Tuesday, March 27, 2012

သူရဲကောင်း ကိုရင်ငယ်

အိန္ဒိယနိုင်ငံမှ သီရီဓမ္မာသောကမင်းကြီးသာ စိတ်ထားမြင့်မြတ်သူမဟုတ်ပါ၊
ကျွန်ုပ်၏ ဘဝမှာလည်း မျက်ရည်ကျလုနီးနီး စိတ်ထားမြင့်မြတ်သူ ကိုရင်လေးတစ်ပါးကို တွေဘူးပါသည်။
စားရေးသူ ကိုရင်ဘဝက နေခဲ့သော ဆရာတော်၏ ကျောင်းသည် မြန်မာနိုင်ငံတွင် စည်းကမ်းအကြီးဆုံးကျောင်းတစ်ကျောင်း ဟု ဆိုနိုင်ပါသည်။
အဘယ်ကြောင့်ဆိုသော် စာသင်းသာဘဝသည် စာသင်စာချ စာအံရသောကြောင့် ညနေဘက်တွင် ဆာလောင်မွတ်သိပ်ခြင်း ဒုက္ခကို တော်တော်ကြီးကို သည်းခံခဲ့ရပါသည်။ (သည်းမခံနိုဘဲ တစ်ခုခု ခိုးစားမိသော် ကျောင်းတိုက်မှ ချက်ချင်းထွာခွါရသည့် အပြစ်ဖြစ်ပါသည်။)
တစ်နေ့သောအခါဝယ် ကိုရင်ပေါက်စ (တစ်ပါးက ၁၂ နှစ်ခန့် နှင့် နောက်တစ်ပါးက ၁၃နှစ်) နှစ်ပါး စာအံကျောင်းပြီးချိန် (ည ၁၀ နာရီခွဲခန့်) မုန့်ခိုးစားနေကြပါသည်။ ထိုအဖြစ်အပျက်ကို စာချဘုန်းကြီးတစ်ပါးမြင်တွေ့သွားပါသည်။ တာဝန်ရှိသည်အားလျှော်စွာ ဆရာတော်အားလျှောက်ပါသည်၊
 နောက်တစ်နေ့နံနက်ဘုရားဝတ်တတ်ပြီးချိန်ဝယ် စည်းကမ်းရှိသည့်အားလျှော်စွာ ဆရာတော်မှ ၎င်းကိုရင်လေးနှစ်ပါးအား ကျောင်းတိုက်မှ ထွက်ခွါကြရန် မိန့်ကြားပါသည်။ အားလုံးစိတ်မကောင်းဖြစ်ကြရပါသည်။ (သူတစ်ပါးဒုက္ခရောက်သည်ရှိသော် သူတော်ကောင်းတို့၏ စိတ်နှလုံးသည် တုန်လုပ်မြဲဖြစ်လေသည်ဘဲလေ)  အဖြစ်အပျက်တို့သည် အလွန့်ကို လျင်မြန်လှပါသည်။ ညနေဘုရားဝတ်တတ်ချိန်တွင် ကိုရင်အငယ်လေးမှာ ကျောင်းတိုက်မှ ထွက်ခွါသွားရခြင်းမရှိပါ။ အများနည်းတူ ဘုရားဝတ်တတ်ပုံမှန်ပြုလုပ်နေသည်ကိုတွေရပါသည်။ ကိုရင်အကြီးတစ်ပါးသာလျှင် ကျောင်းတိုက်မှ ထွက်ခွါသွားပါသည်။ စုံးစမ်းသိရှိရသည်မှာ ၄င်းကိုရင်အကြီးတစ်ပါးသည် ကိုယ်တိုင်ကိုယ်ကြ ဆရာတော်ထံသွားကာ မုန့်ခိုးစားသည်မှာ တပည့်တော်တစ်ပါးသာဖြစ်ကြောင်း၊ မုန့်စားနေချိန်ဝယ် ကိုရင်လေးက အနားမှာရှိသောကြောင့် တာဝန်ကျ ဘုန်းတော်ကြီးမှ ကိုရင်ငယ်လေးပါ စားနေသည်ဟု မှားယွင်းစွာ တွေမြင်သွားကြောင်း၊ သို့ပါသောကြောင့် ဘုရားတပည်တော် တစ်ပါးသာလျှင် အပြစ်ရှိပါကြောင်း လျှောက်ထားခဲ့လေသတည်း။
စာသင်းသားဘဝက စာသင်တိုက်တစ်ခုသို့ဝင်ရောက်နေထိုင် ပညာသင်ကြားခွင့်ရရန်မှာ အလွန်ပင်ခဲရင်းလေသည်။ ၁၂ နှစ်အရွယ် ကိုရင်ပေါက်စ ကျောက်တိုက်မှ နှင်ထုပ်ခံရလျင် အဘယ်မျှ ဒုက္ခရောက်လိမ့်မည်နည်း။

စာဖတ်သူတို့ကိုယ်တိုင် ကိုရင်အကြီးနေရာက ဖြစ်ပါမူ မိမိအပြစ်ကို သူတစ်ပါးတို့အား မျှဝေပေးလေမည်လော။ ထိုကိုရင်အကြီးလေးကဲ့သို့
( ခြင်္သေ့လို့ ရဲရဲရင်ရင်၊ နွားလိုသည်းခံပြီးတော့၊ မြင်းတစ်ကောင်လို လျင်မြန်စွာ၊ ဆင်တစ်ကောင်လို အားနှင့်မာန်နှင့် ) မိမိတစ်ဦးတည်သော အပြစ်ကို ဝန်ခံရဲပါမည်လော။
ကျောင်းတိုက်မှ ထွက်ခွါသွားခဲ့ရသော ထိုကိုရင်ငယ်သည် စာရေးသူအတွက်တော့ သူရဲကောင်းတစ်ယောက်ဖြစ်ပါသည်။

မှတ်ချက် ။ စာရေးသူကိုတိုင် ၎င်းကျောင်းတိုက်မှ ဘောလုံးပွဲခိုးကြည့်မိသော အပြစ်ကြောင့် ထွက်ခွါခဲ့ရပါသည်။။
                                           မျှဝေခံစားနိုင်ကြပါစေ။
                                               ကိုရင်အာယု (မန်းသီတဂူ)

သီရိဓမ္မာသောကမင်းကြီး၏ စိတ်ထား

သုတေသနပညာရှင်များသိရှိထားသည်အတိုင်း အသောကမင်းကြီး၏ မြင့်မြတ်သောစိတ်ထားကား အတုယူစရာကောင်းလှပေသည်။ သူ၏ အထိမ်းအမှတ်များဖြစ်သော (အမှတ်အသား) ကျောက်တိုင်ကြီးများထိပ်တွင် ဓမ္မစင်္ကြာပုံ (သိုမဟုတ် ၂၄ ပစ္စည်းပုံ) စက်ဝိုင်းအမှတ်အသား တို့ကိုတွေရှိနိုင်ပါသည်။ ၎င်း စက်ဝိုင်းပုံကို ခြင်္သေ့သုံးစီးက ထမ်းထားပါသည်။ ၎င်းခြင်္သေ့သုံးစီးအောက်တွင် ဆင်၊ မြင်း၊ နွား၊ ခြင်္သေ့ အရုပ်လေးခုရှိပါသည်။ ထိုအရုပ်လေးခုတို့သည် သိရီဓမ္မာသောက မင်းကြီး၏ စိတ်ထားကို ဖေါ်ပြနေလေသည်။
အဓိပ္ပါယ်မှာ သူတစ်ပါးတို့၏ကောင်ကျိုး (အများကောင်းကျိုး=လောကတ္ထစရိယ) သယ်ပိုးရာတွင်(ဆောင်ရွက်သည့်အခါ)
၁။ နွားကဲ့သို့ သည်းခံစိတ် (ခန္တီ)  ရှိရမည်၊ (စိတ်ရှည်ရမည်)
၂။ မြင်းကဲ့သို့ လျှင်မြန်ဖြတ်လတ်ပေါ့ပါး ရမည်၊ (စိတ်ပါလက်ပါလုပ်ရမည်)
၃။ ဆင်းကဲ့သို့ ခွန်းအားသန်မာရမည်၊ အင်းအားသုံးလုပ်ရမည်၊
၎။ ခြင်္သေ့ကဲ့သို့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လုပ်ရမည်၊ ဟူသတည်း။။။။
အလွန်ပင်မှတ်သားထိုက်ပါပေတော့သည်။

