစ်ဟု သဘောပေါက်နားလည်ကာ ကာမကို စွန့်လွှတ်၍ ဓမ္မကိုရှာဖွေဖို့ မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလာတောသို့ ၀င်ခဲ့ပါတယ်။
ဥရုဝေလာတော၌ ရှေးဟောင်းအိန္ဒိယရသေ့, ယောဂီ, ပရဗိုဇ်တို့၏ အကျင့်ဟောင်းမှန်သမျှကို ဆရာအသီးသီးထံ ချဉ်းကပ်၍ အပြင်းအထန်ကျင့်ခဲ့ရာ (၆)နှစ်မျှ ကြာခဲ့ပါသည်။ သို့သော် ထိုရှေးဟောင်း အိန္ဒိယယောဂီ, ပရဗိုဇ်တို့၏ အကျင့်များလည်း မိမိသလိုသော ဓမ္မကို မသိစေနိုင်ဘဲ ရလိုသောဉာဏ်ကိုလည်း မရစေနိုင်သည့်အတွက် ကိုယ်ကိုပင်ပန်းရုံ၊ နှိပ်စက်ရုံမျှသာဖြစ်၏။ အရိယာသူတော်သူမြတ်တို့ အကျင့်မဟုတ်ဟု သဘောပေါက်ကာ ထိုဒုက္ကရစရိယာကိုလည်း စွန့်လွှတ်တော်မူခဲ့ပြန်ပါတယ်။
ဤသို့လျှင် သိဒ္ဓတ္ထဂေါတမသည် ကာမသုခကို ခံစားသောအကျင့်နှင့် ကိုယ်ခန္ဓာကိုနှိပ်စက်သောအကျင့်ဟူသော အန္တ=အစွန်းနှစ်ပါးတို့ကို စွန့်လွှတ်ပြီး မိမိကိုယ်တိုင် စီစဉ်တီထွင်ခဲ့သည့် သီလ၊ သမာဓိ၊ ပညာဟူသော မဇ္ဈိမပဋိပဒါကို မျှတစွာကျင့်သုံးတော်မူခဲ့ရာ ကမ္ဘာသုံးနှစ် B.C.E (588) ခု၊ ကဆုန်လပြည့်နေ့တွင် ဓမ္မအလုံးစုံကို မည်သူ့အကူအညီမျှမပါဘဲ ကိုယ်တိုင်သိပြီး ဉာဏ်အားလုံးကို ရရှိတော်မူသောကြောင့် သမ္မသမ္ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။
မြတ်ဗုဒ္ဓသည် ဗုဒ္ဓဖြစ်ပြီးနောက် ရက်သတ္တ (၈) ပတ်အကြာ အဇပါလ ညောင်ပင်အောက်မှာ နေ့စဉ်တရားဟောဖို့ အကြံဖြစ်ခဲ့ရာ တရားဦး ဟောကြားရမည့်သူကို ရှာဖွေခဲ့ရာ အာဠာရနှင့်ဥဒက ရသေ့ နှစ်ယောက်တို့အား ဦးစွာဟောဖို့ အကြံဖြစ်ပါသည်။
ထိုအာဠာရနှင့်ဥဒက ရသေ့ကြီးနှစ်ယောက်တို့သည် သိဒ္ဓတ္ထမင်းမြတ်နှင့် အလွန်ချစ်ကျွမ်းဝင်ကြသည့် စိတ်ကောင်းရှိသော မိတ်ဟောင်းများ ဖြစ်ကြသည်။ သို့သော် ထိုနှစ်ယောက်တို့မှာ တစ်ယောက်က (၁) ရက်၊ တစ်ယောက်က တစ်ပတ်စော၍ ကွယ်လွန်ခဲ့ကြပြီး ဘ၀ဂ်သို့ ရောက်နေခဲ့ကြလေပြီ။ ခန္ဓာမစုံသည့်ဘ၀ဂ်ဘုံသား ထိုမိတ်ဟောင်းရသေ့ကြီးနှစ်ယောက် တို့သည် မြတ်ဗုဒ္ဓက သူ၏တရားဦးကို ဟောလိုသော်လည်း ရုပ်ခန္ဓာမရှိသည့်သူတို့မှာ မြတ်ဗုဒ္ဓ၏ တရားဦးကို အကြီးအကျယ် ဆုံးရှုံးလက်လွှတ်ခဲ့ကြရလေသည်။
