Thursday, May 2, 2013

ငြိမ်းချမ်းရေးအခါတော်နေ့

တရားချစ်ခင်သူတော်စင်အပေါင်းတို့ ယနေ့သည် “နယုန်လပြည့်နေ့” ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ သာသနာသမိုင်းမှာ နယုန်လပြည့်နေ့ကို “မဟာသမယနေ့” လို့ ထူးထူးမြတ်မြတ် သတ်မှတ်ပူဇော်ခဲ့ပါတယ်။ မဟာဝနဆိုတဲ့ တောကြီးထဲမှာ မဟာသန္နိပါတဆိုတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အစည်းအဝေးကြီးတစ်ရပ် ကျင်းပခဲ့ပြီး အလွန်ထူးဆန်းမွန်မြတ်တဲ့ တရားတော်များကို ဟောခဲ့,နာခဲ့ကြရလို့ မဟာသန္တိသုခဆိုတဲ့ ငြိမ်းချမ်းမှုကြီးကို ရခဲ့ကြတဲ့ မဟာသမယ Significant Occasion of Great Assembly (သို့)The great occasion of peace of brotherhood ကြီးကျယ်သည့် အစည်းအဝေးကြီး ကျင်းပရာ ကြီးမြတ်သည့်အခါတော်(သို့)ကမ္ဘာ့ညီအကိုမောင်နှမများ၏ “ကြီးမြတ်သော ငြိမ်းချမ်းရေးနေ့” ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။
ကမ္ဘာဦး မဟာသမ္မတမင်းမှစပြီး မင်းစဉ်မင်းဆက် အစဉ်မပျက် ဆင်းသက်လာခဲ့ရာ ထောင်ပေါင်းများစွာသော မင်းတို့ကိုလွန်၍ သြက္ကာကမင်းဆက်သို့ရောက်မှ သာကီမင်းမျိုးနှင့် ကောလိယမင်းမျိုးဟူ၍ နေရာဒေသကိုစွဲကာ အမည်နှစ်မျိုးကွဲခဲ့ရာ မင်းဆက်ရာပေါင်းများစွာ လွန်သောခါ ညီအစ်ကိုမောင်နှမအရင်းတို့သည် အချင်းချင်း သွေးရင်းသားရင်းများဖြစ်ကြောင်း ကောင်းစွာ မသိကြတော့ဘဲ ဖြစ်ခဲ့ရပါတော့တယ်။ ကျွန်းတော်ထဲမှာ မြို့ပြတည်ကာ အခြေချနေကြတဲ့ သာကိယ၀ံသ လူမျိုးတွေနဲ့ ကလောတောထဲမှာ မြို့ပြတည်ထောင်ကာ နေကြတဲ့ ကောလိယ၀ံသ လူမျိုးတွေဟာ နယ်ခြားမျဉ်းဖြစ်တဲ့ နေရာဟိနီမြစ်က ရေကို မိုးခေါင်သည့် မိုးဦးကာလ လယ်ယာစိုက်ပျိုးရေးအတွက် ရေလုကြရာမှ စပြီး နှစ်ပြည်ထောင်စစ်ပွဲကြီးဖြစ်ဘို့ ခလုပ်တစ်ချက်နှိပ် အနေအထား၊ စစ်သေနာပတိ၏ စစ်မိန့်ပေးသံကို စစ်သားတို့ နားစွင့်နေကြသည့် အနေအထားမှာ မြတ်ဗုဒ္ဓ ကြွတော်မူခဲ့ရပါတယ်။ ဟိမ၀န္တာမှာ မြစ်ဖျားခံသည့် ရောဟိနီမြစ်သည်လည်း နှစ်ပြည်ထောင် ဆွေမျိုးသားချင်းတို့ ငြိမ်းချမ်းစွာ နေကြဟေ့လို့ ပြောနေသည့်အလား ဟိမ၀န္တာ အန၀တတ်ရေအိုင်မှ လျှံထွက်သည့် ရေတို့ကို သယ်ဆောင်ကာနှစ်ပြည်ထောင်အကြားမှာ အေးချမ်းစွာ စီးသွားနေပါတယ်။ သို့သော် ရောဟိနီမြစ်သည် ကမ်းနားတလျှောက်က လယ်သမားတို့၏ အလိုဆန္ဒကို လိုသလောက် မဖြည့်စွက်နိုင်ခဲ့ပါ။ လူတို့၏ လောဘကား ဘယ်တော့မှ မပြည့်နိုင်တဲ့ ပင်လယ်နဲ့လဲတူတယ်။ တိုးမိ,တွေးမိရာ အကုန်ဝါးသည့် တောမီးနှင့်လဲတူတယ်။