                            သီတဂူစမ်းလပမာချမ်းမြသာယာရှိကြပါစေ။
                                       ကိုရင်အာယု (မန်းသီတဂူ)

Monday, March 12, 2012

မဟာယာန်ဆိုတာ ဘာလဲ (မဟာယာန)

မဟာယာန်ဆိုသည်မှာ
၁။       ။ မြတ်စွာဘုရား၏ ပညတ်တော်မူအပ်သော ဝိနည်းတရားတော်ကို သင်ကြားနာယူခြင်းမပြုဘဲ အကျင့်သီလဖြူစင်စွာ ကျင့်ကြံအားထုတ်က နိဗ္ဗာန်သို့လည်းကောင်း ထာဝရဘုရားသို့လည်းကောင်း ရောက်နိုင်သည်ဟုအယူရှိသည်လည်းတစ်ကြောင်း။

၂။      ။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်က ရုပ်တုတော် ဆင်းတုတော်တို့ကို ကိုးကွယ်ရန် မဟောကြားခဲ့သော်လည်း လူရှင်အပေါင်းတို့၏ စိတ်ဓါတ်ကို ပသာဒနိယျဖြစ်စေ၍ နိဗ္ဗာန်မဂ်ဖိုလ်သို့ရောက်စေတတ်သောတရားမှာ ရုပ်ပွားတော်ကို ကိုးကွယ်ဆည်းကပ်သည်မှတစ်ပါး တခြားနည်းလမ်းမရှိဟု အယူရှိသည်လည်းတစ်ကြောင်း။

၃။     ။ဂေါတမမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံဝင်တော်မူလေပြီးသော်လည်း ထာဝရဘုရားကဲ့သို့ ဖြစ်နေဟန်လက္ခဏာရှိသည်ဟူ၍လည်းတစ်ကြောင်း။။


ဤကဲ့သို့ အယူရှိခြင်းကြောင့် ဘုရားရုပ်တုတော်များကို ကိုးကွယ်ဆည်းကပ်သည်သာမက နုစဉ်ကာလပင် ဖြစ်ခဲ့ဖူးသော ဗောဓိသတ္တခေါ် ဘုရားလောင်းရုပ်ပွားများကိုပါ ကိုးကွယ်ဆည်းကပ်ကြလေတော့သည်။

ထို့ပြင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတော်အဆူဆူတို့ကို ဖြည့်ကျင့်တော်မူသည်မှ ရအပ်သော ဘုရားရှင်၏ဘဝသည် မည်သည့်နည်းနှင့်မှ ပရိနိဗ္ဗာန်မပြုနိုင်တန်ရာ။ အကြင်အခါ ကမ္ဘာလောကဓါတ်ကြီးရှိ နတ် လူ ဗြဟ္မာအပေါင်းတို့သည် တရားရှိအံ၊ ထိုအခါ ကွယ်ပ၍ တစ်နေရာမှ ရှုစားနေလတ္တံ့။ အကြင်အခါ၌ တရားပျက်အံ့၊ ထိုအခါ ပြန်လည်၍ ပွင့်လာတော်မူလတ္တံ့ဟု ဟိန္ဒူဝါဒကဲ့သို့ အယူရှိကြလေသည်။  ဤမည်သောအကြောင်းတို့ကြောင့် မဟာယာန်ဂိုဏ်းဟု ပေါ်ပေါက်လာလေသည်။
ခရစ်နှစ် ၂၀၀-မှ ၉၀၀ အထိမဟာယာန်သာသနာသည် အိန္ဒိယ ပြည်ကြီးတစ်ခုလုံးတွင် အလွန်စည်ပင်ပြန့်ပွားခဲ့ရာ အရေးကြီးသောကျောင်း စေတီ ပုထိုးစသည်တို့ကိုလည်း ဤဂိုဏ်းသားတိုကသာ အုပ်ချုပ်ခဲ့ရလေသည်။

ထိုခေတ်က ထုလုပ်ခဲ့သော သိန်း သန်းကုဋေမကသော ဘုရားရုပ်တုတော်များနှင့် ဘုရားလောင်းရုပ်တုတော်များ အဝလောကိတေဆွရအရုပ်များ တာရာဒေဝီနတ်သမီးရုပ်တုများကို ကျောင်းတိုင်း ပုထိုးတိုင်း၌ ယခုတိုင်အထင်အရှားတွေ့မြင်ရလေသည်။ ဤမဟာယာန်သာသနာကို ဗုဒ္ဓဝါဒနှင့် ဟိန္ဒူဝါဒ နှစ်ခုစလုံး ရောနှောထားသော သာသနာဟုခေါ်ဆိုပါက မှားနိုင်မည်မဟုတ်ပေ။။
သို့သော် ကျွန်ုပ်တို့ ထေရဝါဒီသာသနာတော်၌လည်း ရုပ်တုတော်ကိုကိုးကွယ်သော အလေ့အလာရှိနေပေသည်။ အသောကမင်းကြီး လက်ထက်တော်ကလည်း ရုပ်တုတော်များကို လှူဒါန်းခဲ့ကြောင်းနှင့် ကျောက်စာအချို့တါင် ဖတ်ရှုရပြန်လေသည်။ သို့သော် ရုပ်ပွားတော်ကို ကိုးကွယ်သောအလေ့အလာမှာ ပရိနိဗ္ဗာန်စံဝင်တော်မူလေပြီးသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား အမှတ်တရရှိစေရန်နှင့် ကြည်ညိုခြင်းပသာဒရှိစေရန်အပြင် ထိုသို့အမှတ်တရကြညညိုခြင်းဖြင့် ကုသိုလ်တရားများပွားများကြစေရန်၊ သာသနာတော်လည်း မတိမကော မပပျောက်စေရန် အဓိကရည်ရွယ်ချက်ရှိရာကား ဤဓလေ့ထုံးစံမှာ အလွန်ပင် မွန်မြတ်လှပေသည်။ ဆက်လက်၍ရေးသာရမည်ဆိုပါမူ ဘုရား ကျောင်း စေတီပုထိုးတို့ကို မျက်မှောက်၌ အထင်အရှား ဖူးမြော်ကြရသဖြင့် သာသနာတော်ကြိလည်း ယနေ့အထိ  မတိမ်ကော မကွယ်ပနိုင်သေးဟု ဆိုနိုင်စရာရှိ၏။ ကမ္ဘာပေါ်တွင် ဘာသာကြီးလေးခုရှိရာ အစ္စလာမ်ဘာသာမှတစ်ပါး အားလုံးသောဘာသာတို့၌ ရုပ်တုတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းအလေ့အလာသည် ရှိကုန်၏။ သို့သော် ရုပ်တုတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းကား အစ္စလာမ်ဘာသာဝင်များအဖို့ ဧရာမ ဆန့်ကျင်ဘက်ကြီးတစ်ခုပေတည်း။။
                                                                      မေဃဝတီဆရာတော် ဦးနာရဒ

မဟာယာနဆိုတာဘာလည်းဟု မကြာခဏမေးလေ့ရှိသော ညီငယ် ညီမငယ်တို့အကျိုးစီးပွားအလို့ငှါ (လက်လမ်းမှီရာ) သိသလောက်ရှာဖွေတင်ပြအပ်ပါသည်။ အားလုံးကို ကျေးဇူးတင်လျက် ။။
                                                (ကိုရင်အာယု မန်းသီတဂူ)