ထိုအခါ မြတ်ဗုဒ္ဓသည် ဆရာကြီးနှစ်ယောက်တို့အား ဟောကြားမဖြစ်သည့်အတွက် တပည့်ဟောင်း (၅) ယောက်တို့ကို တရားဦးဟောဖို့ ပြင်ဆင်ခဲ့ရလေသည်။ ထို့ကြောင့် ဘုရားဖြစ်ပြီးနောက် ရက်သတ္တ(၈)ပတ်အလွန် ၀ါဆိုလဆန်း(၁၃)ရက်နေ့မှ စတင် မဟာဗောဓိပင်မှ မိဂဒါဝုန်သို့ ကြွရောက်ခဲ့ရာ ၀ါဆိုလပြည့်နေ့ညချမ်းမှာ ကာသိတိုင်း ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောအုပ်သို့ ဆိုက်ရောက်ပါသည်။ တပည့်ဟောင်း (၅) ယောက်တို့နှင့် ပြန်လည်ဆုံတွေ့တဲ့ ထိုဝါဆိုလပြည့်နေ့မှာ အရှေ့အရက်၌ လပြည့်ဝန်းထွက်ပြူစ၊ အနောက်အရပ်၌ နေခြည်ဝန်းက ၀င်ကာစ၊ နေနှင့်လ နှစ်ပါးအပြိုင်ပြု၍ ငွေရည်ရွှေရည်တို့ဖြင့် သွန်းအပ်သောမိဂဒါဝုန်၏ ညနေခင်း ဆည်းဆာချိန်ခါဝယ် တပည့်ဟောင်း (၅)ယောက်တို့အား ‘ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ’ အစချီသော ဓမ္မစက်ကို ဟောမြွတ်တော်မူခဲ့ပါတယ်။
ဤသုတ္တာန်မှာ=
၁။ ရှောင်ရန် အစွန်းနှစ်ပါး။
၂။ လိုက်နာကျင့်သုံးရန် အလယ်လမ်း နှင့်
၃။ ထိုးထွင်း သိမြင်ဖို့ သစ္စာလေးပါးတို့ကို ဟောတော်မူခဲ့ပါသည်။
ထို့ပြင် သစ္စာလေးပါးတို့ကို (၁၂) ပါးသော အခြင်းအရာဖြင့် ကိုယ်တော်တိုင် သိတော်မူခဲ့သဖြင့် ‘ငါသည် ဧကန်စင်စစ် ဗုဒ္ဓဖြစ်ပြီ’ဟု ကြေညာနိုင်ခဲ့ပြီဟုလည်း ဟောတော်မူခဲ့ပါသည်။
ဤဓမ္မစက္ကသုတ်တော်၌=
ကာမသုခကို ခံစားခြင်းနှင့် ကိုယ်ကိုနှိပ်စက် ပင်ပန်းစေသော အကျင့်များကို ရှောင်ရှားရန် ဟောတော်မူခဲ့ပါတယ်။ အထက်မှာ ရှင်းပြခဲ့ပါပြီ၊ လိုက်နာရန်ကတော့ ကိုယ်နှုတ်နှစ်ပါးကို လွန်ကြူးမှု မဖြစ်အောင် ထိန်းသော သီလ၊ စိတ်ဖေါက်ပြန်သောင်းကျန်းမှုတွေကို ငြိမ်သက်စေသော ကျင့်စဉ်သမာဓိ နှင့် ခန္ဓာ၌ရှိသော အရှိတရား အမှန်တရားတို့ကို အသေးစိတ်သိသော ပညာကျင့်စဉ်လို့ဆိုရတဲ့ စိတ်အညစ်အကြေးကို သန့်ရှင်းစေသော နည်းလမ်းများပါပဲ။ အဲဒါဟာ မဇ္ဈိမပဋိပဒါ ပါပဲ။
ဒီ သီလ၊ သမာဓိ၊ ပညာကို ကျင့်သုံးခြင်းဖြင့်
၁။ ခန္ဓာသည် ထိုးထွင်းသိမြင်အပ်တဲ့ ဒုက္ခသစ္စာ၊
၂။ တဏှာခေါင်းဆောင်တဲ့ ကိလေသာတွေဟာ ပယ်ရှားရမည့် သမုဒယသစ္စာ၊
၃။ တဏှာ၏ အကြွင်းမဲ့ချုပ်ရာ နိဗ္ဗာန်ဟာ ဆိုက်ရောက်ရမည့် ပန်းတိုင် နိရောဓသစ္စာ၊
၎။ သီလ၊ သမာဓိ၊ ပညာတရားတို့သည် အစွန်းလွတ်အောင် ကိုယ်စောင့်ရှောက်ရမည့် လမ်းမှန် မဂ္ဂသစ္စာ၊
ဤသစ္စာလေးပါးကို ကိုယ်တိုင်ကျင့်ခြင်းဖြင့် ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်း သိမြင်ပုံကို ဟောတော်မူခဲ့ပါတယ်။