သာကီဝင် လယ်သမားနှင့် ကောလိဝင်လယ်သမားများ ရေလုရာကစ၍ ကျေးရွာ၊ နိဂုံး၊ တိုက်နယ်၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ နေပြည်တော်၊ ရွှေနန်းတော် ဘုရင်မင်းတရားများအထိ အဆင့်ဆင့်ကူးစက်ကာ အမှိုက်ကစပြာဿာဒ် မီးလောင်သလို ကြီးကျယ်သည့် နှစ်ပြည်ထောင်စစ်ပွဲကြီးဆင်နွဲဘို့အဆင်သင့် ပြင်နေကြပါတယ်။ သာကီဝင်တို့ဘက်က ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ပရိနိဗ္ဗာန်စံဝင်ပြီးလို့ မဟာနာမ်မင်းအုပ်ချုပ်ချိန်, ကောလိယ၀င်တို့ဘက်က ဘိုးတော်အဉ္ဇနမင်းကြီး နတ်ရွာစံပြီး သုပ္ပဗုဒ္ဓမင်းအုပ်ချုပ်ချိန်လို့ ထင်ရပါတယ်။ နှစ်ဘက်လုံးမှာ သူတော်ကောင်းတရားကင်းပြီး ကိလေသာတွေ,ဒေသ,မာနတွေနဲ့ အံတင်းနေကြပါတယ်။ ရန်ဖြစ်ရတဲ့ အကြောင်းရင်း ၀ိဝါဒ, ကလဟတို့ရဲ့ ဇာစ်မြစ်ကို မသိကြဘဲ စစ်ပြင်ကြခြင်းသာ ဖြစ်ပါတယ်။ လူ့ဘ၀ဇာတ်ခုံမှာ ဖြစ်ရတဲ့ ပြဿနာတွေက အစုံပါဘဲ။
သမ္မာဒိဋ္ဌိဆိုတာ Right understanding of problems of human life လူသားတွေရဲ့ ဘ၀ပြဿနာကို မှန်ကန်စွာ သိမြင်နားလည်ခြင်း ဖြစ်ပါတယ်။ ဒီနှစ်ပြည်ထောင်ကြားမှာ ပြဿနာက ရေပါပဲ။ နောက်မှန်ကန်စွာ သိရမှာက ဘာလဲဆိုတော့ “ပြဿနာရဲ့ အကြောင်းအရင်း လိုတယ်” ဆိုတာပါပဲ။ ဒါကြောင့် သမ္မာဒိဋ္ဌိ Right understanding of sources of human problems လူ့ဘ၀ပြဿနာများရဲ့ အကြောင်းအရင်း လိုတယ်ဆိုတာကို မှန်ကန်စွာ နားလည်ဖို့ပါပဲ။ ဘ၀ပြဿနာနှင့် ဘ၀ပြဿနာတို့ရဲ့ အကြောင်းအရင်းကို နားမလည်ခဲ့ရင် ဒီပြဿနာတွေ ဖြေရှင်းနည်းကိုလဲ နားလည်ဖို့ ဖက်ပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓရဲ့ ဆွေမျိုးသားချင်းတွေဟာ မြတ်ဗုဒ္ဓနှင့် မြတ်ဓမ္မကို မျက်နှာလွှဲကြလျှက် လယ်သမားနှစ်ဦး ရေရလိုသည့်ပြဿနာကို စစ်ခင်း၍ ဖြေရှင်းကြဖို့ လုပ်ကြတာဖြစ်ပါတယ်။ တတိယ သမ္မာဒိဋ္ဌိက ဘ၀ပြဿနာကို နည်းမှန်လမ်းမှန် ဖြေရှင်းခြင်း To understand rightly how to solve the problems ဖြစ်ပါတယ်။