မဲဇာမြိုင်

လေသွေးရာချီ
ရွှေဖီက မွှေး။
ဝတ်ပန်းငယ် ငုံခိုင်နှင့်
မဲဇာမြိုင် ဂနိုင်အုပ်မှာ
ရွှေဘုတ်က ကြွေး။။

တောသူ့ ရွာမို့

ရွှေဗဟိုရ် စည်သံများကိုလ
မကြားရ ကြာချေပြီ
လေးလရာသီ။
တိုင်းဌာနီ
မဟုတ်ကယ် ပါပြီလို့။
ကြက်သံကို ပဟိုရ်ပြုရတယ်
တောသူ့ရွာမို့။

ပင်ဝါးရုံ

စိမ်းလဲ့ငယ်တဲ့ ညိုရောင်။
ပင်ဝါးရုံလေယူသိမ်းတယ်
ယိမ်းနွဲ့ မြောက်တောင်။

မြူခိုးရယ်မှောင်
ဟိုတောင်ကြော့ ခါးပန်း။

ရွှေဥဒေါင်းငယ်တို့
မြိုင်စောင်းမှာ တွန်သံချိုလှတယ်
ကွန်းခိုတဲ့နန်း။။

ခွင့်တောင်းပါ

မိဦးဖဦး ဆရာ့ဦးကို
ခူး၍အလျင် မစားနှင့်။

မိဘဆရာ ထားသည့်ဟာကို
မျက်နှာကွယ်လျှင် မယူငင်နှင့်။

လိုချင်သောအား စားချင်ငြားက
ဝပ်တွားခယ တောင်းပန်ကြ။

               ဒီလောက်ကောင်းတဲ့ စာပေတွေ သင်ခဲ့ရပါလျက် တို့တွေ ဘာကြောင့်များ- ----------

လယ်ထွန်မင်္ဂလာ သီချင်း

ရမထာ ရွှေကြိမ်လုံးရယ်နဲ့
ထွန်းတုံးကိုတဲ့ ခြေတော်တင်
နွားကြန်စုံနှင့်။

ပျိုးခင်းကိုဝင်
ကောင်းကင်က ရွှေပိန်ညင်းရယ်
မိုးခေါ်လို့ဆင်း။

ဗောဓိရွှေကျောင်း

အရှေ့ကိုလျှောက်ပါလို့
အနောက်ကိုတဲ့ မျှော်လိုက်ရင်။

တံခွန်တိုင် ရွှေကုက္ကားနဲ့
ဘုရားကိုမြင်။

မမလေးတို့ ပျို့ဦးရင်
အဝင်သာပေတောင်း။
ဗောဓိရွှေကျောင်း။

တို့ဖေဖေ

စားဝတ်နေရေး ငွေရှာပေး
ကျေးဇူးကြီးပေ တို့ဖေဖေ။

ကိစ္စများဖြင် ပေါ်ပေါက်လျှင်
စီရင်တတ်ပေ တို့ဖေဖေ။

အိမ်ထောင်အရေး စီမံပေး
လေးစားလောက်ပေ တို့ဖေဖေ။

စဉ်းစားမြော်မြင် ဉာဏ်နှင့်ယှဉ်
ပဲ့ပြင်တတ်ပေ တို့ဖေဖေ။

နိုင်ငံ့အကျိုး တို့အကျိုး
သယ်ပိုးနိုင်ပေ တို့ဖေဖေ။

                                     ကဗျာရှင်ကို လေးစားဦးတင်ပါသည်။ SSA လူငယ်များ

တို့မေမေ

ကျွေးမွေးသုတ်သင် သက်ဆုံးပင်
ချစ်ခင်ရှာပေ တို့မေမေ။

ငယ်စဉ်ကာလ စည်းကမ်းပြ
ဆုံးမခဲ့ပေ တို့မေမေ။

အရွယ်ရောက်လာ ကျောင်းအပ်ကာ
ပညာပေးပေ တို့မေမေ။

ကျန်းမာဖို့ရေး သင်ရာကျွေး
လေးစားအပ်ပေ တိုမေမေ။

ဝတ်စားဆင်ယင် မြတ်နိုးကြင်
ချစ်ခင်အပ်ပေ တို့မေမေ။

                                        ကဗျာရှင်ကို ဦးတင်လျှက် SSA လူငယ်များ

ဟိုယခင်က တို့အလံ

မြန်မာနိုင်ငံတော်အလံတွင် အောက်ခံအရောင်မှာ အနီရောင်ဖြစ်ပါသည်။ လက်ဝဲဘက် အထက်ထောင့်၌ အပြာရောင်လေးထောင့်ကွက်ခံထားပါသည်။ ထိုအပြာရောင်ထဲတွင် စပါးနှံနှင့်စက်သွားကို အရွယ်တူ ကြယ်ဖြူ (၁၄) လုံးက ဝန်းရံလျှက်ရှိပါသည်။
စပါးနှံသည် တောင်သူလယ်သမားများအတွက် အမှတ်အသားဖြစ်ပါသည်။
စက်သွားသည် အလုပ်သမားများအတွက် အမှတ်အသးဖြစ်ပါသည်။
တောင်သူလယ်သမားနှင့် အလုပ်သမားသည် နိုင်ငံတော်တည်ဆောက်ရေး၏ မရှိမဖြစ်လူတန်းစားများဖြစ်ပါသည်။
အရွယ်တူကြယ်ဖြူ (၁၄) လုံးလည်း ပြည်နယ်နှင့်တိုင်း (၁၄) ခုတို့၏ တန်းတူညီတူရှိမှုနှင့် စည်းလုံးညီညွတ်မှုဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။
အလံတော်ရှိ အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း အနီရောင်သည် ရဲရင့်ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။
အလံတော်၏ လက်ဝဲဘက်အထက်ထောင့်ရှိ အပြာရောင်သည် ငြိမ်းချမ်းခြင်း တည်ကြည်ခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။
ကျွန်တော်တို့သည် လွတ်လပ်ရေးကို ထိန်းသိမ်းရန်နှင့် နိုင်ငံတော်အပေါ်တွင် သစ္စာရှိရန် အမြဲသတိရလျက် နိုင်ငံတော်အလံကို အလေးပြုကြပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသီချင်း

(မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်)။


ငါတို့မြန်မာပြည်မယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ်၊ ငါတိုမြန်မာပြည်မယ် မိဘတိုင်းကရယ် အာဇာနည်အစစ်တွေကို ရှိဖို့မွေးရမယ်။ သြော် ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရားတို့လိုကွယ် မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေရဲ့ မကြောက်တမ်း မရွှံ့တမ်း မြန်မာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်။

သံပြိုင်ဆိုရန်။။      (ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရမယ် မော်ကွန်းလဲထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်) ၂  ။    တိုင်းပြည်အကျိုးစွန့်ခဲ့တယ် များဇာနည်နွယ် လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှာကယ် တို့မြန်မာစိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။


အာရှနိုင်ငံ ထူထောင်ရန်အတွက် မျိုးရိုးမတိမ်းအောင် ကြံဆောင်လေတယ်။ နေမျိုးသာကီ မြန်မာပြည်လက်ရုံး ကမ္ဘာနိုင်ငံလုံး ထင်ပေါ်စေတယ် စိတ်အားသန်သန် မာန်ကိုမလျှော့တယ် ငါတို့လူမျိုးတန်ခိုးရှိဖို့ သူ၇ဲကောင်းတွေ ဂုဏ်ရည်ပြောင်းတယ်။ တကယ်ပင် သတိုးမဟာဗန္ဓုလရဲ့ အစွမ်းသတ္တိ ရာဇဝင်ပြောင်တယ် သားကောင်းများလို့ ခေါ်လောက်ရပေမယ် ဥဒါန်းတွင်စေမယ် မြန်မာသူရဲကောင်း အပေါင်းတွေရယ်။။