ဤတရားဒေသနာ အဆုံးမှာတော့ အရှင်ကောဏ္ဍညဟာ သဘောပေါက် သိမြင်သွားတာက ‘သမုဒယဓမ္မအားလုံးဟာ နိရောဓရောက်လျှင် အပြီးအဆုံးပဲ’ လို့ တရားမျက်လုံး ရသွားခြင်းပါပဲ။ အထက်မှာပြောခဲ့တဲ့အတိုင်း တစ်နေ့တစ်ပါး သောတာပန်ရဟန်းဖြစ်ကြပြီး လပြည့်ကျော်(၅)ရက်နေ့မှာ အနတ္တဒေသနာ ဟောတော်မူခဲ့ပါတယ်။
အနတ္တတရားဆိုတာက ခန္ဓာ (၅) ပါးထဲ၌ ခိုင်မြဲသော အတ္တမရှိကြောင်း ရှင်းလင်းသောတရားပါပဲ။ ရုပ်၊ နာမ်၏စွမ်းရည်ပြ ဗုဒ္ဓအဘိဓမ္မာ မပေါ်မီက ရှေးလူတို့၏ အယူအဆ လူခန္ဓာပျက်စီးသွားသော်လည်း ဘယ်တော့မှ မပျက်စီးသော အတ္တက တစ်ခန္ဓာမှတစ်ခန္ဓာ၊ တစ်ဘ၀မှတစ်ဘ၀သို့ ကောင်းမှု, မကောင်းမှု၊ ကောင်းကျိုး, မကောင်းကျိုးတို့ကို သယ်ဆောင်သွားသည်ဟူသော အတ္တ၀ါဒသည် အိန္ဒိယ၌ ထွန်းကားစွဲမြဲနေခဲ့ပါသည်။ မျိုးစေ့ကလေးတစ်ခုထဲမှာ နောင်လာမည့် အပင်, အကိုင်း, အရွက်, အသီး, အပွင့်အားလုံးတို့၏ ပုံရိပ်၊ အရောင်, အရသာသတ္တိအားလုံးကို ထိန်းထားနိုင်ခဲ့ပြီး မြေ, ရေနှင့် ပေါင်းစပ်မိသောအခါ အပင်, အကိုင်း, အသီးစသော အကျိုးများ အဆက်ဆက်ပေါ်ပေါက်လာခဲ့ကြသည်။ မြေ, ရေတို့နှင့် တွေ့ရသော မျိုးစေ့သည် အပင်သစ်ကို ဖြှစ်စေ၍ ပျက်စီးခဲ့ပြီး အပင်အသစ်ထဲသို့ ထိုမျိုးစေ့ဟောင်းသည် မပျက်စီးပဲ ကူးပြောင်းဝင်ရောက်၍ မသွား၊ အပင်သစ်နှင့်အသီးသစ်၊ မျိုးစေ့သစ်တို့ တဖန်ဖြစ်ကြပြန်သည်။ သို့သော် ထိုဖြစ်သမျှ အသစ်အသစ်တို့သည် အဟောင်းအဟောင်းမျိုးစေ့မှာ သမုဒယရှိကြသည်ကို ထိုရှေးဟောင်း အိန္ဒိယ လူမျိုးတို့ သဘောမပေါက်ကြ။
ဤအချက်ကို မြတ်ဗုဒ္ဓက ကံသည်မျိုးစေ့၊ တဏှာသည်မြေကြီး၊ အ၀ိဇ္ဇာသည်ရေ ဤအကြောင်းသမုဒယကြောင့် ခန္ဓာဇာတိ အပင်သစ်ဖြစ်ရသည် စသည်ဖြင့် အ၀ိဇ္ဇာ, တဏှာ, ကံတို့သည် အတ္တမဟုတ်၊ ခန္ဓာ၌အတ္တမရှိကြောင်း ရှင်းလင်းကာ အတ္တလက္ခဏသုတ်ကို ၀ါဆိုလပြည့်ကျော်(၅)ရက်နေ့မှာ ဟောတော်မူခဲ့ပါသည်။
အနတ္တတရား အဆုံးမှာ သောတာပန်သံဃာ (၅)ပါး စလုံး ရဟန္တာသံဃာ ဖြစ်တော်မူကြပါသည်။ သို့ဖြစ်၍ ၀ါဆိုလပြည့်နေ့သည် အလွန်ထူးမြတ်သည့် ဓမ္မရတနာနေ့၊ သံဃာ့ရတနာနေ့ဟု ဗုဒ္ဓသာသနာသမိုင်းတွင် ထူးခြားစွာ မော်ကွန်းတင်ပါသတည်း။

အဓိပတိ ဆရာတော်

သီတဂူဗုဒ္ဓတက္ကသိုလ်
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်ပါစေ။

No comments:

Post a Comment