ဆွေမျိုးတို့ရဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်တော်မူလို၍ ကြွတော်မူလာသော ဗုဒ္ဓမြတ်စွာသည် ဆွေမျိုးများ ညီအစ်ကို မောင်နှမများ ငြိမ်းချမ်းစွာ နေကြဖို့ ငြိမ်းချမ်းရေးနဲ့ ညီညွတ်တဲ့ တရားများကို ငြိမ်းချမ်းရေးမြစ်၏ ကောင်းကင်မှာနေပြီး ဟောကြားတော် မူခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမအပေါင်းတို့ သင်တို့ ငါတို့သည် ဘိုး၊ ဘေး၊ ဘီ၊ ဘင် မင်းစဉ်မပျက် တစ်သွေး တစ်သားတည်း ဆင်းသက်လာခဲ့ကြတဲ့ သွေးရင်းသားရင်း ညီအစ်ကို မောင်နှမအရင်းများ ဖြစ်ကြပါတယ်။ အကြောင်းရင်း မစူးစမ်းဘဲ မဆင်မခြင် မပြုကြနှင့်။
“ကမ္ဘာမြေကြီးများ ပြိုကွဲလေလျှင် ဘယ်လိုများ နေရမလဲ” လို့ အကြောင်းမဲ့တွေးပြီး ကြောက်နေတဲ့ ယုန်ကလေးအနီးက ထန်းရွက်ခြောက်ပေါ်မှာ ဥသျှစ်သီးကြွေကျသည်ကို ကမ္ဘာမြေကြီး ပြိုသွားပြီအထင်နှင့် လန့်၍ပြေးနေသော ယုန်ကလေး၏ “မြေပြိုတယ်” ဆိုတဲ့ အသံကို ကြားကာမျှဖြင့် တောတိရစ္ဆာန်တွေ အဆင့်ဆင့်လိုက်ကာ တအုပ်ကြီးပြေးကြတော့ တောကြီးပျက်လုနီးပါး ဖြစ်ခဲ့ဖူးတယ်။ ကိုယ်တိုင် ကြား, မြင်, သိ မဟုတ်ဘဲ သူတစ်ပါး ပြောသံကြားကို အလေးဂရုပြုသူတို့သည် ပရပတ္တိ-သူတစ်ပါးဖို့ချည်း ဖြစ်သည်လို့ ဒုဒ္ဒုဘဇာတ်မှာ မိန့်ဆိုထားပါတယ်။ မြစ်ကလေး ခြားနား နေတာနဲ့ လူမျိုးခြားများ မဟုတ်ကြဘူး။ သွေးသားရင်းများ ဖြစ်ကြောင်း အရင်းအမြစ်ကို သိအောင်လုပ်ကြ၊ ပြဿနာရဲ့ အကြောင်းအရင်းဟာလဲ တန်ဘိုးနည်းလှတဲ့ ရေကလေး တစ်ပေါက်ပဲ လူတို့ရဲ့ သွေးတစ်စက်လောက်မျှ တန်ဘိုးမရှိပါဘူး။ ၀ိဝါဒ၏ အကြောင်းရင်းကို သိအောင်လုပ်ကြဟု ဒုဒ္ဒုဘဇာတ်ဖြင့် ဆုံးမတော်မူပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ - ငုံးတွေ ထောင်ပေါင်းများစွာဟာ အချင်းချင်း ၀မ်းမြောက်ဝမ်းသာ ရှိကြတုန်းက မုဆိုးပစ်အုပ်သည့် ပိုက်ကွန်ကို တစ်ညီတည်း မ,ယူကာ သေဘေးမှ လွတ်မြောက်ခဲ့ကြတယ်။ အချင်းချင်း ၀မ်းမသာနိုင်ကြ၊ ညီညွတ်မှု မရကြတဲ့အခါ ပိုက်ကွန်ကို မ,ချီနိုင်သည့် အင်အား မရှိတော့တဲ့အတွက် အားလုံး သေဆုံးကြရတယ်။ ဒါ့ကြောင့် ၀မ်းသာကြေနပ်အောင် နေကြ။ အချင်းချင်း ၀မ်းမြောက်နေကြမှ ညီညွတ်တဲ့ ခွန်အားကိုရမယ်။ အဒါမှ တကယ့်ခွန်အား မုဆိုးဟာ နှောက်ယှက်ဖို့ အမြဲစောင့်ပြီး ချောင်းနေတယ်။ တစ်ယောက်နဲ့ တစ်ယောက် ၀မ်းမြောက်ဝမ်းသာဖြစ်အောင် မနေတတ်ရင် မုဆိုးအစာ ဖြစ်တတ်တယ်ဟု သမ္မောဒမာနဇာတ်တော်ဖြင့် ၀မ်းမြောက်စွာနေနည်း,ရှုနည်းကိုလည်း