(ဒုတိယပဒကို ထပ်ဆိုရန်)

ဒိုးပတ်သံ

အမျိုးနော်တကယ်မြတ်ပါတဲ့ ကိုးနဝရတ် ရောင်စုံခြယ်------ ဒိုးပတ်ကိုတဲ့ လွယ်ပါတယ် မြန်ပြည်နယ်ကျော်ကြား------( တီးလိုက်မယ်ကွဲ့ ရွှေဒိုးသံကို)၂
မိုးထက်ယံ နတ်ထံကကြား အလိုရှင် နတ်ထံကကြား---------ကြား-------။



သံချပ်
လုပ်အားပေးဖို့ ထွက်လို့လာ ညီညီညာညာ လာကြလာကြ။
တစ်ယောက်တစ်လက်ဝိုင်းလို့ကူ လုပ်သားပြည်သူ ကောင်းဖို့ကောင်းဖို့။
ရပ်ရွာအကျိုး သယ်ပိုးကာ ဝဖြိုးသာယာ ကျန်းမာဖို့ပဲ။
လက်တွေ့ဖွံ့ဖြိုးမမေ့ပါ စုကာပေါင်းကာ လုပ်ကြကိုင်ကြ။
တံတားခင်းပါ လမ်းပြင်ပါ အလုပ်ဆိုတာဂုဏ်ရှိတာပဲ။
ပေါက်ပြားကိုင်ကာ မြေဆွပါ မြေပဒေသာ စိုက်ကြပျိုးကြ။
တို့ကျောင်းတော်ကြီး သန့်ရှင်းအောင် ငါတို့မောင်မယ် ရှင်းကြလင်းကြ။
ပညာချွန်အောင် ကြိုးစားပါ နောက်နောင်အခါ ချမ်းသာမလွဲ။
ကျောင်းသူကျောင်းသား နိုးကြားပါ တို့ပြည်မြန်မာ ရှေ့ရှေ့သို့။
မိဘဆရာတို့ မေတ္တာရေ ကျွန်မတို့တစ်တွေခံယူပါ၏။
ဟေ့ စိန်လား ဟေ့ မြလား ဟေလား မောင်ရို့ဝါး။

ဆုံးမစာ

၁။ မီးရောင်လရောင် နေရောင် ဉာဏ်ရောင်လွှမ်း၍မိုး။
၂။ ပညာသမာ အာဘာနတ္ထိ မြတ်မုနိ ဟောရှိကျမ်းကိုကိုး။
၃။ ထို့ကြောင့်များစွာ လူတကာ ပညာရအောင်ကြိုး။
၎။ ပညာကောင်းမှာ ပဒေသာ သုံးရာမကုန်နိုး။
၅။ ပညာထိုးထွင်း တက်လိုလျှင်း မပျင်မရိနှင့်။
၆။ လုံးလအရာ ဘယ်အခါ ပညာမကင်းကြစေနှင့်။
၇။ ပညာနည်းပါး မာနပွား စိတ်ထားအလွန်ဝင့်တတ်သည်။
၈။ ပြက်ရယ်ကျီးစား ပြုဖန်များ ချစ်အားမတည် မုန်းတတ်သည်။
၉။ တက်ပြီးပညာ မလေ့လာ မကြာမရှည် ပျောက်တတ်သည်။
၁၀။ ပညာမသင် ပျင်းရိလျှင် လူတွင်ဉာဏ်စ တုံးတတ်သည်။

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ်ငါး
ရှေ့ နေဦးဖာသား။
ဇာတိနာတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံကြံခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွတမလွန်။
မျက်ရည်သွန်လို ဘဝင်ညိုး
ဇူလိုင်တစ်ဆယ်ကိုး။
ပြည်ထောင်စုရဲ့ကျေးဇူးရှင်း
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။။။။


SSA လူငယ်များမမေ့သေးပါ။

ဆုံးမစာ

ထန်းရည်အရက်
တစ်ချက်ကိုကင်း
ဘိန်းဘင်းကစော်
လှော်စာသောက်စား
ပြုသူများ
စီးပွားပျက်မည်သိ။

မလုပ်မကိုင်း
မှိုင်တွေငေးကာ
နေရာကျော်ခင်း
ပျင်းရိဖင့်စား
ပြုသူများ
စီးပွားပျက်မည်သိ။

လူသွမ်းလူသောင်း
လူဘူးတောင်းဟု
မကောင်းမိတ်ဖက်
လူသူပျက်နှင့်
ပေါင်းလျက်ယှဉ်သွား
ပြုသူများ
စီးပွားပျက်မည်သိ။


ကြက်ဖတိန်ညင်

ကြက်ဖတိန်ညင် တောကိုဝင်
မောင်ရင်လာ လေးနှင့်ပစ်။
မပစ်ပါနှင့် မောင်ရင်ရယ်
ကြက်တက်စူးပါ့မယ်။
ဘယ်ဘက်က စူးစူး။
ညာဘက်က စူးစူး။
ခွပ်လိုက်ကြစို့ သူငယ်ချင်း
အောက်အိအီးအွတ်။
ရွှေစံပယ် ရင်ခတ်နှင့်
ဇလပ်ဇီဇဝါ
သင်းရနံ့ဖြာ။
လေဖြူးငယ်လာ
လေညာကစုရုံး
ပွင့်ဝတ်ညှာတံချူလို့
လူလိုပင် သယ်ဆောင်သွားရှာကြ
ပျားနှင့်ပိတုန်း။

တို့ကျောင်း


၁။ အရွယ်ရောက်လာ တို့ကျောင်းမှာ ပညာသင်ကြားကြ။
၂။ ရွာ၏အလယ် ဂုဏ်ယူဖွယ် တင့်တယ်လှပေစွ။
၃။ ကျောင်းသားကျောင်းသူ ချစ်ကြည်ဖြူ ညီတူဝတ်ဆင်ရ။
၎။ ကျောင်းပတ်ဝန်းကျင် နေ့စဉ်ပင် သုတ်သင်သန့််ရှင်းကြ။
၅။ ကျောင်းဥယျာဉ်မှာ မျိုးစုံစွာ ညီညာစိုက်ပျိုးကြ။
၆။ ကျောင်း၏စည်းကမ်း မပျက်တမ်း ဝန်ထမ်းစောင့်ထိန်းကြ။
၇။ တို့ကျောင်းကိုခင် တို့ချစ်လျှင် မြဲပင်လေးစားကြ။
၈။ ကျောင်း၏ကျေးဇူး ပညာဖူး ဆွတ်ခူးနေ့စဉ်ရ။
၉။ တို့ကျောင်းဂုဏ်ရောင် တိုးမြင့်အောင် ရည်ဆောင်ကြိုးစားကြ။

ကိုရင်အာယုတို့ငယ်စဉ်က တေးသံများထဲမှ တစ်ပုဒ်ဖြစ်ပါတယ်။ ကျောင်းသားတစ်ယောက်၏ လွယ်အိပ်ကို အမှတ်မထင် ကိုင်ကြည်မိစဉ်မှာ မမျှော်လင့်ဘဲ ပြန်တွေ့ရတာပါ။။
 ဒါနဲပဲ ငယ်စဉ်က သံစဉ်များရယ်လို နာမည်ပေးမိတာပါ။။
အားလုံးကို ကျေးဇူးတင်လျှက် ကိုရင်အာယု (မန်းသီတဂူ)

