Thursday, June 14, 2012

ရွှေဥမင်ဆရာတော်ကြီး၏ ဆုံးမသြဝါဒများ (၂)

ကံ နဲ့ ဉာဏ်

အို နာ သေ ကွဲ ရှောင်မလွဲ၊
ကံပဲ သင့်ကို စီမံသည်၊
ဉာဏ်ပဲလွတ်မြောက်စေနိုင်မည်။

စကားကြီးသုံးခွန်း

မြစ်ကြီးလည်း မခန်းပါစေနဲ့၊
သစ်ပင်ကြီးလည်း မလဲပါစေနဲ့၊
ထုံးအိုးကြီးလည်း မကွဲပါစေနဲ့၊

"မြစ်ကြီးလည်း မခန်းပါစေနဲ့" ဆိုတာ အေးမြတဲ့ စမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင်စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီးကို ဆိုလိုတာလေ။ လူလူချင်း မေတ္တာထားကြ၊ မေတ္တာတရားတွေ ပွားများကြ။ လူလူချင်း မေတ္တာတွေ မခန်းကြစေနဲ့ ဆိုတဲ့အဓိပ္ပါယ်ပဲ။

"သစ်ပင်ကြီးလည်း မလဲပါစေနဲ့"  တဲ့၊ သစ်ပင်ကြီးဟာ အခက်အလက် အရွက်တွေ ဝေဝေဆာဆာနဲ့ အရိပ်အာဝါသကို ပေးတယ်။ ထို့အတူပဲ...... ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့ အရိပ်အာဝါသကောင်းကို ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို ရတယ်။
ဒီအရိပ်အာဝါသတွေကို အမိအရ ခိုလှုံဖို့လိုသလို အရိပ်အာဝါသတွေကို မဖျက်ဆီးမိဖို့၊ ကျေးဇူးမကန်းမိဖို့ သတိထားရလိမ့်မယ်။ သစ်ပင်ကြီးကို ခုတ်လှဲပြစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာ ရောက်တာပဲ။
ဒါကြောင့် သစ်ပင်ကြီးမလဲအောင် ကြိုးစားထိန်းသိမ်းကြ။

"ထုံးအိုးကြီး မကွဲပါစေနဲ့" ဆိုတာကတော့ ရိုးရာ ဓလေ့ထုံးစံတွေကို ပြောတာပါ။
မိဘဘိုးဘွားလက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကောင်းတွေ မပျောက်ပျက်ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ။။

ရန်သူလား မိတ်ဆွေလား

ကုသိုလ်ကောင်းမှုတွေကို မမေ့တဲ့အတွက် ကိုယ်ဟာ ကိုယ့်မိတ်ဆွေ ဖြစ်သွားကြရပြီ။
မကောင်းမှု လုပ်တဲ့လူတွေအဖို့တော့ ကိုယ့်ကိုယ်ဟာ ကိုယ့်ရန်သူပဲ။
ရန်သူက ဒုက္ခပေးတယ်။
မိတ်ဆွေက ကူညီတယ်။
မိတ်ဆွေမဟုတ်ဘဲ ရန်သူဖြစ်နေရင် ဘယ်ကောင်းတော့မလဲနော်။
နှစ်သစ်
နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင် ခေါင်းလျှော်ကြ အဝတ်လျှော်ကြ လုပ်ကြတယ်။
စိတ်ကိုကော ဖြူစင်အောင် လျှော်ဖွပ်ကြရဲ့လား။
စိတ်သန့်ရှင်းဖို့က လူသန့်ရှင်းဖို့ထက် အရေးကြီးတယ်နော်။
ကိလေသာ အညစ်အကြေးတွေကို အမြဲ လျှော်ဖွပ်နေမှ စိတ်သန်းရှင်း ဖြူစင်တယ်။

သတိ နဲ့ အချစ်

သတိနဲ့နေခြင်းဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံး ပုဂ္ဂိုလ်ဖြစ်တယ်။
 ကိုယ့်ကိုယ်ကို ချစ်ရင် အသိနဲ့ သတိ ကပ်ပြီးနေရမယ်။