ဆုံးမတော်မူပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ သစ်ပင်တို့သည် ငယ်ပင်ငယ်သော်လည်း အချင်းချင်းမှီကပ်၍ ကြပ်ညပ်စွာ ပေါက်ရောက်နေပါလျှင် လေပြင်းမုန်တိုင်း တိုက်ခတ်သော်လည်း မပြိုလဲနိုင်ပါ။ ကြီးမားသော သစ်ပင်ကြီးသည် လွင်ပြင်မှာ တစ်ပင်တည်း ပေါက်ရောက်နေခဲ့သော် လေပြင်းတိုက်ခတ်၍ ပြိုလဲနိုင်ပါတယ်။ ထိုနည်းတူစွာ အင်အားပင်ကြီးမားသော်လည်း စည်းလုံးညီညွတ်မှု မရှိခဲ့သော် ရန်သူတို့ လွယ်ကူစွာ တိုက်ခိုက် ဖြိုဖျက်နိုင်တယ်။ ဒါ့ကြောင့် ထိထိစပ်စပ် စိစိညပ်ညပ် ပေါက်နေတဲ့ တောအုပ်ကြီးလို အချင်းချင်း သွေးသားအရင်းပီသစွာ ကျောချင်း ရင်ချင်းကပ် နေကြဖို့ကို ရုက္ခဓမ္မဇာတ်တော်ဖြင့် ဆုံးမတော်မူပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ လူတို့ပြုဖွယ်ရာ အရာရာသော ကိစ္စတိုင်းမှာ ခွန်အားသုံးလျှင် ပြီးစီးတယ်လို့ ခွန်အားကြီးသူတို့ ယူဆကြတယ်။ အဲဒါ တကယ်မမှန်ဘူး။ ဗာလခေါ်ဆို ထိုပုဂ္ဂိုလ်တို့အတွက် ထိုခွန်အားသည် ခွန်အားသုံးတဲ့ ဗာလကို ပြန်သတ်ဖို့ ဖြစ်တတ်တယ်။ လယ်ထဲက ထယ်ခဲကြီးမားနေတဲ့ ဘီလုံးမလေးက လမ်းလျှောက်လာတဲ့ ဆင်ပြောင်ကြီးကို တောင်းပန်ရှာတယ်။ ထယ်ခဲကြားမှာ သူမရဲ့ သားကလေးတွေ ရှိနေပါတယ်။ အတောင်မပေါက်သေးလို့ မပျံနိုင်သေးပါဘူး၊ အရွယ်မရောက်သေးတဲ့ ငှက်ငယ်လေးတွေကို မနင်းမိအောင် ရှောင်ကွင်းသွားဖို့ ရို့ရို့ကြိုးကြိုး ပြောပါတယ်။ ဒါပေမယ့် ဆင်ပြောင်ကြီးက သူ့ရဲ့ခွန်အားကို အားကိုးမာန်ရစ်ပြီးတော့ ဗီလုံးငှက်မလေးရဲ့ တောင်းပန်စကားကို အလေးမထားဘဲ “ငါ့လမ်းငါလျှောက် ဘယ်ရောက်ရောက်ပေါ့” ဆိုကာ အတောင်မပေါက်သေးတဲ့ ငှက်ငယ်ကလေးများကို နင်းသက်သွားခဲ့လို့ ငှက်ငယ်ကလေးများ သေဆုံးခဲ့ကြရရှာတယ်။
ခွန်အားပင်ငယ်သော်လည်း စည်းရုံးအားကောင်းတဲ့ ဗီလုံးငှက်မလေးဟာ ကျီးကန်းကိုစည်းရုံး ဆင်ကြီး၏မျက်လုံးကို ဖောက်စေခဲ့တယ်။ ယင်မမဲရိုင်းတွေသိမ်းသွင်းကာ ဆင်ပြောင်ကြီး၏ မျက်လုံးပေါက်မှာ ပိုးလောက်တွေ တွယ်စေခဲ့တယ်။ ဖားကို စည်းရုံးနိုင်ပြန်တော့ တောင်ချောက် ကမ်းပါးကနေ အော်စေခဲ့တယ်။ ရေရှိတယ်အထင်နှင့် ဆင်ကန်းတောတိုးတော့ တောင်ကမ်းပါးက ချောက်ထဲကျ သေခဲ့ရတယ်။ အင်အားသုံး၍ ဒေါသဖြင့် မပြုသင့်ကြောင်း ကောင်းစွာဆုံးမသောအားဖြင့် လဋုကိကဇာတ်ကို ဟောတော်မူခဲ့ပါတယ်။
