Sunday, June 17, 2012

ရွှေဥမင်းဆရာတော်ကြီး၏ ဆုံးမသြဝါဒများ(၃)

တီဗီဝေဒနာ

တစ်နေကုန် စွားပွားရှာ အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တဲ့အခါ တီဗီရှေ့မှာ အပမ်းဖြေကြတယ်။ တကယ်ကော အပမ်းပြေကြရဲ့လား။
တီဗီထဲမှာ ဂြိုဟ်တုတွေ ဒုံးပျံတွေ ပြတယ်နော်။ အဲဒီ ဂြိုဟ်တုတွေက ဒုံးပျံတွေက နိဗ္ဗာန်ရောက်အောင် ပို့နိုင်ပါ့မလား။
တီဗီကြည့်တယ်ဆိုတာ အာရုံပြောင်းတာပဲ။ အာရုံခံစားမူက မလွတ်ဘူး။ ဝေဒနာကို နောက်ဝေဒနာတစ်ခုနဲ့ အစားထိုးလိုက်တာပဲ။
လောဘ ဒေါသ မောဟတွေ လျော့မသွားဘဲ ဆက်ပွားတာပဲပေါ့။
ရောဂါဝေဒနာ ပြင်းထန်နေတဲ့ လူမမာကို အိပ်ဆေးထိုးလိုက်တာနဲ့ အတူတူဘဲ။ အိပ်တုန်းခဏ သက်သာသလိုလိုရှိတယ်။ စင်စစ်ကတော့ မသိလို့ဘဲ။ ဝေဒနာကတော့ သူ့ဟာသူ ဆက်ဖြစ်နေတယ်။ နိုးလာတော့ ဝေဒနာ ဆက်ခံစားရတာပဲ။

ဘုရားသားစစ် ရွှေရင်နှစ်

တပ်မက်မဆုံး
လောဘတုံး
ချေမှုန်းနိုင်ပေ မဂ်ဉာဏ်ပေ။
ပြစ်များမဆုံး
ဒေါသတုံး
ချေမှုန်းနိုင်ပေ မဂ်ဉာဏ်ပေ။
ဘုရားသားစစ်
ရွှေရင်နှစ်ဟု
ဖြစ်ရှိနိုင်ပေ မဂ်ဉာဏ်ပေ။

ခြေတစ်လှမ်း သန်းပေါင်းကုဋေ

ခြေတစ်လှမ်း ကုဋေတစ်သန်းတန်တယ်ဆိုတာ ဘယ်ကမလဲ။
နေ့တိုင်း လျှောက်နေကြတာ ကုဋေသန်းပေါင်းတွေ မနည်းတော့ဘူး။
တရားနှလုံးမသွင်း သတိလက်လွတ်ဖြစ်တိုင်း ကုဋေတစ်သန်းမကတန်တဲ့ ဉာဏ်ကုသိုလ်တွေ ဆုံးရှံးသွားရပြီ။

ပိုက်ဆံအိတ်

ငွေလေးတစ်ထောင် တစ်သောင်းပါတဲ့ ပိုက်ဆံအိတ် ကျပျေက်တော့ ငိုလိုက်ကြတာ နှမြောလိုက်ကြတာ၊ ရှာလိုက်ရတာ အမော။
ကုဋေသန်းပေါင်းမျာစွာ ကုသိုလ်တွေ ပျောက်ဆုံးကုန်တော့ ငိုရမှန်း၊ နှမြောရမှန်း မသိကြပါလား။

နိဗ္ဗာန်ဉာဏ်နဲ့သွား

သတိပဋ္ဌာန်တရား အားထုတ်တာဟာ ဉာဏ်ကုသိုလ် အလုပ်လုပ်တာပဲ။
ကံ ကုသိုလ်ဟာ (၃၁) ဘုံ ချမ်းသာပဲ ပေးနိုင်တယ်။
ဉာဏ်ကုသိုလ်ကြီးကတော့ မနှိုင်းဆနိုင်တဲ့ အကျိုးထူး နိဗ္ဗာန်ချမ်းသာကြီး ရစေတယ်။

တဒင်္ဂနဲ့ ထာဝရ

ကုသိုလ်လုပ်တဲ့အတွက် လောဘမီး ဒေါသမီး အခိုက်အတန့် ငြိမ်းတယ်။
ကြာကြာငြိမ်းချင်ရင်တော့ သတိနဲ့နေကြ။

သတိတစ်လုံး အဆုံးနိဗ္ဗာန်

စားတိုင်း သောက်တိုင်း ဝါးတိုင်း မြိုတိုင်း သွားတိုင်း လာတိုင်း အသိနဲ့ ပညာနဲ့ သတိသမ္ပဇာဉ်ဉာဏ်ယှဉ်ပြီး လုပ်ဆောင်တဲ့အတွက် သမာဓိတွေတိုးတက်လာတယ်။
ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်အထိ ရောက်သွားတယ်။

လေဖြတ်တာ ဝမ်းသာ

ရုပ်ခန္ဓာရှိနေမှ ရောဂါ ဝေဒနာဆိုတာလည်း ရှိနေမှာပဲ။
ခု- ဒကာမကြီး လေဖြတ်ထားတယ်ဆိုတယ်ဆိုပေမယ့် စိတ်မဆင်းရဲပါနဲ့။
ဒီရောဂါရထားတာကိုပဲ အမြတ်ထုတ်တတ်ရင် အမြတ်ရပါတယ်။
ဟိုးသွား ဒီသွား လမ်းများနေရင် အကုသိုလ်များတာပဲ။
မမြင်အပ်တာတွေ မြင်၊ မပြောသင့်တာတွေ ပြောနဲ့။
ဟော- ခုတော့ အေးအေးဆေးဆေး အိပ်ရာထဲလှဲနေရင်းက အချိန်ပြည့် တရားရှုမှတ်နေလို့ ရတာပေါ့။
ဒီတော့ -- ခုလို ရောဂါရတာဟာ တရားအားထုတ်ခွင့် ပိုရပါကလားဆိုပြီး နှလုံးသွင်းမှန်မှန်နဲ့ နှလုံးသွင်းပြီး  ကျေးဇူးတင်ရမယ်၊ ဝမ်းသာရမယ်။




No comments:

Post a Comment