Sunday, March 11, 2012

သီတဂူဆရာတော်ဘုရားကြီး၏ (၇၅) နှစ် မွေးနေ့အလှူတော်

သီတဂူဗုဒ္ဓတက္ကသိုလ်တို့၏ အဓိပတိ ဆရာတော်ဖြစ်တော်မူသော သီတဂူဆရာတော်ဘုရားကြီး၏ (၇၅) နှစ်ပြည့်မွေးနေ့ပွဲတွင်
၁။ ဒေါ်ရွှေဥ (ရွှေဥရတနာရွှေဆိုင်)မိသားစု ရန်ကုန်မြို့မှ သင်္ကန်းအစုံ (၁၀၀၀)

၂။ မစ္စတာ တောင်ဂါရီရိုဂျိုအန်ကာဆာ+ ဇနီး ဒေါက်တာ ဟန်နီယို မိသာစု အင်ဒိုနီးရှားနိုင်ငံမှ စတီးသပိတ်အလုံး (၁၀၀၀)

၃။ ဦးတင်ဦး + ဒေါ်လှမြင့် ( ရွှေစင်ရတနာရွှေဆိုင်) ရန်ကုန်မြို့မှ စတီးငါးဆင့်ဂျိုင့် အလုံး (၂၀၀၀)

၎။ ဦးနေဝင်းနိုင်+ ဒေါ်ခင်ထွေးရီ (ဖော်အဲဗားဖန်စီစတိုး) ရန်ကုန်မြို့မှ ထီးအလက် (၁၀၀၀) နှင့် ဘိနပ် (၁၀၀၀)

၅။ မန္တလေးသီတဂူကျောင်းအမကြီး ဒေါညွန့််ညွန့်အေး မန္တလေးမြို့မှ သီလရှင်ဝတ်စုံ (၁၀၀၀)

၆။  ဒေါ်ရဲ၊ ဒေါ်နီ၊ ဒေါ်ချို၊ ဒေါ်ခင်ဝင်း၊ ဒေါ်ခင်သန်းဌေး သီတဂူကျောင်းအမများ မန္တလေးမြို့မှခုံထည် (၁၀၀၀)

၇။ စိန်ဖြိုးမိသားစု မန္တလေးမြို့မှ သွားတိုက်ဆေး သွားတိုက်တန် အစုံ (၂၀၀၀)
အစရှိသော သီတဂူကို ကြည်ဖြူကြကုန်သော ဒါယကာ ဒါယိကာများမှ သံဃာတော် အပါး (၁၀၀၀) နှင့် သီလရှင် အပါး (၁၀၀၀) တို့အား လှူဒါန်းခဲ့ကြပါသည်။

အများပြည်သူ ကြည်ညိုနိုင်ရန် ဓါတ်ပုံတို့ဖြင့် ဝေဝေဆာဆာ တင်ပြလိုသော်လည်း ကွန်ုပ်တို့၏ နည်းပညာ အားနည်းမူကြောင့်၎င်း ကွန်းနက်ရှင်းမကောင်းသည်ကြောင့်၎င်း  မတင်ပြနိုင်သည်ကို သီခံတော်မူကြရန် တောင်းပန်အပ်ပါသည်။။ (SSA လူငယ်များ) မန်းသီတဂူ

သီရိဓမ္မာ အသောက မင်းကြီးသည် သာကီးနွယ်ဖွားဖြစ်သည်။

မောရိယမင်းဆက်

Saturday, March 10, 2012

သာသနာဆိုသည်မှာ

သာသနာဆိုသည်မှာ အမည်မျှသာရှိ၍ အသက်မရှိသော အဝိညာဏကနာမပညတ်ကြီးတစ်ခုဖြစ်၍ သာသနာကို ပြုစုစောင့်ရှောက်မည့်ပုဂ္ဂိုလ်များရှိမှသာလျှင် တည်မြဲနိုင်မည်။ စည်ပင်နိုင်ပေမည်။ သာသနာတော် စည်ပင်ပြန့်ပွားရေး ကြာမြင့်စွာတည်မြဲနိုင်ရန်မှာ သာသနာ့ဝိညာဉ်သဖွယ်ဖြစ်သော ရဟန်းတော်များသည် အလွန်အရေးကြီးလှ၏။ သာသနာတော်အထဲရှိ တရားတော်အဆီအနှစ်တို့သည် သာသနာပြုပုဂ္ဂုလ်အပေါ်၌ တည်ရမည်။ သာသနာပြုပုဂ္ဂုလ်၏ ဟောကြားမြွက်ဖေါ် တရားတော်သည် သာသနာတော်ကို မှီတင်းခိုလုံကြကုန်သော လူတို့၏အပေါ်၌ တည်ရမည်။ သို့မှသာလျှင် သာသနာတော်ကြီးလည်း စည်ပင်နိုင်မည်။ ပြန့်ပွားနိုင်မည်။ ကြာမြင့်စွာတည်မြဲနိုင်မည်ဖြစ်၏။ အကြင်အခါ၌ သာသနာတော်ကြီး၏ တံခါးမှူးနှင့်တူသော ရဟန်းတော်များမရှိအံ့။ သာသနာတော်ကို မှီတင်းခိုလှုံကြကုန်သော လူတို့သည်လည်း တရားတော်တည်းဟူသောကျင့်စဉ်မှ ချို့ယွင်းလတ္တံ့။ လစ်ဟင်းကြကုန်လတ္တံ့။ ထိုကဲ့သို့ ချို့ယွင်းလစ်ဟင်းကြကုန်သည်ရှိသော် မှီခိုရာကိုင်းကျွန်းသဖွယ်ဖြစ်သော သာသနာတော်မြတ်ကြီးမှာ ဆုတ်ယုတ်သုဉ်းဖျင်းလာ၍ အဆုံး၌ ကွယ်ခြင်းသို့ရောက်ရပေမည်။
ဥပမာ ဟိန္ဒူသာသနာ တည်တံ့ရေးအတွက် ဗြဟ္မဏပုဏ္ဏားတို့သည် အလွန်အရေးကြီးသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ အကြောင်းဆိုမူ ဟိန္ဒူဘာသာ၏ အဆီအနှစ်ဖြစ်သော ဝေဒကျမ်း ဇောတိကျမ်း ဥပနိဿယျကျမ်း နီတိကျမ်း ကဗျာလင်္ကာကျမ်းတို့သည် အများအားဖြင့် သူတို့၏သန္တာန်၌သာ တည်ကြသည်။ အစ္စလာမ်ဘာသာတည်တံ့ရေးသည် မော်လဝီခေါ်ပုဂ္ဂိုလ်တို့အပေါ်၌တည်၏။ အကြောင်းဆိုသော် အစ္စလာမ်ဘာသာဝင်တို့၏ တစ်အုပ်တည်းသောစာ တစ်စောင်တည်းသောကျမ်းဟုဆိုအပ်သော ကုရန်ခေါ် သမ္မာကျမ်းစာမှာ သူတို့အပေါ်၌သာ အများဆုံးတည်၏။ ခရစ်ယာန်ဘာသာဝင်တို့အဖို့ (father) ခေါ် သာသနာပြုတို့သည် အရေးကြီးသောပုဂ္ဂိုလ်များဖြစ်၏။ ထိုထိုသို့သော ဘာသာတို့၌ ထိုထိုသို့သော သာသနာပြုများ မရှိခဲ့ငြားအံ့။ အချိန်ကာလ အနည်းငယ်အတွင်း၌ပင်လျင် ကွယ်ပသွားလိမ့်မည်။
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများအဖို့ သာသနာဝိညာဉ်သဖွယ်ဖြစ်သော ရဟန်းတော်တို့သည် အရေးကြီးဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟုဆိုအပ်သော ပိဋကတ်သုံးပုံမှာ ရဟန်းတော်တို့၏ အပေါ်၌သာ အများဆုံးတည်လျက်ရှိ၏။ ဒါတွင်မကသေးပဲ ဝိပဿနာဘာဝနာပွားမူ စာပေကျမ်းဂန်သင်ကြားမူ မိစ္ဆာဝါဒီသဘောသို့ သက်ဝင်နေသောသူကို သမ္မာဝါဒီဖြစ်လာအောင် ဟောကြားမူ အစရှိသည်တို့သည် ကျွန်ုပ်တို့ကဲ့သို့သော ရဟန်းတော်တို့၏ တာဝန်ပင်ဖြစ်ဘိ၏။ အကျဉ်းအားဖြင့် ရေးမည်ဆိုလျှင် သာသနာတော်ကို စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များမှာ ရဟန်းတော်များပင် ဖြစ်သည်ဟု ဆိုလို၏။။
                                                                         မေဃဝတီဆရာတော် ဦးနာဒရ