အဲဒီတော့ ပြဿနာတွေရဲ့ အကြောင်းအရင်းတွေဟာ လောဘ,ဒါသ,မောဟ,မာနတွေပါပဲ။ မိမိသဏ္ဌာန်မှာဖြစ်တဲ့ ကိလေသာတွေကို မိမိကိုယ်တိုင် သိမြင်နားလည်တဲ့အခါ မိမိကိုယ်ကို ယဉ်ကျေးစေဖို့ အတ္တဒန္တသုတ်၊ မိမိကိုယ်ကို မိမိကိုယ်တိုင် ဒဏ်ထားဖို့ မိမိ၏လက်ကိုင်ဒုတ်တောင်ဝှေးသဖွယ် သုံးစွဲဖို့ အတ္တဒန္တသုတ်၊ မိမိတို့၏ ကောင်းကျိုးချမ်းသာများသည် မိမိတို့၏ ကောင်းကျင့်ကောင်းမှုများကြောင့် ဖြစ်ကြရတယ်။ မိမိတို့၏ မကောင်းကျိုးဆိုးပြစ် ဆင်းရဲဒုက္ခ ဘေးရန်များသည် မိမိတို့ မကောင်းမှု အကျင့်ဆိုးများကြောင့်ပင် ဖြစ်ကြရတယ် စသည့်သဘောများကို အတ္တဒန္တသုတ်ဖြင့် ဆုံးမတော်မူရာမှာ သာကိယ နှင့် ကောလိယ နှစ်ပြည်ထောင် ဖြစ်လုနီးပါး စစ်ပွဲကြီးရဲ့ တင်းမာမှုများဟာ နူးညံ့ပျော့ပြောင်းခြင်းသို့ ပြောင်းခဲ့ရပါတယ်။ ဒေါသ,မာနတွေ ကျဆင်းသွားတော့ ဆွေရင်းမျိုးရင်း သွေးရင်းသားရင်း ညီအစ်ကို မောင်နှမရင်းများဖြစ်ကြောင်း ကောင်းစွာသိကြပြီး လက်နက်များကို ရောဟိနီမြစ်ထဲမှာ မျှောချ,နောင်တော်မြတ်ဗုဒ္ဓကို ဦးနှိမ်ချ ငြိမ်းချမ်းရေးကို ရယူခဲ့ကြပါတယ်။
အပြီးတိုင် ငြိမ်းချမ်းရေးအရယူဖို့ တစ်ဘက်(၂၅၀)စီသော စစ်သည်တော်မင်းမျိုးတို့ ရဟန်းပြုခဲ့ကြပါတယ်။ အဲဒီ သာကီဝင် ကောလိယ၀င် ရဟန်းငါးရာတို့ကို ဟိမ၀န္တာ ကုဏာလရေအိုင်အနီးမှာ ကုဏာလဇာတ်ကို ဟောခြင်းဖြင့် သာသနာတော်၌ စွဲမြဲစွာ ပျော်နေစေခဲ့ပါတယ်။ နယုန်လပြည့်နေ့မှာတော့ မဟာဝနဆိုတဲ့ ကပိလ၀တ်အနီး ဟိမ၀န္တာတောင်ခြေက တောကြီးထဲမှာ ရဟန်းငါးရာလုံး အပြီးတိုင်ငြိမ်းချမ်းရေး သန္တိသုခကို အပိုင်ရ၍ရဟန္တာဖြစ်ကြပါတယ်။ ထိုစစ်ပြေငြိမ်းသည့် စစ်သည်တော်ဘ၀ပြောင်း သာကိယ-ကောလိယ မင်းမျိုးရဟန်းငါးရာနှင့် မရေမတွက်နိုင်သော နတ်ဗြဟ္မာများ သက်ရှိမြတ်စွာဘုရားနှင့် နိမ္မိတဘုရားတို့ရဲ့ကြီးမြတ်တဲ့ အစည်းအဝေးကြီးကို ဒီနယုန်လပြည့်နေ့မှာ ဆင်ယင်ကျင်းပတော်မူကြပြီး ဘုရားနှစ်ဆူတို့အချင်းချင်း အပြန်အလှန် ဆွေးနွေးဖြေကြားတော်မူကြကာ တရားဒေသနာ (၆)မျိုးကို ဟောကြားတော်မူခဲ့ပါတယ်။
