Monday, June 3, 2013

ကြယ်တွေဆုံတဲ့ နေ့


 ဒီနေ့ ၁၃၇၅ - ခု ကုဆုန်လပြည့်ကျော် (၉) ရက် တနင်္ဂနွေနေ့၊ ကိုရင်အာယုတို့ ချပါတီဆွမ်းစားကြွခါနီးချိန်၊ မြန်မာပြည်က ကျောင်းသားလေးများ နေဆွမ်းလာကပ်ကြပါတယ်။ မနေ့ကတည်းက ကိုယ်တော်တစ်ပါးနှင့် ချိတ်ဆက်ထားပါသတဲ့၊ ပူနေးတောရမှာ ရှိကြတဲ့ မြန်မာရဟန်းတော်များအားလုံးကို ဆွမ်းကပ်ကြပါတယ်။ သိတော်မူကြသည်အတိုင်း အမ်ဖီးသ္မားများကလည်း သူတို့ကျောင်းအချိန် သူတို့သွား၊ အမ်အေ သ္မားများကလည်း သူတို့အချိန်နှင့် သူတို့ဆိုတော့၊ အတူလက်ဆုံ မစားနိုင်ကြတဲ့ဘဝလေးဟာ ဒီနေ့တော့ဖြင့် လက်ရေတပြင်တည်း ရှိခဲ့ပါတယ်၊
ဆွမ်းစားရင်နှင့် ကျောင်းသားလေးများကို မေးကြည့်တော့ သူတို့ဟာ စစ်သားလေးများဖြစ်ကြပါတယ်၊ စစ်သားများဖြစ်သော်လည်း၊ ကြမ်းကြမ်းတမ်းတမ်းမရှိ၊ ယျဉ်ကျေးသိမ့်မွေကြသည်ကို တွေရပါတယ်။ ဒါကြောင့်လည်း သံဃာတော်များကို လှူရကောင်းမှန်း သူတို့သိနေကြတယ်၊ သူတို့လေးတွေရဲ. မိဘတွေဟာလည်း သူတော်ကောင်းတွေဖြစ်ကြပေလိမ့်မည်ဟု တွေးခဲ့မိပါတယ်။
 ကျောင်းတက်ရင်နှင့် မိမိတို့ မုန့်ဖိုးလေးများကိုစုပြီး ဆွမ်းလှူဒါန်းကြတယ်ဆိုတာ အံ့သြစရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာတစ်ခုလည်းဖြစ်ပါတယ်၊ တကယ်တမ်းဆို သူတို့ အသက်၊ သူတို့အရွယ် လူငယ်တော်တော်များများဟာ၊ မိဝေးဘဝေးဖြင့်၊ တိုင်းတစ်ပါးမှာ အပျော်အပါး လိုက်စားရင် အချိန်ကုန်ကြမည် မဟုတ်ပါကလား။
သူတို့လှူဒါန်းကြတဲ့ ဟင်းလျှာတွေကတော့ ဝက်သားဟင်း၊ စိမ်းကျော်၊ ငါပိထောင်း၊ နှင့် စပျစ်သီး၊ နာနတ်သီး အချိုပွဲများဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုခဲ့ကြပါသတဲ့ဗျာ၊ စစ်သားတွေက ထမင်းလည်း ချက်တတ်ပါသကော။
နာမည်တွေကို မေးကြည့်တော့
မောင်တင်အောင်ဟိန်း (ရန်ကုန်)၊
မောင်ရဲမြအောင် (ပုသိမ်)၊
မောင်ဝင်းအောင် (မြင်းခြံ) လို့သိရပါတယ်။
သူတို့လေးတွေဟာ ပူနေးမြို့ ကောလိပ်တစ်ခုဖြစ်တဲ့ Armed forces Medical college (AFMC) မှာ ကျောင်းတတ်နေကြတဲ့ ဆေးကျောင်းသားစစ်သည်တော်များဖြစ်ကြပါတယ်။
သံဃာတော်များ ဆွမ်းဘုန်းပြီးတဲ့ အချိန်မှာတော့၊ သူတို့လေးတွေ အားရပါးရ စားသောက်နေကြသည်မှာ စစ်သားများနှင့် မတူ၊ ဘုန်းကြီးကျောင်းသားတွေနှင့်သာ တူနေပါတော့တယ်။
ရဟန်းတော်အများစုဟာလည်း သီတဂူသံဃာတော်များ ဖြစ်သည့်ကတစ်ကြောင့်၊ ဆွမ်းဒကာ ကျောင်းသားသုံးယောက်ကလည်း စစ်သည်တော်လေးများ ဖြစ်သည်ကတစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် သီတဂူကြယ်စင်များနှင့် စစ်သည်ကြယ်စင်လေးများ ဆုံတွေ့ ကြတဲ့ ဒီနေ့ရဲ. လက်ဆုံ ဆွမ်းဝိုင်းလေးကိုဘဲ " ကြယ်တွေဆုံတဲ့ နေ့ " ရယ်လို့ တင်စားလိုက်ရပါတယ်။

စစ်သည်တော်လေးများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် တိုင်ပြည့်က ပေးအပ်လိုက်သော ပညာရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပြီး၊ ဒီထက်မက လှူဒါန်းနိုင်ကြပါစေဟု ဆန္ဒပြုလျက်---

ပူနေးတောရ ရဟန်းတော်များ အားလုံး၏ကိုယ်စား
ကိုရင်အာယု (သီတဂူ)
ပူနေးတောရ

No comments:

Post a Comment