Sunday, March 4, 2012

အခွင့် အရေး


အားလုံးမင်္ဂလာပါ
တပည့်တော်  အခွင့်အရေးဆိုတာနှင့်ပတ်သတ်ပြီးတော့ နည်းနည်းပြောခြင်ပါတယ်။ စာရေးဆရာတစ်ယောက်ပြောထားတာပါ။ တပည့်တော်ကိုယ်ပိုင်စကားတော့မဟုတ်ပါဘူး။ တစ်ပည့်တော်တို့ ယခုလို ပရိတ်သတ်ရှေ့မှာ မိုက်ခရိုဖုံးနှင့် တစ်ခါမှ မပြောဘူးပါဘူး။ အချို့သော ညီငယ် ညီမငယ်တွေက ဒါကိုဘဲကြောက်သလို့လို့ ရှက်သလိုလိုလုပ်နေကြပါတယ်။ အခွင့်အရေးဆိုတာ အခွင့် နှင့် အရေးဆိုပြီး နှစ်ခုရှိပါတယ်။ ဒီလိုအခွင့်ကို ရဖို့ဆိုတာ တခြားနေရာမှာ မဖြစ်နိုင်ပါဘူး ဒီကလပ်ကို တတ်နေလိုရချင်းဖြစ်ပါတယ်။ ဒီအခွင့်ကို ဆရာက ယခု ဆယ်မီးနစ်စိပေးပါပြီး၊ အခွင့်ရှိတုန်း ညီအစ်ကို မောင်နှမတွေ အရေးပါအောင်မလုပ်ရင် ဘယ်တော့မှ တပည့်တော်တို့ အရေးပါတဲ့သူဖြစ်လာမာမဟုတ်ဘူး။ အရေးပါတဲ့သူဖြစ်ဖို့ အခွင့်ရတုန်းတပည့်တော်များ ကြိုးစားရမာဖြစ်ပါတယ်။ အခွင့်ရတဲ့အခါမှာ အရေးပါအောင်လုပ်ကြဖို့ ကျောင်းသားတွေကို တပည့်တော်အနေနှင့် တိုက်တွန်းပြောကြားလိုပါတယ်။
အရှင်ဣန္ဒာစရိယ    Elementary

(စာရေးသူတို့ကျောင်းမှာ တစ်ပါတ်တစ်ခါ နှစ်ပါတ်တစ်ခါ မိမိတို့ခံစားနားလည်းထားသမျှကို ဖွင့်ချဘို့ရန် (Presentation) သဘောအနေနှင့် စကားပြောပွဲလေးများကို အခါအားလျော်စွာလုပ်ပါတယ်။ တစ်ချို့သော ကျောင်းသား ကျောင်သူတွေက ရှက်သလိုလို ကြောက်သလိုလိုနှင့် မပြောကြပါဘူး။ ဒီအခြေအနေကို အားမလို အားမရဖြစ်နေတဲ့ ကျောင်းသားက သူသိထားသမျှကို ကျောင်းသားသူငယ်ချင်းတွေဆီဝေငှလိုက်တဲ့ စကားလုံးလေးတွေပါ။) (တကယ်တမ်းတော့ ဆယ်မီးနစ်စာ ပြောသွားသည့်စကားတွေထဲမှ မှတ်မိသလောက်သာ မှတ်တမ်းပြန်ရေးမိတာပါ။ ကျောင်းသားအယောက်လေးဆယ်ကျော်ရဲ. စကားလုံးတွေကို စားရေးသူ မမှတ်နိုင်ပါဘူး) အရှင်ဣန္ဒာစရိယ ကတော့ ကျောင်းသားပရိတ်သတ်တွေ ငြိမ်ကြသွားလောက်အောင် ပြောပြနိုင်ခဲ့ပါတယ်။
စာရေးသူကို နားရင်အုပ်ပြီး ဆုံးမနေသည်အလား ခံစားမိပါတယ်။ တစ်ခါတစ်ခါမှာ ကျောင်းသားတွေဆီက ရလိုက်တဲ့ပညာတွေဟာ ဘာနှင့်မျှ လည်းမရနိုင်အောင်ပါဘဲ။ စားရေးသူ ဦးနှောက်ကို ခြောက်ခြားစေခဲ့သည်။ အလုပ်ရုပ်စေခဲ့သည်။ အခွင့်ရတုံ အရေးပါအောင်လုပ်ပါတဲ့ စားရေးသူတို့သည် လူသားများဖြစ်ကြလေသည်။ လူ့ဘဝဟူသော အခွင့်ထူးကြီးကို ရနေကြပြီး၊ သို့သော် အရေးပါအောင်ဘယ်လောက်များလုပ်ပြီးကြပြီးလည်း။ ကောင်းမူကုသိုလ် ကိုယ်ပိုင်းတရားတွေ စုနေမိသလား၊ ရန်သူဝိုင်းနေတဲ့ ဘုံဆိုင်ပစ္စည်တွေစုမိနေသလား။ တကယ်တမ်းတော့ စားခြင်း အိပ်မှု ပစ္စည်းစု၍ ဗဟုကာမ မောဃဝါစာ ဗာဟိရ အလေ့အကျင့်တွေများနေခဲ့သည်။ ဒီလိုချည်းသာ နိစ္စဒူဝ ဖြစ်နေက တရားလွတ်ကင်း လွန်းညံဖျင်းသည့် လူပျင် လူယုတ် ရဟန်းပျင်း ရဟန်းယုတ် လူစုတ် လူနူ ရဟန်းစုတ် ရဟန်းနူ လူတု လူယောင် ရဟန်းတူ ရဟန်းယောင် လူကြောင် ရဟန်းကြောင် ဟူ၍ ပညာရှိသူတော်ကောင်းတွေကဲ့ရဲကြတော့မည်။ လူ့ဘဝဟူသည်မှာ အလွန်ရခဲ့လှသော အခွင့်ထူးကြီးဟူ၍ မြတ်စွာဘုရား ဟောကြားခဲ့ပါသည်။ မနုဿတ္တဘာဝေါ ဒုလ္လဘော  တဲ့။  ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရားကလည်းပြောဘူးသည် ရခဲလှတဲ့ လူ့ဘဝကြီးကို အရတော်စွာနှင့် မောင်ရင်တို့ ရခဲ့ကြပြီ၊ ကောင်းမူကိုသိုလ် တစ်ခုခု မလုပ်လိုက်ရဘူးဆိုရင် အမတန်ဝမ်းနည်းစရာ ကောင်းပါတယ်။ ရခဲ့လှတဲ့ ခန္ဓာကိုယ်ကြီးကို ညှာမနေပါနှင့် ခန္ဓကိုယ်ထဲမှာရှိတဲ့ အနှစ်တွေကို ညဏ် သတိ ဖြင့်ဆင်ခြင်ပြီး လုံးလကြီးစွာသော ဝီရိယဖြင့် ဆွဲထုပ်ကြပါ။ အဲဒါမှ အနှစ်ထုပ်ယူ စွမ်းတဲ့လူဖြစ်လာမှာပါ။ ရခဲ့လှတဲ့ လူဘဝမှာ နာမည်တစ်လုံးကျန်အောင် လုပ်နိုင်မှ တော်ရာကြမယ်။ ကံညာဏ် ဝီရိယ မလျော့ပါစေနဲ့။ ပြီးတော့ နောက်တစ်ခုလည်းရှိသေးသည်၊ ကုသိုလ်ကြောင့်လူဖြစ်လာရသည်ဖြစ်၍ ကုသိုလ်နှင့်လူ၊ လူနှင့်ကုသိုလ် ခွဲခြားလို့မရဘူး၊ ကုသိုလ်လမ်းကြောင်းပျောက်သွားသည့်နှင့် လူသည်လည်း လူ့လမ်းကြောင်းပေါ်မှ ဖယ်ခွါသွားရမည်ဖြစ်သည်။