ယခုလို ကြီးကျယ်မွန်မြတ်တဲ့ ဖြစ်ရပ်ကြီးများကို မဟာသမယခေါ်ပါတယ်။ အဲဒီဖြစ်ရပ်ကြီးများ ဖြစ်ပေါ်ခဲ့ရာနေ့ကို ‘မဟာသမယနေ့’နေ့လို့ခေါ်ပါတယ်။ ဥပမာပြောရရင် မြန်မာတိုင်းရင်းသား တိုင်းရင်းသူ ညီအစ်ကို မောင်နှမတွေဟာ ပင်လုံမှာ စည်းလုံးညီညွတ်ခဲ့ကြပြီး လွတ်လပ်ရေးရယူခဲ့ကြတော့ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့နဲ့ ဇန်န၀ါရီ(၄)ရက်တို့ဟာ မြန်မာတို့ ဘယ်တော့မှ မေ့ပျောက်မရတဲ့ မဟာသမယနေ့များပါပဲ။ ဇူလိုင်လ(၄)ရက်နေ့ဟာ အမေရိကန်တို့ နှစ်ပေါင်းများစွာ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်လာရာက ငြိမ်းချမ်းညီညွတ်ကြပြီိး လွတ်လပ်ရေးရယူကာ ပြည်ထောင်စုကြီး တည်ထောင်ခဲ့တဲ့ နေ့ဟာလည်း အမေရိကန်တွေရဲ့ မဟာသမယပဲဖြစ်ရမှာပါ။ ရှင်ဘုရင်တွေက Land ဆိုတဲ့ မြေကြီးတွေ နယ်မြေတွေကို လက်တကမ်း လက်လှမ်းမှီရာ သိမ်းပိုက်စိုးစံခဲ့တဲ့ အင်္ဂလန်၊ အိုင်ယာလန်၊ စကော့တလန် စတဲ့ ကျွန်းကလေးတွေပေါ်မှာ The Act of Union ဆိုတဲ့ ညီညွတ်ရေး ဥပဒေတစ်ခုကို စုပေါင်းရေးဆွဲခဲ့ကြပြီး ရှင်ဘုရင်တစ်ယောက်တည်း၊ ၀န်ကြီးချုပ်တစ်ယောက်တည်း၊ ပါလီမာန်တစ်ခုတည်း၊ ၀ါဒတစ်ခုတည်းမှာ ပေါင်းစုညီညွတ်ကြပြီး United Kingdom ညီညွတ်သော ဘုရင့်နိုင်ငံတော်ကို စတင်ခဲ့ကြတဲ့ ၁၈၈၀ ခုနှစ်များလဲ အင်္ဂလန်တို့သမိုင်း မမေ့နိုင်တဲ့ မဟာသမယဘဲ ဖြစ်မှာပါ။
ကမ္ဘာအနှံ့ဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ နိုင်ငံပေါင်းစုံ ပါဝင်ဖွဲ့စည်းခဲ့တဲ့ United Nations ကုလသမဂ္ဂအဖွဲ့ကြီးဟာလည်း World Peace=ကမ္ဘာ့ငြိမ်းချမ်းရေး၊ World Security=ကမ္ဘာ့လုံခြုံရေး၊ International Cooperation=တိုင်းပြည်အသီးသီး လူမျိုးအသီးသီးတို့ ပူးပေါင်းညှိနှိုင်းဆွေးနွေးရေး၊ International Brother hood Spirit=ကျယ်ပြန့်တဲ့ ဆွေမျိုးသားချင်းစိတ်ဓာတ်တွေမွေးပြီး အချင်းချင်း လက်တွဲဆောင်ရွက်ရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာ(၂၄)ရက်နေ့မှာ ဖွဲ့စည်းခဲ့တယ်။ အဲဒီလို တိုင်းပြည်နိုင်ငံအားလုံး ညီညွတ်ငြိမ်းချမ်းတဲ့ ကုလသမဂ္ဂနေ့ကြီးဟာလဲ Great Occasion Of United Nation=ကုလသမဂ္ဂ မဟာသမယနေ့ကြီးလို့ ဆိုရမှာပါဘဲ။ သို့သော်-
