Friday, June 7, 2013

မီးသတ်ကားကြီး မီးလောင်နေ


သည်စကားကိုကြားရတော့ လွန်ခဲ့သောနှစ်ပေါင်း (၃၅) နှစ်က အဖြစ်အပျက် အာရုံများဆီသို့ အသိစိတ်တို ပြန်လည်ရောက်ရှိသွားသည်။

((ဗိုလ်ချုပ်အိမ် မီးလောင်))

စာရေးသူတို့ နတ်မောက်မြို့၊ အောင်ဆန်းရပ်၌ ၁၉၄၇ -ခုနှစ်၊ ဧပြီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီသာသာအချိန် ဗိုလ်ချုပ်အိမ်အရှေ့ ဘက်နားက မီးစတင် စွဲလောင်နေသည်ကို ခပ်ဝေးဝေးမှ ပင် မြင်တွေကြရသည်။
သမိုင်းဝင်ဗိုလ်ချုပ်တို့အိမ် မီးလောင်မှာ စိုးရိမ်ကြသည့်အတွက်၊ ဗိုလ်ချုပ်တို့ အိမ်အနီးသို့ မီးသတ်ကားကြီး အလောတကြီးရောက်ရှိလာသည်။ ဗိုလ်ချုပ်အိမ်နီးသို့ရောက်လာသည်နှင့် မီးသတ်ကားကြီးသည် စက်ရပ်ကာ ပျက်သွားတော့သည်။
မီးကလည်း အရှိန်ပြင်းစွာ လောင်လာသည်။ မီးသတ်ရန် မောင်းနှင်လာသည့် ကားကိုပင် မီးစတင်လောင်လာသည်။ သို့နှင့် မီးသတ်ကားကို ခပ်မြန်မြန်တွန်းထုတ်ခဲ့ကြရသည့် မြင်ကွင်းကို ယနေ့တိုင် မမေ့နိုင်ဘဲ ရှိနေသည်။ ဗိုလ်ချုပ်အိမ်နှင်တကွ အတော်များများ ဟန့်တားသည့်ကြားမှပင် မီးလောင်တော့သည်။
ရန်ကုန်မြို့ မီးလောင်မှုများ၌လည်း မီးသတ်ကားကို မီးလောင်ကြကြောင်း မကြာခဏကြားသိရသည်။ မီးသတ်ကား မီးလောင်သည့်နေရာတို့၌ အလွန်ဆိုးဝါးကြောင်းကို ပြသရာ ရောက်သည်။

((မီးသတ်ကား မီးလောင်))

ထိုနည်းအတူ စာရေးသူ၏ ယမိုက်နှင့် ပဋ္ဌာန်းပို့ချစဉ်များကို အခြားသောသူတို့အားလည်း နားထောင်ပြီးလေ့လာနိုင်ရန် အသံဖမ်းပါသည်။ စာချသောအခါ စိတ်ကို အတတ်နိုင်ဆုံး သည်းခံပြီး ပို့ချပါသော်လည်း စိတ်ဆိုးစရာများနှင့် အကြိမ်ကြိမ်ကြုံတွေ့ရသောအခါ အော်ငေါက်ရသည်များလည်းရှိသည်။
ထိုအသံဖမ်းဓါတ်ပြားကို နိုင်ငံတစ်ဝှမ်းလုံးသို့ ပေးပို့လှူဒါန်းလိုက်သောအခါ စာရေးသူ၏ ရုပ်ဆိုး အကျည်းတန်ချက် ဒေါသများကို လှည့်လည်ပြသလိုဖြစ်သွားခဲ့၍ "ငါ့မှာလည်း မီးသတ်ကားမီးလောင်နေပါပေါ့လား၊ ဆွမ်းဆန်ထဲ ကြွက်ချေးရောသလိုမျိုး ကုသိုလ်တရားထဲ အကုသလိုလ်တွေ အတုံးလိုက်ပါနေပြီ" ဟု ဆင်ခြင်ကာ မီးထပ်မလောင်စေရန် အထူးသတိပြုရတော့သည်။
တရားအမျိုးမျိုး ဟောပြောချီးမြှင့်ကြသည့် အချို့သော နိုင်ငံကျော် ဓမ္မကထိက ဆရာတော်တို့လည်း တရားနာပရိသတ် ရှေ့မှာပင် ဒေါသ အိုးများ ပေါက်ကွဲပြီး၊ အော်လား ဟစ်လား ဖြစ်နေသည်ကို တွေ့ရှိရသည်။ အချို့သော ပုဂ္ဂိုလ်များဆိုပါလျင် အော်ဟစ်ကာ ငေါက်ငန်းပြီး တရားမဟောတော့ဘဲ ပလ္လင်ပေါ်မှ ဆင်းသွားသည်ဟု ပြောသံကြားဖူးသည်။ မီးသတ်ကားကြီး မီးလောင်လိုက်ပုံကတော့ အကျည်းတန်လွန်းလှသည်။
ဆရာဇော်ဂျီ၏ "သူလည်းလေ လောကီသားပေမို့" ဟူသော ကဗျာအတိုင်းပင် "ပုထုဇဉ်တို့၏ သဘောမျှသာ" ဟု သဘောထားလိုက်လျှင် ကောင်းပေလိမ့်မည်။
တကယ်တန်းပြောရလျင် သူတစ်ပါးတို့၏ လောဘမီး၊ ဒေါ်သမီးစသည်များကို ငြိမ်းသတ်ရန် တိုက်တွန်းဟောပြောသူတို့နှင့် လောမီး ဒေါသမီး တို့ တစ်ဟုန်းဟုန်းတောက်လောင်မှုကတော့ မလိုက်ဖက်သည်ကတော့ အမှန်ပင်ဖြစ်သည်။
မာဃဒေဝလင်္ကာ၌လာသော
"မီးပြသမား တွင်းကျမှားသို့" ဟူသည့် အတိုင်း မီးသတ်ကား မီးစွဲလောင်မှုများပင် ဖြစ်သည်။
လိုချင်လွန်း၊ ရချင်လွန်းသည့် လောဘမီး၊ ဖြစ်ချင်တာမဖြစ်လို့ အလိုမကျသည့် ဒေါသမီး စသည်တို့ မိမိသဏ္ဍာန်၌ မလောင်စေရန်၊ လောင်လျှင် လည်းဖြစ်ကြောမရှည်ရန် သတိပြု ဆင်ခြင်ရပေလိမ့်မည်။

ပဋ္ဌာန်းအလင်းရောင်ဆရာတော်
ပါ ညောင်းတုန်းကျောင်းတိုက်
ဗဟန်းရန်ကုန်
====
ဆရာတော်၏ ခြေတော်အစုံမှ မြေမှုန့်တို့သည် ကျွန်ုပ်၏ ဦးခေါင်း၌ တည်ပါစေသား
ကိုရင်အာယု (ပူနေးတောရ)

No comments:

Post a Comment