                                         ဆက်လက်ရေးသာပါမည်။ ကိုရင်အာယု

Friday, March 2, 2012

ကျွနုပ်၏ အတိုအထွာကြီးများ

ပညာနှင့် သီလဆိုတာ ရွှေတွေဖြစ်ပါတယ်။ သူတို့ကိုယ်၌ကိုက အလိုလိုတန်ဖိုးရှိနေပါတယ်။
ဒါပေမဲ့ သူတို့ကို ပွတ်တိုက် အရောင်တင်ခြင်းမပြုရင်တော့ အရောင်ဟာ မှေးမှိန်သွားမှာ ဖြစ်ပါတယ်။

ဒီနေ့ လုပ်လိုရတာမှန်သမျှကို မနက်ဖန်ကို ဘယ်တော့မှ မရွှေ့ ပါနှင့်၊ အလုပ်ကိစ္စတစ်ခုတည်ကို မသွေမဖယ် တည်တည်ငြိမ်ငြိမ် အာရုံစိုက်ခြင်းဟာ စိတ်တန်ခိုးသတ္တိဖြစ်ပြီးတော့ ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့ အမှတ်အသားလက္ခဏာဖြစ်တယ်။။

ဘယ်အရာမဆို လိုခြင်တယ်ဆိုရင်တော့ ထိုက်တန်စွာရအောင်ကြိုးစားဖို့တော့ ကိုယ်အပေါ်မှာ မူတည်ပါတယ်။

တစ်ဖက်သားက အရေးတယူ ပြုခြင်းနှင့် ယဉ်ကျေးပျူငှာရှိခြင်းတို့သည် မိမိအားကျေနပ်စေ၏။
အလားတူ မိမိကအရေးတယူ ပြုခြင်းနှင့် ယဉ်ကျေးပျူငှာရှိခြင်းသည်လည်း တစ်ဖက်သားကို ကျေနပ်စေသည်မှာ အမှန်ပင်ဖြစ်သည်။

ချစ်ခင်နှစ်လိုဖွယ်ရှိသော ဥပဓိရုပ်သည် ထာဝရတည်သော ထောက်ခံချက် လက်မှတ် တစ်စောင်နှင့်တူလေသည်။။။ 

မည်သည့်စာအုပ်မှ ကူးထားမှန်မမှတ်တော့ပါ
ကိုရင်အာယု မန်းသီတဂူ

သာသနာပြု ဆွမ်းကျေးဇူး

သတ္တဝါတို့သည် ဒါန၏အကျိုးကျေးဇူးကို ငါဘုရားသိလိုမျိုး သိကြမည်ဆိုလျှင်---
နောက်ဆုံးထမင်းတစ်လုပ်ကိုတောင် မစားဘဲလှူဒါန်းကြပေလိမ့်မည်။။။။
ဣတိဝုတ်ပါဠိတော်

ဒါနအမျိုးမျိုးတွင် ဆွမ်းဒါနနှင့်ပတ်သက်ပြီးတော့
၁။ အသက်ရှည်ခြင်း
၂။ အဆင်းလှခြင်း
၃။ ချမ်းသာကြီးခြင်း
၎။ ခွန်အားကြီးခြင်း
၅။ ဉာဏ်ပညာကြီးခြင်း
ဟူ၍ အကျိုးငါးပါးခံစားရနိုင်ကြောင်းကို အင်္ဂုတ္တုရ် ပါဠိတော်တွင်မြတ်စွာဘုရားဟောကြားထားပါသည်။

ဘုရားရှင်သည် နွားပျောက်ကို လိုက်ရှာနေရသဖြင့် မောပန်းနေသော ဒကာတစ်ဦးကို ချက်ချင်းတရားမဟောသေးဘဲ ထမင်း (အလျင်) ကြွေးစေလေသည်။ ထမင်းစားပြီး၍ ဆာလောင်ပင်ပန်းမှုများ ပြေပျောက်သွားတော့မှ တရားဟောတော်မူပါသည်။
ထိုကြောင့် တရားထူးရသွားပါသည်။
ထမင်းမစားရသေးဘဲ တရာနားရလျင် ဆာလောင်မူတို့ဖြင့် ပင်ပန်းနေချိန်ဖြစ်၍ စိတ်မငြိမ် သမာဓိမရှိ၊ ဖြစ်နေသည့်အတွက် တရားထူးမရနိုင်ဟု ဆိုပါသည်။
ထိုကြောင့် ဥတုဘောဇနမ္ပိ ဥပနိဿယ ပစ္စယေန ပစ္စယော ဟုပဋ္ဌာန်းပါဠိတော်တွင် ဟောတော်မူခဲ့ပါသည်။ သို့ဖြစ်၍ ဆွမ်းဒကာ ဆွမ်းအမများသည် ငါတို့အလှူသည် တကယ်သာသနာပြု အထောက်အပံ အကူအညီ အလှူကြီးဟု ဝမ်းမြောက်လျက် အပရစေတနာ ပွားများသင့်ကြပေသည်။

စားဖွယ်ပေးမူ ငါးမျိုးလှူ
၁။  စားဖွယ်ပေးမူ အသက်လှူ လှူသူမှာလည်း သက်ရှည်ရ။
     အသက်ရှည်ကြာ နေရပါလည်း မခိုင်မြဲ မလွဲပျက်စီရ။
     တရားအသက် တွဲ၍ဖက် ရင့်ကျက်ရှည်လို့လှ။
၂။  စားဖွယ်ပေးမူ အဆင်းလှူ လှူသူမှာလည်း အဆင်းလှ။
     ရုပ်လှသော်လည်း မခိုင်မြဲ မလွဲပျက်စီးရ။
     တရားကျက်သရေ ပြည့်စုံပေ မသွေရလိုလှ။
၃။  စားဖွယ်ပေးမူ ချမ်းသာလှူ လှူသူမှာလည်း ချမ်းသာရ။
      လောကီချမ်းသာ မမြဲပါ မှန်စွာပျက်စီးရ။
     တရားချမ်းသာ စဉ်မကွာ ကောင်းစွာအေးလို့လှ။
၎။ စားဖွယ်ပေးမူ ခွန်အားလှူ လှူသူမှားလည်း ခွန်းအားရ။
     အားကောင်းသော်လည်း မခိုင်မြဲ မလွဲပျက်စီးရ။
     တရားခွန်အား ပြည့်စုံငြား စွမ်းအားလွန်တက်ကြွ။
၅။  စားဖွယ်ပေးမူ ဉာဏ်ကိုလှူ လှူသူမှာလည်း ဉာဏ်ကြီးရ။
     ဉာဏ်ကြီးသော်လည်း မခိုင်မြဲ မလွဲပျက်စီးရ။
    တရားအမှန် သိတဲ့ဉာဏ် ဧကန်ရလို့လှ။
    စားဖွယ်အကျိုး ဤငါးမျိုး တန်ခိုးတက်လာရ။