အထက်နားမှာ ပြောခဲ့တဲ့ ညီညွတ်သောအခါတော်နေ့၊ ငြိမ်းချမ်းသောအခါတော်နေ့၊ လွတ်လပ်သော အခါတော်နေ့များဟာ လောကီနယ်မှာ လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေနဲ့သာ လုံးထွေးရစ်ပတ် သတ်မှတ်ထားကြတာတွေ ဖြစ်နေတဲ့အတွက် အကြောင်းရင်းမှန်ကို မသိယောင်ဆောင်မှု၊ သူတစ်ပါးကို အပြစ်ဖို့တင်မှု၊ မိမိကိုယ်ကိုအမှန်ထား ရှေ့တန်းတင်မှု၊ တင်းမာမှု၊ ပူပန်မှု၊ မကြေနပ်မှု၊ အတိုင်းအတာနှင့် စည်းကမ်းမဲ့ လိုလားမှုတွေ ပြည့်၊ ဒုက္ခတွေ ဘ၀ဂ်ထိနေကြပါတယ်။ အဲဒါကြောင့် သာကိယမင်းနှင့် ကောလိယမင်းတို့က မြတ်ဗုဒ္ဓနှစ်ဆူကို သဘာပတိထား နတ်ဗြဟ္မာများစွာ တက်ရောက်တဲ့ မဟာသမယ=ကြီးကျယ်မြင့်မြတ်တဲ့ အပြီးတိုင်ငြိမ်းချမ်းရေး အခါတော်နေ့ ကျစ်လစ်ခိုင်မာတဲ့ ဘယ်တော့မှ မပြိုလဲဘဲ သန္တိနိဗ္ဗာန်ဟူသော တစ်ခုတည်းသော ရည်မှန်းချက်ပန်းတိုင်ထားပြီး အရဟတ္တဖိုလ်စိတ် တစ်စိတ်တည်းပေါ်မှာ တည်ဆောက်ထားတဲ့ တကယ့်ညီညွတ်သော အခါတော်နေ့ကြီးကို အပြန်အလှန် သုံးသပ်ကြဖို့ အလေးအနက် နှိုးဆော်ပါတယ်။
အပြီးတိုင်ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအောင်ပွဲရ၊ ငြိမ်းချမ်းသူ၊ ညီညွတ်သူတို့ စည်းဝေးကြသည့် ဤ မဟာသမယနေ့မှာ မြတ်ဗုဒ္ဓက လောက၏ပြဿနာ, ဘ၀၏ ပြဿနာတို့ကို ဖြေရှင်းဖို့နှင့် လောကဘ၀ စရိုက်ကောင်းများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တရားဒေသနာ ဓမ္မ (၆)မျိုး ဟောကြားတော်မူခဲ့ပါတယ်။
၁။ ရယူလိုခြင်း၊ သိမ်းပိုက်လိုခြင်း၊ ပိုင်ဆိုင်ထားလိုခြင်း
ဆိုတဲ့ လောကပြဿနာ၏ အကြောင်းရင်း မူလ ‘လောဘတဏှာ’ ကိုပယ်စွန့်ဖို့ သမ္မာပရိဗ္ဗာဇနိယ သုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၂။ ရန်ဖြစ်ခြင်း၊ ငြင်းခုံခြင်း၊ ကွဲပြားခြင်း၊ ညှင်းဆဲခြင်း ဆိုတဲ့ ဘ၀ပြဿနာ၏ အကြောင်းရင်းမူလ ‘ဒေါသ၊ အာဃာတ’ ကို ပယ်သတ်ဖို့အတွက် ကလဟ ၀ိဝါဒသုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၃။ ဘ၀ပြဿနာအထွေထွေနှင့် သူ၏အကြောင်းရင်း တို့ကို အမှန်အတိုင်း မသိ၊ နားမလည်နိုင်မှုဟူသော ‘အ၀ိဇ္ဇာ၊ မောဟ’ကို ပယ်စွန့်နိုင်ဖို့ မဟာဗျူဟသုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၎။ ထောက်တည် မရ၊ ဦးတည်ရာ မရှိ၊ အကြောင်း အကျိုးမဲ့ တွေးတောကြသည့် တက္ကီဝါဒီ အတွေးအခေါ်သမားတို့၏ လေတိုက်ရာလွင့်သည့် မိုးတိမ်ကဲ့သို့သော စိတ်ကို ထောက်တည်ရာရ, ငြိမ်သက်ကြစေဖို့ စူဠဗျူဟသုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၅။ စိတ်ထား နူးညံ့သူ၊ ယုံကြည်မှု၊ ကြည်ညိုမှု၊ သဒ္ဓါအား ကောင်းသူတို့အတွက် ယုံကြည်မှု၊ ကြေနပ်ကြည်ညိုမှုတို့ဖြင့် ပြည့်နေသောစိတ်ကို ‘သဒ္ဓါ၊ ပညာ’ တို့ဖြင့် မတိမ်းမစောင်း ထိန်းကြောင်းဖို့အတွက် တုဝဋကသုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