အမှတ်မဲ့ အမှုရောက်

အမှတ်မဲ့ရင်တော့ အမှုရောက်ပြီးသားပဲ။
အမှတ်မဲ့ဆိုရင် မောဟဆိုတဲ့ မသိမလိမ္မာ မိုက်မဲမှုအပြစ်ရောက်တယ်။
ဒါကြောင့်
"သတိကင်းကွာ ရက်တစ်ရာ နေတာ မမြတ်လှပေ"။
"သတိကပ်ကာ ရက်တစ်ရာ နေတာ မြတ်လှလေ" တဲ့။

အားနာစရာ

မျက်မြင်ဘုရား စိတ်ထင်ဘုရား ဉာဏ်မြင့်ဘုရားတဲ့။
ဘုန်းကြီးတို့အရပ်မှာ သမီးတွေက "အဘရယ်တဲ့.......  ကျိုက်ထီးရိုးဘုရားဖူးသွားရအောင်" တဲ့။
အဘက  "ဟဲ့..... တိုးတိုးပြောပါတဲ့၊ တို့ရွာလယ်ကျောင်းက ဘုရားကြီး ကြားရင် အားနာစရာကြီး" တဲ့။

တရားမြင်မှ ဘုရားမြင်

ဘုရားဟောကတော့ "ယူဇနာတစ်ရာပင် ဝေးသော်လည်း တရားကို သိမြင်အောင် အားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ငါးဘုရားကို အနီးကပ် ဖူးမြင်ရတဲ့ ပုဂ္ဂိုလ်ပဲ"  တဲ့။
တရားမြင်မှ ဘုရားမြင်မယ်၊ တရားမမြင်ရင် ဘုရားကိုမမြင်ရဘူး ဆိုပဲ။

ဘုရားအကြိုက် ပူဇော်နည်း

မိထွေးတော် ဂေါတမီက မြတ်စွာဘုရားကို လျှောက်တယ်၊  " မြတ်စွာဘုရား သက်တော်ရာကျော်ရှည်ပါစေ၊ မအို မနာ မသေ အမြဲနေပြီး လောကကောင်းကျိုးဆောင်နိုင်ပါစေ။ ဝေနေယျများကို ကျွတ်တမ်းဝင်အောင် ဟောနိုင်ပါစေ" ဆိုပြီး တပည့်တော်မ အမြဲဆုတောင်းပါတယ်ဘုရား တဲ့။
မြတ်စွာဘုရားက မိထွေးတော်ရဲ့ ကန်တော့ခြင်းဟာ သင့်မြတ်သလိုလိုရှိသော်လည်း နှစ်သက်တော်မမူဘူး။
အဲဒါကြောင့် " မိထွေးတော်..... ဟောဟိုက ပြင်းထန်တဲ့ လုံးလဝီရိယနဲ့ နိဗ္ဗာန်ကို အာရုံညွတ်ပြီး သတိမပြတ် ရှုမှတ်ကျင့်ကြံနေကြတဲ့ သာဝက ရဟန်းအပေါင်းကို ကြည့်လိုက်စမ်းပါ။ သူတို့မှ ဘုရားကို အစစ်တကယ် ပူဇော်နေကြခြင်းဖြစ်တယ်" လို့မိန်းကြားတော်မူလိုက်သတဲ့။

စိတ်မနာတဲ့ ဘုရားဆေး

သမားဆေးကတော့ ရောဂါကိုကုတယ်။ ဘုရားဆေးကတော့ ဝေဒနာကိုကုတယ်။ ကိုယ်ပင်နာသော်လည်း စိတ်မနာစေနဲ့တဲ့။ ကိုယ်နာတဲ့ ဆူးတစ်ချောင်းတင် မပြီးသေးဘူး။ စိတ်နာတဲ့ဆူး ထပ်မစူးစေနဲ့။ ငါံ့ကို ငါ့ဟာ ငါ့ဥစ္စာ ထင်နေလို့ နာရတာပဲ၊
ဒါကြောင့် .......
ရုပ်နာမ်ကိုပင် ငါကောင်ထင် စွဲလျှင် ကိုယ်စိတ်နာ။ 
ရုပ်နာမ် ပေါ်ဆဲ ရှုမှတ်ခွဲ ကိုယ်ပဲ နာမှာ စိတ်မနာ။

No comments:

Post a Comment