ယောဆရာတော်ခြေတော်ရင်းဝယ် ပဋ္ဌာန်းစာဝါလိုက်စဉ်က မှတ်စုဖြစ်ပါသည်။
အမှားပါလျင်ခွင့်လွတ်သီခံတော်မူပါ။
ကိုရင်အာယု မန်းသီတဂူ

Thursday, March 1, 2012

ဥယျဉ်မူး၏ အတွင်းမနော

သူ၏သတ္တိ သူ့ပီတိနှင့်
သူ၏မေတ္တာ စေတနာကား
စိမ်းပြာစမ်းအိုင် ပန်းမြိုင်လယ်ထည်း
အမြဲလမ်းလျှောက် ကွေ့ကောက်သစ်ပင်
သူတွေ့မြင်သော်
မြင်လျင်မြင်ချင်း ဖြောင့်အောင်ရှင်း၏
နှင်းဆီရန်သူ ဒို့ရန်သူဟု
ရန်သူပိုးမွှား သူဖယ်ရှား၏
ပေါက်ပြားကိုင်ကာ မြေဆွကာဖြင့်
ရေလာဖို့တွေး မြောင်သွယ်ပေး၏
လေးမြတ်ချစ်ခင် နှင်းဆီပင်ကို
အစဉ်ယုယ အလှပြုပြင်
ပေါင်းမြက်သင်၏။

အလှပြုပြင်-----
ပေါင်းမြက်သင်သော်
မြပင်စိမ်းစို နှင်းဆီပျိုမှ
ပင်ပျိုမွှေးကြိုင် နှင်းဆီခိုင်တို့
အပြိုင်အဆိုင် ဖူးပွင့်လှိုင်၏
တစ်ခိုင်နှစ်ခိုင် အလှပြိုင်၏
နှစ်ခိုင်သုံးခိုင် သင်ပျံကြိုင်၏
မြိုင်မြိုင်ဆိုင်ဆိုင် ယိမ်းကပြိုင်၏

ပြိုင်လာသူရုံး----
မျက်လုံးမျက်ဖန် ပြုံးစဟန်နှင့်
ကိုယ်ဟန်ကျော့ရှင်း လှယမင်းသို့
သင်းပျံ့ပွင့်ဆန်း နှင်းဆီပန်းကို
မနှမ်းရက်ဟန် မပန်ရက်ပဲ
အမြဲကြည့်ကာ နေချင်ပါသည်
ရင်မှာ ပီတိ လှိုင်းယာဉ်အိ။

ကြည့်နေစဉ်မှာ ရောင်နီလာ၍
ကြင်နာညင်သာ ချိုသံသာနှင့်
မြှောက်ကာ ပင့်ကာ ချော့မောကာနှင့်
ပျော့ကာယိမ်းယိုင် နှင်းဆီခိုင်ကို
ပိုင်နိုင်အနှမ်း သူ့လက်စွမ်းကြောင့်
နွမ်းမှာ ညိုးမှာ စိုးမိပါသည်
မေတ္တာပို့မိ သောကဖိ။။
အရှင်ဓမ္မဝိလာသ
ဂန္ဓာရုံ ဘုံကျော်ဆရာတော်။

လမ်းမကြီးကို အပြစ်တင်လို့တော့ မဖြစ်ဘူးနော်

လေးဘက် လေးတန်က ရန်သူတွေဟာ ဓါး လှံ စသည်လက်နက်တွေကိုင်ဆောင်ပြီး ကိုယ့်ကိုသတ်ဖို့ လာနေကြတယ်။ ဒါပေမဲ့ ထွက်ပြေးလွတ်မြောက်နိုင်တဲ့ လမ်းတစ်ခုလည်းရှိတယ်။ ဒီလမ်းကပြေးရင် လွတ်တယ် လို့လည်းသိတယ်။ အဲဒီလို ရန်သူတွေဝိုင်းထားခံရတဲ့ အချိန်မှာ ထွက်ပြေးဖို့လမ်း ရှိပါလျှက်နှင့် မထွက်ပြေးဘူးဆိုရင် ရန်သူတွေရဲ့လက်အောက်မှာ မရှုမလှ အသတ်ခံရမယ်။  ဒီလိုအသတ်ခံရခြင်းဟာ လမ်း၏ အပြစ်မဟုတ်ဘူး။ ထွက်မပြေးသူရဲ. အပြစ်သာဖြစ်တယ်။
                                                                                ဘုရားအလောင်းသုမေဓာ

အဲဒီလိုပါဘဲ ဗုဒ္ဓမြတ်စွာ သာသနာတော်မှာလည်း ကိလေသာ လောဘမီး ဒေါသမီး မောဟမီး စတဲ့ ရန်သူတွေဟာ အဘက်ဘက်က လောင်ကျွမ်းနေကြတယ်။
အဲဒီမီးတွေက လွတ်ဖို့ ထွက်ပြေးလွတ်မြောက်ရာလမ်းဟာလည်း သာသာနာတော်မှာရှိတယ်။ အဲဒီလမ်းက မပြေးဘဲ ကိလေသာတွေရဲ့ အလောင်အမြိုက်ကို ခံရမယ်ဆိုရင်တော့ ဘယ်သူကိုအပြစ်တင်ရမလဲ။ လမ်းမကြီးကို အပြစ်တင်လို့တော့ မဖြစ်ဘူးနော်။။။။
ဘာဖြစ်လိုလဲဆိုတော့ အဲဒီလမ်းမကြီးဟာ ဒါန သီလ ဘာဝနာ ပညာစတဲ့ ရတနာတွေခင်းထားတဲ့ မဂ္ဂင်ရှစ်ပါး လမ်းမကြီးဖြစ်နေလို့ပါပဲ။။။
                                                                     အမှတ်မထား ဆရာတော်တစ်ပါး
မှတ်သားမိသော အတို အထွားကြီးများကို မျှဝေခံစားနိုင်ကြပါစေ။
ကိုရင်အာယု (မန်းသီတဂူ)

သရဏဂုံ စိတ်ဝယ်ထုံလော

၁။  ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။
၂။  ဓမ္မံသရဏံ ဂစ္ဆာမိ။
၃။  သံဃံသရဏံ ဂစ္ဆာမိ။

သေခါနီးဖြစ်နေသောသူတို့ကို သရဏဂုံဆောက်တည်စေပါ၊ ပွားများစေပါ။
အဘယ်ကြောင့်ဆိုသော် သရဏဂုံ သည် ပွားများရန် အလွန်းလွယ်ကူ၍ သတိအားမကောင်းတော့သော သူတို့အတွက် အဆင်ပြေသောကြောင့်ဖြစ်သည်။
အခြားသော ဂါထာပရိတ်တို့သည်ကား အရာကျယ်၍ ပြီးမြောက်အောင်ရွတ်နိုင်ရန် ခဲယင်းသောကြောင့်ဖြစ်သည်။
ထိုပြင် သရဏဂုံ၏ အကျိုးသည်လည်း အလွန်ကြီးမားသောကြောင့်ဖြစ်ပါသည်။

ပညာကြီးပွားချင်သပ ဆိုရင် သရဏဂုံကို ပွားများပါ။
စည်းစိမ်ဥစ္စာ ချမ်းချမ်းသာသာ ဆွေမျိုးပေါင်းဖော်တွေနှင့် ပျော်ပျော်ပါးပါး နေချင်သပ ဆိုရင်သရဏဂုံပွားပါ။
အဘယ်ကြောင့်ဆိုသော် ဘယ်ရန်သူကမျ မိမိဥစ္စာကို မဖျက်ဆီးနိုင်သောကြောင့်ဖြစ်တယ်။
                                           ဆရာတော်တစ်ပါး၏ သြဝါဒဖြစ်ပါသည်  မမှတ်မိတော့ပါ
                                                       ကျေးဇူးတင်ပါသည်
                                                           ကိုရင်အာယု မန်းသီတဂူ