၆။ ဝေဖန်စိစစ်ခြင်းများပြီး ယုံကြည်မှုအားနည်းကြသည့် ပညာတတ်များး၏ စိတ်ကို တည်ကြည် တည့်မတ်စေဖို့ ပုရာဘေဒ သုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့ ဤသို့လျှင် အလွန်မှတ်သားဖွယ်၊ ကြည်နူးဖွယ်ကောင်းသည့် တရားဒေသနာ(၆)သုတ်တို့ကို နယုန်လပြည့် မဟာသမယ အခါတော်နေ့မှာ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါများစွာတို့ နာကြားခွင့် ရရှိကြသဖြင့် များစွာသော အကျိုးကျေးဇူးရကြ၊ အပြီးတိုင် ညီညွတ်ကြ၊ ငြိမ်းအေးကြရသလို လောကပြဿနာ ဘ၀ပြဿနာတို့၏ အကြောင်းရင်းတို့ကို အမှန်သိအောင်ရှာ၊ မဟာသမယသုတ္တာန်(၆)မျိုးမှာ လာသည့်နည်း(၆)ပါးတို့ဖြင့် ဘ၀ပြဿနာတို့ကို ဖြေရှင်းနိုင်ကြပါစေ။ အလွန်ခိုင်မြဲညီညွတ်မှု Consolidated Unity မွန်မြတ်သည့် စိတ်ဓာတ်တို့ ဖွံ့ဖြိုးတိုးတတ်မှု Good-Will Progress အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတတ်မှု Intellectual Progress တို့ကို လောက၏ဆရာ မြတ်ဗုဒ္ဓဆုံးမသည့် သာသနာတော်မှာ ရယူနိုင်ကြပါစေဟု မဟာသမယ အခါတော်နေ့မှာ မဟာဓမ္မပတ္ထနာဆု ကောင်းစွာ တောင်းလိုက်ရပါကြောင်း သူတော်ကောင်း အပေါင်းတို့။
နဟိဝေရေန ဝေရာနိ၊
သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊
ဧသ ဓမ္မော သနန္တနော။
ဤလောက၌ ရန်တို့သည် ရန်တုံ့ပြန်ခြင်းဖြင့် ငြိမ်းရိုးထုံးစံ မရှိကြပေ။ ရန်တို့သည် ရန်တုန့်ပြန်မှု မပြုကြမှ ငြိမ်းရိုးထုံးစံ ရှိကြကုန်၏။ ဤသဘောသည် ရှေးရိုး ရှေးဟောင်း သူတော်ကောင်း ကျင့်စဉ်ဖြစ်၏။
Hatreds never cease through hatred in this world; through love alone they cease. This is an eternal law.
သုသုခံ ၀တ ဇီဝါမ၊
ဝေရိနေသု အဝေရိနော။
ဝေရိနေသု မနုေဿသု၊
ဝိဟရာမ အဝေရိနော။
ရန်ပြုကြသူ လူတို့အလယ်၌ ရန်မပြုကြသော ငါတို့သည် အလွန် ချမ်းသာစွာ အသက်ရှင်ကြရကုန်၏။ ထို့ကြောင့် ရန်ပြုကြသူ လူတို့အလယ်၌ ရန်မပြုဘဲ နေကြပါကုန်စို့။

သီတဂူစမ်းလပမာ ချမ်းမြသာယာရှိကြပါစေ။

အဓိပတိ ဆရာတော်
သီတဂူ ဗုဒ္ဓတက္ကသိုလ်

No comments:

Post a Comment